Chapter 2:
ရွှယ်ယုံ မင်းတကယ်ကြီး ရှက်နေတာလား....
ဓါတ်လှေကားက 51ထပ်တွင် ရပ်သွားသောအခါ ရွှယ်ယုံ ဓါတ်လှေကားထဲမှ ထွက်လာခဲ့သည်။
အတွင်းရေးမှူးလေးက လှုပ်ရှားသံများကို ကြားသောအခါ မော့ကြည့်လာခဲ့လေသည်။ ရွှယ်ယုံဖြစ်နေကြောင်း မြင်လိုက်သောအခါ အလျင်အမြန် ထရပ်လာခဲ့ပြီး လက်များကို ဝမ်းဗိုက်ရှေ့တွင်ယှက်တင်ကာ ပြောလာခဲ့သည်။
"မစ္စတာရွှယ်... မင်္ဂလာနံနက်ခင်းပါ"
ရွှယ်ယုံက ရပ်သွားပြီးနောက် အေးတိအေးစက် လေသံဖြင့် မေးလိုက်သည်။ "ချူရှောင်းရန် ရှိလား"
အတွင်းရေးမှုးက စကျင်ကျောက်သားကြမ်းပြင်ကိုသာ စိုက်ကြည့်နေပြီး မော့မကြည့်ရဲပေ။ "ဥက္ကဌချူက အခု ရုံးခန်းထဲမှာ ရှိနေပါတယ်... ကျွန်မ လိုက်ပို့ပေးရမလားရှင့်"
"အင်း"
အတွင်းရေးမှူးလေးက ရွှယ်ယုံရှေ့မှ ခပ်မြန်မြန် ထရပ်ကာ လမ်းကို ဦးဆောင်လာခဲ့ပြီး စကားတစ်ခွန်းမှ မပြောရဲပေ။
သူမက ရှင်းယောင်တွင် အလုပ်လုပ်ခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ပြီး ရွှယ်ယုံ ဥက္ကဌချူကို လာရှာခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ထိုသူကို မြင်ရသည့်အချိန်တိုင်း ကြောက်ရွံ့မှုကြောင့် နှလုံးခုန်သံများ မြန်ဆန်လာလေ့ရှိသည်။ကောလဟာလများထဲမှ ဥက္ကဌရွှယ်၏ ရင်သပ်ရှုမောဖွယ် ချောမောလှသော မျက်နှာလေးကိုမူ သူမ သေချာပင် မမြင်ဖူးသေးပေ။ အကြောင်းမှာ တစ်ဖက်လူ၏ အရှိန်အဝါများက အတော်လေး ဖိနှိပ်နိုင်သည့်အတွက် သူမမှာ ခေါင်းလေးပင် မမော့ရဲပေ။
ရုံးခန်းတံခါး ပွင့်သွားသည်နှင့် ရွှယ်ယုံက မျက်လုံးပင့်ကာ ခုံနောက်တွင် ထိုင်နေသူကို ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း ထိုသူက မေးကို မော့ကာ အိပ်နေပြန်လေပြီ။
ရွှယ်ယုံက စားပွဲကို လက်ဖြင့် ခေါက်လိုက်သည်။ "ဆရာ မင်းကို ခေါ်နေတယ်"
"ဘယ်မေးခွန်းလဲဗျ" ချူရှောင်းရန်က ခပ်မတ်မတ်ထရပ်လိုက်သည်။ တစ်ခဏမျှ ရှုပ်ထွေးနေပြီးနောက် သူ ဒေါသထွက်လာရတော့သည်။
"ဖာခ့်... ရွှယ်ယုံ.. မင်း အချိန်တိုင်း ဒီလှည့်ကွက် သုံးနေတာ သောက်ကျိုးနဲ ရပ်ပေးလို့ မရဘူးလား... လောင်ဇီသာ နှလုံးဖောက်ပြီး သေသွားရန် မင်းမှာ တာဝန်ရှိတယ်"
ရွှယ်ယုံက လှောင်ရယ်လိုက်လေသည်။ "ဒါဆိုရင် အမြဲတမ်း ရုံးခန်းထဲမှာ အိပ်မနေနဲ့လေ"
