အပိုင်း ၂၃
Viewers 9k

Chapter 23

ဘယ်လိုလုပ်ပြီး ဒီလောက် ကောင်းနိုင်မှာလဲ




ယွီနျန် အဆိုအတန်း ပြီးသွားသောအခါ မုန့်ယွမ်၏ ရုံးကို အရင်သွားကြည့်လိုက်သည်။ သူဝင်လာသည်နှင့် လက်ထဲတွင် လိမ္မော်သီးတစ်လုံး ရောက်လာခဲ့သည်။ သူ စားရင်း ဝင်ထိုင်လိုက်ပြီး မုန့်ယွမ်ကို မေးလိုက်သည်။


 "အစ်ကိုမုန့်... ပရိုဂရမ်အဖွဲ့ ဆုံးဖြတ်ချက်ချပြီးပြီလား"


"ဟုတ်တယ်... ငါပြောထားတဲ့အတိုင်းပဲ သူတို့က အရည်အချင်းရှိတဲ့ တေးရေးဆရာတွေ ဖိတ်ထားတယ်... တကယ့် ဆရာကြီးတွေပဲ... မင်းတို့ တစ်ယောက်ချင်းစီအတွက် သီချင်းဖန်တီးပေးပြီး တန်းဆိုခိုင်းမှာ"


မုန့်ယွမ် ဖုန်းကို ယမ်းပြလိုက်သည်။ 

"ခုလေးတင် လောင်ဟယ် ပြောနေတာ... သူအစက ယွီချင်းရဲ့ တေးရေးဆရာ စီနျင်းကို ဖိတ်ဖို့ ပိုက်ဆံတွေ အများကြီး သုံးချင်နေခဲ့တာ... ဒါပေမယ့် လှည့်ပတ် မေးကြည့်တာတောင် ဘယ်သူကမှ သူ့နဲ့ ဆက်သွယ်ဖို့ အချက်အလက်တွေ မရှိကြဘူး... ဘယ်သူကမှ သူ့အကြောင်း မသိကြဘူး... သူက ယွီချင်းကိုလည်း ဆက်သွယ်ခဲ့သေးပေမယ့် ယွီချင်းက တန်းငြင်းလိုက်တော့ ငါတို့လည်း ထားလိုက်ရတော့တာ"


လိမ္မော်သီး ခွာနေသည့် ယွီနျန်၏လက်များ တစ်ခဏမျှ ရပ်သွားပြီး ပြန်မဖြေလာခဲ့ပေ။ 


မုန့်ယွမ်မှာ ယွီနျန်၏ သဘာဝမကျသော လှုပ်ရှားမှုများကို သတိမပြုမိသဖြင့် ဆက်ပြောလိုက်သည်။ 


"မင်းရဲ့ အဆိုပိုင်းဆရာကို သေချာမေးထားပြီးပြီ... သူပြောတာ မင်းက တိုးတက်မှုအကြီးကြီးကို လုပ်နိုင်ခဲ့တယ်တဲ့... မင်း အစမ်းမလေ့ကျင့်ရင်တောင် စာသားကို တစ်ချက် ကြည့်ရုံနဲ့ ပြဿနာ ရှိမှာ မဟုတ်တော့ဘူး"


အစမ်းလေ့ကျင့်သောအခါ ဟယ်ချိုးပိုင်သည်လည်း တူညီသော အရာကိုသာ ပြောခဲ့သည်။


"သီချင်းတန်းရေးပြီး ဆိုဖို့က ငါအကြံရခဲ့တာလေ... ငါလိုချင်တာ တကယ့် သက်ရောက်မှု အစစ်ပဲ... စိတ်မလှုပ်ရှားနဲ့... မင်း ဆိုချင်သလိုဆို... ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး"


ယွီနျန်က မိတ်ကပ်လိမ်းရင်း မှန်ရှေ့တွင် ထိုင်နေချိန်တွင် ဟယ်ချိုးပိုင် ပြောသည်ကို ကြားလိုက်ရခြင်း ဖြစ်သည်။ သူ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်ကဲ့ပါ... ဒါရိုက်တာဟယ်... အမှားအယွင်း မရှိအောင် အကောင်းဆုံး ကြိုးစားလိုက်ပါ့မယ်"


