Chapter 3
အဲဒီအသံပဲ
အိမ်တွင် တစ်ရက်တာ အနားယူပြီးနောက် ယွီနျန်က ဟင်းများ ကိုယ်တိုင် ချက်ကာ ကိုယ့်ကိုယ်ကို ကျွေးမွေးပြုစုလိုက်သည်။
သူ ရှင်းယောင် အဆောက်အအုံသို့ ရောက်သောအခါ မနက် ခြောက်နာရီထိုးလေပြီ။
မုန့်ယွမ်က လက်ထဲတွင် အချိန်ဇယားစာရွက်ကို ကိုင်ကာ လမ်းလျှောက်ရင်း ပြောပြလာခဲ့သည်။
"အတန်းတွေက နေ့တိုင်း မနက် ရှစ်နာရီမှာ စပြီး ညရှစ်နာရီမှာ သိမ်းမယ်... ပြီးရင် နေ့လည်မှာ နှစ်နာရီ နားချိန်ပေးမှာ... အကသင်တန်းက မနက်ပိုင်း... အဆိုသင်တန်းက နေ့လည်ပိုင်း... ညနေကျရင် မင်းလုပ်ချင်တာ လုပ်လို့ ရမယ်... လုပ်နိုင်မလား..."
ယွီနျန်က အချိန်ဇယားကို အလွတ်ကျက်ထားပြီးသား ဖြစ်သည်။ ထိုစကားများကို ကြားသောအခါ ပြန်ဖြေလိုက်သည်။ "ကိစ္စမရှိပါဘူး... လုပ်နိုင်ပါတယ်"
မုန့်ယွမ် အချိန်ဇယား စာရွက်ကို ကိုင်ကာ သက်ပြင်းချလိုက်လေသည်။ "မင်း မလုပ်နိုင်လည်း လုပ်ရမှာပဲ... ငါတို့မှာ အချိန်အများကြီး မရှိတော့ဘူး... ငါးရက်ကြာရင် 'သဘာဝရဲ့ သံစဥ်'ရှိုးက ဟယ်ချိုးပိုင် မင်းကို လာတွေ့လိမ့်မယ်... ငါ သူ့ကို ဆက်သွယ်ထားတာ ဒီလောက်ထိပဲ... မင်းရွေးခံရတာ မရတာက မင်း အပိုင်း ဖြစ်သွားပြီ"
ယွီနျန် ထိုအရေးကြီးအချက်ကို နားလည်နေကြောင်း တွေ့လိုက်ရသည့်အခါမှသာ သူ ထပ်မပြောတော့ဘဲ စာရွက်ကို ထိုးပြလိုက်လေသည်။ "အထပ်30ကနေ 35ထိက လေ့ကျင့်ရေးအခန်းတွေချည်းပဲ... 307နဲ့ 337က ငါ့နာမည်အောက်မှာ... ဒီရက်တွေထဲ လျှောက်ပြီး ပြေးလွှားမနေဘဲ ဆရာတွေ ပြောတာ နားထောင်ပြီး လေ့ကျင့်နေ"
ယွီနျန် လက်ခံသည့်ဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ မုန့်ယွမ် အသေအချာ ပြောလာသည့် "လျှောက်ပြီး ပြေးလွှားမနေနဲ့" ဟူသော စကား၏ နောက်ကွယ်တွင် အကြောင်းပြချက် တစ်ခု ရှိလိမ့်မည် ဖြစ်ကြောင်း သူ ခန့်မှန်းမိသည်။ သို့သော်လည်း မုန့်ယွမ်က များများ စားစား ပြောပြမလာသဖြင့် သူကလည်း ထပ်မမေးတော့ပေ။ ဤအခိုက်တွင် အရေးအကြီးဆုံးအချက်မှာ အတန်းများ၍ ကောင်းကောင်း လုပ်ဆောင်ရန် ဖြစ်သည်။
