အပိုင်း ၁၁
Viewers 9k

Chapter 11

အိုကေ... ရွှယ်ယုံ... ပျော်သလိုသာ လုပ်တော့...



ရွှယ်ယုံက ကော်ဖီစားပွဲကို ဝေ့ဝဲ ကြည့်လိုက်ပြီး အသီး ပန်းကန်ထဲမှ သစ်သီးတစ်လုံး ယူလိုက်သည်။


 "အမေ့အတွက် အသီးခွဲပေးမယ်"


ရွမ်ယန်မိန်က အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသော်လည်း ပြုံးနေဆဲပင်။ "ကောင်းပြီလေ"


ထိုအချိန်မှာပင် တီဗီထက်၌ အစီအစဥ်တင်ဆက်သူ၏ အသံ ထွက်ပေါ်လာခဲ့သည်။ " "သဘာဝရဲ့ သံစဥ်" ဒုတိယ seasonရဲ့ ပထမပိုင်းကနေ ကြိုဆိုလိုက်ပါတယ်..."


ရွှယ်ယုံက အသီးကို ဖြည်းဖြည်းချင်း ခွာနေသည်။ သူက လှပသော လက်ရာလေးကို ရရှိရန်အတွက် အာရုံစူးစိုက်မှုနှင့် စိတ်ရှည်သည်းခံမှုတို့ ထည့်သွင်းထားသည်ဟု ဆိုနိုင်ပေသည်။ အမြန်နှူန်းက မည်မျှပင် နှေးကွေးစေကာမူ ယွီနျန် စင်ပေါ်သို့ ရောက်လာချိန်တွင် သူ့ရှေ့၌ အခွံခွာထားသော ပန်းသီးများစွာ ရှိနေလေပြီ။ သူက အသီးလှီးဓါးကို ချကာ မည်သည်မှ ဖြစ်သည့်အလား ဟန်ဆောင်ရင်း တီဗီ စကြည့်နေလေသည်။


ရွမ်ယန်မိန်က မူလတွင် သူအလုပ်၌ တစ်စုံတစ်ခု ကြုံတွေခဲ့ရခြင်း ဖြစ်မည်ဟု တွေးမိသဖြင့် မမေးမိပေ။ သို့သော်လည်း ကြည့်ရသည်မှာ... သူမခန့်မှန်းထားသည်နှင့် မတူညီပုံပင်။


ရွှယ်ယုံ၏ အကြည့်နောက်သို့ လိုက်ရင်း တီဗီမျက်နှာပြင်သို့ ရောက်ရှိသွားသောအခါ အနက်ရောင် မျက်လုံးစည်းပဝါ ပတ်ထားသည့် လူငယ်လေးတစ်ယောက်က စင်ပေါ်တွင် ဖျော်ဖြေနေသည်ကို တွေ့လိုက်ရသည်။ ရွမ်ယန်မိန် မဝံ့မရဲ ဆိုလိုက်သည်။ "ယွီနျန်လို့ ခေါ်တဲ့ ကောင်လေးက မျက်လုံးစည်းထားပေမယ့် တော်တော်လေး ကြည့်ကောင်းတယ်"


ရွှယ်ယုံက တီဗီကိုသာ စွဲစွဲမြဲမြဲ ကြည့်နေပြီး ပြန်ဖြေလေသည်။ "အသံက ပိုကောင်းတယ်"


ရွမ်ယန်မိန် အံ့အားသင့်သွားလေသည်။


အိမ်တွင် မတော်တဆ တစ်ခု ဖြစ်သွားပြီးနောက် မိသားစု၏ အားလုံးသော တာဝန်များက ရွှယ်ယုံ၏ ပုခုံးထက်သို့ နေ့ချင်းညချင်းပင် ကျရောက်လာခဲ့သည်။ သူမ၏ သားလေး တစ်ရက်ပြီးတစ်ရက် တိတ်ဆိတ်လာသည်ကို ကြည့်ရင်း မျက်နှာဖုံးတစ်ခု တပ်ကာ မြေခွေးအိုကြီးများနှင့် ရင်ဆိုင်ရန် သင်ယူနေရသည်ကိုလည်း ကြည့်နေခဲ့ရသည်။ သူမသား၏ အပြုံးကို မတွေ့ရသည်မှာ မည်မျှကြာခဲ့ပြီ ဆိုသည်ကိုပင် မမှတ်မိနိုင်တော့ပေ။