ဟယ်ချိုးပိုင် ထွက်လာသောအခါ သူ့ဘေးတွင် ထိုင်နေသည့် ရှားမင်ရှီက စိုးရိမ်ပူပန်စွာဖြင့် သက်ပြင်းချလိုက်သည်။


 "နျန်နျန်... ငါတော့ ဒီတစ်ခေါက် သွားပြီ ထင်တယ်... အသံချော်တာတွေ အသက်ရှုမှားတာတွေ ဖြစ်သွားရင် ဘယ်လို လုပ်ကြမလဲ... ငါ့အဖေ ငါ့ကို လှောင်မှာ သေချာတယ်"


ယွီနျန် သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ 


"အရမ်းကြီး စိတ်လှုပ်ရှားမနေပါနဲ့... တေးရေးဆရာက ဆိုရခက်တာတွေ မရေးလောက်ပါဘူး"


ရှားမင်ရှီ ပလုံးပထွေး ပြောလိုက်သည်။ 

"ငါလည်း မျှော်လင့်ရတာပဲ... မတော်တဆ မဖြစ်ဖို့ ဆုတောင်းရမှာ"


ရှိုး စတင်လာပြီး ယွီနျန် အပါအဝင် လူငါးယောက်က စတိတ်စင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် တက်လာခဲ့ကြသည်။ ပရိတ်သတ်များထံမှ အော်ဟစ်သံများ ပေါက်ထွက်လာခဲ့ပြီး ယွီနျန်ကလည်း သူ့နာမည် ရေးထားသည့် ကတ်ထူပြားများကို တွေ့လိုက်ရသည်။ ထို့နောက် တင်ဆက်သူက အသံမြှင့်လိုက်လေသည်။


 "အခုတော့ နာမည်ကြီး သီချင်းရေးဆရာ မစ္စတာကျန်းပေါ်ကို ဖိတ်ခေါ်လိုက်ကြရအောင်... ကျော်ကြားလှတဲ့ တေးရေးဆရာ အစ်မမြောင်ချူ... နာမည်ကြီး..." 


ကင်မရာက သူရှိရာ နေရာမှ ရွေ့သွားသည်ကို တွေ့သောအခါ ရှားမင်ရှီက ယွီနျန်ကို တိတ်တိတ်လေး ပြောနေလေသည်။


 "ဒီလောက် နာမည်ကြီးတွေ... ရှိုးကတော့ ပိုက်ဆံတွေ အများကြီး သုံးလိုက်ရမှာပဲ... လာတဲ့လူတွေအားလုံးက တကယ့်ဆရာကြီးတွေ"


မုန့်ယွမ်က ယခင်ကတည်းက ယွီနျန်ကို ပြောပြထားခဲ့ဖူးသား ဖြစ်သဖြင့် သူခေါင်းငြိမ့်ပြလိုက်သည်။


 "တကယ်ပဲ... သူတို့ရဲ့ ပုံရိပ် အခကြေးငွေက အရမ်းစျေးကြီးတယ် ပြောတာပဲ"


ရှားမင်ရှီ တိုးတိုးလေး အတင်းပြောလာသည်။ 


"ဝေ့ပေါ်ပေါ်မှာ အရင်က ကောလဟာလ တစ်ခု ရှိခဲ့သေးတယ်... စီနျန်လည်း လာမယ် ဆိုပြီးတော့လေ... အဲ့သတင်းက အရမ်း ပျံ့သွားလို့ ငါတောင် ယုံမိတော့မလို့ ... "


 ထိုအခိုက်မှာပင် ကင်မရာ လှည့်လာပြန်သဖြင့် ရှားမင်ရှီ မြန်မြန် ပါးစပ်ပိတ်ကာ စံအပြုံးလေးကို ဆက်ထိန်းထားလိုက်သည်။ 


ဤတစ်ကြိမ်တွင် ဖိတ်ခေါ်ထားသော တေးရေးဆရာများက အဆိုတော်များအတွက် သီချင်း လက်တန်းရေးပေးမည် ဖြစ်သည်။ အစပိုင်းတွင် တေးရေးဆရာများက ပူးပေါင်းဆောင်ရွက်ချင်သည့် အဆိုတော် တစ်ယောက်ကို ပထမဆုံး ရွေးချယ်မည် ဖြစ်သည်။ 


မြောင်ချူးက သူမရှေ့မှ အစိမ်းရောင်မီးလေးကို အရင်ဆုံး ဖွင့်လိုက်သူ ဖြစ်သည်။ သူမက အလိပ်အကြီးကြီး လုပ်ထားသော ဆံပင်လေးများကို သပ်လိုက်ပြီး ပြုံးပြလိုက်သည်။ 


