Chapter 6
နှင်းဆီတွေက လှတယ်
အချိန်များက တစ်ရက်ပြီးတစ်ရက် မြန်မြန် ကုန်ဆုံးသွားခဲ့လေသည်။
ယွီနျန်မှာ သူသဘောထားကြောင့်လား သို့မဟုတ် မုန့်ယွမ်ကပဲ တိုးတိုးတိတ်တိတ် ပြောပြထားသည်ကြောင့်လား မသိရသော်လည်း ထိုနေ့ပြီးနောက် မည်သူကမှ သူ့ကို လာမတားကြတော့ပေ။ သို့သော်လည်း မည်သူနှင့်မှ လည်း သူငယ်ချင်းမဖွဲ့နိုင်သေးပေ။ တစ်ခါတစ်ရံ ဘေးခန်းမှ လေ့ကျင့်ရေးအခန်း သုံးသူများနှင့် ဝင်တိုးမိဖူးသော်လည်း သူတို့က သူ့ကို ကြည့်ရုံသာ ကြည့်ကာ မြန်မြန် ထွက်ပြေးသွားကြလေသည်။
အန်းချောင်က ယွီနျန်ကို တဘက်ဖြူတစ်စ ပစ်ပေးလိုက်ပြီး တံခါးချပ်ကို မှီကာ ရေဘူးကို ဖွင့်၍ တစ်ငုံသောက်လိုက်သည်။ သူက ထောင့်နားပတ်လည်တွင် ပျောက်သွားကာနီး လူတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။
"မင်း စိတ်မကောင်း ဖြစ်နေလား... သူတို့ မင်းကို ပစ်မှတ်ထားပြီး ဖယ်ကြဥ်နေကြတယ်ဆိုတာ ရှင်းနေတာပဲ"
ယွီနျန်က တဘက်ကို ယူကာ လည်ပင်းမှ ချွေးများကို သုတ်လိုက်သည်။ အန်းချောင်၏ အမြင်ကို ကြားသောအခါ ခေါင်းကိုယမ်းကာ ပြုံး၍ပင် ပြန်ဖြေလာခဲ့သည်။ "ကျွန်တော် ဘာကို လိုချင်တယ်... အခု ဘာလုပ်သင့်တယ်ဆိုတာကို သေချာသိပါတယ်"
အန်းချောင်က ခပ်မတ်မတ် ထရပ်လိုက်သည်။
"မင်းက အတော်တော်လေး ခေါင်းရှင်းနေသားပဲ"
ရှင်းယောင်၌ အကဆရာ လုပ်ခဲ့သည်မှာ ခုနစ်နှစ် ရှစ်နှစ် ရှိပြီ ဖြစ်၍ အနုပညာရှင်များစွာကို သင်ကြားပေးခဲ့ဖူးပြီး အချို့က သွေးဆူလွယ်ကာ အချို့က သွေးအေးကြပြီး လူတိုင်း၌ မတူညီသော အတွေ့အကြုံများ ရှိနေသည်။ သို့သော်လည်း ယွီနျန်၏ စိတ်ပိုင်းဆိုင်ရာ သန်မာမှုက လုံးဝ ထိပ်တန်းအဆင့်ဖြစ်ကြောင်း သူ ဝန်ခံရပေမည်။
သူက လက်ဆန့်ကာ ယွီနျန်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
"လူတိုင်းက ကွဲပြားကြပြီးတော့ လုပ်ဆောင်တဲ့ ကိစ္စတွေ တိုင်းမှာလည်း မတူညီတဲ့ နည်းလမ်းတွေ ရှိတယ်... ဒါကြောင့်မို့ မင်းရဲ့ အချိန်နဲ့ ခွန်အားတွေကို ဒီလိုအရှုပ်တွေပေါ် သုံးမနေနဲ့... သေချာကြိုးစားပြီး ကောင်းကောင်းလေ့ကျင့်... မင်းက ကောင်းကင်ထိ တက်လှမ်းသွားရမှာ"
မျက်လုံးထောင့်ကို လက်ဖြင့် ညွှန်ပြရင်းဖြင့် အန်းချောင်က ခိုင်ခိုင်မာမာ ပြောလိုက်သည်။
"မင်းရဲ့ ဆရာအန်းက အမြင် အရမ်းကောင်းတာနော်"
