အပိုင်း ၄
Viewers 9k



Chapter 4

 အင်း... နာမည်တွေတော့ ဖလှယ်ပြီးသွားပြီ




ယွီနျန်နှင့် မုန့်ယွမ်တို့ မျက်နှာချင်းဆိုင်လိုက်ကြသည်။ "ဟုတ်... ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ယုံကြည်ထားပါ့မယ်"


ရှင်းယောင် အဆောက်အအုံ၏ ဝင်ပေါက်တွင် ချူရှောင်းရန်က ခရီးသည်ခုံတွင် ထိုင်ကာ သုံးကြိမ်တိတိ သမ်းဝေလိုက်ပြီနောက် ရယ်မောလိုက်သည်။


 "အလုပ်လိုက်ပို့ပေးလို့ ကျေးဇူးပါ" 


ယမန်နေ့က ညနေပိုင်းတွင် ရွှယ်အိမ်သို့ ညစာ သွားစားကာ ဝိုင်သောက်ခဲ့ပြီးနောက် ထိုနေရာမှာသာ နေခဲ့လိုက်တော့သည်။ ဤမနက်တွင် ရွှယ်ယုံ၏ အေးတိအေးစက် မျက်နှာကြီးကို လျစ်လျူရှုကာ ထိုသူ၏ကားထဲသို့ အရှက်မရှိ ဝင်လာခဲ့လေသည်။


ရွှယ်ယုံ၏ မျက်နှာက မြူမှုန်များ ဖုံးနေလေသည်။ "ထွက်သွားလို့ရပြီ"


"ရုံးမှာ ချပေးလို့ ကျေးဇူးပါ" ချူရှောင်းရန်က လုံးဝ ကြောက်မနေဘဲ လှည့်ပတ်သွားလာနေလိုက် သေးသည်။ "ပြောကာမှ အရင်တစ်ခေါက် မင်းငါ့ဆီ လာတွေ့တုန်းကလေ... လတ်တလော လူသစ်ခေါ်မခေါ် မင်း မေးခဲ့သေးတယ်မလား... ငါလည်း တွေးကြည့်ပြီးတော့ စစ်ဆေးကြည့်ဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်တာ... မေးပြီးတော့လေ တကယ်ကြီး လူသစ်တစ်ယောက် ရှိနေတယ်ဟ"


ရွှယ်ယုံ၏ ဒူးပေါ်မှ လက်ချောင်းလေးများ လှုပ်သွားလေသည်။


"သူက မုန့်ယွမ် လက်မှတ်ထိုးထားတဲ့သူလေ... ယွီနျန်လို့ ခေါ်တယ်... နှစ်ဆယ့်တစ်နှစ်ပဲ ရှိသေးတာ"


"ယွီနျန်"


"ဟုတ်တယ်... အလျှံပယ် ပေါများတယ်ဆိုတဲ့ ယွီနဲ့ ခုနှစ်ဆိုတဲ့ နျန်... သူ့ပုံတွေ ကြည့်ပြီးသွားပြီ... သူ့အသံအရမ်းကောင်းတယ်လို့ ငါကြားထားတယ်... မုန့်ယွမ်က သူ့ကို "သဘာဝရဲ့ သံစဥ်" ဒုတိယမြောက်ရှိုးမှာ ထည့်ဖို့ စီစဥ်ထားတာ... ဒီနေ့ ပရိုဂရမ်က လူတစ်ယောက်က သူ့ကို လာကြည့်လိမ့်မယ်"


ပြောပြီးနောက် ချူရှောင်းရန်က အတင်းအကြပ် ဖိတ်ခေါ်လိုက်လေသည်။ "မင်းရော လာကြည့်ချင်လား... ဥက္ကဌရွှယ်" 


ချူရှောင်းရန်မှာ ရွှယ်ယုံတစ်ယောက် နေ့တိုင်း အလုပ်များရှုပ်နေရင်းဖြင့် သေသွားမည်ကိုအမြဲတမ်း စိုးရိမ်နေခဲ့ရသည်။ ထို့ကြောင့် သူက ရွှယ်ယုံကို ပျော်စရာ ကိစ္စများ လုပ်ရန်နှင့် အရသာရှိအစားအသောက်များ စားရန်ဆွဲခေါ်သွားလေ့ရှိသည်။ သို့သော်လည်း ဆယ်ကြိမ်ဖိတ်ခေါ်လျှင် ဆယ်ကြိမ်လုံးနီးပါး အငြင်းခံသည်ချည်းသာ။ 


