အပိုင်း ၉
Viewers 11k

Chapter 9

ငါ့ဘဝကို စာသားပြတဲ့စက်က ပေးထားတာ



ညနေပိုင်း ခုနစ်နာရီခန့်တွင် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာပြီး ပရိတ်သတ်များနှင့် ဒိုင်လူကြီးများက ပွဲကျင်းပရာ ခန်းမအတွင်း စတင် ဝင်ရောက်လာကြလေသည်။ ယွီနျန်က အဆုံးသတ် ဆံပင်ပုံသွင်းခြင်းကို လုပ်ဆောင်နေသည်။ ရှားမင်ရှီက သူ့ထက်အရင်ပြီးသွားသဖြင့် သူ၏ ဘေးတိုက်မျက်နှာကို တွေဝေးငေးမောလျက် ကြည့်နေလေသည်။


ယွီနျန်က ဘေးဘက်ကို တစ်ချက် ကြည့်ကာ သတိပေးလိုက်သည်။ "ရှားမင်ရှီ မင်းနားကြပ် ပြုတ်ကျတော့မယ်"


"အာ... အိုးအိုးအိုး" ရှားမင်ရှီက နားကြပ်ကို ဘေးနားသို့ ပစ်လွှင့်လိုက်ပြီး ယွီနျန်ကို ထပ်ကြည့်ကာ သက်ပြင်းချလိုက်သည်။ "ငါ မှန်ကြည့်မိတိုင်း ငါ့ကိုယ်ငါ အရမ်းချောတာပဲလို့ တွေးနေခဲ့တာ... ဒီနေ့ မင်းကို တွေ့လိုက်ရမှပဲ မင်းက ပထမနေရာ ဖြစ်သင့်တယ်လို့ ခံစားလိုက်ရတယ်... ငါက ဒုတိယပဲ... ငါလက်ခံပါတယ်လေ"


မိတ်ကပ်ပညာရှင်လေးက စိတ်ပျော်ရွှင်နေသည်။ "မင်းတို့နှစ်ယောက်လုံးက စတိုင်ရော အရှိန်အဝါရော ကွဲတယ်လေ... မင်ရှီက တောက်ပဝင့်ကြွားနေတဲ့ ပုံစံ... ယွီနျန်က နူးညံ့ပြီး ထင်ရှားလွန်းတဲ့ ပုံစံပဲ... နှစ်ယောက်လုံး ကိုယ်စီ ချောကြပြီးသားပါ"


ယွီနျန်ကလည်း ပြုံးလိုက်ပြီး မှန်ထဲမှ တဆင့် သူ့ကို ကြည့်လိုက်သည်။ "ငါတို့ တစ်နေ့လုံး အချင်းချင်းမြှောက်ပင့်လာတာ... ဒါတောင် မင်းမှာ မြှောက်ပင့်ဖို့ တခြားနည်းလမ်းတွေ ရှိသေးတာပဲ"


ရှားမင်ရှီက ခေါင်းမော့ထားလိုက်လေသည်။ "ဒါပေါ့ ငါက တစ်နေ့လုံး ကြွားဆိုလည်း ကြွားနိုင်တယ်... ငါ ဒါကို ဘာကိုမှ စိတ်ထဲမထားဘဲ လုပ်ဆိုလည်း လုပ်နိုင်တယ်နော်... မင်းတစ်ယောက်တည်း အရည်အချင်း ရှိတာ မဟုတ်ဘူး" 


သူ ပြောပြီးနောက် အလေးအနက် အမူအယာဖြင့် ထပ်ပြောလာပြန်သည်။ 


"ယွီနျန်... တစ်နေ့ကျရင် မင်း သေချာပေါက် အောင်မြင်လာမှာ... အရမ်း အရမ်းကို အောင်မြင်လာမှာ"


ယွီနျန်က အသက်ပြင်းပြင်းရှုကာ ရှားမင်ရှီကို ကြည့်လိုက်သည်။ "ဒါဆို အတူတူကြိုးစားကြတာပေါ့"


