အပိုင်း ၂၁
Viewers 14k

Chapter 21

 ဒါကျွန်တော့ရဲ့ ဖုန်းနံပါတ်



ယွီချင်းက အနက်ရောင် ဒေါက်မြင့်ဖိနပ်ကို တခွပ်ခွပ် နင်းကာ အနားသို့ နီးကပ်လာသည်။ ယွီနျန်နှင့် စကားပြောနေသူကို တွေ့လိုက်ရသောအခါ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် သင်တင့်လျောက်ပတ်သည့် အပြုံးလေးတစ်ခုဖြင့် သူတို့ကို ချက်ချင်း နှုတ်ဆက်လိုက်သည်။


 "မစ္စတာရွှယ်... မစ္စတာချူ တိုက်ဆိုင်လိုက်တာ"


ချူရှောင်းရန်၏ နှလုံးသား ခုန်လှုပ်သွားပြီး ရွှယ်ယုံ၏ မျက်နှာအမူအယာကို မကြည့်မိအောင် ထိန်းထားလိုက်ရသည်။ သူ အသက်ရှုသံကို ထိန်းကာ မဝံ့မရဲ မေးလိုက်သည်။ 


"မင်းတို့... အတူတူ လာစားကြတာလား"


သူက မေးနေရင်းမှ အခြားသူများလည်း ပါပါစေဟု ဆုတောင်းနေရသေးသည်။ သူငယ်ချင်းများနှင့် ညစာ အတူလာစားသည်ဟု ဆုတောင်းမိသည်။ ပရိုဂရမ် အဖွဲ့က အောင်ပွဲခံကြသည်ဟူ၍လည်း ဆုတောင်းမိသေးသည်။ သို့သော်လည်း ကောင်းကင်ပေါ်မှ နတ်ဘုရားနှင့် ဗုဒ္ဓတို့က သူ့ကို လစ်လျုရှုထားကြသည်ထင် ယွီချင်း ပြန်ဖြေသောစကားကို ကြားလိုက်ရသည်။


 "ဟုတ်တယ်.. နျန်နျန် ပထမရလို့ လာစားကြတာလေ... တိုက်တိုက်ဆိုင်ဆိုင် တွေ့ရမယ်လို့ မထင်ထားဘူး"


သူမက ယွီနျန်ဘေးတွင် ကပ်ရပ်နေပြီး အသံအနေအထားအရ ဖြစ်စေ အမူအယာတို့က ဖြစ်စေ ရင်းနှီးကျွမ်းဝင်နေသည့် ခံစားချက်ရနေသည်။ 


ချူရှောင်းရန်က ရွှယ်ယုံဘက်မှ ဖြန့်ကျက်လာနေသည့် လေထုအေးကို ခံစားမိနေပြီး သူ့ကို တုန်ယင်သွားစေသည်။ နှစ်စက္ကန့်မျှ ရုန်းကန်လိုက်ရပြီးနောက် ချူရှောင်းရန်က ပါးစပ်ဖွင့်ကာ ဖိတ်ခေါ်လိုက်ရသည်။


 "တခြားသူတွေလည်း မပါတော့ အတူတူ စားကြရင်ရော... မင်းတို့လည်း နှစ်ယောက် ငါတို့လည်း နှစ်ယောက်ဆိုတော့ အတူတူစားရင် ပိုအသက်ဝင်နေမှာပဲ"


ယွီချင်းက ချူရှောင်းရန် သူ့ကို စီမံခန့်ခွဲပေးခြင်း မရှိသော်လည်း လတ်တလောတွင် ယွီနျန်၏ သူဌေး ဖြစ်နေသေးသည်။ ရွှယ်ယုံကိုတော့ ပြောစရာပင်မလို... လူများစွာက သူနှင့်အတူ ထမင်းတစ်နပ်စားရရန်အတွက် တန်စီနေကြသော်လည်း အခွင့်အရေးပင် မရကြသူများလည်း ရှိနေသေးပေသည်။ ယနေ့တွင် အရေးကြီး ကိစ္စများလည်း မရှိဘဲ သူတို့နှင့်အတူ ထမင်းတစ်နပ်လောက် စားပြီး စကားပြောရသည်က ယွီနျန်အတွက် မကောင်းသည့် အခြေအနေမျိုး မဟုတ်ပေ။ 


