အပိုင်း ၁၇
Viewers 10k

Chapter 17

မဟုတ်ရင်... ဘာလုပ်စရာ ရှိသေးလို့လဲ




သူက ထိုသို့ ပြောလိုက်သော်လည်း နှလုံးသားထဲတွင် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေရဆဲ ဖြစ်သည်။ သို့သော်လည်း ထိုခံစားချက်ကို ရုပ်လုံးမဖော်နိုင်သေးပေ။ အဆုံးတွင် ရွှယ်ယုံက လူများကို အလွယ်တကူ ကူညီပေးမည့်ပုံ မပေါ်ပေ။ မုန့်ယွမ်က ဟိုဟိုသည်သည် လျှောက်မတွေးတော့ဘဲ အချိန်ရလျှင် ချူရှောင်းရန်နှင့် စကားပြောရန် သွားရှာရမည်ဟုသာ ဆုံးဖြတ်လိုက်တော့သည်။


သူ ယွီနျန်ကို ထပ်မေးလိုက်သည်။


 "ရွှယ်ယုံ ဘယ်သူလဲ ဆိုတာသိလား"


"အစ်မရော့ရော့ တစ်ခါ ပြောဖူးတယ်... ရွှယ်ယုံက မစ္စတာချူနဲ့ အတူတူ ကြီးပြင်းလာခဲ့တာဆို"


မုန့်ယွမ်က ခေါင်းငြိမ့်ပြလိုက်ပြီး ထိုအခြေအနေကို အခွင့်ယူ၍ ရှင်းပြလိုက်သည်။ 


"ဟုတ်တယ်... ချူမိသားစုနဲ့ ရွှယ်မိသားစုက ရင်းနှီးတဲ့ မိသားစု မိတ်ဆွေတွေပဲ... ဥက္ကဌချူနဲ့ ဥက္ကဌရွှယ်က မိသားစုရဲ့ အငယ်ဆုံးသားတွေ... ပြီးတော့ မိသားစုစီးပွားရေးကို ဆက်ခံမဲ့ အစ်ကိုကြီးတွေလည်း ရှိကြတယ်... နောက်ပိုင်း ရွှယ်မိသားစုမှာ တစ်ခုခု ဖြစ်သွားပြီးတော့ ဥက္ကဌရွှယ်ရဲ့ အဖေနဲ့ အစ်ကို ရှေ့ဆင်နောက်ဆင့် ဆုံးသွားကြတာ... သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အမြင့်ဆုံးရာထူးရသွားတာလေ... အစတုန်းကတော့ လူထုကို စည်းရုံးဖို့ တော်တော်လေး ခက်ခဲခဲ့တာ... ပထမနှစ်နှစ်မှာ ရွှယ်မိသားစုရဲ့ အတွင်းရေး အရှုပ်တော်ပုံက တော်တော်လေး ပြင်းထန်ပြီးတော့ သတင်းအစစ်တွေရော အတုတွေရော သွေးလွှမ်းတဲ့ မုန်တိုင်းတွေရော အမျိုးစုံ အများကြီး ကြားခဲ့ရတာပဲ... အကြီးပိုင်းတွေကလည်း ပိုငယ်နေတဲ့ ဆက်ခံသူကို ဆွဲချပြီး သူတို့ဘာသာပဲ ပုလ္လင်ကို သိမ်းချင်နေကြတာလေ... မစ္စတာရွှယ်က အဲ့ဒီအချိန်တုန်းကတောင် တော်တော်လေး အသက်ငယ်နေသေးပေမယ့် အရမ်း အင်အားကြီးနေပြီ ..."


မုန့်ယွမ် တိုက်တွန်းလိုက်သည်။ 


"လွန်ခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း မစ္စတာရွှယ် ရှင်းယောင်မှာ ခဏခဏ ပေါ်လာတတ်ပေမယ့် ကုမ္ပဏီထဲမှာ သူ ဘယ်သူနဲ့ပဲ တွေ့တွေ့ လူတိုင်းက အသက်ရှူသံကို ထိန်းထားပြီး သူ့ကို သွားမဆွရဲကြဘူး... တကယ်က သူ့ကို လှမ်းချိတ်ချင်တဲ့ အမျိုးသမီး အနုပညာရှင်တစ်ယောက် ရှိခဲ့ဖူးပေမယ့် သူလည်း နှစ်ရက်အတွင်း ပျောက်သွားဖူးတာကြောင့်ပဲ ..."


