အပိုင်း ၇
Viewers 10k

Chapter 7

စိတ်အခြေအနေ မကောင်းဘူးလား



ယွီနျန်က မုန့်ယွမ်နောက်မှတဆင့် အလုံပိတ် အခန်းလေးထဲသို့ ဝင်လာခဲ့သည်။ ပြတင်းပေါက် အပြင်ဘက်မှ သစ်ပင်ပန်းမန်များက ကျိုးတို့ကျဲတဲ တွေ့မြင်နေရပြီး လမ်းမီးတိုင်ကြောင့် သစ်ကိုင်းများနှင့် သစ်ရွက်တို့က နှင်းကဲ့သို့ ဖြူဆွတ်နေသော နံရံပေါ်တွင် စုတ်ချက်ဆွဲထားသလို ဖြစ်နေပေသည်။


မုန့်ယွမ်က စုတ်တံဖြင့် ရေးထားသော မီနူးကတ်ကို လှမ်းယူကာ ယွီနျန်ကို ကမ်းပေးလိုက်သည်။


 "ဒီတလောအတွင်း အတန်းတွေမှာ သေချာကြိုးစားခဲ့တယ်... မင်းစားချင်သမျှမှာလိုက်... မစိုးရိမ်နဲ့... ဒီလောက်နဲ့ မင်းရဲ့ အစ်ကိုမုန့်က ဆင်းရဲမသွားဘူး"


ယွီနျန်က မီနူးကတ်ကို ယူလိုက်ပြီးနောက် ယဥ်ကျေးမနေတော့ဘဲ အသားတစ်ခွက်နှင့် အသီးအရွက် ဟင်းနှစ်ခွက် မှာလိုက်သည်။ မုန့်ယွမ်က နောက်ထပ် အသားဟင်းတစ်ခွက် ၊ အသီးအရွက်ဟင်းတစ်ခွက်နှင့် စွပ်ပြုတ်တစ်ပွဲ ထပ်ဖြည့်လိုက်ပြီးနောက် စားပွဲပေါ်တွင် ထားထားသည့် ကြေးခေါင်းလောင်းလေးကို တီးလိုက်သည်။ ပန်းထိုးထားသည့် အပြာရင့်ရောင် ချုံးဆမ်း ဝတ်စုံ ဝတ်ထားသည့် စားပွဲထိုးမလေး နှစ်ယောက်က တံခါးကို ဖွင့်ကာ ဝင်လာပြီး မီနူးစာရွက်ကို ယူသွားလေသည်။

(T/N ချုံးဆမ်းက တရုတ်ရိုးရာ ကိုယ်ကျပ် လည်ထောင်အင်္ကျီပါ... ကွမ်းတုံလို ချုံးဆမ်းလို့ ခေါ်ပြီး မန်ဒရင်းလို ချီဖောင်လို့ ခေါ်ပါတယ်)


မုန့်ယွမ်က အစားအသောက်များကို စောင့်နေရင်း အချိန် မဖြုန်းချင်ပေ။ 


"ငါတို့ အခု အားပြီ ဆိုတော့ မနက်ဖြန် မင်းနဲ့ အတူ အသံသွင်းမဲ့ လူလေးယောက်အကြောင်း ပြောပြမယ်... ကိုယ့်အကြောင်းကိုသိပြီး ရန်သူ့အကြောင်းလည်း သိမှ စစ်ပွဲတစ်ထောင်မှာ တစ်ထောင်လုံး အောင်နိူင်မယ်"


ယွီနျန်က ပန်းပွင့် လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ပြုံးလျက် ပြောလိုက်သည်။ "ကျွန်တော်လည်း မေးတော့မလို့"


မုန့်ယွမ်က ဆိုသည်။ " 'သဘာဝရဲ့ သံစဥ်'ရဲ့ လျှို့ဝှက် အလုပ်တွေက အရမ်းကောင်းတာ... ရှိုးကို ကြိုပြီးကြော်ငြာဖို့ ပိုက်ဆံတွေ အများကြီး သုံးထားပေမယ့် ပြိုင်ပွဲမှာ ဘယ်သူတွေ ပါမလဲဆိုတာ ဘယ်တုန်းကမှ မပြောဖူးဘူး... ပါဝင်မဲ့ အဆိုတော်တွေကိုလည်း ကြိုပြီး ပြောပြထားလေ့မရှိဘူး... ဒါကြောင့်ပဲ လူသစ်အများစုက ကျော်ကြားမှုလှိုင်းကို ဖန်တီးဖို့ အရမ်း တက်ကြွနေကြတာ... ပြီးတော့ ဒီနည်းနဲ့ပဲ ရှိုးကို ကျော်ကြားအောင် လုပ်ပေးလိမ့်မယ်" 


