အပိုင်း ၂၀
Viewers 9k

Chapter 20

ငယ်သူငယ်ချင်း ဆက်ဆံရေးကတော့ မြောင်းထဲ ရောက်သွားရှာပြီ




ယွီချင်းက သူ့နောက်မှနေ၍ ကွန်မန့်များကို ပျော်ပျော်ရွှင်ရွှင် ဖတ်နေလေသည်။ 

"နျန်နျန်ရေ... မမတော့ နင့်ဖန်တွေ rainbow fartတွေကို စာအုပ်တစ်အုပ်ပြီးအောင် ရေးနိုင်မယ်လို့ ထင်တယ်" 


သူမက ကွန်မန့်အချို့ကို ရွေးဖတ်လိုက်သည်။


[ငါ ဗီဒီယိုထောင့်နားက ကျောက်စိမ်းဖျော့ နားရွက်ဖောက်ထားတဲ့ပုံစံ ပန်းအိုးလေးကို တွေ့လိုက်ရတယ်... ရင်းနှီးနေသလိုပဲ]


[ငါရော ငါရော... မြင်လိုက်ရတယ်... ဒါပေမယ့် တုပထားတာပဲ ဖြစ်မှာပါ... အစစ်က ဂဏန်း ခုနစ်လုံးနား ကပ်နေတာ ဘယ်သူမှ ပန်းအိုးထိုးဖို့ သုံးမှာ မဟုတ်ဘူးလေ... ဟုတ်တယ်မလား... ဒါပေမယ့် နျန်နျန်က အမြင်ကောင်းတာပဲ... ဒီပုံစံတောင် တကယ်ကြည့်ကောင်းနေပြီ]


ယွီချင်းက လည်ချောင်းရှင်းဟန်ဆောင်ကာ ဆက်ဖတ်နေသည်။


"ငါတို့ နျန်နျန်လေးက သီချင်းလည်း ရေးတတ်တယ်... ဘေးမှာ လက်ရေးစာမူတွေ တွေ့တယ်... ငါသေသေချာချာ မဖတ်လိုက်ရပေမယ့် နျန်နျန်က အရမ်းတော်တာပဲ"


ယွီနျန်မှာ ကူကယ်ရာမဲ့နေသည်။ "မမ... ဖတ်နေတာကို ရပ်မယ်ဆိုရင် ရှိုးကြည့်နေရင်းစားဖို့ နှင်းသစ်တော်သီးနဲ့ သကြား လုပ်ပေးမယ်"


ယွီချင်း ချက်ချင်း ရပ်လိုက်သည်။ 

"မဖတ်တော့ဘူး... မဖတ်တော့ဘူးနော်... လုပ်ပေးပါ"


ညရှစ်နာရီ အချိန်တွင် ယွီနျန်က နှင်းသစ်တော်သီးသကြားခဲ တစ်ခွက်စီ ကိုင်ထားရင်းဖြင့် တီဗီဖွင့်ကာ ဆိုဖာပေါ်တွင် ယွီချင်းနှင့်အတူ ဝင်ထိုင်လိုက်သည်။ 


ယွီချင်းက စားနေရင်းဖြင့် အရင်က အကြောင်းများ ပြန်လှန်နေသေးသည်။ "အဲ့ဒီအချိန်က ငါသာ နင့်ကို ဖုန်းမခေါ်လာခဲ့ရင် ရှိုးမှာ ပူးတွဲဖျော်ဖြေဖို့ ငါ့ကို ရှာမှာ မဟုတ်ဘူးမလား"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ 

"ဟုတ်တယ်လေ မမက ရိုက်ကူးရေးနဲ့ အလုပ်များနေတာပဲမလား... အဲ့အချိန်တုန်းက ပရိုဂရမ်အဖွဲ့ကို သူတို့ စိတ်ကြိုက် ဖိတ်ခိုင်းလိုက်မလို့" 