သူမက ထိုကိစ္စကို အလွန် စိုးရိမ်နေခဲ့ရသော်လည်း သူမလုပ်ပေးနိုင်သည့်အရာ မရှိပေ။


သူမ၏ အကြီးဆုံးသားနှင့် ခင်ပွန်းကို ဆုံးရှူံးခဲ့ရပြီးနောက် တစ်ဦတည်း ကျန်နေခဲ့သည့် သားဖြစ်သူကို အဆုံးရှုံး မခံနိုင်ပါပေ။


ရွမ်ယန်မိန်က စိတ်ထားသော ပန်းသီးအတန်းလိုက်နှင့် ရွှယ်ယုံ၏ အာရုံစိုက်ထားသည့် မျက်လုံးများကို ကြည့်လိုက်ပြီးနောက် စကားဆက်မပြောတော့ပေ။


ရွှယ်ယုံက ရွမ်ယန်မိန်၏ အကြည့်ကို သတိမပြုမိပေ။ သူက မသိစိတ်မှ တစ်ကိုယ်လုံး ပြေလျော့သွားပြီးနောက် ယွီနျန်၏ သီချင်းဆိုသံကို ဂရုတစိုက် နားထောင်နေရင်း ယွီနျန်ကနေသည်ကိုလည်း တစ်ချက်မှ မလွဲစေရဘဲ ကြည့်နေသည်။


ယွီနျန် သီချင်းဆိုပြီးသွားသောအခါ ရွှယ်ယုံ ထရပ်လိုက်ပြီး အပေါ်ထပ်သို့ တက်ရန် ပြင်လိုက်သည်။ ရွမ်ယန်မိန် သူ့ကို မေးလိုက်သည်။ "ပြိုင်ပွဲရလဒ်ကို မကြည့်တော့ဘူးလား" 


"မလိုပါဘူး" ရွှယ်ယုံက ဆုံးဖြတ်ပြီးသားပင်။ "သူ ပထမ ရမှာ"


စာကြည့်ခန်းထဲသို့ ပြန်ရောက်သောအခါ ရွှယ်ယုံက သူအကြိမ်များစွာ ကြားခဲ့ဖူးသည့် သီချင်းကို ရှာလိုက်သည်။


အဖွင့်ခလုတ်ကို နှိပ်လိုက်သောအခါ မိုက်ခရိုဖုန်း၏ ရှူးရှူးရှဲရှဲသံ ထွက်လာပြီးနောက် လူငယ်လေး တစ်ယောက်၏ ကြည်လင်နေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျွန်တော့်ဘွားဘွား ကွယ်လွန်သွားတယ်... ကျွန်တော် သူ့ကို အရမ်းသတိရနေလို့ သူ့အတွက် သီချင်းတစ်ပုဒ် ဆိုချင်ပါတယ်" စကားပြောပြီးသွားသောအခါ ချိုမြိန်လှသည့် သီချင်းသံလေးကို ကြားလိုက်ရသည်။


၎င်းက သူ အခက်ခဲဆုံး အချိန်များတွင် ထွေးပွေ့ပေးခဲ့သည့် ယွီနျန်၏ အသံလေးပါပင်...


ရွှယ်ယုံက စာကြည့်စားပွဲပေါ်မှ နှင်းဆီပွင့်ချပ်လေးကို ကြည့်ကာ တီးတိုး ပြောလိုက်လေသည်။ 


"နောက်ဆုံးတော့ မင်းနဲ့ တွေ့ခဲ့ရပြီ ..."


....