"ကောင်းပြီလေ"


"ဟားဟားဟား.... မင်းမှာ တက်စရာ အစည်းအဝေးတွေ အပုံလိုက်ရှိတာ သိသားပဲ..." ချူရှောင်းရန်က တုံ့ကနဲ ဖြစ်သွားသည်။ 


"ဟေး... မင်းဘာပြောလိုက်တာ"


ရွှယ်ယုံက သူ့ကို ဂရုစိုက်မနေတော့ဘဲ တံခါးဖွင့်ကာ ကားထဲမှ ထွက်လာခဲ့သည်။ ချူရှောင်းရန် မိန်းမောနေဟန်ဖြင့် ထိုင်နေဆဲ ဖြစ်သည်ကို တွေ့သောအခါ စိတ်မရှည်လက်မရှည်ဖြင့် မျက်မှောင်ကျုံ့လိုက်လေသည်။ "မင်း သွားမှာလား... မသွားဘူးလား"


"ဖာခ့်... ဒါပေါ့ ငါသွားရမှာ... ရွှယ်ယုံ... မင်းက သေချာပေါက် ငါသိတဲ့ရွှယ်ယုံ မဟုတ်လောက်ဘူး"


နှစ်ယောက်သား အသံသွင်းစတူဒီယိုသို့ ဝင်လာသောအခါ အထဲတွင် ရပ်နေသူ များစွာ ရှိနေလေသည်။ မုန့်ယွမ်က ချူရှောင်းရန်ကို ဦးဆုံးသတိပြုမိသူ ဖြစ်ကာ နှလုံးခုန်သံပင် စည်းချက်လွဲသွားလေတော့သည်။ သူက ရှေ့နှစ်လှမ်းတိုးလာပြီး ပြုံးပြလိုက်သည်။ 


"ဥက္ကဌချူ... ဘယ်လို ရောက်လာတာလဲ"


ချူရှောင်းရန်က "ရှူး" ဟု လုပ်ကာ အသံတိုးတိုးဖြင့် ခပ်ပြုံးပြုံး ပြောလိုက်သည်။ "သတိထားမနေပါနဲ့... ငါတို့ ဒီကို ပျော်စရာလေးတွေ လာကြည့်တာလေ... မင်းလည်း ကိုယ့်အလုပ်နဲ့ကိုယ် များနေမှာပါ... ငါတို့ကို စိတ်ပူမနေနဲ့"


သူ့မျက်လုံးကို လှည့်လိုက်သည့်အခါ ရွယ်ယုံ၏ အံ့အားသင့်လောက်ဖွယ် မျက်နှာထက်သို့ အကြည့်ရောက်သွားလေသည်။ 


"ဟယ်လို.. ဥက္ကဌရွှယ်... ဥက္ကဌရော ရောက်နေတာပဲ"


သူစကားပြောပြီးသည်နှင့် တိတ်တိတ်လေး ရပ်နေလိုက်သည်။


ရွှယ်ယုံက ချူရှောင်းရန် နောက်တွင် ရပ်လိုက်ပြီး မိုက်ကရိုဖုန်းရှေ့တွင် ရပ်နေကာ အမူအယာ မပြောင်းလဲဘဲ ရှိနေသည့် ယွီနျန်အား မှန်ကို ဖြတ်၍ ကြည့်လိုက်လေသည်။ အကွက်ရှပ် ဝတ်ထားသည့် သက်လတ်ပိုင်း လူတစ်ယောက်က အထဲကို ခြေဟန်လက်ဟန်ဖြင့် ပြောနေပြီး ယွီနျန်ကလည်း ခြေဟန်လက်ဟန်ဖြင့် ပြန်လည် ဖြေကြားနေသည်။ သုံးစက္ကန့်ကြာသောအခါ အလွန်ရှင်းလင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။


လူတိုင်းက အသက်အောင့်မိသွားကြပြီး ချူရှောင်းရန်ကလည်း အံ့အားသင့်မှုကြောင့် မျက်ခုံးများ ပင့်သွားကာ ရွှယ်ယုံ၏ အတွေးကို မေးမြန်းရန် လှည့်ကြည့်လိုက်ပါသော်လည်း တစ်ဖက်လူကို ကြည့်ရသည်မှာ... မိန်းမောနေတာလား...