စောင့်ဆိုင်းကာလက 8နာရီတွင် စတင်သည်။ ယခင်က မဲနှိုက်ထားမှုအရ ကျောက်ရော့က ပထမနေရာ၊ ရှားမင်ရှီက ဒုတိယနေရာ၊ ဖန်ဟွိုက်က တတိယနှင့် ရှုရွှမ်းက စတုတ္ထ ဖြစ်ကာ ယွီနျန်က နောက်ဆုံး ဖြစ်သည်။ ဖျော်ဖြေပွဲ ပြီးနောက် တိုက်ရိုက် ကြည့်ရှုမှုမှ မဲပေးရလဒ်ဖြင့် လူတစ်ယောက်ကို ချက်ချင်း ထုတ်ပယ်မည် ဖြစ်သည်။


ကျောက်ရော့ စင်နောက်သို့ ထွက်သွားသောအခါ ရှားမင်ရှီလည်း ထွက်သွားပြီး အဝတ်လဲခန်းထဲ၌ လူသုံးယောက်သာ ကျန်နေလေတော့သည်။ 


ယွီနျန်က ဖန်ဟွိုက်နှင့် ဘေးချင်းကပ်ရက် ထိုင်နေကြောင်း တွေ့လိုက်ရသဖြင့် ဖော်ဖော်ရွေရွေ ပြုံးကာ နှုတ်ဆက်လိုက်သည်။ "ဟယ်လို"


ဖန်ဟွိုက်က စိတ်ကြီးဝင်ဟန်ဖြင့် ခေါင်းငြိမ့်ပြလာပြီး ယွီနျန်ကို ကြည့်လိုက်သည်။ "မင်းလို လူသစ်လေးတွေက အကိုင်းမြင့်မြင့်တွေကို အူယားဖားယား တွယ်တက်မနေသင့်ဘူး... မတော်ရင် အကျနာတတ်တယ်"


ယွီနျန်က စာသားစာရွက်ကို တစ်ခဏမျှ ကိုင်ထားပြီး ဖန်ဟွိုက် ဆိုလိုချင်သည့် စကားကို နားလည်သွားသောအခါ မျက်လုံးထဲမှ နူးညံ့သော အပြုံးတို့က အေးစက်သွားလေသည်။ "ကျွန်တော် ဘယ်သူနဲ့ သူငယ်ချင်း ဖြစ်ဖြစ် ခင်ဗျား စိတ်အနှောက်အယှက် ဖြစ်စရာ မလိုပါဘူး"


ဖန်ဟွိုက်က အနည်းငယ် စိတ်ဆိုးသွားသော်လည်း အေးဂျင့်၏ စကားများကို အမှတ်ရမိသွားသောအခါ ပြန်ထိန်းထားလိုက်ပြီး ပြောလိုက်သည်။


 "တည့်တည့်ပဲ ပြောရအောင်... ငါမင်းနဲ့ လက်တွဲမလို့ပဲ... ရှားမင်ရှီက နောက်ခံလည်း ရှိတော့ သူက ငါတို့အတွက် ပြဿနာ အရှိဆုံး ပြိုင်ဘက် ဖြစ်လာလိမ့်မယ်... မင်းသာ ငါနဲ့ ပူးပေါင်းလိုက်ရင်..."


ယွီနျန်က ဖန်ဟွိုက်၏ စကားကို ဖြတ်ပြောလိုက်သည်။ "ခင်ဗျား အထင်မှားနေပြီ"


ယွီနျန်က ကျော့ရှင်းနေသည့် အနက်ရောင် ဖဲပြားတစ်ခုကို ဖြူဝင်းပြီး ပိန်ပါးနေသည့် လက်ကောက်ဝတ်တွင် စည်းနှောင်ထားသည်။ ယွီနျန် အနက်ရောင် ဖဲသား ရှပ်အင်္ကျီ၏ ကော်လားကို ပြန်ညှိကာ အေးတိအေးစက် ပြုံးနေလေသည်။