သူတို့ စကားပြောနေကြရင်းပင် 33 ထပ်သို့ ရောက်ရှိလာခဲ့သည်။ မုန့်ယွမ်က လက်ထဲမှ အချိန်ဇယားကို မြှောက်ကာ ဆိုလာသည်။ "ဆရာတွေ အထဲမှာ ရှိကြတယ်... ငါ အစည်းအဝေးတက်စရာ ရှိသေးလို့ နေ့လည်မှ တွေ့မယ်"
အကစတူဒီယိုခန်းအတွင်းသို့ ယွီနျန် ဝင်လာသောအခါ တစ်စုံတစ်ယောက်က 'ရပ်တန့်' ဟူသော ခလုတ်ကို နှိပ်လိုက်သည့်အလား အထဲမှ စကားပြောသံများက ချက်ချင်းဆိုသလို ရပ်သွားလေသည်။ သူ့နာမည်ကို ဝေဝေဝါးဝါး ကြားလိုက်ရသဖြင့် တစ်စုံတစ်ယောက်က သူ့အကြောင်း ပြောနေခြင်း ဖြစ်နိုင်သည်။
ယွီနျန်က မည်သည်ကိုမှ မကြားခဲ့သည့်အလား ထိုနေရာမှာပင် ရပ်ကာ ဦးညွှတ်လိုက်သည်။ "မင်္ဂလာပါ လောင်ရှီးတို့... ကျွန်တော်က ယွီနျန်ပါ... လောင်ရှီးတို့နဲ့အတူ လာမဲ့ရက်တွေမှာ သေချာကြိုးစားပါ့မယ်"
ယွီနျန်၏ အပြုံးမျက်နှာလေးကို မြင်လိုက်ရသည့်အခါ အန်းချောင်လည်း ရယ်မောလိုက်သည်။ "အစ်ကိုမုန့် ငါတို့ကို အာရုံစိုက်ပေးဖို့ လောဆော်နေတာ အံ့သြစရာ မရှိတော့ပါဘူး... ရုပ်ရည် တစ်ခုတည်းနဲ့တင် ဒီတစ်ခေါက် သူ ရတနာတစ်ခု ရှာတွေ့သွားတယ်လို့ ပြောလို့ ရနေပြီ"
အန်းချောင်က သုံးဆယ်ကျော် အရွယ် ဖြစ်ပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပုံပင်။ သူ့လက်ကို မြှောက်ကာ ပြောလာခဲ့သည်။ "ဟယ်လို... ငါက အန်းချောင်... ပျော်ပျော်ရွှင်ရွှင် ပူးပေါင်းကြတာပေါ့"
ယွီနျန်က သူ့လက်ကို မြှောက်ကာ အန်းချောင်၏ လက်ကို ဆွဲလိုက်ပြီး ယဥ်ယဥ်ကျေးကျေးပင် ပြောလိုက်သည်။ "ဟယ်လို... ဆရာအန်း"
အန်းချောင် ဘေးတွင် ရပ်နေသည့် ဟော်ရှင်းမှာ စိတ်ဝင်စားပုံ မပြပေ။ မျက်ခုံးများကို အနည်းငယ် စုကျုံ့ကာ အလေးအနက် ထားတတ်ပြီး ချဥ်းကပ်ရန် မလွယ်ကူပုံ ရပေသည်။ "ဟော်ရှင်း"
ယွီနျန်က ခပ်ပြုံးပြုံး နှုတ်ဆက်နေဆဲပင်။ "ဟယ်လို ဆရာဟော်"
အန်းချောင်က လက်ပိုက်ထားလိုက်ပြီး ယွီနျန်ကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
"မင်းရဲ့ ဆရာဟော်က ဒီလိုပဲ... မင်း အပျင်းတစ်ပြီး လေ့ကျင့်ရေးမှာ ရေသာခိုခဲ့ရင် သူ မင်းကို သတ်လိမ့်မယ်"
ယွီနျန် လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကာ မျက်တောင်ခတ်လိုက်လေသည်။
"ကျွန်တော် လေ့ကျင့်ရေးမှာ အပျင်းတစ်ခဲ့ရင် ဆရာဟော် တကယ်ပဲ သတ်လိုက်လို့ ရပါတယ်"
