အပိုင်း ၁၈
Viewers 19k

Chapter 18

အဆာသွပ်မုန့်တွေအတွက် ကျေးဇူးပါ



.

၎င်းက ယွီနျန်အတွက် ယွီချင်း နူးနူးညံ့ညံ့ပြောဆိုနေသည်ကို ပထမဆုံး မြင်ရခြင်း ဖြစ်သဖြင့် မရယ်မိအောင် ထိန်းထားရသည်။ အဝတ်လဲခန်းထဲသို့ ဝင်လာသောအခါ သူ့ဘေးတွင် မည်သည့် အပြင်လူမှ မရှိတော့သဖြင့် ယွီချင်း မျက်လုံးလှိမ့်ပြလိုက်လေသည်။


 "နင့်မျက်နှာပုံစံက ဘာလဲ... ဒီသခင်မကြီးက စားပွဲခုံကို ရိုက်ပြီး နင်က ငါ့အရိပ်အောက်ကပဲလို့ ပြောရမှာလား... အရှုပ်တွေ ဖြစ်ကုန်မှာပေါ့"


ပြောပြီးနောက် ယွီချင်း မေးလိုက်သည်။


 "မုန့်ယွမ် နင့်ကို လူထု ပုံရိပ်အတွက် ဆုံးဖြတ်ပေးပြီးပြီလား"


"ဟုတ်တယ်... အစ်ကိုမုန့်က တော်ဝင်မင်းသား ဇာတ်ကောင် ပြင်ဆင်ပေးထားတယ်... သူပြောတာ အနာဂါတ်ကျရင် ပိုပြီး ချောမွေ့လာတော့မှာတဲ့"


ယွီချင်း မျက်လုံးလှိမ့်လိုက်ပြန်သည်။


 "နင်က တော်ဝင်မင်းသားပုံစံ နေရသေးတာလား... ဒါပေမယ့် ဟုတ်ပါတယ်လေ... နင့်ကိုယ်နင် ကြည့်လိုက်အုံး... ဘယ်တော်ဝင်မင်းသားလေးကများ အပြင်စာတွေ မှာမစားနိုင်လောက်အောင် ဆင်းရဲနေလို့လဲ" 


ယွီနျန် သူမကို မဖွင့်ရသေးသည့် ရေတစ်ဘူး ကမ်းပေးလိုက်သည်။ "ဂရုစိုက်... မျက်လုံးတွေ လှိမ့်တာများရင် အရေးအကြောင်းတွေ ပေါ်လာလိမ့်မယ်နော်" 


နှစ်ယောက်သားက အကဂီတတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြလေသည်။ ယွီချင်းတွင် အနက်ရောင် ဆံနွယ်လေး၊ နှုတ်ခမ်းရဲရဲလေးနှင့် ရှည်လျား သွယ်လျသော ပုံရိပ်လေး ရှိသည်။ သူမက အနက်ရောင် သားရေဂျာကင်ကို ဝတ်ဆင်ထားပြီး ရှစ်စင်တီမီတာ ရှည်သော ဒေါက်မြင့်ဖိနပ် စီးကာ မီးမောင်းထိုးထားသည့် အလင်းရောင်အောက်တွင် သူမ၏ အရှိန်အဝါတို့ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့လေသည်။ ယွီနျန်က အဖြူရောင် ရှပ်အင်္ကျီ ခပ်ပွပွကို ဝတ်ဆင်ထားပြီး ထင်းထွက်နေသော အိုင်းလိုင်နာနှင့် မျက်လုံးအောက်မှ မျက်ရည်ခံမှဲ့လေးက အလွန် မျက်စိဖမ်းစားဖွယ် ဖြစ်သည်။


ထိုအချိန်မှာပင် ရွှယ်ယုံ ရောက်ချလာသည်။


ရွှယ်ယုံ ရောက်လာသည်ကို မြင်သောအခါ ဟယ်ချိုးပိုင် အူယားဖားယား လာနှုတ်ဆက်လေသည်။ သူ့ထံတွင် မရေရာမှု အနည်းငယ် ရှိနေဆဲ။ ရွှယ်တို့က ရင်းနှီးငွေ ထပ်ဖြည့်ပေးချင်ပြီး တစ်ယောက်ယောက် လာကြည့်လိမ့်မည်ဟု ပြောခဲ့ပါသော်လည်း အစမ်းလေ့ကျင့်နေရာကို တိုက်ရိုက် ရောက်လာပြီး ထိုသူမှာလည်း ရွှယ်ယုံ ကိုယ်တိုင် ဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။