"အေးပါကွာ... အေးပါကွာ" ချုရှောင်းရန်က ဆံပင်များကို ဖွလိုက်ပြီး ထိုင်ချလိုက်သည်။ "ဒီနေ့ ဘာလို့ ရောက်ချလာတာလဲ... လုပ်စရာ အလုပ်တွေ၊ ကြည့်စရာ စာရွက်စာတမ်းတွေ တစ်ခုမှ မရှိဘူးလား"
ရွှယ်ယုံက လက်ကြားထဲတွင် ဖိတ်စာတစ်ခု ကိုင်ထားသည်။ "ငါ့အမေက မင်းကို ရက်နည်းနည်းလောက်နေရင် ညစာလာစားဖို့ ဖိတ်လိုက်တယ်"
ချူရှောင်းရန်က ခြေချိတ်ကာ ထိုင်နေပြီး ရွှယ်ယုံ၏ စကားများကို ကြားသောအခါ လက်လှမ်း၍ ဖိတ်စာကို လှမ်းယူပြီး ပြုံးပြလိုက်သည်။ "ကောင်းပြီလေ... အန်တီကို ငါလာခဲ့မယ်လို့ ပြောလိုက်" ပြောပြီးနောက် လေချွန်လိုက်သည်။
ရွှယ်ယုံ မျက်မှောင်ကျုံ့ထားသည်ကို မြင်သောအခါ ချူရှောင်းရန်က ခပ်မတ်မတ် ပြန်ထိုင်ကာ မျက်နှာချိုသွေးနေသော အပြုံးလေးတစ်ခု ပေါ်လာလေသည်။
"မင်းရဲ့ အင်တာဗျူး ဓါတ်ပုံကို မျက်နှာဖုံးသုံးထားတဲ့ ဘဏ္ဍာရေး မဂ္ဂဇင်းတစ်ခုက ကော်ပီတွေ မရေတွက်နိုင်အောင် ရောင်းလိုက်ရလို့ စျေးကွက်မှာပါ ပြတ်သွားရတယ်ဆို... သူတို့ရဲ့ ရောင်းအားက ငါ့လက်အောက်က နာမည်ကြီး အနုပညာရှင်တွေကို တိုက်ရိုက် သတ်ချလိုက်တာပဲ... ဥက္ကဌရွှယ် ဒါနဲ့ ပတ်သက်ပြီး တစ်ခုခု ပြောချင်သေးလား"
ရွှယ်ယုံ: “မရှိဘူး”
ချူရှောင်းရန်က ရွှယ်ယုံ၏ မတုန်မလှုပ်ပုံစံကို အချိန်အတော်ကြာကတည်းက ကျင့်သားရနေပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက ဖုန်းကို ထုတ်ကာ ဝေ့ပေါ်ကို ဖွင့်လိုက်ပြီး ခံစားချက် အပြည့်ဖြင့် ဖတ်ပြလေတော့သည်။
" 'ကျွန်မက မစ္စရွှယ်ပါ' ဆိုတဲ့အင်တာနက် သုံးစွဲသူ တစ်ယောက်က မင်းရဲ့ ဝေ့ပေါ်မှာ ကွန်မန့်ရေးထားတယ်... ငါ့ယောကျ်ားရဲ့ ချောမောလှပတဲ့ မျက်နှာလေးကို ဘယ်လောက်ကြာမှ ထပ်တွေ့ ရမလဲ မသိဘူး... ငါဒီမဂ္ဂဇင်းကို ငါ့ရဲ့ သားစဥ်မြေးဆက်အထိ လက်ဆင့်ကမ်းသွားမယ်... ငါကြီးလာရင် ငါ့မြေးတွေကို ထုတ်ပြပြီး ဒါက မင်းတို့ရဲ့ ဘိုးဘိုးပါလို့ ပြောရမယ်"
ရွှယ်ယုံ ကြားသောအခါ မျက်မှောင်ကျုံ့လိုက်ပြီး အမှန်ပြန်ပြင်ပေးလိုက်လေသည်။ "ငါက သူ့ယောကျ်ား မဟုတ်ဘူး"
ထိုရွှယ်ယုံက အပေါ်ယံတွင် အလိုအလျောက် လေအေးပေးစက်နှင့် တူနေပြီး လူစိမ်းများကို နှစ်မီတာအတွင်း အနားသို့ ချဥ်းကပ်လာရန် ခွင့်မပြုထားသည်ကို ချူရှောင်းရန် သိပေသည်။ သို့သော်လည်း အမှန်မှာ ထိုသူက အတွင်းစိတ်၌ အလွန်အမင်း ဖြူစင်သန့်ရှင်း အပြစ်ကင်းသူဖြစ်သည်။ (အင်နိုးစန့်လေး)
