အပိုင်း ၅
Viewers 18k

Chapter 5

အင်း... နာမည်တွေတော့ ဖလှယ်ပြီးသွားပြီ





မုန့်ယွမ်က ရယ်မောလိုက်သည်။


 "မှန်တယ်... ကောင်းကောင်း လုပ်ခဲ့တာပဲ" သူက ဖုန်းကို ချကာ ယွီနျန်ကို ဂရုတစိုက် ပြောပြလိုက်သည်။


"ကုမ္ပဏီက အရမ်းကြီးတော့ လေ့ကျင့်ရေး သင်တန်းသားတွေရော၊ ပွဲဦးထွက်ပြီးမှ မအောင်မြင်တဲ့သူတွေရော ရှိတယ်လေ... ငါကလည်း စိတ်ဖိစီးတယ် ပင်ပန်းတယ်လို့ ခံစားရတော့ လူထပ်မယူခဲ့ဘူး... ငါက လူတစ်ယောက်ထဲပေါ်မှာပဲ အာရုံစိုက်ထားချင်တာ... ဒီတစ်ခါတော့ အရင်လူက စာချုပ် ဆက်မချုပ်တော့ဘူးလေ... သူထွက်သွားတော့ ကုမ္ပဏီက နောက်ထပ်လူခေါ်ဖို့ ငါ့ကို တိုက်တွန်းနေတော့တာ.."


"ဘာပဲဖြစ်ဖြစ် မင်းရဲ့ အစ်ကိုမုန့်က ဒီနေရာမှာ ဆယ်စုနှစ် တစ်ခု နှစ်ခုလောက်ထိ ရှိခဲ့တာဆိုတော့ ဂုဏ်သတင်း နည်းနည်းတော့ ရှိတယ်ကွ... ဒါကြောင့်မို့လည်း ငါ့ဘက်မှ ဘာသတင်းမှ မထွက်လာသေးတော့ တချို့ ငြိမ်ပြီးမနေနိုင်တော့တဲ့သူတွေ စပြီး လှုပ်ရှားလာကြတော့တာပေါ့ကွာ" 


ယွီနျန်: "အခွင့်အရေး တစ်ခုရှိလာရင် လူတိုင်းက ဖမ်းဆွဲချင်ကြတာပါပဲ" သူက ကိုယ့်ကိုယ့်ကိုယ် နေရာပေးလိုက်သေးသည်။ "ဒါဆို ကျွန်တော်က 'လေထဲက ပေါ်လာသလိုမျိုး' ဖြစ်သွားတာပေါ့"


“မဟုတ်လို့လား... ငါမင်းနဲ့ စာချုပ်ချုပ်ပြီးပြီလေ... ကုမ္ပဏီက အပေါ်ယံမှာ တည်ငြိမ်နေပေမယ့် အတွင်းမှာ လှိုင်းထနေတာကွ... ဒါကြောင့် ငါမင်းကို ကြိုးကြိုးစားစား လေ့လာပြီး လျှောက်ပြေးမနေဖို့ ပြောရတာပဲ" မုန့်ယွမ်က သက်ပြင်းချလိုက်သည်။ 


"ဒီနှစ်သင်တန်းသားတွေက စိတ်အားထက်သန်မှုလည်း မရှိကြဘူး... သူတို့ မင်းကို ရှာတွေ့ဖို့ ရက်တွေအများကြီး ကြာသွားသေးတယ်" 


ယွီနျန်က ထိုလေသံကြောင့် ရွှင်ပြသွားလေသည်။ ထိုကိစ္စက သူအရင်က ခန့်မှန်းထားခဲ့သည်နှင့် တူနေသည်။ စွပ်ပြုတ်ရည်ကို တစ်ငုံသောက်လိုက်ပြီးနောက် ယွီနျန် ထပ်မေးလိုက်သည်။


 "ကျွန်တော်တို့ ထပ်တွေ့ရင် ငြိမ်းချမ်းရေး ယူရမှာလား... ပြန်တိုက်ခိုက်ရမလား"


