Chapter 8
ခင်ဗျားအတွက် ရင်ဆိုင်ရအခက်ဆုံး ပြိုင်ဘက်က ကျွန်တော်ပဲ
မနက်စောစော အချိန်တွင် ယွီနျန်က မုန့်ယွမ်နှင့် ရှစ်ရော့တို့နှင့်အတူ စတူဒီယိုသို့ ထွက်လာခဲ့သည်။ စတူဒီယိုသို့ ရောက်သောအခါ ဟယ်ချိုးပိုင်က ခုံတွင်ထိုင်၍ အိပ်ရေးမဝဟန်ဖြင့် မနက်စာစားနေသည်။ သူတို့ ရောက်လာသည်ကို မြင်သောအခါ စိတ်မကြည်နေပုံဖြင့် နှုတ်ဆက်လိုက်လေသည်။
"မနက်စာ စားခဲ့ကြပြီးပြီလား"
"အေး ငါတို့ စားခဲ့ပြီးပြီ" မုန့်ယွမ်က "ကျွတ်ကျွတ်" ဟု အသံပြု၍ ပြောလိုက်သည်။ "သနားစရာ ကောင်းလိုက်တာ... မအိပ်ရတဲ့ နောက်တစ်ညပေါ့လေ"
ဟယ်ချိုးပိုင်က ပဲနို့ကို တစ်ငုံသောက်လိုက်သည်။
"ဟုတ်ပါ့... ငါ အရုဏ်တက်ချိန်အထိ ဒီထိုင်ခုံမှာ ထိုင်နေခဲ့ရတာ" သူ့လေသံ ချက်ချင်း ပြောင်းလဲသွားပြီး ပိုပြီး ကျယ်လာသည့်အသံဖြင့် ဟိန်းဟောက်လိုက်လေသည်။ "ငါ ဘယ်နှခါလောက် ပြောရမှာလဲ... ခုနစ်ခုမြောက် အလင်းရောင်ကို မသုံးပါနဲ့လို့... ငါတို့က သရဲကားရိုက်နေတာ မဟုတ်ဘူးကွ"
အလင်းအမှောင် အင်ဂျင်နီယာက အဝေးတစ်နေရာမှ ပြန်ဖြေနေသည်။ ဟယ်ချိုးပိုင်က မနက်စာစားရန် စိတ်မပါတော့သဖြင့် ပဲနို့ဘူးကို ချကာ ပို၍ နူးညံ့သွားသော အမူအယာဖြင့် ယွီနျန်ကို ကြည့်လိုက်သည်။
"လောင်မုန့် မနေ့က မင်းရဲ့ အကြံကို ပြောပြခဲ့တယ်... အသေးစိတ် အချက်သေးသေးလေးဆိုပေမယ့် စတိတ်စင် အထူးပြုလုပ်ချက်တွေ သေချာပေါက် အရမ်းကောင်းသွားမှာ... ငါ စတိုင်လစ်တွေကို စီစဥ်ပေးဖို့ ပြောထားပြီးပြီ"
ယွီနျန် ပြုံးပြလိုက်သည်။ "ကျေးဇူးပါ... ဒုက္ခများသွားရပြီ"
"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး... ငါ့ကို ကြည့်ရှုနှုန်းတွေ ကျော်ကြားမှုတွေ ယူလာပေးမဲ့ မင်းနဲ့ ရှားမင်ရှီကို ကျေးဇူးတင်ရမှာ... ငါ hot searchesတွေ ဝယ်ထားပြီးပြီ... နောက်ဆို ဘာအကြံပဲရရ ငါ့ကို လာပြောနော်... ငါတို့ အတူကြိုးစားပြီး လုပ်ကြတာပေါ့"
(T/N Hot Search ဝေ့ပေါ်မှာ ရှာဖွေမှုအများဆုံး၊ ရေပန်းစားတဲ့ အကြောင်းအရာတွေကို ဖော်ပြတဲ့ နေရာပါ)