ရွှယ်ယုံ၏ ခန္ဓါကိုယ်က သတိလက်လွတ်ဖြင့် ပြေလျော့သွားသည်။ သူက နံရံကိုမှီကာ ရပ်နေလိုက်ရပြီး အလွန်အကျွံမသိသာစေရဘဲ သူ့မျက်လုံးများက မှန်များကာရံထားသည့် အခန်းထဲမှာသာ တွယ်ငြိ၍ နေလေသည်။ မျက်တောင်ချကာ သီချင်းဆိုရာတွင် အာရုံနှစ်ထားသည့် ယွီနျန်ကို ကြည့်နေရင်းဖြင့် နှလုံးခုန်သံများ မြန်ဆန်လာလေတော့သည်။ 


ဟုတ်တယ်... အဲ့အသံပဲ... မှားစရာ အကြောင်း မရှိဘူး...


ထိုအသံကို ဓါတ်လှေကားထဲတွင် ပထမဆုံး ကြားခဲ့ရစဥ်က သိပ်မသေချာခဲ့သော်လည်း ယခုတွင် ယွီနျန် သီဆိုနေသည်ကို ကြားလိုက်ရသောအခါ ထိုအသံမှန်း သေချာသိသွားသည်။


နှလုံးသားကို နွေးထွေးစေသော အသံလေးတွင် နစ်မြောသွားရချိန်၌ အချိန်ကလည်း အတော်လေး အကုန်မြန်ပုံပါပင်။ နောက်ဆုံးစာသားကို ယွီနျန် အပြီးသတ်လိုက်ချိန်တွင် ရှေ့တွင် ရပ်နေသည့် ဟယ်ချိုးပိုင်က လက်ခုပ်တီးလိုက်သည်။


မှန်အရံအတားကြောင့် ယွီနျန်မှာ ပြင်ပမှ အသံများကို မကြားနိုင်သော်လည်း မုန့်ယွမ် လက်မထောင်ပြပြီး ဟယ်ချိုးပိုင် လက်ခုပ်တီးလိုက်သည်ကို တွေ့နေရသည်။ သူက နားကြပ်ကို ချွတ်ကာ အသက် ရှူထုတ်လိုက်ပြီးနောက် ပြုံးပြလိုက်လေသည်။


မျက်လုံးထောင့်တွင် အနက်ရောင်အရိပ်လေးကို တွေ့လိုက်ရသဖြင့် ယွီနျန်၏ လှုပ်ရှားမှုများ ရပ်တန့်သွားလေသည်။ ခုနက တံခါးနားမှာ တွေ့လိုက်ရတဲ့ အနက်ရောင်ပုံရိပ်က ရင်းနှီးနေသလိုပဲ...


သို့သော်လည်း ထိုအကြောင်းကို စဥ်းစားရန် အချိန်မရှိပါပေ။ သူမှန်လုံခန်းထဲမှ ထွက်လာသောအခါ မုန့်ယွမ်က နှုတ်ဆက်လာခဲ့သည်။ "လာခဲ့.... မင်းကို မိတ်ဆက်ပေးမယ် ချူ...နဲ့ " မုန့်ယွမ် လှည့်ပတ်ကြည့်ရှူလိုက်ရာ ချူရှောင်းရန်နှင့် ရွှယ်ယုံတို့ ထွက်သွားကြပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။


ယွီနျန်က ချက်ချင်း တုံပြန်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် သတိပေးလိုက်သည်။ "ကျွန်တော် နားကြပ်ချွတ်တုန်းက တံခါး ရွေ့သွားတာ တွေ့လိုက်တယ်"


မုန့်ယွမ်က အမှန်ပင် အပျော်လာကြည့်ကြခြင်းသာ ဖြစ်မည်ဟု တွေးမိသဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် ထပ်ပြုံးပြလိုက်လေသည်။


 "သူက ငါမင်းကို ခဏခဏ ပြောပြခဲ့ဖူးတဲ့ ဟယ်ချိုးပိုင်လေ"


ယွီနျန်က အနည်းငယ် ဦးညွှတ်လိုက်ပြီးနောက် ပြုံး၍ ပြောလိုက်သည်။ "ဟယ်လို မစ္စတာဟယ်"