မုန့်ယွမ်က ယွီနျန်၏ သိမ်မွေ့လှသော စိတ်နေစိတ်ထားကို သိထားပြီးသား ဖြစ်၍ တုံ့ဆိုင်း၍ပင် မနေတော့ဘဲ ပြောလိုက်လေသည်။ 


"ဒါပေါ့... ပြန်တိုက်ခိုက်ရမှာ... မင်းကိုယ်မင်း သိပြီးသားပဲ"


ယွီနျန်ကလည်း နားလည်ပါ၏။ သူ ယခုထိ ပွဲဦးမထွက်ရသေးသော်လည်း သူ့နောက်တွင် မုန့်ယွမ် ရှိနေသဖြင့် နှုတ်ပိတ်နေရန် မလိုပေ။ ထိုသို့ မဟုတ်လျှင် သူ့ဝေစုများကို အချည်းနှီး ဆုံးရှုံးသွားပေလိမ့်မည်။ 


သူက စွပ်ပြုတ် ပန်းကန်လုံးကို ကိုင်ကာ ပြုံးပြလိုက်သည်။ "ကျွန်တော့်ကို ကူညီပေးလို့ အစ်ကိုမုန့်ကို ကျေးဇူးတင်ပါတယ်"


မုန့်ယွမ်က စွပ်ပြုတ်ပန်းကန်လုံးကို ထိလိုက်လေသည်။ "ပြောရတာက လွယ်တယ်... ဒါပေမယ့် ငါက မင်းငါ့အတွက် ပိုက်ဆံရှာပေးလာမှာကို စောင့်နေတယ်နော်"


'သဘာဝရဲ့ သံစဥ်' ၏ စာချုပ်ကို မကြာမီပင် လက်မှတ်ရေးထိုးလိုက်ပြီး ယွီနျန်က လူသစ်လေး ဖြစ်နေသည့်အတွက် အခကြေးငွေကလည်း အလွန် နည်းပေသည်။ သို့သော်လည်း မုန့်ယွမ်က လုံးလုံး ဂရုမစိုက်ပေ။ သူက အကခန်းမထဲမှ ယွီနျန်ကို ရုံးခန်းထဲသို့ ခေါ်လိုက်ပြီး Tablet တစ်ခုကို ကမ်းပေးလိုက်သည်။ သူက လေအေးပေးစက်မှ အပူချိန်ကိုလည်း ဂရုတစိုက်ဖြင့် နှစ်ဆင့် မြှင့်ပေးလိုက်သည်။


"ရှိုးကို သြဂုတ်လမှာ အသံသွင်းရမယ်... ဒါ မင်းရဲ့ ပထမဆုံးရှိုးပဲ... ဘာမှ အမှားအယွင်း မရှိအောင် ငါမင်းနောက်ကို တစ်လျှောက်လုံး လိုက်ပေးမယ်... ဒါပေမယ့် တခြားသူတွေက လက်ထောက်တွေ အဖွဲ့တွေ ရှိကြတယ်... မင်းမှာ မရှိသေးဘူးမလား"


ယွီနျန်က တစ်မနက်လုံး အကလေ့ကျင့်နေခဲ့သဖြင့် ခန္ဓါကိုယ်က ပူနေဆဲ ဖြစ်ကာ မျက်နှာထက်တွင်လည်း ပန်းရောင်သန်းလို့ နေသည်။ သူက Tabletကို လှမ်းမယူခင် လက်ကို ပုဝါဖြင့် ချွေးသုတ်လိုက်လေသည်။


မုန့်ယွမ်က ဆက်ပြောသည်။ "ငါနဲ့ အလုပ်လုပ်နေတဲ့လူတွေ ရှိတယ်... ဒီတလောအတွင်း ငါ့လက်အောက်မှာ ဘယ်သူမှ မရှိတော့ သူတို့လည်း ပျင်းနေကြတာ... အခု ငါမင်းနဲ့ စာချုပ်ချုပ်လိုက်ပြီ ဆိုတော့ သူတို့လည်း အလုပ်များကြတော့မှာပေါ့... လက်ထောက်အတွက်ကတော့ ကိုယ့်ဘာသာ ရွေးရမယ်" 


