အပိုင်း ၂၂
Viewers 11k

Chapter 22

သူ့ကို ထပ်တွေ့ချင်တယ်




ယွီနျန် နောက်တစ်နေ့တွင် နိုးလာသောအခါ ရွှယ်ယုံ၏ ပြန်စာကို တွေ့လိုက်ရသည်။ 

"ကိုယ်လည်း ပျော်ခဲ့ရပါတယ်... ဂွတ်နိုက်"


သူက စိတ်ကြည်လင်စွာဖြင့် ထထိုင်လိုက်ပြီး အကျောဆန့်လိုက်သည်။ ဖိနပ်ပါးစီး၍ ဧည့်ခန်းထဲသို့ ရောက်လာသောအခါ ရေခဲသေတ္တာတံခါးပေါ်တွင် ယွီချင်းက စာရွက်ပိုင်းလေးတစ်ခု ကပ်ပေးထားခဲ့ပြီး ရှုပ်ထွေးနေသော လက်ရေးတို့ဖြင့် ရေးထားသည်မှာ "မသွားခင် မနက်စာ အရင်စားသွား... မနက်စာကို ကျော်ဖို့ ခွင့်မပြုဘူးနော်!!!" စာသားအဆုံးမှ အာမေဋိတ်သုံးခုက စာရွက်၏ တစ်ဝက်လောက်ကို နေရာယူထားသည်။


ရေခဲသေတ္တာထဲတွင် အသားညှပ်ပေါင်မုန့် နှစ်ခု ရှိပြီး ယွီနျန်က နို့တစ်ခွက်ကို အပူပေးကာ မစားခင် ယွီချင်းကို ဓါတ်ပုံရိုက်ပို့ပေးလိုက်သည်။ ယွီချင်းက လေယာဥ်ပေါ် ရောက်နေသည်ကြောင့် ဖြစ်မည်။ အကြောင်းပြန်မလာပေ။ ယွီနျန် ဖုန်းကို ပြန်ချတော့မည် အပြုတွင် မက်ဆေချ့်ရောက်လာသံ ရုတ်တရက် ထွက်ပေါ်လာလေသည်။


ရွှယ်ယုံ ပို့ပေးလာခြင်း ဖြစ်ပြီး စာလုံးနှစ်လုံးသာ ပါသည်။ "ဂွတ်မောနင်း"


ယွီနျန်ကလည်း ပြန်ပို့ပေးလိုက်သည်။ 

"ဂွတ်မောနင်း"


လတ်လတ်ဆတ်ဆတ် ညှစ်ထားသော အသီးဖျော်ရည်တစ်ခွက်ကို ကိုင်ထားရင်း အကစတူဒီယိုခန်းထဲသို့ ဝင်လာသည့်အခါ အန်းချောင်က ယွီနျန်ကို မြင်သည်နှင့် စနောက် လာခဲ့သည်။ "အစ်ကိုမုန့်က မင်း အကလေ့ကျင့်ရေးအခန်းထဲမှာ ကထားတဲ့ ဗီဒီယိုတစ်ခု တင်ထားတယ်... ဝေ့ပေါ်ကလူတွေ အများကြီး မင်းကို အကတော်တယ်လို့ ချီးကျူးနေကြတာ တွေ့တယ်"


ယွီနျန် အနည်းငယ် ရှက်ရွံ့သွားလေသည်။ 

"ကျွန်တော်က အများကြီး လိုပါသေးတယ်"


ဟော်ရှင်း၏ တောင့်တင်းနေသော နှုတ်ခမ်းထောင့်များ ပြေလျော့သွားသည်။ "မင်းစိတ်ထဲ သေချာသိထားတာ ကောင်းတယ်... စကားလုံးအချို့မှာ လွင့်မျောမသွားစေနဲ့... အကပဲ ဖြစ်ဖြစ် အဆိုပဲ ဖြစ်ဖြစ် မင်းရဲ့ အခြေခံစကေးတွေက ခိုင်မာနေမှ ဖြစ်မယ်"


