အပိုင်း ၁၃
Viewers 9k

Chapter 13

 ငါ့ကိုယုံ... ငါပြောတာ အမှန်တွေချည်းပဲ 



ယွီနျန်မှာ အမြဲတမ်းလိုလိုပင် ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်တတ်သူ ဖြစ်သည်။ နောက်တစ်ရက်တွင် ကုမ္ပဏီသို့ အချိန်မှန် ရောက်သွားခဲ့ပါသော်လည်း မုန့်ယွမ် ဖျားနေကြောင်း ရှစ်ရော့က ပြောလာခဲ့သည်။


လတ်လတ်ဆတ်ဆတ် ညှစ်ထားသော အသီးဖျော်ရည်ဘူးကို ကိုင်ထားရင်းဖြင့် သူ မျက်မှောင်ကြုတ်ကာ ပြန်တွေးကြည့်လိုက်သည်။ "အစ်ကိုမုန့်က ဘာဖြစ်တာလဲ... မနေ့ညက ရိုက်ကူးရေး လုပ်တုန်းကတောင် အကောင်းကြီးပါ" 


ရှစ်ရော့က သေသေချာချာ ပြောပြနေသည်။ "မနေ့ညတုန်းက အစ်ကိုမုန့်က အစ်မတို့နဲ့ သီချင်းဆိုဖို့ လိုက်မလာခဲ့ဘူးလေ... ဒါရိုက်တာဟယ်နဲ့ ဘာဘီကျူးသွားစားခဲ့တာ... ဘာဖြစ်သွားလဲ မသိပါဘူး... ဒါရိုက်တာဟယ်က ဒီနေ့ အဆင်ပြေနေပေမယ့် အစ်ကိုမုန့်ကတော့ အန်ပြီး ဝမ်းလျှောနေတယ်... အဖျားတွေလည်း တက်နေတာ"


ယွီနျန်မှာ ငိုရမလား ရယ်ရမလားပင် မသိတော့။ "အစ်ကိုမုန့်က အရင်တုန်းက သူထိပ်ပြောင်မှာစိုးလို့ ကျန်းမာရေး လိုက်စားတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား... ညစောစောအိပ်ပြီး ညနက်ပိုင်းရောက်ရင် သရေစာတွေလည်း ရှောင်တယ်ဆို" ယွီနျန် စိုးရိမ်သွားလေသည်။ "အစ်ကိုမုန့်အိမ်မှာ သူ့ကို ဂရုစိုက်ပေးမယ့်သူ ရှိလား" 


"ရှိလောက်မှာပါ" ရှစ်ရော့၏ အသံက အနည်းငယ် တိုးဖျသွားသည်။ "အစတုန်းက မုန့်ကောက လူလွတ်လေ... ဒါပေမယ့် နောက်ပိုင်းကျ အချစ်စစ်နဲ့ တွေ့ပြီး လဝက်အတွင်း လက်ထပ်လိုက်တာ... အဲ့အချိန်တုန်းကဆို လူတွေ တအားရှောခ့်ရသွားကြတာနော်... နောက်ပိုင်းကျ နှစ်ယောက်သား အဆင်မပြေကြလို့ ထင်ပါရဲ့... ကွာရှင်းလိုက်ကြတာလေ"


"ဟုတ်လား" ယွီနျန်က တုံ့ဆိုင်းမနေတော့ဘဲ အသီးဖျော်ရည်ခွက်ကို ချလိုက်သည်။ "နေ့လည်ကျရင် ဆရာမကျောက်ရှီရဲ့ အတန်းကို ခွင့်ယူပြီး အစ်ကိုမုန့်ကို သွားကြည့်လိုက်ဦးမယ်... အစ်မရော လိုက်မလား"


ရှစ်ရော့ ခေါင်းငြိမ့်ပြလိုက်သည်။ "ဒါဆို အစ်မ တစ်ခုခု သွားဝယ်လိုက်မယ်"