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... မင်းက သူ့ယောကျ်ား မဟုတ်ပါဘူး" သူက မျက်လုံးမှိတ်ပြလိုက်ပြီး ရယ်မောပြောဆိုလိုက်သည်။ "ငါတို့ရဲ့ ဥက္ကဌကြီးရွှယ်က အနာဂါတ်မှာ တွေ့ရမဲ့ အချစ်စစ်လေးကျမှ လိုက်ပိုးရမှာ"
ရွှယ်ယုံက စကားပြောရန် ပျင်းရိလွန်းနေသည်။ "ငါအရင် သွားနှင့်ပြီ" သူက အပြင်ဘက်သို့ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် တစ်ခုခုကို တွေးမိသွားသဖြင့် သာမန်ကာလျှံကာ မေးသလို ဟန်ဆောင်လိုက်သည်။
"မင်းတို့ ကုမ္ပဏီက လူသစ်တွေ ခေါ်နေပြီလား"
ချူရှောင်းရန်မှာ ဖုန်းထဲမှ ဝေ့ပေါ်ကို တပျော်တပါး လှန်လှောနေဆဲ ဖြစ်သည်။ သူ့စကားများကို ကြားသောအခါ နဝေတိမ်တောင်ဖြင့် ခေါင်းမော့လာခဲ့သည်။
"ငါတို့ ကုမ္ပဏီက လူသစ်တွေ ခေါ်နေပြီတဲ့လား... ငါက ဘာလို့ မသိရတာလဲ"
ရွှယ်ယုံကလည်း သူသိမှသာ ထူးဆန်းနေမည်ဟု တွေးမိလိုက်သည်။ သူ အမှန်ပင် ထိုမေးခွန်းကို မမေးလိုက်သင့်ပေ။ ချူရှောင်းရန် စကား ပြန်ပြောလာမည်ကို မစောင့်တော့ဘဲ လက်ယမ်းပြလိုက်ပြီး ရုံးခန်း အပြင်ဘက်သို့သာ ထွက်လာခဲ့သည်။
အတွင်းရေးမှူးလေးက သူထွက်လာသည်ကို တွေ့သောအခါ ဓါတ်လှေကား တံခါးကို မြန်မြန် နှိပ်ပေးလိုက်လေသည်။
.........
ထိုလူကို ထပ်ပြီး တွေ့ရလိမ့်မည်ဟု ယွီနျန် ထင်မထားခဲ့ပေ။
သူ ခြေလှမ်းများကို ရပ်လိုက်ပြီး တည်ငြိမ်သော အမူအယာဖြင့် ဓါတ်လှေကားထဲသို့ ဝင်လာခဲ့သည်။ မူလတွင် ဘေးဘက်သို့ လှည့်မကြည့်မိရန် ဆုံးဖြတ်ထားသော်လည်း တစ်ခဏအကြာတွင် ရောင်ပြန်ဟပ်နေသော မှန်မှတဆင့် ထိုသူကို ကြည့်မိသွားသည်။
သူ မသိသွားလောက်ပါဘူးနော်... တစ်ဖက်လူ၏ မျက်နှာ အစိတ်အပိုင်းများက ရုပ်ကြွလွန်းလှသည်။ မျက်ခုံးများက ထူထဲကာ နှုတ်ခမ်းများက အတန်ငယ် ပါးလျနေပြီး အေးစက်နေသော အရှိန်အဟုန်နှင့် ပေါင်းစပ်သော် ထက်မြလွန်းသည့် အသွင်အပြင် ဖြစ်သွားသည်။ ရှပ်အင်္ကျီကို အပေါ်ဆုံးအထိ ကြယ်သီးများ အပြည့်တပ်ထားပြီး လည်စီးပါ စီးထားသဖြင့် မြင့်တက်လာသော အာဒမ်ပန်းသီးကပင် အလွန်အမင်း ဆွဲဆောင်မှု ရှိပုံ ပေါ်သွားလေသည်။
ရွှယ်ယုံက ညာလက်ဖြင့် အနက်ရောင် လည်စီးကို ဖြေလျော့လိုက်သောအခါ ရောင်ပြန်ဟပ်နေသော မှန်မှ ယွီနျန်၏ အကြည့်များနှင့် တွေ့ဆုံသွားသည်။
"ကြည့်လို့ကောင်းလား"
သူ့အသံကလည်း တကယ် နားထောင်လို့ ကောင်းတာပဲ...အဲ.. မဟုတ်သေးဘူး... သူ့ကို မိသွားပြီ...