အန်းချောင် မျက်ခုံးပင့်လိုက်သည်။ 

"ငါပြောမယ် ဆရာဟော်... စကားကောင်းကောင်းလေးတွေ ပြောပေးလို့မရဘူး"


“ကောင်းတဲ့စကား ပြောတာကြားချင်ရင် သူဖန်တွေ ပြောတဲ့စကားကို ဖတ်လို့ရတာပဲ... ငါ့စကားတွေ မလိုပါဘူး"


သူတို့ နှစ်ယောက်က ခွန်းကြီး ခွန်းငယ် ပြောနေကြသဖြင့် ယွီနျန်မှာ ဝင်တိုး၍ မပေါက်တော့ပေ။ သူက တစ်ဖက်မှနေ၍ သွေးပူလေ့ကျင့်ရေး လုပ်နေရင်းဖြင့် ဆရာနှစ်ယောက် စကားပြောပြီးသွားပြီး အတန်းစမည့်အချိန်ကို စောင့်နေခဲ့သည်။ 


ရွှယ်ယုံမှာ တစ်မနက်လုံး စိတ်ကောင်းဝင်နေခဲ့သည်။ 


အထူးလက်ထောက် ချင်ကျန်းက အလုပ်များကို အစီရင်ခံနေပြီး ပြီးသွားသောအခါ ပြောလိုက်သည်၊ "လှုပ်ရှားမှုတစ်ခု ရှိနေတယ်"


ရွှယ်ယုံ၏ ဘောပင်ထိပ်ဖျားက လေထဲတွင် ရပ်တန့်သွားလေသည်။ "ဘာများလဲ"


“မနေ့ညက ဒါရိုက်တာတင်းက ဒါရိုက်တာစုန့်ကို ဖျော်ဖြေဖို့ ကျားတင်း ဗီလာမှာ ပွဲလုပ်ပေးခဲ့ပါတယ်... မန်နေဂျာဝမ်နဲ့ မန်နေဂျာကျောက်လည်း ပါသေးတယ်... အဲ့လူတွေက တပျော်တပါး စကားပြောနေပြီး ညဆယ့်တစ်နာရီထိ ထွက်မလာခဲ့ကြဘူး... ဒါရိုက်တာတင်းက ဒါရိုက်တာစုန့်ကို ကိုယ်တိုင်ကိုယ်ကျ တံခါးဖွင့်ပေးခဲ့တာပါ" 


ရွှယ်ယုံက စားပွဲကို လက်ဖြင့် ခပ်ဖွဖွ ခေါက်လိုက်ပြီး မျက်လွှာချလိုက်သဖြင့် သူ့အမူအယာကို မြင်နိုင်ရန် ခက်ခဲနေသည်။ 


"သူတို့ ဘာတွေ ပြောနေကြလဲ သိလား"


ချင်ကျန်း: "အရင်တစ်ခေါက် အစည်းအဝေးမှာ ပြောခဲ့ကြတဲ့ ဖွံ့ဖြိုးရေးကိစ္စနဲ့ ပတ်သက်နေတယ်... ဒါရိုက်တာတင်းက ဒါကို စီစဥ်ထားတာ ကြာနေပြီ... သူ ဒီနေရာကနေ စချင်နေတာ ဖြစ်မယ်" 


“"သူတို့ မဝင်နိုင်စေရဘူး" ရွှယ်ယုံ တစ်ခဏမျှ တွေးလိုက်သည်။


 "နောက်ထပ် ကိစ္စ ရှိသေးလား"


ချင်ကျန်း တုံ့ဆိုင်းနေပြီး ပြောရမလား မပြောရဘူးလားကိုပင် မသိတော့။


ရွှယ်ယုံ၏ မျက်လုံးတို့က သူ့မျက်နှာပေါ် ကျရောက်သွားလေသည်။ 

"ပြောပါ"


