အပိုင်း ၁၄
Viewers 9k

Chapter 14

သူမလုပ်ခဲ့ဘူး



51ထပ်တွင်...


ရွှယ်ယုံတစ်ယောက် အေးစက်စက်လေထုကို ထုတ်လွှင့်နေပြီး တစ်မီတာ ပတ်လည်အတွင်း ချမ်းစိမ့်စိမ့် ဖြစ်သွားစေသည်ကို မြင်လိုက်ရသောအခါ ချူရှောင်းရန် ခပ်ဝေးဝေးတွင် ပုန်းနေပြီး သတိကြီးကြီးဖြင့် မေးလိုက်သည်။ "ဒါရိုက်တာအဖွဲ့က လူအိုကြီး မင်းကို လာရှုပ်ပြန်ပြီလား... ကိစ္စမရှိပါဘူးကွာ... ဥက္ကဌရွှယ် သူ့ကို အဆုံးသတ်ပေးလိုက်ပေါ့"


သူပြောပြီးသည်နှင့် နှလုံးသားထဲမှ မျက်ရည်များကို တိတ်တိတ်လေး သုတ်လိုက်သည်။ သူ အရင်က လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရတဲ့ ရွှယ်ရှောင်ယုံလေးကို လွမ်းနေပြီနော်...


ရွှယ်ယုံက အေးစက်နေသော မျက်နှာထားနှင့် စူးရှနေသည့် မျက်လုံးတို့ ရှိနေသည်။ "တစ်ယောက်ယောက်က သူ့ကို ကြိမ်းမောင်းနေတယ်"


"သူ... ဘယ်သူလဲ... ယွီနျန်လား" ချူရှောင်းရန် ပြန်မေးလိုက်သည်။ သူက သတင်းတိုင်း၏ အကြောင်းကို သိနေသည့် စီးပွားရေးသမား တစ်ယောက် ဖြစ်နေခဲ့လျှင်တောင် ဤကဲ့သို့ ကြီးမားလှသော ဖျော်ဖြေရေး ကုမ္ပဏီအတွင်း သူ မသိသေးသည့် ကိစ္စများစွာ ရှိနေဆဲပင်။


 "တစ်ယောက်ယောက်က ယွီနျန်ကို မုန်းနေတာလား"


"အင်း"


"မင်း ငါ့ကို သေလောက်အောင် ခြောက်လိုက်တာပဲ... မင်း လူတွေကို ထပ်ပြီး ရှင်းထုတ်တော့မယ် ထင်နေတာ"


ချူရှောင်းရန်က သူ့ရင်ဘတ်ကို ပုတ်ကာ နှစ်နှစ်ဆယ်ကျော် သူငယ်ချင်း သံယောဇဥ်အား ယွီနျန်ကြောင့် ဖိနှိပ်ခံလိုက်ရတော့မည်ဟူသော နှလုံးသားထဲမှ မငြိမ်မသက် ခံစားချက်ကို လျစ်လျူရှုထားရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


 "ငါ မင်းကို ရှင်းပြမယ်... ဖျော်ဖြေရေးလောကဆိုတာ ဒီလိုမျိုးပဲကွ... လူတွေက အမုန်းခံရမှာ မကြောက်ကြဘူး... ဘယ်သူမှ သူတို့ကို မမုန်းကြဘဲ သူတို့အကြောင်း မပြောကြတော့မှာကို ကြောက်ရတာ... မင်း အမုန်းခံနေရရင် လူတွေ အတင်းအဖျင်း ပြောကြတဲ့ ခေါင်းစဥ် တစ်ခု ဖြစ်လာပြီးတော့ အနုပညာရှင်ရဲ့ ကျော်ကြားမှုကလည်း မြင့်လာမယ်... ပြီးတော့ အနုပညာရှင် နာမည်ကြီးလာရင် ပိုက်ဆံပိုရလာမယ်"