 "ပထမတစ်ချက်က ရှားမင်ရှီကို ရင်ဆိုင်ဖို့ ကျွန်တော် ခင်ဗျားနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး... ဒုတိယ တစ်ချက်က ခင်ဗျားအတွက် ရင်ဆိုင်ရအခက်ဆုံး ပြိုင်ဘက်က ကျွန်တော်ပဲ"


ထိုအချိန်မှာပင် ဖန်ဟွိုက်၏ လက်ထောက်လေးက အလျင်အမြန် ပြေးဝင်လာလေသည်။ နှစ်ယောက်ကြားမှ တင်းမာနေသော လေထုကို သတိပြုမိသောအခါ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အစ်ကိုဖန်... စင်နောက်မှာ စောင့်နေသင့်ပြီ... အစ်ကို့အလှည့် ရောက်တော့မယ်"


ဖန်ဟွိုက်က ယွီနျန်ကို တစ်ချက်ကြည့်လိုက်ပြီး အေးတိအေးစက် နှာမှုတ်ကာ လှည့်ထွက်သွားသည်။


ယွီနျန်က ခပ်မတ်မတ် ရပ်လိုက်ရင်း မျက်လုံးများကို နှစ်စက္ကန့်လောက် ပိတ်ကာ "ဖန်ဟွိုက်" ဟူသော လူအကြောင်း အားလုံးကို ခေါင်းထဲမှ ရှင်းထုတ်လိုက်ပြီးနောက် သူ့ရှေ့မှ စာသားစာရွက်ပေါ်မှာသာ ပြန်ပြီး အာရုံစိုက်ထားလိုက်သည်။


စာသားများကို မှတ်သားနိုင်စွမ်းက အလွန်ဆိုးရွားကြောင်း အမြဲတမ်း သူ သတိထားမိခဲ့သည်။ ထို့ကြောင့် ခက်ခဲသည့်စကားလုံးများ သိပ်မပါဟု တွေးမိသည့် နာမည်ကျော် အမျိုးသမီး အဆိုတော် ယွီချင်း၏ "တောရိုင်း" ဟူသော သီချင်းကို ရွေးထားခဲ့သည်။ သို့သော်လည်း စာသားများကို ယခုထိ မမှတ်မိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။


အင်း စာသားပြစက်ကိုပဲ မှီခိုရတော့မယ် ထင်တယ်...


စောင့်ဆိုင်းချိန်က သိပ်မကြာလွန်းသော်လည်း သူက နောက်ဆုံးမှ ဖျော်ဖြေရမည် ဖြစ်၍ အဝတ်လဲခန်းမှ လူများ အားလုံး ထွက်သွားသည်အထိ စောင့်နေရသည်။


ယွီနျန်က မူလတွင် သူ အရမ်းစိတ်လှုပ်ရှားနေမည်ဟု တွေးထားခဲ့သော်လည်း စတိတ်စင်နှင့် နီးလေလေ ပိုပြီး စိတ်ငြိမ်လာလေလေ ဖြစ်သည်။မိုက်ခွက်ပါ နားကြပ်ကို တပ်လိုက်သောအခါ နှလုံးခုန်သံများပင် တည်ငြိမ်သွားလေသည်။ 


စတိုင်လစ်က သူ့ကို အဆုံးသတ် ချိန်ညှိမှုများ လုပ်ပေးနေသည်။ အရာအားလုံး နေသားတကျ ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ ယွီနျန်က လက်ကောက်ဝတ်မှ ထွင်းဖောက်မြင်ရလုနီးပါး အနက်ရောင် ဖဲကြိုးကို ဖြုတ်၍ ဘယ်ဘက်နားရွက်မှ စကာ ညာဘက်နားရွက်ကို ဖြတ်၍ မျက်လုံးကို စည်း၍ ချည်ထားလိုက်သည်။


အသေအချာ စည်းပြီးသွားသည်ကို တွေ့သောအခါ ခေါင်းကို အနည်းငယ် စောင်းလိုက်ရင်း သူ့ရှေ့မှ မှုန်ဝါးဝါး အမြင်ကို ဆန်းစစ်ကြည့်လိုက်လေသည်။ ထို့နောက် စတိုင်လစ်ထံမှ အသက်ပြင်းပြင်း ရှူလိုက်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။


