အပိုင်း ၁၉
Viewers 9k

Chapter 19

ဆိုတော့ ငါက စပရင်ဘုတ်ပြားအဖြစ် အသုံးချခံလိုက်ရတာပေါ့



ရှားမင်ရှီက သူ့ကို ဖုန်းမြန်မြန် ခေါ်လာခဲ့သည်။


 "ဘယ်က လူတိုင်းလဲ... သူက မင်းကို ဆွဲချချင်နေတာလေ... သူက ငါ့ကို မထိရဲဘူး... ရှုရွှမ်းကလည်း မိန်းကလေး ဖြစ်နေတာလေ ပြီးတော့ သက်ရောက်မှုကလည်း မကြီးဘူး... မင်းက အခုအချိန်မှာ လူပြောများတဲ့သူ ဖြစ်နေတော့ အပူချိန်က ပိုမြင့်သွားတော့တာပေါ့... သူဝယ်ထားတဲ့ ရေတပ်နဲ့ သူ့ဖန်တွေရဲ့ လေတိုက်တဲ့ လမ်းကြောင်းကိုလည်း သေချာကြည့်လိုက်ဦး... သူက ပရိုဂရမ်အဖွဲ့ရဲ့ သမာသမတ်မကျတဲ့ ကိစ္စဆိုတာကို မင်းခေါင်းပေါ် ပုံချချင်နေတာဟ" 


ယွီနျန်က ရေဆာပြေစေရန် ရေတစ်ငုံ သောက်လိုက်သည်။ "ဒါဆို ငါက ပရိုဂရမ်အဖွဲ့ရဲ့ မမျှတတဲ့ အပေးအယူမှာ အကျိုးအမြတ် အရဆုံးသူ ဖြစ်ပြီး သူကတော့ နစ်နာသူပေါ့လေ... ဒါပေမယ့် သူက အခု အထုတ်ခံလိုက်ရပြီလေ... ဒါကို ဘာရည်ရွယ်ချက်နဲ့ လုပ်ရတာလဲ"


ယွီနျန်၏ တည်ငြိမ်နေသော လေသံကြောင့် ရှားမင်ရှီ၏ စကားပြောနှုန်းက တဖြည်းဖြည်း နှေးလာခဲ့သည်။ 


"ငါကြားတာတော့ သူ့အေးဂျင့်က အဆက်အသွယ်တချို့ ရှိပြီးတော့ သူ့ကို နာမည်ကြီးတဲ့ ရသစုံရှိုး တစ်ခုထဲ ထည့်ချင်နေတာတဲ့... "သဘာဝရဲ့သံစဥ်"က စပရင်ဘုတ်ပြားတစ်ခုပဲ... ဒါပေမယ့် သူက သိပ်ပြီး မသန်မာသေးတော့ အထုတ်မခံရအောင် မလုပ်နိုင်ဘူးလေ... ဒါကြောင့်မို့ အခု သူက သူ့ကိုသူ အပူလှိုင်းကြီးတစ်ခု ဖြစ်အောင် မွှေနှောက်ချင်နေတာလေ" (မသိတာမရှိတဲ့ မင်ရှီ)

[T/N စပရင်ဘုတ်ပြားဆိုတာကတော့ အဲ့ဒီအပေါ် တက်ခုန်လိုက်ရင် မြင့်မြင့် ရောက်သွားတာကို ပြောချင်တာပါ]


ယွီနျန်မှာ စပရင်ဘုတ်ပြားတစ်ခုအဖြစ် အသုံးချခံလိုက်ရကြောင်း နားလည်သွားလေသည်။ 


ရှားမင်ရှီ ခေါင်းကုတ်လိုက်လေသည်။ "ဒီအခြေအနေမှာဆို... ဝေ့ပေါ်က ကွန်မန့်တွေကို မဖတ်နဲ့... တအားဆိုးရွားနေမှာ"


ယွီနျန်က မင်ရှီ သူ့အားစိတ်ပူနေသည်ကို သိနေသည်။

 "ကောင်းပြီလေ ကျေးဇူး မင်ရှီ"