ချင်ကျန်းက ရွှယ်ယုံကို မကြည့်ရဲတော့ဘဲ ပွင့်ပွင့်လင်းလင်းသာ ပြောပြလိုက်သည်။ 


"ဒီမနက်တုန်းက မန်နေဂျာဝမ်က အတွင်းရေးမှုးတွေထဲက တစ်ယောက်ကို လာတွေ့ပြီး ယွီနျန် ဘယ်သူလဲ ဆိုတာကို သာမန်ကာလျှံကာ မေးသလို ဟန်ဆောင်ခဲ့ပါတယ်"


သူ ပြောပြီးသွားသည်နှင့် ရွှယ်ယုံ၏ မျက်နှာအမူအယာများ ရုတ်တရက် အေးစက်သွားသည်ကို တွေ့လိုက်ရပြီး သူ့အသံကလည်း ရေခဲတမျှ အေးစက်နေသည်။


 "ဘာကိစ္စတဲ့လဲ"


ချင်ကျန်း မျက်လွှာချကာ စကားပြောနှုန်းကို အရှိန်တင်လိုက်သည်။ 


"သူက ဒီတလော ဥက္ကဌက ဘာလို့ ဥက္ကဌချူနဲ့ တွေ့ဖို့ ရှင်းယောင်ကို ခဏခဏသွားနေရတာလဲ ဘာရည်ရွယ်ချက်နဲ့လဲဆိုတဲ့ အကြောင်းကို ပေါ်ပေါ်ထင်ထင်ရော တိတ်တိတ်လေးရော လိုက်မေးနေပါတယ်... လူထုဆက်ဆံရေးဌာနရဲ့ ခေါင်းဆောင်ကလည်း ကျွန်တော့်ကို လာပြောသေးတယ်... မန်နေဂျာကျောက်ရဲ့ အတွင်းရေးမှူးက လူထုဆက်ဆံရေးဌာနက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ စကားပြောတုန်းကလည်း ယွီနျန်အကြောင်း ထည့်ပြောသွားပါသေးတယ်တဲ့ ..."


ရွှယ်ယုံ စကားမပြောတော့ပေ။ ရုံးထဲမှ လေထုကလည်း တိုက်ခတ်နှုန်း ရပ်တန့်သွားပြီး ရေခဲမှတ်ထိ ရောက်ရှိသွားပုံရလေသည်။


ချင်ကျန်း ဆက်ပြောလိုက်သည်။ 

"လူထုဆက်ဆံရေးဌာနက လုပ်ဖော်ကိုင်ဖက်က အဲ့ဒီအချိန်တုန်းက သိပ်အလေးမထားမိဘူး... သူတို့က ဖြတ်သွားရင်း စကားအချို့ ပြောရုံပါပဲ... ဒါပေမယ့် နောက်ကျမှ တစ်ခုခု မှားနေမှန်း သိသွားပြီး သတင်းပို့လာခဲ့တာပါ"


သူက ရွှယ်ယုံ၏ မျက်နှာကို သေချာကြည့်နေပါသော်လည်း မည်သည့်အမူအယာကိုမှ မတွေ့ရသဖြင့် သူ ထင်ကြေးပေးလိုက်သည်။ 

"ကျွန်တော်တို့က အရမ်းမြန်မြန်ကြီး လှုပ်ရှားလိုက်တော့ သူတို့ အမီမလိုက်နိူင်ကြဘူး... သူတို့ အကျဥ်းအကျပ်ထဲ ရောက်နေလို့ ဒီအချက်ကို ကိုင်ပြီး လှုပ်ရှားချင်နေကြတာ ဖြစ်နိုင်ပါတယ် .... "