ဟယ်ချိုးပိုင်က ရှုပ်ပွနေသော မုတ်ဆိတ်မွှေးများကို ပွတ်၍ ပြောလိုက်သည်။ "မင်းက စောစော ရောက်လာတယ်ဆိုတော့ အရင်ဆုံး ရီဟာဇယ် သွားလုပ်လိုက်လေ... ဒါ မင်းအတွက် ပထမဆုံး စင်မြင့် ဖြစ်မှာပဲ... ငါတို့ ဒါကို အရင်ရိုက်ကူးပြီး နောက်မှ တည်းဖြတ်မှာ ဆိုပေမယ့် အမှားအယွင်း မရှိအောင် လုပ်နေရတုန်းပဲ... အချိန်တွေလည်း ပေါနေတော့ နှစ်ခါလောက် ဖြတ်လျှောက်ကြည့်လိုက်လေ"
ဒါကလည်း မုန့်ယွမ်၏ အစီအစဥ်ပါပင်။
ယွီနျန်က စင်ကြောက်စိတ် မရှိဘဲ ဟော်ရှင်းနှင့် အန်းချောင်တို့က သူ့ကို စတိတ်စင် ယေဘုယျ အတွေ့အကြုံများစွာ ပြောပြထားခဲ့ဖူးပါသော်လည်း အကြိမ်တစ်ထောင် ကြားရသည်က တစ်ခါ လက်တွေ့လုပ်ရသည်လောက် အသုံးမဝင်ပေ။ ရိုက်ကူးရေး လုပ်နေစဥ် အမှားသေးသေးလေးတစ်ခု ဖြစ်သွားခဲ့ပါက ဖြတ်ထုတ်၍ သော်လည်းကောင်းနောက်ပိုင်း အခြားသော ရိုက်ချက်များနှင့် အစားထိုး၍သော်လည်းကောင်း လုပ်ပေလိမ့်မည်။
"ယွီနျန် တစ်ခါတည်း ရိုက်နိုင်အောင် ကြိုးစား... အမှား မလုပ်မိစေနဲ့"
ယွီနျန်က မှတ်ဥာဏ်အလွန်ကောင်းသည်။ ပထမဆုံးအကြိမ် လေ့ကျင့်သောအခါ အမှားလေးများ လုပ်မိသေးသည်။ သို့သော်လည်း တစ်ခါ အမှားပြင်ပြီးသွားသောအခါ မည်သူကမှ အမှား မရှာနိုင်ကြတော့ပေ။
ဟယ်ချိုးပိုင်က စင်အောက်မှ ကြည့်နေပြီး ယွီနျန်ကို လက်ယပ်ခေါ်လိုက်သည်။ ယွီနျန် ရောက်လာသောအခါ ပြောပြလိုက်သည်။
"တရားဝင် အစမ်းလေ့ကျင့်မှုက မကြာခင် စတော့မယ်... အခု ငါမင်းကို သင်ပေးချင်တာက... အနာဂါတ်ကျရင် မင်း ဘယ်လို ဂရိုဂရမ်မှာပဲပါပါ အစမ်းလေ့ကျင့်မှုတိုင်းကို တရားဝင်ဖျော်ဖြေမှုလို သဘောထားရမယ်... ဒါမှ တိုက်ရိုက်လွှင့်တဲ့အခါ အမှားအယွင်း မရှိမှာ"
ယွီနျန်က တလေးတနက် ခေါင်းငြိမ့်ပြလိုက်ပြီး ကျေးဇူးတင်စွာဖြင့် ပြန်ဖြေသည်။ "ကျွန်တော် မှတ်ထားပါ့မယ်"
ဟယ်ချိုးပိုင်က ခေါင်းပေါ်တွင် ဦးထုပ်တစ်လုံးဆောင်းကာ ရှုပ်ပွနေသော ဆံပင်များကို ဖုံးထားလိုက်သည်။ "ကောင်းပြီ မမေ့စေနဲ့... မင်းလျှောက်ရမဲ့လမ်းက အရှည်ကြီး ရှိသေးတယ်"
အစမ်းလေ့ကျင့်မှု နှစ်ကြိမ် လုပ်ပြီးသွားသောအခါ ဟယ်ချိူးပိုင်က အလင်အမှောင် အင်ဂျင်နီယာကို အနားခေါ်ကာ စကားပြောနေစဥ် မုန့်ယွမ်က ကင်မရာဆီ သွား၍ အဆုံးသတ် ရလဒ်ကို ကြည့်နေသည်။ ယွီနျန်က အသက်ရှုသံကို ထိန်းညှိလိုက်ရင်း ရှစ်ရော့ ကမ်းပေးသည့် ပဝါကို ယူ၍ နှဖူးမှ ချွေးများကို သုတ်လိုက်သည်။
