အပိုင်း ၁၀
Viewers 11k

Chapter 10



ရှားမင်ရှီက ငြိမ်ငြိမ် မထိုင်နိုင်တော့ဘဲ ယွီနျန်ဘေးသို့ ရွှေ့ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ငါ သိချင်တာ ရှိလို့"


ယွီနျန်က screenလေးကို ကြည့်ရင်း သူ့ဘေးသို့ စောင်းပေးလိုက်သည်။ "ဘာမေးမလို့လဲ"


ရှားမင်ရှီ: "မင်း မျက်လုံး စည်းထားတာ စာသားပြစက်ကို ဘယ်လို မြင်ရတာလဲ"


ယွီနျန်၏ အသံက ပို၍ပင် တိုးသွားပြီး ရှက်ရွံ့နေပုံလည်း ပေါ်သည်။ "မျက်လုံးစည်းနဲ့ သီချင်းဆိုရမဲ့ စာသားတွေကို အကြိမ်အများကြီး အလေးပေးပြီး ကျက်ထားတာ... ကျန်တဲ့ စာသား တစ်ဝက်ကိုတော့ စာသားပြတဲ့ စက်ပေါ်မှာပဲ အားကိုးထားရတာပဲ" 


ရှားမင်ရှီက သူ့ပေါင်ကို ရိုက်ချလိုက်သည်။ "ရယ်လိုက်ရတာ... နျန်နျန်ရာ"


ယွီနျန်က သက်ပြင်းချလိုက်သည်။ "မင်း မသိလို့... ဆိုနေတုန်းက နှစ်ကြောင်းလောက် မေ့တော့မလို ဖြစ်သွားတာ... အဲ့အချိန်တုန်းကလေ ငါ တကယ်ကြီး မျက်လုံးစည်းကို ကြိုချွတ်ပြီးတော့ စာသားပြတဲ့ စက်ကို ကြည့်ချင်သွားတာ... တစ်ချက်ပဲလေ"


ထိုအခိုက်တွင် ယွီနျန်က တစ်စုံတစ်ခုကို သဘောပေါက်နားလည်သွားလေသည်။ "ငါ့ဘဝကို စာသားပြစက်က ပေးထားတာပဲ"


ရှားမင်ရှီမှာ ရယ်သံကို ထိန်းမထားနိုင်တော့ပေ။


ဆယ့်ငါးမိနစ်အကြာ ဝန်ထမ်းများက လူငါးယောက်ကို စင်ပေါ်သို့ ပြန်ခေါ်လာပေးပြီး နံပါတ်စဥ်လိုက် ရပ်နေကြရသည်။ ကျောက်ရော့က ငိုထားပြီး သူမ၏ မျက်လုံးများက နီရဲနေကာ ၎င်းတို့ကို ဖုံးထားရန် ကြိုးစားပါသော်လည်း တစွန်းတစ မြင်နေနိုင်ဆဲ ဖြစ်သည်။ ထို့ကြောင့် သူမက ခေါင်းကို အနည်းငယ် ငုံ့ထားပြီး ကင်မရာကို မကြည့်ရဲတော့ပေ။ 


ကြော်ငြာများကို ပြောပြပြီးနောက် အစီအစဥ် တင်ဆက်သူက ငွေရောင်စာအိတ်လေးကို ဖောက်ကာ လေးထောင့်ကဒ်ပြားလေးကို ဆွဲထုတ်လိုက်ပြီး အမှတ်ပေးရလဒ်များကို ဖတ်လိုက်သည်။


"ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့က အလယ်ကနေ စပြောပြပေးသွားမှာ ဖြစ်ပါတယ်... တတိယနေရာကို အရင်ကြေညာမှာပါ" တင်ဆက်သူက လူအများဘက်ကို ဝေ့ဝဲကြည့်လိူက်သည်။ 


"တတိယ နေရာကတော့ ရှားမင်ရှီပါ ခင်ဗျာ"