တစ်ဖက်လူ၏ မတုန်လှုပ်ပုံစံကို ကြည့်လိုက်သော်လည်း မပျော်မရွှင် ဖြစ်သွားသည့်ပုံ မပေါ်သဖြင့် ယွီနျန်က သူ့ကို ဂရုတစိုက် ကြည့်ကာ စိတ်ရင်းမှန်ဖြင့် ပြုံးပြလိုက်ပြီး ချီးမွမ်းပေးလိုက်သည်။
"ဟုတ်... အရမ်းချောပါတယ်"
သို့သော်လည်း တစ်ဖက်လူကို အာမနာလျှာမကျိုးကြည့်နေသည်က ရိုင်းပျလွန်းလှပေသည်။ ယွီနျန်က ဖုန်းထုတ်ကာ ခေါင်းငုံ့လိုက်ပြီး စီနီယာအစ်ကိုထံသို့ ဝီချက် မက်ဆေချ့်ပို့ကာ သူ စာချုပ်ချုပ်နိုင်ခဲ့ပြီ ဖြစ်ပြီး အချိန်ရလျှင် ညစာ အတူစားရန် ပြောလိုက်သည်။
သူနှင့် ခြေနှစ်လှမ်း အကွာတွင် ရှိနေသည့် ရွှယ်ယုံမှာ နေရခက်စွာဖြင့် မျက်နှာလွှဲလိုက်ပြီးနောက် နားရွက်ဖျားများ အနည်းငယ် နီရဲလာခဲ့လေသည်။
ချူရှောင်းရန်သာ ထိုနေရာတွင် ရှိနေခဲ့ပါက သေချာပေါက် လန့်ပြီး ခုန်သွားနိုင်လောက်သည်။ ငါ့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ရွှယ်ယုံ... မင်း တကယ်ကြီး ရှက်နေတာပေါ့လေ...
ရှင်းယောင် အဆောက်အအုံမှ ထွက်လာသောအခါ ယွီနျန်က ပထမဆုံး ခေတ်ဟောင်း စက်ဘီးလေးထံ သွား၍ ရှည်လျားသော ခြေထောက်များကို မလိုက်ပြီး အကျအနထိုင်လိုက်သည်။ နောက်တွင် အိမ်ပြန်သည့် လမ်းတလျှောက် စက်ဘီးစီးရင်းဖြင့် စိတ်ထဲတွင် အစီအစဥ်များ ချနေခဲ့လေသည်။
မုန့်ယွမ် သူ့ကို သော့တစ်တွဲ ထည့်ပေးလိုက်သည်။ ၎င်းက အိပ်ခန်းနှစ်ခန်းပါသည့် အိမ်တစ်လုံးပင်။ ရပ်ကွက်ကလည်း ရှင်းယောင် အဆောက်အအုံနှင့် ဆယ်မိနစ်မျှသာ ဝေးလေသည်။ စာချုပ်ကာလအတွင်း ထိုနေရာ၌ သူနေနိုင်သည်။
သူ့ကိုယ်ပိုင်အိမ်က မြို့အနောက်ဘက်ခြမ်းတွင် ရှိသဖြင့် ယာဥ်ကြောပိတ်ဆို့သည့် အချိန်များကို ထည့်မတွက်ခဲ့ပါက ဤနေရာသို့ ရောက်ရန် တစ်နာရီ ကြာသွားနိုင်သည်။ လေ့ကျင့်ရေး အတန်းများက သုံးရက်အတွင်း စတော့မည် ဖြစ်၍ တတ်နိုင်သမျှ မြန်မြန် ပြောင်းရွှေ့ရပေမည်။
ထိုအချိန်မှာပင် ယွီနျန်က တစ်ယောက်ယောက် သူ့ကို ကြည့်နေကြောင်း ခပ်ရေးရေး ခံစားမိလိုက်သဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ လမ်းတစ်ဖက်တွင် အနက်ရောင် Auston Martin တစ်စီးက မီးနီ စောင့်နေသည်ကို တွေ့လိုက်ရသည်။
အနောက်ဘက်ခုံတွင် ထိုင်နေသူကို တွေ့လိုက်ရသောအခါ ယွီနျန် နှစ်စက္ကန့်မျှ ကြက်သေသေသွားပြီးနောက် ပြုံး၍ ယဥ်ယဥ်ကျေးကျေး ခေါင်းငြိမ့်ပြလိုက်သည်။