ဟယ်ချိုးပိုင်နှင့် မုန့်ယွမ်တို့က နှစ်ပေါင်းများစွာ သူငယ်ချင်းဟောင်းများ ဖြစ်ခဲ့ကြသည်။ ယွီနျန်ကလည်း စိတ်ကျေနပ်စေခဲ့သဖြင့် သူက ဖော်ဖော်ရွေရွေဖြင့် ဆိုလိုက်သည်။ "ဒီကောင်လေးက အရမ်း သီချင်းဆိုကောင်းတာပဲ... လောင်မုန့် ငါ့ကို မင်းရဲ့ အကဗီဒီယို ပြပြီးသွားပြီ... အရမ်းကောင်းတယ်... အတူအလုပ်လုပ်ရဖို့ စောင့်နေပါ့မယ်"


ယွီနျန်က ရင်ဘတ်ကို ပုတ်ကာ ပြုံးပြလိုက်သည်။ "မစ္စတာဟယ် ချီးမွမ်းတာ ခံလိုက်ရမှပဲ ကျွန်တော့် နှလုံးခုန်သံ ငြိမ်သွားတော့တယ်ဗျာ"


ဟယ်ချိုးပိုင် နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလေတော့သည်။


သဘောတူညီမှု ရရှိသွားပြီ ဖြစ်၍ နေ့လည် ရောက်သောအခါ ရှိုးမှ တစ်စုံတစ်ယောက်က စာချုပ်ကိစ္စများ လာရောက် ဆွေးနွှေးမည် ဖြစ်သည်။ ဟယ်ချိုးပိုင်က ထပ်မနေတော့ဘဲ စကားအချို့ ပြောပြီးနောက် ထွက်သွားလေသည်။


အသံသွင်း စတူဒီယို လူရှင်းသွားသောအခါ မုန့်ယွမ်က ယွီနျန်ကို ပျားရည် ဖျော်ရည်တစ်ခွက် ကမ်းပေးကာ နှစ်သိမ့်ပေးလိုက်သည်။ "မင်းက တကယ် တော်တာပဲ... လောင်ဟယ်က အရမ်း ချေးများတာ... မင်းကတော့ သူ့မျက်လုံးကို အသက်တစ်ရှိုက်စာအတွင်း ဖမ်းစားနိုင်လိုက်တာပဲ... မဆိုးဘူး"


ယွီနျန်က ရေအနည်းငယ် သောက်လိုက်ပြီးနောက် နှဖူးတွင် အနည်းငယ် ချွေးစို့လာခဲ့သည်။ သူ ချွေးသုတ်ကာ ပြောလိုက်သည်။ "လေ့ကျင့်တုန်းက ဒီလိုမျိုးကို မမျှော်လင့်ထားဘူး... အဆိုးဆုံးအတွက် ကျွန်တော် စိတ်ပြင်ဆင်ထားခဲ့ပြီးသား" သူက ရေခွက်ကို ချကာ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ရှက်ရွံ့သွားလေသည်။


 "အစ်ကိုမုန့်... ကျွန်တော် လစာကြိုထုတ်လို့ ရမလား"


မုန့်ယွမ် ပြန်ဖြေလိုက်သည်။ "မင်း ငွေပြတ်နေလို့လား... ရတယ်လေ... စာချုပ်ထဲက ငွေက ငွေကြေးစီမံဘက်ကို လွှဲရသေးမှာ မဟုတ်ဘူး... ငါသူတို့နဲ့ ပြောကြည့်လိုက်မယ်လေ... လစာအတွက်က ငါးထောင် ခြောက်ထောင်လောက်ပဲ ရမှာ... ဆိုတော့ မင်းကြိုထုတ်ထားလို့ ရပါတယ်"


"အစ်ကိုမုန့်ကို ဒုက္ခများသွားစေပြီ" ယွီနျန်က စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။ သူ့အိတ်ထဲမှာ ယွမ်နှစ်ဆယ်ပဲ ကျန်တော့တယ် ဆိုတာ ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး...