ရွှယ်ယုံ အထဲသို့ ဝင်လာသောအခါ သူ့မျက်လုံးများက ယွီနျန်အပေါ်တွင်သာ စွဲမြဲနေသည်။ ယွီနျန်တစ်ယောက် သူ မသိသည့် အမျိုးသမီးငယ်တစ်ယောက်နှင့် တွဲကနေသည်ကို မြင်လိုက်ရသောအခါ သာမန်ကာလျှံကာ မေးလိုက်သည်။ "အစမ်းလေ့ကျင့်နေတာလား"


ဟယ်ချိုးပိုင် ခပ်လောလော ပြန်ဖြေလိုက်သည်။


 "ဟုတ်ပါတယ်... အစမ်းလေ့ကျင့်နေတာ ယွီနျန်နဲ့ ယွီချင်းပါ... ယွီချင်းက ရိုက်ကူးရေးအဖွဲ့က ဖိတ်ခေါ်ထားတဲ့ ဧည့်အဆိုတော် တစ်ယောက်ပါ"


သူ စကားပြောပြီးနောက် အနည်းငယ် ပဟေဠိ ဖြစ်သွားသည်။ ဘာလို့ ရုတ်တရက်ကြီး အေးလာသလို ခံစားရတာလဲ...


ရွှယ်ယုံ၏ မျက်လုံးများက စတိတ်စင်ပေါ်သို့ မတော်တဆ ရောက်သွားလေပြီး သူ့နောက် လိုက်နေသည့် လက်ထောက်ချင်ကျန်းက အချိန်ကိုက် ဝင်ပြောလိုက်သည်။


 "ဒါရိုက်တာဟယ်... ခင်ဗျား တကယ် အလုပ်များနေတာလား"


စတိတ်စင်ပေါ်မှ မီးရောင်များက တောက်ပနေသော်လည်း ယွီနျန်က ရွှယ်ယုံတစ်ယောက် သူ့နောက်တွင် ရပ်နေသည်ကို သတိမထားမိပေ။ သူက ယွီချင်းနှင့် အလွန် နီးကပ်နေပြီး ၎င်းကို ကျင့်သားမရပေ။


ယွီချင်းက သူမ၏ မျက်လုံးကို ထပ်လှိမ့်ချင်မိသော်လည်း အရေးအကြောင်းများ တွန့်လာနိုင်သည်ဟု ယွီနျန် ပြောခဲ့ဖူးသည်ကို သတိရမိသဖြင့် ထိန်းထားလိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။


 "ဒီသခင်မကြီးက နင် ငယ်ငယ်တုန်းက နင့်ရဲ့ ဒိုင်ဘာတွေတောင် လဲပေးခဲ့ရတာနော်... လက်လေးကိုင်တာက ဘာဖြစ်မှာကျလို့"


ယွီနျန် အမှန်ပြန်ပြင်ပေးလိုက်သည်။ 


"မမက ကျွန်တော့်ထက် ငါးနှစ်ပဲ ကြီးတာနော်... ကျွန်တော့်ကို ဒိုင်ဘာ လဲပေးတာ မဖြစ်နိုင်ဘူး"


"အဟုတ်ပဲ... ဒါဆို နင့် အဖွား လဲပေးတာ မြင်ဖူးတယ်ဟယ်" ယွီချင်း အလေးပေး ပြောလိုက်သည်။


 "ရိုက်ကူးရေး လုပ်နေတုန်း စိတ်လျှော့ထားစမ်းပါ... မနက်ဖြန် အင်တာဗျူးတစ်ခု လုပ်စရာ ရှိသေးတယ်... ငါ နင့် နာမည် ထည့်ပြောလိုက်မယ်... မုန့်ယွမ် ဆက်ပြီး အပူပေးထားပါစေ"