သူပို၍ ပြောလေလေ ပို၍ ထူးဆန်းလာရလေလေ ဖြစ်သည်။ ရွှယ်ယုံ ရက်ရက်ရောရောနဲ့ ယွီနျန်ကို ကူညီပေးတာကို မြင်ယောင်ကြည့်ဖို့တောင် ခက်ခဲတာပဲ...


သူတို့၏ စကားဝိုင်းထဲတွင် ပါနေသည့် နာမည် နှစ်ခု ဖြစ်သော ရွှယ်ယုံနှင့် ချူရှောင်းရန်မှာ ပြင်ပတွင် ညစာစားနေကြလေသည်။


ချူရှောင်းရန်က ဂိမ်းခလုတ်ကို ကိုင်ထားပြီး မော့မကြည့်ဘဲ မေးလိုက်သည်။ 


"ဒီနေ့ စိတ်မကြည်ပြန်ဘူးလား... ငါပြောမယ် မင်းမျက်နှာကြီးက အချိန်တိုင်း အေးစက်နေတာပဲ... နောက်ပိုင်း ချစ်မိသွားရင် မင်း ခံစားနေရတော့မှာပဲ... အာ... ဝက်လိုအသင်းဖော်"


သူက ဂိမ်းလက်ကိုင်ကို ပစ်လွှင့်ကာ ရွှယ်ယုံကို အလေးအနက် ပြောလာခဲ့သည်။ 


"ငါ့အစ်ကိုကြီးဆီက ကြားတာ မင်းဘက်က တစ်ယောက်ယောက်က စပြီး လှုပ်ရှားနေပြန်ပြီဆို... ဒီလောက်နှစ်တွေ ကြာနေပြီ... မရပ်နိုင်ကြသေးဘူး"


"အင်း" ရွှယ်ယုံ၏ လေသံက ပေါ့ပါးနေပြီး သူက သိပ်ပြီး ဂရုထားနေခြင်း မရှိပေ။ 


"လွန်ခဲ့တဲ့ လေးနှစ်တုန်းကတောင် ငါ့ကို ရိုက်မချနိုင်ခဲ့တာ... အနာဂါတ်မှာလည်း သူတို့ လုပ်နိုင်မှာ မဟုတ်ဘူး"


"အိုကေ ညီအစ်ကို... ငါမင်းကို ယုံတယ်... သတိတော့ထားပေါ့... လုံခြုံဖို့ကို ဦးစားပေးထား.... လမ်းမှန်ကနေ လွဲချော်မသွားစေနဲ့" ချုရှောင်းရန်က သူ့နဖူးသူ ရိုက်ချလိုက်သည်။ "ဟုတ်သား... ငါ့အဖေက သူကိုယ်တိုင် မပြောနိုင်သေးလို့တဲ့... အကူအညီ လိုတာရှိရင် ပြောရမယ်လို့ ငါ့ကို ပြောခိုင်းလိုက်တယ်" 


ရွှယ်ယုံ၏ မျက်နှာအမူအယာက အအေးဓါတ် နှစ်ဒီကရီမျှ လျော့ကျသွားလေသည်။ 


"ဦးလေးချူကို ထောက်ပံ့ပေးလို့ ကျေးဇူးပါလို့ ပြောလိုက်ဦး... ဒါပေမယ့် အချိန်တစ်ခုလောက်အထိ ငါ့ဘာသာ ကိုင်တွယ်နိုင်ပါသေးတယ်"


"မင်းကိုင်တွယ်နိုင်တယ်ဆိုရင် ကောင်းတာပေါ့" 


ချူရှောင်းရန် ပူပန်နေချိန်၌ တစ်ဖက်တွင် ထိုင်နေသော ရွှယ်ယုံမှာ သူ့ဖုန်းအား ဖွင့်လိုက်သည်ကို တွေ့လိုက်ရသည်။ တစ်ခဏအကြာ " 'သဘာဝရဲ့သံစဥ်' ဒုတိယ seasonရဲ့ တတိယပိုင်းကနေ ကြိုဆိုလိုက်ပါတယ်" ဟူသည်ကို ကြားလိုက်ရသည်။


ချူရှောင်းရန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံမကြည် ဖြစ်သွားသည်။


 "ငါလူး... ရွှယ်ရှောင်ယုံ... ပထမဆုံးအကြိမ် ငါ့ကို ညစာဖိတ်ကျွေးတာ ဒီရှိုးကို မင်းနဲ့ တူတူ ကြည့်ခိုင်းမလို့ လို့တော့ မပြောနဲ့နော်"


ရွှယ်ယုံ ခေါင်းမော့ကာ သူ့ကို လှမ်းကြည့်လိုက်ပြီး စကားပြောမလာသော်လည်း သူ့မျက်လုံးများထဲတွင် ရှင်းရှင်းလင်းလင်း ရေးထားသည်မှာ...