"ကျွန်မ အချိန်ယူပြီး တွေးမနေချင်တော့ဘူး.... ရှားမင်ရှီအတွက် သီချင်းရေးပေးဖို့ ရွေးချယ်ချင်တယ်"


တင်ဆက်သူက မေးလိုက်သည်။

 "အစ်မမြောင်... အကြောင်းရင်းကို မေးလို့ရမလား"


မြောင်ချူက ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ 


"သူ့အဖေက ကျွန်မကို လေးခေါက်လောက် ဖုန်းဆက်ခေါ်လာတာလေ... သူ့သားကို ရွေးပေးဖို့ ပြောခဲ့တယ်... မဟုတ်ရင် ရှားမင်ရှီတစ်ယောက် မိဘမဲ့ကလေးလို တစ်ယောက်တည်း ကျန်နေခဲ့လောက်တယ်တဲ့... အဆုံးကျ ဘယ်သူမှ သူ့ကို ရွေးချင်ကြမှာ မဟုတ်ဘူးဆိုပဲ ... " 


ပရိတ်သတ်များက မျက်ရည်ကျမတတ် ရယ်မောလိုက်ကြပြီး ရှားမင်ရှီ၏ မျက်လုံးများကလည်း ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားလေသည်။ 


သီချင်းရေးဆရာ ရှောင်းတန်ကလည်း ခေါင်းပေါ်မှ ဦးထုပ်လျှာကို ကိုင်၍ မီးစိမ်းကို ဖွင့်လိုက်သည်။


 "တူတဲ့ အဖေနဲ့ တူတဲ့ လမ်းကြောင်းပါပဲဗျာ... ရှားယွမ်ကလည်း ကျွန်တော့်ကို ဖုန်းဆက်ခေါ်လာပြီး အကြောင်းအရာကလည်း တစ်ထပ်တည်းပဲ... အကျိုးအမြတ် ပေးမယ်လို့လည်း ကတိပေးထားတယ်"


တင်ဆက်သူက သိလိုစိတ် ပြင်းပြနေသည်။

 "ဘယ်လို အကျိုးအမြတ်တွေ ရှိမလဲ မေးလို့ရမလား"


"ဘာဘီကျုး သုံးပွဲ ကျွေးမှာပါ"


မြောင်ချူးကလည်း အံ့အားသင့်ဟန်ဖြင့် ပြန်ဖြေသည်။ "အိုး... ကျွန်မလည်း အတူတူပဲ"


ရှားမင်ရှီက ခြေနှစ်လှမ်း ပြန်ဆုတ်လိုက်ပြီး ကိုယ်ကို လှည့်ကာ ကင်မရာကို ဆက်မကြည့်ချင်တော့ပေ။ ပရိတ်သတ်များက ထပ်ပြီး အားရပါးရ ရယ်မောကြပြန်လေသည်။


လေထု အပူချိန်မြင့်လာသောအခါ တေးရေးဆရာများက ဇာတ်ညွှန်းအတိုင်းပင် စတင်စဥ်းစားလာကြပြီး ရွေးချယ်လာကြလေတော့သည်။ 


တင်ဆက်သူက စည်းကမ်းချက်များ ကြေညာပြီးပြီးချင်းမှာပင် ကျန်းပေါ်က မီးစိမ်းကို နှိပ်လိုက်သည်။

 "ကျွန်တော်ယွီနျန်အတွက် သီချင်း ရေးပေးမယ်"


နာမည် တပ်ခံလိုက်ရသော ယွီနျန်က ခြေတစ်လှမ်း တက်လိုက်ပြီး မိုက်ခရိုဖုန်းကို ကိုင်ကာ နှစ်လိုဖွယ်ကောင်းသည့် အပြုံးလေးတစ်ခုဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။ 


"ကျေးဇူးပါ... ဆရာကျန်း"


မကြာမီပင် ဘေးနားမှ ကျန်းချောင်ကလည်း မီးစိမ်းကို နှိပ်လာခဲ့သည်။ "ဆရာကျန်းပေါ်နဲ့ သီချင်းရေးချင်နေတာ ဆယ်နှစ်လောက် ရှိပြီ... ဒါကြောင့်မို့... ယွီနျန် ငါလည်း မင်းကို သီချင်းရေးပေးမယ်"