ရှားမင်ရှီက အတော်လေး အံ့အားသင့်သွားလေသည်။ သူက ကိုယ့်ကိုယ်ကိုယ် သိသူသာ ဖြစ်သည်။ သူက အဆို အက အရည်အချင်းကို အနည်းငယ်ပင် မဆက်ခံနိုင်ခဲ့၍ တတိယနေရာ ရမည်ဟု မထင်ထားလေရာ ပရိတ်သတ်များဘက်သို့ ကျေနပ်အားရစွာ လက်ယမ်းပြလိုက်ပြီး အလွန်ပင် စိတ်ပျော်ရွှင်သွားလေသည်။ 


"ဒုတိယနေရာကတော့ ရှုရွှမ်းပါ"


ရှုရွှမ်းကလည်း အနည်းငယ် အံ့သြသွားသည်။ မူလတွင် သူမက တတိယ သို့မဟုတ် စတုတ္ထနေရာလောက်သာ ရမည်ဟု တွေးထားခဲ့ပြီး အထူးသဖြင့် ယွီနျန်၏ ဖျော်ဖြေမှုကို ကြည့်ပြီးသွားသောအခါ ပထနေရာအတွက် မပြိုင်လိုတော့ပေ။ မထင်မှတ်ထားစွာဖြင့် ရှားမင်ရှီကို ကျော်၍ ဒုတိယနေရာ ရလာခဲ့သည်။


ထိုအချိန်မှာပင် ကျောက်ရော့က သူမ၏ အဆင့်ကို ကြိုမြင်မိပြီး မျက်လုံးများ နီရဲလာပြန်ကာ ယွီနျန်ကလည်း သူမ၏ ရှိုက်သံသဲ့သဲ့ကို ကြားလိုက်ရသည်။ ဖန်ဟွိုက်ကမူ လက်သီးကို တင်းတင်း ဆုပ်ကာ ခပ်တောင့်တောင့် ရပ်နေရင်း ရလဒ်ကို စောင့်မျှော်နေသည်။ 


"ယခုကတော့ စတုတ္ထနေရာကို ကြေညာပါတော့မယ်" တင်ဆက်သူက ထိုအခြေအနေကို အခွင့်ကောင်းယူကာ စပွန်ဆာပေးသူများကို ကြော်ငြာ ဝင်ပြီးမှ ကြေငြာလေသည်။ "စတုတ္ထနေရာကတော့ ဖန်ဟွိုက်ပါ"


ဖန်ဟွိုက်၏ မျက်နှာ ပြောင်းလဲသွားသော်လည်း ကင်မရာအောက်တွင် ဖြစ်၍ မည်သည့် အပို အမူအယာကိုမှ မပေါ်လွင်စေရပေ။ 


ထိုသို့ ကြေညာပြီးမှသာ ယွီနျန်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်လေသည်။ ပရိတ်သတ်များထဲတွင် သူ့နာမည်ကို တစ်ယောက်ပြီး တစ်ယောက် အော်ခေါ်သံများ ထွက်လာလေတော့သည်။ 


"အခုကတော့ 'သဘာဝရဲ့ သံစဥ်' ဒုတိယ seasonအတွက် ပထမဆုံး အကျော့မှာ ပထမနေရာ ရရှိသွားသူကတော့ ယွီနျန် ဖြစ်ပါတယ်... ကွန်ဂရက် ကျူလေးရှင်းပါ"


……….


ရိုက်ကူးရေး ပြီးဆုံးသွားသောအခါ ငါးယောက်သားက တစ်ယောက်ပြီး တစ်ယောက် ဆင်းလာခဲ့ကြသည်။ ယွီနျန်က ဖန်ဟွိုက်၏ မဲမှောင်နေသော အကြည့်ကို သတိပြုမိသွားသောအခါ ပြုံးပြလိုက်ပြီး လှည့်၍ ဆက်လျှောက်လာခဲ့သည်။


"ယွီနျန်"


ဖန်ဟွိုက် သူ့နာမည် ခေါ်လာသည်ကို ကြားသောအခါ ယဥ်ကျေးစွာဖြင့် ခြေလှမ်း ရပ်ပေးလိုက်သည်၊ "ဘာကိစ္စရှိလို့လဲ"


ဖန်ဟွိုက်၏ မျက်နှာက မဲမှောင်နေပြီး အာဒမ်ပန်းသီး (လည်စိ)ကလည်း တက်လိုက်ကျလိုက် ဖြစ်နေသည်။


 "ဒီတစ်ကြိမ် မင်းသုံးလိုက်တဲ့ လှည့်ကွက်က တစ်ကြိမ်ပဲ ရမယ်... နောက်တစ်ခါကျရင်..."