နောက်ကျလွန်းသည့် အချိန် မဟုတ်သေးသဖြင့် မနက်ပိုင်းအတန်းများ ရှိနေဆဲ ဖြစ်သည်။ ယွီနျန်က 33ထပ်သို့ ကိုယ့်ဘာသာ ဆက်လာခဲ့ပြီး လမ်းလျှောက်ရင်းဖြင့် မနေ့က သင်ထားခဲ့သည့် အကသင်ခန်းစာများကို ပြန်ပြီး တွေးကြည့်နေသည်။ ထောင့်ချိုးတစ်ခုကို ဖြတ်လိုက်သည့်အခါ လူနှစ်ယောက်က သူ့ကို လာတားလေတော့သည်။



ယွီနျန် ထိုသူများကို မသိပါသော်လည်း သူတို့ မည်သူများ ဖြစ်ကြသည်ကို ခန့်မှန်းနိုင်သည်။


စကားပြောလာသူက ရန်လာစပုံပေါ်နေပြီး သိသိသာသာပင် အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်သည်။


 "မင်းက ယွီနျန်လား... ကြည့်ကောင်းတဲ့ မျက်နှာကလွဲလို့ တခြား ဘာကောင်းတဲ့အချက်မှ မမြင်မိပါဘူး"


ယွီနျန်က သူ့ရှေ့မှ လူနှစ်ယောက်ကို သေသေချာချာကြည့်၍ တီးတိုးရယ်မောလိုက်သည်။ "ကြည့်ကောင်းတဲ့ မျက်နှာကလည်း သဘာဝက ပေးတဲ့ ကောင်းကျိုးပဲလေ"... သူက "သဘာဝက ပေးတဲ့" ဟူသော စကားလုံးကို အလေးပေး ပြောဆိုလိုက်သည်။ 


တစ်ဖက်မှ လူနှစ်ယောက်၏ မျက်နှာများ ပြောင်းလဲသွားကြလေသည်။


ယွီနျန်က မျက်နှာထက်မှ အပြုံးကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့မိသားစု၏ သင်ကြားပြသထားမှုအရ သူက အချိန်အများစုတွင် လူများကို ယဥ်ယဥ်ကျေးကျေးသာ ဆက်ဆံလေ့ရှိသည်။ သူ့ဆရာများနှင့် မုန့်ယွမ်တို့ကို ဆက်ဆံသောအခါ နှလုံးသား အောက်ခြေမှလာသော လေးစားမှုကို ပြသလေ့ရှိပေသည်။ သို့သော်လည်း ၎င်းက သူအား စိတ်ထားနုသူဟု ဆိုလိုနေခြင်း မဟုတ်ပေ။


ထိုအပြုံး မရှိတော့သည့်အခါ ယွီနျန်၏ မျက်လုံးများက အနည်းငယ် အေးစက်နေခဲ့သည်။ "ငါက အရမ်း အလုပ်ရှုပ်လွန်းလို့ ဖြုန်းစရာ အချိန်မရှိဘူး... အစ်ကိုမုန့်က ဘာလို့ ငါ့ကို ရွေးပြီး မင်းတို့ကို မရွေးလဲ သိချင်ရင် သူ့ကို ကိုယ်တိုင် သွားမေးလို့ရတယ်"


သူက နှုတ်ခမ်းထောင့်စွန်းလေးများကို မြှောက်ကာ ဆက်ပြောနေသည်။


 "ပြီးတော့ ငါဘာလို့ ဟယ်ချိုးပိုင်ဆီကနေ အရွေးခံလိုက်ရလဲ သိချင်ရင် ဟယ်ချိုးပိုင်ကို သွားမေးလိုက်"


အဆုံးတွင် သူက မေးချွန်ချွန်လေးကို မော့ကာ နှုတ်ခမ်းထောင့်လေးကို အနည်းငယ် ကွေးလိုက်သည့်အတွက် မျက်လုံးထောင့်အောက်မှ မှဲ့လေးက စိတ်ဝင်စားခြင်း မရှိသည်ကို ပြသနေခဲ့ပေသည်။ 


"မင်းတို့ထဲက တစ်ယောက် ငါ့ကို 'သဘာဝရဲ့ သံစဥ်' ကနေ ဖယ်ထုတ်နိုင်ခဲ့ရင် ငါ မကျေနပ်တဲ့ စကားတစ်ခွန်းမှ ပြောမှာ မဟုတ်ဘူး"


ပြောပြီးသည်နှင့် အချိန်မဖြုန်းစေရဘဲ ဆက်လျှောက်လာခဲ့သည်။


ထောင့်တစ်ဖက်တွင် အန်ရှင်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟော်ရှင်းကို ဆွဲထားပြီး ပြောလိုက်သည်။ "ကျွတ် ကျွတ် ကျွတ်... သူက အရမ်း သန်မာလိုက်တာ" 