ယွီနျန်က Tabletထဲမှ အချက်အလက်များကို လှန်လှောရင်းဖြင့် မေးလိုက်သည်။ "အစ်ကိုမုန့်... အကြံပေးချင်တာမျိုး ရှိလား"


မုန့်ယွမ်က ထိုမေးခွန်းကို နားထောင်ပြီးနောက် ပြောလိုက်သည်။ "စာမျက်နှာ 1 2 3 7နဲ့ 8ကိုကြည့်... ငါသူတို့အကြောင်း ဖတ်ပြီးပြီ မဆိုးဘူး... မင်းစိတ်ကြိုက် တစ်ယောက် ဖြစ်ဖြစ် နှစ်ယောက် ဖြစ်ဖြစ် ရွေးလို့ရတယ်... မင်း နာမည်ကြီးလာရင် လုပ်စရာအများကြီး ရှိလာမှာ" 


ယွီနျန်က မုန့်ယွမ် အကြံပြုလာသည့် လူငါးယောက်ကို ဂရုတစိုက် ကြည့်လိုက်ပြီး အဆုံးတွင် "ရှစ်ရော့"ဟု အမည်ရသည့် မိန်းကလေးတစ်ယောက်ကို ရွေးချယ်လိုက်သည်။


မုန့်ယွမ်က ထပ်ပြီး ပြုံးလိုက်သည်။ "ကောင်းကောင်း ကြည့်တတ်သားပဲ... ရှစ်ရော့က အနုပညာရှင်တစ်ယောက်ရဲ့ လက်ထောက် ဖြစ်ခဲ့ဖူးတယ်... သူက စိတ်ထားကောင်းပြီး အလုပ်လုပ်တဲ့အခါမှာလည်း အရမ်းကျွမ်းကျင်တယ်... ပြီးတော့ ပုံရိုက်တာလည်း တော်သေးတယ်"


ယွီနျန်ကလည်း ထိုသို့တွေးမိသည်။ သူက လူသစ်တစ်ယောက် ဖြစ်ပြီး သူသိသင့်သည့် ကိစ္စများကိုလည်း မသိသေးဟု ပြောနိုင်ပေသည်။ လူသစ်ကာလ ပြီးနောက် မုန့်ယွမ်က သူ့နောက်သို့ အချိန်တိုင်း လိုက်နိုင်တော့မည် မဟုတ်သဖြင့် လက်ထောက်နေရာက အလွန် အရေးကြီးပေသည်။


"နောက်ထပ်တစ်ယောက် မရွေးတော့ဘူးလား"


"မလိုတော့ပါဘူး" ယွီနျန်က tabletကို ပြန်ကမ်းပေးလိုက်လေသည်။ "တစ်ယောက်ဆို တော်ပါပြီ... ကျွန်တော့်နောက်ကို လူတွေအများကြီး လိုက်နေကြမှာကို သဘောမကျဘူး"


မုန့်ယွမ်က ထပ်ပြီး မတိုက်တွန်းတော့ "ကောင်းပြီလေ... မနက်ဖြန်မှ တွေ့မယ်... ပြဿနာမရှိရင် သူ့ကိုပဲ ရွေးလိုက်တော့မယ်"


ရှစ်ရော့က မျက်လုံးကြီးကြီးလေးများနှင့် နူးနူးညံ့ညံ့အသံလေးရှိသည့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမက ယွီနျန်ထက် ငါးနှစ်ကြီးပြီး ဤလောကထဲတွင် ရှိနေခဲ့သည်မှာ ခြောက်နှစ်ခန့် ရှိလေပြီ။ ယွီနျန်က သူမကို မမရော့ရော့ ဟု ခေါ်လိုက်သည်ကို ကြားသောအခါ ခပ်ရှက်ရှက်ဖြင့် လက်ယမ်းပြလာခဲ့လေသည်။