မုန့်ယွမ်ကလည်း နေ့လည်စာစားချိန်တွင် ထိုကိစ္စကို ပြောလာခဲ့သည်။


"အိုးရန်ယွမ်ရဲ့ ရည်မှန်းချက်က မသေးပေမယ့် သူက အမြင်ကောင်းကောင်း ရှိတယ်... ဒါကြောင့်မို့ မင်းကို ပစ်မှတ်ထားနေတာ"


ယွီနျန်က တူများကို ချထားလိုက်ပြီး ပြုံးလိုက် ပြောလိုက်သည်။ "အစ်ကိုမုန့်က ကျွန်တော့်ကို အထွန့်တက်နေတာလား"


"ငါ အထွန့်တက်နေရတာပေါ့" မုန့်ယွမ် ထိုကိစ္စကို သိလိုက်ရပြီးနောက် ဒေါသများက လွင့်ပါးမသွားခဲ့ပေ။ သို့သော်လည်း ယွီနျန်ကို ကြည့်လိုက်သောအခါ ခံစားချက် ပိုကောင်းသွားသည်။


 "မင်းက တအားတော်နေတာကို... မင်းက လေးကြိမ်ဆက်တိုက် ပထမရထားတာလေ... ဒီအပိုင်း လွှင့်တာကိုသာ စောင့်နေပါ... လွှင့်ပြီးရင် hot searchတွေ ထပ်သိမ်းနိုင်ဦးမှာ... ဖန်တွေရဲ့ 80%လောက်ကို ချိတ်မိလောက်တယ်"


ယွီနျန်မှာ ရိုက်ကူးရေးတစ်ခုလုံးကို မကြည့်ရသေးပေ။ "ကျွန်တော် ကနေတော့ အရမ်းအသက်ငယ်နေလို့ဆိုပြီး ယွီချင်းက ပွစိပွစိ လုပ်နေတာ"


"လုံလောက်တာက လုံလောက်နေတာပဲ... ငါလိုချင်တာ ငယ်ရွယ်ပျိုမျစ်မှုရဲ့ အစိုးမရတဲ့ ဆွဲဆောင်မှုမျိုးပဲ" မုန့်ယွမ်က ယွီနျန်၏ မျက်နှာအစိတ်အပိုင်းများကို စိုက်ကြည့်လိုက်ပြီး ကြည့်နေရင်းဖြင့် ပြုံးလိုက်သည်။ 


"မင်းရဲ့ မျက်နှာကို တွေ့နေရတာနဲ့ မင်းရဲ့ အစ်ကိုမုန့် နောက်ထပ် ထမင်းနှစ်ပန်းကန် ထပ်စားနိုင်လောက်တယ်"


သူ ယွီနျန်ကို ထပ်ပြောလိုက်သည်။ "ဒီတစ်ခေါက် အိုးရန်ယွီကို နှစ်ရက်လောက် ကခိုင်းထားလိုက်... ဒီကန်းနေတဲ့လူတွေ တွေ့ကြပါစေ... မင်း ပထမ မရရင် ဘယ်သူ ပထမနေရာကို ယူနိုင်မှာလဲ"


ရုံးခန်းထဲတွင်...


ရွှယ်ယုံမှာ ဗီဒီရိုကောအစည်းအဝေးပြီးသည်နှင့် လည်စီးကို ဖြေလျော့ကာ ချူရှောင်းရန်ကို မေးလိုက်သည်။


 "ယွီနျန်ဆီမှာ ဘာဖြစ်နေတာလဲ"


ချူရှောင်းရန်က ဆိုဖာပေါ်တွင် လျော့တိလျော့ရဲ ထိုင်နေလေသည်။ နောက်ဆုံးတွင် ရွှယ်ယုံ အလုပ်ပြီးသွားသည်ကို မြင်သောအခါ ချက်ချင်း ထရပ်လိုက်ပြီး အသိအမှတ်ပြုပေးရန် တောင်းဆိုနေပေသည်။