ထိုအချိန်မှာပင် အသံတစ်သံ ထွက်ပေါ်လာလေသည်။ "ကျွန်တော်က ပထမဆုံးရောက်တဲ့သူ ဖြစ်မယ် မှတ်တာ... ဒါပေမယ့် ကျွန်တော့်ထက် စောတဲ့သူ ရှိမယ် မထင်ထားဘူး"
ယွီနျန် ခေါင်းလေး စောင်းကြည့်လိုက်ရာ ထင်းထွက်နေသော အစိတ်အပိုင်းများ ရှိသည့် မျက်နှာတစ်ခုကို မြင်လိုက်ရလေသည်။
ယွီနျန် ရုတ်တရက် ခေါင်းစောင်းကြည့်လိုက်သည့်အတိုင်း တစ်ဖက်လူကလည်း ကြက်သေ သေသွားလေသည်။ ထိုသူက မျက်တောင်လေးများကို တဖျတ်ဖျတ်ခတ်ကာ မေးလာခဲ့သည်။
"မင်းက... မင်း Comics စာအုပ်တွေထဲက ထွက်လာတာလား"
ယွီနျန်ကလည်း ပြုံး၍ မျက်လုံး လှိမ့်ပြလိုက်သည်။ "ငါလည်း အဲ့ဒီလို ပြောတော့မလို့ပဲ" သူ လက်ကို ဆန့်ထုတ်ပေးလိုက်သည်။
"ငါက ယွီနျန်ပါ... ပေါများမှုရဲ့ ယွီ ခုနှစ်တိုင်းရဲ့ နျန်"
ရှားမင်ရှီကလည်း ယွီနျန်၏ လက်ကို ပျော်ပျော်ရွှင်ရွှင် လှမ်းဆွဲလိုက်သည်။ "ငါ့နာမည် ရှားမင်ရှီ...တောက်ပခြင်းရဲ့ မင်... မျှော်လင့်ချက်ရဲ့ ရှီ" ထို့နောက် သူ့လက်ကို ပြန်ရုတ်လိုက်ပြီး အတော်လေး ရှည်နေသည့် သစ်အယ်သီးရောင် ဆံနွယ်များကို ကုတ်ကာ ငြီးငြူလိုက်လေသည်။
"ငါ ပထမဆုံး ရောက်လာတယ် ထင်နေတာ... ကြည့်ရတာ ငါ့ထက် ဝီရိယ ရှိတဲ့သူ ရှိနေတာပဲ... အစမ်းလေ့ကျင့်မှုကို နှစ်ကြိမ်တောင် လုပ်ပြီးပြီပေါ့လေ"
ယွီနျန်က ရှစ်ရော့ ကမ်းပေးလာသည့် ရေဘူးကို ယူကာ အဖုံးဖွင့်၍ တစ်ငုံမော့လိုက်သည်။ "ဒီမနက် ငါစောစော နိုးလာပြီး ပြန်မအိပ်နိုင်တော့လို့လေ... ဒါကြောင့် ဒီအတိုင်း လာကြည့်လိုက်ရင် ကောင်းမလား တွေးမိလို့"”
ရှားမင်ရှီးက ခေါင်းတဆတ်ဆတ် ငြိမ့်နေသည်။ "စောစောလာတာ မှန်တယ်... ရိုက်ကူးရေး လုပ်တဲ့အခါ စိတ်လှုပ်ရှားပြီး အမှား လုပ်မိဖို့ များတယ်... အစမ်းလေ့ကျင့်မှုကို အများကြီး လုပ်ထားတာ မမှားဘူး"
သူက အိတ်ထဲမှ ကွက်ကီးထုပ်လေးတစ်ထုပ်ကို ယူ၍ ယွီနျန်ကို ကမ်းပေးလိုက်သည်။
"ရော့ မင်းအတွက်... အခုကစပြီး သူငယ်ချင်း လုပ်ကြတာပေါ့"
ယွီနျန်ကလည်း လှမ်းယူကာ တစ်ခါတည်း စားလိုက်သည်။ ကွက်ကီး စားနေရင်းဖြင့်လည်းသူ့အိတ်ထဲမှ ပူရှိန်းချိုချဥ်ကို ထုတ်၍ လှမ်းပေးလိုက်ပြီး ပြုံးရယ်လျက် ပြောလိုက်သည်။ "ကောင်းပြီလေ... နောက်ဆို သူငယ်ချင်း လုပ်ကြမယ်"