ယွီနျန်က စကားဖြတ်ပြောလိုက်သည်။ "နောက်တစ်ခါကျရင်လည်း ကျွန်တော်ပဲ ပထမ ဖြစ်နေဦးမှာ"


တစ်ဖက်လူက သူ့ကို အမြင်မကြည် ဖြစ်နေသော်လည်း မသတ်နိုင် ဖြစ်နေရသည့် ခံစားချက်က အတော်လေး အားတက်စေကြောင်း ယွီနျန် ရုတ်တရက် ခံစားလိုက်ရသည်။


 "မယုံရင် နောက်တစ်ခါကျ သေချာကြည့်ထားလိုက်လေ"


သို့သော်လည်း အဝတ်လဲခန်း၏ တံခါးဝကို ဖြတ်လျှောက်လာသောအခါ မုန့်ယွမ်က သူ့ကို ပြေးဖက်လာခဲ့ပြီး အေးစက်နေသည့် အမူအယာများလည်း လွင့်ပါးသွားလေသည်။ 


"ငါပြောမယ်... အနာဂါတ်မှာ မင်း မအောင်မြင်လာဘူးဆိုရင် ဘုရားသခင်တောင် သည်းခံနိူင်မှာ မဟုတ်ဘူး


*****


မနက် နှစ်နာရီ ထိုးသောအခါမှ ယွီနျန် စတူဒီယိုမှ ထွက်လာခဲ့ရသည်။


ထွက်မသွားခင် ရှားမင်ရှီက ဆက်သွယ်ရန် အချက်အလက်များ ဖလှယ်ထားရန် သူ့ကို လှမ်းခေါ်လာခဲ့ပြီး WeChatကို စကန်ဖတ်ရင်းဖြင့် မေးလိုက်သည်။ "စကားမစပ်... အခုတလော အလုပ်များနေလား"


ယွီနျန်က ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည်။ "များတယ်... အတန်းအချိန်ဇယားတွေက အရမ်းကြပ်တာလေ... မနက်ဆို အကသင်တန်း နေ့လည်ဆို အဆိုသင်တန်း ရှိတယ်... ငါ အရင်က အခြေခံ ဗဟုသုတလည်း မရှိ၊ မေဂျာ ယူထားတာလည်း မဟုတ်ဘူးလေ... ဒါကြောင့်မို့ ခုတလော သင်ခဲ့ရတာတွေအပေါ်ပဲ အားထားနေရတာ"


ရှားမင်ရှီက ဖုန်းကို ယမ်းပြလိုက်ပြီး တောက်တောက်ပပ ပြုံးလိုက်သည်။ "ဒါဆို အတူတူ ကြိုးစားကြတာပေါ့... ငါပြန်သွားရင် ငါ့အဖေက အတန်းတွေကို သေချာကြပ်မတ်ပေးတော့မှာ... အချိန်ရရင် တွေ့ကြတာပေါ့"


"ကောင်းပြီလေ... စိတ်ချ"


ရှားမင်ရှီက အေးဂျင့်နောက်သို့ လိုက်၍ အရင် ပြန်သွားနှင့်ပြီး ယွီနျန်နှင့် မုန့်ယွမ်တို့က ဟယ်ချိုးပိုင်ကို သွားနှုတ်ဆက်ကြသည်။


ဟယ်ချိုးပိုင်မှာ ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်လုံးများ နီရဲနေသော်လည်း အလွန် စိတ်တက်ကြွနေပုံပေါ်သည်။ ယွီနျန်ကို မြင်သောအခါ ပုခုံးကို ပုတ်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "မဆိုးဘူး... အလယ်ပိုင်းမှာ မင်း မျက်လုံးစည်းကို ဖြေပြတော့ ရုပ်ပိုင်းဆိုင်ရာ ပြုလုပ်ချက်တွေ အရမ်းကောင်းတယ်... ငါတို့ရဲ့ ဒါရိုက်တာကြီးက မင်းရဲ့ မျက်နှာကို အကြိမ်အများကြီး ရိုက်ထားမိတာ" 


