အပိုင်း ၁၂
Viewers 10k

Chapter 12

အခန်းအားလုံး အခမဲ့



ပထမ season ကောင်းခဲ့ရင်တောင် ဒုတိယseasonကျရင် သေချာပေါက် မအောင်မြင်နိုင်ဘူးတဲ့" သူ ရယ်မောလိုက်လေသည်။ 


"အခုတော့ သူတို့အားလုံး မျက်နှာဖြတ်ရိုက်ခံလိုက်ရပြီ... မင်းတို့နှစ်ယောက် ကြိုးစားထားကြ... ရှိုးအတွက် hot searchတွေ အများကြီး ဝင်အောင် လုပ်ပေးရမယ်"

[V(Verified) ဝေ့ပေါ်မှာ တရားဝင်အကောင့်တွေ၊ အနုပညာရှင်တွေရဲ့ အကောင့်တွေနောက်မှာ ထည့်တဲ့အရာပါ...]


ယွီနျန်က စပ်စုမိလေသည်။ "ဒါရိုက်တာဟယ်... ဒီအပိုင်းမှာ ထပ်ဖြည့်မဲ့အဆိုတော်က ဘယ်သူလဲ"


ရိုက်ကူးရေး စတင်တော့မည် ဖြစ်၍ ဟယ်ချိုးပိုင်ကလည်း ဖုံးကွယ်မနေတော့ပေ။ "သူ့ကို စီမံခန့်ခွဲရေးက ထည့်ထားတာ... လူထုစိတ်ဝင်စားမှု သက်သက် အတွက်ပဲ... နောက်တစ်ဆင့်ကို မတက်နိုင်လောက်ဘူး"


ရှားမင်ရှီက ရင်ဘတ်ကို ပုတ်၍ အလွန်အမင်း ချဲ့ကား၍ အသက်ပြင်းပြင်း ရှူပြလိုက်သည်။ "ဒါဆို ကျွန်တော် ကျန်နေနိုင်ဖို့အတွက် အခွင့်အရေး နည်းနည်း ပိုရှိတာပေါ့လေ"


ဟယ်ချိုးပိုင်က သူ့ကို ရယ်မောလိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်စမ်းပါကွ"


ဒီတစ်ကြိမ်၌ ရှုရွှမ်းနှင့် ဖန်ဟွိုက်တို့ နှစ်ယောက်လုံး ယခင်ကထက် စောစော ရောက်လာကြသည်။ ဖန်ဟွိုက်က ယွီနျန်ကို မမြင်ချင်ယောင်ဆောင်နေပြီး ယွီနျန်ကလည်း သူ့ရှေ့တွင် အေးတိအေးစက် မျက်နှာပေး လုပ်နေရန် မစဥ်းစားထားပေ။ ထိုအစား ရှုရွှမ်းက ထိုင်ချ၍ စာရွက်နှင့် ဘောပင်တစ်ချောင်း ထုတ်လာခဲ့သည်။ 


"နှောက်ယှက်ရလို့ တောင်းပန်ပါတယ်... ကျွန်မ ညီမက ပထမပိုင်း ကြည့်ပြီးတော့ ရှင့်ကို အရမ်းသဘောကျနေတာ... ရှင့်ဆီက လက်မှတ်တောင်းပေးဖို့ နေ့တိုင်း ပူဆာနေတော့တာပဲ"


ယွီနျန်က စာရွက်နှင့် ဘောပင်ကို ယူလိုက်ပြီး ရှုရွှမ်း ရှက်ရွံ့နေသည်ကို မြင်သောအခါ ပြုံးပြလိုက်သည်။ "ရိုးရိုးသားသား ပြောရရင် စာချုပ်မှာ လက်မှတ်ထိုးတဲ့ အချိန်ကလွဲလို့ လက်မှတ်ထိုးပေးရတဲ့ ပထမဆုံးအကြိမ်ပဲ" သူက ပန်းရောင်စာရွက်ပေါ်တွင် သူ့ကိုယ်ပိုင် နာမည်ကို သပ်သပ်ရပ်ရပ် ရေးထိုး၍ မေးလိုက်သည်။ "ညီမလေးရဲ့ နာမည်ကိုရော ရေးပေးရမလား"