ယွီနျန် စိတ်ငြိမ်သွားသည်။ "ကျေးဇူးပါ မမ"


အစမ်းလေ့ကျင့်ပြီးနောက် ယွီချင်း ဖုန်းတစ်ကော ဆက်ရန် အပြင်ထွက်သွားချိန်တွင် ယွီနျန်ကလည်း စာသားများ မှတ်ရန်အတွက် အဝတ်လဲခန်းထဲသို့ သွားရန် ပြင်သည်။ ခြေလှမ်း အနည်းငယ်မျှ လှမ်းပြီးနောက် သူ့နောက်ပါးတွင် ပုံရိပ်လေး တစ်ခုရှိနေသည်ကို တွေ့လိုက်ရသဖြင့် မရေမရာဖြင့် မေးလိုက်သည်။ 


"ရွှယ်ယုံလား"


ရွှယ်ယုံ လှည့်ကြည့်လာသည်ကို မြင်လိုက်ရသောအခါ အံ့အားတသင့်ဖြင့် ပြုံးလိုက်မိလေသည်။ 


"နောက်ကျော မြင်တော့ သိပ်မသေချာဘူး ဖြစ်နေတာ... တကယ် ခင်ဗျား ဖြစ်နေမယ်လို့ မထင်ထားဘူး"


သူ့နောက်ကျောကို မြင်ရုံနဲ့ မှတ်မိတယ်လား...


ရွှယ်ယုံ ရုတ်တရက် ခံစားချက် ပိုကောင်းသွားလေသည်။


သူ ရှေ့တိုးကာ ယွီနျန်ကို ပြောလိုက်သည်။


 "ခုနက မင်းဆိုသွားတာ အရမ်းကောင်းတယ်"


"ကျေးဇူးပါ" ယွီနျန် ခပ်ရှက်ရှက် ပြုံးလိုက်သည်။


 "ကျွန်တော် စာသားတွေ အကုန် မမှတ်နိုင်သေးဘူး... ကနေတုန်းလည်း စာသားပြစက်ကိုပဲ ဆက်တိုက် ကြည့်နေရတာ... ကံကောင်းလို့ ဒါရိုက်တာဟယ် တွေ့မသွားတာပေါ့... မဟုတ်ရင် သေချာပေါက် အဆူခံရတော့မှာ"


ရွှယ်ယုံက လက်ထဲမှ လက်ဆောင်ပုံးလေးကို ကမ်းပေးလိုက်သည်။ "အရင်တစ်ခေါက် သကြားလုံး ပေးထားလို့ လက်ဆောင် ပြန်ပေးတာ"


ယွီနျန် လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး သစ်သားပုံးလေးထက်မှ တံဆိပ်ကို လှမ်းမြင်လိုက်ချိန်တွင် မျက်လုံးလေးများ၌ ကြယ်လေးများ ဖြင့် ပြည့်သွားလေသည်။ သူ အံသြတကြီး ပြောမိသည်။ 


"ချင်းဟယ်လမ်းပေါ်က အဆာသွပ်မုန့်ဆိုင်မလား... ကျွန်တော် ငယ်ငယ်တုန်းက အဲ့ဒီက အဆာသွပ်မုန့်တွေကို စားရတာ အရမ်း ကြိုက်တာ"


ရွှယ်ယုံ၏ အမူအယာ ပြောင်းမသွားပါသော်လည်း လွှဲယမ်းနေသော နှလုံးသားလေးမှာမူ အဆုံးတွင် တည်ငြိမ်သွားလေသည်။


 "မင်းကြိုက်တယ်ပေါ့"


သူ စက္ကန့် အနည်းငယ်မျှ တုံ့ဆိုင်းနေပါသော်လည်း စာရွက်နှင့် ဘောပင်ကို ထုတ်ကာ အကြိမ်တစ်ဒါဇင်မျှ လေ့ကျင့်ထားခဲ့သည့်အတိုင်း ချောချောမွေ့မွေ့ ပြောလိုက်သည်။ 


"ကိုယ့်အမေက မင်းကို အရမ်းကြိုက်တာ... လက်မှတ်ထိုးပေးလို့ရမလား"


"ရတာပေါ့... ကျွန်တော်က ဂုဏ်ယူရမှာပါ" 