သူက မုန့်ယွမ်ဘက်သို့ လှည့်ပြောလိုက်ပြန်သည်။ "ဆိုနိုင် ကနိုင်ပြီး ဗဟုသုတလည်း ရှိတယ်... ဒီလို ရတနာမျိုး ဘယ်ကနေရှာတွေ့ထားတာလဲ လောင်မင်ရေ"


"တောင်ပေါ်က တူးလာတာလေ" မုန့်ယွမ်က လက်ပိုက်ထားရင်း ဟာသလုပ်လိုက်သည်။ 


"ငါ့လက်ထဲမှာ တစ်ယောက်ရှိနေပြီလို့ မင်းကို ဖုန်းခေါ်ပြီး ပြောပြခဲ့တာပဲ... ရှိုးမစခင်ကတည်းက လာကြည့်ထားတာ ဘယ်သူများလဲ"


"ငါက ရှိုးရဲ့ တာဝန်ရှိသူပဲလေ" ဟယ်ချိုးပိုင်က ရှိုး၏ ကောင်းကင်ထိ မြင့်တက်နေသော ကြည့်ရှုနှုန်းများကို ကြည့်နေရသည့်အလား ယွီနျန်ကို ကြည့်လိုက်သည်။ 


"ရှောင်ယွီ... ပြန်ရောက်ရင် ကောင်းကောင်းနားပြီး နောက်တစ်လှည့်အတွက် အားပြန်ပြည့်အောင်လုပ်... ပြီးတော့ ရှိုးမစခင် လူထုနဲ့ ထိတွေ့နိုင်ဖို့ ပရိုဂရမ်အဖွဲ့ရဲ့ ပရိုမိုးရှင်း လုပ်တဲ့ ဝေ့ပေါ်ကို ပြန်ပြီး မျှဝေဖို့ သတိရအုံး... ဟုတ်ပြီလား"


ယွီနျန်: “ဟုတ်ကဲ့... ဒါရိုက်တာဟယ် ကျွန်တော် မမေ့ပါဘူး... ဒါရိုက်တာလည်း အလုပ်များခဲ့တာပဲ... ကောင်းကောင်း အနားယူပါ"


ဟယ်ချိုးပိုင်က ပြုံးလိုက်ပြီး အလုပ်ဆက်မလုပ်ခင် ယွီနျန်၏ ပုခုံးကို ထပ်ပုတ်ပေးလိုက်သည်။


ကားထဲသို့ ဝင်လာသောအခါ မုန့်ယွမ်က ယွီနျန်ကို စောင်တစ်ထည် ကမ်းပေးပြီး မေးလိုက်သည်။ "ရှားမင်ရှီနဲ့ တွေ့ခဲ့လား"


အလုပ်တက်ရက်များတွင် ယွီနျန်၏ အလုပ်နှင့် အနားယူချိန် အချိန်ဇယားက အလွန် တည်ငြိမ်ပေသည်။ သာမန်အားဖြင့် ဤအချိန်တွင် အိပ်နေပြီ ဖြစ်၍ ဦးနှောက်က အတော်လေး နှေးနှေးကွေးကွေး အလုပ်လုပ်နေပေသည်။ တစ်ခဏကြာမှ သူ ပြန်ဖြေလိုက်လေသည်။ "ဟုတ်... ရှားမင်ရှီက အရမ်းကောင်းတဲ့သူပဲ... ကျွန်တော်တို့ စကားတွေ အများကြီး ပြောခဲ့ကြတယ်"


မုန့်ယွမ်က နှစ်စက္ကန့်လောက် တုံ့ဆိုင်းသွားသော်လည်း သတိပေးလိုက်သည်။ "သူ့မိဘတွေရဲ့ အဆင့်အတန်းလည်း ရှိသေးတယ်... မင်း သူနဲ့ အဆင်ပြေနေရင် လူတချို့က မင်းကို သေချာပေါက် လှောင်နေကြလိမ့်မယ်"