ရှုရွှမ်းက မြန်မြန် ခေါင်းငြိမ့်ပြလိုက်လေသည်။ 


"ဒုက္ခမများရင်ပေါ့... ကျွန်မညီမလေး နာမည်က ရှုဖူပါ... ဖူရုံရဲ့ ဖူ" ယွီနျန် ရေးပြီးသွားသောအခါ သူမက လက်နှစ်ဖက်ဖြင့် ယူကာ ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။ "ရှင့်လက်ရေးက အရမ်းလှတာပဲ... ကျေးဇူးပါ... သူ အရမ်းပျော်သွားမှာ"


ယွီနျန်က ဘောပင်အဖုံးကို ပိတ်ကာ ပြန်ပေးလိုက်သည်။ ပြီးတော့ ပြုံးရယ်လျက် ပြောလိုက်လေသည်။ "ကျွန်တော်ကလည်း လက်မှတ်တောင်းတဲ့သူ ရှိလာလို့ ပျော်နေရတာပါ"


ရှုရွှမ်း မိတ်ကပ်ပြင်ရန် ထွက်သွားသောအခါ သူမဘေးတွင် ထိုင်နေသည့် ဖန်ဟွိုက်က အေးတိအေးစက် နှာမှုတ်လိုက်သည်။ သို့သော်လည်း ယွီနျန်က မကြားလိုက်ဘဲ ဖုန်းကိုကိုင်ကာ စာသားများ ဆက်မှတ်နေခဲ့သည်။


ဤတစ်ကြိမ် မဲနှိုက်သောအခါ ယွီနျန်က နောက်ဆုံးမှရေလျှင် ဒုတိယသွားကျသည်။ ဖန်ဟွိုက်က ပထဆုံး ဆိုရမည့်သူ ဖြစ်ကာ ရှားမင်ရှီက ဒုတိယ ဖြစ်ပြီး နေရာဖြည့်လိုက်သည့် ကျန်းနက တတိယဖြစ်၍ ရှုရွှမ်းက နောက်ဆုံး ဆိုရမည့်သူပင်။


ကင်မရာ လှည့်သွားသောအခါ ဖန်ဟွိုက်က သူ့လက်ထဲမှ မဲစာရွက်ကို ပစ်လွှင့်လိုက်သည်။ ရှားမင်ရှီကလည်း ဆက်မကြည့်နိုင်တော့သဖြင့် ယွီနျန်ကို ဆွဲခေါ်ပြီး တိုးတိုးလာပြောသည်။ "ဒီလူက အရမ်း ထူးဆန်းတာပဲ... တခြား နံပါတ်တွေရရင် ပထမနေရာ ရနိုင်မယ်လို့ တွေးနေတာလား မသိ"


"ဖြစ်နိုင်တယ်လေ... မင်းတောင်မှ မင်းရဲ့ အဆင့်တွေအတွက် အမြဲတမ်း အကြောင်းပြချက် ရှာနေသေးတာပဲကို"


"အလှမ်းဝေးသော ကြယ်"က အဆိုအရည်အချင်းများအပြင် ခံစားချက်များလည်း ထည့်သွင်းရန် လိုသည်။ ထိုသီချင်းကို နာမည်ကြီး အဆိုတော် ယွီချင်း သီဆိုထားပြီး တေးရေးဆရာ စီနျင်းက ရေးသားထားခြင်း ဖြစ်သည်။ ၎င်းက ဆွေမျိုးတစ်ယောက် သေဆုံးသည့်အကြောင်း ဖြစ်ပြီး ဇာတ်လိုက်က ဆုံးပါးသွားသော ဆွေမျိုးကို ကောင်းကင်ပေါ်မှ အလှမ်းဝေးသည့် ကြယ်လေးတစ်ပွင့်အဖြစ် ပြောင်းလဲသွားပြီး ညတိုင်း တွေ့မြင်နိုင်ရန် တောင်ဆုပြုနေကြောင်း ဖွင့်ဟထားပုံ ဖြစ်သည်။