ရွှယ်ယုံက တစ်ဝက် ဖွင့်ထားသော ကားတံခါးကို ဖြတ်၍ ယွီနျန် ပင့်တင်ထားသော အဖြူရောင်ရှပ်အင်္ကျီလက်များကို ကြည့်လိုက်ပြီးနောက် သူ့အကြည့်များက ချိန်းကြိုးများ နီညိုရောင် သန်းနေကာ အချို့ နေရာများ၌ ကလိခံထားရပုံပေါ်သည့် စက်ဘီးထံ ဝေ့ဝဲသွားလေပြီး အဆုံးတွင် ယွီနျန်၏ မျက်နှာထက်၌ ရောက်ရှိသွားသည်။ သူက အေးတိအေးစက်ဟန်ဖြင့် ထိန်းထိန်းသိမ်းသိမ်း ခေါင်းငြိမ့်ပြလိုက်သည်။
မီးနီက အစိမ်းရောင် ပြောင်းသွားပြီး ယာဥ်ကြောကလည်း တဖန်ပြန်လည် လှုပ်ရှားလာခဲ့လေသည်။
သူ့ထံတွင် ရွှေ့ပြောင်းစရာ ပစ္စည်းများစွာ မရှိဘဲ ပန်းအိုး အနည်းငယ်၊ သီချင်းစာရွက်ပုံးတစ်ပုံး၊ အဝတ်အစား သေတ္တာ တစ်ခုနှင့် စာအုပ်ပုံးနှစ်ပုံးတို့သာ ဖြစ်သည်။ ပိုက်ဆံချွေတာရန်အတွက် သူကိုယ်တိုင်သာ အကြိမ်များစွာ သွားလိုက်ပြန်လိုက် ရွှေ့ခဲ့ပြီး အရာအားလုံးကို ရွှေ့ရန် တစ်နေကုန် အချိန်ယူလိုက်ရလေသည်။
မုန့်ယွမ်ထံမှ ဖုန်းခေါ်လာပြီး ဤနေရာတွင် နေထိုင်ရသည်ကို ကျင့်သားရမရ ကြည့်ပေးရန် ရောက်လာချင်သည်ဟု ပြောလာသောအခါ တစ်ဖက်လူက သူ့နေထိုင်မှုဘဝကို ကြည့်ချင်နေကြောင်း သိလိုက်သဖြင့် သူမငြင်းလိုက်တော့ပေ။
နောက်တစ်နေ့မနက်တွင် ယွီနျန်၏ အိမ်ထဲသို့ မုန့်ယွမ် ဝင်လာသောအခါ မျက်ကွင်းများက ညိုမဲနေပြီး စိတ်အခြေအနေ ကောင်းပုံလည်း ပေါ်မနေသည်ကို တွေ့လိုက်ရသည်။ "ငါ့မျက်နှာကို ရေအေးနဲ့ သစ်ချမလို့ ရေချိုးခန်း ငှားပေးလို့ ရမလား... တစ်ညလုံး နေခဲ့ရတာ... အသက်ကြီးသွားရင် တောင့်ခံနိုင်ပါ့မလားတောင် မသိဘူး"
ထိုသူ တစ်ညလုံး နေခဲ့ရသည်ဟု ယွီနျန် ကြားလိုက်ရသဖြင့် လက်ဖက်ရည် အမျိုးအစားကို ပြောင်းလဲလိုက်ပြီး လက်ဖက်ရည် ပြင်းပြင်း တစ်အိုး ပြင်ဆင်ပေးလိုက်သည်။ "ရပါတယ်... ကိစ္စမရှိပါဘူး... ဘာပဲ လုပ်လုပ် လုပ်လို့ ရပါတယ်"
ခွင့်ပြုချက်ရသောအခါ မုန့်ယွမ်က လေးလံနေသော မျက်ခွံများဖြင့် ရေချိုးခန်းထဲသို့ ဝင်သွားသော်လည်း တစ်မိနစ် မကြာခင်မှာပင် အပြေးထွက်လာပြန်သည်။
ယွီနျန်က လက်ထဲမှ လက်ဖက်ရည်အိုးကို ချထားလိုက်ပြီး ဘာများ ဖြစ်လို့လဲဟု မေးရန် ပြင်စဥ်တွင် မုန့်ယွမ် ကိုင်ထားသော အရာကို ရုတ်တရက် တွေ့လိုက်ရသည်။
ထိုအချိန်တွင် မုန့်ယွမ်၏ လေးလံထိုင်းမှိုင်းပင်ပန်းနွမ်းနယ်မှုများအားလုံး လွင့်ပါးသွားခဲ့လေပြီ။ သူ့မျက်လုံးများက တလက်လက် တောက်ပနေပြီး မေးလာခဲ့သည်။ "ဒါ... ဒါက... ယန်ယောင်ရဲ့ ကိုင်းခက်ယှက်ဖြာနေတဲ့ ကြာပန်းပုံဖော်ထားတဲ့ ပန်းကန်ပြားမလား..."