ယွီနျန်က စိုထိုင်းနေသော အဖြူရောင် တဘက်စကို အနည်းငယ် ညှစ်ချကာ မျက်လုံးထဲ၌ အပြုံးရိပ်လေးများ ပေါ်ထွန်း၍လာလေသည်။ "ဒါဆိုလည်း ကျွန်တော် ဆရာ့ရဲ့ မင်္ဂလာစကားတွေကို ငှားရမ်းပါရစေ"
နေ့လည်ပိုင်း အတန်းပြီးသွားသောအခါ ရှစ်ရော့ ဝင်လာပြီး မုန့်ယွမ်က ယွီနျန်အား ရုံးခန်းသို့ လာခိုင်းလိုက်ကြောင်း ပြောလာခဲ့သည်။
"အစည်းအဝေးလေးရယ်ပါ... အစ်ကိုမုန့်က နေ့လည်စာအတွက် ဟိုတယ်ကနေ မှာထားတယ်"
ယွီနျန်က ခေါင်းငြိမ့်ပြလိုက်ပြီး လက်ထဲတွင် သောက်လက်စ ရေဘူးကို သယ်၍ ဓါတ်လှေကား စီးကာ 42ထပ်ရှိ မုန့်ယွမ်၏ ရုံးခန်းသို့ သွားလိုက်လေသည်။
ရုံးခန်းတံခါး ပွင့်သည်နှင့် အစားအသောက်အနံ့လေးဖြင့် ဆွဲဆောင်ခံလိုက်ရလေသည်။ ယွီနျန် ယဥ်ကျေး မနေတော့ဘဲ နှုတ်ဆက်ကာ စားရန်အတွက် ဝင်ထိုင်လိုက်သည်။ တစ်မနက်ခင်းလုံး လေ့ကျင့်နေခဲ့ရသဖြင့် သူအမှန်ပင် ဗိုက်ဆာနေလေပြီ။
မုန့်ယွမ်ကလည်း ယွီနျန် သူ့အပေါ် တရိုတသေ လုပ်မနေတော့သည်ကို အတော်လေး သဘောကျနေသည်။ သူက လက်ထဲမှ ဖုန်းကို ထုတ်၍ အဓိကအချက်ကိုသာ တန်းပြောလိုက်သည်။
"ဒီနေ့ မင်းရဲ့ အပြင်ပိုင်း ပုံရိပ်အကြောင်း အဓိက ပြောမလို့"
ယွီနျန်က စကားပြောသည့်အခါ အလေ့အကျင့်အတိုင်း တူများကို ချထားလိုက်သည်။
"ဆုံးဖြတ်ပြီးသွားပြီလား" ထိုအကြောင်းကို လွန်ခဲ့သည်နှစ်ရက်က မုန့်ယွမ် ပြောထားဖူးသည်ကို ကြားခဲ့ရဖူးသည်။ သူက အပြင်ပိုင်း ပုံရိပ်အား ဖန်တီးရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
"ဟုတ်တယ်" မုန့်ယွမ်က ယွီနျန်ကို အစုန်အဆန် ကြည့်လိုက်သည်။ လဝက်နီးပါး အကကျင့်ပြီးနောက် တစ်ချိန်က လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည့် ကိုယ်လုံးကိုယ်ပေါက်မှာ ပို၍ပင် မျက်စိဖမ်းစားဖွယ် ဖြစ်လာခဲ့သည်။ သူက နောက်တစ်ချိန်တွင် အလင်းရောင်များ အောက်၌ ရပ်နေပြီး ဓါတ်ပုံများကို စတင်ရိုက်ကူးတော့မည့်အလား အဖြူရောင် စစ်စစ် ချည်သား တီရှပ်ကို ဝတ်ဆင်ထားလေသည်။
မုန့်ယွမ်က သာမန်ကာလျှံကာ မေးလိုက်သည်။
"မင်းရဲ့ တီရှပ် ဘယ်လောက်ကျလဲ"
ယွီနျန်က သူ့အဝတ်များကို ဆွဲဆန့်လိုက်သည်။ "ဒါလား... ဒါကို 19ယွမ်နဲ့ ဝယ်ခဲ့တာလေ... အထူးစျေးဆိုတော့ ဝတ်ဖို့ တစ်ဒါဇင်လောက် ဝယ်လာခဲ့တာ"
မုန့်ယွမ်: “…..”
