ယန်ကျင်းဇီသည် သိုလှောင်ရုံမှ ပစ္စည်းများစွာကို ရွေးယူလာသည်။ ကျိုးဝမ်ရှိူ့သည် ၎င်းတို့ကို အထုပ်တစ်ထုပ်ထဲတွင် ထုပ်ပိုးပြီး သူ့အတွက် တိတ်တဆိတ် ကူညီသယ်ပေးကာ သူ ကိုင်ရန်အတွက် ဟင်းခတ်အမွှေးအကြိုင် အထုပ်သေးတစ်ထုပ်ကိုသာ ချန်ရစ်ထားသည်။
ယန်ကျင်းဇီသည် နောက်ထပ် ချိုသာသော စကားအနည်းငယ်ကို ပြော၍ ကျိုးဝမ်ရှိူ့ကို ကျေးဇူးတင်လိုက်သည်။
ကျိုးဝမ်ရှိူ့သည် သယ်ဆောင်ထားသော ပစ္စည်းများမှာ မလေးပင်တော့ဟု ရုတ်တရက် ခံစားလိုက်ရသည်။
သူတို့နှစ်ဦး သိုလှောင်ရုံထဲမှ ပစ္စည်းအထုပ်ကြီးငယ်များနှင့် ထွက်လာသောအခါ လူတချို့၏ မျက်ဝန်းများမှာ အားကျမှုကြောင့် နီရဲသွားကြသည်။
မူလပိုင်ရှင်သည် အတိတ်ကာလတွင် ပျင်းရိပြီး လောဘကြီးသော်လည်း သူသည် ဇွန်ဘီများနှင့် တခြားအရာများကို ကြောက်ရွံ့သောကြောင့် အပြင်သိပ်မထွက်ဖြစ်ဘဲ စားသောက်ရန် ကန်တင်းသို့သာ မကြာမကြာ သွားဖြစ်သည်။
ကျိုးဝမ်ရှိူ့သည် ယခုအခါ ဆရာများ၏ အဆောင်တစ်ခုတွင် နေထိုင်လျက်ရှိပြီး ၎င်းတွင် အခြေစိုက်စခန်း၏ အုပ်ချုပ်သူများအားလုံး နေထိုင်နေကြသည်။ လူတိုင်းသည် ဘေးချင်းကပ်ရပ်ရှိ မဟာကန်တင်းတွင်သာ စားကြသည်...
တခြားစကားဖြင့်ဆိုလျှင် မူလပိုင်ရှင်သည် သူစိမ်းများ၏ ရှေ့တွင် တကယ့်ကို သွားလာခြင်းမရှိ။
သို့သော် ယခု ယန်ကျင်းဇီ... သူသည် ပြန်ပေးဆွဲခံရပြီး ကျိုးဝမ်ရှိူ့က သူ့ကို ထောက်ပံ့ပစ္စည်းများနှင့် ပြန်ခေါ်လာကာ သူက သိုလှောင်ရုံသို့ သွား၍ ပစ္စည်းများကို ရလာသည်...
လူမည်မျှ သူ့ကို မနာလိုဖြစ်နေကြမှန်း မသေချာချေ။
အခြေစိုက်စခန်း လုံခြုံရေး ဝတ်စုံဝတ်ထားသည့် လူတစ်ဦးသည် ကျိုးဝမ်ရှိူ့ထံသို့ ရောက်လာပြီး မကျေမနပ်ဖြစ်စွာ ပြောသည်။ " ဥက္ကဌ၊ ငါတို့ရဲ့ အခြေစိုက်စခန်း ပထမဆုံး စတည်ထောင်တုန်းက အလုပ်မလုပ်တဲ့ လူမှာ စားစရာ မရှိဘူးလို့ မင်း ပြောခဲ့တယ်။ အခု မင်းက မင်းရဲ့စကားကို မတည်တော့တာလား? "
တက္ကသိုလ်မြို့တော် အခြေစိုက်စခန်း ပထမဦးဆုံး ဖွင့်လှစ်တည်ထောင်စဉ် ပျက်စီးနေသော ကျောင်းသားတချို့က စစချင်းတွင် အလုပ်မလုပ်ချင်ခဲ့ကြချေ။ ကျိုးဝမ်ရှိူ့သည် သူတို့ကို အလုပ်လုပ်ရန် ဖိအားပေးခဲ့သည်... အခု သူက ယန်ကျင်းဇီကို အရမ်းအလိုလိုက်နေတာလား?
ဤလူသည် ယခင်က ကျိုးဝမ်ရှိူ့ထံမှ ဖိအားပေးခံခဲ့ရပြီး သဘာဝကျစွာပင် ယခု သူသည် မခံမရပ်နိုင်ဖြစ်နေသည်။
" အလုပ်မလုပ်တဲ့သူတွေကို စားစရာ မဖြန့်ဝေဘူး။ စည်းမျဉ်းက ဘယ်တော့မှ မပြောင်းလဲဘူး။ " ကျိုးဝမ်ရှိူ့က ဆိုသည် : " စားစရာက ငါ့အပိုင်။ ငါ သူ့ကို ပေးဖို့ ဆန္ဒရှိတာက စည်းမျဉ်းတွေကို မဆန့်ကျင်ဘူး။ "
သူတို့၏ အခြေစိုက်စခန်းတွင် ယန်ကျင်းဇီတစ်ယောက်တည်းသာ အလုပ်မလုပ်ခြင်း မဟုတ်ချေ။
များစွာသော ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် လူနာများသည် လုံးဝ အလုပ်မလုပ်နိုင်ကြပေ။ ဤလူများတွင် မိသားစုဝင်များ မရှိလျှင် သူတို့သည် အခြေစိုက်စခန်း၏ လူမှုဖူလုံရေး ထောက်ပံ့မှုဖြင့် အသက်ရှင်နေထိုင်ကြသည်။ သူတို့တွင် မိသားစုဝင်များ ရှိလျှင် သူတို့သည် လူမှုဖူလုံရေး ထောက်ပံ့မှုနှင့် မိသားစုဝင်များ၏ အလုပ်အမှတ်များဖြင့် နေထိုင်ကြ၏။
ထို့အပြင် ကျန်းမာသော်လည်း အလုပ်မလုပ်ချင်သော လူငယ်များလည်း ရှိသည်... ကျားဝမ်ဟန် အနားမှ မိန်းမတချို့သည် လုံးဝ အလုပ်မလုပ်ကြဘဲ တချို့က ကျားဝမ်ဟန်နှင့် ဆက်ဆံရေးကို မှီခို၍ အထူးလွယ်ကူသော အလုပ်များကို ရှာဖွေကြသည်။
သူတို့၏ အပြုအမူက မှားသော်လည်း စည်းမျဉ်းများကို မဆန့်ကျင်ချေ။
" သူက ဆန်ပျော့စားတဲ့ ယောက်ျားကြီးတစ်ယောက်ပဲ။ အဲ့ဒါ ရှက်စရာမကောင်းဘူးလား? " ရန်ဖြစ်ရန် ရောက်လာသူက ထပ်ပြောသည်။
ယန်ကျင်းဇီ မျက်ဖြူလှန်လိုက်သည်။ သူသည်လည်း ဆန်ပျော့စားသူများကို အထင်သေးသော်ငြား သူ့ဝမ်ရှိူ့က သူ့ကို ဆန်ပျော့စားခွင့်ပေးရန် ဆန္ဒရှိသည်။ အခြားသူတွေ သူ့ကို အပြစ်တင်ခွင့် မရှိဘူး!
