Chapter 77
“ရတနာတစ်ခုမှာ တန်ဖိုးရှိရင် ပြိုင်လုတာတွေ ဖြစ်လာနိုင်တာပေါ့"
ယွီနျန် သေသေချာချာ ပြန်စဥ်းစားကြည့်လိုက်သည်။
" 'အိပ်မပျော်နိုင်သူ စာလိပ်'အကြောင်း နောက်ဆုံးကြားခဲ့ရတဲ့ သတင်းက ကျန်းမျိုးရိုး လူတစ်ယောက်က ရွှေချောင်းငါးရာ နဲ့ ဝယ်သွားခဲ့တယ်ဆိုတာ ကျွန်တော် မှတ်မိတယ်... ဟုတ်တယ်မလား"
“ဟုတ်တယ်... ငါရထားတဲ့ သတင်းရောပဲ... လတ်တလောမှာ စူးကျိုးရဲ့ ကျန်းမိသားစုက နောက်ဆုံးအကြီးအကဲ ကွယ်လွန်သွားတော့ မိသားစုထဲက မျိုးဆက်သစ်လေးတွေအားလုံး နိုင်ငံခြားမှာ အခြေချနေထိုင်ခဲ့ကြတယ်... သူတို့က သူတို့ရဲ့ စာကြည့်တိုက်ထဲက အသုံးမလိုတဲ့ စာရွက်တွေ မင်တွေကို အကုန်ရောင်းထုတ်ဖို့ စီစဥ်နေကြတာပဲ... ဒါကြောင့် လူတွေ အများကြီးက အဲ့ဒီအချိန်တုန်း 'အိပ်မပျော်နိုင်သူ စာလိပ်' ကို ဝယ်သွားတဲ့ ကျန်းမျိုးရိုးနဲ့ ဝယ်သူကို အမှတ်ရသွားကြတာလေ... စာလိပ်က ကျန်းမိသားစု စာကြည့်တိုက်ထဲမှာ ရာစုနှစ်တစ်စုလောက် ရှိနေဖို့ အတော်လေး ဖြစ်နိုင်ချေ ရှိတယ်"
သူ ထပ်ပြောလိုက်ပြန်သည်။
"ဒါပေမယ့်လည်း ကျန်းမိသားစု မျိုးဆက်သစ်တွေက ပြည်တွင်းပြည်ပက စုဆောင်းသူတွေနဲ့ အဆက်အသွယ် ရှိကြတယ်လို့ ဆိုကြတာပဲ... ဒါကြောင့် ဘယ်အရာက မှန်လဲ ဆိုတာ သေချာမသိနိုင်သေးဘူး"
"ကိစ္စမရှိပါဘူး... ပြောကာမှ ကျွန်တော်ငယ်ငယ်လေးကတည်းက 'အိပ်မပျော်နိုင်သူ စာလိပ်' နဲ့ ပတ်သက်ပြီး ကောလဟာလတွေ အများကြီး ကြားခဲ့ဖူးပေမယ့် တစ်ခုမှ မမှန်ခဲ့ဘူးလေ"
ယွီနျန် ပြုံးလိုက်သည်။
"ဒါပေမယ့် အစစ် ဟုတ်မဟုတ်ဆိုရင်တောင် သတင်းရတာကပဲ ကိစ္စကောင်းတစ်ခု ဖြစ်နေပြီ"
"အဟုတ်ပဲ" ရုန်ယွဲ့ ထပ်ပြုံးလိုက်ပြန်သည်။
"နျန်နျန်... အခုက ငွေစစုဖို့ အချိန်ပဲနော်"
“ဟုတ်ပါ့... နံပါတ်တစ် စာလိပ်က နှစ်ပေါင်းရာချီပြီးမှ ပထမဆုံး ထွက်ပေါ်လာတာ... စျေးတွေ ဘယ်လောက်တောင် မြင့်လိုက်မလဲ သိချင်မိပါရဲ့"
ယွီနျန်က လက်ထဲမှ ခဲတံလေးကို လှည့်နေပြီး ခံစားချက်ကောင်းနေလေသည်။