ယွီနျန်က ဝါးစိမ်းဖြင့် လုပ်ထားသော ခွက်ကို ကိုင်၍ သိချင်စိတ်များ ဖြစ်လာရသည်။ 


"ဒါဆို အစ်ကိုမုန့် ဘယ်လိုသိလာတာလဲ"


“အဲ့လောက်ထိ ရိုးရှင်းပါ့မလား... ငါ စာရင်းကို လောင်ဟယ်စီကနေ ဂုဏ်သိက္ခါရှိရှိ ကြည့်ခဲ့တာပါကွ" မုန့်ယွမ်က ယုံကြည်မှု ရှိရှိ ဆိုကာ ရယ်မောလိုက်လေသည်။


 "ငါပြောပြမယ်... တစ်ယောက်က ကျောက်ရော့တဲ့... လွန်ခဲ့တဲ့နှစ်လက အိုင်ဒေါ ဒရာမာတစ်ခုမှာ အပိတ်သီချင်းဆိုတဲ့သူပဲ... အသံက ချိုပေမယ့် အဆိုအရည်အချင်းကတော့ သာမန်ပဲ..."


"ဒုတိယတစ်ယောက်က ရှုရွှမ်း... အသစ်ဖွဲ့ထားတဲ့ မိန်းကလေးအဖွဲ့တစ်ခုက ဆိုနိုင်ကနိုင်တဲ့သူ... အဖွဲ့ထဲမှာ နာမည်အကြီးဆုံးလို့ သတ်မှတ်လို့ရတယ်... ဒီတစ်ကြိမ် 'သဘာဝရဲ့ သံစဥ်'မှာ ပါရင် သူ(မ)က ကိုယ်ပိုင်အင်အားကို သုံးပြီး ကျော်ကြားမှု လှိုင်းအသစ်ကို ဖန်တီးလိမ့်မယ်"


မုန့်ယွမ်က မှတ်ချက်ပြုလိုက်သည်။ 'ဒီမိန်းကလေး အဆိုတော် နှစ်ယောက်ကို နှိုင်းယှဥ်လိုက်ရင် ကျောက်ရော့က နည်းနည်း ပိုအားနည်းတယ်... ပြီးတော့ ယောကျ်ားလေး အဆိုတော် သုံးယောက်က မင်း၊ ဖန်ဟွိုက်နဲ့ ရှားမင်ရှီတို့ပဲ"


ယွီနျန်က ဖြေလိုက်သည်။ "ကျွန်တော် ဖန်ဟွိုက်ကို သိတယ်... သူ အရင်က သီချင်းတစ်ပုဒ် ထုတ်ထားဖူးတယ်... အစ်မရော့ရော့က လတ်တလောမှာ ပွဲဦးထွက်ထားတဲ့ အဆိုတော်အသစ်တွေအကြောင်း ကူရှာပေးထားတာလေ"


"သူ(မ)က အာရုံစိုက်ထားတာပဲ" မုန့်ယွမ်က စားပွဲကို လက်ဖြင့် ခေါက်ကာ ဆက်ပြောလိုက်သည်။ "ဒါပေမယ့် ငါ ဖန်ဟွိုက်ကို တကယ် ဂရုမစိုက်ဘူး... သူက ရှက်တတ်ပြီး နွေးထွေးတတ်တဲ့သူပဲ... သူ့ပုံရိပ်၊ စိတ်နေစိတ်ထားနဲ့ သန်မာမှုကို သာမန်လောက်ပဲလို့ ကောက်ချက်ချနိုင်မယ်"


ယွီနျန်က နှုတ်ခမ်းထောင့်စွန်းလေးကို ပင့်ကာ ပြုံးပြလာခဲ့သည်။ "ဒါဆို အစ်ကို စိုးရိမ်နေတာ ရှားမင်ရှီပေါ့"