အန်းချောင် ရယ်မောလိုက်ပြီး ယွီနျန်၏ ပုခုံးကို ပုတ်လိုက်သည်။
"ဒီကလေး မဆိုးဘူး... စလိုက်ရအောင်"
သို့သော်လည်း မနက်ခင်းတွင် ယွီနျန် အဆူခံရရန် အခွင့်အရေး မရလိုက်ပေ။ 11နာရီခွဲတွင် မုန့်ယွမ် အခြေအနေ လာကြည့်သောအခါ ဟော်ရှင်းက အနက်ရောင် ရေကရားလေးတစ်လုံးကို သယ်နေသည်။ သူက မနီးမဝေးနေရာမှ အန်းချောင်၏ လှုပ်ရှားမှုများကို လိုက်လုပ်နေသည့် ယွီနျန်ကို ကြည့်ကာ အတိုချုပ် မှတ်ချက်ပေးလိုက်သည်။
"အရမ်းကောင်းတယ်"
မုန့်ယွမ် မျက်ခုံးပင့်၍ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။ "ငါရွေးထားတဲ့လူပဲ သေချာပေါက် ကောင်းမှာပေါ့"
သို့သော် သူက အနည်းငယ်လည်း အံ့အားသင့်စွာဖြင့် မေးလိုက်မိသေးသည်။
"ဒါပေမယ့် တွက်ကပ်လွန်းပါတယ်ဆိုတဲ့ ဆရာဟော်ဆီကနေ ဒီလိုအကဲဖြတ်ချက်မျိုး ရနိုင်အောင် ယွီနျန်က ဘာများ လုပ်ခဲ့တာလဲ"
ဟော်ရှင်းက မုန့်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ "ခက်ခဲပင်ပန်းမှုတွေကို ကြံ့ကြံ့ခံနိုင်စိတ် ရှိတယ်... မငိုတတ်ဘူး... အလေးအနက်ထားတယ်... ဥာဏ်ကောင်းပြီးတော့ ဆရာတွေအပေါ် ရိုသေတယ်... စိတ်ရှည်ပြီး ဇွဲရှိတယ်... ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကလည်း ကောင်းတယ်"
မုန့်ယွမ်က "ကျွတ်" ဟူသော အသံကို အကြိမ်များစွာ ထပ်ခါထပ်ခါ ပြောလိုက်ပြီးနောက် ဟာသလုပ်လိုက်သည်။ "သူ့ကို မင်း ဒီလောက်ထိ ချီးကျူးသွားရအောင် ယွီနျန်က မင်းကို ဘယ်လို အကျိုးကျေးဇူးတွေများ ပေးလာလို့လဲ"
ဟော်ရှင်းတစ်ယောက် ရေသောက်နေသည့် အပေါ်မှာသာ စိတ်နှစ်ထားပြီး ပြန်ဖြေမလာသည်ကို တွေ့လိုက်ရသောအခါ မုန့်ယွမ်က အလေးအနက် ပြောလာခဲ့သည်။ "ငါးရက်ထဲနဲ့ ယွီနျန် လုပ်နိုင်လိမ့်မယ်လို့ ထင်လား"
ဤကိစ္စပေါ်၌ ဟော်ရှင်း၏ အမြင်ကိုလည်း နားထောင်ချင်သေးသည်။
"သူ့ကို မမြင်ခင်တုန်းက မင်း စိတ်ကူးယဥ်နေတာပဲလို့ တွေးလိုက်မိတာ... ဒါပေမယ့် သူ့ကို တွေပြီးသွားတော့..." ဟော်ရှင်းက အပြတ် ပြောလာသည်တော့ မဟုတ်ပေ။ "မင်းကြိုးစားကြည့်လို့ ရတယ်"