"အဲ့ဒီကိစ္စအတွက်တော့ ဦးလေးရုန်ပဲ ကျွန်တော့်အတွက် ဆက်ပြီး စောင့်ကြည့်ပေးပါဦး... မီးဖိုချောင်ထဲ စွပ်ပြုတ်အိုး တည်ထားလို့ သွားကြည့်ရဦးမှာ"
သူက ဝက်နံရိုးစွပ်ပြုတ်နှင့် ငါးပြေမပေါင်းတို့ကို အပူထိန်းဘူးလေးများထဲသို့ အသီးသီး ထည့်ကာ ဆေးရုံသို့ သယ်လာခဲ့သည်။
တစ်ထပ်လုံး၌ ရွှယ်ယုံသာ တိတ်တိတ်ဆိတ်ဆိတ် ရှိနေလေသည်။ ဆေးရုံခန်းအပေါက်ဝမှ ဘော်ဒီဂတ်က သူ့ကို မတားခဲ့သဖြင့် တံခါးဖွင့်၍ သူဝင်လာသောအခါ အထဲမှ ဝတ်စုံပြည့်ဝတ်ထားသည့် လူတစ်ဒါဇင်ခန့်ကျော်၏ အကြည့်တို့နှင့် ဆုံတွေ့သွားခဲ့ရသည်။
ရွှယ်ယုံက ဆိုဖာတွင် ခပ်မတ်မတ် ကိုယ်ဟန်၊ ချောမောနေသော အသွင်အပြင်တို့ဖြင့် ထိုင်နေသည်။ အသံကြားသောအခါ လှည့်ကြည့်လာခဲ့သည်။
ယွီနျန်က လှမ်းလက်စ ခြေလှမ်းကို ရပ်လိုက်ပြီး ရွှယ်ယုံနှင့် အခြားသူများ အစည်းအဝေး ထိုင်နေကြမှန်း နားလည်သွားလေသည်။ သံသယများ ကင်းရှင်းရန်အတွက် တံခါးပိတ်ကာ ထွက်သွားတော့မည်အပြုတွင် ရွှယ်ယုံက စကားပြောလာလေသည်။
"အပြင်မှာ အေးတယ်... အရင် ဝင်လာထိုင်လှည့်ပါလား... အစည်းအဝေးက ဆယ်မိနစ်အတွင်း ပြီးတော့မှာ"
ယွီနျန်ကို ပြောနေသော ရွှယ်ယုံ၏ အသံက တမူထူးခြားစွာ ငြင်သာနေသဖြင့် သူ့ဘေးတွင် ထိုင်နေကြသည့် အတွေးရေးမှူး နှစ်ယောက်က အကြည့်များ ဖလှယ်လိုက်ကြပြီး မျက်လုံးများထဲမှ ထိတ်လန့်မှုတို့ကို ဖုံးကွယ်ထားလိုက်ကြသည်။
ယွီနျန် မငြင်းလိုက်ပေ။ သူ ပြန်လှည့်ကာ တံခါး ပိတ်လိုက်ပြီးနောက် အခန်းထဲသို့ အိန္ဒြရရ လျှောက်လာခဲ့သည်။ သူကို စူးစမ်းနေကြသူများထံ ခေါင်းငြိမ့်ပြလိုက်ပြီး ရွှယ်ယုံကို ပြောလိုက်သည်။
."ကျွန်တော် အထဲမှာပဲ စောင့်လိုက်မယ်... ပြီးသွားရင် ကျွန်တော့်ကို ပြောလိုက်နော်"
သူ့အကြည့်များက ရွှယ်ယုံ၏ ရှပ်အင်္ကျီဖြူပေါ် ကျရောက်သွားပြီး သဘာဝကျကျပင် သတိပေးလိုက်သည်။
"ကုတ်အင်္ကျီ ထပ်ဝတ်ထား... အအေးမမိစေနဲ့"
ဘေးခန်းမှ တံခါး ပိတ်သွားသည်နှင့် အခန်းထဲမှ အတွင်းရေးမှူးများက အကြည့်ပြန်ရုတ်လိုက်ကြပြီး အလုပ်ကိုသာ အာရုံစိုက်ထားလိုက်ကြသည်။