ကျိုးဝမ်ရှိူ့ ဘာတွေးနေတာလဲ မသိဘူး... ယန်ကျင်းဇီ ကျိုးဝမ်ရှိူ့ကို ကြည့်လိုက်သည်။
ကျိုးဝမ်ရှိူ့သည် ထိုသူကို အေးစက်စွာ ကြည့်သည် : " မင်းနဲ့ဘာမှမဆိုင်ဘူး! " သူ့ကျင်းဇီက နေမကောင်းပေ။ သူ အလုပ်ထွက်မလုပ်နိုင်တာ သူများတွေနဲ့ ဘာဆိုင်သလဲ?
ကျိုးဝမ်ရှိူ့သည် အံ့အားသင့်စရာကောင်းလှစွာ ဤကဲ့သို့ ယန်ကျင်းဇီကို ကာကွယ်သည်... ပြဿနာရှာနေသူက ယန်ကျင်းဇီကို ရက်စက်ယုတ်မာစွာ မျက်စောင်းထိုးကြည့်လာသည်။
ယန်ကျင်းဇီသည် ချက်ချင်းပင် ကျိုးဝမ်ရှိူ့ကို မှီချလိုက်သည် : " ဝမ်ရှိူ့၊ သူ ငါ့ကို စိုက်ကြည့်နေတယ်! "
ကျိုးဝမ်ရှိူ့ မျက်မှောင်ကြုတ်သွားသည်။
ထိုသူက ကျိုးဝမ်ရှိူ့ကို မဆန့်ကျင်ရဲချေ။ ဤသည်ကို တွေ့သော် သူက ထိတ်လန့်ပြီး အဆောတလျင် ထွက်သွား၏။
ထိုအခါမှသာလျှင် ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို အိမ်ပြန်ခေါ်သွားသည်။
ဤကာလအတွင်း ယန်ကျင်းဇီသည် အထူးတလည် ရိုက်နှက်ခံရပုံပေါ်နေသည့် ပတ်ဝန်းကျင်ရှိ ပွဲလာကြည့်သူများကို ပြုံးလျက် ကြည့်လာသည်။
သူ့ကို ဤသို့တွေ့လိုက်ရသူများ : " ... "
ဤယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့ထံသို့ ဝန်ခံရန် ထွက်လာစဉ်က ပိန်ပါးနေခဲ့ပြီး ယခုအခါတွင် ဝဖြိုးနေပြီဖြစ်သည်။
သူသည် အလွန်ချောမောပြီး ဖြူဖျော့သော အသားအရည်နှင့် အတော်လေး ငယ်ရွယ်ပုံပေါ်သည်။ သူသည် ကမ္ဘာမပျက်ခင်က အနုပညာရှင်များနှင့် အခြားသော နာမည်ကြီးသည့် ကျော်ကြားသူကြယ်ပွင့်များထက် မခြားနားဘဲ သူ့အရပ်ကလည်း မြင့်မားသည်ကို ထည့်ပြောရန်ပင် မလို။
၁.၈ မီတာကျော် အရပ်ရှည်သော ကျိုးဝမ်ရှိူ့နှင့် မတ်တပ်ရပ်နေလျှင်ပင် နှစ်ယောက်သားက အရပ်အတူတူလောက် ဖြစ်နေသည်။
ပြောရမယ်ဆိုရင် အဲ့လိုလူမျိုးမှာ တက်တက်ကြွကြွ စိတ်ပါဝင်စားမှု လုံးဝ မရှိတာက လူကျင့်ဝတ်ကို အောက်တန်းကျစေတယ် ဒါမှမဟုတ် လူ့သဘာဝရဲ့ ပျက်စီးမှုများလား?
အိုး...... သူတို့လည်း အဲ့လိုနေချင်တယ်!
သူက ကျိုးဝမ်ရှိူ့၏အနားသို့ သွားသည် : " ဝမ်ရှိူ့၊ မင်းက ငါ့အပေါ် အရမ်းကြင်နာတာပဲ။ "
" အင်း " ကျိုးဝမ်ရှိူ့ ခဏတွေးလိုက်ပြီး အားလပ်သော လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ယန်ကျင်းဇီ ကိုင်ဆောင်ထားသော ဟင်းခတ်အမွှေးအကြိုင် နည်းနည်းသာပါသည့် အိတ်အသေးလေးကို ယူလိုက်သည်။
ယန်ကျင်းဇီ ချက်ချင်း လက်အားသွားသည်။
ယန်ကျင်းဇီ : " ... " ဒီခံစားချက်က တကယ်ပဲ အတော်လေး မိုက်တယ်။ မူလပိုင်ရှင် မျက်နှာဖြူလေး ဖြစ်ချင်တာ မဆန်းတော့ပါဘူး!