"မင်းစကားတွေကြောင့် စိတ်အေးသွားပြီ" မုန့်ယွမ်က ယွီနျန်တစ်ယောက် ကြမ်းပေါ် လဲကျလိုက်၊ ပြန်ထလိုက်၊ ပြန်ရပ်လိုက်၊ လှုပ်ရှားတွေများကို ဆက်ပြီး သင်ယူနေလိုက် လုပ်နေသည်ကို ကြည့်နေသည်။ သူက သွားကြားထဲမှာ "ရှီး" ဟူသော အသံ လုပ်လိုက်သည်။ "ဒီ 'ဘုန်း' ဆိုတဲ့အသံကြီးကို ကြားရတာ တော်တော် နာမယ် ထင်တယ်"
ဟော်ရှင်းက အေးတိအေးစက် နှာမှုတ်လိုက်လေသည်။ "အကသင်တဲ့နေရာမှာ မနာဘူးဆိုတာ ရှိပါ့မလား"
နေ့လည်ပိုင်းတွင် သီချင်းသံ ရပ်သွားခဲ့ပြီး အန်းချောင်က လှည့်လာ၍ ယွီနျန်ကို ပဝါအဖြူတစ်ထည် ပစ်ပေးကာ မျက်ခုံးပင့်၍ ပြောလိုက်သည်။ "မင်း သေသေချာချာ ကြိုးစားပြီး ကောင်းကောင်း လေ့ကျင့်ခဲ့တယ်"
ယွီနျန်က ပဝါကို နှစ်ထပ်ခေါက်ကာ မျက်နှာနှင့် လည်ပင်းမှ ချွေးများကို သုတ်လိုက်သည်။ သူ့အသားအရည်က ဖြူလွန်းသဖြင့် အပူရှိန်ကြောင့် ကျန်းမာသန်စွမ်းသည့် ပန်းရောင်အလွှာတစ်လွှာပင် ပေါ်လာခဲ့သည်။ ဆံနွယ်နက်များက ချွေးဖြင့် စိုရွှဲနေကာ နှဖူးတွင် ကပ်နေကြလေသည်။
သူက မောဟိုက်နေဆဲ ဖြစ်ကာ တဘက်ကိုင်ထားသော လက်က အလိုလို တုန်ယင်နေလေသည်။
ဟော်ရှင်း လျှောက်လာပြီး တန်းပြောလိုက်သည်။ "ခုနက လုပ်ခဲ့တဲ့ မင်းရဲ့ လုပ်ရှားပုံက မတည်ငြိမ်သေးဘူး... မင်းရဲ့ခြေထောက်ကို မြင့်မြင့်မမြှောက်နိုင်ခဲ့ဘူး"
အန်းချောင်က ယွီနျန်အတွက် ဝင်ပြောပေးလိုက်သည်။ "လေ့ကျင့်ရေးတွေက ပြင်းထန်လွန်းတယ်... သူက အခုမှ စကျင့်တာလေ... သူ့ခြေထောက်တွေလည်း အားပျော့နေမှာဆိုတော့ မမြှောက်နိုင်သေးတာလည်း ဆိုးတာတော့ မဟုတ်ပါဘူး"
ဟော်ရှင်းက အရာရာကို တလေးတနက် တိတိကျကျ လုပ်တတ်လေ့ရှိသည်။ သူမျက်မှောင်ကျုံ့လိုက်ပြီး ပြောလိုက်လေသည်။
"လှုပ်ရှားပုံတွေက တိကျမှ ဖြစ်မယ်... မဟုတ်ရင် လေ့ကျင့်ထားတာတွေ အလကား ဖြစ်သွားမှာပဲ... သူ့မှာ အချိန်မရှိတော့ဘူးဆိုတော့ စက္ကန့်တိုင်းကို အမြန် လုပ်မှ ရမယ်"
ယွီနျန်က အချိန်ကိုက်မှာပင် မျက်နှာပေါ်၌ အပြုံးလေးတစ်ခု ချိတ်ဆွဲကာ ဝင်ပြောလိုက်သည်။ "ကျေးဇူးပါ ဆရာဟော်... အဲ့အချိန်တုန်းက ကျွန်တော့်ခြေထောက်ကို တကယ် မမြှောက်နိုင်ခဲ့ဘူး... နောက်တစ်ကြိမ်ကျရင် သေချာပေါက် အံဝင်အောင် လုပ်ပါ့မယ်"