ယွီနျန် ထပ်ပြီး ကျေးဇူးတင်လိုက်သည်။


ကင်မရာက ကျန်းပေါ်ကို ဦးတည် ရိုက်ကူးနေသဖြင့် ကျန်းပေါ်က တန်းပြောလိုက်သည်။


 "လုပ်ထုံးလုပ်နည်းအရဆို... တင်ဆက်သူက ကျွန်တော် ဘာလို့ ယွီနျန်ကို ရွေးလဲလို့ မေးရမှာဆိုတော့ ကျွန်တော်ကပဲ ဆက်ပြီး ဖြေလိုက်ပါမယ်"


သူက ရှပ်အင်္ကျီကော်လာမှ မိုက်ကို ကိုင်လိုက်သည်။ "ယွီနျန် သီချင်းဆိုတာကို ပထမဆုံး နားထောင်ခဲ့ရတာကတော့ ကျွန်တော့်သူငယ်ချင်းက အကြံပေးလာလို့ပါ... သူကပြောတယ်... ကျန်းပေါ် ဒီကောင်လေး ဆိုတာကို နားထောင်လိုက်... လုံးဝ နောင်တရမှာ မဟုတ်ဘူး ဆိုပြီးတော့လေ... ကျွန်တော် ဖွင့်ကြည့်လိုက်တော့ အလှမ်းဝေးတဲ့ကြယ်ကို ဆိုနေတာ တွေ့တယ်... ဘာလို့ ဒီသီချင်းမှလဲ... ဒါက ဆိုဖို့ အရမ်းခက်တာလေ"


သူ တမင်သက်သက် စကားရပ်လိုက်ပြီးနောက် တစ်ခဏအကြာ ဆက်ပြောလိုက်သည်။ "ရလဒ်အနေနဲ့... ပိတ်လိုက်ဖို့ တွန့်ဆုတ်နေခဲ့ပြီး တစ်ညလုံး ဖွင့်မိနေတော့တာပဲ"


"အဲ့ဒီအချိန်တုန်းက ကျွန်တော်တွေးမိတာ အခွင့်အရေး ရှိခဲ့ရင် ဒီအသံပိုင်ရှင်အတွက် သေချာပေါက် သီချင်းရေးပေးမယ်"


ယွီနျန်က စကားမပြောဘဲ ကျန်းပေါ်ကိုသာ စိတ်ရင်းဖြင့် ဦးညွှတ် အရိုအသေပေးလိုက်သည်။


ကျန်းချောင်၏ ရွေးချယ်မှုအတွက်ကား စကားတစ်လုံးတည်းသာ၊ "ကျွန်တော်ကတော့ ဆရာကျန်းရဲ့ အမြင်ကို ယုံကြည်တယ်"


ရွေးချယ်မှုအပိုင်း ခပ်မြန်မြန် ပြီးဆုံးသွားပြီး ယွီနျန်နှင့် အခြားသူများက နားနေခန်းအတွင်းသို့ ဝင်လာခဲ့ကြသည်။


ရှားမင်ရှီက ယွီနျန်ကို ပျင်းတိပျင်းရွဲ မှီနေရင်း ခါးသီးနေသော မျက်နှာဖြင့် အထွန့်တက်နေလေသည်။ 


"ဘာလို့ ငါ့အဖေက ဒီလိုမျိုး ဖြစ်နေရတာလဲ... အဓိကကလေ သူ့ရဲ့ တန်ဖိုးကြီး သားလေးက ဘာဘီကျုး သုံးပွဲပဲ တန်တာတဲ့... ဘာဘီကျုး သုံးပွဲတဲ့... ငါ့အမေကို သွားတိုင်မယ်"


ယွီနျန် ပြုံးလျက် ဆိုလိုက်သည်။


 "ပျော်ပျော်နေစမ်းပါ မင်ရှီရာ... ဘာဘီကျုး သုံးပွဲက ဘာမှားလို့လဲ"


ရှားမင်ရှီ ယွီနျန်ကို စိုက်ကြည့်လိုက်သည်။

 "နျန်နျန်... မင်းက တကယ်တော့ ငါ့အဖေဘက်ကပဲ... ငါတို့ရဲ့ ခင်မင်မှုက ဒီမှာပဲ အဆုံးသတ်ပြီ"


