အပိုင်း ၇၉
Viewers 16k

Chapter 79

 Support



ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် ယွီနျန်၏ အကြည့်များက ရွှယ်ယုံ၏ ညာလက်ပေါ်တွင် ကျရောက်သွားလေသည်။


 "ဒဏ်ရာက ဘယ်လိုနေသေးလဲ"


"ပိုကောင်းလာပြီ... အားအများကြီး သုံးလို့မရသေးတာကလွဲရင် တခြားပြဿနာ မရှိဘူး" ရွှယ်ယုံတစ်ယောက် ရပ်သွားပြီးနောက် သူသိလိုသောအရာကို မေးလိုက်လေသည်။


 "မင်းကရော... အလုပ်တွေများနေလား"


လေထုက သစ်ကတိုးရနံ့တို့ဖြင့် ပြည့်နှက်နေပြီး ယွီနျန်မှာ အတော်လေး စိတ်ပြေလျော့သွားခဲ့သည်။ သူ့ခေါင်းလေးကို လှည့်ကာဖြင့် ရွှယ်ယုံကို ကြည့်လိုက်လေသည်။


 "ကျွန်တော် တော်တော်လေး အလုပ်များနေတာ... အယ်လ်ဘမ်က ပရိုမိုးရှင်းကာလဆိုတော့ အချိန်စာရင်းလည်း ကြပ်နေတယ်... လွန်ခဲ့တဲ့ ရက်တွေထဲ အင်တာဗျူး လေးခု လုပ်ခဲ့ရသေးတယ်... မဂ္ဂဇင်းနဲ့ အွန်လိုင်း ဗီဒီယို ပလပ်ဖောင်း နှစ်ခုလုံးအတွက်လေ... မဂ္ဂဇင်း မျက်နှာဖုံးအတွက်လည်း ဓါတ်ပုံရိုက်ခဲ့ရသေးတယ်... ပြီးတော့ ရသစုံရှိုးနှစ်ခုမှာလည်း ပါရမှာ .. ဆက်တိုက်ပဲ... မနက်ဖြန်ကျရင် လက်မှတ်ထိုးပွဲအတွက် ရဲ့မြို့ကို လေယာဥ်စီးရဦးမှာ... နေ့လည်ကျရင် ဖူနာအလင်္ကာသောက်ရေသန့်အတွက် ဘရန်းအခမ်းအနား တက်ရဦးမယ် ...."


ရွှယ်ယုံမှာ သူ့မျက်နှာထက်မှ ပင်ပန်းနွမ်းနယ်မှုတို့ကို တွေ့လိုက်ရသဖြင့် လေသံပျော့ပျော့ဖြင့် မေးလိုက်သည်။ 


"ခဏလောက် မှေးလိုက်ပါလား... ရောက်ဖို့လိုသေးတယ်"


ယွီနျန် မငြင်းလိုက်တော့။ သူသည်လည်း အမှန်ပင် အားကုန်နေလေပြီ။ သူ့ကိုယ်ပေါ်သို့ ဂျာကင်အင်္ကျီကို လွှမ်းလိုက်ပြီး ပြောရင်းဖြင့် မျက်လုံးများ တဖြည်းဖြည်းမှိတ်သွားလေသည်။


 "ဒါဆို ရောက်ရင် နှိုးပေးနော်"


ရွှယ်ယုံမှာ သူ့နဖူးလေးပေါ်တွင် ဝဲကျနေသော ဆံနွယ်မျှင်လေးများကို ကူ၍ သပ်ပေးချင်ခဲ့သည်။ သူ့လက်ကို မြှောက်လိုက်သော်ငြား ပြန်ချထားပြီး ပြန်ဖြေလိုက်သည်။ 

"အင်း"


ယွီနျန် နိုးလာသောအခါ ကားက မြစ်ဘေးမှ ခပ်မြင့်မြင့် တစ်နေရာ၌ ရပ်သွားလေပြီ။ နှစ်ယောက်သားက မီးရောင် နွေးနွေးအောက်မှ ပြင်သစ်စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားခဲ့ကြသည်။ ဝေ့စ်ကုတ်ဝတ်ထားသည့် စားပွဲထိုးလေးများမှလွဲ၍ နေရာတစ်ခုလုံး ပြောင်ရှင်းနေလေသည်။ စားသောက်ဆိုင်၏ နံရံအပြည့် မှန်များဖြင့် ပြုလုပ်ထားပြီး အပင်မျိုးစုံ၏ အကိုင်းအခက်တို့ကို ဖြတ်၍ မြစ်ပေါ်မှ မီးအလင်းရောင်နှင့် လမ်းတလျှောက်မှ မိုးထိမြင့်နေသော ဘဏ္ဍာရေးဆိုင်ရာ အဆောက်အဦးများကို တွေ့မြင်နိုင်ပေသည်။ 