ယွီနျန် ဘောပင်နှင့် စာရွက်ကို ယူကာ သူ့နာမည်ကို အလေးအနက် ချရေးပေးလိုက်သည်။


ယွီနျန် ရွှယ်ယုံကို ပြန်ကမ်းပေးလိုက်သည့်အခါ သူတို့၏ လက်ချောင်းထိပ်လေးများ ထိသွားခဲ့လေသည်။


ရွှယ်ယုံ အနည်းငယ် အသက်ရှုထုတ်လိုက်ပြီး ဘောပင်နှင့် စာရွက်ကို အဝေးတွင် ထား၍ ယွီနျန်ကို ကြည့်လိုက်သည်။ 


"ဒါဆို ကိုယ်သွားပြီ" 


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ 

"ကောင်းပြီလေ... အဆာသွပ်မုန့်အတွက် ကျေးဇူးပါ... လမ်းမှာ ဂရုစိုက်နော်... နောက်တစ်ခါမှ တွေ့ကြမယ်"


"နောက်မှ တွေ့မယ်"



မုန့်ယွမ် ရောက်လာသောအခါ တစ်ယောက်ယောက်က ကော်ရစ်ဒါကို ဖြတ်၍ လျှောက်သွားနေသည်ကို တွေ့လိုက်ရသဖြင့် သာမန်ကာလျှံကာ မေးလိုက်သည်။ "ခုနက ဘယ်သူလဲ"


"ရွှယ်ယုံလေ... ကြည့်ရတာ သူလည်း တစ်ခုခု လုပ်ဖို့ ရောက်လာတာ ထင်တယ်... ကျွန်တော်နဲ့ တွေ့ဖြစ်သွားတာ" မုန့်ယွမ် အလောတကြီး ဖြစ်နေသည်ကို မြင်သောအခါ ယွီနျန်မေးလိုက်သည်။


 "ဘာဖြစ်လို့လဲ"


မုန့်ယွမ်က စိတ်ညစ်ညူးနေလေသည်။ 


"နောက်ဆုံးတော့ ငါသောက်ကျိုးနဲ သိခဲ့ရပြီကွ"


 သူ့အသံကို နှိမ့်ချလိုက်သည်။ 

"ဒီအပိုင်းမှာ အစားထိုး အဆိုတော် ရှိတယ်မလား... သူက လောင်ဟယ်နဲ့ ငြင်းနေတာကွ... သူနဲ့ တွဲဆိုဖို့ ပရိုဂရမ်အဖွဲ့က စီစဥ်ပေးတဲ့ ဧည့်သည်အဆိုတော်ကို သိပ်ပြီး နာမည်မကြီးဘူးလို့ သူက ထင်နေတာလေ... သိပ်မကျော်ကြားဘူးလား... သူနဲ့ ဧကရာဇ်မှ ထိုက်တန်တော့မှာလား... အရင်ဆုံး ကိုယ့်ကိုယ်ကို ဘယ်နေရာ ရောက်နေမှန်းတောင် မသိဘူး"


ယွီနျန် ရုတ်တရက် နားလည်သွားသည်။ "ကျွန်တော်နဲ့ ရှားမင်ရှီကြောင့်လား"


မုန့်ယွမ် နှစ်ကြိမ် နှာမှုတ်လိုက်သည်။ "အဲ့ဒီထက်ပေါ့... မင်းက ယွီချင်းကို ဖိတ်ပြီး ရှားမင်ရှီက ဆယ်နှစ်ကျော်လောက် အောင်မြင်လာတဲ့ စွန်းလင်း ကို ဖိတ်ခဲ့တာလေ... ပြီးတော့ ရှုရွှမ်းရဲ့ ကုမ္ပဏီကလည်း သူ့ကို မိန်းကလေးအဖွဲ့ တစ်ခုရဲ့ မျက်နှာအဖြစ် မြှင့်တင်ချင်နေတော့ ဒီနေရာလာပြီး လူသစ်လေးကို ကူညီပေးဖို့ စီနီယာအစ်မတစ်ယောက်ကို သေသေချာချာ ရှာပေးထားတာ... တစ်ဖက်လူကလည်း အယ်ဘမ်အသစ် ထုတ်ထားတော့ ဒီနေရာကို လာပြီး ပရိုမိုးရှင်း ဆင်းဖို့ အတော်လေးဆန္ဒရှိနေတယ်လေ...


