Chapter 16
"မင်း စိတ်အခြေအနေ ပိုကောင်းလာပြီလား"
[အဲ့ဒီ ဖန်မည်းမတွေက အရင်ဆုံး ယွီနျန်ကို စိတ်ဓါတ်မကောင်းတဲ့သူ အမူအကျင့်မကောင်းတဲ့သူဆိုပြီး ကြိမ်းမောင်းခဲ့တာနော်... သူက အဆိုတော် ဖြစ်ဖို့ မထိုက်တန်ဘူး... ဖျော်ဖြေရေးလောကထဲ ဝင်ဖို့ မတန်ဘူးဆိုပြီးတော့လေ... နင်တို့တွေ တစ်ယောက်ချင်း ထွက်လာပြီး တောင်းပန်ဖို့ တန်းစီသင့်နေပြီ... ခံရတဲ့သူက အသိသာချည်း ယွီနျန်ပါဟဲ့... သူ့ကို လူတွေ ဘယ်လောက်တောင် ကြိမ်းမောင်းနေခဲ့ကြလဲ မသိတော့ဘူး... #ယွီနျန်ကိုတောင်းပန်ပါ#]
[#ယွီနျန်ကိုတောင်းပန်ပါ# ငါလူး... ဖန်ဟွိုက်နဲ့ သူ့အေးဂျင့်က ရွံစရာ ကောင်းလိုက်တာ... စတူဒီယိုက စကားပြောမှတ်တမ်းတွေ တစ်ခုချင်း ကြည့်လိုက်ကြစမ်း... သူတို့က ယွီနျန်ကို တစ်ခါတည်းနဲ့ အပြတ်ရှင်းထုတ်ချင်နေကြတာ... ကြွေထည်ကို ထိရတာ ဒီလောက် စိတ်ဝင်စားဖို့ ကောင်းနေလား... ကိုယ်တိုင် စမ်းကြည့်လိုက်ကြပါလား]
[ငါ ငိုရလွန်းလို့ ခေါင်းကိုက်တော့မယ်... နျန်နျန်က အရမ်း ခံစားခဲ့ရတာပဲ... သူအမှန်ကို ရှင်းပြခဲ့ရင်တောင် ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူး... ဝေ့ပေါ်မှာလည်း အသားကုန် အပြစ်ပြောနေကြတာ... ဒီအကြောင်း တွေးလိုက်ရုံနဲ့ ငိုချင်လာတယ်.... အဲ့ဒီမိန်းမက အဲ့ဒီအလုပ်အတွက် ယွမ်ရှစ်ထောင် ယူခဲ့တာကို တွေ့တော့ ဒေါသထွက်ရလွန်းလို့ အော်ငိုချင်တာပဲ]
[#ယွီနျန်ကိုတောင်းပန်ပါ# ဖန်ဟွိုက်က ဘယ်လောက်တောင် ကောက်ကျစ်လိုက်လဲ... ယွီနျန်က သူ့ရဲ့ကျော်ကြားမှုကို ခိုးလို့တဲ့လား... ငါအခု မြင်ဖူးလိုက်ရပြီ... ငါက ယွီနျန်ရဲ့ ဖန် မဟုတ်ပေမယ့် သူ့အတွက် စိတ်မကောင်းဘူး... သူလေးက မှားယွင်းစွပ်စွဲခံရပြီးတော့ အသားကုန် အပြစ်ပြောခံလိုက်ရတာ... ငါသာဆို ပြိုလဲသွားမှာပဲ]
ယခုတွင် လူတိုင်းက ဖုန်းကြည့်နေကြပြီး မကြာခင်မှာပင် စတူဒီယိုမှ လူတိုင်းနီးပါး အဖြစ်အပျက် တစ်ခုလုံးကို သိသွားကြလေသည်။ လူတိုင်း၏ အသံက တစ်ခဏမျှ တိတ်ဆိတ်သွားကြလေသည်။