" ဝမ်ရှိူ့၊ ငါ အရမ်းအသုံးမကျရင် မင်း ငါ့ကို မကြိုက်ဘူးလား? " ယန်ကျင်းဇီက မေးသည်။
" မဟုတ်ဘူး။ " ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီ အသုံးမကျမှန်း အစကတည်းက သိထားပြီး သူ့ကို မနှစ်သက်ခြင်းမျိုး ဘယ်တော့မှ မဖြစ်ချေ။
" ငါ အသက်ကြီးလာပြီး ဆွဲဆောင်မှုမရှိတော့ရင်ရော မင်း ငါ့ကို စွန့်ပစ်မှာလား? " ယန်ကျင်းဇီသည် ကာရံနဘေကိုက်စွာ ဆက်လက်မေးမြန်းသည်။
" ငါ မလုပ်ဘူး။ " ကျိုးဝမ်ရှိူ့သည် သေချာပြီး သူ့ကို ထပ်မံနှစ်သိမ့်လိုက်သည်။ " မင်း အသက်ကြီးလာရင်တောင် ရုပ်ဆိုးမှာ မဟုတ်ဘူး။ "
" ဝမ်ရှိူ့၊ မင်း စကားပြောတာ အရမ်းချိုမြိန်တယ်! "
ကျိုးဝမ်ရှိူ့ ခပ်ဖွဖွ ချောင်းဆိုးလိုက်သည်။
ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို အိမ်တွင် ထားခဲ့ပြီး ထွက်ခွာသွားခဲ့သည်။
သူ့တွင် မုန့်ကျားယင်၏ ရာထူးလွှဲပြောင်းမှု အစရှိသော လုပ်စရာကိစ္စများစွာ ရှိသေးသည်။
မည်သို့ပင်ဖြစ်စေ မုန့်ကျားယင်ကဲ့သို့ လက်ထောက်မျိုးကို သူ လိုချင်ရန် မဝံ့ရဲချေ။
ကျိုးဝမ်ရှိူ့ ထွက်သွားပြီးနောက် ယန်ကျင်းဇီသည် ယနေ့ သူ သယ်ယူလာသော ပစ္စည်းများကို ထုပ်ပိုးပြီး အပြင်ထပ်ထွက်ပြန်သည်။ သူသည် ပစ္စည်းများ လဲလှယ်ရန် ဘေးချင်းကပ်ရပ်ရှိ မဟာကန်တင်းသို့ သွားချင်သည်။
သိုလှောင်ရုံတွင် ထိန်းသိမ်းရန် လွယ်ကူသော စားနပ်ရိက္ခာများနှင့် ပြည့်နှက်နေပြီး လတ်ဆတ်သော အသားနှင့် ဟင်းသီးဟင်းရွက်များကို မရရှိနိုင်ချေ။ သူသည် ဟင်းချက်ရန် အသားနှင့် ဟင်းသီဟင်းရွက်တချို့ကို လဲလှယ်ရန် အဆင်သင့်ပြင်လာသည်။
ထောက်ပံ့အမှတ်များ ထည့်သွင်းရန် အခြေစိုက်စခန်း အသုံးပြုသည်မှာ မူလက ကောလိပ်ကျောင်းသားများ အသုံးပြုနေသော ထမင်းစားကဒ် ဖြစ်သည်။
တစ်နေ့တာ အလုပ်လုပ်ပြီးနောက် အခြေစိုက်စခန်းသည် ထောက်ပံ့ရေးသတ်မှတ်ချက်အတိုင်း ထောက်ပံ့အမှတ်များ၏ ကွဲပြားသော ပမာဏများကို ပေးမည်ဖြစ်ပြီး ၎င်းမှာ ထမင်းစားကဒ်ထဲတွင် ထည့်ထားမည်ဖြစ်သည်။
ကျိုးဝမ်ရှိူ့၏ ကဒ်တွင် ထောက်ပံ့အမှတ်များစွာ ရှိသောကြောင့် အခြေခံအားဖြင့် ယန်ကျင်းဇီသည် သူ အလိုရှိရာ ပါဝင်ပစ္စည်းများကို ဝယ်ယူနိုင်သည်။
ယန်ကျင်းဇီသည် ပဲပင်ပေါက်တချို့၊ အသားတချို့၊ ခရမ်းချဉ်သီးများနှင့် ဥများကို ဝယ်ယူခဲ့ပြီး လှီးဖြတ်ထားသော ဝက်သားပြုတ်၊ ခရမ်းချဉ်သီးနှင့် ကြက်ဥရောမွှေချက်ကို ချက်ပြုတ်ရန် ရည်ရွယ်ထားသည်။
မူလပိုင်ရှင်သည် ငယ်စဉ်ကတည်းက သူ့မိဘများ၏ အလိုလိုက်မှုကို ခံစားခဲ့ရသော်လည်း ဟင်းချက်နည်းကို လုံးဝ မသိချေ။ သို့သော် အစားအစာဗီဒီယိုများကို အများကြီးကြည့်ထားပြီးနောက် ဟင်းချက်နည်း အဆင့်များကို သူ သိထားသည်... သူ ဟင်းချက်ရင် ပြဿနာမရှိလောက်ဘူးမလား?
ယန်ကျင်းဇီ ထိုသို့တွေးပြီး ကန်တင်းတွင် ဟင်းချက်သော အဒေါ်ကြီးကို တွေ့လိုက်သည် : " အစ်မ၊ ကျွန်တော် မေးချင်လို့ ထမင်းချက်ရင် ဆန်နဲ့ရေ ဘယ်လောက်ထည့်ရလဲ? ခရမ်းချဉ်သီးကြက်ဥမွှေချက်ကိုရော ဘယ်လိုချက်ရလဲ? "
ကန်တင်းမှ အန်တီကြီး : " !!! " လတ်ဆတ်တဲ့ အသားတုံးလေးရဲ့ အပြုံးက အရမ်းလှတယ်။ သူ(မ)ရဲ့ နှလုံးသား မခံနိုင်ဘူး!