ယွီနျန်၏ နှူတ်ခမ်းလေးများ ကွေးတက်သွားပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက ဖဲကြိုးကို ဖြတ်ကာ စတိုင်လစ်ကို ကြည့်၍ မေးလိုက်သည်။ "ဘယ်လိုနေလဲ"


"ထင်ထားတာထက် ပိုကောင်းတယ်" စတိုင်လစ်က အနက်ရောင် မျက်လုံးစည်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် ယွီနျန်၏ ဖြူဖွေးနေသော အသားအရည်ကို ကြည့်ကာ ချီးမွမ်းလိုက်သည်။ "အရမ်း ကြည့်ကောင်းတယ်... သွားရအောင်"


"ဟုတ်" ယွီနျန်က မိုက်ကို နောက်ဆုံးအကြိမ် ချိန်ညှိလိုက်သည်။ "ကျေးဇူးပါ"


ယခုတွင် သူစင်ပေါ်သို့ တက်ရန် အလှည့်ကျလာလေပြီ...


မြင့်တက်လာသည့် စင်မြင့် ရပ်သွားသောအခါ ယွီနျန်က မှုန်မှုန်ဝါးဝါး အမြင်နှင့် ယခင်က အစမ်းလေ့ကျင့်မှုများတွင် မှတ်သားထားခဲ့သည့် ပုံရိပ်များဖြင့် စင်ပေါ်တွင် မြဲမြဲ ရပ်လိုက်သည်။ ထိုအချိန်မှာပင် မရေတွက်နိုင်သော အလင်းရောင်များ သူ့အပေါ် ဖုံးအုပ်လာပြီး သူကသာ စင်ပေါ်တွင် တစ်ခုတည်းသော အာရုံစိုက်ရာ အချက်အချာ ဖြစ်လာသည်။


ဒါရိုက်တာက screen ပေါ်တွင် ခပ်မြန်မြန် အနီးကပ်ဆွဲရိုက်လိုက်သည်။ 


ယွီနျန်၏ ပုံရိပ်လေးက သွယ်လျပြီး ခပ်မတ်မတ် ဖြစ်နေကာ အနက်ရောင် ဘောင်းဘီရှည်များကို ဘွတ်ဖိနပ်တိုလေးထဲသို့ ထည့်ဝတ်ထားသဖြင့် ခေါက်ချိုးညီသော ခြေသလုံးသားများကို ထင်းထွက်သွားစေသည်။ ဖဲသားရှပ်အင်္ကျီ၏ အပေါ်ကြယ်သီးနှစ်လုံးကို ဖြုတ်ထားပြီး စွဲဆောင်မှု ရှိသော ညှပ်ရိုးလေးကို ပေါ်လွင်သွားစေသည်။အင်္ကျီလက်များကို တံတောင်ဆစ်ထိ ခေါက်တင်ထားသဖြင့် ကြွက်သားတို့ ပြည့်နေသည့် လက်ဖျံ၊ ပိန်ပိန်ပါးပါး လက်ကောက်ဝတ်လေးနှင့် သွယ်လျသော လက်ချောင်းလေးများ ထင်ပေါ်သွားလေသည်။


အခက်ခဲဆုံးအရာမှာ သူ့မျက်နှာလေးကို အကြည့်လွဲလိုက်ရန် ဖြစ်သည်။ အနက်ရောင်စက မျက်လုံးများကို ကာထားသော်လည်း သူ့အသွင်အပြင်ကို မပျက်စီးသွားစေပဲ ခပ်မိုက်မိုက် ပုံစံ ဖြစ်သွားစေပြီး ပို၍ အရောင်လွင်သွားစေသလိုပါပင်။