ရှင်းယောင် အဆောက်အအုံတွင်...


မုန့်ယွမ်က ရုံးခန်းထဲ၌ အသက်ပြင်းပြင်း ရှူ၍ ယွီနျန်ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားမှုများ ဖိနှိပ်ထားရသည်။ "မင်း အရမ်းမိုက်တာပဲ"


"ကျွန်မတို့ ဒါအတွက် hot search ဝယ်စရာ မလိုတော့ဘူး... #ယွီနျန်ထျန်းလိုင် ဆိုတဲ့ topicက နံပါတ်လေးနေရာကို တစ်ခါတည်း ရောက်သွားပြီ" စစ်ရော့၏ မျက်နှာလေးက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး စကားတွေပါ မြန်လာသည်။ 


"ရှိုးပြီးသွားပြီး မကြာခင်မှာပဲ အစ်မရဲ့ homepageမှာ မင်းရဲ့ မျက်လုံးစည်းကို ဆွဲချွတ်လိုက်တဲ့ ပုံတွေချည်း တက်လာနေတာ" သူမက အိမ်မက်မက်နေသလို ခံစားနေရသည်။ "ဒါ စိတ်ခြောက်ချားနေတာ မဟုတ်လောက်ပါဘူးနော်"


မုန့်ယွမ်ကလည်း ပြုံး၍ ပြောလိုက်သည်။ "ဒါပေါ့... စိတ်ခြောက်ချားနေတာ မဟုတ်ဘူး... မင်း ယွီနျန်ရဲ့ ဝေ့ပေါ်ကို ကြည့်လိုက်"


အလွန် လက်မြန်ခြေမြန်ရှိကြသည့် အင်တာနက် သုံးစွဲသူများမှာ ပရိုဂရမ် အဖွဲ့၏ ဝေ့ပေါ်မှ တဆင့် ယွီနျန်၏ homepageကို ရောက်လာကြပြီး ဖန်အရေအတွက်မှာလည်း တမုဟုတ်ချင်းပင် ဂဏန်းခြောက်လုံးထိ ရောက်ရှိသွားသည်။


"သဘာဝရဲ့ သံစဥ်" ပရိုဂရမ် အဖွဲ့၏ တရားဝင် ဘလောခ့်တွင် ကွန့်မန့်ပေါင်းများစွာ ရှိနေလေပြီ။


[သုံးမိနစ်ပေးမယ်... ငါ ယွီနျန်လို့ ခေါ်တဲ့သူရဲ့ အချက်အလက်တွေ အားလုံး သိချင်တယ်]


[အား... ငါက သူ့မျက်လုံးကို စည်းထားတဲ့ အနက်ရောင် အစလေးပဲ... ငါ ဒီမျက်လုံးလေးတွေမှာ ကျဆုံးနေပါပြီ... အမလေးလေး... မျက်လုံးလေးတွေထဲမှာ ကြယ်ပွင့်လေးတွေ တွေ့နေရတယ်ဟေ့]


[ဒါက နတ်ဘုရားအဆင့် ရုပ်ရည်ပဲ... ငါ စခွင်ရှော့တွေ မရပ်မနား ရိုက်မိနေပြီ... HDအကြည်ပုံ တောင်းပါတယ်... မူရင်းပုံလေး မစကြပါ]


[နံပါတ်တစ်နေရာနဲ့ ထိုက်တန်တယ်... အနာဂါတ်မှာ သူက ငါ့ယောကျာ်း ဖြစ်လာမှာလို့ ကြေညာလိုက်ပြီ... သော့ခတ်ထားလိုက်ပြီနော်]


[အညစ်အကြေးကင်းတဲ့ အသံရင်းမြစ်လေး... သောက်ကျိုးနဲ... ဒီအသံက အိန်ဂျယ်တစ်ပါးက ဖြည့်ဆည်းပေးထားတာမျာလား]