ရွှယ်ယုံက လက်ထဲမှ စာရွက်စာတမ်းများကို ချထားလိုက်ပြီး ဘေးမှ အတွင်းရေးမှူးလေးကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
"ကုတ်အင်္ကျီ လှမ်းပေးဦး"
အတွင်းရေးမှူးလေးမှာ အသိပြန်ဝင်သွားပြီး မြန်မြန် ထရပ်ကာ နံဘေးတွင် ချိတ်ထားသော ကုတ်အင်္ကျီကို ရွှယ်ယုံထံ လှမ်းပေးလိုက်သည်။
ကုတ်အင်္ကျီ ဝတ်ပြီးသွားသောအခါ ရွှယ်ယုံက အခန်းထဲမှ လူများကို အသေးစိတ်ကြည့်လိုက်ပြီး ထပ်ပြောလိုက်လေသည်။ သူ့အသံအနေအထားမှာ ပုံမှန်အတိုင်း အေးစက်စက်သာ "ဆက်ပြော... နိဂုံးချုပ်ကို ရောက်ဖို့ ငါတို့မှာ ဆယ်မိနစ်ရှိမယ်"
တံခါးပိတ်သံ ကြားလိုက်ရပြီးနောက် လူတိုင်းထွက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ ယွီနျန် တံခါးဖွင့်၍ ထွက်လာလိုက်သည်။
ရွှယ်ယုံ ရှင်းပြလိုက်သည်။
"အလျင်စလို လုပ်စရာလေးတွေ ရှိနေလို့ လက်တန်းအစည်းအဝေး ခေါ်လိုက်ရတာ"
“အာ... ကျွန်တော် စောစော ရောက်လာမိတာပါ"
ယွီနျန် လှည့်လိုက်ပြီး သူယူလာသော ပစ္စည်းများကို စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် ရွှယ်ယုံ မေးလိုက်လေသည်။
"နျန်နျန်... မင်း ဒီနေ့ စိတ်ကြည်နေသလိုပဲ"
“သိသာသွားလား"
ယွီနျန် ကုတ်အင်္ကျီ ထူထူကို ချွတ်ကာ အရောင်ဖျော့ဖျော့ ဆွယ်တာနှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ထားလိုက်သည်။ သူက ပြုံးနေရင်းဖြင့် အနွေးဘူးလေးများကို စီနေလိုက်လေသည်။
"ဟုတ်တယ်... ကျွန်တော် အကြာကြီး ရှာနေခဲ့ရတဲ့ ပစ္စည်းအကြောင်း သတင်းရခဲ့လို့လေ... သတင်း အမှန် ဟုတ်ပါ့မလား မသိပေမယ့် ပျော်မိနေတုန်းပဲ"
သူက ဝက်နံရိုးစွပ်ပြုတ်ကို ပန်းကန်လုံးလေး တစ်လုံးထဲသို့ လှယ်လိုက်ပြီး မှုတ်ပေးလိုက်ပြီးမှ ကမ်းပေးလိုက်သည်။
"ဗိုက်ဆာနေပြီလား... ဒါကို အရင်မြည်းကြည့်ပေးပါဦး"
ရွှယ်ယုံက ပန်းကန်လုံးလေးကို လက်တစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။
"အရသာ ရှိတယ်... ကျေးဇူးပါပဲ"
“ဒါဆို ရပြီ" ယွီနျန် တစ်ခုခု တွေးမိသွားသည်။
