Chapter 78
ဒီဥက္ကဌက ရှက်သွေးမဖြာတတ်ဘူးကွ...
ဧပြီလ 9ရက်နေ့တွင် ယွီနျန်၏ ပထမဆုံး အယ်လ်ဘမ် "ကျော့ရှင်းသော"က physicalရော digital ပုံစံ နှစ်ခုလုံး ထွက်လာခဲ့သည်။
[T/N physicalက စီဒီခွေတွေလို အခွေနဲ့ ထွက်တာပါ... digitalက မြူးဇစ် ပလပ်ဖောင်းတွေမှာ တင်ပေးထာမျိုးပါ]
ရုံးခန်းထဲတွင် ယွီနျန်က လတ်လတ်ဆတ်ဆတ် ညှစ်ထားသည့် အသီးဖျော်ရည်တစ်ခွက်ကိုင်ထားသည်။ မုန့်ယွမ်နှင့် ရှစ်ရော့တို့ တစ်ချက်လေးပင် မနားဘဲ ရှေ့တိုးနောက်ပြန် လမ်းလျှောက်နေကြသည်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"အစ်ကိုမုန့်... အစ်မရော့ရော့... ထိုင်ပြီး နားပါဦး... ရပ်နေကြတာ ကြာလှပြီ"
“အင်း"
ရှစ်ရော့က နာရီကို စိုက်ကြည့်နေပြီး ယွီနျန်၏ စကားကို လျစ်လျူရှုကာ အမှတ်တမဲ့ ပြန်ဖြေလိုက်လေသည်။ မကြာခင် သူမက စိတ်လှုပ်ရှားစွာဖြင့် ရေတွက်လာခဲ့သည်။
“5, 4, 3, 2—1 ရှစ်နာရီထိုးပြီ... ထွက်လာပြီ"
မုန့်ယွမ်မှာ ကွန်ပြူတာထက်တွင် ထိုင်နေရင်း လက်ချောင်းများကို တင်းတင်းဆုပ်ထားပြီး တုံ့ပြန်ချက်ဒေတာများကို စိတ်ရှည်လက်ရှည် စောင့်မျှော်နေသည်။ သူတို့အဖွဲ့၏ ဂရုချက်၌လည်း မက်ဆေ့ချ်များ ပေါက်ကွဲထွက်နေပြီး သတင်းအချက်အလက်များ မြန်မြန် ရောက်လာခဲ့သည်။
ရှစ်ရော့မှာ ငြိမ်ငြိမ် မရပ်နိုင်တော့ဘဲ လက်သည်းများကို ကိုက်နေရင်း သူမကိုယ်သူမ တီးတိုးပြောလိုက်သည်။
"ယွီနျန်ရဲ့ အယ်လ်ဘမ်ကာဗာ ထွက်လာတုန်းကလည်း တစ်နေ့တည်းနဲ့ ပေါ်ပြူလာအဖြစ်ဆုံး အကြောင်းအရာရဲ့ နံပါတ်သုံးနေရာကို ရောက်သွားတယ်... ဒါဆို... အယ်လ်ဘမ်အတွက်က ပြဿနာ မရှိလောက်ပါဘူး... ပြီးတော့ မယ်လိုဒီ အပိုင်းတိုလေး ထုတ်တုန်းကလည်း တုံ့ပြန်ချက်တွေ ကောင်းတာပါပဲ... ပရိုမိုးရှင်းကလည်း ထိပ်ပိုင်းရောက်နေပြီကို ကြန့်ကြာနေတာတွေ မရှိလောက်ဘူး... အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားခဲ့တာပဲ"
ပြောပြီးနောက် သူမက ရုတ်တရက် ထိတ်လန့်တကြား ပြောလိုက်သေးသည်။
"အာ အစ်ကိုမုန့်... အဆင်ပြေသွားမှာပါနော်... ဟုတ်တယ်မလား"
ရှစ်ရော့ အငြိမ်မနေသည်ကြောင့် မုန့်ယွမ်မှာလည်း ခေါင်းမူးလာလေသည်။