ကြည့်ရှုသူများ၏ တိတ်ဆိတ်မှုအောက်တွင် သွက်လက်သော တယောသံ ထွက်ကျလာသည်။ အသက်ရှုသံ အချို့ ထွက်ကျလာပြီးနောက် အလွန်ရှင်းလင်းသည့် အသံတစ်သံက စက်ပစ္စည်းများကို ဖြတ်၍ စတူဒီယိုထဲတွင် ပျံ့လွင့်လာခဲ့ပြီး လူတိုင်း၏ အသက်ရှုသံကို ချက်ချင်း ဖမ်းဆုပ်မိသွားလေသည်။


မုန့်ယွမ်က စတိတ်စင်အောက်တွင် ရပ်နေသည်။ သူက စင်မြင့်အလယ်တွင် ရပ်နေသည့် ယွီနျန်ကို ကြည့်ကာ မနေနိုင်ဘဲ ရယ်မောမိလေတော့သည်။


ဒါ သူရွေးထားတဲ့သူပဲ...


အနက်ရောင် ပိတ်စက စတိတ်စင်ထက်တွင် ငွေရောင်သန်း၍နေသည်။ မျက်လုံး အစွန်းနားထိ ဝဲကျနေသည့် အနက်ရောင် ဆံနွယ်များ၊ ထင်းထွက်နေသည့် နှာတံဖြောင့်လေး၊ အနားသတ်များ ထင်းနေသည့် နှုတ်ခမ်းပါးတစ်စုံ၊ ပြီးပြည့်စုံသည့် မေးရိုး၊ ပြီးနောက် မျက်လုံးများကို အုပ်ထားလိုက်သည့်အခါ လူတိုင်း၏ အမြင်ကို တမူထူးခြားသွားရစေသည်။


ယွီနျန်၏ အသံက အလွန် ရှင်းလင်းနေပြီး အကလှုပ်ရှားမှုများက စည်းချက်ညီကာ ခန္ဓါကိုယ်ရှိ ကြွက်သားတိုင်းက သူ့အမိန့်ကို နာခံနေကြပေသည်။


မုန့်ယွမ်က မိုးချုပ်သွားပြီးနောက် 33ထပ်သို့ တက်သွားမိသည့် နေ့တစ်နေ့ကို အမှတ်ရမိသွားသည်။ ထိုအခိုက် အကလေ့ကျင့်ခန်း၏ မီးများ ပွင့်နေလေသည်။


ယွီနျန်မှာ ပင်ပန်းနေသည်ကို သတိပြုမိခြင်း မရှိပေ။ လေ့ကျင့်ပြီးသွားသောအခါ ကြမ်းပြင်ပေါ်သို့ ပင်ပန်းနွမ်းနယ်စွာဖြင့် လဲချလိုက်သည်။ သို့သော်လည်း မိနစ်အနည်းငယ် ကြာသောအခါ ကိုယ့်ဘာသာ ပြန်ထလာပြီး ဆက်လေ့ကျင့်သည်။


ထိုသူက သူမြင်ဖူးသမျှထဲတွင် အရည်အချင်းအရှိဆုံးနှင့် အကြိုးစားဆုံး အနုပညာသမားများထဲမှ တစ်ယောက် ဖြစ်ပေသည်။ 


သီချင်း အထွဋ်အထိပ်သို့ ရောက်သောအခါ ယွီနျန်၏ ခါးသိမ်သိမ်လေးက အားသုံး၍ လှည့်လိုက်ပြီး ဘယ်လက်ကို မြှောက်၍ အနက်ရောင် မျက်လုံးစည်းကို ခပ်ဖွဖွ ဆွဲချွတ်လိုက်လေသည်။ နောက်တစ်စက္ကန့်တွင် အကာအရံ မဲ့သွားပြီး လူတိုင်း၏ ရှေ့တွင် မျက်စိ ဖမ်းစားဖွယ် မျက်ဝန်း တစ်စုံ ထွက်ပေါ်လာလေသည်။


ယွီနျန်က ကင်မရာကို ကြည့်၍ ရယ်ပြလိုက်ပြီး သူ့မျက်လုံးများက ကြယ်စုတန်းမှ လက်တစ်ဆုပ်စာ ရေစက်များကို ကိုင်စွဲထားသလိုပါပင်။