တစ်ချိန်တည်းမှာပင် မုန့်ယွမ်၏ အဖွဲ့ကလည်း အလွန် အလုပ်များနေပြီး အစီအစဥ်အတိုင်း စနစ်တကျဖြင့် လက်ရေးစာမူများ စတင် ထုတ်လွှင့်ပေးနေသည်။ ဝေ့ပေါ်မှ ကျော်ကြားမှုဖြင့် သူတို့က ယွီနျန်ကို အသက်တစ်ရှိုက်စာအတွင်း တွန်းတင်ပေးလိုက်သည်။


နောက်တစ်နေ့ မနက်တွင် "သဘာဝရဲ့ သံစဥ်" ဒုတိယ season၏ ကျော်ကြားမှုက ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။ ပထမတွင် ယွီနျန်၏ GIFများက homepageတွင် ပေါက်ကွဲထွက်နေပြီး နောက်တွင် ရှားမင်ရှီ ပွဲဦးထွက်လာမှုက hot searchထဲသို့ ခုန်ဝင်လာလေပြီး မျိုးဆက်လိုက်ဖန်များက မီးကူထိုးပေးခဲ့ကြလေသည်။


တစ်ခဏအကြာတွင် ဟယ်ချိုးပိုင် တွက်ထားသည့်အတိုင်း သူတို့နှစ်ယောက်က ရှိုး၏ ကျော်ကြားမှုကို အမြင့်ဆုံးသို့ ဆွဲခေါ်သွားနိုင်ခဲ့လေသည်။ ဟယ်ချိုးပိုင်က ယွီနျန်ကို အထူးတလှယ် ဖုန်းခေါ်လာခဲ့ပြီး ချီးကျူးပေးခဲ့သည်။


ရှားမင်ရှီကလည်း နေ့လည်ပိုင်း နားချိန်ကို အခွင့်ကောင်းယူကာ ယွီနျန်ကို စာပို့၍ မကျေမနပ် ပြောလာခဲ့သည်။ "မနေ့က ငါ့အမေနဲ့ အဖေ ရန်အကြီးအကျယ် ဖြစ်ကြတယ်လေ... သူတို့က သူတို့ဖန်တွေကပဲ ကျော်ကြားအောင် လုပ်ပေးပြီး hot search ဝင်သွားတာလို့ ထင်နေကြတာလေ... ငါလည်း ဝင်မစွက်ရဲတော့ ဆိုဖာပေါ်မှာပဲ ထိုင်ပြီး စိတ်ပျက်လက်ပျက်နဲ့ မုန့်တွေ ထိုင်စားနေရတယ်"


ယွီနျန်က အဆိုသင်တန်းကို သွားနေဆဲ ဖြစ်သည်။ သူ ပွစိပွစိ ပြောနေသံကို နားထောင်ပြီးသွားသောအခါ ပြုံး၍ ပြောလိုက်သည်။ "အတူတူပဲ... အရင်က ငါ့အဘိုးအဘွားတွေ စကားများရင် ငါလည်း ငြိမ်နေလိုက်တာပဲ... ဘာဆက်ဖြစ်သွားလဲ" 


ရှားမင်ရှီက ဒေါသမထွက်ပေ။ "နောက်ပိုင်းကျ သူတို့ ငါ့ကို ပစ်ထားပြီး ဒိတ်သွားလုပ်ကြရော"


ယွီနျန်မှာ မရယ်မိဘဲ မနေနိုင်တော့ပေ။ "ဟုတ်ပါပြီ... ငါမင်းကို ဆယ်စက္ကန့်လောက် သနားပေးလိုက်မယ်"