ယွီချင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်ကို မြင်သောအခါ သူခပ်လောလော ဝင်ပြောလိုက်သည်။


 "နှင်းသစ်တော်များများစား... ဆောင်းတွင်းအသားခြောက်တဲ့ လက္ခဏာတွေ မပေါ်လာအောင်... ဒေါသမထွက်နဲ့တော့"


ယွီချင်းက ပန်းကန်လုံး အောက်ခြေကို ဇွန်းဖြင့် ခေါက်ကာ အသံများ ပြုနေသည်။ သူမက မေးကို မြင့်မြင့်မော့၍ ပြောလိုက်သည်။ 


"ငါ့အေးဂျင့်က အဲ့မှာ အားလုံး ပြင်ဆင်ထားပြီးသား... ရိုက်ကူးရေးပြီးတာက ကြာလှပြီ... အခုက ငါတည်ရှိနေကြောင်း hot searchမှာ ပြရမဲ့ အချိန်ပဲ... အဲ့ဒီမကောင်းတဲ့သူတွေကို ဒီအစ်မကြီးက ဘာဆိုတာရော ဘယ်သူက ဒီအစ်မကြီးရဲ့ လူဆိုတာရော မြင်အောင် ပြပေးရမှာပေါ့"


တစ်ဖက်တွင် ဟယ်ချိုးပိုင်က ပါဆယ်အစားအသောက်များ ဆွဲကာ ပရိုဂျူဆာနှင့် စကားပြောနေလေသညွ။


"ဒီအပိုင်းမှာ ကြည့်ရှုနှုန်း ဘယ်လောက်ရမယ်ထင်လဲ"


ပရိုဂျူဆာက အလွန်အကောင်းမြင်နေခြင်းတော့ မရှိပေ။ "အိုးရန်ယွီရဲ့ ဖန်တွေက သပိတ်မှောက်ကြမယ်လို့ ပြောထားတာမလား"


ဟယ်ချိုးပိုင်က လက်မခံဟန်ဖြင့် လက်ယမ်းပြလိုက်သည်။ 


"သူ့ဖန်အုပ်က အရမ်းကြီးကျယ်နေပုံပေါ်ပေမယ့် တကယ်က သိပ်မတောင့်တင်းဘူး... လူတွေအများကြီးက ဒါကို သဘောမတူကြဘူး... ပြီးတော့ လူတွေက ဘယ်လို သမာသမတ်ကျတဲ့ နည်းလမ်းတွေ သုံးထားတာလဲ သိချင်နေကြတာလေ... ယွီနျန် ပထမ ရမရကိုရောပဲ... စောင့်ကြည့်လိုက်စမ်းပါ... ငါပြောပြမယ်... ဒီနေ့ ကြည့်ရှုနှုန်းက မိုးလောက်ထိ မြင့်သွားမှာပဲ"


ဤအပိုင်း၏ အဖွင့်ကို ရှုရွှမ်းက စပြီး စီနီယာအစ်မ၏ ဦးဆောင်မှူဖြင့် စတိတ်စင်ကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်သွားခဲ့ပြီး သူမပေါ်လာသည်နှင့် မြင်ကွင်းက ပေါက်ကွဲထွက်သွားလေသည်။


ဟယ်ချိုးပိုင်က နှစ်ကိုပင် မချိုးသေးသော ကြည့်ရှုနှုန်းကို ကြည့်လိုက်သည်။ သူက အလွန် စိတ်ရှည်နေပြီး ပရိုဂျူဆာကိုပါ အတူကြည့်ရန် ခေါ်လိုက်သည်။ 


"မင်း လူအုပ်ကြီးနဲ့ ကွန်မန့်တွေကို သေချာကြည့်ထား... တချို့လူတွေက ယွီနျန် ပေါ်လာဖို့ ဘယ်လောက်ကြာမှာလဲလို့ မေးနေကြပြီ" 


ပရိုဂျူဆာကလည်း စိတ်လှုပ်ရှားလာပြီး မျက်နှာပြင်ကို စိုက်ကြည့်နေသည်။ 


"တကယ်ကြီး ဖြစ်..."