ယွီနျန်က မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်နေပေသည်။ "ဒါက ကိုင်းခက်ယှက်ဖြာ ကြာပန်း ပန်းကန် ဆိုပေမယ့် အတုကြီးပါ... ဒါကို ရှေးဟောင်း ပစ္စည်း စျေးကွက်မှာ 42ယွမ်နဲ့ ရခဲ့တာလေ"
မုန့်ယွမ်က ကြာပန်းပုံပန်းကန်ကို သတိကြီးကြီးဖြင့် ကိုင်ထားသည်။
"ငါလည်း အတုလို့ တွေးမိသားပဲ... အစစ်ဆိုရင် ယွမ် သုံးသိန်းကနေ လေးသိန်းအထိ ရှိလိမ့်မယ်... ဘယ်လိုလုပ်ပြီးရေချိုးခန်းထဲမှာ ဆပ်ပြာထည့်ဖို့ သုံးနိုင်ပါ့မလဲ... ဒါပေမယ့် ဒါကတော့ တော်တော် လက်ရာကောင်းတယ်နော်... အရောင်ကို ကြည့်လိုက်... ဘယ်လောက် လှလိုက်လဲ"
ယွီနျန်ကလည်း ထောက်ခံပုံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်တယ်... ကျွန်တော်လည်း ဒီလို ပစ္စည်းမျိုးတွေအကြောင်း သေချာမသိတော့ လှတယ်ထင်တာနဲ့ ဝယ်ခဲ့တာပါပဲ"
မုန့်ယွမ်က ၎င်းကို တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် ရေချိုးခန်းထဲသို့ ပြန်သွား၍ သက်ပြင်းချလိုက်သည်။ "ကြည့်လေလေ အစစ်နဲ့ ပိုတူလေပဲ... မင်း ကံကောင်းတယ်နော်... ဒီအတုက အတော်လေး အရည်အသွေးကောင်းတယ်"
မုန့်ယွမ် မျက်နှာသစ်ပြီးနောက် ပို၍ အားအင်ပြည့်ဝလာသလို ခံစားလိုက်ရသည်။ သူက ဆိုဖာပေါ်တွင် ထိုင်ကာ ယွီနျန်၏ လက်ဖက်ရည်ပွဲကို ဂရုတစိုက် ကြည့်ရှုလိုက်သည်။
"ဒီအစိမ်းဖျော့ လက်ဖက်ရည်ပွဲလေးကလည်း အတုပဲလား... ဒါလည်း တော်တော်လေး လက်ရာကောင်းတယ်နော်... အချောသတ်က အနုစိတ်ပြီး ပုံစံကလည်း ခမ်းနားတယ်... စဥ့်သုတ်ထားတာကလည်း အစိမ်းရောင် တောက်တောက်လေး... ပုံဖော်တာကလည်း ကျော့ရှင်းတယ်... လက်ဖက်ရည်ကိုလည်း သေသေချာချာ နှပ်ထားတာပဲ... အရောင်က တော်တော်လေး လှတယ်"
ယွီနျန်က မုန့်ယွမ်ကို လက်ဖက်ရည် တစ်ခွက် ကမ်းပေးလိုက်ပြီး ခပ်ရှက်ရှက်ဖြင့် ပြုံးလိုက်သည်။
"အရင်တုန်းက ကျွန်တော့်မိသားစုက လူကြီးတွေက လက်ဖက်ရည် နှပ်ရတာကို သဘောကျကြတော့ လက်ဖက်ရည် အသုံးအဆောင်တွေ လက်ဖက်ရည်ပွဲတွေကို လေ့လာခဲ့ကြတာလေ... ဒါကြောင့်မို့ ကျွန်တော်လည်း သူတို့ကို ကြည့်ပြီး သင်ယူခဲ့တာပါ"
လက်ဖက်ရည် ပြင်းပြင်းတစ်ခွက် သောက်လိုက်ပြီးနောက် မုန့်ယွမ်က မျက်ခုံးများကို ဖိနှိပ်လိုက်သည်။ "ငါလာရတဲ့အကြောင်းက မင်း ဒီနေရာကို နေသားကျမကျ လာကြည့်တာပဲ"