ပထမတစ်ခေါက်နှင့် လုံးလုံး ကွဲပြားနေသည်မှာ ယွီနျန်က မိတ်ကပ်ပါးပါးသာ လိမ်းထားသဖြင့် စင်ပေါ်သို့ တက်လာသောအခါ မြင်မကောင်းအောင် ရုပ်ဆိုးနေမည် မဟုတ်ပေ။ အဖြူရောင် ရိုးရိုး ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်၍ အင်္ကျီလက်ကို လက်ကောက်ဝတ်အထိ လိပ်တင်ထားပြီး မီးရောင်အောက်တွင် ရပ်နေလိုက်သောအခါ အနီးနားပတ်လည်မှ လေထုသည်ပင် ငြိမ်းအေးသွားလေသည်။ 

ဆယ်လို၏ ဝမ်းနည်းဖွယ်ရာ ဂီတနှင့်အတူ သူ့အသံ ထွက်ပေါ်လာသောအခါ ပရိတ်သတ်များက ပူဆွေးသွားကြသည်။


"မင်းရဲ့ အရိပ်အယောင်လေးကို ရှာဖို့ ငါညတိုင်း ကောင်းကင်ကို ကြည့်မိတယ်... မင်းရဲ့ အသံကို ထပ်ကြားချင်မိတယ်" ယွီနျန်က မိုက်ကရိုဖုန်းကို ရှင်းလင်းပြီး ဖြူဖွေးနေသည့် လက်ဆစ်များနှင့်အတူ လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်သည်။ သူ့မျက်တောင်လေးများက ငုံ့ကျနေပြီး ကြွေထည်အလား ဖြူဖွေးနေသည့် အသားအရည်ထက်၌ အရိပ်ဖျော့ဖျော့ထင်နေခဲ့သည်။


သီဆိုနေသည့်အခါ မျက်ဝန်းအိမ်အတွင်း မျက်ရည်များ စုဖွဲ့လာပြီး နှင်းတောင်ကဲ့သို့ မြင့်မားလှသော အမြင့်သံ ပေါ်ထွက်လာသောအခါ မျက်ရည်များက တားမရ ဆီးမရ ကျဆင်းလာလေတော့သည်။


သီချင်းဆိုပြီးသွားသောအခါ ယွီနျန်က နေရာမှာပင် နီရဲနေသော မျက်လုံးများဖြင့် ရပ်နေပြီး ခပ်ရှက်ရှက်ဖြင့် တဖြည်းဖြည်း အသက်ရှုသွင်းလိုက်သည်။


 "တောင်းပန်ပါတယ်... ကျွန်တော် နစ်မျောမိသွားလို့ပါ" မျက်တောင်ဖျားလေးများက စိုစွတ်နေဆဲ ဖြစ်ပြီး အနည်းငယ် အက်ရှရှ ဖြစ်နေသော အသံဖြင့် ရယ်မောလိုက်သည်။


 "ကျွန်တော် ဘွားဘွားကို သတိရမိသွားလို့ပါ"


ပရိတ်သတ်ထဲမှ တစ်စုံတစ်ယောက်က "အဆင်ပြေပါတယ်..." လို့ စတင်အော်ဟစ်လာခဲ့ပြီး မကြာမီပင် နောက်ထပ်လူများကလည်း အတူတကွ အော်ဟစ်လာခဲ့လေတော့သည်။ "ယွီနျန်... အဆင်ပြေပါတယ်"


ယွီနျန်က မိုက်ခရိုဖုန်းကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ကာ တလေးတစား ဦးညွှတ်လိုက်သည်။ "အားလုံးကို ကျေးဇူးတင်ပါတယ်"


စတိတ်စင်ပေါ်မှ ဆင်းလာပြီး နားနေခန်းထဲသို့ လျှောက်လာသောအခါ သူ့နောက်မှ လိုက်လာသူက မေးလိုက်သည်။ "အခု ပိုနေလို့ကောင်းသွားပြီလား"


