အပိုင်း ၁၅
Viewers 9k

Chapter 15

စိတ်အခြေအနေ ပိုကောင်းလာပြီလား



ချူအိမ်တော်တွင်...


ချူရှောင်းရန် ရွှယ်ယုံကို သူ့အိပ်ခန်းထဲတွင် တွေ့လိုက်ရသောအခါ အိမ်မက်များ မက်နေသည်လားဟု တွေးမိသွားသည်။သူ့ပေါင်ကို ဆွဲလိမ်လိုက်ပြီး "ရှူး" ဟု လုပ်လိုက်သေးသည်။ 


"တကယ် အိမ်မက် မဟုတ်ဘူးပဲ... " 

သူနိုးလာခဲ့လေသည်။ 


"မဟုတ်သေးပါဘူး... မစ္စတာရွှယ်... မင်းက အခု ပုံမှန်အစည်းအဝေး တက်နေရမှာ မဟုတ်ဘူးလား... ဘာလို့ ဒီမှာရောက်နေတာလဲ" 


"ရွှေ့လိုက်တယ်" ရွှယ်ယုံက အေးတိအေးစက်လေသံဖြင့် အဓိကအချက်ကို ဆွဲထုတ်လိုက်သည်။ "မင်း ဖုန်းမဖြေလို့လေ" 


ချူရှောင်းရန်က ခေါင်းအုံးအောက်မှ ဖုန်းကို ထုတ်ယူလိုက်ပြီး နှုတ်ခမ်းတွန့်၍ ပြုံးလိုက်သည်။ "ဟားဟားဟား မနေ့ညက ငါ မတော်တဆ အသံပိတ်မိသွားတာ ဖြစ်မယ်... နေစမ်းပါအုံး...ဘာဖြစ်သွားလို့လဲ... မင်း တကယ်ကြီး ငါ့ကို တစ်ဆက်တည်း ဆယ့်နှစ်ခါလောက် ခေါ်ထားတာလား"


ရွှယ်ယုံမှာ ထိုကိစ္စအပေါ်တွင် အချိန်ကုန်ခံမနေပေ။ 

"ယွီနျန်ထပ်ပြီး တိုက်ခိုက်ခံနေရပြန်ပြီ"


ချူရှောင်းရန် အလင်းပွင့်သွားသည်။ "ငါသိပြီ... မင်းမိသားစုက ယွီနျန် တစ်ခုခု ဖြစ်နေလို့ ငါ့ဆီ အလောတကြီး ပြေးလာတာပေါ့လေ" သူက ဆံပင်ကို နှစ်ချက် သပ်လိုက်ပြီး ထပ်ပြီး သဘောပေါက်သွားသည်။


 "စိုးရိမ်ရတယ်လား" 


ရွှယ်ယုံ၏ မျက်နှာက သိသိသာသာပင် ထပ်ပြီး အေးစက်သွားပြီး သူ့အသံလည်း တိုးသွားသည်။ "သူ့ကို လူတွေအများကြီး အပြစ်ပြောနေကြတယ်"


ချူရှောင်းရန်က ဖုန်းဖွင့်၍ hot searchကို နှိပ်လိုက်ပြီး လှန်လှောကြည့်နေပြီ ဖြစ်သည်။ 


"ဟေး... hot searchလည်း မရှိပါဘူး"


"hot searchကို ငါ ဖယ်ပြီးပြီ"


ချူရှောင်းရန်က ကြောင်အနေဆဲ "hot searchကို ဖယ်လိုက်တာလား... ဒီလိုမျိုး လုပ်တတ်ဖို့ ဘယ်အချိန် သင်လိုက်တာလဲ" သူက ယွီနျန်၏ နာမည်အောက်သို့ ဝင်ကြည့်လိုက်မိသည့်အခါ အခြေအနေကို ခန့်မှန်းမိလိုက်သည်။