"သူပဲ" မုန့်ယွမ်က သက်ပြင်းချလိုက်သည်။ 


"ရှားမင်ရှီကို ငွေဇွန်းကိုက်ပြီး မွေးလာတာလို့ ပြောလို့ ရတယ်... သူ့အဖေက ရှားယွမ်လို့ ခေါ်ပြီး သူ့အမေ နာမည်က ကျန်းလန်လေ... ဆယ်စုနှစ်တွေ အများကြီး အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်နဲ့ သရုပ်ဆောင်မင်းသမီးပေါ့... သူက သူတို့ရဲ့ တစ်ဦးတည်းသောသားလေ... သူ့ရဲ့ ဘိုးဘွားပိုင် ပရိတ်သတ်တွေက ရှိနေပြီးသား... သူ ပွဲဦးထွက်မှာကို စောင့်နေကြတာ... သူ့ကို ငါနှစ်ခါ တွေ့ဖူးပြီးပြီ... သူ့မိဘတွေဆီက ကောင်းတဲ့အချက်တွေ အကုန်ရထားတဲ့ သူပဲ... မင်းလိုပဲ... မျက်နှာလေးနဲ့ လုပ်စားရင်တောင် အောင်မြင်လာနိုင်မဲ့သူမျိုး"


ယွီနျန်က သူ့မျက်နှာကိုထိကာ အပြုံးလေးတစ်ခုဖြင့် အသားပေး၍ ပြောလိုက်သည်။ "အစ်ကိုမုန့်... ကျွန်တော်က အရည်အချင်းပေါ်မှာပဲ မှီခိုမဲ့သူဆိုတာ အသိသာကြီးပါနော်"


မုန့်ယွမ်ကလည်း ရယ်မောလိုက်သည်။ "ဟုတ်တာပေါ့... ဟုတ်တာပေါ့... မင်းက မျက်နှာနဲ့ လုပ်စားလို့ရပေမယ့် အရည်အချင်းနဲ့ လုပ်နိုင်စွမ်းတွေအပေါ်မှာလည်း မှီခိုရဦးမှာပါ"


နှစ်ယောက်သားက ပန်းပွင့် လက်ဖက်ရည် တစ်ခွက်စီ သောက်လိုက်ပြီးနောက် မုန့်ယွမ်က ကောက်ချက်ချလိုက်လေသည်။ 


"ဒါဆို ပထမဆုံးအကြိမ်မှာ အထုတ်ခံရမဲ့သူက ကျောက်ရော့ ဖြစ်လိမ့်မယ်... မင်းကို တောင်းဆိုချင်တာက ဖြည်းဖြည်း မှန်မှန်ပဲ သွား... ဒါမှ ဒီရှိုးကို ကြည့်နေကြတဲ့ ကြည့်ရှုသူအားလုံး မင်းကို မှတ်မိနေကြမှာ"


ယွီနျန်က စကားမပြောဘဲ လက်ထဲ၌ ဝါးခွက်လေးကို ကိုင်ကာ စက္ကန့်အနည်းငယ် တွေးနေပြီးနောက် ပြောလိုက်သည်။ "အစ်ကိုမုန့်... ကျွန်တော် အရင် အကလေ့ကျင့်တုန်းက အကြံတစ်ခု ရခဲ့သေးတယ်... ဒါပေမယ့် လုပ်နိုင်ပါ့မလား မသိဘူး"


မုန့်ယွမ် မျက်ခုံးပင့်လိုက်သည်။ "ပြောကြည့်လေ"


ယွီနျန်က သူ့အတွေးကို ရိုးရိုးရှင်းရှင်း ပြောပြလိုက်ပြီးနောက် မုန့်ယွမ် သူ့အမြင်အား မည်သို့ တုန့်ပြန်လာမည်ကို မရေမရာဖြင့် စောင့်နေခဲ့သည်။ မုန့်ယွမ်က ဝါးခွက်လေးကို ပွတ်ကာ မျက်လုံးများ၌ အပြုံးများ အပြည့်ဖြင့် ယွီနျန်ကို ကြည့်လိုက်လေသည်။


 "ငါထင်တာ ငါပြန်သွားပြီးတော့ လက်ရေးစာမူ ပြင်ဆင်ရတော့မယ် ထင်တယ်"


ယွီနျန်က ချောင်းတစ်ချက် ဆိုးလိုက်ပြီး အနည်းငယ် ရှက်ရွံ့သွားလေသည်။ "လုပ်နိုင်မယ်ထင်လား"