ဟော်ရှင်းက သူ့ကို နှစ်စက္ကန့်ထက်ပိုကြာသည်အထိ ကြည့်လိုက်ပြီးနောက် "အင်း" ဟုသာ ပြောလိုက်သည်။
အန်းချောင်က ယွီနျန်နှင့် မျက်နှာချင်းဆိုင် လှည့်ကာ ဟော်ရှင်းကို တိတ်တိတ်လေး လက်ညှိုးထိုးပြလိုက်ပြီး မျက်လုံးလှိမ့်ပြလိုက်သည်။
ယွီနျန်က နှုတ်ခမ်းများကို တင်းတင်းစေ့ကာ မပြုံးမိအောင် ထိန်းထားလိုက်ရသည်။
နေ့လည်ပိုင်းတွင် မုန့်ယွမ်နှင့် နေ့လည်စာ စားပြီးနောက် ယွီနျန်က အကစတူဒီယိုခန်းသို့ သွားကာ ဖျာတစ်ချပ်ရှာ၍ နာကျင်နေသော ခြေလက်များကို လဲချလိုက်ရန် ပြင်သည်။ သို့သော်လည်း နှစ်မိနစ်မျှသာ လဲလျောင်းပြီးနောက် တဖန်ပြန်ထကာ မတိုင်မီက ဟော်ရှင်း ပြောထားခဲ့သည့် လှုပ်ရှားမှုများကို လေ့ကျင့်နေခဲ့သည်။ သတ်မှတ်ချက်သို့ ရောက်ရှိသွားကြောင်း အတည်ပြုပြီးမှ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။
ဤတစ်ကြိမ် လှဲချလိုက်ပြီးနောက် ယွီနျန်က အမှန်ပင် လှုပ်ရှားလိုစိတ် မရှိတော့ဘဲ သူ့လက်နှင့် ခြေထောက်များက သူ့အပိုင် မဟုတ်တော့သလို ခံစားနေရသည်။ မည်သည့် အချိန်၌ သူ အိပ်ပျော်သွားခဲ့သည်ကိုပင် မသိတော့ပေ။ နှိုးစက်နာရီ မြည်သောအခါ 1:40ပင် ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သူ ထထိုင်ကာ ခြေလက်များကို ဆန့်လိုက်ပြီးနောက် ဓါတ်လှေကားစီး၍ အောက်ထပ်သို့ ဆင်းလာခဲ့သည်
အဆိုအတန်း၏ လေ့ကျင့်ရေးအခန်းသို့ ရောက်သောအခါ ဆရာရောက်မလာသေးပေ။ ယွီနျန်က တွေးတောကြည့်လိုက်ပြီးနောက် သူ့ဘာသာ စတင်လေ့ကျင့်လေတော့သည်။ ပြီးဆုံးသွားသောအခါ တံခါးဝတွင် ရပ်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ယွီနျန် ခပ်မြန်မြန် ထရပ်လိုက်သည်။ "ဟယ်လို ဆရာမကျောက် ကျွန်တော် ယွီနျန်ပါ"
ကျောက်ရှီက အသက်လေးဆယ်ကျော် ဖြစ်၍ အနက်ရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး စိတ်ရင်းကောင်းပုံရကာ စကားပြောပုံကလည်း နူးညံ့သည်။ "ထိုင်ထိုင်... ဆရာမ မင်းရဲ့ အချိန်ဇယားကို ကြည့်ပြီးပြီ... မနက်ပိုင်းက အကလေ့ကျင့်ခဲ့တာမလား" ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်ကို တွေ့သောအခါ ပြုံး၍ ပြောလိုက်သည်။ "အကသင်ခန်းစာတွေက တကယ်ခက်တယ်... မင်း ခုနက အစပိုင်း လေ့ကျင့်ခန်းတွေ လုပ်နေတာလား"