ဖန်ဟွိုက်ကသာ အခြေအနေကို သတိမထားမိသည့် တစ်ဦးတည်းသောသူ ဖြစ်ပြီး သူ့မန်နေဂျာ ခေါင်းတွင် ချွေးများပြန်လျက် ပြေးလာပြီး စင်ပေါ်သို့ ဝရုန်းသုန်းကား ပြေးတက်မလာခင်အထိ မိုက်ခ် စမ်းရန် စင်ပေါ်တွင် ထီးထီးချည်း ရပ်နေလေသည်။
ဖန်ဟွိုက် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဥ်မှာပင် အေးဂျင့်က ကျယ်လောင်စွာဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "အရင်က ဆွေးနွေးပြီး လက်မှတ်ထိုးထားတဲ့ ကြော်ငြာသုံးခု ပယ်ဖျက်လိုက်ကြပြီ... သူတို့က ပြောတာ ကျွန်တော်တို့နဲ့ အလုပ်လုပ်ရမဲ့အစား စာချုပ်ဖျက်သိမ်းဖို့ လျော်ကြေးပေးပြီး မင်းနေရာမှာ တခြားသူကို အစားထိုးချင်နေကြတယ်တဲ့"
အေးဂျင့်၏ စကားပြောနှုန်းက မြန်လွန်းလှပြီး အကြောင်းအရာကလည်း သူ့နှဖူးတည့်တည့်ကိုကျောက်ဆောင်ဖြင့် ပစ်ထည့်လိုက်သကဲ့သို့ပင်။ မိုက်ခရိုဖုန်း မပိတ်ရသေးကြောင်း ဖန်ဟွိုက် သတိထားမိသွားချိန်တွင် ရှိနေကြသော လူများအားလုံး သူ့အေးဂျင့် ပြောသည့်စကားကို ကြားလိုက်ကြပြီးလေပြီ။
ဖန်ဟွိုက်၏ မျက်နှာအမူအရာ တင်းမာသွားပြီး နှုတ်ပင် မဆက်နိုင်တော့ဘဲ အေးဂျင့်ကို စင်အနောက်ဘက်သို့ ဆွဲခေါ်သွားချိန်တွင် ယွီနျန်နှင့် ရှစ်ရော့ကို တိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။
သူ့စိတ်ထဲတွင် ကြော်ငြာကိစ္စသာ ရှိနေသဖြင့် အထဲသို့ ဆက်သွားရန် ပြင်လိုက်သော်လည်း ယွီနျန် ပြောသည့်စကားကို ကြားလိုက်ရသည်။
"နေဦး"
ဖန်ဟွိုက် ရပ်သွားသည်ကို တွေ့သောအခါ ယွီနျန် ဆက်ပြောလိုက်သည်။ "ခုနတုန်းက အဝတ်လဲခန်းမှာတုန်းကတော့ ကျွန်တော်တို့ကို သက်သေမရှိဘဲ လျှောက်မပြောသင့်ဘူးလို့ ပြောခဲ့တယ်နော်"
ဖန်ဟွိုက်က ပြန်လှည့်ကာ လှောင်ရယ်လိုက်သည်။ "ငါပြောခဲ့တယ်လေ... ဘာဖြစ်လို့လဲ"
ယွီနျန် ပြုံးပြကာ သတင်းပေးလိုက်သည်။ "ခင်ဗျားဖုန်းကို ပြန်ကြည့်သင့်တယ်"
ဖုန်ဟွိုက်၏ နှလုံးခုန်သံ စည်းချက်လွဲသွားပြီး ဖုန်းကို မြန်မြန် ထုတ်ကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်ကို အကြိမ်များစွာ နှိပ်ပြီးသွားသောအခါ သူ့ မျက်နှာ ချက်ချင်းပြောင်းသွားတော့သည်။
………
ရုံးခန်းထဲတွင်...