ချူရှောင်းရန်က အတိတ်မှ ဖြစ်စဥ်များအကြောင်း စိတ်အားထက်သန်စွာ ပြောပြလိုက်သည်။ 


"ငါ မင်းကို ဥပမာတစ်ခုပေးမယ်... ငါအရင်က ပြဿနာတစ်ခု တက်သွားပြီးတော့ ငါ့နောက်ကို လိုက်နေတဲ့ အမျိုးသမီး ကြယ်ပွင့်တစ်ယောက်ဆီကို ပြေးဝင်မိသွားသေးတယ်မလား... နောက်ပိုင်းကျတော့ လူတွေက ငါ့နာမည်သုံးပြီး နေ့တိုင်း သတင်းတွေ လွှင့်ကြရော... ဇာတ်ကြောင်း ဖွံ့ဖြိုးလာရမဲ့ အတိုင်းဆို ငါအခု အဲ့ဒီ အမျိုးသမီး ကြယ်ပွင့်လေးနဲ့ ချစ်ကျွမ်းဝင်သွားပြီးတော့ မကြာခင် လက်ထပ် အိမ်ပြန်ပြီး ကလေးတွေမွေး ဖြစ်သွားရမှာ..."


ရွှယ်ယုံ အတွေးများနေသည်ကို တွေ့သောအခါ ချူရှောင်းရန်က မဆုတ်မနစ် အားထုတ်ကြိုးပမ်းလိုက်သည်။


"ပြီးတော့ အရင်က ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်ပြီး ပလပ်စတစ်ဆာဂျရီ လုပ်ထားတယ်လို့ သတင်းထွက်တဲ့ သရုပ်ဆောင်တစ်ယောက် ရှိသေးတယ်လေ... ရက်တွေအများကြီး hot search ဝင်သွားတာ... ပြီးတော့ လူတွေက ဆာဂျရီ လုပ်မထားတဲ့အကြောင်း သက်သေတွေ ဆွဲထုတ်လာတယ်လေ... မျက်စိတစ်မှိတ်အတွင်း ကောလဟာလတွေ ငြင်းဆိုလိုက်ပြီးတော့ ရက်ပေါင်းများစွာ hot seaech ရောက်သွားပြန်ရော... ဖန်တွေက သူတို့ နတ်ဘုရားမလေး မှားယွင်း စွပ်စွဲခံရပါတယ် ဆိုပြီး အရမ်း စိတ်မကောင်း ဖြစ်သွားကြတာ... သူတို့က နတ်ဘုရားမကို ထောက်ပံ့ပေးဖို့ ဇာတ်ကား လက်မှတ်တွေ ဝယ်ကြတာနဲ့ ရုံတင်ငွေက ပေါက်ကွဲထွက်သွားရော"


သူက အဆုံးသတ် ပြောပြလိုက်သည်။ "ဒါကြောင့်မို့ အမုန်းစကား မှတ်ချက်တွေက မကောင်းတဲ့ အရာတော့ မဟုတ်ဘူး... ဆွေးနွေးစရာ စကားမရှိရင် ပိုဆိုးသွားမှာပေါ့... ဒါက မကျော်ကြားဘူးဆိုတဲ့ သဘောပဲလေ"


ရွှယ်ယုံ: “တကယ်လား”


ချူရှောင်းရန် ခေါင်းငြိမ့်ပြလိုက်သည်။ "တကယ်လို့ ငါ မဟုတ်တမ်းတရားတွေ ပြောနေရင် အိမ်ပြန်ရောက်တဲ့အခါ ငါ့အစ်ကို ရိုက်တာ ခံရပါစေ"


ရွှယ်ယုံက အလုံးစုံ မယုံကြည်သေးသော်လည်း သူ့မျက်နှာက အတော်လေး ကြည့်ကောင်းလာသည်။


ရွှယ်ယုံ ယခင်ကလောက် ရက်စက်သည့်ပုံ မပေါ်သည်ကို တွေ့လိုက်ရသောအခါ ချူရှောင်းရန် သူ့လက်ကို တတောက်တောက် ခေါက်လိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။ 


"ငါ့ကိုယုံ... ငါပြောတာ အမှန်တွေချည်းပဲ"


****** 


မနက်ပိုင်းတွင် မုန့်ယွမ်က ရှိုးရိုက်ကူးရေးအတွက် ကားမောင်း၍ ယွီနျန်ကို လာကြိုလိုက်သည်။ ယွီနျန်က ဘေးဘက်ခုံတွင် ထိုင်လိုက်ပြီး ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။ "အစ်ကိုမုန့်... အစောကြီးပဲ... နေလို့ကောင်းသွားပြီလား" 