အချိန်ကိုက်မှာပင် သူ့ဘေးမှ ဝန်ထမ်းလေးက ရုတ်တရက် အော်လာခဲ့သည်။ 


"တက်လာပြီ"


ဟယ်ချိုးပိုင်က မျက်လုံးများ မှေးကျဥ်း၍ ရယ်လိုက်လေသည်။


 "ငါပြောပါတယ်... ယွီနျန်နဲ့ ယွီချင်း ပေါ်လာတာနဲ့ ကြည့်ရှုနှုန်းတွေ ပေါက်ကွဲထွက်လာမှာပါလို့"


တလျှောက်လုံး မြင့်တက်လာနေသည့် ဂဏန်းများကို ကြည့်ကာ ပရိုဂျူဆာကလည်း ရယ်မောလိုက်လေသည်။ အဆုံးတွင် မြင့်တက်လာသော ကြည့်ရှုနှုန်းများ အားလုံးမှာ ငွေများသာ ဖြစ်လေသည်။ သူ ရှေ့တိုးကာ မေးလိုက်သည်။


 "လောင်ဟယ် မင်းဘာလို့ ယွီနျန်ကို အရမ်း အကောင်းမြင်နေရတာလဲ"


"အေး... ဒီဟာကို သေချာကြည့်လိုက်... ယွီချင်းရဲ့ အရှိန်အဝါတွေက အမြဲတမ်း လွှမ်းမိုးနေတာချည်းပဲ... သူက လှပပြီး အဖက်မလုပ်တတ်တဲ့ အစ်မကြီးပုံစံ လုပ်ထားတာကို မပြောနဲ့ဦး... နီရဲနေတဲ့ နှုတ်ခမ်းတွေရယ်၊ အနက်ရောင် သားရေ ဂျက်ကက်နဲ့ ဘောင်းဘီ၊ ဒေါက်ဖိနပ်ချွန်နဲ့ဆို စတိတ်စင်ပေါ် ရပ်နေတော့ သူတစ်ယောက်တည်းကိုပဲ အာရုံစိုက်စရာ ဖြစ်သွားတော့တာလေ


ဒါပေမယ့် ယွီနျန်က သူ့ရဲ့ အရှိန်အဝါတွေအောက်မှာ ဖိနှိပ်မခံလိုက်ရဘူး... သူက စတိတ်စင်ပေါ် ရောက်လာတော့ အဖြူရောင်ရှပ်လေးပဲ ဝတ်ထားတာ... ဒါတောင် ယွီချင်းဘေးမှာ သွားရပ်လိုက်တော့ မျက်စိမလွှဲနိုင်တော့ဘူး... သူတစ်ယောက်တည်းနဲ့တောင် လုံလောက်နေပြီ"


နှစ်ယောက်သား စင်ပေါ်သို့ တက်လာလာချင်းမှာပင် မြင်ကွင်းတစ်ခုလုံးက နေရာအနှံ့မှ အော်သံများဖြင့် ဖုံးလွှမ်းသွားလေသည်။ ကြည့်ရှုနေကြသော လူအုပ်ကြီးကလည်း ရူးခါသွားကြပြီး ပိုပြီး သိပ်သည်းလာကြလေသည်။


[ယွီချင်း ပေါ်လာပြီဟေ့... ဒီအရှိန်အဝါအောက်မှာ လဲချပြီး ဂုဏ်ပြုလိုက်ကြ]


[ယွီနျန်၏ အိုင်းလိုင်နာနဲ့ မျက်ရည်ခံမှဲ့လေးက အရမ်း စွဲဆောင်မှု ရှိတာပဲ... အား.... လူတွေ နားမလည်ပါးမလည်နဲ့ ဆွဲဆောင်ခံလိုက်ရပြီ... ငါနှာခေါင်းသွေးလျှံနေတာ မရပ်တော့ဘူး]