မုန့်ယွမ် ပရိတ်သတ်များထံမှ အာမေဋိတ်သံနှင့် အော်ဟစ်သံများ ကြားလိုက်ရသည်။


ယွီနျန်က လူထောင်ပေါင်းများစွာ၏ အာရုံအလုံးစုံကို လက်ခံရရှိရန်အတွက် စင်မြင့်ထက်တွင် ရပ်နေသင့်သည့် လူတစ်ယောက် ဖြစ်သည်။ 


ရှိုးကို မထုတ်လွှင့်ရသေးသော်လည်း မုန့်ယွမ်က သူရေးထားသော မူကြမ်းကို ဖြန့်ဝေနိုင်လောက်သည်ဟု ကောက်ချက်ချထားပြီးလေပြီ။


သီချင်းက သိပ်မကြာဘဲ အဖွင့်သီချင်းပါပေါင်းမှ လေးမိနစ်ခန့်သာ ကြာသည်။ နောက်ဆုံး တီးလုံးကျလာသောအခါ ယွီနျန်က ရပ်မြဲသာ ရပ်နေသည်။ နောက်တွင် စင်ပေါ်၌ ပစ်လွှင့်ထားသော အဝတ်စကို ကောက်ယူ၍ လက်တွင် ချည်လိုက်သည်။ ထို့နောက် ပရိတ်သတ်များထံ မျက်နှာမူ၍ လေးလေးနက်နက် ဦးညွှတ်လိုက်လေသည်။ 


ချွေးစိုနေသော ဆံနွယ်လေးများက သူ လှုပ်ရှားသည့်နောက် လွင့်နေကြပြီး အနည်းငယ် နီရဲနေသော မျက်လုံးလေးများကို လှစ်ဟပြလာခဲ့သည်။ "ဟယ်လို အားလုံးပဲ... ကျွန်တော်က ယွီနျန်ပါ"


မကြာခင်ကမှ ကရင်း သီချင်းဆိုခဲ့သဖြင့် သူ မောဟိုက်နေဆဲ ဖြစ်သည်။ အသက်ရှုသံ တဖြည်းဖြည်း နှေးလာသောအခါ ပရိတ်သတ်များဘက်သို့ စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ "လူတိုင်းပဲ... ကျွန်တော့်ကို တုံ့ပြန်ချက်လေးတွေ ပေးလို့ရမလား"


နောက်တစ်စက္ကန့်တွင် ပရိတ်သတ်များထံမှ နားအူစေနိုင်လောက်သော အော်ဟစ်သံများ ဟိန်းထွက်လာခဲ့လေသည်။


ယွီနျန်က လက်ဖဝါးကို နားနောက်တွင် ထားကာ ပြုံးရယ်လျက် မေးလိုက်သည်။ "ပိုပြီး ကျယ်ကျယ်လေး" 


“ယွီနျန်…….ယွီနျန်….…”


ယွီနျန်က လက်များကို ပြန်ချ၍ မိုက်ပါ နားကြပ်၏ နေရာကို သေချာ ပြန်ချိန်လိုက်ပြီး ပြုံးရယ်လိုက်ပြန်သည်။ "ရှိနေကြတဲ့ သူတိုင်း ကျွန်တော့်ကို သိသွားကြပြီလို့ ခံစားရတယ်" 


သူက ပါးလေးများကို ပုတ်ကာ အသက်ရှုထုတ်လိုက်သည်။ 


"ကျွန်တော် ခုနက ကပြသွားတဲ့ အကနဲ့ သီချင်းကို လူတိုင်းကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်" 


ပရိတ်သတ်များက အားတက်သရော ပြန်ဖြေကြလေသည်။ “ကြိုက်ပါတယ်——”


အဆက်မပြတ် လှုပ်ရှားလိုက်ရသဖြင့် ယွီနျန်၏ နှလုံးခုန်သံက အလွန် မြန်ဆန်နေဆဲ ဖြစ်သည်။ သူက လင်းချင်းနေသော ခန်းမကြီးကို ကြည့်ကာ ပြောစရာစကားများ ရုတ်တရက် ပျောက်သွားသဖြင့် ထပ်ပြီး ဦးညွှတ်လိုက်သည်။ 