သို့သော်လည်း သူမက ဆုံးဖြတ်ချက် တန်းမချဘဲ ယွီနျန်ကို မေးမြန်းဟန်ဖြင့် ကြည့်လိုက်သည်။


ယွီနျန်က ယွီချင်း ကြည့်လာသည်ကို တွေ့သောအခါ အပြုံးလေးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။


 "ဟုတ်... ရပါတယ်... ဒါဆို ဒုက္ခများစေပြီ"


ချူရှောင်းရန်က တစ်စုံတစ်ခုကို အသိစိတ်ရှိရှိ ဆောင်ရွက်လိုက်နိုင်သဖြင့် စိတ်ကောင်းဝင်နေလေသည်။ 


"ဒုက္ခမများပါဘူး... လူများတော့ ပိုပြီး အသက်ဝင်တာပေါ့"


လူလေးယောက်က အလွန်ကျယ်ဝန်းလှသော အခန်းငယ်လေးအတွင်းသို့ ဝင်လာခဲ့ကြသည်။ ရွှယ်ယုံတို့က အခုမှ ရောက်လာပြီး မှာထားကာစ ဖြစ်၍ ဟင်းများကို လာမချပေးသေးပေ။ 


ထိုင်ပြီးနောက် ယွီချင်းက ရေနွေးအိုးကို ကောက်ကိုင်ကာ ရေနွေးတစ်ခွက် ခပ်လိုက်ပြီး အလေ့အကျင့်အတိုင်း ယွီနျန်ကို ကမ်းပေးလိုက်ပြီး တီးတိုးပြောလိုက်သည်။


 "သတိထား... ပူနေသေးတယ်"


ချူရှောင်းရန်က သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့ပြီး ရှေ့မှ မြင်ကွင်းကို ကြည့်ကာ သွားများ နာကျင်လာရလေသည်။


သူက ဤလောကထဲမှ ဖြစ်၍ ယွီချင်းကို သိနေသည်။ သူမ၏ နောက်ခံက မရှင်းလင်းသော်လည်း သူမက သန်မာသော စိတ်နေစိတ်ထား ရှိပြီး ဒေါသထွက်လွယ်သူ ဖြစ်သည်။ ယခင်က သူမတွင် ချစ်သူကောင်လေး တစ်ယောက် ရှိခဲ့ဖူးသော်လည်း တစ်ဖက်လူက သူမကို ဖောက်ပြန်နေကြောင်း သိလိုက်ရသည့်အချိန်တွင် ထိုသူ၏ ခြေထောက်များကို ရိုက်ချိုးခဲ့ကြောင်း ကြားခဲ့ရဖူးသည်။


ထိုမျှလောက် ထက်မြက်လွန်းသည့် အမျိုးသမီးက ယွီနျန်းကို ငြင်ငြင်သာသာဖြင့် ရေနွေးငှဲ့ပေးနေပြီး အပူမလောင်ရန်အတွက် သတိထားရန် ပြောနေလိုက်သေးသည်။ 


အကြည့်တစ်ချက်နဲ့တင် ပြဿနာရှိနေပြီ...


သူ အခုလေးတင် ချခဲ့သည့် ဆုံးဖြတ်ချက်ကို ရုတ်တရက် နောင်တရမိသွားလေသည်။ သူ့ညီအစ်ကို၏ နှလုံးသားကို ဓါးဖြင့် ထိုးမိနေသကဲ့သို့ သူ ခံစားနေရသည်။ 


သို့သော်လည်း ချူရှောင်းရန်မှာ ငြိမ်ငြိမ် မနေနိုင်အားဘဲ စကားစရှာရန် အတော်လေး ကြိုးစားလိုက်ရသည်။


 "ခုနကပဲ မင်းတို့ အတူ ဖျော်ဖြေနေတာ တွေ့ခဲ့တယ်... မင်းတို့က တော်တော်လေး အပေးအယူမျှသားပဲ... မျက်လုံးပါတဲ့ လူတိုင်း ဘယ်သူက ပထမနေရာနဲ့ ထိုက်တန်လဲ သိနိုင်တယ်"