မုန့်ယွမ်က အသက်ပြင်းပြင်းရှုကာ စားပွဲကို လှမ်းမရိုက်မိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းထားလိုက်သည်။


 "ဒါပေါ့... ဘာလို့ လုပ်လို့ မရမှာလဲ... မနက်ဖြန် လောင်ဟယ်ကို လှမ်းဆက်သွယ်လိုက်မယ်... သူ သေချာပေါက် သဘောတူမှာပဲ... မင်းအကြံက အရမ်း ကောင်းတယ်လေ"


ထိုအချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ အပြင်ဘက်မှ အခန်းတံခါး ပွင့်လာသောအခါ မှာထားသော ဟင်းပွဲများ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့လေသည်။ အပြာရောင် ချုံးဆမ်း ဝတ်စုံဝတ်ထားသည့် စားပွဲထိုးမလေး တစ်ယောက်က ဟင်းလျာများအကြောင်း ရှင်းပြလာပြီး ဟင်းလျာများအတွက် သုံးထားသည့် ကုန်ကြမ်းများကိုပါ နူးညံ့သော အသံလေးဖြင့် ရှင်းပြပေးလာသည်။


နောက်ဆုံး နှစ်ပွဲ ချပြီးသွားသောအခါ မုန့်ယွမ်က အံ့သြသွားလေသည်။ "ဒီနှစ်ပွဲကို ကျွန်တော်တို့ မမှာထားဘူး... မှားချမိတာများလား"


စားပွဲထိုးလေးက ပြုံးကာ ပြောပြလာသည်။ "ဒီအဝါရောင် ငါးပုတ်သင်ကို ပဲအနှစ်ဆောစ့်နဲ့ နှပ်ထားတာရယ်... ကြက်သားအနှစ်နဲ့ ငါးဗိုက်သား ဟင်းရည်ရယ်ကို ကျွန်မတို့ရဲ့ စားဖိုမှုးကြီး ချခိုင်းလိုက်တာပါ"


ဟင်းပွဲအမည်များကို ကြားသောအခါ ယွီနျန် ကြက်သေသေသွားလေသည်။ သူက ရောက်လာသော နောက်ဆုံး ဟင်းပွဲနှစ်မျိုးကို ကြည့်၍ တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ "တဆိတ်လောက်ဗျ... စားဖိုမှူးကြီးရဲ့ မျိုးရိုးအမည်က ရှန်းလား" 


စားပွဲထိုးမလေးက ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ပါတယ်"


မုန့်ယွမ်က နားလည်သွားလေသည်။ "မင်းသိတဲ့သူလား"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်လေသည်။ 


"ဟုတ်တယ်... ကျွန်တော့် အသိပါပဲ"


စားပွဲထိုးမလေး တံခါးပိတ်ပြီး ထွက်သွားသည်အထိ မုန့်ယွမ်က အနည်းငယ် အံ့အားသင့်နေဆဲ ဖြစ်သည်။


 "ငါဒီမှာ ခဏခဏ လာစားဖူးတယ်... ပြီးတော့ ဆရာရှန်းက အရမ်း စိတ်အပြောင်းအလဲ မြန်တဲ့သူပဲ... စားသုံးသူဟောင်းတွေ ဘယ်လောက်ပဲ သူ့ကို တွေ့ချင်နေကြပါစေ သူက စိတ်မရှည်လက်မရှည် ဖြစ်နေတာချည်းပဲ... ဟင်းချက်တာကိုလည်း သူ့စိတ်အခြေအနေအရပဲ ချက်တာ... စိတ်အခြေအနေ မကောင်းရင် ပိုက်ဆံ ဘယ်လောက် ပုံပေးပေး မချက်ဘူး"


သူက အပို ဟင်းပွဲနှစ်ပွဲကို ကြည့်၍ ခန့်မှန်းလိုက်သည်။ "သူက မင်းလာတာကို တွေ့ပေမယ့် မင်းကို အလျင်စလို မနှောက်ယှက်ချင်တာ ဖြစ်မယ်... ဒါကြောင့် အခြေအနေ စစ်ဆေးဖို့ ဟင်းပွဲနှစ်ပွဲ အရင်ပို့လိုက်တာပဲ... မင်းတွေ့ချင်စိတ် ရှိရင် ညစာစားပြီးရင် သွားတွေ့လိုက်လေ... နောက်ဆိုရင်တော့ ငါဒီကို လာစားတိုင်း ဆရာရှန်းရဲ့ လက်ရာတွေ စားနိုင်တော့မယ် ထင်တယ်"