ပရိုဂရမ်အဖွဲ့ကလည်း ဆိုးဆိုးဝါးဝါး မဆက်ဆံပါဘူး... လူသိများတဲ့ အဆိုတော်နှစ်ယောက်ကို ဖိတ်ဖို့ ပိုက်ဆံအများကြီး သုံးထားတာ... သူတို့တွေက မင်းတို့ သုံးယောက်လောက် ဖန်အင်အားမတောင့်ပေမယ့်လည်း တော်တော်လေး ကောင်းနေတုန်းပဲ"


ယွီနျန်က အခြားသူနောက်ကွယ်တွင် အတင်းပြောရသည်ကို မကြိုက်မှန်း သူသိနေပါ၏။ 


"ငါ မင်းကို အဲဒီ အိုးရန်ယွီက ပြဿနာကောင် ဆိုတာကို သတိပေးချင်ရုံပဲ... ပြီးတော့ သူ ရောက်လာရင်လည်း ရပ်ဦးမှာမဟုတ်ဘူး"


သူက မည်သည့်အတွက်ကြောင့် ယွီနျန်က ယွီချင်းနှင့် တွဲဖက်ရပြီး သူက သေခါနီး အဆိုတော် တစ်ယောက်နှင့်သာ တွဲရသည်လဲဟု အိုးရန်ယွီ ဟယ်ချိုးပိုင်အား မေးခွန်းထုတ်နေသည်ကိုလည်း ကြားခဲ့ရ၏။ သို့သော်လည်း ယွီနျန် စိတ်ပိုင်းဆိုင်ရာ ဖိအားများ ရသွားမည်ကို စိုးရိပ်သဖြင့် သူ ထုတ်မပြောလိုက်တော့ပေ။ 


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။

 "အစ်ကိုမုန့်... စိတ်မပူပါနဲ့... ကျွန်တော် သတိထားလိုက်ပါ့မယ်"


လက်ထဲတွင် အဆာသွပ်မုန့်များ ကိုင်လျက် အဝတ်လဲခန်းအတွင်းသို့ သူ ဝင်လာသောအခါ အစမ်းလေ့ကျင့်ပြီးသားဖြစ်သော ရှားမင်ရှီက အပြေးရောက်လာပြီး ယွီနျန်ကို အတင်းပြောရန် ဆွဲခေါ်သွားလေသည်။ 


"ငါဒီရှိုးကို ရောက်လာတာ တကယ့်ကို မှန်ကန်တဲ့ ရွေးချယ်မှုမှန်း ငါသိလိုက်ပြီ"


ယွီနျန်က မျက်လုံးလက်လက်လေးများဖြင့် ရယ်မြူးရိပ်သန်းနေလေ၏။ "နေရာတိုင်းမှာ အတင်းပြောစရာတွေ ရှိနေလို့မလား"


"အမှန်ပဲ... လုံးဝ အတင်းအဖျင်း ရေပန်းကြီးပဲကွ" ရှားမင်ရှီးက တက်ကြွနေလေသည်။ 


"အရင်က ဖန်ဟွိုက်ထွက်သွားတော့ အခု အိုးရန်ယွီ ရောက်လာပြီ... ဒါရိုက်တာဟယ်တော့ ခေါင်းမွှေးပြောင်တော့မယ် ထင်တယ်"


ယွီနျန် ပဟေဠိ ဖြစ်သွားသည်။ "ပြောကာမှ ငါရှာကြည့်တုန်းက အိုးရန်ယွီက သရုပ်ဆောင် လမ်းကြောင်းမှာ မဟုတ်ဘူးလား"


"သရုပ်ဆောင်လေ... သူက နာမည်ကြီး အိုင်ဒေါ ဒရာမာတစ်ခုမှာ ခေါင်းဆောင်နေရာက ပါထားသေးတယ်... အခု "စိမ်းပြာရောင်အချစ်" ဆိုတဲ့ ဝက်ဘ်ဒရာမာ လွှင့်ထားသေးတယ်... သူ့ကုမ္ပဏီက သူ့ကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားတော့ အမြင်ကောင်းအောင် သီချင်းဆိုခိုင်းတာ ဖြစ်မယ်" ရှားမင်ရှီ နှုတ်ခမ်းဆူလိုက်သည်။