မုန့်ယွမ်က သူ့ကို ဘေးဘက်မှ ကြည့်ကာ စိတ်ကောင်းဝင်နေခဲ့သည်။ "ငါ အခုအဆင်ပြေသွားပြီ ... လောင်ဟယ် ငါ့ကို ဘာဘီကျုးနဲ့ ဘယ်လောက်ပဲ မြူဆွယ်ဆွယ် ငါ့နှလုံးသားကို ခိုင်ခိုင်ထားဖို့ ဆုံးဖြတ်လိုက်ပြီ"


ယွီနျန် ပြန်ဖြေလိုက်သည်။ "ဒါရိုက်တာဟယ်နောက် ထပ်လိုက်သွားဖို့ နှလုံးသားက ခိုင်မာနေပြီးသားမလား"


မုန့်ယွမ် ရယ်မောလိုက်လေသည်။ "နျန်နျန်... မင်း ငါ့ကို ကောင်းကောင်း သိတာပဲ... အစားကောင်းအသောက်ကောင်းတွေက ငါ့ကို ဘယ်လို ရပ်တန့်နိုင်ပါ့မလဲ"


ကားက မြေအောက်ကားပါကင်တွင် ချောချောမွေ့မွေ့ ရပ်သွားသောအခါ နှစ်ယောက်သားက ကားထဲမှ ထွက်လာပြီး ဝင်ပေါက်ကို လျှောက်လာခဲ့ကြသည်။ မုန့်ယွမ်က ကားသော့ကို လက်ညှိုးတွင် လှည့်နေရင်းဖြင့် ယွီနျန်ကို မေးလိုက်သည်။ "ဒီတစ်ကျော့အတွက် တစ်ယောက်ချင်းစီရဲ့ ကျွမ်းကျင်မှုတွေကို ပြရမှာ... ရှားမင်ရှီက ဘာရွေးမှာတဲ့လဲ"


ယွီနျန် ပြန်ဖြေလိုက်သည်။ "မင်ရှီက တယော၊ စန္ဒယားနဲ့ ပလွေ တီးတတ်ပြီး ဟစ်ဟော့အကလည်း ကတတ်တယ်ဆိုတော့ အခုထိ မဆုံးဖြတ်ရသေးဘူးတဲ့... သူပြောတာ ရှုရွှမ်းနဲ့ ဖန်ဟွိုက် ရွေးပြီးသွားရင် မတူတဲ့ဟာကို ရွေးလိုက်မှာတဲ့" 


မုန့်ယွမ် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုအခိုက်တွင် လူများစွာက ကားပါကင်၏ ကွန်ကရစ်နံရံနောက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တစ်ယောက်ချင်းစီက ယွီနျန်၏ ဓါတ်ပုံများ၊ အနီးကပ်ပုံရိပ်များကိုင်ထားပြီး ကျောပိုးအိတ်ပေါ်တွင် အလံများ၊ စာတန်းများစွာလည်း ရှိနေသည်။


လူနှစ်ယောက်သားက ချက်ချင်း ရပ်လိုက်ကြသည်။ မုန့်ယွမ်လည်း အနည်းငယ် အံ့အားသင့်သွားသည်။ "မင်းရဲ့ အချိန်ဇယားကို သိနေတဲ့ ဖန်တွေ ရှိနေတာလား"


ထိုအချိန်၌ ယွီနျန်မှာ ဖန်တစ်အုပ်ကြီးထံမှ အဝိုင်းခံထားရသည်။ ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးကြုံရခြင်း ဖြစ်သော်လည်း မုန့်ယွမ်နှင့် ရှစ်ရော့တို့က လေ့ကျင့်ပေးထားပြီးသား ဖြစ်၍ သူ အလန့်တကြား ဖြစ်မသွားပေ။ 


"ဟယ်လို... ကျွန်တော် ..."