 "ဒီညီအစ်ကိုက သစ္စာရှိတယ်မလား... မင်းမိသားစုမှာ တစ်ခုခုဖြစ်သွားမှန်း သိသိချင်း မင်းကို အပြေးလာရှာတာပဲ"


ရွှယ်ယုံမှာ မနက်ပိုင်းအတွင်း နိုင်ငံရပ်ခြားနှင့် ဗီဒီရိုကော အစည်းအဝေးသုံးခု ဆက်တိုက် လုပ်ခဲ့ရပြီး ယွီနျန်၏ သတင်းကို ဂရုမစိုက်နိုင်အားပေ။ သူက အနည်းငယ် စိုးရိမ်နေသဖြင့် ချူရှောင်းရန်ကို မျက်ခုံးကျုံ့ကာ ပြောလိုက်သည်။ 


"သူ ဘာဖြစ်သွားတာလဲ"


ချူရှောင်းရန်မှာ စကားလုံးစီထားပြီးသား ဖြစ်သည်။ "အိုင်ဒေါလ် တစ်ယောက်က ဒရာမာချိုးနေတာပါကွာ... သူကရှိုးကနေ အထုတ်ခံလိုက်ရပြီးတော့ အခု ပရိုဂရမ်က မမျှတတဲ့ အပေးအယူတွေ လုပ်ထားတယ်လို့ ပြောနေတာ... ယွီနျန်က အဆက်အသွယ်ကောင်းလို့ ပထမ ခဏခဏ ရနေတာတဲ့... ပြီးတော့ သူက အခု အင်တာနက်မှာ မုန်တိုင်းတွေ ဖြစ်အောင် လုပ်နေပြီ"


ရွှယ်ယုံက အဓိကအချက်ကို တန်းမေးလိုက်သည်။ 


" အဲ့လူရဲ့ ရည်ရွယ်ချက်က"


ချူရှောင်းရန်: "အဲ့ဒီကိစ္စတွေ လုပ်ခဲ့တဲ့လူ အိုးရန်ယွီအကြောင်းနောက်ဆုံးရ သတင်းတွေအရဆိုရင် ဒီအပူလှိုင်းကြီးကြောင့် နောက်ထပ် နာမည်ကြီး ရသစုံရှိုးတစ်ခုမှာ ပါဝင်နိုင်တော့မယ်လို့ ကြားထားတယ်... ပရိုဂရမ်အဖွဲ့က စပရင်ဘုတ်ပြားသက်သက်ပဲ" 


နားထောင်ပြီးနောက် ရွှယ်ယုံက စက္ကန့်အနည်းငယ်မျှ တွေးလိုက်သည်။ "ဒီတစ်ခေါက် ကိစ္စကြောင့်လား"


ချူရှောင်းရန် ခေါင်းငြိမ့်ပြလိုက်သည်။ 


"အဟုတ်ပဲ" သူက ရွှယ်ယုံကို ဖြည့်စွက် သင်ခန်းစာများပါ ပေးလိုက်သေးသည်။


 "အဲ့လိုပေါ့... မင်းမိသားစု နျန်နျန်က အယ်ဘမ်တစ်ခု သေသေချာချာ လုပ်ချင်ပြီး ဖျော်ဖြေပွဲကြီး လုပ်မယ်... အရမ်းကောင်းကောင်း ဆိုထားပြီး တေးသံသွင်းတဲ့ အရည်အသွေးကလည်း အရမ်းမြင့်နေမယ်... ဒါပေမယ့် မင်းကတော့ ဒါကို ဝယ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းရဦးမှာပဲလေ... ဟုတ်တယ်မလား... 