ယွီနျန်က မီနူးကတ်ကို စားပွဲထိုးလေးထံသို့ ပြန်ကမ်းပေးလိုက်ပြီးနောက် သူ့လက်များကို တစ်သျူးအစိုဖြင့် ပွတ်လိုက်ရင်း ရွှယ်ယုံတစ်ယောက် နာရီကို နှစ်ကြိမ်မျှ ကြည့်နေသည်ကိုလည်း သတိပြုမိသည်။ ယွီနျန် မေးလိုက်သည်။ 


"တစ်ခုခု ဖြစ်လို့လား"


ရွှယ်ယုံ ခေါင်းယမ်းလိုက်သည်။ 


"မဟုတ်ပါဘူး" သူ့မျက်လုံးများထဲ၌ နောင်တအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ထပ်ပြောလိုက်သည်။ "အင်း"


ယွီနျန် ပြုံးလိုက်သည်။ 

"ဒါဆို ဟုတ်တာလား.. မဟုတ်တာလား"


ရွှယ်ယုံက သူ့နာရီကို ထပ်ကြည့်လိုက်ပြီးနောက် စက္ကန့်တံပေါ်တွင် နင့်နင့်နဲနဲ စိုက်ကြည့်နေပြီး စိတ်ထဲမှ ရေတွက်နေသည်။ 4… 3… 2… 1…


“နျန်နျန် ကြည့်လိုက်”


ရွှယ်ယုံ၏ အကြည့်နောက်သို့ လိုက်၍ ယွီနျန် ခေါင်းလှည့်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူ ချက်ချင်းဆိုသလို အသက်အောင့်ထားမိသည်။ 


မြို့၏ နီယွန်မီးများကို နောက်ခံထား၍ မိုးထိမြင့်နေသော ဘဏ္ဍာရေး အဆောက်အဦး ငါးခု၏ အပြင်ဘက် နံရံထက်တွင် "အယ်လ်ဘမ်ရောင်းအား အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ် ယွီနျန်"ဟူသော စကားလုံးများကို ဖော်ပြထားသည်။ ၎င်းတို့က ယွီနျန်၏ အယ်လ်ဘမ် အဖုံးမှ ပုံရိပ်များအလိုက် အလင်းရောင်များအတိုင်း အရောင်နှင့် ပုံစံများ ပြောင်းလဲသွားသည်။ 


“ရွှယ်ယုံ... ခင်ဗျား”


နောက်ထပ် အခိုက်အတန့်လေးတွင် ယွီနျန်၏ အသံကို "ဘန်း" ဟူသော အသံအတွဲလိုက်ကြီးက နှောက်ယှက်လိုက်သည်။ မရေတွက်နိုင်သော မီးပန်းများက ကောင်းကင်ပေါ်သို့ ပျံတက်လာခဲ့ကြပြီး ကောင်းကင်ထက်၌ ကြယ်ပွင့်လေးများကဲ့သို့ ပေါက်ကွဲထွက်လာကာ ကြယ်တာရာအစုအဝေးတစ်ခုလုံး ကျဆင်းလာသကဲ့သို့ပင်။ အလင်းရောင်နှင့် အရိပ်များက မြစ်ပေါ်၌ အလင်းဖြာနေခဲ့ပြီး လူတိုင်းကို အသက်ရှူမှားသွားစေ၏။


မီးရှူးမီးပန်းများက နှစ်မိနစ်ကြာမျှ ဆက်လက် ပေါက်ကွဲနေပြီးနောက် တဖြည်းဖြည်း ငြိမ်သက်လာလေသည်။ ယွီနျန် ခေါင်းပြန်လှည့်သောအခါ သူ့ထံ၌သာ မြဲမြံစွာ တည်ရှိနေသည့် ရွှယ်ယုံ၏ အကြည့်များနှင့် ဆုံတွေ့လိုက်ရသည်။ 