"ယွီနျန်... ငါနင့်ကို အရမ်းသဘောကျတယ်... လက်မှတ်ထိုးပေးလို့ရမလား" မျက်နှာ ဝိုင်းဝိုင်းလေးနှင့် ကျောပိုးအိတ် ခပ်ကြီးကြီး လွယ်ထားသည့် မိန်းကလေး တစ်ယောက်က ရှေ့တွင် ရပ်နေသည်။ သူမက ပြုံးရယ်လျက် မှတ်စုစာအုပ်လေးကို ညွှန်ပြနေပြီး သူ့ကို လှမ်းပေးလာခဲ့သည်။


“ဟုတ်ပြီလေ... ဘယ်လိုမျိုး ထိုးပေးရမလဲ" ယွီနျန်က ယဥ်ကျေးသော အပြုံးလေးဖြင့် မေးလိုက်ပြီး လှမ်းယူရန် ပြင်သည်။


ထိုအခိုက်မှာပင် မိန်းကလေးက ရုတ်တရက်ပင် သူမလက်ကို ရှေ့သို့ ဆန့်ထုတ်လာခဲ့ပြီးနောက် အားပြင်းပြင်းနှင့် အတွန်းခံလိုက်ရသည့်အလား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး မြေပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျသွားလေသည်။


နောက်တစ်စက္ကန့်မှာပင် ယွီနျန် အနားတွင် ဝိုင်းနေကြသည့် အခြားသော "ပရိတ်သတ်" များမှာ အော်ဟစ်လာကြလေတော့သည်။


"လက်မှတ်မထိုးပေးချင်လည်း ရပါတယ်... ဘယ်လိုလုပ်ပြီး လူတွေကို တွန်းထုတ်နိုင်ရတာလဲ"


"နင်က ဒီလိုလူမျိုး ဖြစ်နေတာကိုး... နင့်လို လူမျိုးကို သဘောကျခဲ့မိတ ရှက်စရာပဲ" 


စက္ကန့်အနည်းငယ်အတွင်း အပြောင်းအလဲဖြစ်သွားပြီး အစွန်းဘက်သို့ အတိုးခံလိုက်ရသည့် မုန့်ယွမ်၏ မျက်နှာ ချက်ချင်း ပြောင်းသွားလေကာ ခပ်တိုးတိုး ကျိန်ဆဲလိုက်လေသည်။ "သေစမ်း" 


သူ ယွီနျန် ရှေ့သို့ သွားရပ်လိုက်ချိန်မှာပင် မူလက ယွီနျန်ဘေးသို့ ဝန်းရံနေကြသည့် လူခုနစ်ယောက် ရှစ်ယောက်တို့မှာ အော်ဟစ်လာကြလေတော့သည်။ "နင်က လုံခြုံရေးတောင် ခေါ်လိုက်သေးတယ်ပေါ့" သူတို့ထွက်ပြေးသွားပြီးနောက် မကြာမီပင် ပျောက်ကွယ်သွားကြသည်။


ယွီနျန်က မုန့်ယွမ်ဘေးတွင် ရပ်လိုက်ပြီး အသက်ဖျော့ဖျော့ ရှုလိုက်သည်။ "သူတို့ တမင် လုပ်သွားတာ" သူ အလေးပေး ပြောပြလိုက်သည်။


 "ကျွန်တော် သူ့ကို မတွန်းခဲ့ဘူး .. တကယ်ပါ" အဆုံးသတ်တွင် အသံအနည်းငယ် တုန်ယင်သွားသည်။


မုန့်ယွမ်က ဘေးကို လှည့်ကြည့်လိုက်ရာ ယွီနျန်က ထိုလူများ ပျောက်ကွယ်သွားသည့် နေရာဘက်သို့ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး "ကျွန်တော် သူ့ကို တကယ် မတွန်းလိုက်ပါဘူး" ဟု ထပ်ကာထပ်ကာ ပြောနေပြီး သူ့နှလုံးသားက ရှင်းမပြနိုင်အောင်ပင် ဝမ်းနည်းလာရသည်ကို ခံစားလိုက်ရသည်။


"ကောင်းပြီ... ငါသိတယ်... ငါတို့ကို တစ်ယောက်ယောက်က လုပ်ကြံသွားတာ... သူတို့က ဒီလိုမြင်ကွင်းမျိုး ဖြစ်အောင် ဖန်တီးချင်နေတာပဲ"