 "မဟုတ်ရင်... ဘာလုပ်စရာ ရှိသေးလို့လဲ"


ချူရှောင်းရန်က ရင်ဘတ်ကို အုပ်ကိုင်လိုက်သည်။ "သွားပြီ...


ငါတို့ရဲ့ ငယ်သူငယ်ချင်း သံယောဇဥ်ကတော့ ပြိုလဲသွားပြီ" 

ရွှယ်ယုံ အာရုံစူးစိုက်လျက် ကြည့်နေသည်ကို မြင်သောအခါ သူသည်လည်း ကြောင်လေးတစ်ကောင်လို စပ်စုချင်စိတ်များ ဖြစ်သွားသဖြင့် တဖြည်းဖြည်း အနားတိုးကာ တိုးတိုး ပြောလိုက်သည်။ 


"ငါရောက်လာတာ မင်းဒီလောက်ထိ ကာကွယ်ပေးနေတဲ့ အဲ့ဒီယွီနျန်က ဘယ်လောက် တော်နေလို့လဲ ကြည့်ချင်လို့နော်"


"သဘာဝရဲ့ သံစဥ်" တတိယပိုင်း လွှင့်၍ မပြီးခင်မှာပင် hot searchကို ချက်ချင်း သိမ်းပိုက်သွားသည်။ ရှားမင်ရှီက ပထမဆုံး ပေါ်လာသူ ဖြစ်ကာ ဆယ်လိုတီးနေသည့် မျက်နှာအမူအယာက ဖုန်းမျက်နှာပြင်ကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်သည်။ ဘိုးဘေးဘီဘင်ပရိတ်သတ်များက မျက်ရည်များ ဖြိုင်ဖြုင်ကျဆင်းနေကြပြီး ၎င်းက အဆိုတော်နှင့် ရုပ်ရှင်ဘုရင်မတို့၏ ပြောင်မြောက်လှသော မျိုးရိုးဗီဇများကို ပေါင်းစပ်ထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ဘယ်လောက်တောင် ပြီးပြည့်စုံတဲ့ ပုံရိပ်လေးလဲ... ပြီးနောက် ရှုရွှမ်းက စန္ဒယားတီးရင်း သီချင်းဆိုပြသည်။ အံ့လောက်ဖွယ်ရာ မဟုတ်သော်လည်း အတော်လေး ကျေနပ်လောက်စေသည်။


နောက်ဆုံး ပေါ်လာသူမှာ ယွီနျန် ဖြစ်သည်။


သူက ခပ်ပွပွ အဖြူရောင် အဝတ်များကို ဝတ်ဆင်ထားပြီး ချည်သားများက ပေါ့ပါးသည့်အတွက် ကျော့ရှင်းစွာ လျှောက်လှမ်းလာနေသည်။ ဆံသားကောင်းလှသော အနက်ရောင် ဆံနွယ်များကိုမူ ပုံသွင်းထားခြင်း မရှိဘဲ သဘာဝကျကျသာ ကျဆင်းနေစေသည်။ အသားအရည်မှာလည်း အဖြူရောင် ကြွေထည်များကဲ့သို့ ကောင်းမွန်လှပေသည်။ 


အပြာရောင် ပုလွေလေးကို ထုတ်ယူလိုက်သောအခါ လက်ဆယ်ချောင်းကို အခေါင်းပေါက် သေးသေးလေးများတွင် ဖိနှိပ်လိုက်ပြီး နှုတ်ခမ်းတွင် ဖိကပ်ကာ မျက်တောင်များ ချလျက် သံစဥ်တေးသွားလေးကို စတင် တီးမှုတ်လေတော့သည်။ လူအုပ်ကြီးက ချက်ချင်းပင် အုံကြွသွားခဲ့လေသည်။ 


[အား အား ငါသေတော့မယ်... ငါက ပုလွေလေးပဲ... ငါ့ကို မလုသွားကြနဲ့]