သူက ဝန်ထမ်းတစ်ယောက်နောက်မှ လိုက်ကာ စင်နောက်မှ နားနေခန်းဆီသို့ လျှောက်လာခဲ့သည်။ ယွီနျန်က ကမ်းပေးလာသော ရေဘူးကို ယူ၍ ဘူးတစ်ဝက်ကို တစ်ကျိုက်တည်း သောက်လိုက်လေသည်။ 


အချို့လူများက မေးလာကြသည်။ "မင်းရဲ့ ဖျော်ဖြေမှုကို ဘယ်လို အဆင့်သတ်မှတ်မလဲ...


ယွီနျန်က လက်ကောက်ဝတ်တွင် ချည်ထားသော အဝတ်စကို အပြုံးလေးတစ်ခုဖြင့် ဆွဲဖြုတ်လိုက်သည်။ "ကျွန်တော် ဆင်းလာတော့ ကျွန်တော့် မန်နေဂျာ ပြုံးနေတာ တွေ့တယ်... ဒါဆို တော်တော်လေး ကောင်းလို့ပဲနေမှာပါ... ဟုတ်တယ်မလား"


ကင်မရာက ရိုက်ကူးနေဆဲ ဖြစ်သည်။ယွီနျန်က ကင်မရာကို ကြည့်ကာ တွေးကြည့်လိုက်ပြီးနောက် ညာလက်ကို မြှောက်ပြီး ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။ "ကျွန်တော် ကျန်နေခဲ့ဖို့ မျှော်လင့်တယ်" 


နားနေခန်း တံခါး ပွင့်သွားသောအခါ ပုံရိပ်လေး တစ်ခုက အပြေး ထွက်လာပြီး သူ့ကို ဖက်တွယ်လာခဲ့သည်။ ယွီနျန် ခြေတစ်လှမ်း ဆုတ်ကာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရသည်။

 "ရှားမင်ရှီ... ဘာလို့ ဒီလောက်အားသန်နေရတာလဲ"


ရှားမင်ရှီက ယွီနျန်၏ စကားကို ဂရုစိုက်ဘဲ စိတ်အားထက်သန်စွာ ပြောနေလေသည်။ "ဘုရားရေ... မင်းရဲ့ ဖျော်ဖြေမှုက အရမ်း အံ့သြဖို့ ကောင်းတာပဲ... အဲ့ဒါက..." 


သူက သုံးနှုန်းစရာ စကား မစဥ်းစားနိုင်တော့သဖြင့် လက်ကို ဆန့်တန်း၍ လက်ဟန် ပြလိုက်ရသည်။ 


"... အရမ်းမိုက်တာ"


ကင်မရာရိုက်ကူးနေသဖြင့် ဆိုဖာထက်တွင် ထိုင်နေသည့် ကျောက်ရော့၊ ရှုရွှမ်းနှင့် ဖန်ဟွိုက်တို့ အားလုံး အချင်းချင်း ဂုဏ်ပြုစကား ပြောပေးလိုက်ကြရသည်။ ယွီနျန်က သူတို့ကို ကျေးဇူးတင်စကား ပြန်ပြောလိုက်ပြီး အချင်းချင်း မြှောက်ပင့်နေကြသည့် ခင်မင်စရာ မြင်ကွင်းလေးကို ဖြည့်ဆည်းပေးလိုက်ရသည်။ 


နားနေခန်းတွင် ချိတ်ထားသည့် screenထက်၌ ဒိုင်လူကြီးများနှင့် ပရိတ်သတ်များက အမှတ်ပေ

းနေခဲ့ကြလေသည်။ ဒီအပိုင်းအတွက် ရိုက်ချက်များစွာ မရှိသည်ကို အခွင့်ကောင်းယူ၍ လူငါးယောက်သားက စကားရပ်ကာ ရလဒ်ကို တိတ်တဆိတ် စောင့်မျှော်နေခဲ့ကြလေသည်။