ရှားမင်ရှီက နှစ်ကြိမ်မျှ နှာမှုတ်လိုက်ပြီး စကားစကို ပြန်ဆွဲထုတ်လာသည်။ "စကားမစပ်... မင်း ဒါရိုက်တာဟယ်ဆီက တစ်ခုခု ရသေးလား... ငါကြည့်ပြီးသွားတော့ ခေါင်းပြောင်တော့မယ်... ပထမတစ်ကျော့မှာ ဆိုချင်တာဆိုလို့ရတယ်... ဒါပေမယ့် ဒုတိယအကျော့အတွက် မင်းရဲ့ အဆိုအရည်အချင်းကို ပြသနိုင်မဲ့ သီချင်းတွေ ရွေးရမယ်တဲ့... အမှန်အတိုင်း ပြောရရင် ငါ့မှာ အရည်အချင်းမှ မရှိတာ... ငါပြိုင်ပွဲကနေပဲ ထွက်လိုက်ချင်တော့တယ်"


ဒီကိစ္စကို ယွီနျန် သိသလောက် နှစ်သိမ့်ပေးရုံသာ တတ်နိုင်လေသည်။ "မင်းမှာ အသံကောင်းကောင်း ရှိတာပဲ... မြန်မြန် သွားလေ့ကျင့်တော့လေ... ဒါဆို ကျန်နေဖို့ ပြဿနာ မရှိတော့ဘူး" သူ တစ်ခဏမျှ တွေးကြည့်လိုက်သည်။ 


"ငါ ဆိုရလွယ်တဲ့ သီချင်းနည်းနည်းလောက် သိတယ်... ခဏနေရင် playlist ပို့ပေးမယ်လေ... မင်းရဲ့ အဆိုပိုင်းဆရာကို ပြကြည့်လိုက်"


"အဲ့လောက်ကောင်းလား... ညီအစ်ကိုကောင်းရေ... မင်းက သစ္စာရှိလိုက်တာကွာ" ရှားမင်ရှီက ယွီနျန်၏ အတန်း စတော့မည်ကို သိသဖြင့် စကားစကို အဆုံးသတ်လိုက်သည်။ "ကောင်းပြီ... ငါဒါတွေကို သေချာလေ့လာထားလိုက်မယ်... ရွေးပြီးရင် မင်းကို ပြောပြမယ်လေ"


....


ချူရှောင်းရန်က မနေ့ညက ညနက်သည်ထိ ဂိမ်းဆော့နေသဖြင့် အရုဏ်တက်ချိန်နီးမှ နိုးလာခဲ့သည်။ ဖုန်းမြည်သံကို ကြားသောအခါ မျက်လုံး မပွင့်တပွင့်ဖြင့် ဖုန်းကို လှမ်းယူလိုက်သည်။


 "12:30 ရွှယ်ယုံ... ဒီကောင် မက်ဆေချ့် ပို့ထားတာလား"


သူ မှားဖတ်မိသည်လားဟု တွေးမိသဖြင့် မျက်လုံးထောင့်ကို ပွတ်၍ ကပ်ကြည့်လိုက်ရာ ရွှယ်ယုံက သူ့အား လင့်ခ်တစ်ခုပို့ထားသည်ကို တွေ့လိုက်ရသည်။


သူထိုလင့်ခ်ကို ဖွင့်လိုက်ရာ ကြက်သေသေသွားသည်။ "သဘာဝရဲ့သံစဥ်... " ဒါ ဘာအခြေအနေကြီးလဲ... သူက အိပ်ချင်နေသဖြင့် ရှိုးများကို မကြည့်ချင်၍ ပြန်ပိတ်ကာ တစ်ဖက်လှည့်ပြီး ဆက်အိပ်ရန် ပြင်လိုက်သည်။ သို့သော်လည်း ရွှယ်ယုံက လှုပ်ရှားနေသည့် ပုံတစ်ပုံ ထပ်ပို့လာမည်ဟု သူမထင်ထားခဲ့ပေ။


သူက လှုပ်နေသော ပုံရိပ်ကို ဂရုတစိုက် ကြည့်လိုက်သည်။ သူကြည့်မိလေလေ ထိုသူက ရင်းနှီးနေပုံရသည်ဟု ပို၍ ခံစားရလေလေ ဖြစ်သည်။ ကြည့်ရတာ... သူ့ကုမ္ပဏီက စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်အသစ်လေး မဟုတ်ဘူးလား... ဘာလို့ ခေါ်ပါလိမ့်... ယွီနျန် ဆိုလား...