ယွီနျန် ပြုံးပြလိုက်သည်။ "ဒါဆို အစ်ကိုမုန့် ညစာစားပြီးရင် ကျွန်တော့်ကို စောင့်နေပေးပါဦး"


ညစာစားပြီးနောက် ယွီနျန်က စားပွဲထိုးမလေး နောက်မှလိုက်ကာ ဘယ်ချိုး ညာကွေ့ရင်း မီးဖိုဆောင်နောက်သို့ ရောက်လာခဲ့သည်။


သူ့ကို တွေ့သည်နှင့် ရှန်းဝေ့၏ မျက်လုံးများ နီရဲသွားလေသည်။ 


ယွီနျန်က ပျော်ရွှင်သွားရသလို ကူကယ်ရာလည်း မဲ့သွားလေသည်။ "ဦးလေးရှန်း... ဦးလေးငိုရင် ကျွန်တော် ရယ်မှာနော်"


ထိုစကားကို ကြားသောအခါ ရှန်းဝေ့က စိုစွတ်နေသော မျက်လုံးထောင့်ကို သုတ်လိုက်ပြီးနောက် ယွီနျန်ကို အပေါ်အောက် အစုန်အဆန် ကြည့်လာခဲ့သည်။ "သခင်လေး... အဆင်ပြေနေရဲ့လား"


ယွီနျန်က တစ်ဖက်လူကို နှစ်သိမ့်ပေးလိုက်လေသည်။ "ကျွန်တော် အဆင်ပြေပါတယ်... ကျွန်တော် အခု လွန်ခဲ့တဲ့ သုံးနှစ်ကထက် စင်တီမီတာ နည်းနည်းလောက် အရပ်ပိုရှည်လာပြီး ဝိတ်နည်းနည်း တက်လာတယ်လေ"


ရှန်းဝေ့က စိတ်ပူပန်နေဆဲ ဖြစ်သည်။


 "သခင်မကြီး ဆုံးပါးသွားတဲ့ အချိန်တုန်းက ကျွန်တော် သခင်လေးရဲ့ စကားကို နားထောင်ပြီး ထွက်မသွားခဲ့သင့်ဘူး... ကျွန်တော်သာ ကျန်နေခဲ့ရင် သခင်လေးအတွက် တစ်နေ့နှစ်နပ် ချက်ပေးနိုင်ဦးမှာပဲ" သူက ယွီမိသားစုအတွက် နှစ်ပေါင်း သုံးဆယ်ကျော် စားဖိုမှုး ဖြစ်ခဲ့ပြီး ယွီနျန် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသူလည်း ဖြစ်လေသည်။ 


သူ့စကားများကို ကြားသောအခါ ယွီနျန်က တစ်ခဏလောက် ကြက်သေသေသွားပြီးနောက် ပြုံးလာခဲ့ပြီး ပြောလာသည်။ 


"အိမ်မှာ ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့တာလေ... အရင်တုန်းက ကောလိပ် တက်တုန်းဆိုတော့ တစ်ချိန်လုံး ကျောင်းမှာပဲ နေရတာ... အဲ့အချိန်တုန်းက အိမ်ပြန်လာဖို့ အချိန်လည်း မရှိဘူးလေ... အခု ကျွန်တော်လည်း ကိုယ်တိုင် ဟင်းချက်နိုင်ပြီ ဆိုတော့ ကျွန်တော် ဗိုက်ဆာပြီး ပိန်သွားမှာကို စိတ်မပူနဲ့တော့နော်"


ရှန်းဝေ့ မျက်မှောင်ကျုံ့မိသွားလေသည်။ 


"သခင်လေး.... ဘယ်လိုလုပ်ပြီး ကိုယ်တိုင် ဟင်းချက်နေရတာလဲ... ကျွန်တော်..."