နောက်ဆုံးတစ်ခေါက် ယွီနျန် သူ့အတွက် လစာကြိုပေးရန် ပြောခဲ့စဥ်က မုန့်ယွမ်မှာ ယွီနျန် မချမ်းသာမှန်း သိနေသော်လည်း အတော်လေး အခြေအနေ ဆိုးနေမည်ဟု မထင်ထားခဲ့ပေ။
မုန့်ယွမ်က စားပွဲခုံကို ဖုန်းထောင့်ဖြင့် ခေါက်နေရင်း ယွီနျန်၏ ပုံရိပ်အပေါ် သူဆုံးဖြတ်ထားခဲ့သည်က မှန်ကန်ပါ့မလားဟု သံသယ စဝင်လာလေတော့သည်။
သို့သော်ငြား ယွီနျန်၏ အသွင်အပြင်နှင့် စိတ်နေစိတ်ထားကို ပြန်ကြည့်လိုက်မိသောအခါ ထပ်ပြီး တွန့်ဆုတ်မနေတော့ပေ။
"ငါတို့ မင်းကို ပြင်ပကမ္ဘာကြီးအတွက် 'အထက်တန်းလွှာ မင်းသား' လေးတစ်ယောက်ရဲ့ ပုံရိပ်ပြဖို့ ဆုံးဖြတ်ထားတယ်"
ယွီနျန်က အသေအချာ နားထောင်နေခဲ့သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း အဲ့ဒီလမ်းကြောင်းကို မလျှောက်ခဲ့တဲ့သူ မရှိတာ မဟုတ်ပေမယ့် မအောင်မြင်ခဲ့ကြတာပဲ... ငါ့အမြင်မှာ တော့ 'အထက်တန်းလွှာ မင်းသားလေး' တစ်ယောက်ရဲ့ ပုံရိပ်ကို ကောင်းကောင်း သရုပ်ဆောင်နိုင်သရွေ့ အရမ်း အကျိုးအမြတ် ရနိုင်တယ်... ဖန်တွေကို ဆွဲဆောင်နိုင်တဲ့ အမြန်နှုန်းပဲ ဖြစ်ဖြစ် အနာဂါတ်မှာ ရလာမဲ့ ကြော်ငြာတွေရဲ့ အဆင့်ပဲ ဖြစ်ဖြစ် အရည်အသွေးရှိရှိ ကွဲပြားသွားမှာပဲ"
မုန့်ယွမ်က ယွီနျန်၏ အစားအသောက် အလေ့အကျင့်ကို အသေးစိတ် အချက်သေးသေးလေးကအစ စိုက်ကြည့်လိုက်ပြီးနောက် ကြည့်မိလေလေ ပို၍ စိတ်တိုင်းကျလာလေလေ ဖြစ်သေည်။
"မင်းရဲ့ အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်ထားတယ်လို့လည်း ပြောရမယ်... မင်းကောင်းကောင်း လုပ်နိုင်တယ်... ဒီဇာတ်ကောင်ပုံစံက သေချာပေါက် အောင်မြင်လိမ့်မယ်"
ယွီနျန်က လက်ထဲမှ ဇွန်းကို ချလိုက်သောအခါ ဇွန်း၏ လက်ကိုင်က ပန်းကန်လုံးအစွန်းနှင့် ထိသွားသော်လည်း အသံမြည်မသွားပေ။ သူ ခေါင်းငြိမ့်ပြလိုက်သည်။ "ကျွန်တော် အစ်ကိုမုန့်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်ပါတယ်... ဒါကြောင့် နောက်ဆို ကျွန်တော် ဘာတွေ လုပ်ဖို့ လိုလဲ"
မုန့်ယွမ်က သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။ "လက်ရှိပုံစံအတိုင်းပဲ ဆက်ထိန်းထား... မင်းက လူတွေကို အလွယ်တကူ လှည့်စားနိုင်တယ်" သူ သက်ပြင်းချလိုက်သည်။ "မင်းဝတ်ထားတဲ့ တီရှပ်အကြောင်း ပြောရအောင်... ကြည့်လေ... တီရှပ်က အနည်းဆုံး 999ယွမ်လောက် တန်တဲ့ပုံပေါ်တယ်"