ချက်ချင်းပင် နောက်ထပ် လှုပ်လှုပ်ရှားရှား ပုံများ၊ screenshotများ၊ ပုံကြီးချဲ့ပုံများ၊ ထောင့်ပေါင်းစုံမှ လက်နှင့် ဆွဲထားသော ပုံများအားလုံး သူ့ဖုန်းထဲသို့ ရောက်လာပြီး ပို့သူမှာလည်း တစ်ယောက်တည်းသာ ဖြစ်သည်။


ချူရှောင်းရန်: "..."


သူ လူးလှိမ့်ကာ ထထိုင်လိုက်ပြီး အလျင်စလို စာရိုက်ပို့လိုက်သည်။ "ရွှယ်ယုံ... ငါမဖတ်ချင်ဘူး... ကျေးဇူး"


စက္ကန့်အနည်းငယ်အကြာ ပုံများ ပို့ပေးသည့် ကြိမ်နှုန်း ရုတ်တရက် ရပ်သွားလေသည်။


ချူရှောင်းရန်က ရွှယ်ယုံတစ်ယောက် သူဆန္ဒပြလိုက်သည့်အတွက် ရပ်သွားသည်ဟု တွေးမိပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ချိန်တွင် မထင်မှတ်ထားစွာပင် အသံဖိုင်တစ်ခု ပို့လာပြန်လေသည်။


ထို့နောက် တစ်၊ နှစ်၊ သုံး... ဖုန်းမျက်နှာပြင်တစ်ခုလုံး အသံဖိုင်တွေနဲ့ ပြည့်သွားပြီဟ...


ချူရှောင်းရန်က လက်နှစ်ဖက်ကို ပွတ်၍ ရွှယ်ယုံကို ကျိန်ဆဲလိုက်လေသည်။ "ရွှယ်ယုံ... အဆိပ်ပြင်းတဲ့ကောင်"


သို့သော်လည်း သူတို့က မွေးကတည်းက ညီအစ်ကိုကောင်းများ ဖြစ်ခဲ့ကြောင်း စဥ်းစားမိသွားသောအခါ ရုန်းကန်မနေတော့ဘဲ ပြန်လှဲချလိုက်ရန် ဆုံးဖြတ်လိုက်လေသည်။


 "အိုကေ... အိုကေ...ပျော်သလိုသာ လုပ်တော့"



ရှားမင်ရှီ ဖုန်းခေါ်လာသောအခါ ယွီနျန်က အကအတန်း ပြီးကာစ ဖြစ်နေသည်။ ဖြေဆိုသည့် ခလုတ်ကို နှိပ်လိုက်ပြီး နှဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။


 "မင်ရှီလား"


ရှားမင်ရှီက စက္ကန့်အနည်းငယ်လောက်ထိ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ ယွီနျန် ဘာဖြစ်လို့လဲဟု မေးရန် ပြင်လိုက်စဥ်မှာပင် ရှားမင်ရှီ၏ အသံဖျော့ဖျော့လေး ထွက်လာခဲ့သည်။ 


"နျန်နျန်... ငါမင်းကို နှောက်ယှက်မိသွားပြီလား" 


ယွီနျန်က တိတ်ဆိတ်နေပြီးနောက် အသံအက်အက်ဖြင့် မရပ်မနား ပြောလာလေသည်။ "သောက်ကျိုးနဲ... ငါထင်တာ မင်း... အာ အာ အာ မင်းက မောကြီးပန်းကြီး ပြောနေတော့ ငါကလည်း မင်း ဆိုးတာ တစ်ခုခု လုပ်နေတယ်လို့ ထင်လိုက်တာ... ဆောရီး"