"ဦးလေးရှန်း" ယွီနျန်က သူ့စကားကို ဖြတ်ပြောလိုက်ပြီး သူ့အသံက ပို၍ ပျော့ပျောင်းလာခဲ့လေသည်။ "ကျွန်တော် အမြဲတမ်း ကိုယ့်ဘာသာ နေတတ်အောင် သင်ယူခဲ့ရတာ... ကျွန်တော် အရွယ်ရောက်နေပါပြီ"


ရှန်းဝေ့က ထပ်မပြောတော့ဘဲ သက်ပြင်းချ၍ ဟင်းများအကြောင်း စကားလမ်းကြောင်း လွှဲလိုက်သည်။ "သခင်လေး ငယ်ငယ်တုန်းက ငါးပုတ်သင်ကို ပဲအနှစ်နဲ့ နှပ်ထားတာရယ် ကြက်သားအနှစ်နဲ့ ငါးဗိုက်သား စွပ်ပြုတ် စားရတာကို အရမ်းကြိုက်ခဲ့တာ... အဲ့ဟင်းတွေ မလုပ်ရတာ ကြာပြီဆိုတော့ သခင်လေးရဲ့ အကြိုက်တွေနဲ့ ကိုက်ပါ့မလား မသိတော့ဘူး" 


ယွီနျန်က တမင်သက်သက် မျက်လုံးကျယ်ကျယ် ဖွင့်လိုက်ပြီး ပုံကြီးချဲ့ ပြောလိုက်လေသည်။ "ဘယ်လိုလုပ်ပြီး ကျွန်တော့်အကြိုက်နဲ့ မကိုက်ရမှာလဲ... ဟင်းနှစ်ခွက်လုံး ကျွန်တော်ပဲစားလိုက်တာ... ပန်းကန်ကိုပါ အပြောင်ရှင်းမိတော့မလို့" 


ရှန်းဝေ့က ပြုံးလိုက်ပြီးနောက် မျက်လုံးထောင့်မှ အရေးအကြောင်းများပင် ပြေလျော့သွားသလိုပင်။ 


"သခင်လေးက ကလေးတုန်းကလိုပဲ... ကျွန်တော့်ကို ပျော်အောင် လိုက်စရတာ ကြိုက်တုန်းပဲ"


နှစ်ယောက်သားက နောက်ထပ် စကားစမြည်ပြောခဲ့ကြသေးသည်။ မုန့်ယွမ်ကို အကြာကြီး စောင့်ခိုင်း၍ မကောင်းသဖြင့် သူပြန်ရန် ပြင်ရလေသည်။ သူမသွားခင် မုန့်ယွမ် ပြောခဲ့သော စကားကို သတိရမိသွားသည့်အတွက် ထပ်ပြီး ပြောလိုက်ရသေးသည်။ "ကျွန်တော်နဲ့ လာတဲ့ မိတ်ဆွေက ဦးလေးရဲ့ ဟင်းတွေ စားရတာ ကြိုက်တယ်တဲ့"


ရှန်းဝေ့၏ မျက်နှာပေါ်မှ အပြုံးက ပို၍ နက်ရှိုင်းသွားလေသည်။ "သခင်လေးရဲ့ မိတ်ဆွေက ကျွန်တော့်ရဲ့ ဧည့်သည်ပါပဲ"


ယွီနျန်က ခပ်ရှက်ရှက် ပြုံးလိုက်ပြီး မျက်နှာပေါ်တွင် ပျိုမျစ်နုနယ်မှူများ ပို၍ ထင်ဟပ်လာလေသည်။


 "ကျေးဇူးပါ... ဦးလေးရှန်း... နောက်တစ်ကြိမ် ဗိုက်ဆာလာရင် ဦးလေးကို လာရှာပြီး ငါးပုတ်သင်ကြော် လုပ်ခိုင်းမယ်"


မီးဖိုဆောင်မှ ထွက်လာသောအခါ ယွီနျန်က မူလက လမ်းကြောင်းကိုပင် တစ်ယောက်တည်း လျှောက်လာခဲ့လေသည်။ ညပိုင်းလေက အေးမြပြီး မြက်ခင်းနံ့ဖျော့ဖျော့လေးပင် ရနေသည်။ သူက အမှတ်တရ များစွာကို ပိုတွေးမိလာသည်။ ယခင်က အိမ်က ထွက်လာရခြင်းကို စိုးရိမ်ကြောင့်ကြနေခဲ့ရသော်လည်း ယခုတွင် သူ အိမ်ကို လွမ်းဆွတ်လာခဲ့သည်။ 


အိမ်ကလည်း အိမ်ဖြစ်ရုံမျှသာ။ 

သူတစ်ယောက်တည်း ကျန်ခဲ့ရသည် မဟုတ်ပါလား...