ယွီချင်းမှာ ချီးကျူးမှုကြောင့် အလွန် ပျော်ရွှင်နေခဲ့သည်။ သူမက ဆံပင်လေးများကို လိမ်ကာ တောက်တောက်ပပပြုံးနေခဲ့သည်။ 


"ဟုတ်တယ်... ကျွန်မလည်း ကရင်းနဲ့ အရမ်းပျော်ခဲ့ရတယ်... မစ္စတာချူလည်း ဒီရှိုးကို ကြည့်တာပဲလား"


"အပိုင်းအားလုံးနီးပါး ကြည့်ဖြစ်တယ်လေ" သူ ရွှယ်ယုံကို ခပ်တောင့်တောင့် အကြည့်တစ်ချက် ပေးလိုက်သည်။ "ယွီနျန်ရဲ့ ဖျော်ဖြေမှုတိုင်းက အရမ်းကြည့်ကောင်းတာလေ... မုန့်ယွမ်တော့ ဒီတစ်ခေါက် ရတနာ ရှာတွေ့သွားတာပဲဗျ"


ချူရှောင်းရန်က စပ်စုလိုဟန်ဆောင်လိုက်သည်။ "မင်းတို့နှစ်ယောက်က အရင်ကတည်းက အသိတွေပဲ ဖြစ်ရမယ်"


ယွီချင်း ပြုံးလိုက်သည်။ 

"ဟုတ်... ကျွန်မတို့ ငယ်ငယ်ကတည်းက သိခဲ့ကြတာ"


ချူရှောင်းရန်က ရွှယ်ယုံကို မကြည့်မိဘဲ မနေနိုင်တော့... သွားပြီ ညီအစ်ကိုရေ... သူတို့က ငယ်ချစ်ဦးတွေပဲကွ...


ထိုအခိုက်မှာပင် မှာထားသော အစားအသောက်များ ရောက်ရှိလာသည်။ ရွှယ်ယုံ၏ မျက်လုံးများက ကြာပွင့်ကိတ်အပေါ်တွင် ကျရောက်သွားပြီး ယွီနျန်ရှေ့တွင် တိတ်တဆိတ် ထားပေးလိုက်သည်။ 


ယွီနျန်၏ တူများ တုံ့သွားလေပြီး မျက်လုံးလေးများ ကွေးညွှတ်သွားသည်အထိ ရွှယ်ယုံကို ပြုံးပြလိုက်သည်။ 


ဤကြာပွင့်ကိတ်မှာ ယခင်က ဦးလေးရှန်း လုပ်ပေးခဲ့ဖူးသော အစားအစာ ဖြစ်ပြီး သူအမြဲတမ်း ၎င်းကို စားရမည်ကို အလွန် နှစ်သက်ခဲ့ဖူးသည်။ ဒါပေမယ့် ရွှယ်ယုံ ဘယ်လို သိသွားပါလိမ့်... နောက်ဆုံး အစမ်းလေ့ကျင့်စဥ်က သူ့ကို ပေးခဲ့ဖူးသည့် အဆာသွပ်မုန့်များကလည်း သူ့အကြိုက်များသာ ဖြစ်နေခဲ့သည်။


တိုက်ဆိုင်တာပဲ ဖြစ်နေမလား...


ယွီချင်းနှင့် ချူရှောင်းရန်တို့က အမျိုးမျိုးသော ပွဲအခမ်းအနားများတွင် အကြိမ်များစွာ တွေ့ဖူးကြသဖြင့် နှစ်ယောက်လုံးက ပေါင်းသင်းဆက်ဆံရေး၌ ဆရာကြီးများ ဖြစ်ကြကာ ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်ကြသည်။ ယွီနျန်က စားသောက်နေစဥ် စကားမပြောတတ်ဘဲ အချိန်ကျလျှင် စကားတစ်ခွန်း နှစ်ခွန်းသာ ဝင်ပြောလေ့ရှိသည်။ ရွှယ်ယုံတစ်ယောက်တည်းကသာ တစ်ချိန်လုံး တိတ်တဆိတ် စားသောက်နေပြီး စကားဝင်ပြောခဲပေသည်။