ယွီနျန် စကားပြန်ပြောနိုင်ရန် အချိန်တစ်ခဏမျှ ယူလိုက်ရပြီးနောက် ရယ်မောကာ ဆူပူလိုက်သည်။ "ရှားမင်ရှီ... မင်းခေါင်းထဲမှာ ဘယ်လို အဝါရောင်အညစ်အကြေးတွေ ရှိနေတာလဲ... ငါမောနေတာ ငါကနေလို့ကွ... ကနေလို့"


ရှားမင်ရှီက အကြိမ်များစွာ ချောင်းဆိုးလိုက်သည်။ "ဒါ တကယ် ရှက်စရာ ကောင်းတယ်... ဒီမှာပဲ ရပ်လိုက်ရအောင်"


သူက အကြောင်းအရာကို မြန်မြန် ပြောင်းလဲလိုက်သည်။ "နျန်နျန်... မင်း ဘယ်နေရာက လာတာလဲ... ငါ့ဆရာမကို မင်းပေးထားတဲ့ သီချင်းတွေ ပြလိုက်တော့ ဒါတွေအားလုံးက အရမ်း အရမ်းကောင်းတယ်လို့ ပြောနေတယ်... ဒါတွေက ဆိုရတာ မခက်ဘဲ ငါနဲ့လည်း ကိုက်တယ်... ဆိုလိုက်ရင်လည်း တိုက်ရိုက် သီဆိုမှုက အရမ်းကောင်းတယ်"


ယွီနျန်က ပြုံးကာ လက်ထဲတွင် ပဝါ ကိုင်ထားရင်း ပြောလိုက်သည်။ "ကောင်းတာပေါ့... ဒီသီချင်းတွေရဲ့ စာသားတွေ တေးသွားတွေ ရေးတဲ့သူက ငါ့..." သူက ရပ်လိုက်ပြီးနောက် ဆက်ပြောလေသည်။ "ငါအရမ်းကြိုက်တဲ့ မစ္စ ရှန်းလင်းယိလေ"


ရှားမင်ရှီက ကြားထဲမှ ရပ်သွားသည်ကို သတိမပြုမိပေ။ "ဟုတ်တယ် ဟုတ်တယ်... ငါ့ဆရာမက ယေဘုယျ ဗဟုသုတတွေ ပြောပြသေးတယ်... ဆရာမရှန်းလင်းယိက ဆယ်စုနှစ်ပေါင်းများစွာ အရမ်းအရည်အချင်း ရှိခဲ့တဲ့သူပဲတဲ့... သူက နိုင်ငံ့ ရတနာအဆင့် သီချင်းရေးဆရာတစ်ယောက်လည်း ဖြစ်သေးတယ်... ငါကြားဖူးတဲ့ သီချင်းတွေ အများကြီးကို ဆရာမရှန်း ရေးပေးထားတာပဲ... ဟုတ်သား နင်းချန် တက္ကသိုလ်ရဲ့ ကျောင်းသီချင်းရောပဲလေ"


ယွီနျန်က စက္ကန့်အနည်းငယ်ကြာ မိန်းမောနေပြီးနောက် မြန်မြန် ပြုံးလိုက်သည်။ "ဟုတ်တယ်... ငါ အစ်ကိုမုန့်နဲ့ ပထမဆုံးတွေ့တော့ သူက သီချင်း တစ်ပုဒ်ဆိုပြဖို့ ပြောတာနဲ့ နင်းချန် တက္ကသိုလ်ရဲ့ ကျောင်းသီချင်းကို ဆိုပြလိုက်တာ"


"ဟားဟားဟား" ရှားမင်ရှီက အားရပါးရ ရယ်လာခဲ့သည်။ 


"ယွီနျန်... မင်းကတော့ တကယ့်ကောင်ပဲ... ကျောင်းသီချင်းဆိုပြတာ... ထူးဆန်းမနေဘူးလား" ရယ်မောလိုက်ပြီးနောက် ပြောလက်စ စကားကို ပြန်ရောက်သွားသည်။ "စကားမစပ် မင်းရော သီချင်းရွေးပြီးပြီလား"


"ရွေးပြီးပြီ... ယွီချင်းရဲ့ 'အလှမ်းဝေးတဲ့ ကြယ်' " 