ကန်တင်းမှ အဒေါ်ကြီးသည် ယန်ကျင်းဇီအတွက် ဟင်းချက်နည်းအပြင် ဟင်းခတ်အမွှေးအကြိုင်ထုပ်ပေါ်မှ အဆင့်များကိုပါ ရေးပေးခဲ့သည်။ ယန်ကျင်းဇီ ဟင်းချက်ဖို့ အဆင်သင့်ပဲ!
မပြုလုပ်မီ ယန်ကျင်းဇီသည် မသိစိတ်၏ စေ့ဆော်မှုအရ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သူ့လက်ထဲရှိ ပါဝင်ပစ္စည်းများကို လေ့လာကြည့်ရှုလိုက်သည်။
ပတ်ဝန်းကျင်လေထုတွင် မီးခိုးရောင်မြူခိုးများ ရှိနေသောကြောင့် ဖြစ်နိုင်သည်။ ပါဝင်ပစ္စည်းများကလည်း မီးခိုးရောင် ဖြစ်ပြီး မြူဆိုင်းနေသည်...
ယန်ကျင်းဇီသည် စိတ်စွမ်းအားကို အသုံးပြု၍ ပါဝင်ပစ္စည်းများမှ အလုံးစုံသော မနှစ်မြို့ဖွယ် မီးခိုးရောင်စွမ်းအင်ကို ဖယ်ရှားလိုက်ပြီး ပါဝင်ပစ္စည်းများတွင် အညစ်အကြေးကဲ့သို့သော အမှိုက်တချို့ ရှိနေသေးသည်ကို တွေ့လိုက်ရသည်...
ဖယ်ပစ်ရမယ်!
သူသည် ခြောက်သွေ့သန့်ရှင်းသော ပါဝင်ပစ္စည်းများကို ရရှိပြီးမှ စတင်ချက်ပြုတ်သည်။
ရေနည်းနည်းများသွားတဲ့ ခရမ်းချဉ်သီးကြက်ဥမွှေချက်က ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ်နဲ့ တူသွားတာလား? ပြဿနာမရှိဘူး! ထမင်းနဲ့စားဖို့ အဆင်ပြေတယ်!
လှီးထားတဲ့ ဝက်သားပြုတ်ကတော့... သူ့လက်ထဲက အရသာမှုန့်ထုပ်တွေနဲ့ဆို ပိုတော့မဆိုးနိုင်ဘူး!
ယန်ကျင်းဇီသည် ဟင်းချက်ပြီးသွားပြီဖြစ်ပြီး သိရှိလိုက်ရသည့် အကြီးမားဆုံး ပြဿနာမှာ... ကျိုးဝမ်ရှိူ့က ပြန်မလာသေးဘူး။
ကျိုးဝမ်ရှိူ့ အရမ်းအလုပ်ရှုပ်နေမှာပဲ။
အရည်အချင်းပြည့်မီတဲ့ မျက်နှာဖြူလေး တစ်ယောက်အနေနဲ့ သူ အစားအစာ သွားမပို့သင့်ဘူးလား?
စကားမစပ် သူ ပိုင်ဆိုင်ကြောင်းကိုလည်း ကြေညာနိုင်ပြီး ကျိုးဝမ်ရှိူ့မှာ ပိုင်ရှင်ရှိကြောင်း လူတွေ သိစေရမယ်!
မုန့်ကျားယင်လိုလူတွေကို မြန်မြန်မောင်းထုတ်ရမယ်!
ကျိုးဝမ်ရှိူ့သည် ဤအိမ်တွင် တစ်နှစ်ကျော် နေခဲ့ပြီး နေ့စဉ်အသုံးအဆောင်များ ပြတ်လပ်မှုမရှိချေ။ ယန်ကျင်းဇီသည် အစားအစာများကို ထည့်ရန် ကြီးမားသော နေ့လယ်စာထမင်းဘူး နှစ်ဘူးကို ရှာတွေ့ခဲ့ပြီး ကျိုးဝမ်ရှိူ့ အလုပ်လုပ်သော နေရာသို့ ယူသွားသည်။
ကျိုးဝမ်ရှိူ့သည် မုန့်ကျားယင်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး မုန့်ကျားယင်က ဤသည်ကို အလွန်မကျေနပ်ပေ။ မုန့်ကျားယင်နှင့် ရင်းနှီးသော လူတချို့ကလည်း မုန့်ကျားယင်အတွက် ပြောပေးကြသည်။
" ပြန်ပေးဆွဲခံရတာက သာမန်လူတစ်ယောက်ပဲ။ အန္တရာယ်တောထဲ တစ်ယောက်တည်း မသွားခဲ့သင့်ဘူး၊ ဥက္ကဌ! "
" မုန့်ကျားယင်က စခန်းရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ခဲ့ဘူး! "
" ဥက္ကဌ၊ သူ့ကို အခွင့်အရေးထပ်ပေးလိုက်ပါ! "
" ယန်ကျင်းဇီ ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေနဲ့ အချိန်ဖြုန်းတာ ငါ မြင်ဖူးတယ်။ တကယ် ပြန်ပေးဆွဲခံရတာ ဟုတ်၊မဟုတ် ဘယ်သူက သိမှာလဲ! "
...