[ဒီလက်ကောက်ဝတ်လေး... ပြီးပြည့်စုံနေတဲ့ မေးရိုးလေး... မျက်တောင်လေးတွေ... မောင်လေး နျန်နျန် တူရိယာကို မှုတ်နေတဲ့အချိန်မှာ ငါလွင့်ထွက်သွားပြီ... ဘာလို့ ဒီလောက် ကြည့်ကောင်းနေရတာလဲ... သူက ကမ္ဘာပေါ်ကို သက်ဆင်းလာတဲ့ မသေမျိုးလေးလား]


[မင်ရှီ့မိသားစုရဲ့ ဘိုးဘေးဘီဘင်ဖန်တွေပြောတာရုပ်ရည်မှာ မင်ရှီကို ယှဥ်နိုင်တာ ယွီနျန် တစ်ယောက်တည်းပဲတဲ့] 


[ဒီအပိုင်းမှာ သူတို့ရဲ့ သက်ဆိုင်ရာ ထူးချွန်မှုတွေ ပြမယ်လို့ ကြားတုန်းက ငါ့အုပ်စုထဲက ကောင်မလေးတွေနဲ့ လောင်းထားသေးတယ်.... ငါတို့အားလုံး ခန့်မှန်းတာ မှားသွားမယ်လို့ မထင်ထားဘူး... ဘယ်လို ထူးချွန်မှုမျိုးလဲ... rainbow fart စာလုံး ရှစ်ထောင်လောက်ကတောင် ငါ့ရဲ့ စိတ်လှုပ်ရှားမှုကို ဖော်ပြဖို့ လုံလောက်မှာ မဟုတ်ဘူး]

[T/N rainbow fartက idolတွေကို အလွန်အကျူး မြှောက်ကားပြီး ပြောတာကို ပြောတာပါ... idol အီးပေါက်ရင်တောင် သက်တံ့တွေလို အနံ့ထွက်တယ်တဲ့]


ချူရှောင်းရန်က သိပ်သည်းနေသော လူအုပ်ကြီးကို စိုက်ကြည့်နေပြီး ပြောစရာ စကားမရှိ ဖြစ်သွားသည်။


 "သူက ကြည့်ကောင်းပြီး သီချင်းကောင်းကောင်း ဆိုတတ်ပေမယ့်...." 


သူက ရွှယ်ယုံကြည့်လိုက်ပြီးနောက် နှုတ်ခမ်းဝသို့ ရောက်လာသည့် စကားလုံးများကို မျိုချလိုက်ရသည်။


 "တကယ် ထူးချွန်တာပဲ"



မုန့်ယွမ်နှင့် ယွီနျန်မှာလည်း "သဘာဝရဲ့ သံစဥ်"ကို ကြည့်နေကြလေသည်။


"ကျွတ်... မင်းပုလွေ မှုတ်နိုင်တယ် ပြောတုန်းက လောင်ဟယ်နဲ့ ငါ လန့်သွားကြသေးတယ်... ဒီဖျော်ဖြေရေး လောကတစ်ခုလုံးမှာ မင်းလို အရည်အချင်းမျိုး ရှိတဲ့သူ လက်တစ်ဆုပ်စာတောင် မရှိဘူးကွ... ဘာတကယ် သိချင်နေတာ... ဘယ်လို တူရိယာတွေ တီးတတ်သေးလဲ..."


ယွီနျန်က လက်ချောင်းများ ဖြန့်ကာ ရေတွက်ကြည့်လိုက်သည်။ "ကျွန်တော် ကုချင်ရယ်၊ ဝါးပုလွေနဲ့ စန္ဒယားတီးတတ်တယ်" 

[T/N ကုချင်က တရုတ်ရိုးရာ ကြိုးတပ် တူရိယာတစ်မျိုးပါ... ဗျပ်စောင်းလို့ ခေါ်ပါတယ်]


မုန့်ယွမ် သူ့ကိုယ်သူ တီးတိုး ပြောမိသည်။


 "ငါ ဘယ်လို ရတနာမျိုး တူးမိပါလိမ့်..."