ရှားမင်ရှီက ချိုချဥ်ကို ယူ၍ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။ သူက မျက်တောင်လေးများ တဖျတ်ဖျတ် ခတ်ကာ တဲ့တိုးပင် ပြောလိုက်လေသည်။ "မင်း ပြုံးလိုက်တာ အရမ်းလှတာပဲ"
ယွီနျန်က နှုတ်ခမ်းထောင့်လေးများကို တွန့်ကွေး၍ နှုတ်ခမ်း၌ ကွက်ကီးစလေးများ ပေကျံနေဆဲ ပုံစံလေးဖြင့် ပြောလိုက်လေသည်။ "မင်း ပြုံးရင်လည်း အရမ်းလှတာပဲလို့ ပြောမယ့်သူတွေ အများကြီး ရှိမယ်ထင်တယ်နော်"
"ဟားဟားဟား... ငါတို့က အချင်းချင်း မြှောက်ပင့်နေကြတာလား" ရှားမင်ရှီးက မေးကို မော့ပြလိုက်သည်။
"ဒါပေမယ့် အမှန်ပဲကွ... ဥပမာ ငါ့အမေလေ... သူဆို ငါ့ကို တစ်နေ့ အကြိမ်တစ်ရာလောက် ချီးမွမ်းနေတာ"
ယွီနျန်က ခပ်ကျယ်ကျယ် ရယ်မောလိုက်လေသည်။ "ဆရာမကျောက်လန်က အရမ်း စိတ်ဝင်စားဖို့ ကောင်းတာပဲ... ငါ့အဘွားက သူ့ရုပ်ရှင်တွေကို အရမ်းကြိုက်ခဲ့တာလေ"
ရှားမင်ရှီက ယွီနျန်ကို ကြည့်မိလေလေ ပို၍ သဘောကျလာလေလေ ဖြစ်သည်။ သူက ဤလောကထဲ၌ ကြီးပြင်းလာခဲ့ပြီး လူများစွာနှင့် သိကျွမ်းပါသော်လည်း သူငယ်ချင်းနည်းနည်းသာ ရှိပေသည်။ သူ့ဘေးမှ လူများက သူ့မိဘများအကြောင်း သူပြောလိုက်သည့် အခါတိုင်း ဂရုမစိုက်ချင်ယောင်ဆောင်တတ်ကြသည် မဟုတ်လျှင် သူ့မိဘများကို မှီခိုနေသည့် ဒုတိယမျိုးဆက် စတားတစ်ယောက် အဖြစ် အထင်အမြင် သေးတတ်ကြပြီး တချို့လူများက တစ်ခဏမျှ ကပ်ဖားရပ်ဖား လုပ်ကြသည်ချည်းသာ။ ယွီနျန်နှင့် ပြောနေရသလို ဟန်ဆောင်ပန်ဆောင် အပြုအမူများ သို့မဟုတ် တမင်သက်သက် မြှောက်ပင့်နေခြင်းမျိုး မရှိဘဲ ထိုအကြောင်းကို သဘာဝကျကျ ပြောရခဲ့သည်က ရှားပေသည်။
ထိုသူနှင့် စကားပြောနေရခြင်းက အလွန် သက်တောင့်သက်သာ ရှိလှသည်။
ယွီနျန်မှာ သူ့ကို ကြည့်နေသည့် ရှားမင်ရှီ၏ မျက်လုံးများ တောက်ပသွားသည်ကို ကြည့်ကာ သူ့မျက်နှာမှာ ပန်းများ ပွင့်နေသည်လားဟု တွေးမိပြီး အမှတ်တမဲ့ ထိလိုက်မိသွားလေသည်။
ထိုအချိန်မှာပင် အလင်းအမှောင် အင်ဂျင်နီယာကို ညွှန်ကြားပြီးသွားသည့် ဟယ်ချိုးပိုင် ရောက်လာသောအခါ ရှားမင်ရှီကို တွေ့သွားသည်။ "စောလှချည်လား"
ရှားမင်ရှီက ယဥ်ယဥ်ကျေးကျေး ခေါင်းငြိမ့်ပြလိုက်သည်။ "ဒါရိုက်တာဟယ်ရေ... ကျွန်တော့် အေးဂျင့် ကျွန့်တော့်အိမ်ကို ရောက်တာ ကြာလှပြီ... ယာဥ်ကြောသာ မပိတ်ရင် နာရီဝက်လောက် စောရောက်ဦးမှာ"