သူတို့၏ မျက်လုံးများ ဆုံတွေ့လိုက်ရသည့်အခါ ရွှယ်ယုံမှာ စိတ်တထင့်ထင့် ဖြစ်သွားရပြီး အကြည့်လွဲ၍ လက်ကောက်ဝတ် ကြယ်သီးများ ဖြုတ်ထားသော ရှပ်အင်္ကျီကို ဆွဲဆန့်လိုက်သည်။ 


"အထင်ကရ အဆောက်အဦး နှစ်ဆယ့်ငါးခုရဲ့ LED မျက်နှာပြင်တွေကနေ တဆက်တည်း ဂုဏ်ပြုပေးထားတယ်... ဒီလို ပံ့ပိုးမှုမျိုးကို မင်း... ကြိုက်ရဲ့လား"


မေးခွန်း၏ အဆုံးတွင် ရွှယ်ယုံမှာ စိုးရိမ်ပူပန်မှုများကို ဖုံးကွယ် မထားနိုင်တော့ပေ။


ရွှယ်ယုံမှာ ကသိကအောက် ဖြစ်စွာဖြင့် ကိုးယို့ကားယား ဖြစ်စွာဖြင့် သူ့အပေါ် ကောင်းပေးနေခြင်းသာ။


ယွီနျန် ခိုင်ခိုင်မာမာ ပြောလိုက်သည်။ 


"ကျွန်တော် တကယ်ကြိုက်တယ်... အရမ်း အရမ်းကိုပဲ"


၎င်းကို ကြားမှသာ ရွှယ်ယုံ၏ အသက်ရှူသံများ ရုတ်တရက် ပြေလျော့သွားလေသည်။ 


ထိုအခိုက်တွင် ယွီနျန်၏ ဖုန်းမြည်လာခဲ့သည်။ ဖုန်းမျက်နှာပြင်ထက်မှ ခေါ်ဆိုလာသူကို တွေ့သောအခါ ယွီနျန် ပြုံးလိုက်သည်။ တစ်ဖက်လူ ဘာတွေ ပြောလာမလဲဆိုတာ သူသိလောက်ပြီ ထင်ပါရဲ့...


"အစ်ကိုမုန့်"


မုန့်ယွမ်မှာ စိတ်လှုပ်ရှားမှုများကို ထိန်းမထားနိုင်တော့ပေ။


 "သောက်ကျိုးနဲ... အခုလေးတင် ဘဏ္ဍာရေးအဆောက်အဦးရဲ့ အပြင်ဘက်နံရံတွေမှာ "အယ်လ်ဘမ်ရောင်းအား အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ် ယွီနျန်" ဆိုပြီး စာလုံးအကြီးကြီးတွေနဲ့ ရေးထားတာ... အွန်လိုင်းပေါ် တက်ကြည့်ပြီးသွားပြီ... ဒီထက်တောင် ပိုသေးတယ်... မတူညီတဲ့ မြို့တွေရဲ့ အထင်ကရ အဆောက်အဦး အနည်းဆုံး နှစ်ဆယ်လောက်ကလည်း ဒီစကားလုံးတွေကို တပြိုင်တည်း ပြထားခဲ့တာ... ပြီးတော့ နေရာတစ်ခုချင်းဆီမှာ နောက်ခံအနေနဲ့ မီးရှူးမီးပန်းတွေကို နှစ်မိနစ်ကနေ သုံးမိနစ်လောက်ထိ ဖောက်ခဲ့သေးတယ်... ဒါက လုံးဝ ကြီးကျယ်တဲ့ ပြသမှုပဲကွ... သူတို့က ပိုက်ဆံတွေ လိုက်ကြဲနေတာများလား... ရယ်ရတာကလေ ဖန်အထောက်အပံ့အဖွဲ့တွေကိုလည်း ငါမေးကြည့်လိုက်ပြီးပြီ... ဘယ်သူကမှ တာဝန်ယူထားတာ မဟုတ်ဘူးတဲ့... ဒီလို ပံ့ပိုးမှုမျိုးကို ဘယ်သူက စီစဥ်ခဲ့တာဆိုတာကိုလည်း မသိကြဘူး" 