#ယွီနျန်အတွက်စိတ်မကောင်းဖြစ်မိတယ်# နှင့် #ယွီနျန်ကိုတောင်းပန်ပါ# ဟူသော ပိုစ့်နှစ်ခုက ဝေ့ပေါ်၏ ရှာဖွေမှုအများဆုံး စာရင်းတွင် ရှိနေကြသည်။ V အကောင့်ကြီးများစွာက ဖြစ်စဥ်တစ်ခုလုံးကို တစ်ယောက်ပြီးတစ်ယောက် တင်ပေးနေကြပြီး အဓိကဝက်ဘ်ဆိုက်ကြီးများ၏ သတင်းဝယ်သူများကလည်း ဆက်စပ်နေသော သတင်းများကို စတင်တွန်းပို့လာကြလေတော့သည်။ တစ်နာရီအတွင်း လူထုအမြင်ကို ထိန်းချုပ်ပြီးသွားပြီ ဖြစ်ပြီး လေတိုက်ခတ်ရာ လမ်းကြောင်းကလည်း ပြောင်းပြန် ဖြစ်သွားခဲ့လေပြီ။
ချင်ကျန်းက ရွှယ်ယုံကို တင်ပြလိုက်သည်။
"မစ္စတာရွှယ်... အားလုံးပြီးသွားပါပြီ... လူထုဆက်ဆံရေးဌာနက အခြေအနေကို တင်ပြချက် လုပ်ပြီး နောက်ထပ် သုံးရက်ဆက်တိုက် သေသေချာချာ အာရုံစိုက်ထားမှာပါ... တရားဝင်ဌာနကတော့ သက်ဆိုင်ရာ စာရွက်စာတမ်းတွေကို မူကြမ်းရေးပြီးသွားပါပြီ"
"ကောင်းပြီ" ရွှယ်ယုံ ထရပ်ကာ တောင်ပြောင်ချောမွေ့နေသော အနက်ရောင် အပေါ်ဝတ်ကုတ်ကို ဝတ်လိုက်ပြီး ကြယ်သီးများ တပ်နေစဥ် ပြောလိုက်သည်။
"ဌာနအားလုံးကို အသိပေးလိုက်... ပုံမှန် အစည်းအဝေးကို ဆယ်မိနစ်အတွင်း စမယ်"
………
စတူဒီယိုတွင်...
မုန့်ယွမ်က ယွီနျန်ကို စကားပြောရန်အတွက် နားနေခန်းထဲသို့ ဆွဲခေါ်လာခဲ့သည်။
"ဒီတစ်ကြိမ်တော့ ဖန်ဟွိုက် ချောက်နက်ကြီးထဲက ထွက်နိုင်တော့မှာ မဟုတ်ဘူး... ဒီကိစ္စက ဘယ်လောက်တောင် လူသိများပြီး ကြီးကျယ်သွားလိုက်လဲ... အခုတော့ သူတို့တွေ နှစ်ဆခံလိုက်ရပြီ... ဖျော်ဖြေရေးလောကထဲမှာ ဘာကိုမှ ဖုံးထားလို့မရဘူး... သူ့နည်းလမ်းတွေက ညစ်ပတ်နေတာ... သူ့လက်ထဲက ကြော်ငြာစာချုပ်တွေအားလုံး ဆုံးရှုံးသွားတဲ့ကိစ္စက အခု လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ဘူး..."
ယွီနျန်က မုန့်ယွမ်ကမ်းပေးလာသော လတ်လတ်ဆတ်ဆတ် ညှစ်ထားသည့် ဖျော်ရည်ကို အပြီးသတ်လိုက်သည်။ "ကျွန်တော့်ကို ဘယ်သူ ကူညီပေးနေလဲ ဆိုတာ မသိသေးဘူးပေါ့"
"ဥက္ကဌချူကတော့ ဘယ်သူ ကူညီပေးလဲ သိနေတယ်ထင်တယ်... ဒါပေမယ့် သူကလည်း ရှင်းရှင်းလင်းလင်း မပြောပြဘူး..."