စက္ကန့်အနည်းငယ်အကြာတွင် ယွီနျန် ပြုံးလာခဲ့သည်။ "ဒါဆို... ကျွန်တော် hot searchမှာ ထပ်ပါဦးမှာပေါ့"


"ဒီလိုအချိန်မှာတောင် ရယ်နေတုန်းလား" မုန့်ယွမ်က ဖုန်းကို ထုတ်၍ ပြောလိုက်သည်။ "ဒါပေမယ့် မင်းပြောတာ မှန်တယ်... မင်းထပ်ပြီး hot searchမှာ ရောက်လာဦးမှာ"


မုန့်ယွမ် ယွီနျန်ကို စတူဒီယိုထဲသို့ ခေါ်လာသောအခါ ဟယ်ချိုးပိုင် မျက်ခုံးကျုံ့လိုက်သည်။ "hot searchက ဘယ်လို ဖြစ်တာလဲ... ယွီနျန်က ဖန်တွေကို တွန်းလိုက်တာတဲ့လား" 


ယွီနျန်က ပြုံးလျက်သာ ပြန်ရှင်းပြလိုက်သည်။ "ကျွန်တော် သူ့ကို မတွန်းခဲ့ဘူး... တစ်ယောက်ယောက် အကွက်ဆင်ထားတာ"


"ဘာဖြစ်ခဲ့တာလဲ"


မုန့်ယွမ်၏ မျက်နှာက မဲမှောင်နေပြီး သူ့အသံကလည်း ခက်ထန်နေလေသည်။ "ဘာဖြစ်ရဦးမှာလဲ... ငါ ကားထဲကထွက်လာတော့ လူတချို့က ဖန်တွေလို ဟန်ဆောင်ပြီး နျန်နျန်ဘေးကို ဝိုင်းလာပြီးတော့ လက်မှတ်တောင်းကြတယ်လေ... တကယ်က ငါလည်း တာဝန်လစ်ဟင်းသွားတာပါ... အဲ့အချိန်တုန်းက သိပ်မတွေးမိလို့ သေချာ အာရုံမထားမိဘူး... နောက်ကျတော့ အဲ့ဟာတွေက ကြွေထည်ကို ထိတယ်လို့ ခေါ်သလို ပြဇာတ်တွေ လာကကြတော့တပေါ့"

[T/N 碰瓷 ဖန့်စီ /ကြွေထည်ကို ထိသည်/က အင်တာနက်စကားလုံး ဖြစ်ပြီး ကားနဲ့ တိုက်မိချင်ယောင်ဆောင် လှဲချပြီး ပိုက်ဆံတောင်းတဲ့ အပြုအမူမျိုးကို ခေါ်တာပါ]


ဟယ်ချိုးပိုင်မှာ ဤလောကထဲတွင် ဆယ်နှစ်ကျော် ကျင်လည်ခဲ့သဖြင့် ကိစ္စများစွာကို တွေ့ဖူးပြီးသား ဖြစ်သည်။ သူ ဝေ့ပေါ်တွင် တွေ့လိုက်ရသည့် ဗီဒီယိုကို ပြန်စဥ်းစားကြည့်လိုက်သောအခါ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို နားလည်သွားသည်။ သူဖုန်းကို မုန့်ယွမ်ထံ ကမ်းပေးလိုက်သည်။ "ကိုယ့်ဘာသာ ကြည့်လိုက်... ရှာဖွေမှု အများဆုံး နံပါတ်ကိုးနေရာမှာ"


မုန့်ယွမ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ "ဒီလောင်ဇီက ဒီလှည့်ကွက်တွေကို ကောင်းကောင်း သိသားပဲ... ဗီဒီယို တင်မယ်... hot search ဝယ်မယ်... ခံခဲ့ရတဲ့သူတွေက ငိုယိုပြကြမယ်... လူတစ်ယောက်ဆီကို ဦးတည်မှုပြောင်းချင်ရုံအတွက်နဲ့ တိုးတိုက်နေတဲ့ ဖန်တွေကို ယွီနျန်အပေါ် ပုံချလိုက်မှာပဲ... ဖာခ့် ဒါတွေအားလုံး ဒီလောင်ဇီရှေ့မှာပဲ ဖြစ်သွားတာကွ" သူ ဒေါသထွက်နေသော်လည်း ခေါင်းကို ငြိမ်ငြိမ်ထားလိုက်သည်။ 