အချင်းချင်း တွေကြပြီးနောက် နှစ်ဖက်လုံး ကျေနပ်သွားကြလေသည်။


ရက်အနည်းငယ် ကြာသောအခါ မုန့်ယွမ် အကြံပြုပေးထားသူက အလွန် ကောင်းမွန်ကြောင်း ယွီနျန် တွေ့လိုက်ရသည်။ နေ့တိုင်းတွင် အတန်းချိန်များ၌ ရှစ်ရော့က သူ့နာမည်ဖြင့် အကဆရာနှစ်ယောက်အတွက် သောက်စရာများ ဝယ်ပေးပြီး အဆိုပိုင်း ဆရာမအတွက် ပျားရည် ဖျော်ရည် လုပ်ပေးလေ့ရှိသည်။ သူ နောက်ကျသည်အထိ အကလေ့ကျင့်နေလျှင်လည်း သူ့အတွက် ကယ်လိုရီနိမ့်သော ညလယ်စာ များ ပြင်ဆင်ပေးလိမ့်မည် ဖြစ်ပြီး အလွန်အကျွံ မဟုတ်သော်လည်း အမှန်ပင် ဂရုစိုက်ပေးတတ်ပေသည်။


……….


51ထပ်တွင်...


ချူရှောင်းရန်က စားပွဲခုံနောက်တွင် ခပ်လျောလျော ထိုင်နေကာ ဘောပင်ကို စိတ်ပျက်လက်ပျက်ဖြင့် ချပစ်လိုက်သည်။ သူက သက်ပြင်းချကာ ဘဏ္ဍာရေး မဂ္ဂဇင်းတစ်ခုကို မျက်နှာသေဖြင့် ဖတ်ရှုနေသည့် ရွှယ်ယုံကို ကြည့်၍ ရှုံ့မဲ့နေသော လေသံဖြင့် ဆိုလိုက်လေသည်။ 


"လုပ်စမ်းပါ... အစ်ကိုကြီးရာ... စကားကောင်းကောင်း ပြောကြရအောင်... မင်းရဲ့ ကုမ္ပဏီကြီးကို ပိတ်လိုက်တော့မလို့လား... ဘာလို့ ဒီရက်ထဲ ငါ့ဆီကိုပဲ နေ့တိုင်းလာနေရတာလဲ"


ရွှယ်ယုံ ခေါင်းမော့၍ သူ့ကို ကြည့်လာသည်ကို တွေ့သောအခါ ချူရှောင်းရန် သူ့နှဖူးကို ကူကယ်ရာမဲ့စွာဖြင့် နှိပ်လိုက်ရလေ၏။ 


"ငါ့အစ်ကိုနဲ့ အဖေတောင် အရင်က ဒီလိုမျိုး တစ်ခါမှ စိုက်မကြည့်လာဖူးဘူး... မင်းငါ့ကို တစ်နေ့ နှစ်ခါလောက် ဒီလိုလာကြည့်နေတာကွ" သူ ဆတ်ခနဲ တုန်သွားလေသည်။


 "ဖာခ့်... လာမပြောနဲ့နော်... မင်းငါ့ကို သိလာတာ နှစ်နှစ်ဆယ် ရှိနေပြီ... ရုတ်တရက်ကြီး ငါ့ကို ချစ်မိသွားတာလား"


အဆုံးတွင် ရွှယ်ယုံက "ပါးစပ်ပိတ်" ဟု ပြောလာလေသည်။ ဘဏ္ဍာရေး မဂ္ဂဇင်းကို ပြန်ချကာ အချိန်ကြည့်၍ ထရပ်လိုက်သည်။ "ငါသွားပြီ"


ချူရှောင်းရန်က ရွှယ်ယုံ စောစောထွက်သွားရန် ဆန္ဒပြင်းပြနေခဲ့သည်။ ထို့မှသာ ရုံးခန်းထဲတွင် ဂိမ်းကစားနိုင်ပေတော့မည်။ သူက လက်ကို ဝေ့ယမ်းကာ ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။ "ဥက္ကဌရွှယ် ငါနဲ့ အပြင်မှာ တွေ့ချင်လား"


"မလိုဘူး"


"ဒါဆို မနက်ဖြန် ထပ်လာဦးမှာလား"


"....အင်း"


"..."