ချင်ကျန်း ပြောပြီးသွားသောအခါ အနည်းငယ် သက်ပြင်းချလိုက်မိသည်။


သူက ရွှယ်ယုံ အဖေ၏ အထူးလက်ထောက် ဖြစ်ခဲ့ဖူးသည်။ ရွှယ်ယုံ နေရာ ရလာပြီးနောက် ယခုအချိန်ထိ ရွှယ်ယုံ၏ အနောက်ကိုသာ လိုက်ခဲ့သည်။ ရွှယ်ယုံတစ်ယောက် သူ့နေရာကို မည်သို့ တစ်ဆင့်ချင်း တည်ဆောက်ခဲ့ရသည်ကို သူ့ကိုယ်ပိုင် မျက်လုံးများဖြင့် စောင့်ကြည့်ခဲ့ရလေသည်။


ရွှယ်ယုံမှာ အလွန်တိုတောင်းသည့် အချိန်လေးအတွင်း တည်ငြိမ်ပြီး ထိန်းသိမ်းမှု ရှိနေရန် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့ရသည်။ သူ့လုပ်ဆောင်မှုများကို ဖုံးကွယ်ရန် ကြိုးစားရင်း ထိုမြေခွေးအိုကြီးများအား တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ရန် သင်ယူရင်း အေးစက်ပြီး ခက်ထန်သည့် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားရင်းဖြင့် သူ့အောက်မှ လူအများကို အကြောက်တရားတို့ဖြင့် တုန်ယင်သွားစေပြီး အသက်ငယ်ရွယ်မှုကြောင့် သူ့ကို အနိုင်မကျင့်ရဲကြစေရန် လုပ်ဆောင်ခဲ့ရသည်။


ရွှယ်ယုံ မရယ်မောခဲ့တော့သည်မှာ မည်မျှ ကြာလေပြီကို သူမမှတ်မိနိုင်တော့ပေ။


ထိုမျက်နှာဖုံးကို တစ်ချိန်လုံး ဝတ်ထားခဲ့ရသဖြင့် ယခုအချိန်တွင် ချွတ်ရန် ခက်ခဲသွားလေပြီ။


အခြားသူများက ရွှယ်မိသားစု၏ ငယ်ရွယ်သော ခေါင်းဆောင်လေးက တစ်နေ့တစ်ခြား ထူးချွန်ပြောင်မြောက်လာသည်ကိုသာ တွေ့ကြရပြီး သူ့ကို မျက်လုံးချင်းစုံ ကြည့်ရဲသူမှာ ပိုပို၍ နည်းလာနေသည်။ သို့သော်လည်း အလွန်နည်းပါးသော လူအချို့သာ ထိုကောင်လေးက နှစ်ဆယ့်သုံးနှစ်အရွယ်သာ ရှိသေးသည်ကို သတိထားမိကြသည်။ သာမန် အသိုင်းအဝိုင်းမှာ ဆိုပါက တက္ကသိုလ် ပရဝုဏ်အတွင်းမှ ထွက်လာကာစ လူငယ်လေး တစ်ယောက်သာ ဖြစ်နေပေလိမ့်မည်။


ချင်ကျန်းက မထိန်းနိုင်တော့သဖြင့် ပြောလိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် ထိန်းထားဖို့ လိုပါတယ်"


"မဟုတ်ရင် သူ့ကို ထိခိုက်သွားမှာ... ဟုတ်တယ်မလား"


ရွှယ်ယုံ၏ အသံက အလွန် နူးညံ့နေသည်။ 


သူ့မျက်လုံးများက လင်းလက်နေသော ဖုန်းမျက်နှာပြင်ထံ ကျရောက်သွားသည်။ ယွီနျန်မှ ဂွတ်မောနင်းဟု ပို့လာသည့် မက်ဆေချ့်ကို ဖွင့်ထားခြင်းပင်။


ချင်ကျန်းက ဘောပင်ကို အတင်းအကျပ် ဆုပ်ကိုင်ထားသဖြင့် လက်ဆစ်များ ဖြူဖျော့လာနေသည့် ရွှယ်ယုံ၏ လက်ကို ကြည့်လိုက်သော်လည်း သတိပေးနေဆဲ။


 "ဟုတ်ပါတယ်... ဥက္ကဌမှာ အရင်က အားနည်းချက် မရှိခဲ့တာကြောင့်ပါ"


အားနည်းချက်မရှိလို့ ပြိုင်ဘက်တွေ မင်းကို အလဲမထိုးနိုင်ကြတာပေါ့...