 "သူ့ဖန်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းက တော်တော် သန်မာတယ်... သူသာ တစ်ဖက်ကနေ လှုံ့ဆော်ပေးလိုက်ရင် ရှိုးရဲ့ တရားဝင်ဘလောခ့်ရဲ့ 80%လောက်က ပွင့်ထွက်သွားလိမ့်မယ်"


ယွီနျန် နားလည်သွားလေသည်။ "ဒါပေမယ့် ပရိုဂရမ်အဖွဲ့က သေချာပေါက် အလျှော့ပေးမှာ မဟုတ်ဘူး... မဟုတ်ရင် ဧည့်သည်တွေကို ဆန့်ကျင်မိသွားလိမ့်မယ်"


"ဟုတ်ပါ့... ဒါကြောင့်မို့ အဲ့ဒီ အိုးရန်ယွီ တစ်ခုခု လုပ်တော့မယ်လို့ ငါ အာရုံရနေတယ်"


နာရီဝက်ခန့်အကြာတွင် အိုးရန်ယွီက လက်ထောက် နှစ်ယောက် ခြံရံလျက် အဝတ်လဲခန်းထဲသို့ ဝင်လာပြီး အစကနေအဆုံးထိ စကားတစ်ခွန်းမှ မပြောဘဲ ယွီနျန်ကိုသာ တမင်တကာ ကြည့်နေလေသည်။


ယွီနျန်မှာ အခြားသူများ၏ သဘောထားကို ဂရုစိုက်မနေပေ။ ရွှယ်ယုံပေးလာသော မုန့်ဘူးလေးကို ဖွင့်ကာ အဆာခံနိုင်ရန် အဆာသွပ်မုန့်များ စားရန်ပြင်သည်။ 


ရှားမင်ရှီ ရောက်လာပြီး မုန့်ဘူးပေါ်မှ စကားလုံးများကို တွေ့သောအခါ အံ့အားသင့်သွားလေသည်။ "ချင်းဟယ်လမ်းမပေါ်က အဆာသွပ်မုန့်ဆိုင်လား... ဆိုင်ရှင်က အခု အသက်ကြီးနေပြီ ဆိုတော့ တစ်နေ့ကို ဆယ်ဘူးပဲ လုပ်တော့တာလေ... အရမ်း ဝယ်ရခက်တာကွ"


ယွီနျန် တန့်သွားလေသည်။ 

"အခု ဝယ်ရခက်သွားပြီလား"


ဤအဆာသွပ်မုန့်ဆိုင်က သူ့အိမ်နှင့် အတော်လေး နီးသည်။ သူ ငယ်စဥ်က ၎င်းတို့အား စားရခြင်းကို လွန်စွာ နှစ်သက်ခဲ့လေသည်။ အဆာသွပ်မုန့်ဆိုင်၏ ပိုင်ရှင်က ရက်အနည်းငယ်ကြာတိုင်း မုန့်ဘူးတစ်ဘူးစီ ပို့ပေးတတ်ပြီး သူပျော်သွားစေရန်အတွက်လည်း မုန့်လေးများကို တိရစ္တာန်ငယ်လေးများ ပုံစံဖော်ကာ အထူးတလှယ် ပြုလုပ်ပေးတတ်သေးလေသည်။


ဒါပေမယ့် သူ ဒီမိသားစုရဲ့ အဆာသွပ်မုန့်တွေ ကြိုက်မှန်း ရွှယ်ယုံ ဘယ်လိုသိတာပါလိမ့်... တိုက်ဆိုင်တာများလား...