နောက်ထပ် နာရီဝက်အကြာ ယွီနျန်၏ ဟင်းပွဲများလည်း တည်ခင်းပြီးသွားလေပြီ။


ယွီနျန်က အပြာနှင့်အဖြူ ပန်းကန်လုံးလေးကို ယူကာ ယွီချင်းကို စွပ်ပြုတ်တစ်ပန်းကန် ပေးလိုက်သည်။ "လမ်းပေါ်မှာတုန်းက ဒီစွပ်ပြုတ်အကြောင်း ပြောနေခဲ့တာမလား"


ယွီချင်းက ပန်းကန်လုံးလေးကို လက်နှစ်ဖက်ဖြင့် ယူကာ အားရကျေနပ်စွာဖြင့် တစ်ဇွန်းခပ်သောက်လိုက်သည်။ "ဟုတ်ပါ့... ဟုတ်ပါ့... ဟုတ်ပါ့... ဒီအရသာလေးပဲ... ငါ အရသာ မခံရတာ ကြာလှပြီ"


ချူရှောင်းရန်မှာ ယခု ရွှယ်ယုံ၏ ခန္ဓါကိုယ်ကို pHစစ်ဆေးသည့် စက္ကူဖြင့် ပတ်လိုက်ပါက အရောင်မှာ သေချာပေါက် အနီရောင်ရင့်ရင့် ပြောင်းသွားပေလောက်မည်ဟု ခန့်မှန်းလိုက်သည်။ တအားကို ချဥ်နေပြီဟ...

[T/N pH level စစ်ဆေးတဲ့ စက္ကူက အရည်ရဲ့ pH levelပေါ် မူတည်ပြီး 0ကနေ 14ထိရှိပြီး အရောင်တွေ ကွဲသွားပါတယ်... 0က အက်စစ်ဓါတ်အမြင့်ဆုံးဖြစ်ပြီး အနီရောင်ပါ 14ကတော့ အယ်ကာလိုင်းဓါတ်အမြင့်ဆုံးပါတဲ့... ဆိုတော့ အရမ်းချဥ်နေပြီ... အချဥ်ဆုံး level ရောက်နေပါပြီပေါ့... ရှာလကာရည်သောက်နေတယ်ဆိုတဲ့ ဗန်းစကားနဲ့ အတူတူပါပဲ]


ထိုအခိုက်မှာပင် စားပွဲထက်မှ ယွီနျန်၏ ဖုန်း မြည်လာပြီး ဖုန်းမျက်နှာပြင် လင်းလာကာ "ရှားမင်ရှီ" ဟူသော အမည်ကို ဖော်ပြနေသည်။ 


သူက တောင်းပန်လိုဟန်ဖြင့် ပြောလိုက်သည်။ "ဖုန်းပြောဖို့ အပြင်ခဏ ထွက်လိုက်ဦးမယ်"


ယွီနျန်က တံခါးဖွင့်၍ အပြင်ထွက်သွားပြီး အချိန်နှင့်အမျှပင် အသံတိုးဖျဖျလေး တစ်ခု ရောက်ရောက်လာတတ်သည်။


"ဟုတ်လား... တွေ့ပြီးပြီ... တကယ်လား... အင်းအင်း ကျေးဇူးပဲ မင်ရှီ"


ရွှယ်ယုံမှာ သူ့ပါးစပ်ထဲမှ အစားအစာများ အရသာပျောက်သွားသလို ခံစားလိုက်ရသဖြင့်တူကို ပြန်ချထားလိုက်သည်။


ချူရှောင်းရန်က ယွီချင်းနှင့် ပျော်ပျော်ပါးပါး စကားပြောနေပြီး ရွှယ်ယုံ တူများ ပြန်ချလိုက်သည်ကို တွေ့သောအခါ မေးလိုက်မိသည်။


 "အရသာ မတွေ့ဘူးလား"


ရွှယ်ယုံ ခေါင်းခါ ပြလိုက်လေသည်။


ချူရှောင်းရန်က ယွီနျန်၏ ဖုန်းမျက်နှာပြင်ထက်၌ ပေါ်ထွက်လာသည့် ပေါ်ထွက်လာသော နာမည်ကို သတိရသွားသဖြင့် သူစိတ်မကြည် ဖြစ်နေသည်ဟု တွေးလိုက်မိသည်။ သူ လက်လှမ်းကာ ရွှယ်ယုံ၏ ပုခုံးကို ပုတ်ပေးလိုက်ပြီး နှလုံးသားထဲမှ သက်ပြင်းချမိသွားလေသည်။ အိုး... သနားစရာကောင်းလိုက်တဲ့ ငါ့ရဲ့ ညီအစ်ကိုရေ...