ရှားမင်ရှီနှင့် ယွီနျန်တို့ အတူတူ ရပ်နေပြီး အတော်လေး အဆင်ပြေနေကြသည်ကို မြင်သောအခါ ဟယ်ချိုးပိုင် သက်ပြင်းချလိုက်သည်။ "မင်းတို့ နှစ်ယောက် ရှိနေပြီ ဆိုတော့ ငါ့ရှိုးရဲ့ ကြည့်ရှုနှုန်းတွေ အာမခံချက် ရှိသွားပြီ"
ရှားမင်ရှီက ပြောင်ပြောင်ဘွင်းဘွင်း ပြောလိုက်လေသည်။ "ဒါရိုက်တာဟယ်... ကျွန်တော် သေသေချာချာ ပြောထားမယ်နော်... ကျွန်တော့်ရဲ့ အဆိုအက အရည်အချင်းက သာမန်ပဲ... ကျွန်တော့်အဖေ ကျွန်တော့်ကို အဆိုသင်ဖို့ ကြိုးစားသေးတယ်... နောက်ဆုံးကျ စားပွဲကို မှောက်ပစ်ပြီး ရပ်လိုက်တော့တာပဲ... သူက အဆိုပိုင်း ဆရာတစ်ယောက်ကို ကြေးမြင့်မြင့်နဲ့ ငှားလိုက်သေးတယ်ဗျ... ဒါပေမယ့် ကျွန်တော့်ကို ကယ်ဖို့ ကျရှုံးနေတုန်းပဲ... ဆိုတော့ ကျွန်တော့်မှာ ပြစရာ မျက်နှာလေးပဲ ရှိတော့တာဗျ"
ရိုးရိုးသားသား ဝန်ခံလာသည့် သူ့စကားများကို ကြားသောအခါ ယွီနျန်မှာ ထိန်းမထားနိုင်တော့ဘဲ သူ့ဘေးမှာတင် ရယ်ချလိုက်သည်။ ရှားမင်ရှီက မျက်လုံးများ ပြူးကျယ်သွားပြီး ယွီနျန်ကို လှမ်းပုတ်၍ ပြောလိုက်သည်။ "မင်း တကယ်ကြီး ငါ့ကို ရယ်တယ်ပေါ့လေ"
ယွီနျန်က အနောက်ဆုတ်၍ မြန်မြန် ရှောင်လိုက်ပြီး နှစ်ယောက်သားက လုံးထွေးသွားကြလေသည်။ ဟယ်ချိုးပိုင်က စိတ်အေးလက်အေး ထပ်ပြောလိုက်သည်။
"မင်းတို့မျက်နှာတွေ မခြစ်မိအောင် ဂရုစိုက်ကြဦး"
နှစ်ယောက်သား အစမ်းလေ့ကျင့်မှုကို အပြီးသတ်ပြီးသွားသောအခါ စင်နောက်မှ အဝတ်လဲခန်းထဲသို့ သွားလိုက်ကြပြီး ပုခုံးများ ပွတ်ရင်းဖြင့် စကားပြောနေခဲ့ကြသည်။
ရှားမင်ရှီ: "သောက်ကျိုးနဲ... မင်း အစမ်းစလေ့ကျင့်တော့ ငါ တစ်ချိန်လုံး အထင်သေးထားမိနေတာပဲ... ငါ့အေးဂျင့် ပြောနေတာ သူသာ မင်းကို အရင်ရှာတွေ့သွားရင် ရှင်းယောင်နဲ့ မုန့်ယွမ် ဘယ်လို ဖြစ်သွားမလဲတဲ့"
ယွီနျန်က ကထားပြီးကာစဖြစ်၍ မျက်လုံးစွန်းလေးများက အတန်ငယ် နီရဲနေပြီး မျက်လုံးအောက်မှ မှဲ့လေးကို ပို၍ ထင်ရှားသွားစေသည်။ အလင်းရောင် အောက်မှ ထိုမှဲ့လေး ရွှန်းစိုနေပုံကို ကြည့်ကာ ရှားမင်ရှီက ချဲ့ကား၍ ရင်ဘတ်ကို လက်ဖြင့်အုပ်လိုက်ပြီး ခြေတစ်လှမ်း ဆုတ်လိုက်သည်။
"ငါ့နှလုံးသားလေး လှုပ်ရှားသွားပြီ"