ထိုအချိန်မှာပင် ထုတ်လွှင့်နေသော ပရိုဂရမ်အတွင်း၌ ဖန်ဟွိုက်က သီချင်ဆိုပြီး သွားသည်နှင့် ထွက်သွားသည်။ မုန့်ယွမ်၏ အာရုံများ လမ်းကြောင်းပြောင်းသွားပြီး သက်ပြင်းချလိုက်သည်။ 


"ဖန်ဟွိုက်ရဲ့ စိတ်အခြေအနေကတော့ တကယ် မကောင်းဘူး... အရင်တုန်းက ပြောရဆိုရခက်ပြီး စိတ်ကြီးဝင်မောက်မာနေတာ... မင်းနဲ့ တွေ့ရင်လည်း မျက်နှာကို အမြဲတမ်း မော့ချီထားတာပဲ... သူလည်း တစ်ခုခု ဖြစ်သွားရော ရိုက်ကူးရေး လုပ်နေတာတောင် ဂယောက်ဂယက် ဖြစ်သွားတာပဲ... စန္ဒယားကိုလည်း noteတွေ မှားတီးလိုတီး၊ သီချင်းဆိုတော့လည်း အမြင့်သံတွေ အက်သွားပြီး အပြေးအလွှား သွားရိုက်ပြီး စာသားတွေမေ့နဲ့... ဒီတစ်ကြိမ်မှာ သူ အထုတ်မခံရရင် ဘယ်သူ အထုတ်ခံရဦးမှာလဲ ..."  


ယွီနန်မှာ သူ့ကို အပုပ်ချရန် ကြိုးစားခဲ့သည့် ထိုကဲ့သို့သော လူမျိုးကို သနားကြင်နာစိတ် မရှိပေ။ သူက screenထက်မှ ရှက်ရွံ့နေသော ဖန်ဟွိုက်၏ မျက်နှာကို ကြည့်လိုက်မိသည်။ 


"ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်အဘိုး ခဏခဏ သင်ပေးခဲ့ဖူးတယ်... လူတွေ မသိစေချင်ရင် မလုပ်နဲ့တဲ့... မကောင်းတာ တစ်ခုခု လုပ်ခဲ့ရင် တစ်နေ့ကျ ဖော်ထုတ်ခံရဖို့ကိုလည်း ပြင်ဆင်ထားရမယ်တဲ့"


“လူတွေကို မသိစေချင်ရင် မလုပ်နဲ့... မင်းအဘိုးက ကောင်းကောင်း သင်ကြားပေးခဲ့တာပဲ ”


"ဟုတ်" ယွီနျန် ပြန်စဥ်းစားကြည့်လိုက်သည်။ 


"ကျွန်တော့်ဘိုးဘိုး အသက်ရှိစဥ်တုန်းက ကျွန်တော့်ကို အပတ်တိုင်းမှာ ခေါင်းစဥ်တစ်ခုအတွက် စာပိုဒ်တစ်ပိုဒ် ရေးခိုင်းလေ့ရှိတယ်... ကျွန်တော် ခြောက်နှစ် ခုနစ်နှစ်အရွယ်ရောက်တော့ အဘိဓါန် ကြည့်ခိုင်းပြီးတော့ "ကျွန်တော့် ဘွားဘွား" ဆိုတဲ့ ခေါင်းစဥ်နဲ့ ရေးခိုင်းပြီး ပြီးရင် သုံးသပ်ချက် ပြန်ပေးတယ်... နောက်ပိုင်းကျတော့ "နှစ်တွေက ကြာရှည်လှ အလုပ်ရှုပ်နေတဲ့ လူတစ်စုကတော့ ကိုယ်တိုင်သာ အားတင်းထားရ၊ ကောင်းကင်ကြီးနဲ့ မြေပြင်ထုကြီးက ကျယ်ပြောပြီး မကောင်းတဲ့လူတွေက အမြင်ကျဥ်းကြတယ်၊ လေ၊ ပန်း၊ နှင်းနဲ့ လတွေက အချည်းနှီး ဖြစ်နေပြီး ဖြန့်ဖြူးသူတွေက ပိုလျှံနေကြပြီ" ဆိုတာတွေ ဖြစ်လာတယ်လေ" 


မုန့်ယွမ် ကြက်သေသေသွားလေသည်။ "ခြောက်နှစ် ခုနစ်နှစ် အရွယ်မှာတောင် ခဲတံနဲ့ စာပိုဒ်လေးတွေ စရေးနေပြီလား"