[ဒီဘုရင်မကြီးနဲ့ မင်းသားလေးက ဘယ်ကရောက်လာတာပါလိမ့်... ဒီနှစ်ယောက်ရဲ့ ပုံစံက အရမ်းပြောင်မြောက်နေတာပဲ... ဘယ်လောက်တောင် အံ့သြဖွယ်ရာ ကောင်းလိုက်တဲ့ တွဲစပ်မှုလဲကွာ]


[ဟားဟားဟား... ငါ့ရဲ့ စိတ်ကူးတွေ မှားနေတာလား... နျန်နျန်နဲ့ ချင်ကျဲတို့က နှာခေါင်းပုံစံ အတူတူပဲနော်... နှစ်ယောက်လုံး ကြည့်ကောင်းနေကြတာ]


နှစ်ယောက်သား ဖျော်ဖြေနေစဥ်မှပင် #ယွီချင်းယွီနျန်# ဟူသော ခေါင်းစဥ်က တစ်ခါတည်းဖြင့် နံပါတ်ငါးနေရာသို့ ရောက်ရှိသွားပြီး #ယွီချင်းသဘာဝရဲ့သံစဥ်#နှင့် #ယွီနျန်သမာသမတ်မကျတဲ့အပေးအယူများ# ကလည်း ထိပ်တန်းဆယ်နေရာသို့ ရောက်ရှိလာလေသည်။ ဖျော်ဖြေမှု ပြီးသွားသောအခါ အိုးရန်ယွီ၏ ခေါင်းစဥ်ကလည်း နံပါတ်လေးနေရာ ရောက်ရှိလာလေသည်။ လေတိုက်ခတ်ရာ လမ်းကြောင်း သို့မဟုတ် စွပ်စွဲသည့် မှတ်ချက်များလည်း ယူလာရန် မလိုအပ်ဘဲ အင်တာနက်တစ်ခွင်မှ ကွန်မန့်များကလည်း လုံးလုံးလျားလျားပင် တစ်ဖက်တည်းသို့ ရောက်ရှိသွားလေတော့သည်။ 


[#ယွီနျန်သမာသမတ်မကျတဲ့အပေးအယူများ# အမ်း... ရိုးရိုးသားသား ပြောရရင် အိုးရန်ယွီ အထုတ်ခံရတာ မမှားဘူးနော်... တကယ်လို့သာ အိုးရန်ယွီကို ယွီချင်းနဲ့ တွဲပေးလိုက်ရင် တစ်ချိန်လုံး သူ့ကို တွေ့ရတော့မှာတောင် မဟုတ်ဘူး... အပြုအမူကောင်းရော၊ အရှိန်အဝါရော၊ ဒီလိုကိစ္စမျိုးတွေက တကယ်တည်ရှိတယ်ဟ... သူ့မှာ ရှိမနေတာတော့ ဆိုးတာပဲ]


[ငါလူး... ငါက ရှင်းရှင်းလင်းလင်းကို သမာသမတ်မကျတဲ့ အပေးအယူဆိုတာ ဘာမှန်း သိချင်လို့ ရောက်လာတာလေ... ဒါပေမယ့် နျန်နျန်ကို တွေ့တာနဲ့ အော်မိသွားတယ်... ဘာလို့ ဒီလောက် မိုက်နေရတာလဲ... အား... ငါမိုင်းတွင်းနက်နက်တစ်တွင်းထဲ ကျသွားပြီ]


[# ယွီချင်းယွီနျန်# စတိတ်စင်တစ်ခုတည်းမှာတောင် ယွီနျန်လို လူသစ်လေးတစ်ယောက်က ယွီချင်းရဲ့ အရှိန်အဝါကို တကယ်ကြီး ချေဖျက်နိုင်တာပဲ... အရင်က သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေမှုကို ကြည့်မိတုန်းက မတွေ့မိဘူးနော်]