ငါပြောသလို ဝမ်းနည်းစရာကောင်းပေမယ့် ဒါက အဆင့်အတန်းက စကားပြောတာပဲ... မင်းက လူတွေကို သွေးပူလာအောင် လုပ်ရမယ်... ဒါမှ တခြားသူတွေကို မင်းကို ကြည့်လာမယ်... မင်းသီချင်းဆိုတာ နားထောင်လာမယ်... မင်းရဲ့ အားထုတ်မှုတွေကို တန်ဖိုးထားလာကြမှာလေ" 


ရွှယ်ယုံ၏ ခေါင်းချာချာလည်သွားလေသည်။


ယွီနျန် သီချင်းဆိုနေစဥ်က မျက်လုံးလေးများမှာ ကြယ်ရောင်တို့ဖြင့် ပြည့်လွှမ်းနေခဲ့ပုံရသည်ကို သူ အမှတ်ရသွားခဲ့သည်။ သူက အမှန်ပင် သီချင်းဆိုရသည်ကို သဘောကျပေသည်။


"ဒါပေမယ့် အဲ့ဒီအိုးရန်ယွီက ရှိုးမလွှင့်ခင်ပဲ ယွီနျန်ကို အပုပ်ချရဲမှာ" ချူရှောင်းရန် ဆက်ပြောလိုက်သည်။


 "ယွီနျန်က တကယ်တော်တာ... ငါတို့က လာဘ်ထိုးတာတွေ လုပ်ချင်ရင်တောင် လုပ်ဖို့ အခွင့်အရေး မရှိဘူး... မုန့်ယွမ် သူ့ကို ဘယ်က တူးလာခဲ့လဲ မသိဘူး... ဒါပေမယ့် သူက ကိုယ့်အရည်အချင်းနဲ့ကိုယ် ပထမရလာတာကွ...


ငါမုန့်ယွမ်ကို မေးပြီးသွားပြီ ယွီချင်းနဲ့ တွဲပြီး ဖျော်ဖြေတာက အရမ်း မိုက်တာပဲတဲ့... ရှိုးလွှင့်ရင် အပူလှိုင်းကြီး ပြန်ဖြစ်မှာပဲ... ပြီးရင် အခြေအနေကို ပြောင်းပြန်လှန်ပြီး hot searchတွေ ဝင်သိမ်းပစ်မယ်"


"ယွီချင်း" ဟူသော အမည်ကို ကြားလိုက်ချိန်တွင် ရွှယ်ယုံမှာ အစမ်းလေ့ကျင့်မှု လုပ်စဥ်က မြင်ကွင်းကို တွေးမိသွားကာ စက္ကန့်အနည်းငယ်လောက်ထိ စကားမပြောဘဲ တိတ်ဆိတ်သွားလေသည်။


ချူရှောင်းရန်မှာ ရွှယ်ယုံ၏ မျက်နှာထက်မှ အပြောင်းအလဲသေးသေးလေးကို သတိမမူမိဘဲ နှစ်ကြိမ်မျှ လေချွန်လိုက်သေးသည်။ "ဒီသခင်လေးက မျက်နှာဖြတ်ရိုက်ခံရမှာကို စောင့်နေလိုက်မယ်... သမာသမတ်မကျတဲ့ အပေးအယူကိစ္စတဲ့... ငါ့ဖင်ကြီးမှပဲ"


ရှိုးမစခင်တွင် ယွီချင်းက ယွီနျန်၏ အိမ်ကို ထပ်ရောက်လာပြီး ထမင်းတစ်နပ် အလကားလာဆွဲပြန်သည်။


သူမက အိမ်ကို တလေးတနက် လျှောက်ပတ်ကြည့်လိုက်ပြီး စာရေးစားပွဲပေါ်မှ ယွမ်ယောင်၏ စာရေးစုတ်တံ ဆေးသည့် တိရစ္တာန်မျက်နှာပုံစံ အဖြူရောင်ကြွေခွက်လေးကို တွေ့လိုက်ရသည်။ သူမက "ကျွတ်"ဟု ဆိုကာ မေးလိုက်သည်။ 


"ဒီစုတ်တံဆေးတဲ့ ကြွေခွက်က ဘယ်လောက်သက်တမ်းရှိနေပြီလဲ" 


ယွီနျန်က အပင်များကို အကိုင်းလေးများ ညှပ်ပေးနေခဲ့သည်။ ထိုစကားများကို ကြားသောအခါ သေသေချာချာ စဥ်းစားကြည့်လိုက်လေသည်။ "ကျွန်တော့်ဘိုးဘိုး ပြောတဲ့စကားအရဆို ဘိုးဘိုးရဲ့ အဘိုးက ဒီကြွေခွက်ကို သုံးခဲ့ပုံရတယ်... ဘေးနားက မင်သွေးတုံးကိုလည်း မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းခဲ့တာပဲလေ"