"ကားပါကင်က စောင့်ကြည့်မှတ်တမ်းကို ကြည့်လို့ရမလား"


“ရတယ်လေ... မင်းဘာသာ ကြည့်လိုက် .. ဒါပေမယ့် ငါတော့ အသုံးဝင်မယ် မထင်ဘူး... တစ်ဖက်လူက အကြံအစည် ရှိတယ်ဆိုမှတော့ ရိုက်ချက်တွေကို ကြိုပြီး ရှာထားမှာပဲ"


မုန့်ယွမ် ခေါင်းငြိမ့်ပြလိုက်ပြီး ယွီနျန်ကို လှည့်ကြည့်လိုက်သောအခါ အသံပျော့သွားလေသည်။


 "နျန်နျန်... မင်းရဲ့ အစမ်းလေ့ကျင့်မှုနဲ့ ရိုက်ကူးရေးကို မထိခိုက်စေနဲ့... မင်းအတွက် ဘာက အရေးကြီးတယ်ဆိုတာ ခွဲခြားထား... ခဏနေရင် ရှစ်ရော့ကို မင်းဆီ လွှတ်လိုက်မယ်"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ "အစ်ကိုမုန့် .. သိပ်ကြီး စိုးရိမ်မနေပါနဲ့... ကျွန်တော် ရိုက်ကူးရေးကို ကောင်းကောင်း လုပ်မှာပါ"


မုန့်ယွမ် ပြုံးပြလိုက်သည်။ "အပုပ်ချခံ ဆိုးဆိုးဝါးဝါး ကြိမ်းမောင်းခံနေရတာ မင်းလေ... အဲ့ဒီအစား မင်းက ငါ့ကို လာနှစ်သိမ့်ပေးနေတယ်" သူ ဟယ်ချိုးပိုင်ကို ကြည့်လိုက်သည်။ "လောင်ဟယ်... မင်းငါ့ကို ကူပြီး ဂရုစိုက်ပေးပါဦးကွာ"


ဟယ်ချိုးပိုင် ပြန်ဖြေလိုက်သည်။ "ရတယ်... မင်းသွားလိုက်"


သိပ်မကြာခင် ရှားမင်းရှီတစ်ယောက် လျှာထိုးဦးထုပ်လေး ဆောင်းကာ အဝတ်လဲခန်းထဲသို့ အပြေးအလွှား ဝင်လာခဲ့သည်။ နှုတ်ကလည်း တတွတ်တွတ် ပြောနေသေးသည်။ "ငါလူး.. နျန်နျန် မင်းတစ်ယောက်ယောက်ဆီကနေ အကွက်ဆင်ခံလိုက်ရတာလား... အဲ့ဒီ hot searchက သောက်ကျိုးနဲ ဘာကြီးလဲ"


ယွီနျန်၏ နှလုံးသား နွေးထွေးသွားပြီး ပြုံးလျက် မေးလိုက်သည်။ "မင်းလည်း တွေ့လိုက်တာလား"


"ဘယ်သူက မတွေ့မှာလဲ... ရှာဖွေမှုအများဆုံး နံပါတ်ခြောက်နေရာ ရောက်နေပြီ... ငါ ကားပေါ်မှာ ဖုန်းလေး ဖွင့်ကြည့်မိပါတယ်... သေလောက်အောင် လန့်သွားတာ... မင်းမျက်နှာမှ ဟုတ်ရဲ့လားလို့ သုံးကြိမ်လောက် ပြန်ကြည့်လိုက်ရတာ" ယွီနျန် ဖုန်းကိုင်ထားဆဲ ဖြစ်သည်ကို မြင်နေရသဖြင့် သူလည်း ကြည့်ပြီးသွားပြီ ဖြစ်ကြောင်း သိသာနေသည်။ ရှားမင်ရှီမှာ ဆက်ပြောရန် စကားမရှိတော့ပေ။ သူက ယွီနျန်၏ မျက်နှာအမူအယာကို ဂရုတစိုက် ကြည့်လိုက်ပြီး စိတ်ပူပန်နေသည်။ "နျန်နျန်... အဆင်ပြေရဲ့လား"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်ပြီး နှုတ်ခမ်းထောင့်မှ အပြုံးရိပ်လေးသည်လည်း အနည်းငယ် လွင့်ပါးသွားခဲ့လေသည်။ "ဒါက နည်းနည်း..." သူ တစ်ခဏမျှ စကားရပ်သွားသည်။ 