"ဥက္ကဌချူလား" ယွီနျန်၏ စိတ်ထဲတွင် အထင်ကြီးစရာ ပုံရိပ်တစ်ခုက အမှတ်တမဲ့ ဖြတ်ပြေးသွားလေသည်။
"ကောင်းပြီလေ" မုန့်ယွမ်က မနေနိုင်တော့ဘဲ သက်ပြင်းထပ်ချလိုက်သည်။
"အဲ့ဒီကိစ္စဖြစ်ပြီး hot searchပေါ် ရောက်သွားတာ ဘယ်လောက်ကြာသေးလို့လဲ... မင်းကို အပုပ်ချတဲ့ လူရဲ့ အချက်အလက်တွေနဲ့ စတူဒီယိုက လူတွေရော အားလုံး စိတ်လိုလက်ရ ရှေ့တက်လာကြတာလေ....သက်သေ အမျိုးအစားအားလုံး ဖော်ထုတ်လာပြီး လူထုအမြင်ကို လွှမ်းမိုးနိုင်မဲ့ ကြိုးကိုင်ခြယ်လှယ်တဲ့ နောက်ပိုင်း လှိုင်းလုံးကြီးတွေပါ ပါလာသေးတယ်... သေသေချာချာ စဥ်းစားကြည့်ရင် ငါ့နှလုံးသားလေးပါ တုန်ယင်လာတယ်... ဒီကိစ္စကို လုပ်တဲ့သူကတော့ တကယ်ပဲ မိုးကြိုးလို နည်းလမ်းတွေ သုံးထားတာပဲ..."
သူ ယွီနျန်ကို ကြည့်ကာ မေးကြည့်လိုက်သည်။ "မင်းကို ဘယ်သူ ကူညီပေးလဲ သိလား"
ယွီနျန်က လက်ထဲမှ မြစိမ်းရောင် ပုလွေလေးကို လှည့်လိုက်ပြီး တုန့်ဆိုင်းနေလေသည်။ "ကျွန်တော်... ဘယ်သူလဲ သိတယ်ထင်တာလဲ"
ရှိုးရိုက်ကူးရေး ပြီးသွားသောအခါ မုန့်ယွမ်က ယွီနျန်ကို အိမ်ပြန်ပို့ပေးပြီးနောက် အချင်းချင်း နှုတ်ဆက်ကာ ကားတံခါး ပိတ်လိုက်ပြီး အိမ်ပြန်ရန် လှည့်သွားသည်။
မနက်ပိုင်း နှစ်နာရီခန့်ရှိနေပြီ ဖြစ်၍ ပတ်ဝန်းကျင်တွင် မည်သူမှ မရှိလေတော့။ တစ်ခဏမျှ လမ်းလျှောက်ပြီးနောက် ယွီနျန် ရုတ်တရက် ရပ်သွားသည်။ သူ ခြေလှမ်းကို ပြန်လှည့်ကာ နောက်ထပ် တစ်နေရာကို ဦးတည်လိုက်လေသည်။
တစ်ခါသာ မြင်ခဲ့ဖူးသော်လည်း သူမှတ်မိနေဆဲပါပင်။ လမ်းတစ်ဖက်တွင် ရပ်ထားသောကားမှာ အမှန်ပင် ရွှယ်ယုံ၏ ကားဖြစ်ပါ၏။
ယွီနျန်က လမ်းဘေးတွင် ရပ်နေရင်းဖြင့် ကားတံခါးကို တုံ့ဆိုင်းခြင်းမရှိ ခေါက်လိုက်သည်။
မကြာမီပင် ကားပြတင်းမှန် ကျသွားပြီး ရွှယ်ယုံ၏ မျက်စိကြိမ်းလောက်ဖွယ် မျက်နှာ အသွင်အပြင်များ ပေါ်ထွက်လာခဲ့သည်။ ထိုသူက အလုပ်မှ ပြန်လာကာစ ဖြစ်ပုံရပြီး ကောင်းမွန်စွာ ချုပ်လုပ်ထားသော အနက်ရောင် အနောက်တိုင်း ဝတ်စုံကို အနည်းငယ် ပြေလျော့နေသည့် လည်စီးတို့ဖြင့် ဝတ်ဆင်ထားဆဲ ဖြစ်ပြီး ဆွဲဆောင်မှု ရှိသော အာဒမ်ပန်းသီးကို လှစ်ဟဖော်ပြနေသည်။