ယွီနျန်က မတိုင်ခင်က ဖန်ဟွိုက် ပြောခဲ့သည့် စကားကို အမှတ်ရသွားသော်လည်း စိတ်ထဲ မထားပေ။ သူက ထိုင်ခုံတွင်မှီကာ နှုတ်ခမ်းစွန်းလေးများကို ကွေး၍ ပြုံးလိုက်သည်။ "တခြားသူတွေ ကျွန်တော့်ကို မကြိုက်တာက ကျွန်တော့် အပြစ် မဟုတ်ဘူးလေ... သူများတွေ ကျေနပ်စေဖို့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် လိမ်နေရမှာလဲ"


စောင်လေးကို လွှမ်းလိုက်ပြီးနောက် သူ့စကားလုံးများက ခပ်ဝါးဝါး ဖြစ်လာသည်။ "အစ်ကိုမုန့်... ရောက်ရင် ကျွန်တော့်ကို နှိုးပေးနော်"


မုန့်ယွမ်က ရှစ်ရော့ကို ကားထဲမှ လေအေးပေးစက်၏ အပူချိန်ကို မြှင့်ခိုင်းလိုက်ပြီး ပြောလိုက်သည်။ "အိပ်လေ... ရောက်ရင် နှိုးပေးမယ်" 


သူ နောက်ကို လှည့်ကြည့်လိုက်ရာ ယွီနျန် အိပ်ပျော်သွားသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်မှ မိတ်ကပ်များကို ဖျက်ထားပြီးသား ဖြစ်ပြီး စောင်ခြုံထဲတွင် ခေါင်းလေးကို စောင်းကာ မရင့်ကျက်သေးသော ငယ်ရွယ်နုပျိုသည့် ခံစားချက် ဖြစ်ပေါ်လာစေသည်။ မုန့်ယွမ်က ရုတ်တရက် သိချင်သွားမိသည်။ သူ့မိသားစုက သူ့ကို ဘယ်လိုသင်ကြားပေးထားပါလိမ့်... သူက 21နှစ်ပဲ ရှိသေးတာတောင် ဒီလောက် ရင့်ကျက်နေပြီလား...


မုန့်ယွမ်က မူလတွင် ရှိုးရိုက်ကူးရေး၏ နောက်တစ်ရက်အတွက် ယွီနျန်အား အိမ်၌ အိပ်စက်ရန် နေ့တစ်ဝက် ခွင့်ပေးထားခဲ့သည်။ သို့သော်လည်း နောက်တစ်နေ့မနက်တွင် ယွီနျန်က လေ့ကျင့်ရေးအခန်းကို အချိန်မှန်ရောက်လာလေသည်။


အန်းချောင်က အသီးအရွက် ဖျော်ရည်တစ်ခွက် ကိုင်ထားရင်း ယွီနျန် ဝင်လာသည်ကို မြင်သောအခါ ဟော်ရှင်းကို တံတောင်ဖြင့် တွတ်လိုက်ပြီး ပြုံးရယ်လျက် ပြောလိုက်သည်။ "ငါတို့အားလုံး မှန်းတာ မှန်သွားတယ်... သူ အတန်းချိန်ကို အချိန်မှန် ရောက်လာတာပဲ" 


ယွီနျန်က တံခါးကို လက်နောက်ပြန် ပိတ်ကာ ပုံမှန်အတိုင်း နှုတ်ဆက်လိုက်သည်။ "ဆရာအန်း... ဆရာဟော်... မင်္ဂလာ နံနက်ခင်းပါ"


"သူ စိတ်ကြည်နေသားပဲ" ဟော်ရှင်းက သူ့ကို ကြည့်ပြီးနောကိ စကားများများ မပြောလာပေ။ "သွေးပူအောင် အရင် လုပ်လိုက်... ဒီနေ့က စပြီး ငါတို့ မင်းကို ပိုတင်းကြပ်တော့မှာ"


ယွီနျန်က အသက်ရှူထုတ်လိုက်ပြီး မျက်လုံးများက တလက်လက် တောက်ပနေလေသည်။ "ကျွန်တော် အဆင်သင့် ဖြစ်ပါပြီ"