ယွီနျန်၏ မျက်လုံးများ၌ အပြုံးရိပ်လေးများ စွန်းထင်းသွားလေသည်။ "အဲ့အချိန်တုန်းက တီရှပ်ကို တစ်ဒါဇင် ဝယ်ခဲ့တာ... အားလုံးပေါင်း ဆယ့်နှစ်ထည်အပြင် ဘောစ့်ကလည်း လျှော့စျေးနဲ့ ပေးလိုက်သေးတာလေ... တွက်ကြည့်လိုက်ပြီးတော့ တစ်ထည်ကို 16ယွမ်ပဲ ကျတော့တယ်... 999ယွမ်ဆို နောက်ထပ် အထည်ခြောက်ဆယ်လောက် ဝယ်နိုင်လောက်တယ်"
ထိုအခိုက်မှာပင် မုန့်ယွမ်မှာ ထိုလူက သူတွေးထားသော ပုံရိပ်နှင့် ကိုက်မှ ကိုက်ပါ့မည်လားဟု စတင် တွေဝေလာရပြန်သည်။
ဘယ် အထက်တန်းလွှာ သခင်လေးတစ်ယောက်က 16ယွမ်ပဲကျတဲ့ တီရှပ်ကို ဝတ်မှာတဲ့လဲ...
လမ်းကြောင်းကို ချမှတ်ပြီးသည်နှင့် ဦးတည်ရာကလည်း ရှင်းလင်းသွားလေသည်။ 'သဘာဝရဲ့ သံစဥ်' ရိုက်ကူးရေးကလည်း စတင်ပေတော့မည်။ မုန့်ယွမ်က သူ့အဖွဲ့ကို ဆွဲထုတ်ကာ ယွီနျန်အား မည်သို့ မိတ်ဆက်ရမည်ကို စတင် အစီအစဥ် ဆွဲကြလေတော့သည်။ တစ်ဖက်တွင် ယွီနျန်၌ လုပ်စရာ မရှိသဖြင့် ယခင်အချိန်ဇယားနောက်သာ လိုက်ပြီး အတန်းများကို နေ့တိုင်း အချိန်မှန် သွားတက်နေခဲ့သည်။
မကြာမီပင် သြဂုတ်လသို့ ရောက်ရှိလာခဲ့သည်။
ယွီနျန်က ချိန်းဆိုထားသော အချိန်တွင် စတူဒီယို၏ အဝင်ဝသို့ ရောက်ရှိလာခဲ့ပြီး ဟယ်ချိုးပိုင်၏ လက်ထောက်လေး လမ်းပြမှုဖြင့် အထဲသို့ ဝင်လာခဲ့သည်။ ဟယ်ချိုးပိုင်က ကြေမွနေသာ အကွက်ရှပ်တစ်ထည် ဝတ်ထားပြီး လက်ထဲ၌ ရေဘူးတစ်ဘူး ကိုင်ထားသည်။ ယွီနျန်နှင့် ယွမ်မုန့်တို့ ဝင်လာသည်ကို တွေ့သောအခါ သူ့ဘေးမှလူကို စကားအချို့ ပြောလိုက်သည်။
သူတို့ သုံးယောက်သား စင်မြင့်နောက်ကွယ်မှ နားနေခန်းသို့ သွားခဲ့ကြပြီး တံခါးပိတ်ထားလိုက်သည်။ ဆူညံနေသော အသံများကို ဖြတ်ချလိုက်ပြီးသွားသောအခါ အခန်းက တိတ်ဆိတ်သွားလေသည်။
ဟယ်ချိုးပိုင်က ပုံရိပ်ကို ဂရုမစိုက်အားတော့ဘဲ ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး အသံကလည်း အက်ကွဲနေသည်။ "ဒီသောက်ကျိုးနဲ ရက်တွေမှာ ငါကောင်းကောင်းကို မအိပ်ရသေးဘူး... ငါတွေ့သမျှ လူတိုင်းကို လိုက်ငေါက်နေချင်တော့တာ"
မုန့်ယွမ်က ယွီနျန်ကိုဆို ဖာသို့ ခေါ်လာပြီးနောက် မျက်ခုံးပင့်မိသွားသည်။ "အရမ်း ဒေါသထွက်နေတာလား... ဒီဖေကြီးကို လာပြောပြလေ"