စားသောက်ပြီးသွားသောအခါ နှစ်ဖက်လုံးက နှုတ်ဆက်စကားဆိုကာ ထွက်လာခဲ့ကြသည်။ မထွက်လာခင် ချူရှောင်းရန်က ပါးနပ်စွာဖြင့် ယွီချင်းနှင့် ယွီနျန်ကို လုပ်ငန်းကဒ်လေးများ ပေးလိုက်ပြီးနောက် ရွှယ်ယုံ၏ အင်္ကျီစကို တိတ်တိတ်လေး ဆွဲလိုက်သေးသည်။ ထိုမှသာ သူ၏ လုပ်ငန်းကဒ်များကိုလည်း အောင်အောင်မြင်မြင် ဆွဲထုတ်နိုင်ခဲ့လေတော့သည်။ 


ရွှယ်ယုံတစ်ယောက် ယွီနျန် ထွက်သွားရာဘက်သို့ ကြည့်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသောအခါ ချူရှောင်းရန် လေချွန်မိသွားလေသည်။ 


"ရွှယ်ရှောင်ယုံလေး အသိပြန်ဝင်လာပါတော့ကွာ... မှောင်နေပြီကွ... သူ့အရိပ်ကိုတောင် တွေ့ရတော့မှာ မဟုတ်ဘူး"


မကြာမီပင် ဒရိုင်ဘာက ကားထုတ်လာခဲ့ပြီး လူနှစ်ယောက်သားက နောက်ခန်းတွင် ဝင်ထိုင်လိုက်ကြသည်။ ချူရှောင်းရန်က ရွှယ်ယုံ၏ မျက်နှာကို သေချာကြည့်လိုက်သည်။ 


"မင်း အဆင်ပြေရဲ့လား"


"ပြေပါတယ်"


ထူးဆန်းချက်ပဲ...


ချူရှောင်းရန်က ခေါင်းကုတ်ရင်း တွေးမိနေသည်။ "မင်း ပြောကြည့်... ယွီချင်းနဲ့ ယွီနျန်တို့ တွဲနေတာလား... မဟုတ်ရင် အသွားအလာကို ကြည့်ရသလောက် ယွီချင်းက ယွီနျန်ကို လိုက်နေတာများလား"


ရွှယ်ယုံ မဖြေနိုင်ခင်မှာပင် သူ့ဘာသာ ငြင်းနေပြန်သည်။ "မဟုတ်လောက်ပါဘူး... ငါအရင်က ယွီချင်းမှာ ချစ်နေတဲ့သူ ရှိတယ်လို့ ကြားဖူးတယ်... အဲ့ဒါ တေးရေးဆရာ စီနျင်းလေ... မင်း သိလောက်မှာ မဟုတ်ဘူး... ပထမဆုံး စင်ပေါ်မှာ ယွီနျန် ဆိုခဲ့တဲ့ သီချင်း 《အလှမ်းဝေးတဲ့ကြယ်》ကိုလည်း စီနျင်းကပဲ ရေးပေးတာလေ... 


ဟေး... ပြောကာမှ ယွီနျန် ပထမဆုံးအကြိမ် ဆိုတဲ့ သီချင်းရော ဒုတိယပိုင်းမှာ ဆိုခဲ့တဲ့ သီချင်းရော ယွီချင်းရဲ့ သီချင်းတွေချည်းပဲ"


သူ့ဘေးမှ အေးစက်နေသော လေထုကြီးကို သတိထားမိသွားသဖြင့် ချူရှောင်းရန် မြန်မြန် ပါးစပ်ပိတ်လိုက်ရပြီး သူ ယခင်က ပြောခဲ့သည့်စကားကိုပင် ဆက်ပြောနေလိုက်သည်။ 