"ဒီလောက်ထိ အမုန်းခံနေရတာ ပထမဆုံးအကြိမ်ပဲ... ငါနည်းနည်းလောက် ဝမ်းနည်းနေရုံပဲ... အချိန်ကြာလာရင် ကျင့်သားရသွားမှာပါ... ထင်ရတာပဲ"


ရှားမင်ရှီသည်လည်း စိုးရိမ်သွားသည်။ "မင်းက အရမ်းကောင်းတဲ့သူပဲ... မင်းက ငါ့ကို ကန်ထုတ်ဖို့တောင် မတွေးထားဘဲ သီချင်းရွေးတဲ့နေရာမှာလည်း ကူညီပေးတယ်... မင်းကို ဆူပူနေကြတဲ့ သူတွေက မင်းနဲ့ မတွေ့ဖူးတဲ့သူတွေ စကားမပြောဖူးတဲ့သူတွေ ချည်းပဲ... ဘယ်လိုလုပ်ပြီး မင်း ဘယ်လိုလူမျိုးလဲ ဆိုတာကို ဝေဖန်နေကြရတာလဲ"


“သူတို့ အရင်က ငါ့ကို မတွေ့ဖူးကြလို့လေ... ဒါကြောင့်မို့ အားမနာ ပါးမနာ ဆူပူနိုင်ကြတာပေါ့" ယွီနျန်က သူတွေ့လိုက်သည့် ကွန်မန့်များကို အမှတ်ရလိုက်သည်။


 "လွန်ခဲ့တဲ့ နှစ်ရက်က တစ်ယောက်ယောက်က ငါ့ကို ပြောခဲ့ဖူးသလိုပေါ့... "ယွီနျန် နင်က အဆို၊ အက အရမ်းကောင်းတယ်... ငါနင့်ကို သေချာပေါက် ထောက်ပံ့ပေးမယ်" လို့ ပြောခဲ့တယ်... ငါ့ကို ထောက်ပံ့ပေးမယ်လို့ ပြောခဲ့တဲ့ သူကပဲ "ငါနင့်ကို ဒီလိုလူမျိုး ဖြစ်မယ်လို့ မထင်ထားဘူး... အဲ့ဒီ မိန်းကလေးက နင့်ရဲ့ လက်မှတ် လိုချင်ရုံပဲလေ... နင်က လွန်လွန်းလိုက်တာ" လို့ ပြောပြီး အနက်ရောင် ပြောင်းသွားပြန်ရော"


ရှားမင်ရှီမှာ ယွီနျန် ပြန်ပြောပြလာသည့်စကားကို နားထောင်နေရင်း နှလုံးသားလေး တုန်ယင်လာရတော့သည်။ သူက နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ သူ့စကားလုံးများက လုံးထွေးနေသည်ဟု ခံစားနေရပြီး မည်သို့ နှစ်သိမ့်ပေးရမည်ကိုပင် မသိတော့ပေ။ 


"ဖာခ့်... နောက်ကွယ်ကလူက တော်တော်လေး အဆိပ်ပြင်းတာပဲ" သူ ဝင်လာကတည်းက မုန့်ယွမ်ကို မတွေ့ရသေးသဖြင့် နားလည်သွားလေသည်။ 


"အစ်ကိုမုန့်က စောင့်ကြည့်ကင်မရာတွေ သွားစစ်ဆေးနေတာလား" 


“အင်း... ဟုတ်တယ်" ဤတစ်ခေါက်တွင် ယွီနျန်က ရှားမင်ရှီကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပေးနေရသည်။ "ဒါပေမယ့် ရလဒ်ကတော့ ကောင်းမှာ မဟုတ်ဘူး"