ဟယ်ချိုးပိုင်က ဘေးမှ စာရွက်ဖြင့် မုန့်ယွမ်ကို ပစ်ပေါက်လိုက်ပြီး ပြုံးရယ်လျက် ကြိမ်းမောင်းလိုက်သည်။ "အရူးလို လုပ်မနေစမ်းနဲ့... ငါ့အဖေ ဖြစ်ချင်နေတယ်ပေါ့လေ... အသက်ပျောက်ချင်နေတာလား" မုန့်ယွမ်ကို ထိုသို့ ဆူပူလိုက်ပြီးနောက် အနည်းငယ် စိတ်သက်သာသွားလေသည်။ ခါးကို မတ်မတ် ထိုင်ကာ ယွီနျန်ကို ပြုံး၍ ကြည့်လာခဲ့သည်။ "မင်း 'သဘာဝရဲ့ သံစဥ်' အကြောင်း ဘယ်လောက် သိထားလဲ"
ယွီနျန်က မြန်မြန် ပြန်ဖြေလိုက်သည်။ "အပိုင်း ရှစ်ပိုင်း ရိုက်ကူးမှာ ဖြစ်ပြီးတော့ ပထမဆုံးအပိုင်း ခုနစ်ပိုင်းက ထုတ်ပယ်တဲ့ အလှည့်တွေပါ... နောက်ဆုံးတစ်ခုက အဆုံးမှာ ကျန်နေခဲ့တဲ့ သူတွေကို အဆင့်သတ်မှတ်ပေးမှာပါ... ပထမဆုံး အလှည့်မှာ လူငါးယောက်က စင်ပေါ် တက်လာပြီးတော့ ကြည့်ရှုသူတွေနဲ့ ဒိုင်ဆီကနေ အမှတ်အနည်းဆုံး ရတဲ့သူက ထုတ်ပယ်ခံရမှာပါ... ကျန်တဲ့ လေးယောက်က နောက်ထပ် တစ်လှည့်ကို ထပ်ဖြည့်ထားတဲ့လူတွေနဲ့ ဝင်သွားပြီးတော့ ပုံစံတူပဲ ဆက်သွားမှာပါ"
ဟယ်ချိုးပိုင်က လက်ထဲမှ ရေဘူးကို အဖုံးဖွင့်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ "ဟုတ်တယ်... 'သဘာဝရဲ့သံစဥ်'ရဲ့ အဓိက ပြချင်တဲ့ အချက်က ပြိုင်ပွဲဝင်တွေအားလုံးက အချိန်အကြာကြီးကတည်းက ပွဲဦးမထွက်ရသေးတဲ့ အဆိုတော်တွေ ဒါမှမဟုတ် မျက်နှာသစ်ဖြစ်နေတဲ့ မင်းလို လူသစ်စစ်စစ်တွေချည်းပဲ... ဒုတိယတစ်ချက်က အလှည့်တစ်လှည့်တိုင်းမှာ လူတစ်ယောက် ထုတ်ပယ်မှာ...လူလှည့်တာတော့ အရမ်းမြန်မှာ... လူသစ်တွေနဲ့ အမြဲတမ်း တွေ့နေရမှာ.... ဒါပေမယ့် အစကတည်းက ကျန်နေနိုင်တဲ့သူတွေကို ပရိတ်သတ်တွေက သေချာပေါက် မှတ်မိနေကြမှာပဲ"
သူက တစ်ဝက်ကျန်နေသေးသည့် ရေဘူးကို စားပွဲပေါ်သို့ တင်လိုက်ပြီး ယွီနျန်ကို ကြည့်လိုက်သည်။ "အဆုံးထိ ကျန်နေနိုင်ဖို့ ယုံကြည်ချက်ရှိလား"
ယွီနျန်က နှိမ့်ချမနေပေ။ အမူအယာများက ခိုင်မာနေပြီး မျက်လုံးများကလည်း အလင်းရောင်များ ပြည့်နေပုံပေါ်သည်။ "ဟုတ်"
ဟယ်ချိုးပိုင်က လက်ဖဝါးများကို ပွတ်လိုက်ပြီး ရယ်မောလိုက်သည်။ "ကောင်းပြီလေ... ရည်မှန်းချက် ရှိတာကောင်းတယ်... လောင်မုန့်နဲ့ ငါ မင်းကို စောင့်ကြည့်နေမယ်"