"ယွီချင်းရဲ့ နောက်ဆုံးထွက်ထားတဲ့ နာမည်ကြီး အယ်လ်ဘမ် သုံးချပ်ကို စီနျင်းပဲ ရေးပေးထားတာလေ... ဒါပေမယ့် စီနျင်းက လူထုကို တစ်ခါမှ မျက်နှာမပြဖူးဘဲ ယွီချင်းကိုပဲ သီချင်းရေးပေးနေတာ... စီနျင်းနဲ့ ယွီချင်းက ချစ်သူတွေလို့တောင် ကောလဟာလ ထွက်ဖူးသေးတယ်... ဒါကြောင့်မို့ သူက ငွေကြောင့်နဲ့ မယိမ်းယိုင်သွားဘဲ ယွီချင်းအတွက်ပဲ ရင်ဘတ်ကြီးနဲ့ အပြည့် သီချင်းရေးပေးခဲ့တာ"


ချူရှောင်းရန်က ပြောပြီးနောက် ဖုန်းထုတ်ကာ ဂိမ်းဆော့နေပြန်သည်။ ဂိမ်းထဲသို့ ငါးမိနစ်ဝင်ပြီးသွားသောအခါ တစ်ချိန်လုံး တိတ်ဆိတ်နေသည့် ရွှယ်ယုံက ရုတ်တရက် စကားဝင်ပြောလာသည်ကို ကြားလိုက်ရသည်။ 


"ငါ လူတစ်ယောက်ကို သိတယ်"


ချူရှောင်းရန်က တစ်စက္ကန့်မျှ စိတ်တက်ကြွသွားလေသည်။ သူက ဂိမ်းကစားခြင်းကို ရပ်လိုက်ပြီး သူ့မျက်လုံးများက တောက်ပ၍ နေခဲ့လေသည်။


 "ပြီးတော့ ဘာဆက်ဖြစ်လဲ"


"ငါသူ့ကို အကြာကြီး သိခဲ့တာ"


"ဘယ်လောက်ကြာလဲ"


"သုံးနှစ်"


သုံးနှစ်လား... ချူရှောင်းရန် သေသေချာချာ တွက်ချက်ကြည့်လိုက်သည်။ လွန်ခဲ့သည့် သုံးနှစ်တွင် ရွှယ်ယုံ သူ့နေရာကို ရယူနိုင်ခဲ့သည်မှာ မကြာသေး။ ဘေးပတ်လည်တွင် သန်မာသော ရန်သူများ ဝန်းရံနေပြီး မြေခွေးအိုကြီး တစ်စုကလည်း သူ့ကို ကိုက်ဆွဲချချင်နေခဲ့ကြသည်။


ထိုအချိန်က အခြေအနေမှာ တင်းကျပ်လွန်းလှသဖြင့် ရွှယ်ယုံတစ်ယောက် တစ်ညလုံးပင် မအိပ်နိုင်ခဲ့ဘဲ သူ့ထံတွင် အားနည်းချက် ရှိနေသည်ကို ဖမ်းမိသွားမည် စိုးသောကြောင့် ဖျားနာနေသည့်တိုင် ဆရာဝန်ကို သွားမပြရဲခဲ့ပေ။


ထိုအချိန်က ရွှယ်ယုံ၏ ခက်ခဲမှုများကို တွေးမိသွားသဖြင့် ချူရှောင်းရန် မျက်နှာထက်မှ စိတ်တက်ကြွနေမှူများ လွင့်ပါးသွားလေသည်။ "ပြီးတော့ ဘာဆက်ဖြစ်လဲ"


ရွှယ်ယုံက တစ်စုံတစ်ခုက သူ့အား သတိလက်လွတ် ဖြစ်နေမည်ကို ဟန့်တားနေသည့်မလားခါးကို မတ်မတ်ထိုင်နေလေသည်။ သို့သော်လည်း ကားပြတင်းမှ တဆင့် ရံဖန်ရံခါ ဝယ်ရောက်လာသည့် လမ်းမီးတိုင်လေးထက်မှ အလင်းရောင်သည် သူ့မျက်လုံးများထဲမှ နူးညံ့မှုများကို ထင်ဟယ်နေစေသည်။ 


"သူနဲ့ တတ်နိုင်သမျှ နီးစပ်ချင်တယ်"


ထိုစာကြောင်းက ချူရှောင်းရန်အား ရှင်းမပြနိုင်အောင်ပင် ချဥ်စူးသွားစေသည်။ 


"မင်း ဘာလို့ ဒီလောက် သနားစရာ ကောင်းနေတာလဲ... ငါမင်းကို အကြံတချို့ ပေးရမလား"


ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း... ငါအခုထိ သူနဲ့ မရင်းနှီးနိုင်သေးဘူး"


ချူရှောင်းရန် ရှောခ့်ရသွားလေသည်။ "မင်းသူ့ကို သိတာ သုံးနှစ်တောင် ရှိနေပေမယ့် မရင်းနှီးသေးဘူးပေါ့လေ... ရွှယ်ရှောင်ယုံ... မင်းက တော်တော်လေး စိတ်ပျက်စရာ ကောင်းတာပဲ"


ရွှယ်ယုံက ပြန်မချေပပေ။ 


"ဟုတ်တယ် မရင်းနှီးသေးဘူး"


ချူရှောင်းရန်က ကျောမီကို ထိုင်ချကာ စိုးရိမ်ပူပန်လျက်ရှိနေသည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရွှယ်ယုံ၏ အရှိန်အဝါများ ပိုပိုပြီး လန့်စရာကောင်းလာပြီး ပိုပို၍ စကားနည်းလာကာ သူ့အတွင်းရေးမှူးများပင် သူ့အား ကျားတစ်ကောင်ကဲ့သို့ ကြောက်ရွံ့နေကြသည်ကို အမှတ်ရသွားသည်။ ရုတ်တရက်ပင် သုံးနှစ် သိလာသည့်တိုင် သူနှင့် မရင်းနှီးနိုင်သေးသည်က ပုံမှန်သာ ဖြစ်သည်ဟု ခံစားလိုက်ရသည်။


"သူ မင်းကို ကြောက်နေတာများလား... သူက မင်းကို စကားလာပြောရဲလား"


ရွှယ်ယုံက သူ့အပေါ် ယွီနျန်၏ သဘောထားများကို အမှတ်ရသွားပြီး ခေါင်းယမ်းကာ ခိုင်ခိုင်မာမာ ပြောလိုက်သည်။ "သူ မကြောက်ပါဘူး... အမြဲတမ်း သူကပဲ စကားလာပြောတယ်" 


"စိတ်ဓါတ်ခိုင်မာမှုကတော့ မဆိုးဘူးပဲ" ချူရှောင်းရန်က ထပ်ပြီး တက်ကြွလာပြန်သည်။ 


"ဒါဆို ဘာလို့ မင်းက မရင်းနှီးနိုင်ရသေးတာလဲ... အဆက်အဆံ သိပ်မရှိလို့လား"


"အရမ်း နည်းတယ်"


ချူရှောင်းရန်က ခေါင်းကို ဆန့်ထုတ်လိုက်သည်။ "အရင်ဆုံး များများ တွေ့ရမဲ့ အခွင့်အရေးတွေ ဖန်တီးကြည့်ပါလား... တစ်ရက်ကို အခေါက်ပေါင်းများစွာ တွေ့ကြည့်တာမျိုးလိုပေါ့.... ပြီးရင် စကားပြောဖို့ ခေါင်းစဥ်အစုံ စဥ်းစားကြည့်လေ... အိုး ဟုတ်သား... သူက အလွယ်တကူ ရိုးအီသွားနိုင်လား"


"ငါသူ့ကို အကြိမ်နည်းနည်းပဲ တွေ့ရသေးတယ်" ရွှယ်ယုံ ထပ်ပြောလိုက်သည်။


 "သူ့မှာ မိတ်ဆွေတွေ အများကြီးပဲ.. ပြီးတော့ အရမ်း နာမည်ကြီးတာ... ဒါကြောင့်မို့ ရိုးအီသွားမှာ မဟုတ်ဘူး"


ချူရှောင်းရန် သူ့ပေါင်ကို ရိုက်ချလိုက်သည်။ "ဘာက ပြဿနာလဲ ဆိုတာ သိပြီ" သူမြန်မြန် ပြောလိုက်ပြီး ပလုံးပထွေး ပြောလိုက်သည်။ 