မုန့်ယွမ်က ရှင်းယောင်နှင့် အတော်လေးနီးသော နေရာတွင် နေထိုင်သည်။ ယွီနျန်နှင့် ရှစ်ရော့တို့ ရောက်လာကြသောအခါ မုန့်ယွမ်မှာ စူပုပ်နေသော မျက်နှာဖြင့် တံခါးကို မှီရပ်နေရသည်။ သူတို့ကို မြင်သောအခါ ပြောလိုက်သည်။ "စီးဖို့ ဖိနပ် ရှာလိုက်... ရေလည်း ကိုယ့်ဘာသာ ခပ်သောက်ကြ... မင်းတို့ရဲ့ ဖေဖေမုန့်ကတော့ ကောင်းကင်ဘုံကို ကြွလှမ်းရတော့မယ်... မင်းတို့ကို ဧည့်ဝတ်ပြုဖို့ စိတ်မပါနိုင်သေးဘူး"


ယွီနျန်က ဧည့်သည်စီး ဖိနပ်ပါးတစ်ရံကို ရှာကာ ရှစ်ရော့ကို ကမ်းပေးလိုက်ပြီးနောက် သူလည်း စီးလိုက်သည်။ ထို့နောက် မုန့်ယွမ်ကို ဂရုတစိုက် ကြည့်လိုက်လေသည်။ "ဆေးသောက်ပြီးပြီလား"


မုန့်ယွမ်မှာ ညဝတ်အင်္ကျီ ဝတ်ထားဆဲ ဖြစ်ပြီး ပျော့ခွေနေလေသည်။ "သောက်ပြီးပြီ... ဆရာဝန်လည်း လာကြည့်ပေးပြီးသွားပြီ... သောက်ကျိုးနဲ... ဘာလို့ လောင်ဟယ်ကျ ဘာမှ မဖြစ်ရတာလဲ... " ထို့နောက် ယွီနျန် ယူလာသော အရာကို မြင်သောအခါ ချက်ချင်း ရယ်မောလိုက်လေသည်။ "မင်း ဒီကို လာချင်ရင် ဒီတိုင်းလာလေ... ဘာလို့ ပစ္စည်းတွေ အများကြီး ဝယ်လာရတာလဲ... ဟင်းချက်ကျွေးမလို့လား"


ယွီနျန်က မီးဖိုချောင်ထဲမှ ထိုင်ခုံတစ်လုံးကို ရှာကာ နှုတ်ခမ်းလေးများ ကွေးတက်လာခဲ့သည်။ 


"အစ်ကိုမုန့်က အခု လျှောက်စားလို့ မဖြစ်သေးဘူးလေ... ပိုဆိုးသွားလိမ့်မယ်... ကျွန်တော် ဆန်ပြုတ်ပြုတ်ပေးမလို့"


မုန့်ယွမ် ဝမ်းသာအားရ ဖြစ်သွားလေသည်။ "ရတယ်... ကြိုက်သလိုလုပ်.. အိုးတွေခွက်တွေ မင်းကြိုက်သလိုသာသုံး... နောက်ထပ် ဟင်းနှစ်ခွက်လောက် ထပ်ချက်လိုက်လေ... မင်းနဲ့ ရှစ်ရော့လည်း ဒီမှာပဲ စားသွားလိုက်ကြ"


မုန့်ယွမ်၏ မီးဖိုချောင်က ပြောင်သလင်းခါနေပြီး ဆားလေးတစ်ဘူးပင် ရှိမနေပေ။ ယွီနျန်က ကံကောင်းထောက်မစွာ ကြိုတွေးထားမိသဖြင့် ဟင်းခတ် အမွှေးအကြိုင်အားလုံး ဝယ်လာခဲ့သည်။ သူက ချက်ပြုတ်ရာ၍ ကျွမ်းကျင်သည်ဟု ဆိုရပေမည်။ တစ်နာရီအတွင်း ဟင်းလေးခွက်နှင့် စွပ်ပြုတ် တစ်ပွဲတို့ စားပွဲပေါ်တွင် ရောက်ရှိလာခဲ့ပြီး မုန့်ယွမ်အတွက် ကြက်သား တောက်တောက်စင်း စွပ်ပြုတ်တို့က အငွေ့တထောင်းထောင်းထ၍နေလေပြီ။


မုန့်ယွမ်က မွှေးရနံ့လေးကို ရှူရှိုက်မိချိန်တွင် အလွန် ဗိုက်ဆာလာရလေတော့သည်။ သူက တဖူးဖူး မှုတ်လိုက်ရင်း အရသာ ခံလိုက်ရာ မျက်လုံးများ ဝင်းပသွားလေသည်။ "နတ်ဘုရားအဆင့် အချက်အပြုတ် စကေးပဲဟေ့.... မင်း နောက်ကျ ဖျော်ဖြေရေး လောကထဲ မအောင်မြင်ရင်တောင် အလုပ်ပြောင်းပြီး စားဖိုမှုး လုပ်လို့ရတယ်"