[ရိုးရိုးသားသား ပြောရရင် ပရိုဂရမ် အသင်းကသာ အိုးရန်ယွီကို ပထမနေရာ ပေးလိုက်ရင် မဟုတ်သေးဘူး... ထိပ်ဆုံး သုံးနေရာကို ပေးလိုက်ရင် သမာသမတ်မကျတဲ့ ဇာတ်လမ်းတွေ ဖြစ်လာမှာပဲ]


ယွီချင်းက သူမ၏ ပုံရိပ်ကို အမှုထားဘဲ ဆိုဖာပေါ်တွင် ဖုန်းကိုင်ထားရင်းဖြင့် လူသေလို လဲလျောင်းနေလေသည်။ သူမက ရယ်မောရင်းဖြင့် ပြောလိုက်သည်။


 "ဟားဟားဟား... ဒီလူတွေက အရမ်း ရယ်ရတာပဲ... အိုးရန်ယွီ မြင်ရင် သေးပါပေါက်ချမိမလားပဲ"


သူမက ဖုန်းကို ပစ်လွှင်ွလိုက်ပြီး နှလုံးသားထဲတွင် သယ်ဆောင်ထားရသည့် ဒေါသများ ပြေလျော့သွားလေသည်။ 


"ငါတို့ စင်တစ်ခုတည်းမှာ ဖျော်ဖြေခဲ့ရတဲ့ ပထမဆုံး အကြိမ်ပဲနော်... ပြီးတော့ နင်က တော်တော်လေး မိုက်တဲ့ နည်းလမ်းနဲ့ ပရိုမိုးရှင်း လုပ်ခံလိုက်ရသေးတယ်... အောင်ပွဲခံဖို့ ထိုက်တန်တယ်... သွားရအောင်... နင့်မမက နင့်ကို အစားကောင်းအသောက်ကောင်းတွေ စားဖို့ ခေါ်သွားပေးမယ်" 


သူတို့နှစ်ယောက်လုံးက များများစားစား တွေးပူနေကြခြင်း မရှိဘဲ ရှိုးပြီးသည်နှင့် တံခါးကို တန်း၍ ထွက်လာခဲ့ကြသည်။ ယွီချင်းက ကားမောင်းနေပြီး ယွီနျန်ကို မေးလိုက်သည်။ 


"ဘာစားချင်လဲ... ငါ ဒီနေ့ နင့်ကို ဝယ်ကျွေးမယ်"


ယွီနျန်က လုံခြုံရေး ခါးပတ်ကို ပတ်နေသည်။


 "ဦးလေးရှန်းက ဟိုဘက်နားက သီးသန့်စားသောက်ဆိုင်တစ်ခုမှာ ချက်ပေးနေတယ်... သွားကြည့်ကြမလား"


"ကောင်းပြီလေ... ဘယ်လောက်တောင် ရှိနေပြီလဲ... ဦးလေးရှန်းရဲ့ ဟင်းပွဲတွေ မစားရတာ နှစ်တွေ ကြာနေပြီ"


ညအချိန်၌ လမ်းပေါ်တွင် ကားသိပ်မကြပ်ပေ။ ကားက မြို့အနောက်ဘက်သို့ တလျှောက်လုံး မောင်းနှင်လာခဲ့သည်။ စီနျင်းအိမ်တော်ကို ဖြတ်သွားသောအခါ ယွီချင်းက အရှိန်လျှော့၍ မေးလိုက်သည်။


 "ဘာလို့ အိမ်မှာ မနေတော့တာလဲ"


ယွီနျန်က မီးရောင်မှိန်မှိန်အောက်မှ အိမ်အိုကြီး၏ အရိပ်ကို ကြည့်ကာ အပြုံးတို့က အနည်းငယ် မှိန်ဖျော့သွားလေသည်။ 


"ဒီနေရာနဲ့ ဝေးလွန်းတယ်... ကားလမ်းပိတ်ရင် မြို့လယ်ကို နှစ်နာရီနဲ့တောင် မရောက်နိုင်ဘူး"