ဓါတ်လှေကားထဲသို့ ဝင်လာသောအခါ ရွှယ်ယုံက _ 1 ခလုတ်ကို နှိပ်လိုက်သည်။ လည်စီးကို ပြန်ပြင်နေရင်းဖြင့် သူ့မျက်လုံးများက အထပ်နံပါတ်များ ပြောင်းလဲနေသည်အပေါ်တွင်သာ တွယ်ငြိနေလေသည်။ 


46, 45… 35, 34, 33 —— “တင်း”


ယွီနျန်. ရှစ်ရော့ကို ခေါ်၍ ဓါတ်လှေကားထဲသို့ ဝင်လာသောအခါ ထိုလူကို ထပ်တွေ့ရပြန်သည်။ တစ်ဖက်လူက ကောင်းကောင်းမွန်မွန် ချုပ်လုပ်ထားသော အနက်ရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်ပြီး ခြေတံရှည်တို့ဖြင့် ပြောင်မြောက်သော အချိုးအစားများ ရှိနေသည်။ ရိုးရိုးရှင်းရှင်း ငွေရောင်နက်နက် လည်စီးကို သေသေသပ်သပ် စည်းထားပြီး သူ့မျက်နှာက အေးစက်၍ အမူအယာမဲ့ ဖြစ်နေဆဲပင်။ 


နှစ်ယောက်သား၏ မျက်လုံးများ ဆုံတွေ့ကြသောအခါ ယွီနျန်က ခေါင်းငြိမ့်၍ ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်သည်။ "ဟယ်လို... တိုက်ဆိုင်လိုက်တာ... ထပ်တွေ့ ပြန်ပြီနော်"


ရွှယ်ယုံက သုံးစက္ကန့်လောက် နှုတ်ဆိတ်နေပြီးနောက် ခေါင်းငြိမ့်၍ ပြန်ဖြေလိုက်သည်။ "ဟယ်လို" 


ဓါတ်လှေကားထဲတွင် သူတို့ သုံးယောက်သာ ရှိနေသည်။ ရှစ်ရော့က တစ်ဖက်လူကို ကြောက်ရွံ့နေပုံ ပေါ်နေပြီး ခေါင်းငုံ့၍ ထောင့်မှာသာ ရပ်နေလေသည်။ 


တစ်ဖက်လူက သူ့အား ရူးစူးစိုက်စိုက် ကြည့်လာသည်ကို မြင်သောအခါ ယွီနျန်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်လေသည်။


 "ပြီးတော့ ကျွန်တော်တို့တွေ့တာ ဒါ လေးကြိမ်မြောက်လေ"


ရွှယ်ယု: "အင်း"... တစ်ချိန်တည်းမှာပင် သူ့နှလုံးသားထဲ၌ အမှန်ပြန်ပြင်ပေးလိုက်ရသည်။ ဒါ ခြောက်ကြိမ်မြောက်ဆိုတာ အသိသာကြီးပဲ...


ယွီနျန်က တစ်ဖက်လူမှာ စကားပြောကောင်းသူ ဖြစ်ပုံမရကြောင် သတိထားမိသဖြင့် တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်လေသည်။ "ကျွန်တော့်နာမည် ယွီနျန်ပါ... ရှင်းယောင်ကို ဝင်လာတာ မကြာသေးဘူး"


"ရွှယ်ယုံ" သူက စိတ်ထဲမှနေ၍ သူ့အသက်၊ အရပ်၊ ကိုယ်အလေးချိန်နှင့် အိမ်လိပ်စာတို့ကို နှစ်ကြိမ်လောက်ထိ ပြောနေခဲ့ပါသော်လည်း ပါးစပ်ဖျားတွင် မည်သည့်စကားလုံးမှ ထွက်ကျမလာပေ။