သူက ကြက်သား တောက်တောက်စင်း ဆန်ပြုတ်ကို ဇွန်းဖြင့် မွှေနေရင်းမှ ငြင်းဆန်လိုဟန်ဖြင့် ခေါင်းခါလိုက်ပြန်သည်။ "မဟုတ်သေးဘူး... မင်းရဲ့ လက်ရှိ အရှိန်အရဆို ဖျော်ဖြေရေး လောကထဲ အရမ်းအောင်မြင်လာမှာပဲ"


"ငါပြောမယ်... မနေ့ညက ငါ ဟယ်ချိုးပိုင်နဲ့ ဘာဘီကျူး သွားစားခဲ့တာလေ... အမလေး... အဲ့အကြောင်း တွေးလိုက်တာနဲ့ ဗိုက်တောင်နာလာပြီ" မုန့်ယွမ်က တရှူးရှူး လုပ်လိုက်ရင်း သူ့လက်များကို ကတ်ကြေးနှင့် ယှဥ်ကြည့်နေသည်။ 


"ဒုတိယပိုင်းကို ဖြတ်ပစ်လိမ့်မယ်... ဘယ်လို မတော်တဆမှုမှ မရှိခဲ့ရင် မင်း hot search နှစ်ခုလောက် ထပ်ရဦးမှာပဲ"


ရှစ်ရော့က သိလိုစိတ် ပြင်းပြနေလေသည်။ "အခုအပိုင်းက အရမ်းကောင်းတာလား"


"မကောင်းစရာလား... ယွီနျန် သီချင်းဆိုပြီး ငိုနေတဲ့ အနီးကပ်ရိုက်ချက်တွေ ငါကြည့်ထားပြီးပြီ... ငါ့နှလုံးသားအိုကြီးတောင် ဆက်မကြည့်နိုင်ဘူး... ဒီအပိုင်း လွှင့်ပြီးရင် လူတွေ ဘယ်လောက်တောင် ငိုကြမလဲ မသိဘူး" မုန့်ယွမ်က ရယ်လျက် ဆိုသည်။


 "ငါလက်မှတ်ထိုးထားတဲ့ လူက ထင်ထားတဲ့ အတိုင်းပဲ ဘာအမှားမှ မရှိရင် အောင်မြင်လာဖို့ အချိန်နည်းနည်းပဲ လိုမယ်"


သူက တစ်ခုခုကို တွေးမိပြီးနောက် ယွီနျန်၏ မျက်လုံးများကို အကြည့်ပို့လိုက်လေသည်။ "မနေ့ကတောင်မှ စီးပွားရေးသမား တစ်ယောက် ရောက်လာသေးတယ်... သူက မင်းနဲ့ ပတ်သက်ပြီး ငါ့ကို စကားပြောချင်နေပေမယ့် ငါသူ့ကို တွန်းထုတ်လိုက်တယ်" 


ယွီနျန်က လက်ထဲမှ ကြွေဇွန်းကို ချလိုက်သည်။ "အင်း... အစ်ကိုမုန့်... ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်လို့ရပါတယ်"


"ဟုတ်ပြီ" မုန့်ယွမ်က သူ မပျော်မရွှင် ဖြစ်သွားမည်ကို စိုးရိမ်နေသဖြင့် ရှင်းပြလိုက်သည်။ 


"မင်းရဲ့ အလုပ်အကိုင်ပဲ ဖြစ်ဖြစ် ကိုယ်ရည်ကိုယ်သွေးပဲ ဖြစ်ဖြစ် ရေရှည် မျှော်မှန်းချက် ရှုထောင့်က ကြည့်ရင် အခု ကြော်ငြာတွေ လက်ခံဖို့ မသင့်တော်သေးဘူး... အခုလောလောဆယ် မင်း ကြော်ငြာပေးနိုင်မယ့် တံဆိပ်ကောင်းကောင်းတွေ မရနိုင်သေးဘူးလေ... မင်းလက်ခံလိုက်ရင် နောက်ပိုင်းမှာ မကောင်းတဲ့ သမိုင်းကြောင်း ဖြစ်လာလိမ့်မယ်... ကြောက်စရာ အကောင်းဆုံးအချက်က အဲ့ကိစ္စက မင်းရဲ့ အဆင့်ကို နိမ့်ကျသွားစေနိုင်တယ်" 