ယွီချင်းကလည်း ပုံမှန်အတိုင်းသာ ပြုံးနေသည်။ သူ့အမူအယာကို ကြည့်လိုက်ပြီးနောက် အိမ်အိုကြီးတွင် နေစဥ်က သူ့အဘိုးအဘွားများအား လွမ်းဆွတ်နေမိခြင်းကြောင့် ဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။ သူမက ထိုအကြောင်းတွေးရင်း စိတ်မကောင်း ဖြစ်လာသဖြင့် စကားစတစ်ခု ဆွဲထုတ်လာခဲ့သည်။ 


"အဟုတ်ပဲ.. နင့်အိမ်လေးက ကောင်းကောင်း ထိန်းသိမ်းခံထားရတာ... လသာဆောင်မှာ ကြက်သွန်မြိတ်အိုးလေးတောင် တွေ့လိုက်သေးတယ်... စားကောင်းမဲ့ပုံလေးပဲ"


ကားက သီးသန့်စားသောက်ဆိုင်လေး၏ တံခါးဝကို ဝင်လာသောအခါ ယွီချင်းက စတီယာရင်ကို ရိုက်ချလိုက်သည်။ 


"နင်အရင်သွား... နျန်နျန်... ဒီနေရာမှာ ပါကင်ထိုးမဲ့နေရာ မရှိဘူး... ငါရှေ့နည်းနည်းတိုးပြီး ထိုးလိုက်ဦးမယ်" 


ယွီနျန်က စိုးရိမ်နေလေသည်။


 "ကျွန်တော်လည်း လိုက်ခဲ့ပေးမယ်လေ"


ယွီချင်း နှာမှုတ်လိုက်လေသည်။


 "မပူပါနဲ့.. နင့်အစ်မက ကိုယ်ခံပညာရော၊ လက်ဝှေ့ရော၊ တိုက်ကွမ်ဒိုရော တတ်ထားပြီးသား... ငါကို လုရဲတဲ့သူကတော့ ကံဆိုးမှာပဲ"


မြို့အနောက်ဘက်မှ ဤနေရာက အဆောက်အဦးအိုများနှင့် ပြည့်နေပြီး ကြွားဝါခြင်း နည်းကာ ပို၍သန့်ရှင်းပေသည်။ ယွီနျန်က လမ်းတလျှောက် လျှောက်လာနေပြီး နှင်းဆီပွင့်ချပ်များ ပြည့်နေသည့်နေရာကို ဖြတ်လာသောအခါ နောက်ဆုံးတစ်ခေါက်က ဤနေရာတွင် ရွှယ်ယုံနှင့် တွေ့ခဲ့ဖူးသည့်ကိစ္စကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။ သူက မြေပေါ်မှ ပွင့်ဖတ်လေးတစ်ခုကို ကောက်ယူလိုက်ပြီး အထဲသို့ ဆက်ဝင်သွားခဲ့လေသည်။


မလာခင်က ကြိုတင်အကြောင်းထားပြီးသား ဖြစ်၍ ယွီနျန် အခန်းငယ်ထဲသို့ ရောက်မလာခင်မှာပင် ရှန်းဝေ့က တံထားခုံးလေး၏ အစွန်းတွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။


ယွီနျန်က ခြေလှမ်းကို အရှိန်တင်လိုက်သည်။


 "ဦးလေးရှန်း... မင်္ဂလာ ညနေခင်းပါ"


သူငယ်စဥ်ကလိုပင် ရှန်းဝေ့က ကြင်နာတတ်သော အပြုံးလေးတစ်ခုဖြင့် ဆေးထားပြီးသား ခရမ်းချဥ်သီးလေးများကို ကမ်းပေးလာခဲ့သည်။


 "သခင်မလေးယွီချင်းရော မပါဘူးလား"