"ဖန်တွေကို တွန်းတာလား... ရှိုးထဲဝင်ဖို့ အနောက်တံခါးကို သုံးတာတို့ ပလပ်စတစ် ဆာဂျရီ လုပ်တာတို့က မကောင်းတဲ့ ပုံရိပ် သိပ်မရှိဘူး... အပြန်အလှန်အနေနဲ့ လူထုစိတ်ဝင်စားမှု ရဖို့ ကျော်ကြားမှု လှိုင်းတစ်ခုအဖြစ် မွှေနှောက် ပစ်လို့ရတယ်... ဒါပေမယ့် ဖန်တွေကို တွန်းတယ်ဆိုတဲ့ သတင်းကျတော့ အရမ်းဆိုးတဲ့ ပုံရိပ်ပဲ... ဂရုမစိုက်မိရင် ဖန်တွေအများကြီး ဆုံးရှုံးသွားနိုင်တယ်" 


"သူ မတွန်းဘူး... ဒါ ကောလဟာလပဲ"

 ရွှယ်ယုံက ထပ်ပြီး ပြောရန် စိတ်မပါတော့ပေ။ 


"နောက်ထပ် ငါဘာဆက်လုပ်သင့်လဲ"


ချူရှောင်းရန်က ပက်ကျိလို နှေးကွေးနေသော ဦးနှောက်ကို အသက်သွင်းရန် အကောင်းဆုံးကြိုးစားလိုက်ရသည်။ 


"သူ တွန်းလိုက်... အာ သူ အကွက်ဆင်ခံလိုက်ရတာ ဘယ်နေရာမှာလဲ... သူ မလုပ်တာကို သက်သေပြဖို့ အဲ့ဒီအချိန်က စောင့်ကြည့်ကင်မရာကို သွားစစ်ကြည့်တာ ပိုကောင်းမယ်... ဒါပေမယ့် သူ့အေးဂျင့်က ဘာမှ မလုပ်သေးဘူးဆိုတော့ စောင့်ကြည့်ကင်မရာကို စစ်ကြည့်တာက အသုံးမဝင်တာကြောင့် ဖြစ်မယ်... အဲ့လို ကိစ္စမျိုးဆို အတော်လေး စိတ်ဒုက္ခရောက်စရာပဲ... သက်သေပြစရာ မရှိရင် သူ ဘယ်သူ့ကိုမှ မတွန်းခဲ့ရင်တောင် ဘယ်သူမှ ယုံပေးကြမှာ မဟုတ်ဘူး"


"သက်သေ လိုတာလား"


"ဟုတ်တယ်... ယွီနျန် အကွက်ချခံရကြောင်း တိုက်ရိုက် သက်သေပြနိုင်ရင် အကောင်းဆုံးပဲ"


 ချူရှောင်းရန်က ယွီနျန်နှင့် တစ်ခါမှ စကားမပြောဖူးပေ။ ကိစ္စများ ထိုကဲ့သို့ ပြောင်းလဲသွားပါက သူ့နှလုံးသားလေး ဆိုးဆိုးဝါးဝါး ထိခိုက်သွားမည်ကို စိုးရိမ်နေရသည်။ 


"ဒါပေမယ့် သူမတွန်းတာ သေချာလား"


"သူက အရမ်းသဘောကောင်းတာ... အဲ့လိုမျိုး လုပ်မှာ မဟုတ်ဘူး" ရွှယ်ယုံက ထပ်မပြောတော့။


 "ငါ သွားတော့မယ်... မင်းဆက်အိပ်လေ"


ချူရှောင်းရန်မှာ အိပ်ခန်းတံခါး ပိတ်သွားသည်ကိုသာ ကြည့်နေခဲ့ရသည်။ သူ အိပ်ရာပေါ် ပြန်ကျသွားပြီးနောက် ရုတ်တရက် စိတ်လှုပ်ရှားလာလေတော့သည်။


 "ကျွတ်ကျွတ်ကျွတ် ရွှယ်ရှောင်ယုံလေးကတော့ ပေါက်ကွဲထွက်တော့မယ့်အတိုင်းပဲ"