ယွီနျန်မှာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ရွှယ်ယုံကို ကြည့်၍ ပြုံးလိုက်မိသည်။


 "ဘယ်သူကမှ သူတို့ လုပ်တယ်လို့ မပြောကြဘူးပေါ့"


"အေး" မုန့်ယွမ် သက်ပြင်းချလိုက်သည်။ 


"ကျွတ်.. ဒီလောက်ကြီးတဲ့ ပံ့ပိုးမှုမျိုး... နောက်ကွယ်မှာ ဘယ်သူ ရှိနေမလဲဆိုတာတောင် သိချင်နေပြီ"


ခေါ်ဆိုမှု အဆုံးသတ်သွားသောအခါ ယွီနျန် ဝေ့ပေါ် ဖွင့်၍ ရေပန်းစားအကြောင်းအရာများကို ကြည့်လိုက်မိသည်။ ထင်ထားသည့် အတိုင်း သူတွေ့လိုက်ရသည်။


 "ခင်ဗျားတော့ hot searchမှာ ပါနေပြီ" 


သူ ရွှယ်ယုံထံ ဖုန်းမျက်နှာပြင်ကို လှည့်ပေးလိုက်ပြီး မျက်တောင်လေးများ တဖျတ်ဖျတ် ခပ်ကာ ပြောလိုက်သည်။ 


"ကြည့်လိုက်... နံပါတ်ငါးနေရာမှာ... လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်က ယွီနျန်ရဲ့ အယ်လ်ဘမ်အသစ်ကို ပံ့ပိုးပေးခဲ့တယ်တဲ့" 


သူ့လက်ထဲမှ ဖုန်းကို ယမ်းပြလိုက်သည်။ 


"ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူကို ကျေးဇူးတင်ရမယ်"


ရွှယ်ယုံ၏ နားရွက်လေးများ အတန်ငယ် နီရဲသွားလေသည်။ "ကိုယ့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး"


သူ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ 

"အယ်လ်ဘမ်က သီချင်းတွေ အားလုံး ကောင်းတယ်"


ယွီနျန်က ဝိုင်ကို တစ်ငုံသောက်လိုက်သည်။ 

"တကယ်လား... ဘယ်ဟာကို အကြိုက်ဆုံးလဲ"


ရွှယ်ယုံ အတွေးနစ်သွားသည်။ 

"မင်းဆိုတဲ့ သီချင်းအားလုံး သဘောကျတယ်" 


သို့သော်လည်း သူပြောလိုက်ပြန်သည်။

 "ကိုယ်ကတော့ 'တောင်တန်းပေါ်က နှင်းစက်'နဲ့ 'ဆည်းဆာချိန်'ကို အကြိုက်ဆုံးပဲ... ချူရှောင်းရန်က 'ကျော့ရှင်းသော'ကို ကြိုက်တယ်... သူပြောတာ ဒီသီချင်း hitဖြစ်လာဖို့ အာမခံတယ်တဲ့"


“ကျွန်တော့် မန်နေဂျာလည်း အဲ့လိုပဲ ပြောခဲ့တာ 'ကျော့ရှင်းသော'က သေချာပေါက် ပေါက်မှာပဲတဲ့... ဒီနေ့ ထိပ်တန်း သီချင်းပလပ်ဖောင်းတွေရဲ့ ဒေတာတွေကို စစ်ကြည့်ပြီးပြီ... 'ကျော့ရှင်းသော'က တကယ့်ကို နားထောင်မှု အမြင့်ဆုံးပဲ... တခြားသီချင်းတွေကို တရိပ်ရိပ် ထိုးတက်သွားတယ်" ယွီနျန် ပြောလိုက်သည်။


ရွှယ်ယုံ ခေါင်းငြိမ့်ကာ အလေးအနက် ပြောလိုက်လေသည်။ 

"သီချင်းတိုင်းက ကောင်းတယ်"


ယွီနျန် ဝိုင်ခွက်ကို မြှောက်ကာ ရွှယ်ယုံ၏

ခွက်နှင့် ခပ်ဖွဖွ တိုက်လိုက်သည်။ 

"ချီးမွမ်းပေးလို့ ကျေးဇူးပါ"


"ကျော့ရှင်းသော"က အမှန်ပင် မိုးထိပေါက်သွားခဲ့လေသည်။