ယွီနျန်က ခရမ်းချဥ်သီးလေးများကို ကိုက်စားလိုက်ပြီး ပြုံးလျက် ပြန်ဖြေသည်။ 


"အတူတူလာတာပါ... သူက ပါကင်သွားထိုးနေတယ်... ဦးလေး ချက်တဲ့ဟင်းတွေ သူ မစားရတာ ကြာပြီလို့ ပြောနေတယ်"


ရှန်းဝေ့ ပြုံးပြလိုက်သည်။ 

"ဒီနေ့ ဘာစားချင်လဲ သခင်လေး... ဦးလေးရှန်း ချက်ပေးမယ်လေ"


ယွီနျန်က ရှုပ်ထွေးချင်ယောင်ဆောင်လိုက်သည်။ "ကျွန်တော် မစဥ်းစားတတ်တော့ဘူး... အားလုံးက စားကောင်းနေတာ... ဦးလေးရှန်း... ချက်ချင်တာသာ ချက်ပါ"


ရှန်းဝေ့က ပျော်ရွှင်သွားလေသည်။

 "ကောင်းပြီ အရင်ဆုံး စိတ်ရှည်ထားလိုက်ဦး... ခဏစောင့်နော်"


ရှန်းဝေ့ ထွက်သွားသောအခါ ယွီနျန်က ခရမ်းချဥ်သီး စားရင်း လျှောက်လာနေသည်။ "လရိပ်" ဟုခေါ်သည့် အခန်းငယ်လေးကို ဖြတ်သွားသောအခါ တံခါးက အထဲမှနေ၍ ရုတ်တရက် တွန်းဖွင့်လာခဲ့လေသည်။


တစ်ဖက်လူကို မြင်သောအခါ ယွီနျန်က ပထမဆုံး တုံ့ပြန်လိုက်နိုင်သူ ဖြစ်သည်။ "ဟယ်လို... မစ္စတာချူ"


ချူရှောင်းရင်က မျက်တောင်များ တဖျတ်ဖျတ် ခတ်လိုက်ပြီးနောက် ထင်ယောင်ထင်မှား ဖြစ်မနေကြောင်း နားလည်သွားပါမှ ပါးစပ်ဖွင့်ကာ အော်လိုက်သည်။ 


"ရှောင်ရွှယ်ယုံရေ... မင်းမိသားစု နျန်... အာ... မင်းလာခဲ့" 


ချူရှောင်းရန်က သူ့နှလုံးသားထဲတွင် ပြောနေခဲ့သည်။ ရွှယ်ရှောင်းရန်က ငါ့ကို အရမ်းလောဘကြီးပြီး ဒီနေရာကို စားဖို့ တလျှောက်လုံး ပြေးလာလို့ ရှိုးကြည့်ဖို့ အနှောက်အယှက် ဖြစ်တယ် ပြောနေတာ... ရှိုးက ဘာကောင်းလို့လဲ... လူအစစ်ကြီး ရှိနေတာကို...


ရွှယ်ယုံက ယွီနျန်၏ အသံလေးကို ကြားသောအခါ တံခါးအနားသို့ ခြေလှမ်း အနည်းငယ် လှမ်း၍ ရောက်လာခဲ့သည်။ သူက တံခါး အပြင်ဘက်တွင် ရပ်ကာ ပြုံးနေဆဲ ဖြစ်သော ယွီနျန်ကို တွေ့လိုက်ရသည်။


 "ယွီနျန်"


ယွီနျန် အံ့အားသင့်သွားလေသည်။ "ရွှယ်ယုံလား" သူ သဘောပေါက်သွားပြီးနောက် ပြုံးလျက် မေးလိုက်သည်။


 "ညစာလာစားတာလား"


ချူရှောင်းရန်က ရွှယ်ယုံကို မိနစ်ဝက်လောက်ထိ ကြည့်လိုက်သော်လည်း သူဘာကိုမှ ပြောမလာသည်ကို တွေ့လိုက်ရသည်။ 