ရွှယ်ယုံ ချူအိမ်မှ ထွက်လာသောအခါ အထူးလက်ထောက် ချင်ကျန်းက ချက်ချင်းပင် အနောက်ခန်းတံခါးကို လာဖွင့်ပေးသည်။ ရွှယ်ယုံ ဝင်ထိုင်လိုက်သောအခါ ကား၏ အခြား တစ်ဖက်မှ ဝင်လာခဲ့သည်။


ရွှယ်ယုံမှာ မူလကတည်းက မျက်နှာပေါ်တွင် အမူအယာ သိပ်မရှိဘဲ စကားလုံးများနှင့် အပြုံးကိုလည်း အလွန်အမင်း တွန့်တိုတတ်သေးသည်။ သို့သော်လည်း လက်ရှိတွင် သူ့နှလုံးသားထဲ၌ ဒေါသများ ပြည့်နေလေရာ သူ့ဘေးမှ လေထုက ပိုပိုပြီး အေးစက်လာခဲ့သည်။ သူက သားရေထိုင်ခုံကို တတောက်တောက် ခေါက်၍ မေးလိုက်သည်။ "စစ်ဆေးကြည့်ပြီးပြီလား"


ရွှယ်ယုံက ပါးစပ်မဖွင့်သေးသဖြင့် ချင်ကျန်းကလည်း စကားမပြောရဲပေ။ သူ့မေးခွန်းကို ကြားမှ ချင်ကျန်း ပြန်ဖြေလိုက်သည်။ "စစ်ဆေးပြီးပါပြီ"


သူက အဓိကအချက်ကိုသာ ပြန်ဖြေလိုက်သည်။ 


"ဒီကိစ္စကို စီစဥ်ခဲ့တဲ့သူတွေက ဖန်ဟွိုက်နဲ့ သူ့အေးဂျင့် ချောင်ကျန်းပါ... လွန်ခဲ့တဲ့ နှစ်ရက်က ဖန်ဟွိုက်ရဲ့ အေးဂျင့်က စတူဒီယိုတစ်ခုကို ဆက်သွယ်ပြီးတော့ တစ်ဖက်ကလူကို ဒီမနက် 7နာရီမှာ ကားပါကင်ထဲမှာ ရှိုးတစ်ခု ပြဖို့ ခိုင်းခဲ့ပါတယ်... အဓိကရည်ရွယ်ချက်က ယွီနျန်ကို အသရေဖျက်ဖို့ပါ... ဒုတိယအချက်က ပြိုင်ပွဲမှာ ယွီနျန်ရဲ့ ဖျော်ဖြေမှုကို လွှမ်းမိုးနိုင်ဖို့ပါ" 


ရွှယ်ယုံ၏ မျက်လုံးများက နှင်းများ ဖုံးလွှမ်းနေသည့် နက်ရှိုင်းလှသော ရေကန်များအလား ဖြစ်သွားသည်။ "ဆက်ပြော"


"ဥက္ကဌ စစ်ဆေးခိုင်းတဲ့ အချက်အလက်တွေကို စစ်ဆေးပြီးသွားပါပြီ... လူထုဆက်သွယ်ရေး ဌာနကလည်း ပြင်ဆင်ပြီးသွားပါပြီ" ချင်ကျန်း အစီရင်ခံပြီးသွားသောအခါ သူ့နှလုံးသားက သက်သာရာရသွားလေသည်။


သူ ရွှယ်ယုံထံတွင် အလုပ်လုပ်ခဲ့သည်မှာ လေးနှစ်ရှိခဲ့ပြီ ဖြစ်သော်လည်း ယခင်က ရွှယ်ယုံ "ယွီနျန်" ဟူသော အမည် ပြောသည်ကို မကြားခဲ့ဖူးပေ။ သို့သော်လည်း ဤတစ်ခေါက် အဖြစ်အပျက်က သူ့အား ထိုယွီနျန်က ရွှယ်ယုံကို ပြောင်းပြန်လှန်နိုင်သူ ဖြစ်ပြီး သူ သွားမထိသင့်သူ ဖြစ်ကြောင်း သဘောပေါက်မိသွားစေသည်။