သေချာပေါက်ပင် သိပ်မကြာခင် မုန့်ယွမ် ပြန်ရောက်လာသည်။ သူက မဲမှောင်နေသော မျက်နှာဖြင့် အသက်ပြင်းပြင်း ရှူလိုက်ပြီး ယွီနျန်ကို ကြည့်လိုက်သည်။ "စောင့်ကြည့်ကင်မရာရဲ့ အနေအထားနဲ့ ရိုက်ချက်ထောင့်ကအရတော့ ငါတို့အတွက် အကျိုးရှိမဲ့ ပုံ သိပ်မရှိဘူး"


ရှားမင်ရှီက ပထမဆုံး ထုတ်ပြောလာသူ ဖြစ်သည်။ "ဖန်ဟွိုက်ပဲ ဖြစ်ရမယ်... မင်း သူ့လမ်းကို ပိတ်နေလို့ ပထမရသင့်တာ သူလို့ပဲ တွေးနေတာ မဟုတ်ဘူးလား"


"မင်းကို အသရေ ဖျက်မှုနဲ့ တရားစွဲလို့ ရတယ်နော်" ဖန်ဟွိုက်ကလည်း မွန်းတည့်ခါနီးတွင် ရောက်ချလာပြီး ယနေ့ အတော်လေး စောရောက်လာခြင်း ဖြစ်သည်။ သူက အဝတ်လဲခန်း တံခါးဝတွင် ပြုံးနေသော မျက်နှာဖြင့် ရပ်နေလေသည်။ သူက ရှားမင်ရှီနှင့် ယွီနျန်တို့ကို ကြည့်ကာ ပြောလိုက်သည်။ "သက်သေမရှိဘဲ ပေါက်ကရတွေ ပြောနေလို့ မရဘူးလေ... သိရဲ့လား"


"မင်း..." ယွီနျန် ရှားမင်ရှီကို လှမ်းဆွဲနေရသည်။


ဖန်ဟွိုက်က မေးကို မြင့်မြင့်မော့ထားသည်။ "ငါအရင်ဆုံး ဒါရိုက်တာဟယ်နဲ့ စတိတ်စင် အထူးပြုလုပ်ချက်တွေအကြောင်း သွားပြောလိုက်ဦးမယ်... မင်းတို့နဲ့ အဖော်မပြုပေးတော့ဘူးနော်... ကိုယ့်အလုပ်ကိုယ် လုပ်ကြ"


သူ ထွက်သွားပြီးနောက် ယွီနျန် မုန့်ယွမ်ကို မေးလိုက်သည်။ "တခြားနည်းလမ်း ရှိသေးလား"


မုန့်ယွမ်၏ အဘိဓါန်တွင် ငြိမ်ငြိမ် ထိုင်နေရသည့် ထိုကဲ့သို့သော ကိစ္စများ မရှိခဲ့ပေ။ သူ မျက်ခုံးကျုံ့လိုက်သည်။ "hot searchကို ဖြုတ်ပြီး သက်ရောက်မှု နည်းအောင် လုပ်လို့ရမလားလို့ တစ်ယောက်ယောက်ကို ခိုင်း..."


"အစ်ကိုမုန့်ရေ" အင်တာနက်ပေါ်မှ ရေပန်းစားအကြောင်းအရာများကို စောင့်ကြည့်နေသည့် ရှစ်ရော့ ရောက်လာပြီး အံ့အားသင့်နေဟန်ဖြင့် ပြောလိုက်သည်။


 "ကြည့်ပါဦး... 'ယွီနျန်က ဖန်တစ်ယောက်ကို တွန်းလိုက်တယ်' ဆိုတဲ့ hot search ပျောက်သွားပြီ"


မုန့်ယွမ်က ချက်ချင်းပင် hot searchကို လှန်လှောကြ

ည့်ပြီး အကြိမ်များစွာ refresh လုပ်ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။


 "ဘယ်သူပဲ လုပ်လုပ်... hot searchကို ဖယ်ပေးလိုက်တာ တကယ်ကောင်းတယ်... အချိန်ကိုက်ပဲ"


……….