"မင်္ဂလာ ညနေခင်းပါ" ယွီနျန်က ခပ်ရေးရေးပြုံးနေပြီး သူ့အသံအနေအထားက အနည်းငယ် ရွှင်လန်းနေပုံပင်။
ရွှယ်ယုံက ယွီနျန်၏ အပြုံးကို ဂရုတစိုက် ကြည့်ရှုနေပြီးနောက် ပြန်ဖြေလိုက်သည်။
"မင်္ဂလာညနေခင်းပါ"
ထိုအသံက ညနက်လေထုနှင့် သဟဇာတဖြစ်နေပြီး မသိစိတ်အရ ဒီကရီအနည်းငယ်မျှ ပျော့ပြောင်းသွားလေသည်။
နှစ်ယောက်သားအကြားမှ စကားစအချို့မှာ အခြေခံအားဖြင့် ယွီနျန်ကသာ အစပြုခဲ့ခြင်း ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် ယွီနျန်က စကားပြောမလာခဲ့ပေ။ ဆယ်စက္ကန့်ကျော်သည်အထိ တိတ်ဆိတ်နေပြီးနောက် ရွှယ်ယုံက တလေးတနက် မေးလိုက်သည်။
"မင်း စိတ်အခြေအနေ ပိုကောင်းလာပြီလား"
ယွီနျန်၏ အပြုံးလေးများ ပွင့်လန်းလာပြီး မျက်လုံးထောင့်စွန်းလေးများ ကွေးတက်လာကာ ကြယ်ပွင့်လေးများ အရည်ပျော်ဝင်ရောက်သွားသကဲ့သို့ တလက်လက် တောက်ပသွားသည်။
"ကျွန်တော် စိတ်အခြေအနေကောင်းနေပြီ... ကျွန်တော် အရမ်း ပျော်နေတာ"
သူ ထပ်ပြုံးလိုက်ပြန်သည်။
"ခင်ဗျား ဝန်မခံလောက်ဘူးလို့ တွေးနေတာ"
ရွှယ်ယုံ၏ မူလ စိတ်ကူးမှာ ယွီနျန်ကို အဝေးမှ တစ်ချက်ကြည့်ပြီး ပြန်သွားမည်ဟု တွေးထားခြင်း ဖြစ်သည်။
ယွီနျန် သူ့ကားကို မှတ်မိနေမည်ဟု မထင်ထားခဲ့ပေ။
သူ မည်သို့ ပြန်ဖြေရမှန်း မသိသဖြင့် စကားမပြောမိတော့။
ယွီနျန်က ရွှယ်ယုံ စကားနည်းသည်ကို ကျင့်သားရပြီးသား ဖြစ်၍ ဂရုမထားပေ။ ထိုအစား သူ မေးလိုက်သည်။ "ခင်ဗျား စောင့်နေတာ ကြာပြီလား"
ရွှယ်ယုံ ခေါင်းယမ်းပြလိုက်သည်။ "မဟုတ်ပါဘူး... ကိုယ်စောင့်နေတာ ငါးမိနစ်ပဲ ရှိသေးတယ်"
ယွီနျန် ကားခေါင်မိုးပေါ်တွင် သစ်ရွက်များ ရှိနေသည်ကို သတိပြုမိသည်။ ရွှယ်ယုံထံမှ ငါးမိနစ်သာ စောင့်နေခဲ့ကြောင်း ကြားလိုက်ရသောအခါ ပြိုင်မငြင်းတော့ဘဲ စိတ်ရင်းဖြင့် ထပ်ပြီး ကျေးဇူးတင်လိုက်သည်။ "ဒီတစ်ခေါက် ကျွန်တော့်ကို ကူညီပေးလို့ ကျေးဇူးပါ"
"ကျေးဇူးတင်စရာ မလိုပါဘူး" ရွှယ်ယုံ၏ နားရွက်များ ပူနွေးလာသော်လည်း အသံကမူ တည်ငြိမ်နေဆဲ။ သူပြောလိုက်သည်။ "ကိုယ်... ကိုယ့်အမေက မင်းသီချင်းဆိုတာကို သဘောကျလို့"
ဒါက သူ့ကို ကူညီပေးရတဲ့အကြောင်းရင်းကို ရှင်းပြနေတာပေါ့လေ...