ဒါပေမယ့် အခုတော့ အားနည်းချက် ရှိလာပြီ... ရန်သူတွေကို စိတ်ထက်သန်လာအောင် လုပ်မိသွားလိမ့်မယ်...


အချိန်အတော်ကြာမှ ရွှယ်ယုံက ဖုန်းမျက်နှာပြင်ကို ပြန်ပိတ်လိုက်သည်။ "ကျွန်တော် သိပါတယ်"


သူက ဖုန်း၏ အနက်ရောင် မျက်နှာပြင်ကို ကြည့်ကာ စကားတစ်လုံးချင်းစီ ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။ 


"ချူရှောင်းရန် ကျွန်တော့်ကို အကူအညီတောင်းထားတာလို့ လူထုဆက်ဆံရေးဌာနက လူတွေကို ပြောလိုက်ပါ... အခုတလော ရှင်းယောင်ကိုသွားပြီး ချူရှောင်းရန်ကို သွားရှာနေတာကလည်း သူနဲ့အတူ မြေအောက်လက်ဝှေ့ ကြည့်ရတာကို သဘောကျပြီး ပိုက်ဆံတွေ အများကြီး သုံးနေတာလို့... ယွီနျန်အတွက်ကတော့" 


သူ ရပ်လိုက်ပြီးနောက် တစ်ခဏအကြာ ဆက်ပြောလိုက်သည်၊


 "ဘာလုပ်ရမလဲ ဆိုတာ ကျွန်တော် သိတယ်"


ချင်ကျန်း ပြန်ဖြေလိုက်သည်။

 "ကျွန်တော် လုပ်လိုက်ပါ့မယ်"


ရွှယ်ယုံ ထရပ်လိုက်သည်။ "ပထမဆုံး နေ့လည်က ဗီဒီယိုကော အစည်းအဝေးကို နောက်ရွှေ့လိုက်ပါ" 


“ဥက္ကဌ—”


“ဦးလေးချင်... ကျွန်တော် ရှင်းယောင်ကို သွားမယ်" ရွှယ်ယုံက ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ပြီး အသံကလည်း ခပ်နိမ့်နိမ့် ဖြစ်နေသည်။


 "ကျွန်တော် သူ့ကို ထပ်တွေ့ချင်တယ်"


ချင်ကျန်း သက်ပြင်းချ၍ နောက်ထပ် ဆန့်ကျင်မနေတော့ပေ။ သူပြောရုံသာ ပြောလိုက်သည်။


 "မစိုးရိမ်ပါနဲ့... ဘယ်သူမှ မသိစေရဘူး" 


ချူရှောင်းရန်မှာ ရုံးခန်းထဲတွင် ထိုင်နေရင်း တစ်ရေးမှေးနေသည်။ ရွှယ်ယုံ ရုတ်တရက် ရောက်ချလာသည်ကို မြင်သောအခါ အနည်းငယ် ထူးဆန်းသွားလေသည်။


 "ဘာလို့ ရုတ်တရက်ကြီး ရောက်ချလာရတာလဲ"


ရွှယ်ယုံက စက္ကန့်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ 


"မနေ့က တင်းကျောက်ရှန်က စုန့်ခယ်အတွက် ကျားတင်းဗီလာမှာ ပွဲလုပ်ပေးခဲ့တယ်"