ဤမနက်ခင်း ရွှယ်ယုံနိုးလာချိန် hot searchကို တွေ့လိုက်ရသောအခါ ပုံမှန် အစည်းအဝေးကို ချက်ချင်း ရွှေ့ဆိုင်းထားလိုက်သည်။ သူက လူထုဆက်ဆံရေး ဌာနကိုလည်း လွန်ခဲ့သည့် ငါးနှစ်အတွင်း ဖျော်ဖြေရေးလောကထဲမှ အလားတူ ကိစ္စရပ်များအားလုံးအား မည်သို့ ဖြေရှင်းခဲ့သည်ကို ရှာဖွေစေခဲ့ပြီး သက်ဆိုင်ရာ အစီရင်ခံစာများ တင်စေခဲ့သည်။ ထို့နောက် သူ့နည်းလမ်းများက ယွီနျန်အပေါ် ဆိုးဝါးသည့် သက်ရောက်မှုများ ရှိမရှိကို သေချာမသိသဖြင့် စာရွက်စာတန်း နှင့် အစီရင်ခံစာ တစ်ထပ်ကြီးကို ပစ်လွှင့်ကာ ချူရှောင်းရန်ကို ရှာဖွေရန်အတွက် ချူမိသားစုသို့သာ တိုက်ရိုက် ရောက်လာခဲ့ခြင်း ဖြစ်သည်။


ထိုသူက အလွန် တန်ဖိုးထားရသူ ဖြစ်သည်ကြောင့်သာ ရွှယ်ယုံ သတိကြီးကြီး ထားနေခြင်း ဖြစ်သည်။


"အဲ့ဒီမိန်းကလေး ဘယ်မှာလဲ... သူ့ကို ဆက်သွယ်ဖို့ စီစဥ်ပြီးပြီလား"


ချင်ကျန်းက အလယ်မှ အချက်အလက်များအားလုံးကို ကျော်၍ ရလဒ်ကိုသာ တင်ပြလိုက်သည်။


 "ဗီဒီယိုထဲမှာ ပရိတ်သတ်ပုံစံနဲ့ လဲကျချင်ယောင်ဆောင်တဲ့ မိန်းကလေးက ဖန်လို့အမည်ရတဲ့ 24နှစ်အရွယ် ဒေသခံမိန်းကလေးပါ... သူ့ကို ဆက်သွယ်လိုက်တော့ ပူပေါင်းဖို့ ဆန္ဒရှိကြောင်း ဖော်ပြလာပါတယ်... ဒီကိစ္စထဲမှာ ပါတဲ့ ကျန်တဲ့လူတွေနဲ့ သူတို့နောက်က စတူဒီယိုကလည်း အစစ်ဆေးခံပြီး သက်သေအားလုံး ထုတ်ပေးဖို့ ဆန္ဒရှိနေကြပါတယ်"


ရွှယ်ယုံက စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြောလာသည်။ "သူ အရမ်း ဝမ်းနည်းနေမှာပဲ"


ချင်ကျန်းက "သူ"ဟူသည်က မည်သူကို ရည်ညွှန်းကြောင်း သိနေပါသော်လည်း ပြန်မဖြေရဲပါပေ။


ရွှယ်ယုံ: "ဒါဆိုရင် လုပ်စရာ တစ်ခုပဲရှိတယ်... သူ့ကို ဝမ်းနည်းစေခဲ့တဲ့သူတွေကို ပိုဝမ်းနည်းသွားအောင် လုပ်ပေးရတော့မှာပဲ"


ချင်ကျန်း ခေါင်းကို နှိမ့်ချလိုက်သည်။ "ဟုတ်ပါတယ်"


……….