ယွီနျန်က ခေါင်းငြိမ့်ပြလိုက်ပြီး ပို၍ပင် ရှက်ရွံ့သွားလေသည်။ "ပိုကောင်းသွားပါပြီ... ကျွန်တော့်အဘွားကို မငိုဖို့ ကတိပေးထားပေမယ့် သီချင်းဆိုတော့ မထိန်းနိူင်ခဲ့ဘူး... စိုးရိမ်ပေးလို့ ကျေးဇူးပါ"


နားနေခန်းတွင် ရှားမင်ရှီက လက်ထဲ၌ တစ်သျူးတစ်အိတ် ကိုင်ထားလေသည်။ ယွီနျန် ဝင်လာသည်ကို မြင်သောအခါ သူ့ကို စိုက်ကြည့်လာပြီး ပြောလိုက်သည်။


 "မင်းက ဒါကိုတော့ အကုန် မှတ်မိသားပဲ... မင်း သီချင်းဆိုနေတော့လေ... ငါနဲ့ ရှုရွှမ်း ငိုလိုက်ရတာ" သူ့နှာခေါင်းဖျားလေးများက နီရဲနေပြီး အသံများက နိမ့်ဝင်သွားလေသည်။ "ငါလည်း အဘွားကို လွမ်းတယ်"


တစ်ဖက်မှ ရှုရွှမ်းကလည်း သူမ၏ မိတ်ကပ်ကို အပြီးသတ်ခါစ ဖြစ်သည်။ "ကျွန်မလည်း ရှင်သီချင်းဆိုနေတဲ့ အသံကြားတော့ ငိုလိုက်ရတာ... ကျွန်မလည်း အဘွားကို သတိရတယ်"


ယွီနျန်က ရှားမင်ရှီဘေးတွင် ဝင်ထိုင်လိုက်သည်။ ရှားမင်ရှီက ကင်မရာ မရှိသည်ကို အခွင့်ကောင်းယူကာ ယွီနျန်ကို အသံတိုးတိုးဖြင့် အတင်းပြောပြနေသည်။


 "အမလေး... မင်း မသိလို့... ပထမဆုံး ဆိုရတဲ့သူဆိုရင်လေ... ဆိုပြီးသွားတော့ နားနေခန်းထဲ ဝင်လာလာချင်း ခုံတွေကို လှမ်းကန်တာ... သူက တကယ် ဒေါသကြီးတာပဲ... သူ့မန်နေဂျာက ရှိုးအဖွဲ့ကို နောက်ပိုင်းကျရင် အဲ့ဒီအပိုင်း ဖြတ်ချလိုက်ဖို့ ပြောထားတယ်... မဟုတ်ရင်တော့ တည်ဆောက်ထားရတဲ့ ပုံရိပ်လေး ပျက်စီးတော့မှာပဲ... အလိုလေးလေး... သနားစရာ ကောင်းလိုက်တဲ့ မန်နေဂျာ... တကယ် ရင်ကွဲပက်လက် ဖြစ်နေမှာ"


ရှားမင်ရှီမှာ သူ့အတွက် အတင်းအဖျင်း အရင်းအမြစ်ကြီး ဖြစ်ကြောင်း ယွီနျန် သဘောပေါက်သွားလေသည်။ သို့သော်လည်း သူပိုအလေးထားသည့် ကိစ္စရှိသေးသည်။ "မင်း ဘယ်လို ဆိုခဲ့တာလဲ"


ရှားမင်ရှီက မေးကို မော့ကာ ဂုဏ်ယူဝံ့ကြွားနေသည်။ "ငါ့အေးဂျင့်ကို အတွင်းပိုင်း ပြုလုပ်ချက်တွေအတွက် ပြောထားပြီးပြီ... ပြီးတော့ ငါကျန်နေနိုင်ဖို့ ပြဿနာ မရှိဘူးလို့ ပြောတယ်... ဒါပေမယ့် ဒုတိယလား တတိယလား မသေချာသေးဘူး"