တရားဝင် ရိုက်ကူးရေးက နောက်ရက်တွင် စတင်မည် ဖြစ်သည်။ လှည့်ပတ်ကြည့်ရှူရင်း စတူဒီယိုနှင့် ရင်းနှီးအောင် လုပ်ဆောင်ပြီးနောက် မုန့်ယွမ်က ယွီနျန် စိတ်လှုပ်ရှားနေမည်ကို စိုးရိမ်သဖြင့် ထမင်းတစ်နပ် ဖိတ်ကျွေးလိုက်သည်။
ကားကို မြို့အနောက်ဘက်ထံ မောင်းနှင်လာသောအခါ ကောင်းကင်ကြီးက တဖြည်းဖြည်း မဲမှောင်လာခဲ့လေသည်။ ကျဥ်းမြောင်းသော ကျောက်ခင်းလမ်းလေးကို မောင်းလာခဲ့သောအခါ နှစ်ဖက်လုံးမှ လမ်းမီးများက မှိန်ဖျော့နေသဖြင့် မုန့်ယွမ်က အရှိန်လျှော့ချလိုက်သည်။
ယွီနျန် ကားပြတင်း အပြင်ဘက်သို့ ကြည့်နေသည်ကို မြင်သောအခါ မုန့်ယွမ်က သူ့အကြည့်အတိုင်းလိုက်ကာ အပြင်ကို တစ်ချက်ကြည့်လိုက်သည်။
"မင်းဒီဘက်ကို သိပ်မရောက်ဖြစ်ဘူးမလား... ငါတို့အခု ချင်းရှီလမ်းမှာ ရောက်နေတာလေ... ခုနက ဖြတ်သွားတာက 'စီနျင် အိမ်တော်တဲ့... အိမ်တော်ဟောင်းကြီး တစ်ခုပဲ... ကြည့်ရတာ အခုထိ လူတွေ နေတုန်းထင်တယ်... ပြောကြတာကတော့ အိမ်တော်သခင်က..."
“ချင်းရှန်းရဲ့ ယွီမိသားစု"
"ဟုတ်သားပဲ... တိုက်ဆိုင်လိုက်တာနော်... မင်းနဲ့ မျိုးရိုးအမည် တူတူပဲ"
မုန့်ယွမ်က ရှေ့မှ မှောင်မဲနေသော လမ်းကို သေချာကြည့်ကာ မှတ်ချက်ပြုလိုက်သည်။
"ဒီနေရာမှာ တိတ်ဆိတ်နေတာပဲ... ကားတွေလည်း အများကြီး မရှိဘူး... ဒါပေမယ့် လူစည်တဲ့ မြို့လယ်ကို ရောက်ဖို့ တစ်နာရီလောက် သွားရမယ်"
“ဟုတ်တယ်... တော်တော်လေး အဆင်မပြေဘူး"
ယွီနျန်က ရုံးဆင်း ရုံးတက်ချိန်များအတွင်း ယာဥ်ကြောပိတ်ပါက လမ်းပေါ်တွင် နှစ်နာရီနီးပါး ကြာသွားနိုင်သဖြင့် အပြင်ထွက်ရန်အတွက် စောစောထရန် လိုကြောင်း စိတ်ထဲတွင် ထပ်ဖြည့်ပြောမိသွားသည်။
လမ်းက ပိုပို၍ ကျဥ်းမြောင်းလာပြီး မိနစ်များစွာအကြာတွင် မုန့်ယွမ် ရပ်သွားလေသည်။
"ရောက်ပြီ... ဒီနေ့ မင်းရဲ့ အစ်ကိုမုန့်က မင်းကို အားပေးဖို့ သီးသန့်စားသောက်ဆိုင်မှာ စားဖို့ ခေါ်သွားပေးမယ်"
ယွီနျန်က ကားထဲမှ ထွက်လာပြီး အပြာရောင်ကျောက်ခင်းလမ်းပေါ်တွင် ရပ်ကာ ခြေလက်များကို လှုပ်ရှားလိုက်ရင်း လှည့်ပတ်ကြည့်လိုက်သည်။ မုန့်ယွမ်ပြောသော သီးသန့်စားသောက်ဆိုင်က ခေတ်ဟောင်းပုံစံ ပြင်ဆင်ထားသော အိမ်တစ်လုံး ဖြစ်သည်။ ဝင်ပေါက်ကို ဖြတ်လာသောအခါ တံတားခုံးလေးတစ်ခု ရှိနေပြီး ကြာပန်းအချိူ့က ရေပေါ်တွင် ပေါလောပေါ်နေလေသည်။