“ခဲတံ မဟုတ်ဘူး.... စုတ်တံနဲ့ပါ... ကျွန်တော် ကလေးဘဝတုန်းက တူဘယ်လို ကိုင်ရမလဲ ဆိုတာကိုတောင် မသင်ခဲ့ဖူးပေမယ့် ပထမဆုံး စုတ်တံနဲ့ စာစရေးဖို့ သင်ခဲ့ရတာ... အဲ့အချိန်တုန်းက ကျွန့်တော့်လက်တွေက သေးနေသေးတော့ ဘိုးဘိုးက ကျွန်တော်သုံးဖို့ စုတ်တံ တစ်ချောင်း လုပ်ပေးခဲ့တယ်လေ... ဒါပေမယ့်လည်း ကျွန်တော်က ကလေးဆိုတော့ သေချာ နားမလည်ဘူးလေ... တစ်ခါတစ်လေ စုတ်တံနဲ့ မင်ကို သုံးပြီး မျက်နှာပေါ်ကို ဆွဲမိတယ်... ပြီးတော့ နောက်ပိုင်းကျ ဒီကိစ္စကို ခဏခဏ အစဖော်ခံရပြီး ကျွန်တော့်ဘိုးဘိုး ရီတာ ခံတာပဲ" 


မုန့်ယွမ်က ယွီနျန် သူ့မိသားစုနှင့် ဆက်ဆံရေး ကောင်းကြောင်း မြင်နိုင်ပေသည်။ ယခင်က သူ့ထံတွင် မိဘများ မရှိဘဲ အဘိုးအဘွားများဖြင့်သာ ကြီးပြင်းခဲ့ကြောင်း ပြောခဲ့ဖူးသည်။ နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် အဖြစ်အပျက်ဟောင်း တစ်ခုခု ရှိနိုင်သည်။


သူ ဆက်မမေးတော့ဘဲ ထိုအစား ပြောလိုက်သည်။ 


"နောက်တစ်ပိုင်းအတွက်... သူတို့ ဧည့်သည်အဆိုတော် ခေါ်ပေးချင်နေကြတယ်... မင်းမှာ အသိမရှိရင် ပရိုဂရမ်အဖွဲ့က စီစဥ်ပေးလိမ့်မယ်... လောင်ဟယ်က မင်းကြိုက်တဲ့ အဆိုတော်များ ရှိလား မေးခိုင်းလိုက်တယ်... သူတို့ ကူပြီး ဖိတ်ပေးမလို့တဲ့ ..." 


ယခင် အပိုင်းနှစ်ခု၌ ယွီချင်း၏ သီချင်များ ဆိုခဲ့ဖူးသည်ကို အမှတ်ရသွားသည်။ 


"မင်း ယွီချင်းကို ဖိတ်ချင်ရင် သူတို့ ကြိုးစားပေးလိမ့်မယ်... ဒါပေမယ့် ယွီချင်းရဲ့ ကျော်ကြားမှုက မြင့်လွန်းတယ်... ပြီးတော့ သူက လောလောဆယ် ဂိုဘီ သဲကန္တာရမှာ ရိုက်ကူးရေး လုပ်နေတာ... နည်းနည်းတော့ ကရိကထများမယ် ထင်တယ်"


ယွီနျန်က နေ့လည်မှ ဖုန်းကောကို သတိရသွားသည်။ "ယွီချင်း သဘောတူတယ်... သူ အချိန်မီ ပြန်လာလိမ့်မယ်"


"အာ" မုန့်ယွမ် အသိပြန်ဝင်လာပြီးနောက် မျက်လုံးများ ပြူးကျယ်သွားလေသည်။ 


"နေစမ်းပါဦး... ဖြည်းဖြည်း ပြောစမ်းပါ.... လက်ခံလိုက်ပြီတဲ့လား... မင်းက ယွီချင်းနဲ့ သိနေတာလား"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်... ကျွန်တော်တို့ သိတာ တော်တော်လေးကြာနေပြီ"


မုန့်ယွမ် စက္ကန့်အနည်းငယ်လောက် စကားမပြောနိုင်တော့ဘဲ အဆုံးတွင် အသက်ပြင်းပြင်း ရှူထုတ်လိုက်လေသည်။ "လောင်ဟယ်ငါ့ကို ဘာဘီကျူး ဆယ်ပွဲလောက် လိုက်ကျွေးသင့်နေပြီ... ယွီချင်း... အဲ့ဒါ ယွီချင်းကွ... သူသာ ရှိုးကို ရောက်လာရင် ကြည့်ရှုနှုန်းတွေ ဘယ်လောက်တောင် ပေါက်ကွဲထွက်သွားမလဲ"