စတူဒီယိုတွင်...


ပထမဆုံး အစမ်းလေ့ကျင့်မှု ပြီးသွားသောအခါ ဟယ်ချိုးပိုင်က ရလဒ်ကို ကြည့်ရှုလိုက်ပြီး ကျေနပ်သည့်ပုံစံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


 "မင်းက စိတ်အခြေအနေကောင်းနေသားပဲ" 


သူ ယွီနျန်၏ မျက်နှာအမူအယာကို ကြည့်လိုက်ပြီး နောက် စက္ကန့်အနည်းငယ်အကြာတွင် စိတ်ရင်းဖြင့် သက်ပြင်းချလိုက်သည်။


 "hot searchတွေကို မင်းရဲ့ ရီဟာဇယ်ဆီ မသက်ရောက်စေတာ ငါ အံ့သြမိတယ်"


မတိုင်မီက ဘာဘီကျူးစားနေချိန်တွင် ယွီနျန်၏ အသက်ငယ်ရွယ်မှုကို မုန့်ယွမ် တစ်ချိန်လုံး မကျေမနပ် ပြောဆိုနေရသည့်အကြောင်းအား အဆုံးတွင် အတန်ငယ် နားလည်မိသွားသည်။ ယွီနျန်၏ စိတ်ဓါတ်ကြံ့ခိုင်မှုက အတော်လေး ကောင်းသည်။ သူက ယွီနျန်အား မည်သို့ နှစ်သိမ့်ပေးရမည်ကို တွေးထားပြီးသား ဖြစ်သော်လည်း ၎င်းကို လုံးဝ လိုအပ်မနေသည်မှာ သိသာထင်ရှားနေပေသည်။ 


ယွီနျန်က ပူရှိန်းချိုချဥ် ငုံထားရင်း ပြုံးလျက်သား ပြောလိုက်သည်။ "ဒါကျွန်တော် လုပ်သင့်တာပါပဲ... ဘာက အရေးကြီးလဲ ကျွန်တော် သိပါတယ်"


"အေးပါကွာ... မင်းရဲ့ ဖျော်ဖြေမှုကို ငါစိုးရိမ်နေတာပါ" ဟယ်ချိုးပိုင်က ပြုံးကာ ယွီနျန်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။ 


"ကောင်းကောင်းအနားယူ... ရိုက်ကူးရေးလုပ်တဲ့အခါ ပိုပြီးကောင်းကောင်း ဖျော်ဖြေနိုင်ဖို့ ကြိုးစား"


ရှားမင်ရှီက ဟယ်ချိုးပိုင် ထွက်သွားမည်ကို စောင့်နေခဲ့ပြီး ထို့နောက်တွင် ယွီနျန်ဘေးတွင် ဝင်ထိုင်ကာ ဘီစကစ် နှစ်ထုပ် ကမ်းပေးလာခဲ့သည်။


ယွီနျန်က သူပေးလာသော ဘီစကစ်ထုပ်များကို ယူလိုက်ပြီး ရှားမင်ရှီ၏ စိတ်ရှုပ်ထွေးနေသော မျက်နှာကို ကြည့်ကာ ပြုံးပြလိုက်သည်။ "မင်းပုံစံကဘာလဲကွ... မင်းမျက်လုံးထောင့်မှာ အရေးအကြောင်းတွေပါ ပေါ်လာတော့မယ်"


ရှားမင်ရှီက ဘီစကစ်ကို အားပြင်းပြင်းဖြင့် ကိုက်ကာ ရေရွတ်လိုက်သည်။ "ဒီတစ်ခေါက် ဖန်ဟွိုက် ငါတို့ကို သိသိသာသာကြီး လာဆွနေတာကို ဘာလို့ တစ်ခွန်းမှတောင် ပြန်မပြောနိုင်ရတာလဲ"