ချူရှောင်းရန် အိပ်ချင်မူးတူး ဖြစ်နေရာမှ နိုးလာပြီး ချက်ချင်း ထရပ်လိုက်သည်။


 "ဖာခ့်... အိုကေ... ဒီသခင်လေး ကျိန်မပြောဘူးလား... တင်းကျောက်ရှန်နဲ့ စုန့်ခယ်တဲ့လား... ဒီနှစ်ယောက် ဘယ်လိုလုပ်ပြီး ပေါင်းမိသွားတာလဲ... စုန့်ခယ်ဘက်က မင်းကြောင့် စုတ်ဖြဲခံလိုက်ရပြီ မဟုတ်ဘူးလား... သူက ပြဿနာ ထပ်ရှာချင်နေသေးတာလား" 


ရွှယ်ယုံ ဘာကိုမှ မပြောပေ။ 


ချူရှောင်းရန်က နှလုံးသားထဲတွင် မကောင်းသော အရိပ်အယောင်များ ရနေသည်။ သူ့အိုင်ကျူက ကန့်သတ်ချက်များ ရှိနေကြောင်း သူသိနေသဖြင့် ခေါင်းကို ဆန့်ထုတ်လိုက်မိသည်။ ရံဖန်ရံခါတွင် ဤကဲ့သို့သော အလေးအနက် ကိစ္စများနှင့် တွေ့ကြုံရသည့်အခါ သူကို ကစားရန် ခေါ်သွားပေးလေ့ရှိသည်။ 


"ငါ့ညီအစ်ကိုရေ... ဒီနှစ်ရက်အတွင်း ငါ အတော်လေး အားနေတာ... နေ့လည်စာ အတူစားကြမလား... စကား ပြောစမ်းပါဦး... ရှောင်ရွှယ်ယုံရေ မင်းအရမ်း စွမ်းအားကြီးတာ ငါသိနေပေမယ့် တစ်ယောက်တည်း တိုက်မယ်ဆို အတော်လေး အန္တရာယ်များတယ်နော်... တင်းကျောက်ရှန်က ခိုင်မာတဲ့ အုတ်မြစ်ရှိနေတယ်... စွမ်းအားလည်း ကြီးပြီး ညစ်ပတ်တဲ့ နည်းလမ်းတွေရော သုံးတတ်တယ်နော်... ငါ မင်းအတွက် တကယ် စိုးရိမ်နေတာ" 


ရွှယ်ယုံက ပြန်မဖြေလေဘဲ ထိုအစား မေးလိုက်သည်။ "ဦးလေးချူ နိုင်ငံထဲမှာ ရှိနေလား"


ချူရှောင်းရန်က ကြက်သေသေနေပြီး ခပ်မြန်မြန် ခေါင်းငြိမ့်ပြလိုက်သည်။ "မနက်ဖြန် ညကျ လေယာဥ်နဲ့ ပြန်ရောက်လာမှာ"


"သဘက်ခါကျရင် ဦးလေးချူကို သွားတွေ့လိုက်မယ်"


"အိုကေ... အိုကေ" ချူရှောင်းရန် ထပ်ပြီး ထပ်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏ နှလုံးသားထဲမှ မကောင်းသည့် ခံစားချက်များမှာလည်း ပိုပိုပြီး ပြင်းထန်လာသဖြင့် သူ မမေးမိဘဲ မနေနိုင်တော့ပေ။ 


"မင်း စိတ်ကောင်းဝင်မနေဘူး... တစ်ခုခု မှားနေတာလား"


ရွှယ်ယုံက နောက်ပါးတွင် လက်သီးကျစ်ကျစ် ဆုပ်ထားသည်။


 "သူတို့ ယွီနျန်ကို မျက်စိကျနေကြတယ်"


 သူ့ကိုယ်သူ ထိန်းထားလိုက်ရန် အကောင်းဆုံး ကြိုးစားလိုက်သော်လည်း ချူရှောင်းရန်ရှေ့တွင် သူ့အသံက အနည်းငယ် တုန်ယင်နေဆဲ ဖြစ်သည်။


"ဖာခ့်" ချူရှောင်းရန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး စားပွဲခုံကို လက်ဖြင့် ရိုက်ချလိုက်သည်။ 