ရိုက်ကူးရေးလုပ်မည့်နေ့တွင် မနက်စောစောအချိန်၌ "ဘန်း ဘန်း" ဟူသော အသံဖြင့် ယွီနျန်၏ အိမ်တံခါး အခေါက်ခံလိုက်ရသည်။ ယွီနျန်က ရေခွက်ကို ချကာ တံခါးဖွင့်ပေးလိုက်သည်။


ယွီချင်းက အိမ်ထဲသို့ ဝင်လာပြီး နေကာမျက်မှန်ကို ချွတ်ကာ ထည်ဝါလှသည့် မျက်နှာလှလှလေးကို လှစ်ဟပြလာခဲ့သည်။


 "စားစရာ မရှိဘူးလား... လေယာဥ်ပေါ်က ဆင်းပြီးတာနဲ့ ဒီကို တန်းလာခဲ့တာ... ဗိုက်ဆာလိုက်တာ သေတော့မလိုပဲ" 


"အိမ်မှာ ခေါက်ဆွဲပဲ ရှိတယ်... ကျွန်တော် ခေါက်ဆွဲ တစ်ခွက် ချက်ပေးမယ်လေ" ယွီနျန်က မီးဖိုခန်းထဲသို့ သွားနေရင်း မေးလိုက်ပြီး ညွှန်ကြားနေလိုက်သေးသည်။


 "တံခါး ပိတ်ဖို့ မမေ့နဲ့ဦး... ဖိနပ်ပါးတွေက အကန့်လေးထဲမှာ"


ယွီချင်းက ရှစ်စင်တီမီတာမြင့်သော ဒေါက်ဖိနပ်ကို ဘေးသို့ ကန်လွှင့်ကာ ဖိနပ်ပါး စီးပြီး ယွီနျန်နောက်သို့ လိုက်လာခဲ့သည်။ 


"ခေါက်ဆွဲထဲကို ကြက်ဥကြော် ထည့်ပေးလို့ရမလား... ရိုက်ကူးရေး လုပ်တုန်းကဆို ဒီသခင်မကြီးက အမြဲတမ်း ဗိုက်ဆာနေရတာ"


"အင်း... ဒါပေမယ့် တစ်လုံးပဲ ရမယ်နော်... မဟုတ်ရင် စားပြီးတာနဲ့ အဆီတက်လာလိမ့်မယ်"


ယွီချင်းက ဝင်လာရင်းဖြင့် လက်ရှီ ယွီနျန် နေနေသော နေရာကို ကြည့်ရှုနေပြီး မျက်မှောင်ကြုတ်ကာ သိသိသာသာပင် အလိုမကျ ဖြစ်နေပုံပါပင်။ 


"ဘာလို့ နင့်အိမ်က အရမ်းသေးနေရတာလဲ"


ယွီနျန်က မီးမွှေးလိုက်ပြီး ခေါက်ဆွဲများကို ထုတ်ယူလိုက်သည်။ "ကျွန်တော်က တစ်ယောက်တည်း နေတာလေ... နေဖို့လောက်ပါတယ်... ကြီးနေရင် ဟာလာဟင်းလင်းကြီး ဖြစ်နေမှာပေါ့"


"ဟုတ်ပြီလေ... နင်ပျော်ရင် ပြီးတာပဲ" 


ယွီနျန်က ဟင်းချက်သည့် စားပွဲကို မှီလိုက်ပြီး ယွီနျန် ဟင်းချက်နေသည်ကို ကြည့်ရင်း ပွစိပွစိ ပြောနေသည်။


 "အရင်က မေးဖို့ အချိန်မရလိုက်လို့... ငါ ရိုက်ကူးရေး သွားလုပ်တဲ့ နှစ်လလေးမှာ ဘယ်လိုလုပ်ပြီးတော့ ရှင်းယောင်နဲ့ ရုတ်တရက် စာချုပ်ချုပ်ပြီး ပွဲဦးထွက်လိုက်ရတာလဲ... အဲ့ဒီဖန်ဆိုတော့ ကောင်ကရော ဘာလဲ... အမြင့် တက်ရဖို့ မကောင်းတာတွေ လုပ်လိုက်သေးတယ်ပေါ့လေ... ဒီသခင်မကြီးသာ ရှိနေရင် သေလောက်အောင် ရိုက်ပစ်တယ်... နင့်အဖွဲ့ သန်မာလို့သာပေါ့... သူ မအောင်မြင်သွားတာ"