ယွီနျန်က ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး အိတ်ကပ်ထဲမှ သကြားလုံးအိတ်လေး နှစ်ထုပ်ကို ထုတ်လိုက်သည်။
"ရုတ်တရက် သတိရလိုက်လို့... ဒီသကြားလုံးတွေကို ကျွန်တော် ကိုယ်တိုင် လုပ်ထားတာ... ခင်ဗျား သဘောကျပါ့မလားမသိဘူး... မကြိုက်တာ မရှိရင် ခင်ဗျားကို ပေးမယ်လေ"
ရွှယ်ယုံက နှစ်စက္ကန့်မျှ တုံ့သွားပြီးမှ လက်လှမ်း၍ ယူလိုက်သည်။ သကြားလုံးများက ယွီနျန်၏ ကိုယ်အပူချိန်လေး ထင်ဟပ်နေဆဲ ဖြစ်သည်။ သူ ၎င်းတို့ကို လက်ထဲတွင် ကိုင်ကာ လက်ချောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိသည်။
ယွီနျန်က ရွှယ်ယုံ၏ အပြုအမူ သေးသေးလေးကို သတိမပြုမိဘဲ အဆုံးတွင် ပြောလိုက်သည်။
"နောက်ကျ ကျွန်တော် ကူညီပေးနိုင်တာမျိုး ရှိရင် သေချာပေါက် ကူညီပေးမယ်"
ရွှယ်ယုံက 'ကိုယ်က မင်းမတရားခံရတာမျိုး မဖြစ်စေချင်လို့ပါ' ဟု ပြောလိုက်ချင်သည်။ သို့သော်လည်း လက်ရှိတွင် ယွီနျန်အတွက် သူက မကြာခဏ တွေ့ဖူးနေသည့်လူတစ်ယောက်သာ ဖြစ်ကြောင်း သူသိနေပါ၏။
ထို့ကြောင့် သူ ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။
"ကောင်းပြီလေ..."
ယွီနျန် မတ်မတ်ရပ်လိုက်သောအခါ လေနုအေးလေးက ဆံနွယ်ပျော့လေးများကို လွင့်မျောသွားစေခဲ့သည်။ သူ ရွှယ်ယုံကို လက်ယမ်းပြလိုက်သည်။
"ကျွန်တော် သီချင်းကောင်းကောင်းဆိုမှာပါ... ကျေးဇူးပါ"
ရွှယ်ယုံက ယွီနျန်၏ နှုတ်ခမ်းထောင့်လေးတွင် ပြန့်ကားသွားသော အပြုံးလေးကို ကြည့်ကာ စိတ်အေးလက်အေး ဖြစ်သွားလေသည်။
"ဂွတ်နိုက်ပါ"
"အင်း... ဂွတ်နိုက်"
နောက်ထပ် သုံးရက်နီးပါး ယွီနျန်၏ hot searchက ထိပ်ဆုံးသုံးနေရာတွင် ခိုင်ခိုင်မြဲမြဲ နေရာယူထားသည်။ ရှစ်ရော့က အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေရသည်။
"နျန်နျန်နဲ့ ဖန်ဟွိုက်က အရမ်းကြီး ကျော်ကြားသေးတာမှ မဟုတ်တာ... သေသေချာချာ ပြောရရင် အစပိုင်း လူတွေ စိတ်လှုပ်ရှားစရာ ဖြစ်ပြီးတော့ hot searchက မကြာခင် တခြားကိစ္စတွေနဲ့ အဖုံးခံသွားသင့်တာကို"
မုန့်ယွမ်က ခြေထောက်များ ချိတ်ထားလိုက်သည်။ "ဒါကြောင့်မို့ မင်းရဲ့အစ်ကိုမုန့်က နျန်နျန်ရဲ့ ဝေ့ပေါ် ဖော်လိုဝါတွေကို သွားကြည့်ဖို့ ပြောတာပေါ့"