မုန့်ကျားယင်ကို ကူညီပြောပေးသူများတွင် ကမ္ဘာမပျက်ခင်က ကျိုးဝမ်ရှိူ့၏ အခန်းဖော် ဖြစ်ခဲ့ဖူးသူလည်း ပါသည်။ ကမ္ဘာပျက်ပြီးနောက် မြေကြီးတုန်လှုပ်ဖွယ် အပြောင်းအလဲများ ဖြစ်ပျက်သွားသော်လည်း သူတို့၏ သူငယ်ချင်းဆက်ဆံရေးမှာ ရှိနေသေးသည်။ ဤအခိုက်အတန့်တွင် ကျိုးဝမ်ရှိူ့၏ စိတ်အခြေအနေမှာ တကယ့်ကို မကောင်းလှပေ။
ဤလူများ စကားပြောပြီးသွားကြသောအခါ ကျိုးဝမ်ရှိူ့က ပြောလိုက်သည်။ " ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေ ယန်ကျင်းဇီကို ပြန်ပေးဆွဲသွားကြတယ်။ သူတို့က ရည်ရွယ်ချက်နဲ့ ငါ့ကို အဲ့နေရာကို ခေါ်တယ်။ သူတို့ ငါ့ကို အဲ့နေရာကို လာစေချင်တာက ဥက္ကာခဲအတွက်ပဲ။ "
ဥက္ကာခဲကိစ္စကို မူလက ကျိုးဝမ်ရှိူ့သည် လျှို့ဝှက်ချက် ထားချင်ခဲ့သော်လည်း ယခု ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများ သိသွားကြပြီဖြစ်လေရာ လျှို့ဝှက်ထားရန် မလိုအပ်တော့ချေ။
ကျိုးဝမ်ရှိူ့သည် ဥအရွယ်အစား ဥက္ကာခဲကို တိုက်ရိုက်ထုတ်ပြလိုက်သည် : " ဒါက ကမ္ဘာပျက်ကပ် ရောက်လာတဲ့ ညက ငါ ကောက်လာတဲ့ ဥက္ကာခဲပဲ။ စခန်းက သုတေသီတွေ လေ့လာပြီးသွားကြပြီ။ မီးအမျိုးအစား စွမ်းအားရှင်တွေအတွက် ကောင်းမွန်တယ်လို့ ရှာတွေ့ခဲ့တယ်... ဒါက ကောင်းကင်နဂါး အခြေစိုက်စခန်းက လူတွေ လိုချင်တဲ့ဟာပဲ။ "
ထိုလူများ အံ့အားသင့်သွားကြသည်။
" ဥက္ကာခဲ ရှိတာကို သိတဲ့သူ တော်တော်လေး နည်းတယ်။ မုန့်ကျားယင်က အဲ့ထဲက တစ်ဦးအပါအဝင်ပဲ။ " ကျိုးဝမ်ရှိူ့က ဖုံးကွယ်မထားပေ။
" ငါက သတင်းပေါက်ကြားစေတဲ့လူ မဟုတ်ဘူး! " မုန့်ကျားယင်က ချက်ချင်း ပြောသည်။
သူသည် ဤဥက္ကာခဲကို ကိုင်တွယ်၍ ကျိုးဝမ်ရှိူ့နှင့် ဆွေးပင်ဆွေးနွေးခဲ့ဖူးသော်လည်း မီးစွမ်းအားရှင်များ သယ်ဆောင်သွားရန် ကောင်းမွန်ကြောင်းမှလွဲ၍ ဘာမှရှာမတွေ့ခဲ့ပေ။ ထို့အပြင် ၎င်းသည် စွမ်းအားရှင်များ စွမ်းအားကုန်ဆုံးသွားလျှင် ပြန်လည်ဖြည့်တင်းရာတွင် ကူညီပေးနိုင်သည်။
သို့ရာတွင် ကျိုးဝမ်ရှိူ့သည် သန်မာသော်လည်း သူက ဥက္ကာခဲပေါ်တွင် လုံးဝ အားမကိုးပေ။
ကျိုးဝမ်ရှိူ့က ဘာမှမပြောဘဲ မုန့်ကျားယင်ကို ကြည့်လိုက်သည်။
ဤကိစ္စကို မုန့်ကျားယင် သတင်းပေါက်စေခဲ့သည် ဟုတ်၊မဟုတ်ကို သူ မသိသော်လည်း သူသည် မုန့်ကျားယင်ကို သူငယ်ချင်းအဖြစ် အမြဲသတ်မှတ်ထားခဲ့သည်။ အတိတ်၌ သူ မုန့်ကျားယင်ကို ခေါ်၍ ထောက်ပံ့ပစ္စည်းများကို ရှာဖွေခြင်းနှင့် ဇွန်ဘီများ ရှင်းလင်းရေးတို့ကို ဆောင်ရွက်သောအခါ သူ မုန့်ကျားယင်ကို ကူညီပေးခဲ့သည်မှာ မနည်းပေ။
ဤတစ်ကြိမ် ရှားရှားပါးပါး အကူအညီတောင်းသောအခါ မုန့်ကျားယင်က တမင်သက်သက် နှောင့်နှေးစေခဲ့သဖြင့် သူသည် အတော်စိတ်ပျက်သွားရသည်။
ထိုအချိန်က ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများနှင့် သူ တိုက်ခိုက်စဉ် ကောင်းကင်နဂါး အခြေစိုက်စခန်းမှ လူများတွင် စွမ်းရည်ပြဿနာတချို့ ရုတ်တရက် ရှိလာခြင်းကြောင့်သာ မဟုတ်လျှင် သူ ဒဏ်ရာရနိုင်လောက်ပြီး ယန်ကျင်းဇီဆိုလျှင်...