"ရှစ်ရော့ ထိုင်လိုက်စမ်းပါ... မင်း လေထုကို တင်းမာအောင် လုပ်နေတာကော သိရဲ့လား"
ရှစ်ရော့ ပြန်ချေပလိုက်လေသည်။
"ဒါပေမယ့် အစ်ကိုမုန့်ကမှ ကျွန်မထက် စိုးရိမ်သောကရောက်နေတာလေ... ညက အိပ်တောင်မအိပ်နိုင်ခဲ့ဘူးမလား"
ယွီနျန်က သူတို့ အချင်းများနေသည်ကို နားထောင်နေရင်းဖြင့် ရွှယ်ယုံကို ရံဖန်ရံခါ မက်ဆေချ့်များ ပို့နေခဲ့သည်။ ရွှယ်ယုံမှာ ဆေးရုံဆင်းပြီးကတည်းက အလုပ်ရှုပ်နေပြီး နိုင်ငံခြားသို့ နှစ်ကြိမ်မျှ ခရီးထွက်ခဲ့ရသေးသည်။ သို့သော်ငြား ကံကောင်းထောက်မစွာဖြင့် သူ့လက်မှ ဒဏ်ရာက အနာကျက်သွားခဲ့ပြီး နောက်ဆက်တွဲပြဿနာများ မချန်ထားခဲ့ပေ။
ယွီနျန်မှာ ရွှယ်ယုံ ကိုမာမှ နိုးလာပြီး ညာလက် ထိခိုက်သွားကြောင်း သိရစဥ်က သူ့မျက်နှာထက်မှဆောက်တည်ရာမရ အမူအယာကို ပြန်လည်တွေးတောမိသည်။ ရွှယ်ယုံမှာ စန္ဒယားတီးရသည်ကို အမှန်ပင် သဘောကျခြင်း ဖြစ်ရမည်။
8:10အချိန်တွင် သတိပေးချက်ဝင်လာသံက အခန်းထဲကို ပျံ့နှံ့သွားခဲ့ပြီး ရှစ်ရော့ကို ပို၍ပင် စိတ်လှုပ်ရှားလာစေခဲ့သည်။ သူမက အသက်အောင့်ထားမိပြီး စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။
"အစ်ကိုမုန့်... ဘယ်လိုလဲ... ဘယ်လိုတဲ့လဲ"
မုန့်ယွမ်က ကွန်ပြူတာမျက်နှာပြင်ကို စိုက်ကြည့်နေပြီး ပါးစပ်ဟကာ လက်ဟန်ပြလိုက်သည်။
"ရှစ်ရော့... လာကြည့်စမ်း... ငါမြင်နေရတာ ဟုတ်ရဲ့လား"
ရှစ်ရော့ကလည်း မြန်မြန် ရောက်လာခဲ့ပြီး သုံးကြိမ် ရေတွက်လိုက်သေးသည်။
"ကျွန်မ စိတ်ကူးယဥ်ကမ္ဘာထဲ ရောက်နေတာတော့ မဟုတ်ဘူးမလား"
မုန့်ယွမ် အားရပါးရ ရယ်မောလိုက်သည်။
"သေစမ်း... ငါတို့ ဒစ်ဂျစ်တယ် ကော်ပီ သုံးသိန်းကို ဆယ်မိနစ်ထဲနဲ့ ရောင်းထွက်သွားတယ်"
ယွီနျန်မှာလည်း ထိုရလဒ်ကြောင့် အံ့အားသင့်သွားသည်။ "သုံးသိန်းတောင်လား"
"ဟုတ်တယ်... အမှန်ပဲ သုံးသိန်း"
ရှစ်ရော့ ခပ်မြန်မြန် ပြောလိုက်သည်။ "physical ကော်ပီတွေကရော"
“physical ကော်ပီတွေကလည်း အထင်ကြီးစရာပဲ... ဒီနှုန်းနဲ့ဆို တစ်နာရီမှာ ကော်ပီတစ်သောင်းလောက်ထိ သံသယမရှိ ရောင်းနိုင်တော့မှာ" မုန့်ယွမ် စားပွဲကို ရိုက်ချလိုက်ပြီး စိတ်လှုပ်ရှားမှူများကို ထိန်းမထားနိုင်တော့ပေ။
"သေစမ်း... ဒီဖေဖေမုန့်ကတော့ ဒီည ကောင်းကောင်း အိပ်လို့ ရပြီ"