ယွီနျန်က ရှားမင်ရှီမှာ သက်ရှိရတနာလေးဟု ခံစားလိုက်ရပြီး တမင်ပင် အေးတိအေးစက် ပြုံးပြလိုက်သည်။ "ငါ တာဝန်မယူဘူးနော်"
ရှားမင်ရှီက ရယ်မောလိုက်လေသည်။ "နျန်နျန် မင်းကတော့ အမှိုက်ကောင်ပဲ" ရယ်မောပြီးနောက် ထပ်ပြီး စပ်စုလာပြန်သည်။
"မင်းက စာသားပြတဲ့စက်မပါဘဲ အသက်မရှင်နိုင်တော့ဘူးလား... မင်းကနေရင်းတောင် စာသားပြတဲ့စက်ကို ကြည့်နေတာ ငါတွေ့တယ်"
ယွီနျန်ကလည်း ကူကယ်ရာမဲ့နေသည်။ "ငါလည်း စာသား ဖတ်ပြီးရင် တစ်ကြောင်း နှစ်ကြောင်းလောက် လိုက်ငြီးနိုင်ပေမယ့် အခါ နှစ်ဆယ်လောက် ဖတ်ထားရင်တောင် စာသားတွေ မမှတ်မိဘူး... ငါရေးထားတဲ့ စကားလုံးတွေကအစပဲ... ရေးနေတုန်းပဲ မှတ်မိတယ်... ပြီးရင် ပြန်စဥ်းစားလို့ မရတော့ဘူး"
ရှားမင်ရှီက အားရပါးရ ရယ်မောလိုက်လေသည်။ "ငါအိမ်ပြန်ရောက်ရင် စာသားမှတ်တဲ့ နေရာမှာ ငါ့ထက် ပိုဆိုးတဲ့ သူငယ်ချင်းလေးတစ်ယောက် တွေ့ခဲ့တယ်လို့ ငါ့အဖေကို ပြောရမယ်"
11နာရီ ထိုးခါနီး အချိန်မှသာ အမျိုးသမီး အဆိုတော် နှစ်ယောက် ဖြစ်သည့် ကျောက်ရော့နှင့် ရှုရွှမ်းတို့ ရောက်လာခဲ့ကြသည်။ အဝတ်လဲခန်းထဲ၌ ရှားမင်ရှီကို တွေ့သောအခါ နှစ်ယောက်သားက အနည်းငယ် စိတ်လှုပ်ရှား သွားကြလေသည်။ အချင်းချင်း မိတ်ဆက်ကြပြီးသောအခါ ရှားမင်ရှီကို စကားအနည်းငယ် ပြောချင်နေကြသေးသော်လည်း ဟယ်ချိုးပိုင်၏ လက်ထောက်က သူတို့ကို လာခေါ်သွားလေသည်။
ရှားမင်ရှီက လက်ကောက်ဝတ်မှ နာရီကို ကြည့်လိုက်လေသည်။ "နေ့လည်တောင် ရောက်တော့မယ်... ဖန်ဟွိုက်လို့ ခေါ်တဲ့သူက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"
ယွီနျန်က စာသားမှတ်ရန် ကြိုးပမ်းနေချိန်တွင် ရှားမင်ရှီ ပွစိပွစိ ပြောနေသည်ကို ကြားလိုက်ရသည်။ "ကားလမ်းပိတ်လို့ နေမှာပေါ့"
ရှားမင်ရှီက အသံကို နှိမ့်ချလိုက်ပြီး မျက်နှာထက်တွင် အားတက်သရော အတင်းအဖျင်း ပြောလိုဟန် အပြည့် ဖြစ်နေလေ၏။ "ငါ တစ်ခု ပြောပြမယ်... ငါ့အေးဂျင့်ဆီက ကြားထားတာလေ... ဖန်ဟွိုက်က ဒီရှိုးကို မလာချင်ဘူးတဲ့... ရှိုးရဲ့ အဆင့်က နိမ့်လွန်းလို့ ဆိုပဲ... သူ့ရဲ့ လက်ရှိနေရာနဲ့ မထိုက်တန်ဘူးတဲ့လေ"