ထိုအချိန်၌ သူသည် သူတို့နောက်လိုက်သွားရခြင်းမှာ သူ၏ အတွေးကြောင့် ဖြစ်သည်... မုန့်ကျားယင်နှင့် အခြားသူများ မကြာမီ လိုက်လာလိမ့်မည်။
ကျိုးဝမ်ရှိူ့၏ ရုံးခန်းထဲတွင် လေထုမှာ အလွန်မှုန်မှိုင်းနေသည်။
ထို့နောက် ရုံးခန်းတံခါးခေါက်သံ ထွက်ပေါ်လာသည်။
" ဘယ်သူလဲ? " ကျိုးဝမ်ရှိူ့ မေးလိုက်သည်။
" ငါပါ။ " ယန်ကျင်းဇီ၏အသံ ထွက်ပေါ်လာသည်။
ကျိုးဝမ်ရှိူ့ ခပ်မြန်မြန် ထပြီး တံခါးဖွင့်လိုက်သည်။ " ဘာလို့ ဒီကိုလာတာလဲ? "
" ငါ မင်းအတွက် စားစရာယူလာပေးတာ။ " ယန်ကျင်းဇီက ရယ်သည်။
ယန်ကျင်းဇီသည် ယခင်က ဤသို့မပြုမူဖူးချေ။ ဒါက သူ ယန်ကျင်းဇီကို ကယ်ပြီးလို့ ဆက်ဆံမှု တစ်ဆင့်မြင့်သွားတာလား? ကျိုးဝမ်ရှိူ့၏ စိတ်အခြေအနေမှာ ချက်ချင်းပင် အုပ်မှိုင်းသွားသည် : " ငါ မကြာခင် ပြန်လာတော့မှာ။ မင်း အထူးတလည် သယ်လာစရာ မလိုပါဘူး။ "
" အလုပ်မရှုပ်ပါဘူး။ ပြီးတော့ ငါ မင်းအတွက် စားစရာသယ်လာပေးချင်တယ်။ " ယန်ကျင်းဇီ ပြုံးလိုက်သည်။ သူ အကြည့်လွှဲလိုက်တဲ့အခါမှာ ရုံးခန်းထဲက လူအနည်းငယ်က အရင်တစ်ယောက်လိုမျိုး သူ့ကို စိုက်ကြည့်နေကြတာကို တွေ့လိုက်ရတယ်!
မဟုတ်ဘူး၊ သူ့ကို မျက်စောင်းထိုးရုံတင် မဟုတ်ဘူး။ မုန့်ကျားယင် သူ့ကို ကြည့်တဲ့ပုံက သူ့ကို သတ်ချင်နေတာ သိသာတယ်!
တစ်ချိန်တည်းမှာပင် ယန်ကျင်းဇီသည် ကြောက်ရွံ့ပုံပေါ်ပြီး ကျိုးဝမ်ရှိူ့အနောက်တွင် ဝင်ပုန်းလိုက်သည်။
ကျိုးဝမ်ရှိူ့သည် ထိုလူများကို မဖော်ရွေသော မျက်နှာဖြင့် ချက်ချင်း ကြည့်လိုက်သည်။ " မင်းတို့ ထွက်သွားကြတော့! မုန့်ကျားယင်၊ မနက်ဖြန်ကျရင် တခြားတစ်ယောက်က မင်းတာဝန်တွေကို လက်လွှဲယူလိမ့်မယ်။ "
" ကျိုးဝမ်ရှိူ့! " မုန့်ကျားယင် အော်လိုက်ပြီး သူ မော့ကြည့်ကြည့်ချင်း ယန်ကျင်းဇီ၏ တမင်တကာ ရန်စသော အကြည့်ကို တွေ့လိုက်ရသည်။
မုန့်ကျားယင် နောက်ဆုံး မချုပ်တည်းနိုင်တော့ပေ : " ကျိုးဝမ်ရှိူ့၊ ငါက ဒီလူထက် ဘယ်နေရာမှာ နိမ့်ကျလို့လဲ? ဘာလို့ မင်းက သူ့ကို ကြိုက်ပြီး ငါ မဟုတ်တာလဲ! "
ကျိုးဝမ်ရှိူ့ အံ့အားသင့်သွားပြီး မုန့်ကျားယင်ကို ရုတ်တရက် ကြည့်လိုက်သည် : " မင်း ငါ့ကို ကြိုက်တယ်? " ဒီကိစ္စ... သူ တကယ် မသိပေ။
" ဟုတ်တယ်၊ ငါ မင်းကို ကြိုက်တယ်! " မုန့်ကျားယင် ယခင်က ဝန်မခံရဲခဲ့သည်မှာ ကျိုးဝမ်ရှိူ့သည် သူ့ကို ဝန်ခံဖူးသူများနှင့် အကွာအဝေးခြားလိမ့်မည်ဖြစ်ပြီး သူ တကယ် ဝန်ခံလိုက်လျှင် သူငယ်ချင်းပင် မဖြစ်နိုင်တော့မည်ကို သူ စိုးရိမ်ခဲ့သောကြောင့်ဖြစ်သည်။
သို့သော် ယခုမူ... အရေးမပါတော့ချေ။
" ဝမ်ရှိူ့! " ယန်ကျင်းဇီက ကျိုးဝမ်ရှိူ့ကို ကြည့်နေပြီး အနည်းငယ် သနားစရာကောင်းပုံ ပေါ်နေသည်။
ကျိုးဝမ်ရှိူ့သည် ဒုတိယမြောက် အတွေးပင် မပေါ်ဘဲ မုန့်ကျားယင်ကို ကြည့်လိုက်သည်။ " ကျေးဇူးပြုပြီး ထွက်သွားပါ။ " မုန့်ကျားယင်က သူ့ကို သဘောကျသောကြောင့် ယန်ကျင်းဇီ သေဆုံးနိုင်သည့်ကိစ္စတွင် မကယ်တင်ချင်ခဲ့သည်ကို လက်ခံရန် သူ့အတွက် ပိုမိုခက်ခဲသည်။
အဆုံးတွင် မုန့်ကျားယင်သည် ထွက်သွားရုံသာ တတ်နိုင်ပြီး မထွက်သွားခင် သူက ယန်ကျင်းဇီကို အငြိုးကြီးစွာ ကြည့်သွားသည်။
ယန်ကျင်းဇီက သူ့ကို အထင်သေးစွာ ကြည့်လိုက်သည် – ဒီလို တတိယလူမျိုး... ထွက်သွားစမ်း!