ရှစ်ရော့က ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ "တစ်သန်းပြည့်ကာနီးနေပြီ"
မုန့်ယွမ်က လက်ချောင်းကို တတောက်တောက် ခေါက်နေသည်။
"ဟုတ်တယ်... ဒါအဓိကအချက်ပဲ... ဒီကိစ္စတွေအားလုံး နောက်ကွယ်ကလူက လှည့်ကွက်တွေ တော်တော်လေး သိနေတယ်... တစ်ဖက်မှာ သူက ဒီကိစ္စကို အသုံးချပြီး နျန်နျန်အတွက် ကျော်ကြားမှုတွေ တိုးလာအောင် ကူပြီးမွှေနှောက်ပေးနေတယ်... ရေတပ်တစ်အုပ်က ဖန်ဟွိုက်ကို မောင်းမဲနေချိန်မှာ တခြားတစ်ဖွဲ့က နေရာတိုင်းကို သွားပြီး နျန်နျန်ကို ထောက်ပံ့ပေးနေတယ်... နှစ်ဖက်လုံးက မှန်နေတာပဲ... အခြားတစ်ဖက်မှာကျတော့ လူတိုင်းကို စိတ်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပေးနေတာ... နျန်နျန်ဆီမှာ တစ်ခုခု ထပ်ဖြစ်လာရင် လူတိုင်းက မသိစိတ်ကနေ ခန့်မှန်းမိကြလိမ့်မယ်... ဟေး အရင်တစ်ခေါက်က ဖြစ်ခဲ့တာနဲ့ အတူတူပဲမလား... နျန်နျန်က အပြစ်ကင်းတယ်... နောက်ကျရင် အခြေအနေကို ပြောင်းပြန်လှန်ပစ်မဲ့ ကိစ္စကြီး ပေါ်လာဦးမှာပဲ ဆိုပြီးတော့လေ"
ရှစ်ရော့ ရုတ်တရက် နားလည်သွားသည်။
"ဒါက ဒီလိုကိုး"
မုန့်ယွမ်က ဒူးကို တတောက်တောက် ခေါက်နေပြီးမှ ကောက်ချက်ချလိုက်သည်။ "ဒါပေမယ့် ဒီခေါင်းစဥ်က ဒီနေ့ မဟုတ်ရင် မနက်ဖြန်လောက် ကျသွားလိမ့်မယ်... အချိန်အကြာကြီး ရှိနေတာက လူတွေကို ပျင်းသွားစေနိုင်တယ်"
မုန့်ယွမ် ခန့်မှန်းထားသည့်အတိုင်း နောက်တစ်နေ့တွင် ယွီနျန်၏ hot search ပျောက်ကွယ်သွားပြီး အပူရှိန်လည်း လျော့ကျသွားလေသည်။ သို့သော်လည်း "သဘာဝရဲ့ သံစဥ်" ဒုတိယ season၏ တတိယပိုင်း အပူရှိန် ပြန်တက်လာရန်အတွက် အချိန်သိပ်မယူလိုက်ရ။ လူထုစိတ်ဝင်စားမှုနှင့် ရှာဖွေမှုများ ပြန်ရောက်လာပြန်သည်။
မုန့်ယွမ် သက်ပြင်းချလိုက်မိသည်။
"ကြောက်စရာ ကောင်းလိုက်တာ"
သူက ဖျော်ရည်သောက်နေသည့် ယွီနျန်ကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီးနောက် ရှစ်ရော့ကို မေးလိုက်သည်။
"ဘာက ကြောက်စရာ ကောင်းတာလဲ သိလား"
ရှစ်ရော့က ဤတစ်ကြိမ်တွင် တကယ့် အချက်ကို တိတိကျကျပင် ထောက်ပြပေးခဲ့သည်။
"ဖန်ဟွိုက်မှာ ဘာသတင်းမှ မရှိတော့ဘူး"
မုန့်ယွမ် လက်ခုပ်တီးပေးလိုက်သည်။