"ရွှယ်ယုံ" ယွီနျန်က ခပ်ပြုံးပြုံးဖြင့် မေးလိုက်ရင်း တစ်ဖက်လူ၏ မျက်စံနက်လေးများနှင့် ဆုံတွေ့သွားလေသည်။ "ပျော်ရွှင်စရာ ခရီးလေး ရဲ့ ယုံ လား"


"ဟုတ်တယ်"


"နာမည်က အရမ်း ကောင်းတာပဲ" ထိုအချိန်၌ ပထမထပ်သို့ ရောက်လာပြီ ဖြစ်၍ ယွီနျန်က လက်ဝှေ့ယမ်းပြလိုက်သည်။ "ကျွန်တော် အရင်သွားတော့မယ် နှုတ်ဆက်ပါတယ်"


မည်သူမှ မမြင်လိုက်ရသည်မှာ ရွှယ်ယုံ၏ နားရွက်များ ထပ်ပြီး နီရဲသွားလေခြင်းပင်။


ဓါတ်လှေကားထဲမှ ထွက်လာသောအခါ ရှစ်ရော့က သက်ပြင်းချလိုက်ပြီး စပ်စုလေတော့သည်။ "မင်းနဲ့ ဥက္ကဌရွှယ်တို့က သိနေကြတာလား"


ယွီနျန်က ပြန်စဥ်းစားလိုက်လေသည်။ "သိတယ် ဆိုရုံလေးပါ... ဓါတ်လှေကား စီးတုန်းက နှစ်ကြိမ်၊ မီးနီစောင့်နေရင်းနဲ့ တစ်ကြိမ် တွေ့ဖူးတာလေ"


ရှစ်ရော့က တာဝန်အရ ရှင်းပြလိုက်သည်။ "သူ့ရဲ့ မျိုးရိုးနာမည်က ရွှယ်... သူက ဥက္ကဌချူရဲ့ သူငယ်ချင်းပဲ... ပြောရမယ်ဆို သူတို့နှစ်ယောင်က မိဘချင်းရင်းနှီးလို့ ငယ်ကတည်းက အချင်းချင်း သိနေကြတာပဲ... ဒါကြောင့်မို့ တစ်ခါတစ်ရံ ဥက္ကဌရွှယ်ကို ရှင်းယောင်မှာ တွေ့ရပေမယ့် ခဏခဏ တွေ့နေရတာတော့ မဟုတ်ဘူး"


သူမက ရင်ဘတ်ကို ဖိထားရင်း အကြောက်တရားများ ရှိနေဆဲဟု ခံစားနေရလေသည်။ "အစ်မ ရှင်းယောင်မှာ အလုပ်လုပ်လာတာ ခြောက်နှစ် ရှိပြီ သူ့ကို တစ်ခါပဲ တွေ့ဖူးသေးတယ်... ဥက္ကဌရွှယ်က ဆိုးဝါးတဲ့ စိတ်အခြေအနေ ရှိပြီး အရှိန်အဝါကလည်း အေးစက်လွန်းတော့ လူတွေ သူ့နားကပ်လာရင် သေလောက်အောင် ကြောက်သွားရော"


ယွီနျန်က ထိုသို့ မခံစားရ။ ရွှယ်ယုံအပေါ် သူ့အမြင်မှာ ထိုသူက ကြည့်ကောင်းပြီး စကားများများ ပြောလေ့မရှိသူသာ ဖြစ်သည်။ သူ လုံးဝ ကြောက်ရွံ့သည်ဟု မခံစားရပေ။ 


တစ်ဖက်တွင် ရွှယ်ယုံက ကားတံခါးကို ပိတ်ကာ မှန်မှတဆင့် ဓါတ်လှေကား ရှိရာနေရာကိုသာ ကြည့်နေခဲ့လေသည်။



—အင်း... နာမည်တွေတော့ ဖလှယ်ပြီးသွားပြီပေါ့...


******


စာရေးသူမှာ ပြောစရာ ရှိပါတယ်


ဥက္ကဌရွှယ်: အရမ်းပျော်ပါတယ်... ဗဲရီးဟက်ပီး