သေချာတာပေါ့၊ မုန့်ကျားယင် ထွက်သွားသောအခါ ယန်ကျင်းဇီသည် နူးနူးညံ့ညံ့ဖြင့် ကျိုးဝမ်ရှိူ့နှင့် မျက်နှာချင်းဆိုင်လေသည် : " ဝမ်ရှိူ့၊ အဲ့မုန့်ကျားယင်... သူက အရမ်းသန်မာတယ်။ မင်း... "
ယန်ကျင်းဇီ စိုးရိမ်ပုံပေါ်နေကြောင်း တွေ့သော် ကျိုးဝမ်ရှိူ့က ဆိုသည်။ " ငါ သူ့ကို မကြိုက်ဘူး။ "
" မင်း ငါ့ကိုပဲ ကြိုက်တာမလား? " ယန်ကျင်းဇီက မေးသည်။
ကျိုးဝမ်ရှိူ့ ချောင်းအနည်းငယ်ဟန့်လိုက်သည်။ " အင်း "
" ဝမ်ရှိူ့၊ ငါ မင်းကို အရမ်းချစ်တယ်။ " ယန်ကျင်းဇီ ရှေ့တိုးကာ ကျိုးဝမ်ရှိူ့ကို နမ်းလိုက်၏။
ကျိုးဝမ်ရှိူ့သည် သူ့မျက်နှာ ယားယံသွားသည်ဟုသာ ခံစားလိုက်ရသည်... ကျားဝမ်ဟန် မိန်းမတစ်စုကို ပျိုးထောင်ထားရတာကို ကြိုက်တာ မဆန်းတော့ဘူး!
သို့သော် သူသည် တစ်ဦးတည်းသာ လိုအပ်ပြီး ယင်းကား လုံလောက်လေသည်။
ကျိုးဝမ်ရှိူ့ အနည်းငယ် မသက်မသာဖြစ်သွားသည် : " မင်း ဘာယူလာတာလဲ? "
" ငါ လှီးထားတဲ့ ဝက်သားပြုတ်နဲ့ ခရမ်းချဉ်သီးကြက်ဥမွှေချက် ချက်လာတယ်။ " ယန်ကျင်းဇီသည် နေ့လယ်စာဘူးကို ဖွင့်လိုက်ပြီး ထုတ်လာသော ဟင်းနှစ်ခွက်မှာ... အနည်းငယ် သနားစရာကောင်းသော ဟင်းပွဲများ ဖြစ်သည်။
ဟင်းချက်ခါစ လူသစ်များသည် ဟင်းချက်ရာတွင် ဟင်းမကျက်မည်ကို အမြဲလိုလို စိတ်ပူလေ့ရှိကြသည်။ ဟင်းအကျက်လွန်ခြင်းအပြင် အရည်အချင်းပြဿနာများ ဖြစ်ကြသည်... ခရမ်းချဉ်သီးကြက်ဥမွှေချက်မှာ အနှစ်အခဲ ဖြစ်သွားသည်။
လှီးထားတဲ့ ဝက်သားပြုတ်ကတော့...
ဟင်းချက်အမွှေးအကြိုင်ထုပ်ပေါ်မှာ ရေးထားသည့်အတိုင်း ပဲပင်ပေါက်များကို အခြေခံအဖြစ် အသုံးပြုပြီး အသားပြားများကို အပေါ်တွင်တင်ကာ ဆီ သို့မဟုတ် တစ်စုံတစ်ရာဖြင့် လောင်းချရမည်။
ယန်ကျင်းဇီသည် အထက်ပါ ညွှန်ကြားချက်များအတိုင်း ချက်ခဲ့သည်။ သူသည် ဆီမရှိမှုကြောင့် ဆီမထည့်ခဲ့သော်လည်း ဟင်းက ကြည့်ကောင်းသေးသည်။ သို့သော် သူသည် ဟင်းပွဲများကို အပြင်သယ်ရန်အတွက် ဘူးထဲသို့ ပြောင်းထည့်လိုက်ပြီး ပဲပင်ပေါက်နှင့် ဝက်သားပြားများမှာလည်း နေရာပြောင်းသွားကြသည်။
ထို့ကြောင့် ကျိုးဝမ်ရှိူ့ရှေ့တွင် ပေါ်လာသည်မှာ... ပဲပင်ပေါက်ပြုတ် တစ်ပန်းကန်လား?
ဘာပဲဖြစ်ဖြစ် ဒီဟင်းပွဲနှစ်ခုက အမြင်မလှပေမယ့် တကယ်ပဲ... အရမ်းမွှေးလွန်းတယ်!
အထူးသဖြင့် ဝက်သားပြားပြုတ်လိုမျိုး အရသာလေးလံတဲ့ ဟင်းပွဲတွေကလည်း... အရမ်းမွှေးလွန်းတယ်!
" ပုံစံက အရမ်းမကောင်းပေမယ့် အရသာကတော့ အဆင်ပြေလောက်တယ်... " ယန်ကျင်းဇီ အနည်းငယ် ရှက်ရွံ့သွားသည်။ သူ အရသာမြည်းပြီးပြီဖြစ်သည်။ အရသာက အဆင်ပြေသေးသည်...
" အနံ့မွှေးတယ်။ " ကျိုးဝမ်ရှိူ့ ပြောလိုက်သည်။ သူသည် ယန်ကျင်းဇီ ကိုင်ထားသော အရသာထုပ်များကို မြင်ဖူးပြီး ပါဝင်ပစ္စည်းများက ၎င်းထဲတွင် ပါဝင်သည်။ ထို့ကြောင့် ယန်ကျင်းဇီ သာမန်ကာလျှံကာ ချက်ပြုတ်လျှင်ပင် ချက်ပြုတ်ထားသော စားစရာများမှာ အရသာမကောင်းခြင်းမျိုးတော့ မဖြစ်နိုင်ချေ။
ကျိုးဝမ်ရှိူ့သည် တည်ငြိမ်စွာပင် ပဲပင်ပေါက်များကို တူဖြင့် ညှပ်ယူလိုက်သည်။
ပဲပင်ပေါက်များကို ပါးစပ်ထဲထည့်ပြီး ဝါးလိုက်ရာ ကျိုးဝမ်ရှိူ့၏ အမူအရာမှာ အေးခဲသွားသည်။
ဒီပဲပင်ပေါက်တွေက တကယ် အရသာရှိတယ်!