ယွီနျန်က မိတ်ကပ်လိမ်းနေပြီး ဘီစကစ်ကို အပိုင်းလေးများ ဖဲ့ကာ တစ်ကြိမ်ကို တစ်ပိုင်းစီ စားနေရင်း မြေပေါ်သို့ အမှုန့်များ မကျစေရန် ဂရုတစိုက် လုပ်နေလေသည်။ ရှားမင်ရှီ ဒေါသထွက်နေသည်ကို မြင်သောအခါ အပြုံးလေးတစ်ခုဖြင့်သာ ပြန်ရှင်းပြလိုက်သည်။ 


"သူ လုပ်တယ်လို့ သံသယ ရှိနေရင်တောင် ငါတို့မှာ သက်သေမရှိဘူးလေ"


ရှားမင်ရှီ သိမ်းသွင်းခံလိုက်ရသည်။ သူက လက်ထဲမှ ဘီစကစ်ကို အမူအယာမဲ့စွာဖြင့် စားနေပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ 


"နျန်နျန်... မင်း တည်ငြိမ်နေမှ ဖြစ်မယ်နော်... မင်းသာ ရိုက်ကူးရေး လုပ်နေတုန်း နှောက်ယှက်ခံလိုက်ရပြီး ပထမမရနိုင်ရင် ဖန်... ဒါတွေ အားလုံးရဲ့ နောက်ကွယ်ကလူ... ဘယ်လောက်တောင် ပျော်နေမလဲ မသိဘူး" 


ယွီနျန် ခေါင်းယမ်းပြလိုက်သည်။ 


"ငါ ငတုံး မဟုတ်ပါဘူးကွ... ငါက ငါမပိုင်တဲ့ အရာကို မယူဘူး... ငါပိုင်တဲ့အရာဆိုရင် ဘယ်သူမှ ငါ့ဆီက ယူမသွားနိုင်စေရဘူး"


ထိုအခိုက်မှာပင် ယွီနျန်၏ လက်ထောက် ရှစ်ရော့ အပြေးအလွှား ရောက်လာခဲ့သည်။ သူ ဘာကိုမှ ရှင်းရှင်းလင်းလင်း မပြောရသေးခင်မှာပင် သူမက ဖုန်းကို ယွီနျန်၏ လက်ထဲသို့ တန်း၍ ထိုးပေးလိုက်တော့သည်။


ရှားမင်ရှီကလည်း ခေါင်းထွက်လာကာ ယွီနျန်နှင့်အတူ သိလိုစိတ် အပြည့်ဖြင့် ကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်မှ စကားလုံးများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ပါးစပ်လေး ခပ်ဟဟ ပွင့်လာပြီး မျက်လုံးများကို ပွတ်လိုက်လေသည်။ သူမယုံကြည်နိုင်သေးပေ။ "ဒါတကယ် စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ... ငါ စိတ်ခြောက်ချားနေတာတော့ မဟုတ်ဘူးမလား" 


ဝေ့ပေါ် hot search စာရင်းတွင် ပေါ်ပြူလာ အဖြစ်ဆုံး နံပါတ်တစ် စာရင်းမှ #ယွီနျန်ကဖန်တစ်ယောက်ကိုတွန်းလိုက်တယ်# မှာ နောက်ထပ် တစ်ခုဖြင့် အစားထိုးခံလိုက်ရပြီး ၎င်းမှာ #လူတိုင်းသိသင့်တဲ့အမှန်တရား# ဖြစ်ပြီး ဒုတိယတစ်ခုမှာ ပို၍ပင် တဲ့တိုးဆန်သေးသည်။ ၎င်းက #ယွီနျန်ရဲ့တန်ပြန်တိုက်စစ်# ဖြစ်ပြီး အနီရောင် စာလုံးသေးများဖြင့် ရေးထားလေသည်။


ယွီနျန်က #လူတိုင်းသိသင့်တဲ့အမှန်တရား# ကို တန်းနှိပ်လိုက်ပြီး ရှစ်ရော့က အသံနိမ့်နိမ့်ဖြင့် ခပ်မြန်မြန် ရှင်းပြလာခဲ့သည်။ 