ရှစ်ရော့ ပါးစပ်ကို အုပ်လိုက်ပြီး တခစ်ခစ် ရယ်ပြန်သည်။
"အစ်ကိုမုန့်တော့ စိတ်လှုပ်ရှားလွန်းလို့ မအိပ်နိူင်မှာ သေချာပါတယ်"
ယွီနျန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
မုန့်ယွမ် ပြုံးဖြဲဖြဲလုပ်ကာ မြှောက်ကြွကြွ ဖြစ်နေသည်။ "လမ်းကြောင်းကို ကြည့်လိုက်စမ်း... တစ်နာရီထဲနဲ့ ကော်ပီလေးသိန်း ရောင်းနိုင်တာ တကယ့် အဖြစ်အပျက်ပဲကွ... ဒီခေတ်မှာ physical အယ်လ်ဘမ် စျေးကွက်က သိပ်မလုပ်မဖြစ်တော့ပေမယ့် ဒီအရေအတွက်လောက်ဆို နျန်နျန် အခြေကျသွားပြီ"
သူတို့ အဖွဲ့က trending opicများ ဝယ်၍ အပူလှိုင်း ပိုမြင့်သွားစေရန် ကြိုတင် ပြင်ဆင်ထားခဲ့သော်လည်း #ယွီနျန်တောင်တန်းပေါ်ကနှင်းစက်#ဟူသည့် hashtagက ဖန်များနှင့် ဖြတ်သွားဖြတ်လာကြည့်ရှုသူများ၏ အကူအညီဖြင့် ထိပ်သို့ တန်းရောက်သွားလေသည်။
[#ယွီနျန်တောင်တန်းပေါ်ကနှင်းစက်# အား.... ငါထပ်ခါထပ်ခါ နားထောင်မိနေတုန်းပဲ... ဒီနတ်ဘုရားလို အသံလေးနဲ့ သီချင်းဆိုနေတဲ့သူက ဘယ်သူလေးများလဲ... ပထမအကြိမ်တုန်းကလည်း အမေးဇင်း... ဒုတိယအကြိမ် နားထောင်တော့လည်း အမေးဇင်း... တတိယအကြိမ် ထပ်နားထောင်တော့လည်း အမေးဇင်း ဖြစ်နေမိတာပဲ... လက်ရာမြောက်လိုက်တာ... ယွီနျန်ရဲ့ အသံလေးကလေ တစ်နှစ်ပတ်လည်လုံး တောင်ထိပ်ကနေ အရည်ပျော်ကျမလာတဲ့ နှင်းစက်တွေကို တွေးမိသွားစေတယ်]
[#ယွီနျန်တောင်တန်းပေါ်ကနှင်းစက်# ‘ကျော့ရှင်းသော’က ကောင်းပါတယ်... ငါ့အမေ အခန်းရှေ့က ဖြတ်သွားတော့ နားထောင်ကောင်းလွန်းလို့လို့တဲ့... ဘာသီချင်း ဖွင့်ထားတာလဲလို့ မေးနေတာ... ဒါပေမယ့် 'တောင်တန်းပေါ်ကနှင်းစက်'က တကယ် ခြွင်းချက်မရှိပဲ... ငါ့နှလုံးသားကို ဖမ်းမိသွားပြီ... လုံးဝ လှပလွန်းတယ်]
[#ယွီနျန်တောင်တန်းပေါ်ကနှင်းစက်# ဖန်အသစ်လေးပါ... ငါ့ အခန်းဖော် တစ်ယောက်နဲ့တောင် ရန်ဖြစ်ခဲ့ရသေးတယ်... သူ' ကျော့ရှင်းသော' ကိုကြိုက်ပြီး ငါက 'တောင်တန်းပေါ်က နှင်းစက်'ကို ကြိုက်တယ်... ဒါကြောင့်မို့ ငါတို့ ဆယ်စက္ကန့်လောက် လမ်းခွဲလိုက်ကြဖို့ ဆုံးဖြတ်လိုက်ပြီ... ထပ်ပြီးတော့ ပြောမယ်... ဒီအယ်လ်ဘမ်က လုံးဝ အံ့သြဖို့ကောင်းတယ်ဆိုတာ ဝန်ခံတယ်နော်... အထူးသဖြင့် 'ဆည်းဆာချိန်'ပဲ... ငါနားထောင်မိတိုင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတာ... နျန်နျန် ငါ့မျက်ရည်တွေအတွက် အလျော်ပြန်ပေးပါ]