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်... ကျွန်တော် သိပါတယ်"


မုန့်ယွမ်မှာ ယွီနျန်က သူ အပတ်တကုပ် ကြိုးစား အားထုတ်ခဲ့မှုကို နားလည်နေကြောင်း သိလိုက်ရသဖြင့် သယ်ဆောင်ထားရသော ကျောက်တုံးကြီး ပြုတ်ကျသွားသလိုပါပင်။ သူ အမှတ်ရသွားသဖြင့် မေးလိုက်မိသည်။ "ငါ မင်းကို စတွေ့တော့ ငွေကြောင့် ဒီလောကထဲ ဝင်လာတယ်လို့ ပြောခဲ့တယ်နော်" 


"ဟုတ်... ကျွန်တော် တကယ် ငွေလိုနေတာ... ငွေအများကြီး" ယွီနျန်က အမှန်ပင် တည်ငြိမ်နေသည်။ သူ ငွေလိုနေကြောင်း ပြောရမည်ကိုလည်း ရှက်မနေပေ။ "အရင်က ငွေရဖို့ အလုပ်တွေ အများကြီး လုပ်ကြည့်ပြီးပြီ... ဒါပေမယ့် ရတဲ့ငွေက ကျွန်တော့် ရည်မှန်းချက်နဲ့ အလှမ်းကွာလွန်းနေတယ်"


"မင်း အောင်မြင်လာရင် ငွေအများကြီး ရလာမှာပဲလေ" မုန့်ယွမ်က တွေးဆကြည့်နေသည်။ "ဒီနေ့ မင်းနဲ့ ရှစ်ရော့ပဲ ရှိနေတာ ဆိုတော့ အဲ့ဒီအကြောင်း ပြောရအောင်... မင်း ငွေဘယ်လောက် လိုနေတာလဲ... မင်းရဲ့ လိုအပ်ချက်အတိုင်း နောက်ပိုင်း လမ်းကြောင်းကို စီစဥ်ကြမယ်"


စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ယွီနျန် လက်နှစ်ချောင်း ထောင်ပြလိုက်သည်။ 


မုန့်ယွမ်က စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်လေသည်။ "နှစ်သန်းလား... မခက်ပါဘူး"


ယွီနျန်က ပြုံး၍ ခေါင်းခါပြလိုက်သည်။ "အဲ့ထက်ပိုတယ်"


မုန့်ယွမ် ပြန်ဖြေလိုက်လေသည်။ "နှစ်... သန်းနှစ်ဆယ်လား"


ယွီနျန် ပြုံးနေဆဲ ဖြစ်သည်ကို တွေ့သောအခါ သူပင့်သက်ရှိုက်မိသွားသည်။ "ဖာခ့်... သန်းနှစ်ရာလား"


ယွီနျန်က လက်ချောင်းကို ပြန်ရုတ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်... အနည်းဆုံး သန်းနှစ်ရာ... ငါးနှစ်အတွင်းမှာပေါ့"


သူ ဟာသလုပ်နေပုံ မပေါ်သည်ကို မြင်သောအခါ မုန့်ယွမ် ဇွန်းကို ချ၍ လက်လှမ်းကာ ယွီနျန်၏ နဖူးကို စိုးရိမ်ပူပန်စွာဖြင့် ထိလိုက်သည်။ "ငါကပဲ ဖျားနေလား... ဒါမှမဟုတ် မင်းပဲ ဖျားနေလား... သန်းနှစ်ရာ... သောက်ကျိုးနဲ... မင်းက ဘာလို့ နှစ်ဒေါ်လာအကြောင်း ပြောနေသလို ပြောနေရတာလဲ"


ယွီနျန်၏ အမူအယာက သိပ်လေးလံမနေဘဲ သူ့အပြုံးကလည်း တောက်ပနေဆဲသာ။ "ကြိုးစားမကြည့်ဘဲနဲ့ အောင်မြင်နိုင်မလား မအောင်မြင်ဘူးလားဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ"