တစ်စုံတစ်ယောက်က ယွီနျန်ကို အင်တာဗျူး လာလုပ်သည်။ "ဆရာကျန်းပေါ်နဲ့ ဆရာကျန်းချောင်က မင်းအတွက် သီချင်းရေးပေးတော့မယ်... ဖိအားများနေလား" ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။


 "ဖိအားကတော့ အတော်လေး များတယ်... ကျွန်တော်က သီချင်းကို ဖျက်မိမှာပဲ စိုးရိမ်နေတာပါ... ဒါပေမယ့် ကျွန်တော် သေချာပေါက် အကောင်းဆုံး ကြိုးစားသွားမယ်"


ရှားမင်ရှီကလည်း တူညီသော မေးခွန်းကိုပင် အမေးခံလိုက်ရပြီး ကင်မရာကို မျက်နှာထားတင်းတင်း လုပ်ပြလိုက်သည်။ 


"ကျွန်တော်လည်း အကောင်းဆုံး ဆိုသွားမှာပါ... ကျွန်တော့်အဖေရဲ့ ဘာဘီကျူး သုံးပွဲကို အလကား အဖြစ်မခံနိုင်ဘူး"


နာရီဝက်အကြာ အပြီးသတ် ရေးထားသော သီချင်းများက ယွီနျန်နှင့် အခြားသူများထံ ရောက်လာခဲ့သည်။


ရှားမင်ရှီ သူ့စာရွက်ကို ကြည့်လိုက်သည်။ "ကျွတ်... ငါ့အဖေက ငါ သီချင်းဆို ညံ့တာကို ပြောထားပြီးသား ဖြစ်ရမယ်... ဒီသီချင်းက တကယ် မခက်ဘူး... ချောချောမွေ့မွေ့ ဆိုနိုင်လောက်တယ်"


သူ စပ်စပ်စုစုဖြင့် ကိုယ်ကို ကိုင်းကာ ယွီနျန်၏ သီချင်းကို ကြည့်လိုက်ပြီး အသံကိုပင် ထိန်းမထားနိုင်တော့ပေ။ "ဖာခ့်... ဒီ အမြင့်သံလှိုင်းကြီးက... မင်းတကယ်ပဲ ဆိုနိုင်ပါ့မလား"


ယွီနျန်ကလည်း ကြည့်နေပြီး တေးသွားနှင့်အတူ နှစ်ကြိမ်မျှ လိုက်ငြီးလိုက်သည်။


 "အထွဋ်အထိပ်နေရာက တကယ်ခက်တာပဲ" သူ့မျက်လုံးများ ဝင်းလက်သွားလေသည်။


 "ဒါပေမယ့် ဒီသီချင်းကတ ကယ်ကောင်းတယ်... သေသေချာချာ ရေးထားပဲ" 


ယွီနျန်မှာ နောက်ဆုံးမှ သီဆိုရန် မဲကျပြီး စာသားနှင့် သံစဥ်ကို ရင်းနှီးလာရန် အချိန်ရလိုက်သည့်အတွက် အမှန်ပင် ဝမ်းသာနေခဲ့သည်။ သူက ကိုယ်ပိုင် လိုအပ်ချက်များကို သိနေပေသည်။ အမြင်ပိုကျယ်ရန်အတွက် စာသားကို အခါဒါဇင်ခန့်မျှ ဖတ်လိုက်ပြီး အသံမထစ်သွားရန် သေချာလုပ်ကာ သံစဥ်အပေါ်တွင် အလေးထားကြည့်လိုက်သည်။


သူရှိုးကို ရောက်ခါစသာ ဖြစ်ပါက ဤသီချင်းကို သေချာပေါက် ဆိုရဲလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ယခုတွင် သူက အဆိုသင်ခန်းစာများကို နေ့တိုင်း သင်ယူထားပြီး စတိတ်စင်ပေါ်တွင် သီချင်းဆိုရသည်ကို ကျင့်သားရနေပြီးသား ဖြစ်၍ ယခုတွင် ကြိုးစားကြည့်နိုင်သည်။


ဤတစ်ကြိမ်၌ တေးရေးဆရာများ၏ မှတ်ချက်များလည်း ရှိသေးသည့်အတွက် စောင့်ဆိုင်းချိန်က ပိုကြာသည်။ ယွီနျန် အလှည့်ရောက်လာသောအခါ တစ်နာရီကျော်ပင် ကြာနေလေပြီ။