"တစ်ဖက်လူက မိတ်ဆွေတွေအများကြီး ရှိတယ်... ပြီးတော့ မင်းက ပါးစပ်ကနေ စကားသုံးခွန်းထက်တောင် ပိုမထွက်နိုင်ဘူး... သူတို့နဲ့ တွေ့ပြီးရင် မင်းကိုတောင် သတိမရတော့ဘူး... ဒါကြောင့်မို့... အာ ရွှယ်ရှောင်ယုံလေးရာ မင်းရဲ့ တည်ရှိမှုကို ဖော်ထုတ်ပေးရမယ်... ပြီးရင် အခွင့်သင့်သလို ခဏခဏတွေ့၊ စကားများများပြော၊ ပြီးရင် တဖြည်းဖြည်း ပိုရင်းနှီးလာမှာပဲ"


တစ်ဖက်တွင် ထိုအချိန်၌ ယွီချင်းမှာ ပါးစပ်တွင် မီးမညှိရသေးသော အမျိုးသမီးစီးကရက်ကို တေ့ထားရင်း မိန်းလမ်းမကြီးပေါ် မောင်းနှင်လာခဲ့သည်။


 "ညသန်းခေါင်ကျော်သွားပြီ... ငါမနက်ဖြန်စောစောထပြီး လေဆိပ်ဆင်းရဦးမှာ... နင့်ကို ရွေးချယ်ခွင့်ပေးမယ်... ငါ့အိမ်မှာ တစ်ညလောက်နေပြီး ဧည့်သည်ခန်းမှာ အိပ်သွားမလား... ဒါမှ မဟုတ် နင့်အိမ်ကို ငါလိုက်ခဲ့ပြီး အိပ်ရာပေါ်မှာ အိပ်မယ်... နင်ကတော့ ဆိုဖာပေါ် အိပ်လိုက်ပေါ့"


ယွီနျန်ကလည်း အနည်းငယ် အိပ်ချင်နေပေသည်။ 


"မမရဲ့ အိမ်ပဲ သွားကြတာပေါ့... အထုပ်အပိုးတွေ ပြင်ရဦးမှာမလား"


ယွီချင်းက စတီယာရင်ကို လှည့်ကာ ခေါင်းလေးစောင်းလိုက်ရင်း ယွီနျန်ကို ပြုံးပြလိုက်သည်။ 


"မဆိုးဘူးပဲ... အရွယ်ရောက်လာတော့ ကိုယ့်အစ်မကိုတောင် စိတ်ပူပေးတတ်နေပြီ"


ယွီချင်း၏ အိမ်၌ သူ နှစ်ပေါင်းများစွာ လဲလှယ်ခဲ့ဖူးသည့် အဝတ်ဟောင်းများ ရှိနေဆဲ ဖြစ်သည်။ ရေချိုးပြီးနောက် ခေါင်းသုတ်နေစဥ် ရုတ်တရက် တစ်ခုခုကို အမှတ်ရသွားသည်။ သူ ခါးကိုင်းကာ အင်္ကျီအိပ်ကပ်ထဲမှ လုပ်ငန်းကဒ်နှစ်ခုကို ထုတ်ယူလိုက်လေသည်။


အရောင်အသွေး စုံလင်နေသည့် တစ်ခုမှာ ချူရှောင်းရန်၏ လုပ်ငန်းကဒ် ဖြစ်ပြီး အနက်ရောင် နောက်ခံနှင့် ငွေရောင်စာလုံးများပါသည့် နောက်တစ်ခုမှာ ကိုယ်ရေးကိုယ်တာကဒ်တစ်ခုသာ ဖြစ်ပုံရပြီး ရွှယ်ယုံ၏ အမည်နှင့် ဖုန်းနံပါတ်ကိုသာ ရိုက်နှိပ်ထားလေသည်။


ယွီနျန်က မက်ဆေချ့်ပို့သည့်နေရာကို နှိပ်လိုက်ပြီး မျက်နှာပြင်ပေါ် တတောက်တောက် ရိုက်လိုက်သည်၊ "ဟယ်လို ကျွန်တော် ယွီနျန်ပါ... ဒါကျွန်တော့ ဖုန်းနံပါတ်ပါ" သူတွေးကြည့်လိုက်ပြီးနောက် နောက်ထပ် စသားအချို့ ထပ်ရေးလိုက်သည်။ 


"ဒီနေ့ ပျော်ခဲ့ရပါတယ်... ဂွတ်နိုက်"