"ဟုတ်တယ်... ဒီက အစားအသောက်တွေက အရမ်းကောင်းတယ်လေ" သူ ထပ်ပြီး ရယ်လိုက်ပြန်သည်။

 "ပထမနေရာ ထပ်ရလို့ ဂုဏ်ပြုပါတယ်"


ပြောပြီးနောက် သူ့နောက်တွင် ရပ်နေသည့် ရွှယ်ယုံ၏ အင်္ကျီလက်ကို တိတ်တဆိတ် ဆွဲလိုက်သေးသည်။ 


ရွှယ်ယုံကလည်း ပြောလိုက်သည်။ 


"ဂုဏ်ပြုပါတယ်"


ချူရှောင်းရန်မှာ စိတ်သောကရောက်နေရသည်။ ဤအချိန်၌ ကောင်းကောင်း လုပ်ဆောင်သင့်သည်မှာ အသိသာချည်းသာ ဖြစ်ပြီး ယွီနျန်ကို ချီးကျူးကာ သူက အရည်အချင်း အပြည့်ရှိပြီး အလွန် တန်ဖိုးရှိကြောင်း ပြောသင့်ပေသည်။ အဆုံးတွင် ရွှယ်ယုံက စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။ စကားတစ်ခွန်းလောက်က မင်းရဲ့ ဘဝတစ်ဝက်လောက်ထိ ယူရမှာမို့လို့လားကွာ...


"ကျေးဇူးတင်ပါတယ် " ယွီနျန်က ရွှယ်ယုံကို ကြည့်ကာ နှုတ်ခမ်းစွန်းလေးများ တွန့်ကွေးသွားလေသည်။ 


"အရင်တစ်ခေါက်က အဆာသွပ်မုန့်ကို အရမ်းကြိုက်တယ်... မင်ရှီပြောတာ အခု ဝယ်ရခက်သွားပြီဆို... ဒါဆို ခင်ဗျားလည်း ဒုက္ခများသွားမှာပဲ"


မင်ရှီ... ရှားမင်ရှီလား


"မင်းကြိုက်ရင် နောက်တစ်ခါ ထပ်ဝယ်ကျွေးမယ်လေ"


ရွှယ်ယုံ၏ အသံအနေအထားက ပုံမှန်အတိုင်း အေးစက်နေဆဲသာ ဖြစ်သော်လည်း ချူရှောင်းရန်က ရွှယ်ယုံနှင့် အတူကြီးပြင်းခဲ့သူ ဖြစ်၍ သူတို့ထက်ပို ရင်းနှီးမည့်သူ မရှိနိုင်တော့။ ထိုစကားများကို ကြားသောအခါ ထိတ်လန့်သွားလေသည်။ သောက်ကျိုးနဲ... ဒီလောက် ငြင်သာနေတာ... ကိတ်မုန့်တွေကို ရည်ရွယ်ချက်ရှိရှိ သွားဝယ်ခဲ့တာလား...


ဒိုင်ဘာသူငယ်ချင်းဆက်ဆံရေးကတော့ မြောင်းထဲရောက်သွားပြီ ဆိုတာ သူသိလိုက်ရပြီ...

(T/N ဒိုင်ဘာဝတ်တဲ့ အရွယ်ကတည်းက ခင်လာတဲ့ သူငယ်ချင်း ဆက်ဆံရေး)


ထိုအခိုက်မှာပင် အဝေးတစ်နေရာမှ ကြမ်းပေါ်သို့ ဒေါက်ဖိနပ်နင်းလာသည့်အသံ ထွက်လာပြီးနောက် ယွီချင်း၏ ပွစိပွစိအသံများကို ကြားလိုက်ရသည်။


 "နျန်နျန်... အပြင်ဘက်မှာ ပါကင်ထိုးရတာ တကယ်ခက်တာပဲ... ဟဲ့... အသိနဲ့ တွေ့နေလို့လား"