သူက နားကြပ်တပ်လိုက်ကာ စင်၏ အလယ်တွင် ရပ်နေခဲ့သည်။


အလင်းရောင် မဖွင့်ရသေးသဖြင့် ဘေးပတ်ဝန်းကျင်တစ်ခုလုံး မဲမှောင်နေခဲ့သည်။ အလင်းရောင် ပျောက်နေသဖြင့် တီးတိုးရေရွတ်သံများ တဖြည်းဖြည်း ထွက်ပေါ်လာပြီးနောက် ယွီနျန်၏ အသံနိမ့်နိမ့်လေး လိုက်ပါလာခဲ့သည်။


🎼 "အသီးဝိုင်ပြင်းပြင်းတစ်ခွက်ကို ထည့်လိုက်ပြီးတော့ ရေကန်နဲ့ မြစ်တွေထဲကို လောင်းချလိုက်မိတယ်... အချိန်က ရေလိုပဲ ရပ်တန့်သွားလေမလား"]🎼


စာသား၏ တိုးတက်လာမှုဖြင့် လူတိုင်း၏ အကြားအာရုံကို ယွီနျန်၏ သိမ်မွေ့နူးညံ့ပြီး တိုးညှင်းလှသော အသံလေးက သိမ်းပိုက်သွားပြီး အားလုံး တိတ်ဆိတ်သွားကြလေသည်။


🎼"ကိုယ်အကြာကြီး စောင့်ဆိုင်းပြီး အတိတ်ကို ပြင်ဆင်ချင်ခဲ့... ကမ္ဘာကြီးက ရယ်စရာကောင်းလိုက်တာ... ကိုယ့်နှလုံးသားသော့လေးတော့ ကျောက်ဖြစ်သွားပြီ ထင်ပါရဲ့"🎼


နောက်ဆုံးစာသား ရပ်တန့်သွားသည့်အခါ တယောသံလေး အစားထိုးလာခဲ့သည်။ ဆယ်စက္ကန့်အကြာ သီချင်းသံ လုံးဝ ရပ်သွားသည်။ ကြည့်ရှုနေကြသော ပရိတ်သတ်များမှာ အဆုံးတွင် အသိပြန်ဝင်လာကြပြီး လက်ခုပ်တီးသံများက စတိတ်စင်ဘေးတဝိုက်တွင် ဒီရေ အလား တက်လာနေခဲ့လေသည်။ 


ယွီနျန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး အပြုံးလေးတစ်ခုဖြင့် ဦးညွှတ်လိုက်သည်။


 "အားလုံးပဲ ကျေးဇူးတင်ပါတယ်... ကျွန်တော် သီချင်းဆိုလို့ ပြီးသွားပါပြီ"


အလင်းရောင်များက တောက်ပနေလေပြီး တင်ဆက်သူကလည်း စင်ပေါ်သို့ တက်လာခဲ့ကာ ပုံမှန်အတိုင်းပင် တေးရေးဆရာများကို အင်တာဗျူး လုပ်လိုက်သည်။


 "တစ်ဆိတ်လောက်ပါ... ဆရာနှစ်ယောက်တို့... ဆရာတို့ ပြချင်တာကို ယွီနျန်က ဖော်ပြသွားနိုင်ခဲ့ရဲ့လား"


ကျန်းချောင်က ကျန်းပေါ်ကို ကြည့်လိုက်ပြီးနောက် အရင်ဆုံး ပြောလိုက်သည်။ 


"ကျွန်တော် အရမ်း အံ့အားသင့်သွားတယ်" 

သူ အလေးအနက် မှတ်ချက်ပြုနေခြင်း ဖြစ်သည်။


 "ကျွန်တော် ဆရာကျန်းပေါ်နဲ့ သီချင်းအတူရေးတော့ ဘယ်လို အမျိုးအစားမျိုး ရေးရမလဲလို့ မေးခဲ့တယ်... ဆရာကျန်းက တခြားသူအတွက် နေစရာတောင် ချန်မပေးထားဘူးဗျာ... ခက်ခဲမှုအမြင့်ဆုံးကို ရေးမယ်လို့ တန်းပြောတော့တာပဲ... ပြီးတော့ ဒီသီချင်း ထွက်လာတယ်"