ယွီနျန်ကလည်း အသံတိုးလိုက်ပြီး အံ့အားသင့်သွားလေသည်။ "ဒါရိုက်တာဟယ်ရဲ့ ပရိုဂရမ်တွေက ကျော်ကြားတာတွေချည်းပဲလေ... ပြီးတော့ 'သဘာဝရဲ့ သံစဥ်' ပထမ seasonဆို အရမ်းအောင်မြင်ခဲ့တာလေ... အဆင့်... အရမ်းနိမ့်လို့တဲ့လား... သူ အထင်မှားနေတာများလား"
ရှားမင်ရှီက မျက်လုံး လှိမ့်လိုက်သည်။ "ဘယ်သူသိမှာလဲ... ငါတို့လို သေမျိုးတွေက ဒီလို လေပေါ်မြှောက်နေတဲ့ စိတ်ထားတွေကို နားမလည်နိုင်ဘူးလေ"
ဆယ့်နှစ်နာရီခွဲအချိန်တွင် ဟယ်ချိုးပိုင်၏ မျက်နှာ ဆက်ပြီး မှောင်မဲမနေတော့ပေ။ ဖန်ဟွိုက်က မန်နေဂျာနှင့် လက်ထောက် သုံးယောက် ခေါ်ကာ နောက်ကျမှ ရောက်ချလာသည်။
ဖန်ဟွိုက်က ယွီနျန်ကို တိုးတိုးလာပြောသည်။ "ကြည့်လေ... တစ်ယောက်က ရေခွက်၊ တစ်ယောက်က အဝတ်တွေနဲ့ အခြားတစ်ယောက်က ဖုန်းကိုင်ပေးထားရတာ... ငါ့မိဘတွေတောင် ဒီလောက် ဟိတ်ဟန်မများဘူး"
ယွီနျန်က သိပ်ပြီး စိတ်ထဲမထားသော်လည်း ရှားမင်ရှီ၏ အမူအယာနှင့် လေသံက စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားရသဖြင့် စကားဆက်ပြောနေခဲ့သည်။
လူငါးယောက်က အဝတ်လဲခန်းတွင် စုစည်းမိကြသောအခါ ဖန်ဟွိုက်၏ လက်ထောက်တစ်ယောက်က လက်ဆောင်များ ဝေပေးနေခဲ့သည်။ "ဒါက ဖန်ဟွိုက် ရှင်တို့ကို ပေးတဲ့ လက်ဆောင်လေးပါ... နောက်ကျရင် အဆင်ပြေပြေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်"
ရှားမင်ရှီက လက်ဆောင်ပုံးကို လက်ခံလိုက်ပြီး ယွီနျန်ကို တိုးတိုး ပြောလိုက်သည်။ "ဖန်ဟွိုက်တောင် ဒီထဲ ဘာရှိလဲ သိမှာ မဟုတ်ဘူးဆိုတာ ငါကျိန်ပြောရဲတယ်"
ယွီနျန်က စာသားများ အလွတ်ကျက်ရန် ကြိုးစားနေဆဲ ဖြစ်ပြီး ထိုစကားများကို ကြားသောအခါ သူ ပြန်ပြောလိုက်သည်။ "သူသိသိ မသိသိ စေတနာနဲ့ ပေးတာပဲလေ"
ရှားမင်ရှီလည်း ထိုသို့တွေးမိသည်။ "ဟုတ်တာပဲ" ထို့နောက် လက်ဆောင်ပုံးကို စားပွဲပေါ်သို့ ချထားလိုက်သည်။ ယွီနျန် စာသားများ အပြင်းအထန် ကျက်နေသည်ကို မြင်သောအခါ ဟိုဟိုသည်သည် လျှောက်ကစားနေ၍ မကောင်းဟု ခံစားလိုက်ရသဖြင့် နားကြပ်ကို ထုတ်၍ သီချင်းနားထောင်နေလေသည်။ တစ်ခဏအကြာ အဝတ်လဲခန်းက တိတ်ဆိတ်၍ သွားပြီး ကျောက်ရော့နှင့် ရှုရွှမ်တို့ စကားတီးတိုးပြောနေသည်ကိုသာ အချိန်နှင့်အမျှ ကြားနေရသည်။
****
စာရေးသူမှာ ပြောစရာ ရှိပါတယ်:
မစ္စတာရွှယ်: ဘာလို့ ငါ့နာမည် ပါမလာရတာလဲ...