မုန့်ယွန်က စိတ်ပြန်ထိန်းလိုက်ပြီးနောက် တစ်ခဏမျှ တွေး၍ မေးလိုက်သည်။ "ဒါဆို မင်း စိတ်မရှိရင် အခု မင်းလက်ထဲမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ မေးလို့ရမလား"


ယွီနျန်က အမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။ "အစ်ကိုမုန့်ကို လစာကြိုပေးဖို့ ပြောတုန်းက ကျွန်တော့်လက်ထဲ ယွမ်နှစ်ဆယ်ပဲ ကျန်တော့တယ်"


ရှစ်ရော့ အံ့အားသင့်သွားလေသည်။ "မင်းက အစ်မထက်တောင် ဆင်းရဲနေတာပဲ"


မုန့်ယွမ်က စကားတစ်လုံးမှပင် မပြောချင်တော့သဖြင့် ဆန်ပြုတ်ကိုသာ တိတ်တိတ်ဆိတ်ဆိတ် စားနေခဲ့သည်။


သောက်ကျိုးနဲ လန့်စရာ ကောင်းချက်...


မုန့်ယွမ် ကြိုတင်ခန့်မှန်းထားသည့်အတိုင်း "သဘာဝရဲ့ သံစဥ်" ဒုတိယ season၏ ဒုတိယပိုင်း ပြီးဆုံးသွားသောအခါ ယွီနျန်က #အလှမ်းဝေးသောကြယ်ယွီနျန် နှင့် #မငိုပါနဲ့ယွီနျန် ဟူသော hot search နှစ်ခုဖြင့် ထပ်ဆုံး သုံးနေရာကို ခုန်တက်သွားလေသည်။


မုန့်ယွမ်က သူ့အဖွဲ့ကို အစည်းအဝေး ခေါ်ကာ ယွီနျန်ကိုလည်း တက်စေခဲ့သည်။ သူက စုစည်းထားသော အချက်အလက်များကို လှန်လှော ကြည့်ရင်း ကြက်သေသေနေသည်။


"လောင်ဟယ်က ငါ့ကို ညစာစားဖို့ ဖိတ်ထားတယ်... စားသောက်ပွဲကြီးနော်... ကြည့်... မင်းနဲ့ ရှားမင်ရှီ ဖျော်ဖြေတော့ ရှိုးရဲ့ ကြည့်ရှုနှုန်းတွေ ဟော်မုန်းတွေလို တရိပ်ရိပ်တိုးလာတာ" 


သူက ကွန်ပြူတာ မျက်နှာပြင်ကို ယွီနျန်ဘက်သို့ လှည့်ပြလိုက်သည်။ "ကြည့်စမ်းပါအုံး... ကျည်ဆန်လိုကွန်းမန့်တွေ... များလွန်းလို့ မင်းရဲ့ မျိုးကောင်းရိုးကောင်း မျက်နှာလေးကို မမြင်ရလုနီးနီးပဲ"


လူတိုင်းက ရယ်မောလိုက်ကြသည်။ ထိုအခိုက်မှာပင် ရှစ်ရော့က မရေမရာ ပြောလိုက်သည်။ "နျန်နျန်အတွက် မကောင်းတဲ့ မှတ်ချက်တွေ ချန်ထားတဲ့ သူတွေလည်း ရှိနေတယ်ထင်တယ်"


မုန့်ယွမ်က ပြုံးကာ စိတ်ရင်းဖြင့် သက်ပြင်းချပေးလိုက်သည်။ "ကျွတ်... ဒီနှစ်ရေတပ်တွေက ကောင်းကောင်း မလုပ်ကြဘူး... တုံ့ပြန်ဖို့ ဒီလောက် အချိန်ယူရလား"


ရှစ်ရော့က ပထမတွင် အတော်လေး ပူပန်နေခဲ့သော်လည်း မုန့်ယွမ် ပြောသည်ကို ကြားသောအခါ နှုတ်ခမ်းလေးများ ကွေး၍ ပြုံးပြလာခဲ့သည်။ "ကြည့်ရတာ ရေတပ်တစ်ခုပဲ ထင်တယ်... ဘယ်သူ ဝယ်ထားတာပါလိမ့်... ရှိုးအဖွဲ့နဲ့ ယွီနျန်ရဲ့ ဝေ့ပေါ်ကိုပဲ အဓိကထား တိုက်ခိုက်နေတာ"