"အဲ့ဒီလူအိုကြီးတွေကတော့ တကယ် အရှက်မဲ့ကြတာပဲ" သူရုတ်တရက် တုန့်သွားပြီး တံတွေး မျိုချလိုက်သည်။ "ဒါဆို မင်း ဘာဆက်လုပ်မှာလဲ"


သူ ယခုထိတိုင် အရာအားလုံးကို ကြည့်ရှုနေခဲ့ရပြီး ထိုလူများ၏ နည်းလမ်းများကိုလည်း သိနေသည်။ ထိုစဥ်က ရွှယ်ယုံမှာ အပြင်းအထန် ခေါင်းကိုက်ရောဂါ ခံစားခဲ့ရပြီး အိမ်မပျော်နိုင်သည့်တိုင် နောက်ကျော ဓါးနှင့်ထိုးမည့် နည်းလမ်းများကို ကြောက်သဖြင့် ဆရာဝန်နှင့် သွားပြပြီး ဆေးသွားမယူရဲ။ 


နောက်ပိုင်းတွင် ရွှယ်ယုံ ရှင်သန်နိုင်ခဲ့ပြီး တန်ပြန်တိုက်စစ် အောင်မြင်သွားသောအခါ လူအိုကြီးများစွာကို ကန်ထုတ်နိုင်ခဲ့ပြီးနောက် ရပ်သွားလေသည်။


ထိုအချိန်အတွင်းက ရွှယ်မိသားစု၏ အတွင်းပိုင်းကိစ္စများမှာ အမှန်ပင် သွေးများ လွှမ်းနေပြီး ရွှယ်ယုံထံ၌ မတော်တဆ မဟုတ်သော "မတော်တဆများ" ဖြစ်လာမည်ကို သူ နေ့တိုင်း စိုးရိမ်နေခဲ့ရသည်။


တစ်ဖက်တွင် ရွှယ်ယုံ၏ အသံအနေအထားက လုံးဝ ငြိမ်ကျသွားလေသည်။ "အရင်တစ်ခေါက် ယွီနျန် ဖန်တွေဆီကနေ ထောင်ခြောက်ဆင်ခံရတဲ့ကိစ္စက မင်းက ငါ့ကို အကူအညီ လာတောင်းတာပဲ"


ချူရှောင်းရန် လေးလေးလံလံ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ပြီလေ"


"ဒီတလော ရှင်းယောင်ကို အမြဲတမ်း လာနေတာကလည်း မင်းနဲ့ မြေအောက်လက်ဝှေ့ပွဲတွေ ကြည့်ရတာ ကြိုက်နေလို့... ငါက မှောင်ခိုစျေးကွက် လက်ဝှေ့သမားတွေ ပျိုးထောင်ထားတာ"


ချူရှောင်းရန် ချရေးလိုက်သည်။

 "ဟုတ်ပြီ... ငါ ဒီနေ့ပဲ လုပ်လိုက်မယ်"


ရွှယ်ယုံ အသက်ပြင်းပြင်း ရှူလိုက်သည်။ 

"သူ ဘယ်မှာလဲ"


ချူရှောင်းရန် မြန်မြန် ပြန်ဖြေလိုက်သည်။ 

"ယွီနျန် အခု အဆိုအတန်း တက်နေလောက်တယ်... မုန့်ယွမ်က သူ့ကို ရှုပ်ထွေးတဲ့ ဘယ်လို ကြေညာချက်မှ မထုတ်ခိုင်းထားဘူး... သူ ရှိုးရိုက်ကူးရေး လုပ်မနေရင် မနက်ပိုင်းမှာ အကသင်တန်း နေ့လည်ခင်းမှာ အဆိုအတန်း ရှိတယ်... တစ်ခါတစ်ရံ တခြား တိုလီမုတ်စ ကိစ္စလေးတွေ လေ့လာလေ့ရှိတယ်" 


သူ ရပ်သွားပြီးနောက် ထပ်မေးလိုက်သည်။

 "ရွှယ်ရှောင်ယုံ... မင်း... တစ်ချက်လောက် သွားကြည့်ချင်လား ..."