ကမ္ဘာပျက်ကပ် ရောက်လာချိန်မှစ၍ ကောင်းမွန်သော တစ်စုံတစ်ရာကို အချိန်အတော်ကြာ မစားခဲ့ရသောကြောင့်လား သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့်လား သူ မသိပေ။ ယန်ကျင်းဇီ ချက်တဲ့ ပဲပင်ပေါက်တွေက သူ စားဖူးတဲ့ ပဲပင်ပေါက်တွေထဲ အရသာအရှိဆုံးပဲလို့ သူ ခံစားရတယ်!
ကျိုးဝမ်ရှိူ့ ခရမ်းချဉ်သီးတစ်ဖတ်ကို စားလိုက်သည်။
ခရမ်းချဉ်သီးမှာ အခွံမနွှာထားသော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာ အရသာရှိလှသည်။ အရသာရှိလွန်းလို့ သူ အခွံတောင် ထွေးမထုတ်နိုင်ဘူး!
" ဘယ်လိုလဲ? " ယန်ကျင်းဇီ စိုးရိမ်တကြီး မေးလိုက်ပြီး ထမင်းတစ်ပန်းကန်ကို ပေးလိုက်သည်။
" အရသာရှိတယ်။ " ကျိုးဝမ်ရှိူ့ ထမင်းယူပြီး တစ်လုတ်စားလိုက်၏။
ဘယ်လိုလုပ် ဒီထမင်းကလည်း အရမ်းကောင်းနေတာလဲ?
ကမ္ဘာပျက်ပြီးနောက် လေထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင်သည်။ အစားအစာများစွာ၏ အရသာမှာ ပိုမိုဆိုးရွားလာပြီး လူတို့၏ အရသာခံအာရုံမှာ ထုံထိုင်းသွားကာ အရသာမြည်းရန် ခက်ခဲစေသည်။
သို့သော် ဤအခိုက်အတန့်တွင် ကျိုးဝမ်ရှိူ့သည် သူ၏ညအရသာခံဖုများ အားလုံးပွင့်သွားသည်ဟု ခံစားလိုက်ရသည်။
သူသည် တခြားအကြောင်း မစဉ်းစားနိုင်တော့ဘဲ အစားအစာထဲ စတင်ခေါင်းနှစ်လိုက်တော့သည်။
ယန်ကျင်းဇီလည်း သူ့အတွက် ထမင်းတစ်ပန်းကန် ယူပြီး ကျိုးဝမ်ရှိူ့နှင့်အတူ စားလိုက်သည်။
သူ ချက်တဲ့ ဟင်းတွေက တကယ်ကောင်းတယ်... ကြည့်ရတာ သူ အရမ်းအရည်အချင်းရှိတဲ့ပုံပဲ!
လူတစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းဆုပ်ဖို့ အရင်ဆုံး အဲ့လူရဲ့ အစာအိမ်ကို ဆုပ်ကိုင်ထားရမယ်... သူ၏ ဟင်းချက်စွမ်းရည်နဲ့ သူ ကျိုးဝမ်ရှိူ့ရဲ့ အစာအိမ်ကို ဆုပ်ကိုင်ထားရမယ်!
သူက ဉာဏ်ကြီးရှင်ပဲ!
ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့တို့ စားနေကြစဉ် လူတစ်ယောက် အပြင်ဘက်မှ ဝင်လာသည် : " ဥက္ကဌ၊ ထမင်းအတူစားချင်လား... အရမ်းမွှေးနေတာ ဘာအနံ့လဲ? "
" ငါ စားပြီးပြီ။ " ကျိုးဝမ်ရှိူ့သည် သူ့အတွက် ဝက်သားပြားပြုတ် စွပ်ပြုတ်တစ်ပန်းကန်ကို ထည့်လိုက်ပြီး ဖြည်းညှင်းစွာ သောက်နေသည်။
အနည်းငယ် စပ်သော်လည်း မဖြုန်းတီးသင့်ဟု သူ ခံစားရသည်။
စားပွဲပေါ်မှ ဟင်းပွဲများကို သေသေချာချာ စားသုံးထားပြီး အမြဲလိုလို အစာစားချင်စိတ် နည်းပါးတတ်သူ ဖြစ်သော ကျိုးဝမ်ရှိူ့က ယစ်မူးနေသော အမူအရာဖြင့် စွပ်ပြုတ်သောက်နေဆဲ ဖြစ်သည်...
ယန်ကျင်းဇီရဲ့ ဟင်းချက်စွမ်းရည်က ဘယ်လောက်တောင် ကောင်းလိုက်သလဲ?
ကန်တင်းတွင် စားရန် ကျိုးဝမ်ရှိူ့ကို လာခေါ်သူက ယန်ကျင်းဇီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ရုပ်ချောပြီး ဟင်းချက်စွမ်းရည်ကလည်း ကောင်းတယ်။ ကျိုးဝမ်ရှိူ့ သူ့ကို ကြိုက်တာ မဆန်းဘူး!
ဤလူတွင် သူ့အပေါ် မကောင်းစိတ် မရှိပေ။ ယန်ကျင်းဇီသည် သူ့ကို အပြုံးဖြင့် နှုတ်ဆက်ပြီး ထကာ လက်ဖက်ရည်တစ်ခွက် ထည့်ပေးလိုက်သည်။
" ကျေးဇူးပဲ။ " ထိုသူက အလျင်အမြန် ပြောလာသည်။
" ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ " ယန်ကျင်းဇီ ပြောပြီး ကျိုးဝမ်ရှိူ့အတွက် နောက်ထပ်တစ်ခွက် လောင်းထည့်ပေးလိုက်သည်။
သူသည် တခြားသူများအတွက် ရိုးရို
းလက်ဖက်ရည်ကို ထည့်ပေးသည်။ ကျိုးဝမ်ရှိူ့၏ ခွက်ကတော့ ကွဲပြားသည်။ အညစ်အကြေးတွေ ဖယ်ရှားပြီးသား!
ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီ သူ့အတွက် ထည့်ပေးသော လက်ဖက်ရည်မှာလည်း အတော်ကောင်းမှန်း တွေ့ရှိသွားသည်...
သူ ဖမ်းစားခံလိုက်ရပြီလား?