"ဟုတ်... ဟုတ်ပါတယ်... မှန်မှန် လုပ်မိရဲ့လားတောင် မသိဘူး"
"အဆင်ပြေပါတယ်" ကျောက်ရှီက သူမလက်ထဲမှ စာအုပ်ကို ချရင်း မေးလိုက်သည်။ "မင်း score ဖတ်နိုင်လား" (T/N Scoreက သီချင်းတစ်ပုဒ်ကို ဖွဲ့တဲ့နေရာမှာ ဂီတ သင်္ကေတတွေ၊ စည်းချက်တွေ၊ အနိမ့်သံ အမြင့်သံတွေ အကြောင်းကို အသေးစိတ် ရေးဆွဲထားတဲ့ ပုံစံ စာရွက်ပါတဲ့)
"ဟုတ်... ဖတ်နိုင်ပါတယ်"
"ကောင်းပြီ" ကျောက်ရှီက စာအုပ်ကို ဖွင့်ကာ ယွီနျန်ကို ကမ်းပေးလိုက်သည်။ "ဆရာမ နားထောင်ဖို့ ဒါဆိုပြပေး"
ယွီနျန်က scoreကို ဖတ်၍ စည်းချက်ထောက်ရင်း တိကျမှန်ကန်စွာ သီဆိုနေခဲ့သည်။
ကျောက်ရှီက ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး စက္ကန့်အနည်းငယ်မျှ တွေးကြည့်ပြီးနောက် မေးလိုက်သည်။ "အရင်က အဆိုဂီတအကြောင်း လေ့လာခဲ့ဖူးလား"
ယွီနျန်က ဖုံးကွယ်မထားပေ။ "ကျွန်တော့် အဘွားက သီချင်းဆိုအရမ်းကောင်းတယ်... ကျွန်တော် ငယ်တုန်းက လိုက်ဆိုရင်းနဲ့ အဘွားက နည်းနည်းပါးပါး သင်ပေးထားတာပါ"
ကျောက်ရှီက ဂရုတစိုက် ခွဲခြမ်း စိတ်ဖြာနေခဲ့သည်။ "မင်းရဲ့ အဆိုပိုင်းအခြေအနေက ရှေ့ကျတယ်... လည်ချောင်းကနေ အသံထုတ်ပြီးရင် အာခေါင်မာကို ထိသွားတယ်... အသက်ရှုဖို့အတွက်ကတော့ ရင်နဲ့ ဝမ်းဗိုက် ပေါင်းစပ် အသက်ရှုနည်းကို သုံးထားတယ်နော်... ဒီလို ဆိုဟန်မျိုးက ဆိုးတော့ မဆိုးပါဘူး... ဒါပေမယ့် ပိုကောင်းအောင် လုပ်လို့ရတယ်... ပြီးတော့ မင်းရဲ့ အသံအနိမ့်အမြင့်(pitch)၊ အသံကာလာ(timbre)နဲ့ range တွေအားလုံးကလည်း အရမ်း ကောင်းတယ်... ဘုရားသခင်အကြိုက်ဆုံး ပုံစံလို့တောင် ပြောလို့ရနေပြီ" သူမက လက်ရေးစာမူ စာရွက်တစ်ရွက်ကို ထုတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ အတန်းစကြရအောင်"
(T/N အဆိုတော်တွေ သီချင်း ဆိုကြတဲ့ အခါ အသံကာလာ(timbre)ကို ကြည့်ပြီး နူးညံ့တဲ့ အသံလား၊ အသံမာလား၊ အသံစူးလား စသဖြင့် ခွဲခြားကြပြီးတော့ pitchကတော့ High pitch(အမြင့်သံ) low pitch(အနိမ့်သံ)ဆိုပြီး ရှိပါတယ်... Rangeကတော့ အကျယ်လို့ ပြောရမှာပါပဲ... လူတစ်ယောက် သီဆိုနိုင်တဲ့ အမြင့်ဆုံးအထိ ရောက်နိုင်တဲ့ အသံနဲ့ အနိမ့်ဆုံးအသံကြား ကွာဝေးမှု အတိုင်းအတာပါ... )