ယွီချင်းက ကြွေထည်မျက်နှာပြင်ကို လက်ဖြင့် ဂရုတစိုက် ထိလိုက်ပြီးနောက် လက်ကို မြန်မြန် ပြန်ရုတ်လိုက်သည်။


 "နင်တို့ရဲ့ ယွီမိသားစုက ဒီလို ရှေးဟောင်းပစ္စည်းတွေ သုံးပြီး အရမ်းလက်ဖွာနေကြတာပဲ" သူမ ထပ်ပေါင်း ပြောလိုက်သည်။ 


"ဒါပေမယ့် ကြည့်ရတာ နင့်မိသားစုက မျိုးရိုးစဥ်ဆက် သုံးလာခဲ့တာပဲမလား... အံ့သြစရာတော့ မရှိပါဘူး"


ယွီနျန်က ပန်းညှပ်ကပ်ကြေးလေး ကိုင်ထားသည်။ သူက တီရှပ်ပွပွကြီးနှင့် လျှော်ဖွပ်ထားသည့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး အလွန် စိတ်အေးလက်အေး ဖြစ်နေပုံပေါ်သည်။ သူပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။


 "ဘိုးဘိုးပြောတာ ဒီပစ္စည်းတွေကို မသုံးပေးရင် ထောင့်မှာ ဖုန်တက်သွားလိမ်မယ်တဲ့... သူတို့ အထီးကျန်သွားမှာ"


"အဓိပ္ပါယ် ရှိတယ်" ယွီချင်းက မင်သွေးတုံးကို ဂရုတစိုက် ထိလိုက်သည်။ 


"ဒီမင်သွေးတုံးကို ငါသေချာမှတ်မိတယ်... နင့်အဘိုး ဒါကို သုံးတာ ငါတွေ့ဖူးတယ်"


သူမက မတ်မတ်ရပ်ကာ မှတ်ချက်ပြုလိုက်လေသည်။ "နင်တို့မိသားစုနဲ့ ယှဥ်ရင် ငါ့မိသားစုက လုံးဝကို အခုမှ ချမ်းသာလာတဲ့ပုံ ပေါက်နေတာ... ငါ့ဘွားဘွားက ငါငယ်ငယ်တုန်းက ငါ့ကို ပျိုးထောင်ပေးဖို့ နင့်အဘွားဆီ ပစ်ပေးလိုက်တာ အံ့သြစရာ မရှိတော့ဘူး... သူက ငါ့ကို ကဗျာတွေ စာပေတွေ အကြောင်း ပိုပြီး သိစေချင်တာ"


ယွီနျန်က တစ်ခုခုကို တွေးမိသွားပြီးနောက် ပန်းညှပ် ကပ်ကြေးကို ချကာ ယွီချင်းကို မေးလိုက်သည်။


 "မမ... အချိန်ဘယ်လောက် ရှိပြီလဲ"


"ခုနစ်နာရီပဲ ရှိသေးတယ်"


ယွီနျန်က အချိန်တွက်ကြည့်လိုက်သည်။ "အစ်ကိုမုန့်က ကျွန်တော့်ကို ဝေ့ပေါ်မှာ စန္ဒယားတီးပြီး သီချင်းဆိုနေတဲ့ ဗီဒီယိုတစ်ပုဒ် တင်ခိုင်းထားတယ်... ကျွန်တော် အခု ရိုက်မလို့... ကင်မရာပေါ်မှာ ပေါ်လာလို့ မဖြစ်ဘူးနော်"