ဟော်ရှင်းက လှမ်းလက်စ ခြေလှမ်းကို ပြန်ရုတ်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။


 "သူသာ မသန်မာရင် မဆုတ်မနစ် ကြိုးစားပြီး ကကွက်တွေအားလုံးကို ငါးရက်ထဲနဲ့ သင်နိုင်ခဲ့မှာ မဟုတ်ဘူး"


အန်းချောင်က မျက်ခုံးပင့်လိုက်သည်။ "ဟေး ဆရာဟော်... ဒီရက်တွေထဲ သူ့ကို ချီးကျုးနေတာ ဘယ်နှကြိမ် ရှိနေပြီလဲ... သူ့ကို အရမ်း သဘောကျနေတာလား" သူက မတိုင်မီက မြင်ကွင်းကို ပြန်စဥ်းစားလိုက်ပြီးနောက် လက်မောင်းကို ပိုက်ကာ ပြုံးလိုက်သည်။ "ဒါပေမယ့် အဲ့လိုမျိုး စိတ်ကြီးဝင်နေတဲ့ ပုံစံကလည်း အရမ်း အထင်ကြီးဖို့ ကောင်းတယ်... မဆိုးဘူး" 


ဟော်ရှင်းက ငြင်းပယ်ခြင်း မပြုဘဲ တည်ငြိမ်သော အသံဖြင့်သာ ဆိုသည်။ "သူသာ သူများတွေဆီကနေ အနိူင်ကျင့်ခံနေရမယ်ဆိုရင် ဒီလောကထဲ ဆက်သွားနိုင်မှာ မဟုတ်ဘူး"


အန်းချောင်နှင့် ဟော်ရှင်းတို့ ထွက်သွားသောအခါ ရွှယ်ယုံက နေရာအကွယ်လေးမှ ထွက်လာပြီး ယွီနျန် မကြာသေးခင်က ထွက်သွားခဲ့ရာ နေရာသို့ ကြည့်ကာ ပြန်ရန်အတွက် ဓါတ်လှေကားထဲသို့ ဝင်လိုက်သည်။


နေ့လည်ပိုင်းတွင် နေ့လည်စာ အတူစားကြသောအခါ ယွီနျန်က တူတစ်စုံ ထုတ်လာပြီး မုန့်ယွမ်ကို ကမ်းပေး၍ စကားစလိုက်သည်။ "အစ်ကိုမုန့်... ကျွန်တော် ပြောစရာ ရှိလို့"


မုန့်ယွမ်က ညာလက်ထဲမှ တူကို ဖျစ်ညှစ်ထားရင်း ဘယ်လက်တွင် ဖုန်းကိုင်ထားလျက် အလုပ်များနေသည်။ "မေးလေ"


"အစ်ကို အရင်က ကျွန်တော့်ကို လေ့ကျင့်ရေးအခန်းထဲမှာပဲ နေပြီး လျှောက်မသွားဖို့ ပြောထားခဲ့တာလေ... တခြားလူတွေဆီ လွယ်လွယ် ပြေးတိုက်မိသွားမှာ စိုးလို့မလား"


မုန့်ယွမ်က သူပြောသည့်စကားကို ကြားကြားချင်း နားလည်သွားသည်။ သူ့မျက်နှာက ကြည့်ကောင်းမနေပေ။ သူက ယွီနျန်၏ မျက်နှာ အမူအယာကို အသေအချာကြည့်ကာ မေးလိုက်လေသည်။ "မင်းကို တစ်ယောက်ယောက် လာရှာလို့လား"


ယွီနျန်က ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်တယ်... ကျွန်တော် ဒီမနက် အတန်းကို ပြန်လာတော့ အတားခံလိုက်ရတာလေ"


"ပြီးတော့ရော"


"ကျွန်တော် ပြန်ရန်တွေ့ခဲ့တယ်

"



*****


စာရေးသူမှာ ပြောစရာ ရှိပါတယ်


ဥက္ကဌရွှယ်: ငါဥက္ကဌက အလုပ်များလွန်းလို့ ပျော်စရာတွေ လာကြည့်ဖို့နဲ့ သီချင်းနားထောင်ဖို့ အချိန်မရှိဘူးကွ...