သူနှာခေါင်းပွတ်လိုက်မိသည်။ 


"ကျွန်တော် ပြောချင်တဲ့ တစ်ခုတည်းသောအရာက မင်း အရမ်းကို ကောင်းကောင်း ဆိုခဲ့တယ်... အနာဂါတ်မှာ အယ်လ်ဘမ်တစ်ခု လုပ်ချင်တယ်ဆိုရင် အခမဲ့ သီချင်းရေးပေးဖို့ ဆန္ဒရှိပါတယ်"


ယွီနျန် ဦးညွှတ်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။ 


ကျန်းပေါ်က ဘောပင် လှည့်နေရင်းဖြင့် မပြောခင် ကိုယ်ရည်သွေးလိုက်သေးသည်။ 


"ကျွန်တော်က တော်တော်လေး အမြင်ကောင်းမှန်း သိသွားရပြီ"


ပရိတ်သတ်များမှာ သူ့စကားများကြောင့် ရွှင်မြူးသွားကြလေသည်။ 


"ကျွန်တော်နဲ့ ဆရာကျန်းချောင်တို့ ရေးထားတဲ့ ဒီသီချင်းကို ယွီနျန် ဆိုသွားခဲ့တယ်... ပြီးတော့လည်း ဆိုဟန်တွေက အရင်ကဟာတွေနဲ့ ကွဲပြားနေတယ်... ဒီတစ်ကြိမ်တော့ သူက အသံကို ပိုပြီး ပွင့်အောင်နဲ့ အက်ရှရှ ဖြစ်အောင် ထိန်းသွားတော့ နားထောင်နေတဲ့သူတွေကို နှင်းတွေဝေနေတဲ့ အသံလိုမျိုး ခံစားချက်ရသွားစေတယ်... အသံထွက်အားကလည်း ပေါ့ပါးတယ်... အသံအိုး အနေအထားကလည်း နိမ့်တော့ အသံအိုးသာ သွက်သွက်လက်လက် မပွင့်ရင် တချို့ စာကြောင်းတွေမှာ အတင်းဖျစ်ညှစ် ဆိုရသလို ဖြစ်သွားမှာ... အမြင့်သံ အပိုင်းတွေလည်း ကြာပြီး အကူးအပြောင်းတွေမှာရော ဆိုတော့ အရမ်းကို အံ့သြဖွယ်ရာပါပဲ... အရမ်းကို လှပလွန်းပါတယ်ဗျာ...."


ကျန်းပေါ်က ဘုတ်ပြားပေါ်တွင် စကားလုံးလေးလုံး ရေးလိုက်ပြီး စတိတ်စင်ဘက်သို့ လက်နှစ်ဖက်လုံးဖြင့် လှည့်ပြလိုက်သည်။ ရှင်းရှင်းလင်းလင်း ဖတ်ပြရသော် 'သဘာဝရဲ့သံစဥ်' ဟူ၍ ဖြစ်သည်။


"ကျွန်တော် ပြောချင်တာတော့ ဒါပါပဲ"


ကျန်းပေါင် "သဘာဝရဲ့ သံစဥ်" ဟုရေးထားသော ဘုတ်ပြားကိုလည်း ရိုက်ကူးနေပြီး ပရိုဂရမ် ထုတ်လွှင့်သောနေ့တွင် ဝေ့ပေါ်၌ "ဒီခရီးစဥ်ကတော့ အလကား မဖြစ်ခဲ့ဘူး" ဟူသော စာဖြင့် ပိုစ့်တင်ထားခဲ့သည်။


တစ်ချိန်တည်းမှာပင် #ယွီနျန်သဘာဝရဲ့သံစဥ်# ကလည်း အချိန်တိုအတွင်းမှာပင် hot search သို့ ရောက်လာခဲ့သည်။ 


[တစ်ခါတည်းနဲ့ သုံးကြိမ် နားထောင်ပြီးသွားပြီ... အရမ်းကောင်းတာပဲ... ငါ့နှလုံးသားလေးကို ထိရှသွားပြီ... ငါ့အခန်း တံခါးကနေ ဖြတ်သွားတဲ့ ငါ့အမေကတောင် ငါနဲ့ အတူ လာနားထောင်ပြီး ဘယ်သူ ဆိုထားတာလဲ လာမေးနေတာ]