ယွီနျန်က ခန့်မှန်းလိုက်သည်။ "သီချင်းဆိုတဲ့ နေရာမှာ ပြဿနာ မရှိရင် ဒုတိယ ဖြစ်လောက်မယ်"


ယွီနျန် ခန့်မှန်းထားသည့်အတိုင်း ဤတစ်ကြိမ်၌ ရှုရွှမ်းက တတိယနေရာ ရသွားပြီး ဖန်ဟွိုက်ကလည်း စတုတ္ထနေရာသာ ဖြစ်ကာ အစားထိုး အဆိုတော် ကျန်းနက တန်းအထုတ်ခံလိုက်ရသဖြင့် တစ်ရက်တာ ခရီးသာ ရောက်လာခဲ့သည်။ ရှားမင်ရှီက ဒုတိယ နေရာ ဖြစ်ပြီး ယွီနျန်က ပထမနေရာကို ထပ်ပြီး အနိုင်ရရှိသွားလေသည်။


ဤတစ်ကြိမ် ရိုက်ကူးရေးက စောစောပြီးသွားသဖြင့် ပြီးဆုံးချိန်၌ ဆယ်နာရီသာ ရှိသေးသည်။ ရှားမင်ရှီက သူ့မိတ်ကပ်ကိုပင် မဖျက်ရသေးဘဲ ယွီနျန်ကို တိုက်တွန်းလိုက်သည်။ "ယွီနျန်... မင်းက ပထမနေရာကို နှစ်ခါတောင် ရထားတာဆိုတော့ လူတိုင်း အတူတူ သီချင်းသွားဆိုကြရအောင်လေ" သူက ယွီနျန်ကိုလည်း မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သေးသည်။ 


ယွီနျန်က ရှားမင်ရှီ ဆိုလိုသည်ကို နားလည်သဖြင့် အပြုံးလေးတစ်ပွင့်ဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်။ "နောက်ပိုင်း လူတိုင်း အားရင် ကျွန်တော် အတူတူ သီချင်းဆိုဖို့ ဖိတ်လို့ရမလား"


အဆုံးတွင် စုစုပေါင်း လူ11ယောက်က clubhouseကို သွားခဲ့ကြသည်။ သူတို့အားလုံးက သက်တူရွယ်တူများ ဖြစ်ကြပြီး ရှားမင်ရှီကလည်း ပျော်တတ်ရွှင်တတ်သူ ဖြစ်လေရာ လုံးဝ မပျင်းရပေ။

[T/N Clubhouseက အလုံပိတ် အခန်းလေးတွေထဲမှာ တွေ့ဆုံပွဲတွေ လုပ်လို့ရတဲ့နေရာပါတဲ့]


……….


အခန်း နံပါတ်တစ်တွင်...


ချူရှောင်းရန်က တံခါးကို ဖွင့်ကာ ဝင်လာပြီး ဘိလိယက်ခုံကို ဖြတ်၍ ရွှယ်ယုံ ထိုင်နေရာသို့ ရောက်လာကာ တိုက်တွန်းလိုက်သည်။ "ရွှယ်ရှောင်ယုံရေ... မင်း တကယ်ကြီး မကစားတော့ဘူးလား"


ရွှယ်ယုံက ဖုန်းကိုသာ စိုက်ကြည့်နေပြီး တစ်ခုခု ရှာနေသည်။ ထိုစကားများကို ကြားသောအခါ ထူးမခြားနားလေသံဖြင့် ပြောလာခဲ့သည်။ "စိတ်မဝင်စားဘူး"


"ဟုတ်ပါတယ်... ဟုတ်ပါတယ်... မင်း စိတ်မဝင်စားပါဘူး... ဆိုတော့ ပြောစမ်းပါ မင်းဘာကို စိတ်ဝင်စားနေတာလဲ ညီအစ်ကို" 


ချူရှောင်းရန်သည်လည်း ကစားရသည်ကို ပျင်းရိနေပြီ ဖြစ်၍ ရွှယ်ယုံဘေးတွင် ဝင်ထိုင်လိုက်သည်။