မုန့်ယွမ်က ရှေ့မှ လျှောက်လာပြီး လမ်းပြလာခဲ့သည်။ "ဒီစားသောက်ဆိုင်ရဲ့ အစားအသောက်တွေက အရမ်းကောင်းတယ်... ဒါပေမယ့် ဝေးလွန်းပြီး ရှာရခက်သေးတယ်... ကြော်ငြာလည်း မလုပ်ထားဘူး... ဒါကြောင့်မို့ တဆင့်စကား တဆင့်နားနဲ့ ကြားရတာပဲ"
လမ်းလျှောက်လာလေလေ သစ်ပင်ပန်းပင်များက ပို၍ ပေါများလာလေ ဖြစ်သည်။ လမ်းလေးက ထောင့်သို့ ချိုးလိုက်သည့်အခါ ယွီနျန် ခေါင်းငုံ့၍ နှင်းဆီပန်းချုံတစ်ချုံကို ဖြတ်သွားခဲ့ရသည်။ ရုတ်တရက်ပင် သူ့နောက်ပါးမှ အကြည့်စူးစူးတစ်ချက်ကို ခံစားလိုက်ရလေသည်။ သူရပ်၍ လှည့်ကြည့်လိုက်ရာ မနီးမဝေးတွင် ရပ်နေပြီး သူ့ကို စူးစူးစိုက်စိုက် ကြည့်နေသည့် ရွှယ်ယုံကို တွေ့လိုက်ရသည်။
ယွီနျန်က အမှတ်တမဲ့ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ရွှယ်ယုံလား"
ရွှယ်ယုံက တစ်ခုခုကို တုံ့ဆိုင်းနေသည့်အလား ထိုနေရာမှာသာ စက္ကန့်အနည်းငယ်လောက် ရပ်နေလေသည်။ ထို့နောက်တွင် ခြေတံရှည်များဖြင့် ယွီနျန်ထံသို့ ရောက်လာပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ "မလှုပ်နဲ့"
ယွီနျန်ကလည်း မလှုပ်ဘဲ သူ့ကို မော့ကြည့်လာခဲ့သည်။
ရွှယ်ယုံက လက်ကို မြှောက်ကာ ယွီနျန်၏ ဆံပင်ထက်မှ ပန်းရောင်ဖျော့ဖျော့ နှင်းဆီပွင့်ဖတ် နှစ်ခုကို ဖယ်ပေးလိုက်သည်။ သူ့လက်ချောင်းများက အမှတ်တမဲ့ တွန့်ကွေးသွားလေသည်။ ဆံပင်လေးက နူးညံ့လိုက်တာ...
ယွီနျန်က သူ့လက်ထဲမှ နှင်းဆီပွင့်ချပ်များကို တွေ့သောအခါ ပြုံးပြလိုက်လေသည်။ "ကျေးဇူးပါ" ထို့နောက် သူမေးလိုက်သည်။ "ခင်ဗျားလည်း ဒီကို လာစားတာလား"
ရွှယ်ယုံက နှင်းဆီပွင့်ချပ်များကို ဖျစ်ညှစ်လိုက်ပြီး လက်ကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။ "ဟုတ်တယ်... သူငယ်ချင်းတွေနဲ့"
"ကျွန်တော်ရောပဲ... အေးဂျင့်နဲ့ အတူတူ လာစားတာလေ" ယွီနျန်က ခြေတစ်လှမ်း ဆုတ်ကာ သွက်သွက်လက်လက် ပြောလိုက်သည်၊
"ဒါဆို ခင်ဗျားကို မနှောက်ယှက်တော့ဘူးလေ... ခင်ဗျားတို့ သူငယ်ချင်းတွေ ပျော်စရာ ကောင်းတဲ့ ထမင်းတစ်နပ် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်...