ယွီနျန်က လက်ဖက်ရည်ခွက်ကို ချကာ သူပြောနေသည့်စကားကို ဂရုတစိုက် နားထောင်နေသည်။
"ဒုတိယ တစ်ခုက ငါ့ရဲ့ ကနဦး အစီအစဥ်အကြောင်း ပြောပြမလို့"
မုန့်ယွမ်၏ လေသံက အလေးအနက် ဖြစ်နေပြီး ဒူးခေါင်းကို လက်ချောင်းများဖြင့် နှစ်ကြိမ်မျှ တောက်လိုက်သေးသည်။ "ဒီနှစ်ရက်အတွင်း မင်းရဲ့ အချက်အလက်တွေကို သေသေချာချာ ဖတ်ပြီးသွားပြီ... မင်းက ကလည်း မကတတ်ဘူး... ပရော်ဖက်ရှင်နယ် အသံပိုင်း လမ်းညွှန်ချက်တွေကိုလည်း မသင်ခဲ့ရဘူးဆိုတော့ ဒီရှုထောင့် နှစ်ခုကို အာရုံစိုက်မှ ဖြစ်မယ်... မင်းအတွက် ဆရာတွေ စီစဥ်ပြီးသွားပြီ... အတန်းအချိန်ဇယားအတွက် မင်းကို အီးမေးလ်နဲ့ ပို့ပေးမယ်... သေသေချာချာ ကြည့်လိုက်... အတန်းတွေ နောက်မကျစေနဲ့"
ယွီနျန်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ... ကျွန်တော် ကြိုးကြိုးစားစား သင်ယူပါ့မယ်"
"မင်းကြိုးစားမှ ဖြစ်မယ်" မုန့်ယွမ်က လျှို့ဝှက်ဆန်းကြယ်နေသလို ဟန်ဆောင်လိုက်သည်။ "ငါ ရှိုးတစ်ခုမှာ မင်းအတွက် နေရာတစ်နေရာ သိမ်းပေးပြီးသွားပြီ"
ယွီနျန်က မျက်လုံးလေးများကို လခြမ်းကွေး သဏ္ဍာန် ဖြစ်သွားသည်အထိ ရယ်မောလိုက်ပြီး အသံကို နှိမ့်ကာ မေးလိုက်သည်။ "ဘာပရိုဂရမ်များလဲ"
မုန့်ယွမ်က မေးလေသည်။ "ခန့်မှန်းကြည့်လေ"
ယွီနျန်က အမှန်ပင် မခန့်မှန်းနိုင်သဖြင့် အထွန့်တက်လိုက်သည်။ "အစ်ကိုမုန့်... ကျွန်တော် တကယ် မမှန်းနိုင်တော့ဘူးဗျာ... ပဟေဠိကို တန်းဖြေပေးလိုက်ပါတော့"
မုန့်ယွမ်က လည်ချောင်းရှင်းလိုက်ပြီး နှုတ်ခမ်းထောင့်များကို မြှင့်လိုက်သည်။ "ဟယ်ချိုးပိုင်ကို သိလား"
"တနှစ်က နာမည်ကြီးခဲ့တဲ့ 'ကောင်းကင်ဘုံ တေးသံရှင်' နဲ့ မနှစ်က ကျော်ကြားခဲ့တဲ့ 'သဘာဝရဲ့ သံစဥ်' တွေက သူ့ရှိုးတွေပဲ"
သူအိမ်စာ လုပ်ထားသည်ကို မုန့်ယွမ်တွေ့သောအခါ များများစားစား မပြောတော့ပေ။ သူက ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။ "သူပဲ... သူက ဒီနှစ်မှာ 'သဘာဝရဲ့ သံစဥ်' ဒုတိယပိုင်းအတွက် ပြင်ဆင်နေတယ်... ငါမင်းကို ထည့်လိုက်မလို့"
ယွီနျန် အမှန်ပင် အံ့အားသင့်သွားလေသည်။
မုန့်ယွမ်မှာ ရှင်းယောင်၏ ထောက်တိုင် အေးဂျင့်နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်ပြီး နာမည်ကျော်များစွာက သူ့ကို တွေ့သည်နှင့် "အစ်ကိုမုန့်"ဟု ခေါ်ကြရကြောင်း သူ့စီနီယာအစ်ကို ချီကျယ် ပြောပြဖူးသည်ကို ကြားခဲ့ရသည်။ လူရွေးသည့် အမြင်ကလည်း အလွန်အမင်း မြင့်မားလှသော်လည်း ထပ်တူညီစွာပင် သူ့လက်ထဲမှ အရင်းအမြစ်များကလည်း ထူးခြားကောင်းမွန်လှပေသည်။