ရှားမင်ရှီ ထိတ်လန့်သွားလေသည်။ "အိုးမိုင်ဂေါ့.... ဘာလို့ ဒီလောက်ထိ ဆန္ဒရှိနေရတာလဲ... ဒီသီချင်းက အရမ်း ကျော်ကြားပြီးတော့ ဆိုရတာလည်း အရမ်းခက်တာနော်... တစ်ခုခုမှားသွားရင် သေလောက်အောင် အလှောင်ခံရမှာပဲ... ဒါပေမယ့် မင်းက ဘာလို့ ယွီချင်းရဲ့ သီချင်းကို ရွေးရတာလဲ"


"ငါက သူ့(မ) သီချင်းတွေရဲ့ စာသားတွေ တေးသွားတွေ ရင်းနှီးတယ်လေ" ယွီနျန်က ယုံကြည်မှု ရှိနေဆဲ ဖြစ်သည်။ "ငါ တတ်နိုင်သမျှ စာသားမှတ်မိရင် ခံစားချက် ထည့်ဆိုနိုင်တယ်လေ"


ရှားမင်ရှီက သူ ပြောဖူးသည့် "ငါ့ဘဝကို စာသားပြစက်ကပဲ ပေးထားတာ" ဟူသော စကားကို အမှတ်ရသွားလေပြီး အားရပါးရ ရယ်မောလိုက်ပြန်လေသည်။


……….


ဒုတိယတစ်ကျော့အတွက် အချိန်ရောက်လာလေပြီ။ ယွီနျန်က စတူဒီယိုကို ပထမဆုံး ရောက်သွားသူ ဖြစ်နေဆဲ ဖြစ်ပါသော်လည်း ဆယ်မိနစ်အတွင်း ရှားမင်ရှီသည်လည်း လျှာထိုးဦးထုပ် ဆောင်းကာ အပြေးအလွှား ဝင်လာသည်။


"အံ့သြသွားတာလား... ငါလည်း မင်းစောစောရောက်မယ်လို့ ခန့်မှန်းလိုက်တာလေ... ငါ မင်းနဲ့ အတူတူ ကစားဖို့ စောစောရောက်လာတာ"


ယွီနျန်က လက်ထဲမှ လတ်လတ်ဆတ်ဆတ် ညှစ်ထားသည့် အချိုရည်ဘူးနှစ်ဘူးကို ရှားမင်ရှီနှင့် မျှဝေလိုက်ပြီး စိတ်ကောင်းဝင်နေခဲ့သည်။ "မနက်စာ စားပြီးပြီလား"


ရှားမင်ရှီက ခေါင်းကို ခါယမ်းလိုက်ပြီး လက်ထဲမှ အချိုရည်ပုလင်းကို ယမ်းပြလိုက်သည်။ "တစ်ဘူးဆို လုံလောက်ပြီ... ငါ့အေးဂျင့်က ငါဝိတ်တက်လာမှာကို စိုးရိမ်နေတာ"


ထိုအချိန်၌ ဟယ်ချိုးပိုင် ရောက်လာပြီး ယွီနျန်နှင့် ရှားမင်ရှီတို့၏ ပုခုံးကို ပုတ်ပေးလိုက်သည်။ "မင်းတို့ကို တွေ့ရတာ hot search ကြည့်နေရသလိုပဲ"


သူက ပျော်စရာကောင်းသော ကိစ္စများ ရှိနေသဖြင့် စိတ်ကောင်းဝင်နေသည်။ "ငါပြောမယ်... ရှိုးမစခင်က မီဒီယာက Vအကောင့်ကြီးတွေ အားလုံး မကောင်းပြောခဲ့ကြတာ... 'သဘာဝရဲ့ သံစဥ်' ဒုတိယ seasonက သမားရိုးကျ ဒုတိယမျိုးဆက်တွေပဲ ဖြစ်မှာ ဆိုပြီးတော့လေ..."