……….


ရွှယ်ယုံက ချူရှောင်းရန် ဂိမ်းဆော့နေသည့်အသံကို နားမထောင်လိုတော့သဖြင့် အပြင်ထွက်၍ လမ်း ခဏလျှောက်နေခဲ့သော်လည်း ယွီနျန်နှင့် ထပ်တွေ့ရမည်ဟု မထင်ထားခဲ့ပေ။


တိုက်တိုက်ဆိုင်ဆိုင်နဲ့ပေါ့...


ထိုသူ့နံဘေးတွင် တိတ်တိတ်လေး သွားရပ်လိုက်သောအခါ ယွီနျန်က မိန်းမောတွေဝေနေပုံရသည်ကို တွေ့လိုက်ရသဖြင့် တုံ့ဆိုင်းသွားပြီး အနားသို့ ချဥ်းကပ်လာခဲ့သည်။ "ယွီနျန်"


တစ်စုံတစ်ယောက် သူ့နာမည် ခေါ်လာသည်ကို ကြားသောအခါ ယွီနျန် အသိပြန်ဝင်လာသည်။ သူ ရွှယ်ယုံကို တွေ့သောအခါ ပြုံး၍ ပြောလာလေသည်။ "လမ်းထွက်လျှောက်နေတာလား"


"အင်း" ရွှယ်ယုံက ဂရုတစိုက် ပြောလိုက်သည်။ "မင်း စိတ်အခြေအနေ မကောင်းဘူးလား"


ယွီနျန်က ခေါင်းကို ခါယမ်းလိုက်သည်။ "မဟုတ်ပါဘူး... အတိတ်က ကိစ္စလေးတွေ သတိရမိသွားလို့ပါ" သူ ထပ်ပြီးပြုံးလိုက်ပြန်သည်။ 


"ကျွန်တော် မနက်ဖြန် 'သဘာဝရဲ့ သံစဥ်' ပထမဆုံးအပိုင်းကို အသံသွင်းရတော့မှာ... ရိုးရိုးသားသား ပြောရရင် ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေတယ်"


"စိတ်မလှုပ်ရှားပါနဲ့" မင်းက နံပါတ်တစ် ဖြစ်မှာပါ... (စိတ်ထဲမှ)


သို့သော်လည်း စိတ်ချရသည့် တစ်ဖက်တွင် ရွှယ်ယုံက ရှိုးအား မည်ကဲ့သို့ သီးသန့် ငွေကြေးထောက်ပံ့ရန်အတွက် စီစဥ်ထားပြီးသား ဖြစ်သည်။ 


ယွီနျန်က ဆက်မပြောတော့ပေ။ သူနှင့် ရွှယ်ယုံတို့ မကြာခဏ တွေ့ဖူးကြသော်လည်း သူတို့ အချင်းချင်းက မရင်းနှီးကြပါပေ။ ထို့ကြောင့် တစ်ဖက်လူက သူ့စိတ်အခြေအနေကို စိတ်လိုလက်ရ နားထောင်ပေးနိုင်မည် မဟုတ်ပေ။


သူက ငြင်ငြင်သာသာ သက်ပြင်းချလိုက်ပြီး ရွှယ်ယုံကို ကြည့်ကာ ပြုံး၍ နှုတ်ဆက်လိုက်သည်။ "ကျွန်တော့် အေးဂျင့် အထဲမှာ ရှိနေသေးတယ်... ကျွန်တော် အရင်သွားနှင့်ပြီနော်"


ရွှယ်ယုံက ယွီနျန်၏ ပခုံးထက်တွင် တင်နေသည့် ပန်းရောင် နှင်းဆီပွင့်ဖတ်များကို မျက်လုံးထောင့်မှ တွေ့လိုက်ရသည်။ သူ ကူညီပေးတော့မည် အပြုတွင် ယွီနျန်က သူ့လက်ကို မြှောက်ကာ ဖယ်လာခဲ့လေသည်။


ရွှယ်ယုံက လှုပ်ရှားရန် အချိန်မရလိုက်သည့်အတွက် သူ့လက်ကို ဝမ်းနည်းစွာဖြင့် ပြန်ရုတ်လိုက်ရလေတော့သည်။