နောက်ပိုင်း ရက်အနည်းငယ်လောက်က ယခင်ကနှင့် မကွဲပြားပေ။ သူက ရေတစ်ပုလင်းသယ်ကာ လေ့ကျင့်ရေးအခန်းနှစ်ခုအကြား ပြေးလွှားနေရင်း တဖြည်းဖြည်း အခြေခံပိုင်အောင် လုပ်နေခဲ့သည်။


"သဘာဝရဲ့ သံစဥ်" ဒုတိယ season ၏ ပထမဆုံးအပိုင်း မထုတ်လွှင့်ခင်အထိပင်။


ညနေပိုင်းတွင် ယွီနျန်က လေ့ကျင့်ရေးအခန်းသို့ သွားရမည့်အစား မုန့်ယွမ်၏ ရုံးခန်းထဲတွင် မှာယူထားသော အစားအသောက်ဘူးလေးတစ်ခုဖြင့် ထိုင်နေခဲ့သည်။


ပရိုဂရမ်အဖွဲ့က လူထု စိတ်ဝင်စားမှုအတွက် ငွေများစွာ အသုံးပြုထားပြီး ပထမ season၏ ကျန်ရှိနေသေးသော ကျော်ကြားမှုကလည်း ရှိနေသေးသည်။ လွန်ခဲ့သည့် နှစ်ရက်ကတည်းက 'သဘာဝရဲ့ သံစဥ်'က hot searchပေါ် ရောက်နေခဲ့လေပြီ။ သို့သော်လည်း မထုတ်လွှင့်ခင် မိနစ်နှစ်ဆယ် အလိုမှသာ ပရိုဂရမ်အဖွဲ့က တရားဝင်ကြေညာချက်ကို တဖြည်းဖြည်းချင်း စိမ်ပြေနပြေ ပို့ပေးခဲ့ပြီး ပါဝင်သူ အဆိုတော်အားလုံးကို ဖော်ထုတ်လိုက်လေသည်။


မကြာခင် #ဖန်ဟွိုက်ထျန်းလိုင် ဟူသော ခေါင်းစဥ်က ရှာဖွေမှု အများဆုံး နံပါတ်ငါးစာရင်းတွင် ရောက်လာခဲ့သည်။ [T/N: ထျန်းလိုင် ( 天籁 ): သဘာဝရဲ့ သံစဥ်]


မုန့်ယွမ်က လှောင်ရယ်လိုက်လေသည်။ "တစ်ယောက်ယောက်က သူ့ရဲ့ ကျော်ကြားမှုကို ခိုးမှာ ကြောက်လို့များလား... ငါ့ရဲ့ အနုပညာရှင်သာ စတုတ္ထနေရာရရင် hot search ဝင်ဖို့ ဒီလောက်ထိ အလျင်စလို လုပ်နေမှာ မဟုတ်ဘူး" သူက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်လေသည်။


 "ဒါပေါ့... ငါ့အနုပညာရှင်ကလည်း စတုတ္ထနေရာရဖို့ ဖြစ်မှ မဖြစ်နိုင်တာ


ယွီနျန်က တူကို ချကာ ဝီချက်တွင် စကားပြောနေသည်။


ရှားမင်းရှီက မျက်လုံးလှိမ့်နေသည့် emojiလေး ပို့လာခဲ့သည်။ "ငါသာ ဖန်ဟွိုက်ဆိုရင် အခု ချောင်ထဲမှာ တိတ်တိတ်လေး သွားနေမိမှာ... ဒုတိယကနေ နောက်ဆုံးနေရာထိက ဂုဏ်ယူစရာ ရှိလို့လား"


တစ်ခဏအကြာ ဒုတိယ မက်ဆေချ့် ပို့လာပြန်သည်။ "ငါ့မိဘတွေက ငါ့ရဲ့ စတိတ်စင် ပွဲဦးထွက်ကို ကြည့်ဖို့ တီဗီ ဖွင့်ထားကြတယ်... ငါသေချင်နေပြီ... ဒါ လူထုအရှေ့ ကွပ်မျက်တာနဲ့ အတူတူပဲ"