"ဟုတ်တယ်လေ... ငါ့အမေက အဲ့ဒီက အဆာသွပ်မုန့်ကို အရမ်းကြိုက်ခဲ့တာ... ဝိတ်တက်လာမယ်ဆိုတဲ့ စိတ်ဖိစီးမှုအကြီးကြီးအောက်မှာတောင် လက်ထောက်မမကို သွားပြီး တန်းစီခိုင်းတာလေ... ဝယ်နိုင်ဖို့ သုံးရက်လုံးလုံး ကြာခဲ့တာကွ"


 ရှားမင်ရှီ မျက်မှောင်ကြုတ်ကာ မုန့်ဘူးကို ကြည့်လိုက်သည်။ 


"အရင်နှစ်ရက်က ငါ ပေါင်သုံးပေါင်တက်လာတယ်... ကွတ်ကီးတွေအားလုံး အသိမ်းခံလိုက်ရတယ်... ငါ အချိုတွေ စားမှန်းသာ ငါ့အေးဂျင့်သိသွားရင် သေချာပေါက် အသက်အန္တရာယ်ချိန်းခြောက်မှုတွေ ရှိလာတော့မယ်"


ယွီနျန်က မုန့်ဘူးကို ပိတ်လိုက်သည်။ "ကောင်းပြီလေ... ငါမင်းကို မလှုံ့ဆော်မိအောင် ပြန်မှပဲ ဖြည်းဖြည်းချင်း စားတော့မယ်" သူ့နှလုံးသားထဲတွင် ရွှယ်ယုံ၏ လက်ဆောင်က အတော်လေး အာရုံစူးစိုက်ထားသည်ဟု တွေးမိပြီး သူလုပ်ထားသည့် သကြားလုံးများကို ရွှယ်ယုံက အမှန်ပင် ကြိုက်နှစ်သက်ပုံ ပေါ်လေသည်။ နောက်တစ်ကြိမ် တွေ့ခဲ့ပါက ရွှယ်ယုံကို နောက်ထပ် အရသာ တစ်မျိုး ပေးနိုင်ပေမည်။


မုန့်ယွမ်နှင့် ရှားမင်ရှီတို့၏ ခန့်မှန်းမှုက မှန်ကန်ပုံရပေသည်။


ယွီနျန်မှာ လက်ကားဆိုင်မှ ဝယ်လာသည့် တီရှပ်လျော့ရဲရဲ တစ်ထည် ဝတ်ဆင်ထားပြီး ပုခုံးပေါ်တွင် တဘက်တစ်ထည် တင်ထားလေသည်။ နှဖူးမှ ချွေးများကို သုတ်လိုက်ပြီး ဖုန်းကို ကောက်ကိုင်လိုက်စဥ်မှာပင် ဝီချက် သတိပေးချက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူနှိပ်ကြည့်လိုက်ရာ သေချာပေါက်ပါပင် ရှားမင်ရှီက လင်ခ့်နှင့် screenshot တစ်စု ပို့လာခဲ့သည်။ 


သူ လင်ခ့်တစ်ခုကို နှိပ်ကြည့်လိုက်သည့်အခါ "အိုးရန်ယွီက နာမည်အစစ်သုံးပြီး ရှိုးက မမျှမတ ဆက်ဆံတတ်ပြီး ထုတ်ပယ်ခံလိုက်ရတယ်လို့ အခိုင်အမာ ဆိုထားပြီး ပရိုဂရမ်အဖွဲ့ရဲ့ သမာသမတ်မကျတဲ့ တစ်ဖက်ခြမ်းကို ဖွင့်ချလိုက်တယ်တဲ့"


ရှည်လျားလှသော ခေါင်းစဥ်နောက်တွင် "ဘုန်း"ဟူသော စာလုံးအကြီးကြီးပါ မျောပါနေခဲ့သည်။


ယွီနျန် ဝင်ကြည့်လိုက်သည်။ 


[အိုးရန်ယွီလား... နာမည်က ရင်းနှီးနေသလိုပဲ... ဝက်ဘ်ဒရာမာထဲက ခေါင်းဆောင်မင်းသား မဟုတ်ဘူးလား... ဒါပေမယ့် ဘာလို့ သီချင်းဝင်ဆိုရတာလဲ]