"အင်း"


နှစ်ယောက်သားက ဓါတ်လှေကားမှ တဆင့် အထပ်30သို့ ဆင်းလာကြပြီး ချူရှောင်းရန်က ရွှယ်ယုံကို လေ့ကျင့်ရေးအခန်းတံခါးဝထိ ခေါ်လာခဲ့ပြီး အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။


 "သူ အထဲမှာ... မင်း ဝင်သွားချင်လား... ငါခွင့်တောင်းပေးမယ်လေ"


ရွှယ်ယုံ ခေါင်းယမ်းပြလိုက်သည်။


သူက နံရံကို မှီ၍ ရပ်နေပြီး အထဲမှ ထွက်လာသော အသံများကို သေသေချာချာ နားထောင်နေခဲ့သည်။ 


ချူရှောင်းရန်က ဘေးတွင် ရပ်နေပြီး စိတ်ပူပန်နေသည်။ ပထမဆုံးအကြိမ်အဖြစ် ထိုလေ့ကျင့်ရေးအခန်း၏ အသံကာနံရံက သိပ်မကောင်းဟု ခံစားနေရသည်။


တစ်ခဏအကြာ သီချင်းဆိုသည့် အသံဖျော့ဖျော့လေး ထွက်ပေါ်လာခဲ့သည်။ ချူရှောင်းရန် ကြားကြားချင်း ယွီနျန် သီချင်းဆိုနေခြင်း ဖြစ်ကြောင်း ပြောနိုင်ပေသည်။ 


သူ ရွှယ်ယုံကို တိတ်တိတ်လေး ကြည့်လိုက်ရာ ရွှယ်ယုံမှာ ယခင်က ပုံစံအတိုင်း ရပ်နေခြင်း ဖြစ်သော်လည်း လူတစ်ကိုယ်လုံးက စိတ်အေးလက်အေး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။


အကြောင်းအရင်းတချို့ကြောင့် သူ့နှလုံးသားထဲ၌ ချဥ်စုတ်စုတ် ခံစားချက်များ ဖြစ်ပေါ်လာလေသည်။


ရွှယ်ရှောင်ယုံ၏ အဖေနှင့် အစ်ကိုသာ ရှိနေဆဲ ဖြစ်ပါက သူ့လိုပင် ဂိမ်းလေးကစားလိုက် အလုပ်မှာ ငိုက်လိုက် အလုပ်ပြီးလျှင် ညနက်သည်အထိ ကစားလိုက်ဖြင့် ဖြစ်နေရော့မည်။ ပြဿနာ တစ်ခုခု ရှိလာပါက ကူညီပေးရန် အစ်ကိုကြီးတစ်ယောက်လည်း ရှိနေပေမည်။


မင်းက အခုလိုပုံမျိုးတောင် ဖြစ်နေရမှာ မဟုတ်ဘူး... တစ်ယောက်ယောက်ကို ကြိုက်မိတာလေးကို တခြားသူတွေ အသုံးချပြီး တစ်ဖက်လူကို ဓါးထက်ထက်နဲ့ ထိုးမိမှာ စိုးရိမ်နေရတာမျိုးလေ... 


ငါးမိနစ်မျှ ရပ်နေပြီးနောက် ရွှယ်ယုံ ခေါင်းလေး စောင်းကာ ပြောလိုက်သည်။ "သွားရအောင်"


ချူရှောင်းရန် အသိပြန်ဝင်လာသည်။ 

"ဆက် နားမထောင်တော့ဘူးလား"


"မလိုဘူး"


သူ ထပ်ပြီး နားထောင်လိုက်ရင် တံခါးကို တွန်းဖွင့်ပြီး သွားကြည့်မိလောက်တယ်...