ယွီနျန်၏ ဦးနှောက်ထဲ၌ ပုံရိပ်များဖြင့် ပြည့်သွားပြီး ဟားဟားဟား အတွဲလိုက် ပို့ပေးလိုက်သည်။ 


ရှားမင်ရှီက အာမေဋိတ် သုံးခုအထိ တစ်ဆက်တည်း ပို့လာလေသည်။ "အလိုလေး... ငါကတော့ Traffic သရုပ်ဆောင် တစ်ယောက် ဖြစ်ဖို့ အရည်အချင်း မပြည့်မီဘူး... အဆိုနဲ့ အကက ငါနဲ့ တကယ် မကိုက်ပါလားနော်"

[T/N traffic actor / trafic starဆိုတာ cdrama လောကမှာ သုံးတဲ့ အသုံးအနှုန်းတစ်ခုပါ... ငယ်ရွယ်တဲ့ အိုင်ဒေါလ်တွေကို ခေါ်ကြတာ များပါတယ်... သူတို့ရဲ့ နောက်မှာ traffic (လူအုပ်ကြီး) ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ... သူတို့ ပါဝင်သမျှနေရာတိုင်းမှာ ငွေကြေးကုန်ကျခံပြီး ထောင်ပံ့ပေးမဲ့ သူတို့အပေါ် အလုံးစုံ နစ်မြှုပ်ထားတဲ့ ဖန်အုပ်စုကြီးပေါ့]


တလေးတနက် တွေးကြည့်ပြီးနောက် ယွီနျန်က ပြန်ဖြေလိုက်သည်။ "မင်းရဲ့ ရုပ်ရည်က အရမ်းချောတာပဲကို... သရုပ်ဆောင် လုပ်လို့ ရမှာပဲလေ"


ရှားမင်ရှီက စက္ကန့်အနည်းငယ်အတွင်း ပြန်ဖြေလာသည်။ "ဟုတ်လား... ငါလည်း အဲ့လို တွေးနေတာ... တီဗီကြည့်... တီဗီကိုကြည့်... စနေပြီ"


*****

အနက်ရောင် အနောက်တိုင်း ဝတ်စုံ ဝတ်ထားသည့် ရွှယ်ယုံ ဝင်လာသောအခါ အိမ်ထဲမှ နွေးထွေးသော အလင်းရောင်များ ဖြာကျလာခဲ့သည်။ သူ နှုတ်ဆက်လိုက်လေသည်။ "အမေ... ကျွန်တော် ပြန်လာပြီ"


ရွမ်ယန်မိန်က အဝါနုရောင် လည်ထောင် အင်္ကျီ ဝတ်ထားပြီး ဆိုဖာပေါ်တွင် ထိုင်၍ တီဗီကြည့်နေသည်။ သူမက နူးနူးညံ့ညံ့ ပြုံးကာ ရွှယ်ယုံကို မေးလိုက်သည်။ "နောက်ကျနေပြီ... ညစာစားပြီးပြီလား"


ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည်။ "စားပြီးပါပြီ"


ရွမ်ယန်မိန်က သူမ၏ သားအတွက် စိတ်မကောင်း ဖြစ်သွားသဖြင့် မီးဖိုချောင် ဝန်ထမ်းတစ်ယောက်ကို ခေါ်ကာ စွပ်ပြုတ်တစ်ခွက် တည်ခိုင်းလိုက်သည်။


 "နေ့တိုင်း ဒီလောက်ထိ အလုပ်ပိမခံနဲ့လေကွယ်... ရှောင်းရန်ကို ခေါ်ပြီး အပြင်လေး ဘာလေး ထွက်ဦး"


 ထို့နောက် သူမ ရုတ်တရက် စ

ကားရပ်သွားလေသည်။ ရွှယ်ယုံက လည်စီးကို ဖြေလျော့လိုက်သော်လည်း ပုံမှန်လို အလုပ်များ ဆက်လုပ်ရန် အပေါ်ထပ်သို့ တက်မသွားခဲ့ဘဲ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သောကြောင့်ပင်။