[No. 1... No. 1... No. 1 ထပ်ပြီး အား... နျန်နျန်က ဆရာကျန်းပေါ်နဲ့ ကျန်းချောင်တို့ ရေးထားတဲ့ သီချင်းကို တကယ်ကြီး ဆိုနေတယ်... ကောင်းကင်ဘုံသားတွေ စုစည်းနေတဲ့ နေရာလား... အား... နောက်ထပ် အယ်လ်ဘမ်ကို စောင့်မျှော်နေပါတယ်] 


[တကယ့်ကို သဘာဝရဲ့ သံစဥ်ပါပဲ... ငါက နျန်နျန်ရဲ့ မျက်နှာလေးကို သဘောကျခဲ့တာ... အခုတော့ အတိတ်တုန်းက မျက်နှာလေးပဲ တန်ဖိုးထားတတ်တဲ့သူဆိုတာ နားလည်သွားပြီ]


[အား... ဒီမောင်လေးကို ခိုက်သွားပြီဟေ့... အား... သူက ဘယ်သူလဲ အသံ အရမ်းကောင်းတာပဲ]


[အစကနေ အဆုံးထိ နျန်နျန်ရဲ့ အကြည့်က စာသားပြစက်ကနေ မလွဲသွားတာကို သတိထားမိတာ ငါတစ်ယောက်တည်းလား... ဟားဟားဟား ရယ်လိုက်ရတာ... ချစ်ဖို့ကောင်းချက်.... နှစ် တစ်သောင်းစာလောက် ချစ်မိနေပြီ]


မုန့်ယွမ်က လေ့ကျင့်ရေး အခန်းအတွင်း ဝေ့ပေါ်ကို အပေါ်အောက် ဆွဲနေပြီး ယွီနျန် အကလေ့ကျင့်ပြီးသွားသောအခါ တဘက်တစ်ထည် ကမ်းပေးလိုက်သည်။


 "ချွေးသုတ်လိုက်ဦး... အအေးမိနေမယ်" 


သူ ဖုန်းကို ထပ်ယမ်းပြလိုက်ပြီး မျက်လုံးထောင့်စွန်းများ၌ အပြုံးများ ပြည့်နေလေသည်၊


 "ငါအခု တည်ငြိမ်သွားပြီ... ရှိုးလွှင့်တိုင်း မင်း hot search ဝင်နေတာ... အခုထိ ငါ ကျင့်သားမရသေးဘူး... ဝယ်စရာကို မလိုဘူးကွ... တကယ် တွက်ချေကိုက်တယ်"


ယွီနျန်က နှုတ်ခမ်းထောင့်လေးများကို ကိုင်းညွှတ်ကာ ချွေးသုတ်လိုက်ပြီးနောက် ရေဘူးကို ကိုင်၍ ရေတစ်ငုံ သောက်လိုက်သည်။ ထိုအခိုက်တွင် မုန့်ယွမ်၏ အသံက ရုတ်တရက် အနည်းငယ် ထူးဆန်းလာခဲ့သည်။


“နျန်နျန်... တစ်ချက်လာကြည့်မလား"


ယွီနျန်၏ နှုတ်ခမ်းလေးများက ရေစိုနေပြီး ထိုစကားကို ကြားချိန်၌ ခေါင်းလေး စောင်းကြည့်လိုက်သည်။


 "ဘာကြည့်ရမှာလဲ" 


ထို့နောက် သူ့အကြည့်များက ဖုန်းမျက်နှာပြင်ပေါ် ကျရောက်သွားပြီး ထိပ်ဆုံးတွင် ဝေ့ပေါ် ပိုစ့်အသစ်တစ်ခု ရှိနေသည်။


ရွှယ်ယုံ: #ယွီနျန်သဘာဝရဲ့သံစဥ်# autotune ထည့်ထားတာပဲ ဖြစ်ရမယ်... ဒီလောက်ကောင်းကောင်း ဆိုနိုင်ဖို့ ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ"


မိနစ်နှစ်ဆယ်အကြာ #ရွှယ်ယုံယွီနျန်# နှင့် #ယွီနျန်ကဘယ်သူလဲ# ဟူသော ခေါင်းစဥ်နှစ်ခုက hot searchသို့ အတူတကွ ရောက်လာကြလေသည်။


(ဥက္ကဌရွှယ်ရဲ့ antifan ဖြစ်ခြင်းအစ)

[T/N autotuneက အသံeffectပါ... လှိုင်းသံလို့ ပြောရမလား... western rapperတွေ အများကြီး သုံးကြပါတယ်]