ယွီနျန်မှာ သာမန် အဖြူရောင် ချည်သားတီရှပ်ကိုသာ ဝတ်ဆင်ထားပြီး လန်းဆန်းပြီး အားအင်ပြည့်ဝနေသည့် ငယ်ရွယ်မှု ခံစားချက်ရနေသည်။ သူက သူမကို အမှန်ပြင်မပေးလိုက်ဘဲ ပြန်ဖြေလိုက်သည်၊


 "အစ်မလည်း သိတာပဲ... ကျွန်တော်က ပိုက်ဆံအများကြီး လိုနေတာလေ... ရှင်းယောင်မှာ အလုပ်သင်ဆင်းနေတဲ့ စီနီယာ အစ်ကိုတစ်ယောက် ရှိလို့ ကံကောင်းပြီး ရှင်းယောင်နဲ့ စာချုပ်ချုပ်ဖြစ်သွားတာ"


ယွီချင်းက ယွီနျန်၏ စိတ်ထဲ၌ ကိုယ်ပိုင် အတွေးများ ရှိကြောင်း သိနေသဖြင့် များများစားစား မပြောပေ။


 "ရှင်းယောင်က မဆိုးပါဘူး ... ချူရှောင်းရန်က အားမကိုးရတဲ့သူ ဖြစ်ပေမယ့် ချူမိသားစုလို သစ်ပင်အကြီးကြီးက နောက်မှာ ရှိနေတော့ ပြဿနာ မရှိဘူး... မုန့်ယွမ်ကလည်း မဆိုးဘူး... နင်က ကြည့်တတ်သားပဲ"


သူမက ယွီနျန်၏ မျက်နှာလေးကို ကြည့်ကာ ထိန်းမထားနိုင်တော့ပေ။ "ရိုးရိုးသားသား ပြောရရင် နင်က အခုမှ 21နှစ်ပဲ ရှိသေးတာ... အရမ်းငယ်သေးတယ်... နင့်ကိုနင် ဒီလောက်ထိ တွန်းအားပေးဖို့ မလိုပါဘူးဟယ်"


ယွီနျန်က ခေါက်ဆွဲထည့်ရန်အတွက် ပန်းကန်တစ်လုံး ထုတ်လိုက်ပြီး မျက်လုံးလေးများကို ကွေးညွှတ်ကာ အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။ "ကျွန်တော်က တွန်းအားပေးနေတာ မဟုတ်ပါဘူး... ဘဝမှာ လုပ်ကို လုပ်ရမဲ့ အရာတွေလည်း ရှိတယ်လေ... ကျွန်တော် လုပ်ရမဲ့အရာက နည်းနည်း ပိုခက်ခဲနေရုံပါ... ပြီးတော့ ကျွန်တော်ကလည်း သီချင်းဆိုရတာ ကြိုက်တယ်လေ"


“ဒီလောက်များတဲ့ငွေက နည်းနည်းပိုခက်ခဲတာ ဖြစ်ပါ့မလား" ယွီချင်းက ယွီနျန်ကို သိပ်မပြောတော့ဘဲ လက်လှမ်း၍ သူ့မျက်နှာကို ကိုင်ကာ စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ 


"နင့်ကို ကြည့်နေရုံနဲ့တင် ဒေါသထွက်လာပြီ"


သို့သော်ငြား စတူဒီယိုသို့ ရောက်သောအခါ ယွီချင်းက မူလက ရှိခဲ့သည့် ပျင်းရိမှုများနှင့် ဒေါသများကို ပြောင်းလဲလိုက်ပြီး ယွီနျန်ကို ယဥ်ယဥ်ကျေးကျေး ထောက်ပံ့ပေးနေသည်။


 "နျန်နျန်ကို

ဂရုစိုက်ပေးလို့ ဒါရိုက်တာဟယ်ကို ကျေးဇူးတင်ပါတယ်နော်... နျန်နျန်က ကျွန်မမောင်လေးလေ... သူက အရမ်းငယ်သေးတော့ တစ်ခုခု အမှားလုပ်မိရင် ဒါရိုက်တာဟယ်ကပဲ သည်းခံပြီး ခွင့်လွှတ်ပေးပါနော် ..."