နောက်ငါးရက်အတွင်း ယွီနျန်က ထိုလေ့ကျင့်ရေးအခန်းနှစ်ခုကို ကူးချည်သန်းချည် ပြေးလွှားနေခဲ့ရသည်။ ညစာစားပြီးချိန်တွင်လည်း အကခန်းမ၌ နောက်ထပ် နှစ်နာရီ ဆက်ပြီး လေ့ကျင့်သေးသည်။
သူ အကခန်းမတွင် တမင်သက်သက် ကျန်နေခဲ့သည်ကို ဟော်ရှင်း သိသွားသောအခါ သူ့ကို ဆူပူလေတော့သည်။ "ဘာလို့ အဲ့လောက်ထိ ရမ်းကားနေရတာလဲ"
ယွီနျန်က ရယ်ရုံသာ ရယ်လိုက်သည်ကို မြင်လိုက်သောအခါ ထပ်ပြီး ငြင်းခုံမနေတော့ပေ။ ဟော်ရှင်းက ဘာကိုမှ မပြောသော်လည်း နေ့တိုင်း အခမဲ့ အချိန်ပိုဆင်းပေးပြီး ယွီနျန်အား ကြီးကြပ်ရန်အတွက် ကျန်နေပေးခဲ့သည်။
ဆယ့်တစ်ရက်မြောက် မနက်ပိုင်းတွင် ယွီနျန်. မုန့်ယွမ်၏ ရုံးခန်းသို့ ရောက်သည်နှင့် နွားနို့တစ်ပုလင်း ထည့်ပေးခံလိုက်ရပြီး ဓါတ်လှေကားအတွင်းသို့ အလျင်စလို ဆွဲခေါ်သွားခံလိုက်ရသည်။
မုန့်ယွမ်က ယွီနျန်ထက်ပို၍ စိတ်လှုပ်ရှားနေလေသည်။ "မင်း ယုံကြည်ချက် ရှိလား"
ယွီနျန်က နို့ကို တစ်ငုံသောက်လိုက်သောအခါ နှုတ်ခမ်းတွင် နို့အမြှုပ်များ ပေသွားလေပြီး ထိုအကြောင်းကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားလေသည်။ မုန့်ယွမ်၏ စကားများကို ကြားသောအခါ သူ ခေါင်းငြိမ့်ပြလိုက်သည်။ "ယုံကြည်ချက် ရှိပါတယ်"
မုန့်ယွမ်က လက်နှစ်ဖက်ကို ယှက်တွယ်လိုက်ပြီး ခေါင်းထက်သို့ မြှောက်လိုက်သည်။
"ဂေါတမဗုဒ္ဓ၊ အရှင်လောင်ကျွင်းက ကြီးကျယ်မြင့်မြတ်ဆုံးပါ" ပြီးနောက် တစ်စုံတစ်ခုကို တတွတ်တွတ် ရေရွတ်နေပါသော်လည်း ယွီနျန်ကမူ သေသေချာချာ မကြားလိုက်ရပေ။ သူက နွားနို့ကို စုပ်သောက်လိုက်ပြီးနောက် မျက်လုံးများက အပြုံးများ ပြည့်သွားခဲ့လေသည်။
အသံသွင်း စတူဒီယိုသို့ ရောက်သောအခါ မုန့်ယွမ်တစ်ယောက် ထိပ်တန်း အေးဂျင့်တစ်ယောက် ရှိသင့်ရှိထိုက်သည့် တည်ငြိမ်မှုများ ပြည်ရသွားသည်။
"ခဏနေရင် ခံစားချက် ရှာဖို့နဲ့ အသံစမ်းဖို့ အထဲကို ဝင်သွားလို့ ရတယ်... ဟယ်ချိုးပိုင်က မိနစ်နှစ်ဆယ်အတွင်း ရောက်လာလိမ့်မယ်... ပြီးရင် မင်း လုပ်နိုင်သမျှ အကောင်းဆုံးလုပ်... ငါမင်းကို ယုံတယ်"