[ကောကောက အရမ်းရဲရင့်တာပဲ... သူက နာမည်မကြီးသေးတဲ့ လူသစ်လေး တစ်ယောက်ပါ... ဒါပေမယ့် ပရိုဂရမ်အဖွဲ့ထဲက သမာသမတ်မကျတဲ့ အပေးအယူတွေကြောင့် အထုတ်ခံလိုက်ရတယ်... အခု ထရပ်ပြီး အမှန်တရားကို ဖော်ထုတ်ရဲနေတယ်... ဒါတကယ် လွယ်ကူခဲ့မှာ မဟုတ်ဘူး]


[ဒီလို မရှုံးချင်ဘူးပေါ့လေ... ထွက်ရတော့ ပရိုဂရမ်အဖွဲ့ကို သမာသမတ်မကျဘူးလို့ စွပ်စွဲတယ်... သူ့မှာ အရှက်မရှိဘူးလား... ပြီးတော့ ပရိုဂရမ်က မလွှင့်ရသေးတာတောင် သူရတဲ့အဆင့်ကို ပြောပြီးသား ဖြစ်နေပြီ... ဒီအပြုအမူက နားထောင်ကောင်းရဲ့လား]


[ကြည့်ရတာ အဲ့နေရာမှာ သမာသမတ်မကျတာ တစ်ခုခု တကယ်ပဲ ရှိနေတယ်ထင်တယ်... ရှားမင်ရှီအကြောင်းကတော့ ပြောမနေနဲ့တော့... ငါတို့က စတားတွေရဲ့ ဒုတိယမျိုးဆက်တွေကို ဆန့်ကျင်လို့ မရဘူးလေ... ရှုရွှမ်းလို 18လိုင်း မိန်းကလေးအဖွဲ့တစ်ခုက အဆိုတော်လေးတစ်ယောက်တောင် လူကြိုက်များတဲ့သူကို ဖိတ်ခဲ့သေးတယ်... ယွီနျန်လို့ ခေါ်တဲ့ တစ်ယောက်က ပိုပြီး ဇာချဲ့သေး... အခုမှ လူသစ်လေးပဲ ရှိသေးတာကို သူနဲ့အတူ ဖျော်ဖြေဖို့ ယွီချင်းကို တကယ်ကြီး ခေါ်လိုက်သေးတယ်... ဘာသမာသမတ်မကျတာမှ မရှိဘူး ဟုတ်လား... ဒါကို ယုံနိုင်ဖို့ တအားတုံးလွန်းနေကြတာလား]


[နျန်နျန်ကို ဆွဲမထည့်နဲ့... နင်တို့ မိသားစုနဲ့ ပရိုဂရမ်အဖွဲ့ပဲ အချင်းချင်းကိုက်ကြ... ငါတို့ရဲ့ နျန်နျန်ကို ဆွဲမထည့်ကြနဲ့... ငါတို့ရဲ့နျန်နျန်က သီချင်းကောင်းကောင်း ဆိုချင်ရုံလေးပဲ] 


[သီချင်းကောင်းကောင်းဆိုချင်ရုံလေးတဲ့လား... သူက ဖြူစင်သလို ဟန်ဆောင်နေတာလား... စတုတ္ထပိုင်း မလွှင့်ရသေးသလို အဆင့်တွေလည်း မသိရသေးဘူးနော်... ဒါပေမယ့် ပထမနေရာကိုတော့ အလိုအလျောက်ရွေးထားပြီးသားပဲ... ယုံချင်ယုံ မယုံချင်နေ]


[နျန်နျန်က ပထမနေရာနဲ့ ထိုက်တန်တယ်... နင်တို့မှာ မျက်လုံးမပါဘူးလား... သူ့ရဲ့ အဆိုအက အရည်အချင်းကို မတွေ့ကြဘူးလား... နေရာကို ဆုံးဖြတ်ပြီးသားတွေ သမာသမတ်မကျတဲ့ အပေးအယူတွေအကြောင်း ဒီလောက်များတဲ့ သတင်းတွေက ဘယ်က ထွက်လာရတာလဲ]


ယွီနျန် ၎င်းကို မြင်သောအခါ ပြန်ထွက်လာခဲ့ပြီး မျက်မှောင်ကြုတ်လျက် ရှားမင်ရှီကို စာပြန်ပို့လိုက်သည်။


 "အိုးရန်ယွီက လူတိုင်းကို ရေထဲ ဆွဲချချင်နေတာလား"