 "ငါသိပြီ... ငါသိပြီ... မင်းက အဲ့ဒီလူသစ်လေးကို စိတ်ဝင်စားနေတာပဲ"


"သူ့နာမည် ယွီနျန်"


ချူရှောင်းရန်က ရွှယ်ယုံထံမှ အေးတိအေးစက် အကြည့်ခံလိုက်ရသဖြင့် ချက်ချင်း အမှန်ပြင်ပေးလိုက်သည်။ "ဟုတ်တယ်... ယွီနျန်" သူက ထပ်ပြီး ပွစိပွစိ ပြောလိုက်ပြန်သည်။


 "ကျွတ်ကျွတ်... အလွန်အကျူး ကာကွယ်ပေးနေတာပဲ"


ရွှယ်ယုံက ဖုန်းကိုသာ ဆက်ကြည့်နေပြီး သူ့ကို လျစ်လျူရှုထားသည်။


ချူရှောင်းရန်က ပျင်းပျင်းရိရိ ထိုင်ချလိုက်ပြီး စကားစရှာနေစဥ်မှာပင် အတွေးတစ်ချက် လက်သွားသည်။ "စကားမစပ်... အဲ့ဒီ ယွီနျန်က "သဘာဝရဲ့ သံစဥ်"မှာ ပါခဲ့တာမလား... ခုနက ငါ သန့်စင်ခန်းက ပြန်လာတော့ လူနှစ်ယောက် ပြောနေတာ ကြားခဲ့တယ်... ကြည့်ရတာ သူ ပထမနေရာ ထပ်ရသွားလို့ ဒီနေရာကို သီချင်းလာဆိုကြပုံပဲ... ဟေ့ နေဦးလေ.... ရွှယ်ယုံ သောက်ကျိုးနဲ မင်း ဘယ်ကို သွားမလို့လဲ"


ရွှယ်ယုံက အခန်းထဲမှ ထွက်လာသောအခါ ချူရှောင်းရန်အား ယွီနျန်ကို မည်သည့်နေရာတွင် တွေ့ခဲ့ကြောင်း မေးရန် မေ့သွားခဲ့သည်ကို သိလိုက်ရသည်။ သူ တစ်ခဏမျှ တွေးပြီးနောက် သန့်စင်ခန်းဘက်သို့ လျှောက်လာခဲ့သည်။


ယွီနျန်က မုန့်ယွမ်ထံမှ ဖုန်းခေါ်ဆိုမှုကို ပြန်ဖြေရန် အပြင်ထွက်လာပြီး ပြန်သွားတော့မည်အပြုတွင် တစ်ဖက်သို့ လှည့်လိုက်သောအခါ ရွှယ်ယုံကို ထပ်တွေ့လိုက်ရပြန်သည်။


"တိုက်ဆိုင်လိုက်တာ... ကျွန်တော်တို့ ထပ်တွေကြပြန်ပြီ" ယွီနျန် နှုတ်ဆက်လိုက်သည်။ "မင်္ဂလာ ညနေခင်းလေးပါ"


ရွှယ်ယုံက သူ့ရှေ့မှ ပြုံးနေသူကို ကြည့်နေရင်း နှလုံးသားမှ လာသော အနွေးဓါတ်လေးက ခန္ဓါကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။ သူက လက်တစ်ဖက်ဖြင့် လည်စီးကို ဖြေလိုက်ပြီး လေသံကလည်း အနည်းငယ် အက်ရှရှ ဖြစ်နေသည်။ "မင်္ဂလာ ညနေခင်းပါ" နှစ်စက္ကန့်အကြာ သူထပ်ပြောလိုက်ပြန်သည်။ "ပထမနေရာ ရလို့ ဂုဏ်ပြုပါတယ်"


ယွီနျန်က အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးရယ်လျက် မျက်ခုံးလေးများ ပင့်လာခဲ့သည်။ "ကျေးဇူးပါ... ခင်ဗျားရော "သဘာဝရဲ့ သံစဥ်" ပထမပိုင်းကို ကြည့်ခဲ့တာလား"


"အင်း" 

တစ်နေ့ နှစ်ကြိမ်လေ... အားလုံးပေါင်း ဆယ့်နှစ်ခါတောင် ကြည့်ပြီးသွားပြီ...