"မှန်တယ်... နျန်နျန်ရဲ့ hot search အပြီးမှာ ဖန်ဟွိုက်ရဲ့ သတင်းမှန်သမျှ အကောင်းရော အဆိုးပါ အကုန်ပျောက်သွားတယ်... ဒီလောကထဲက လူတွေ အကြောက်ဆုံးက ဘာဖြစ်မလဲ... ပျောက်ကွယ်သွားမှာကိုပဲ... ဖန်ဟွိုက်အတွက် ချေပပေးနေကြတဲ့ တဇွတ်ထိုးဖန်တွေတော့ ရှိနေသေးတာပေါ့... ဒါပေမယ့် တစ်လနှစ်လလောက် ကြာရင် ဖန်ဟွိုက်ကို လူဘယ်နှစ်ယောက်ကများ သတိရပေးနေကြဦးမှာလဲ... ရက်စက်ပေမယ့် ဒါ အမှန်တရားပဲ"
ယွီနျန်က လက်ထဲမှ ဖျော်ရည်ခွက်ကို ချလိုက်ပြီး ရုတ်တရက် အမှတ်ရသွားသည်။ "အစ်ကိုမုန့်... အရင်တစ်ခေါက်က ကျွန်တော့်ကို ဘယ်သူကူညီပေးတာလဲလို့ မေးသေးတယ်မလား"
"ဘယ်သူလဲ သိခဲ့ပြီလား"
"ဟုတ်... သိခဲ့ပြီ... ရွှယ်ယုံတဲ့"
မုန့်ယွမ်က ကုလားထိုင်ပေါ်တွင် ပျင်းတိပျင်းရွဲ ထိုင်နေပြီး ထိုနာမည်ကို ကြားသောအခါ ချက်ချင်းပင် ခါးမတ်သွားလေသည်။
"နေစမ်းပါအုံး... ဘယ်သူ... ရွှယ်ယုံတဲ့လား"
ယွီနျန် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ်... သူ ကူညီပေးခဲ့တာ"
မုန့်ယွမ်မှာ ၎င်းက သိပ္ပံနည်းကျ မဖြစ်သေးဟု ခံစားနေရသည်။
"သူက မင်းကို ကူညီတယ်... မင်းက ဥက္ကဌရွှယ်နဲ့ ရင်းနှီးတာလား"
ယွီနျန်က အမှန်အတိုင်းသာ ပြောလိုက်လေသည်။
"ကျွန်တော် သူနဲ့ အကြိမ်အနည်းငယ်လောက် တွေ့ဖူးတယ်... ဒါပေမယ့် အရမ်းကြီး ရင်းနှီးတာတော့ မဟုတ်ပါဘူး"
"မင်းက သူနဲ့ သိပ်မသိဘဲနဲ့ သူက မင်းကို ကြိုးကြိုးစားစား ကူညီပေးထားတာပေါ့လေ" မုန့်ယွမ်မှာ အတွေးများချာချာလည်နေပြီး ယောင်ဝါးဝါးဖြင့် မေးလိုက်သည်။
"ဒါဆို မင်းသိလား... သူဘာလို့ မင်းကို ကူညီပေးတာလဲ ဆိုတာကို"
“သူ ပြောတာတော့ သူ့အမေက ကျွန်တော် သီချင်းဆိုတာကို သဘောကျလို့တဲ့" ယွီနျန်က မုန့်ယွမ်၏ အတွေးများကို ခန့်မှန်းမိသွားပြီး သူ့ကို ဖြောင်းဖျပေးလိုက်သည်။
"ဒါကြောင့်မို့ ကူညီပေးတာ ဖြစ်မှာပါ"
မုန့်ယွမ်ကလည်း တတွတ်တွတ် ရေရွတ်နေလေသည်။ "ဟုတ်သားပဲ... တကယ်လို့ တခြား ရည်ရွ
ယ်ချက်တွေ ရှိနေရင် သတင်းတွေ တက်လာပြီးသား နေမှာပေါ့... သူ့အမေ မင်းကို သဘောကျတာကြောင့်လည်း ဖြစ်နိုင်တာပဲ... မင်းက ချူကုမ္ပဏီက အနုပညာရှင်ပဲလေ... သူစိတ်ကောင်းဝင်နေလို့ သွားရင်းလာရင်း ကူညီပေးလိုက်တာနေမှာပါ...."