ယွီနျန် သိချင်သွားမိသည်။ "ရေတပ်က ပြောတဲ့ မှတ်ချက်တွေက ဘယ်လိုတွေလဲ"


ရှစ်ရော့က ပါးစပ်ဖွင့်လိုက်သော်လည်း မဖတ်နိုင်ခဲ့ပေ။ သူမက တုန့်ဆိုင်းနေလေသည်။ "မင်း တစ်ချက် ကြည့်ကြည့်မလား"


မုန့်ယွမ်က ယွီနျန်၏ လက်ကိုင်ဖုန်းကို ပြန်ကမ်းပေးလိုက်သည်။ "ဒီအစ်ကိုကြီးက မင်းကို သင်ပေးမယ်... အနာဂါတ်မှာ မင်းကို ကြိုက်တဲ့တွေ ရှိလာလိမ့်မယ်... ဒါပေမယ့် မင်းကို အပုပ်ချပြီး ကြိမ်းမောင်းတဲ့သူတွေလည်း ရှိလာမှာပဲ... ဒါကြောင့်မို့ အခုကစပြီး မင်းရဲ့ နှလုံးသားကို ပြင်ဆင်ထား... မင်းရဲ့ စိတ်ကိုလည်း အလေ့အကျင့် လုပ်ထားရမယ်" 


ယွီနျန်က ဖုန်းကို လှမ်းယူကာ တစ်ခဏမျှ တွေးလိုက်ပြီးနောက် သူ့ဝေ့ပေါ်ကို အရင် ဖွင့်ကြည့်လိုက်သည်။ ယခုတွင် ဝေ့ပေါ်သို့ ဝင်လိုက်သည်နှင့် မက်ဆေ့ချ်များ အလုံးအရင်း ဝင်လာတတ်သည့် ထိုးနှက်ချက်များကို ကျင့်သားရနေခဲ့သည်။


[အားအား နျန်နျန်ရေ... မားက မင်းကို ချစ်တယ်နော်... မငိုပါနဲ့ ငါ့ရဲ့ မိခင်နှလုံးသားလေး ကြေကွဲရလွန်းလို့ ငါငိုမိသွားတယ်]


[ဒီမမကို လာဖက်ပေးကြပါ... ငါလည်း အဘွားကို လွမ်းတယ်... ငါ သူမကို အရမ်း သတိရနေတာ... ငါ့ အသက်က တကယ် ကောင်းတာ...]


[ဘယ်လို အမှိုက်တွေ လာဆိုနေတာလဲ... ဒီအဆင့်လောက်နဲ့ ဘယ်လိုများ ပထမရသွားတာလဲ... "သဘာဝရဲ့ သံစဥ်" ကတော့ ဆိုးပြီးရင်း ဆိုးနေတာပဲ... ပထမ seasonနဲ့တောင် မယှဥ်နိုင်ဘူး... မေ့လိုက်တော့]


[ငါအော်မိနေပြီ... ဘယ်လောက် ချောတဲ့မျက်နှာလေးလဲ... နတ်ဘုရားတွေ ကောင်းချီးပေးထားတဲ့ အသံလေးနဲ့... ဒီနတ်သားလေး နတ်သက်ကြွေလာတာလား... "အလှမ်းဝေးသော ကြယ်" က တကယ် ကောင်းတဲ့ သီချင်းပဲ... ဒီ cover ဆိုတာက မူရင်းထက်တောင် ပိုပြီး စိတ်ခံစားချက်မြင့်သေးတယ်]


[No. 1က ရှားမင်ရှီ ဖြစ်သင့်တာ အသိသာချည်းပဲ... ဒီလောက်အဆင့်နဲ့ ပထမရချင်နေတာလား... ရှိုးကို အနောက်တံခါးကနေ တက်လာတာလား... ထွက်သွားလိုက်တော့]


ယွီနျန်က အကြမ်းဖျင်း လှန်လှောကြည့်ပြီးနောက် မော့ကြည့်၍ မေးလိုက်သည်။ "ရေတပ် ဝယ်ထားတာ... ဖန်ဟွိုက် ဖြစ်နိုင်မလား"


မုန့်ယွမ် မျက်ခုံးပင့်မိသွားသည်။ "ဘာလို့ သူလုပ်တယ် ထင်တာလဲ"