[#ယွီနျန်တောင်တန်းပေါ်ကနှင်းစက်# ဒီအယ်လ်ဘမ်ကို စောင့်နေခဲ့ရတာ ကြာပြီ... ယွီနျန်ရဲ့ အဆိုအရည်အချင်း၊ စီနျင်းရဲ့ စာသားနဲ့ တေးဖန်တီးမှုအပိုင်းသာ ပေါင်းစပ်လိုက်ရင် လုံးဝ စိတ်ပျက်စေရမှာ မဟုတ်ဘူး... အခုမေးခွန်းက ဘယ်သီချင်းကို အရင်နားထောင်ရမလဲ 'တောင်တန်းပေါ်က နှင်းစက်'လား 'ကျော့ရှင်းသော'လား... ပြီးတော့ 'ဆည်းဆာချိန်နဲ့ ' တလက်လက်တောက်ပနေပြီ' လည်း ရှိသေးတယ်... အိုး မဟုတ်သေးပါဘူး... ဘာလို့ ငါ့မှာ နားတွေများများ မရှိရတာလဲ]
မကြာမီ မြင့်တက်လာသော ဆွေးနွေးမှုများနှင့် ယှဥ်တွဲ၍ ယခင်က ရိုက်ကူးထားခဲ့သော အင်တာဗျူးများကို ထုတ်လွှင့်လိုက်ရာ #နောက်ဆုံးထွက်သက်ထိသီချင်းဆိုမယ်#က ရေပန်းစားအကြောင်းအရာများသို့ မြန်မြန် ရောက်ရှိသွားလေတော့သည်။
[ဟားဟားဟားအခုကစပြီး မျက်လုံးကြီး မှိတ်ပြီး နှုတ်ခမ်းလှုပ်ရုံ လိုက်ဆိုနေတယ်လို့ ပြောတဲ့သူတိုင်းကို 'တောင်တန်းပေါ်ကနှင်းစက်'နဲ့ 'တလက်လက်တောက်ပနေခြင်း'ကို ပစ်ပေးလိုက်မယ်... ပြီးရင် သူတို့ကို နားထောင်ခိုင်းပြီးတော့ ထိပ်တန်း အဆိုအရည်အချင်းဆိုတာ ဘာလဲ ပြရသေးတာပေါ့... ပြီးရင် သူတို့ကို EPတစ်ခုလုံး ပစ်ပေးပြီးတော့ ထိပ်တန်းအဆင့် တေးရေးဆရာဆိုတာ ဘယ်လိုမျိုးလဲ ကြည့်ခိုင်းလိုက်ရသေးတာပေါ့]
[ဟားဟားဟား... ဒီစကားက အစစ်ပဲ... ငါ့အသက်ရှူသံ ရပ်ထားပြီး ကားတိုက်မိဖို့ ယွီနျန်ရဲ့ တိုက်ရိုက်ဖျော်ဖြေမှု ကြည့်ဖို့ မစောင့်နိုင်တော့ဘူးဟေ့... နတ်ဆိုးဆန်တဲ့ ဆန္ဒပဲ]
[ငါလည်း သီချင်းလိုက်ဆိုကြည့်လိုက်သေးတယ်... 'ကျော့ရှင်းသော'က အဆင်ပြေနေသေးတယ်... တေးသွားကလည်း အရမ်းလှတယ်နော်... ဒါပေမယ့် 'တောင်တန်းပေါ်ကနှင်းစက်'ကတော့ အသက်ရှူပါ ရပ်တော့မလိုပဲ... ဘာလို့ သူ့ရဲ့ အသံကြိုးတွေနဲ့ အဆုတ်က ခြွင်းချက်ဖြစ်နေရတာလဲ]
ရက်ပေါင်းများစွာကြာသည်အထိ မုန့်ယွမ် စိတ်ကောင်းဝင်နေခဲ့သည်။ သူ့ဖုန်းကို ယွီနျန်အနားသို့ တမင်သက်သက် ယူလာပြီး အံ့အားသင့်သွားဟန်ဆောင်လိုက်လေသည်။