ရွှယ်ယုံက ယွီနျန်ကို ငုံ့ကြည့်လိုက်ပြီး ငြင်ငြင်သာသာ ပြန်ဖြေလိုက်သည်။ "အင်း"
ယွီနျန်မှာ တစ်ဖက်လူက ရုတ်တရက် မပျော်မရွှင် ဖြစ်သွားသည်ဟု ခံစားမိသွားသည်။ သို့သော်လည်း ရွှယ်ယုံ၏ အမူအယာ မပြောင်းလဲမသွားသည်ကို တွေ့သောအခါ... သူ အထင်မှားတာများလား...
ယွီနျန်၏ ကျောပြင်လေး ပျောက်ကွယ်သွားသည်အထိ ရွှယ်ယုံက နေရာမှာပင် ရပ်နေပြီး မလှုပ်မိပေ။ မကြာမီ ချူရှောင်းရန်၏ အသံ ထွက်ပေါ်လာလေသည်၊
"တံခါးနားက နောက်ဆုံး ကားရပ်တဲ့နေရာလည်း ပြည့်သွားပြီကွ... ဒါကြောင့်မို့ လမ်းမှာပဲ ရပ်ထားလိုက်ရတာ... မင်းဘာတွေ စောင့်နေ..." ထိုအသံက လည်ချောင်းထဲတွင်သာ တန့်သွားလေသည်။ သူ ရွှယ်ယုံကို ထိတ်လန့်မှုတို့ဖြင့် ကြည့်လိုက်မိသည်။
"မင်း... မင်း... မင်းပြုံးနေတာလား"
ရွှယ်ယုံက နှုတ်ခမ်းထောင့်စွန်းမှ အပြုံးလေးတစ်ခုကို သတိလက်လွတ် ထုတ်မိသွားပြီးနောက် ပုံမှန်အတိုင်း ထူးမခြားနား အမူအယာသို့ ပြန်ရောက်သွားလေသည်။ "မင်း အမြင်မှားနေတာ"
ချူရှောင်းရန်က ထိတ်လန့်နေဆဲ ဖြစ်သည်။ "ငါလည်း အမြင်မှားတာလို့ တွေးနေတာပဲ... အမြင်မှားတာပဲ ဖြစ်ရမယ်" သူ့ခေါင်းကို စောင်းကာ ရွှယ်ယုံ၏ မျက်နှာအမူအယာကို ဂရုတစိုက် ကြည့်ရှုလိုက်ပြီး အတည်ပြုလိုက်သည်။
"ဒါပေမယ့် မင်းကြည့်ရတာ စိတ်ကောင်းဝင်နေသလိုပဲ... သေချာပေါက် ငါမှားမြင်တာ မဟုတ်ဘူး... ငါ ကားသွားရပ်နေတုန်း ဘာကိစ္စကောင်းလေးတွေ ဖြစ်သွားတာလဲ"
ရွှယ်ယုံ၏ မျက်လုံးများက မြေပေါ်သို့ နှင်းဆီပွင့်ချပ်များ ကျဆင်းနေသည့် ဒုတ္တာပြာ လမ်းလေးပေါ်တွင် ကျရောက်သွားသည်။ စက္ကန့်အနည်းငယ်အကြာ သူပြန်ဖြေလိုက်သည်။ "နှင်းဆီတွေ အရမ်းလှတယ်"
ချူရှောင်းရန်က လမ်းတစ်ဖက်မှ နှင်းဆီပန်းများကို ကြည့်ကာ တွေးတောနေလေသည်။
ပန်းရောင်နဲ့ အဖြူရောင်... အဲ့လောက်လည်း ကြည့်မကောင်းပါဘူး...