"မနက်က မင်းရဲ့ဖန်အဖြစ် ဟန်ဆောင်တဲ့ လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ရှာတွေ့ခံလိုက်ရတယ်... ထွက်လာတဲ့ သတင်းအရဆို ဒီလူတွေက စတူဒီယိုတစ်ခုကပဲ... တံမြက်စည်းတစ်ချက်တည်းနဲ့ စကားပြောမှတ်တမ်းတွေ၊ ငွေရပြေစာမှတ်တမ်းတွေ ဖန်ဟွိုက်နဲ့ ဖန်ဟွိုက်ရဲ့ အေးဂျင့် ချောင်ကျန်းတို့နဲ့ လက်မှတ်ထိုးတားတဲ့ စာချုပ်တွေ ပေါ်လာတယ်လေ... အခု အင်တာနက်တစ်ခုလုံး ပေါက်ကွဲနေကြပြီ... ဝေ့ပေါ် ဖိုရမ်တွေက ဖျော်ဖြေရေးသတင်းခေါင်းစဥ်တွေအားလုံး ဒီကိစ္စအကြောင်းချည်းပဲ"


ရှားမင်ရှီက ထိုကဲ့သို့သော ကိစ္စများ၌ ထိလွယ်ရှလွယ်သူ ဖြစ်ရာ သံသယရှိစွာဖြင့် မေးလိုက်သည်။ "သတင်းခေါင်းစဥ်တွေပါ ပေါက်ကွဲထွက်သွားတာလား... အစ်ကိုမုန့်က ငွေနဲ့ ဝယ်လိုက်တာများလား"


ရှစ်ရော့က ခေါင်းကို တွင်တွင်ယမ်းပြလိုက်သည်၊ "အစ်ကိုမုန့် မဝယ်ဘူး... ဘယ်ကုမ္ပဏီက လုပ်လိုက်လဲ မသိဘူး... ဒါကြောင့်မို့ အစ်မလည်း လိုက်မေးနေတာ"


ယွီနျန်က ဖုန်းကိုင်ထားရင်း နည်းနည်းချင်းစီ ဆွဲချ၍ ကြည့်နေခဲ့သည်။


[#ယွီနျန်ရဲ့တန်ပြန်တိုက်စစ်# ဖရဲသီးစားကြမယ်... ဖရဲသီးစားကြမယ် ဒီဇာတ်ကြောင်း ပြောင်းပြန်လှန်သွားတာက တကယ်မိုက်တာပဲဟေ့... ဒါဆို ယွီနျန်က ဖန်တွေကို မတွန်းခဲ့ဘူးပဲ... ဒီကိစ္စရဲ့ အမှန်တရားက ဖန်ဟွိုက်က 'ပရော်ဖက်ရှင်နယ်'တွေငှားပြီး ယွီနျန်ရဲ့ ကြွေအိုးကို ထိခိုင်းလိုက်တာ... ပြီးတော့ ပိုကြီးသွားအောင် hot searchတွေ ဝယ်လိုက်တာလေ... ဒါကြောင့်မို့ ယွီနျန် နိမ့်ကျသွားရင် သူ ယွီနျန်ကို တက်နင်းသွားနိုင်မယ်လို့ ထင်နေတာလား... လုံးဝကို ဒီနှစ်ရဲ့ အကြီးဆုံး ဖရဲသီးကြီးပဲဟေ့]


[T/N ဖရဲသီးစားသူများ / အနုပညာလောကက ကောလဟာလ အတင်းအဖျင်းတွေအကြောင်း ပြောဆိုကြတဲ့အခါမှာ ဝင်မပြော ဝင်မပါဘဲ လိုက်ကြည့်တတ်တဲ့သူများပါတဲ့ ပွဲကြည့်ကြသူများပေါ့]