ယွီချင်းက မျက်လုံးပင့်လိုက်သည်။ "အိုး... မုန့်ယွမ်က အိုဟောင်းနေတဲ့ နည်းလမ်းတွေ လုပ်နေတာပဲ... နင်က စန္ဒယားတီးပြီး အိမ်မှာ မိတ်ကပ်မပါ အဝတ်အစားတွေ မပြင်ဆင်ဘဲ သီချင်းဆိုပြတဲ့ ဗီဒီယိုတင်မယ်... ဒါမှ မဟုတ် acappella ဆိုပြမယ်... ဒါက ပြောင်ပြောင်တင်းတင်း ပြောလိုက်သလိုပေါ့... ဒီလောင်ဇီက မျက်နှာလည်းချော ပါရမီလည်း ရှိပြီး သီချင်းလည်း ဆိုနိုင်တယ်... မင်းမှာ စွမ်းရည်ရှိရင် လာဝေဖန်လှည့် ဆိုပြီးတော့ပေါ့"

[T/N acappellaက တူရိယာသံတွေ မပါဘဲ သီဆိုတာပါတဲ့]


ယွီနျန် ရယ်မောလိုက်သည်။ "ဟုတ်ပါ့... မနက်ဖြန်ကျရင် လေ့ကျင့်ရေးအခန်းထဲ အကလေ့ကျင့်နေတဲ့ ဗီဒီယိုရော တင်ဦးမှာတဲ့... အစ်ကိုမုန့် ဘယ်တော့ ရုပ်ရှင်စရိုက်တော့မလဲတောင် မသိတော့ဘူး"


နာရီဝက်ခန့်ကြာသောအခါ ယွီနျန်က ဝေ့ပေါ်တွင် ခုနစ်မိနစ်ကြာ ဗီဒီယိုတစ်ခု တင်ခဲ့သည်။ တစ်မိနစ်အတွင်း ကွန်မန့်ထောင်ချီ ရောက်လာခဲ့လေသည်။


[ငါမကြည့်ရသေးဘူး... ဒါကို အရင်ဆုံး လာစစ်ကြည့်တာ... ဘာပဲဖြစ်ဖြစ် ငါနျန်နျန်လေးက ကြည့်အကောင်းဆုံးပဲ]


[WTF... ငါအကျယ်ကြီး အော်မိသွားပြီ... အနက်ရောင်နဲ့ အဖြူရောင် ခလုတ်ပေါ်က လက်လေးတွေက အနုပညာလက်ရာလေးလား... မိတ်ကပ်မပါဘဲတောင် ဒီလောက် ကြည့်ကောင်းနေတာလား... တီရှပ်လေး ဝတ်ထားရုံနဲ့ ဘာလို့ ဒီလောက် ချောနေနိုင်ရတာလဲ... acappellaကိုတောင် ကောင်းကောင်းဆိုနိုင်သေးတယ်... ဒီလိုမောင်လေးကို ချစ်မိသွားတဲ့အထိ ငါတော်တော်လေး အမြင်ကောင်းတာပဲ]


[ဗီဒီယိုထဲကလူက ငါနဲ့ လက်ထပ်ပြီးသားပါနော်]


[ငါ စိတ်လှုပ်ရှားတာတွေ ဖိနှိပ်ပြီး နားထောင်ပြီးမှ ကွန်းမန့်လာရေးတာပါ... လေချွန်သံလေး... အိပ်ရာပေါ်မှာ ဖုန်းပိုက်ပြီး လှိမ့်မိနေပြီ... အသံက နားထောင်လို့ ကောင်းလွန်းတယ်... နတ်သမီးတစ်ထောင်လောက် အနမ်းခြွေခံထားရတဲ့ အတိုင်းပဲ... အဆိုအရည်အချင်းကလည်း အရမ်းခိုင်ခံ့သေးတယ်... အန်တီကြီးက မင်းကို ချစ်တယ်]


ယွီချင်းက သူ့နောက်မှနေ၍ ကွန်မန့်များကို ပျော်ပျော်ရွှင်ရွှင် ဖတ်နေလေသည်။ "နျန်နျန်ရေ... မမတော့ နင့်ဖန်တွေ rainbow fartတွေကို စာအုပ်တစ်အုပ်ပြီးအောင် ရေးနိုင်မယ်လို့ ထင်တယ်" 


သူမက ကွန်မန့်အချို့ကို ရွေးဖတ်လိုက်သည်။