"ရှင်းပါတယ်... သူက ကျွန်တော် ပထမရဖို့ အဆင့်မမီဘူးလို့ ထင်နေတာလေ... ပြီးတော့ ကျွန်တော်နဲ့ ရှားမင်ရှီရဲ့ ဆက်ဆံရေးကို ဆွပေးချင်နေတာ... ပြီးတော့ ကျွန်တော်က ရှိုးကို အနောက်တံခါးက ဝင်ခဲ့တယ်လို့ သူထင်နေတာပဲ... ဒီသုံးချက်က သူ ကျွန်တော့်အပေါ် မြင်တဲ့ အမြင်နဲ့ ကွက်တိပဲ"


"အကျိုးအကြောင်း ညီတယ်" မုန့်ယွမ်က ယွီနျန်၏ မျက်နှာ အမူအယာကို ဂရုတစိုက် လေ့လာလိုက်ပြီးနောက် စိတ်အေးလက်အေးတော့ မဖြစ်သေးပေ။ "မင်းက အင်တာနက်ပေါ်မှာ ဒီလောက် ဆိုးဆိုးဝါးဝါး ကြိမ်းမောင်းနေတာကို တကယ် ဂရုမစိုက်ဘူးမလား" 


"ကျွန်တော် တကယ် ဂရုမစိုက်ဘူး" ယွီနျန်က ဖုန်းကို ပြန်ချထားလိုက်သည်။ "ကျွန်တော်က ကိုယ့်အရည်အချင်းကိုရော ပရိုဂရမ် အဖွဲ့ထဲကို ဘယ်လို ဝင်လာတာလဲ ဆိုတာကိုရော ပထမရဖို့ ထိုက်တန်တယ် ဆိုတာရော သိနေပြီးသားပါ... ကျွန်တော် ကောင်းကောင်းသိပါတယ်"


မုန့်ယွမ် စိတ်အေးသွားသည်။ သူက ကုလားထိုင်နောက်မီကို မှီကာ မမေးဘဲ မနေနိုင်တော့။ "မင်းရဲ့ စိတ်ဓါတ်ခိုင်မာမှုကတော့... ကျွတ်... မင်းမိဘတွေ ဘယ်လို သင်ကြားပေးထားတာများလဲ"


ယွီနျန်က ထိုကဲ့သို့သော စကားမျိုးများ ကြားရခြင်းကို အလွန်သဘောကျသည်။ သူပြုံးလိုက်ရာ မျက်လုံးလေးများ ကွေးတက်သွားလေသည်။ "ကျွန်တော့် မိဘတွေ မဟုတ်ပါဘူး... ကျွန်တော်က အဘိုးအဘွားတွေနဲ့ နေခဲ့ရတော့ သူတို့ပဲ သင်ကြားပေးခဲ့တာပါ" 


သူက စကားအချို့ ထပ်မပြောဘဲ မနေနိုင်တော့ပေ။ "ကျွန်တော့်အဘွားက ငွေရှာတဲ့နေရာမှာ အရမ်းတော်တာ...


အဘိုးကတော့ ငွေသုံးတဲ့ နေရာမှာ တာဝန်ရှိတဲ့သူပေါ့... သူတို့က အရမ်းကောင်းတဲ့သူတွေပါ" 


“……”


ရှစ်ရော့က ဤတစ်ကြိမ်၌ ကြားဖြတ်ပြောလာခဲ့သည်။ "ယွီနျန်... မင်း hot searchထဲ ဝင်လာပြန်ပြီ"


စကားစရပ်ပြီးနောက် မုန့်ယွမ် hot search စာရင်းကို ကြည့်လိုက်ရာ ကျယ်ကျယ်လောင်လောင် ရယ်ချလိုက်သည်။ "ယွီနျန်ရဲ့ ထင်မထားတဲ့ ဘဝဇာတ်ကြောင်း... နံပါတ် ခုနစ် hot searchတဲ့လား...

ဒီလို ဘေးကင်းတဲ့ စွပ်စွဲချက်မျိုးကတော့... အိုး ငါတို့ရဲ့ ပြိုင်ဘက်လေးရယ်... အပူကို မွှေနှောက်ပေးဖို့ ကူညီပေးနေတာပဲ... ကောင်းချက်..."


……….