"လန့်သွားတာလား" မုန့်ယွမ်က ဆိုဖာကို ကျောမှီလိုက်ပြီး ယွီနျန်၏ မျက်လုံးများကို ကြည့်လိုက်သည်။
"ငါ မင်းနဲ့ လက်မှတ်ထိုးပြီးပြီဆိုမှတော့ အနည်းဆုံး ဒီငါးနှစ်အတွင်း မင်းနဲ့ငါ ချည်နှောင်ကြပြီးပြီ... အခု ဘာကိုမှ စဥ်းစားမရာ မလိုဘူး... လေ့ကျင့်ရေးတွေ ကောင်းကောင်းလုပ်ဖို့ပဲ လိုတယ်... တစ်လှမ်းချင်း တက်သွားကြတာပေါ့"
ယွီနျန်က ရှေ့လျှောက် ဆက်ဖြစ်မည့် အရာများကို သိနေသဖြင့် လက်ဖက်ရည် ပူပူလေး နောက်တစ်ခွက် ငှဲ့ကာ မုန့်ယွမ်ကို ကမ်းပေးလိုက်သည်။ "အစ်ကို့စကားကို နားထောင်ပါ့မယ်"
နှစ်ယောက်သားက တစ်ခဏမျှ စကားစမြည် ပြောခဲ့ကြသည်။ ထို့နောက်တွင် မုန့်ယွမ်က ထရပ်၍ ဧည့်ခန်းတဝိုက် လှည့်ပတ်ကြည့်ရှုလိုက်ရာ ယွီနျန်က လသာဆောင်တွင် ပန်းအိုးနှစ်အိုးအပြင် အိမ်၌ ကြက်သွန်မြိတ် တစ်အိုးပါ စိုက်ထားကြောင်း သိလိုက်ရသည်။ သူက သိလိုစိတ်ဖြင့် မေးလိုက်သည်။ "မင်း ဟင်းချက်တတ်လား"
"ဟုတ်ကဲ့... ရိုးရှင်းတာလေးတွေ လောက်ပါပဲ... အစ်ကိုယွီ ကျွန်တော်ချက်တာ စားကြည့်ချင်လား"
မုန့်ယွမ်မှာ သူက လူအများကို အကဲဖြတ်ရာ၌ အမြင် အတော်ကောင်းကြောင်း သူ့ကိုယ်သူ ထပ်ပြီးထပ်ပြီး စိတ်ချသွားလေသည်။ သူက အခုမှ ပြောင်းလာတာတောင် အခန်းပရိဘောဂတွေ အားလုံး သန့်ရှင်း သပ်ရပ်နေတာပဲ... ဟင်းကလည်း ချက်တတ်လိုက်သေးတယ်... သူ့ကို ကျန်တဲ့ နှစ်တွေမှာ ကြည့်ပေးရရင်တောင် ကောင်းနေဦးမှာ...
"ဟင်းချက်တတ်တာ ကောင်းတယ်... ဒါက ကောင်းတဲ့အချက်ပဲ... မင်းအခုထိ မင်းရဲ့ ပြင်ပ ပုံရိပ်ကို မဆုံးဖြတ်ရသေးဘူး... ငါစဥ်းစားကြည့်လိုက်မယ်"
မုန့်ယွမ်က ပြန်ရန် ပြင်လိုက်စဥ်မှာပင် ရုတ်တရက် အေးခဲသွားလေသည်။ "မဟုတ်သေးပါဘူး... မင်း ကြက်သွန်မြိတ် စိုက်ထားတဲ့ ပန်းအိုးက..." သူ စူးစမ်းမိသွားလေသည်။ "အပြာနဲ့ အဖြူ ဇီးကိုင်းပုံတွေ ဆွဲထားတဲ့ ဒီအိုးကလည်း အတုပဲလား"
ယွီနျန်က သူ့အမူအယာကို မပြောင်းစေရ။ "ဟုတ်ပါတယ်... ဒါလည်း အတုပါ"
....
စာရေးသူမှာ ပြောစရာ ရှိပါတယ်:
ရွှယ်ယုံ: ဥက္ကဌရွှယ်က ဘယ်တော့မှ ရှက်သွေးဖြာသွားမှာ မဟုတ်ဘူးကွ...
ယွီနျန်: ဟုတ်ပါတယ်... အားလုံး အတုတွေပါ...