"အိုး... ယွီနျန်... မင်းထပ်ပြီး ရေပန်းစားနေပြန်ပြီ... တွဲထားတာက #ယွီနျန်သီချင်းများ#တဲ့... သူတို့ပြောတာ အဓိက သီချင်းပလပ်ဖောင်းသုံးခုရဲ့ သီချင်းသစ်ဇယားတွေမှာ ထိပ်ဆုံး ခုနစ်နေရာက မင်းဆိုထားတဲ့ သီချင်း မဟုတ်ရင် မင်းရေးထားတဲ့ သီချင်းတွေချည်းပဲတဲ့... မင်းက သီချင်းဇယားတွေပေါ် လွှမ်းမိုးနေတာပဲကွ"
ယွီနျန်မှာ ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်ရသည်။ "အစ်ကိုမုန့်... မနက်တုန်းကလည်း ဒီအကြောင်း ပြောပြီးပြီလေ... အသံအနေအထားရော၊ အဖိအဖော့ရော အားလုံးက အတူတူတွေချည်းပဲ"
မုန့်ယွမ် လည်ချောင်း ရှင်းလိုက်ပြီး နှစ်ကြိမ်မျှ တီးတိုးရယ်လိုက်သည်။
"တကယ်လား... ငါပြောပြီးသွားပြီလား... အိုး"
ယွီနျန် မျက်နှာဖုံးအကာနှင့် လျှာထိုး ဦးထုပ် ဆောင်းထားသည်ကို ကြည့်ကာ မုန့်ယွမ် နိုးနိုးကြားကြား ဖြစ်သွားလေသည်။
"ဘယ်သွားမလို့လဲ"
ယွီနျန် ဝန်ခံလိုက်သည်။
"ရွှယ်ယုံက ကျွန်တော့်ရဲ့ အယ်လ်ဘမ် အောင်မြင်တဲ့အတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ဒီနေ့ တွေ့ကြဖို့ဖိတ်ထားတယ်"
“ဒါဆို... ရွှယ်ယုံနဲ့ တွေ့ဖို့ပေါ့"
မုန့်ယွမ် ယွီနျန်ကို အစုန်အဆန် ကြည့်လိုက်သည်။
"မင်းက ကောင်းကောင်းဝတ်စားထားတော့... 186နဲ့ သွားဒိတ်မယ် ထင်နေတာ... ဒါဆိုလည်း သွားလေ... ဘေးကင်းဖို့က အဓိကနော်"
ဓါတ်လှေကားထဲတွင် ယွီနျန်က ရွှယ်ယုံ၏ အနက်ရောင် SUVကားလေးကို တန်းမြင်သွားခဲ့သည်။ သူ အပြေးရောက်လာပြီး တံခါးကိုဖွင့်၍ နောက်ခန်းတွင် အပြုံးလေးတစ်ခုဖြင့် ဝင်ထိုင်လိုက်သည်။
"မတွေ့ရတာကြာပြီ"
ကားထဲက နွေးနေသဖြင့် ယွီနျန်က ကုတ်အင်္ကျီကို အေးအေးသက်သာ ဆွဲချွတ်လိုက်သည်။ သူက အဖြူရောင် V လည်ပင်း ဆွယ်တာပွပွကို ဝတ်ဆင်ထားသဖြင့် ကြွေအဆင်းရှိ အသားအရည်နှင့် နူးညံ့သော ညှပ်ရိုးလေးများကို တွေ့မြင်နေရသည်။
ရွှယ်ယုံ၏ အကြည့်များ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မြန်မြန် မျက်နှာလွှဲလိုက်ပြီး မျက်နှာကလည်း အနည်းငယ် နီရဲနေခဲ့လေသည်။
သူ့ကိုယ်သူ တွေးလိုက်မိသည်။ ကားထဲက အနွေးပေးစက်ရဲ့ အပူကြောင့်ပဲ ဖြစ်ရမယ်... ဘာပဲဖြစ်ဖြစ် ဒီဥက္ကဌက ရှက်သွေးမဖြာတတ်ဘူးကွ...