ရွှယ်ယုံက ထပ်ထည့်ပြောလိုက်သေးသည်။ "ကိုယ့်အမေက အဲ့အစီအစဥ်ကို ကြည့်ရတာ အရမ်းကြိုက်တယ်လေ"


ယွီနျန်က သဘောပေါက်ဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ရွှယ်ယုံက သူ့အမေကို အဖော်ပြုပေးရင်းနဲ့ ရှိုးကို ကြည့်ဖြစ်တာနေမယ်...


သို့သော်လည်း ယွီနျန်က အလွန် ပျော်နေဆဲပင်။ ရွှယ်ယုံက စကား သိပ်မပြောသော်လည်း သူတို့က အချင်းချင်း သက်တောင့်သက်သာ စကားပြောနိုင်ကြသည်။ ယွီနျန်က လွယ်လွယ်ပဲ ပြောပြလိုက်သည်။ "ကျွန်တော် အခုပဲ ဒုတိယပိုင်းအတွက် ရိုက်ကူးရေး လုပ်ပြီးခဲ့တာလေ... ရှိုးပြီးတော့ သူငယ်ချင်းတွေနဲ့ သီချင်းလာဆိုတာ"


ရွှယ်ယုံကလည်း အလေးအနက် ပြန်ဖြေလိုက်သည်။ "အတူတူပဲ... ကိုယ်လည်း သူငယ်ချင်းတွေနဲ့ လာတာ"


ယွီနျန်က အချိန်ကို ရေတွက်လိုက်ပြီးနောက် အပြင်တွင် အကြာကြီး ထွက်နေ၍ မကောင်းသဖြင့် နှုတ်ဆက်လိုက်သည်။ "ဒါဆို ကျွန်တော် အရင် သွားနှင့်တော့မယ်... ပျော်စရာ အချိန်လေး ပိုင်ဆိုင်နိုင်ပါစေ"


“အင်း... မင်းလည်း ပျော်ပါစေ"


ယွီနျန် ထွက်သွားပြီးနောက် ရွှယ်ယုံက အခန်းကို တန်းမပြန်ဘဲ ကြီးကြပ်သူ၏ ရုံးသို့ သွားခဲ့သည်။


အခန်း No1ကို ရွှယ်ယုံအတွက် အမြဲတမ်း တည်ခင်းပေးတတ်သည်။ clubhouse၏ မန်နေဂျာက ယနေ့ညတွင် ရွှယ်ယုံ ရှိနေမည်ကို သိသဖြင့် တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်ကာ အသေအချာ အာရုံစိုက်နေခဲ့သည်။ ရွှယ်ယုံ ရောက်လာသည်ကို မြင်သောအခါ ပို၍ပင် ကြောက်ရွံ့သွားလေသည်။ သူ့ခေါင်းကိုပင် မမော့ရဲတော့ပေ။ "ဟယ်လို မစ္စတာရွှယ်... တစ်ခုခု အလိုရှိလို့လား"


"ယွီနျန် ဘယ်အခန်းမှာ ရှိလဲ စစ်.... ထားလိုက်တော့" ရွှယ်ယုံ တစ်ခဏမျှ တွေးလိုက်ပြီးနောက် တိုတိုတုတ်တုတ်သာ ပြောလိုက်သည်။ "ဒီနေ့ည အခန်းအားလုံး အခမဲ့ပဲ" 


ထို့ကြောင့် မနက် တစ်နာရီ ထိုးကာနီးတွင် ယွီနျန် ငွေသွားရှင်းသောအခါ သူဌေးက အလွန် စိတ်ကြည်နေသဖြင့် အခန်းအားလုံးက ယနေ့ အခမဲ့ ဖြစ်ကြောင်း ပြောလာကြလေသည်။