"ခင်ဗျား မနက်ဖြန် မနက် ဆေးရုံဆင်းရမှာနော်"
"ဟုတ်တယ် မနက်ဖြန်မနက် ဆင်းရမှာ"
"မနက်ပိုင်း အလုပ်က ရွှေ့ဆိုင်းလို့လည်းမရတော့ ခင်ဗျားကို လာမကြည့်နိုင်တော့ဘူး... သေချာ ဂရုစိုက်နော်... အထူးသဖြင့် ခင်ဗျားရဲ့ ညာလက်ပဲ... အနာပြန်ပွင့်လာရင် ပိုဆိုးသွားမှာ"
ယွီနျန်မှာ သူ့ဘေးနားတွင် ရှိနေသည့် ရွှယ်ယုံ၏ ပြုတ်ကျလုဆဲဆဲဖုန်းကို သတိပြုမိသွားသည်။ သူလက်လှမ်းယူလိုက်ပြီးနောက် ရွှယ်ယုံ၏ မျက်နှာထက်မှ စိုးရိမ်ပူပန်နေသော အရိပ်အယောင်များကို တွေ့လိုက်ရလေသည်။
"ဘာဖြစ်လို့လဲ"
"ဘာမှ မဟုတ်ပါဘူး"
ရွှယ်ယုံ အကြည့်လွဲလိုက်ပြီး သူ့ဖုန်းကို ဆက်မကြည့်ရဲတော့ဘဲ ငါးပြေမပေါင်းကိုသာ ဆက်စားနေလေသည်။
ယွီနျန် ပြန်သွားသောအခါ ဆေးရုံခန်းက ပြန်လည်တိတ်ဆိတ်သွားလေသည်။ ရွှယ်ယုံက အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ဖုန်းကို ကောက်ကိုင်ကာ မူလက ဖွင့်ကြည့်ထားသော စာမျက်နှာကို ဖွင့်လိုက်သည်။
(//“… ယွီနျန်က ရွှယ်ယုံရဲ့ အနက်ရောင် အနောက်တိုင်းဝတ်စုံ ဂျက်ကက်ကို ဆွဲချွတ်၊ ရွှယ်ယုံရဲ့ ခါးသိမ်သိမ်လေးကို ဖက်ဖို့ လက်လှမ်းလာပြီးတော့ တစ်ဖက်လူရဲ့ အနွေးဓါတ်ထဲမှာ သူ့ကိုယ်သူ မြှုပ်နှံထားတယ်... သူက ရွှယ်ယုံကို ထိပြီး မေးလိုက်သေးတယ်... 'ခင်ဗျား ကျွန်တော့်ကို ချစ်တာ သိသားပဲ'တဲ့...
ရွှယ်ယုံက အဲ့ဒီလူသားလေးကို လက်မောင်းထဲမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး ခေါင်းထက်ကို အနမ်းပေးလိုက်ပြီးတော့ နတ်ဆိုးဆန်ဆန် ပြုံးလိုက်တယ် 'ဒါပေါ... မင်းက ကိုယ့်အပိုင်ပဲ... မင်းမှ မဟုတ်ရင် ဘယ်သူ့ကို ချစ်ရဦးမှာလဲ'"//)
ရွှယ်ယုံက ကွန်မန့်များထဲမှ သူရှာတွေ့ထားခဲ့သည့် ယွီနျန်နှင့် ရွှယ်ယုံကို တွဲဖက်ပေးထားသော စိတ်ကူးယဥ်ဆောင်းပါးများကို ဖတ်နေရင်း မျက်နှာများ နီရဲလာပြီး နားရွက်များမှာလည်း လောင်ကျွမ်းတော့မည်ကဲ့သို့ပင် ဖြစ်နေသည်။
ထိုစာပိုဒ်ကို နောက်တစ်ကြိမ် ဖတ်ကြည့်လိုက်ပြီး နျန်နျန် အေးနေချိန်၌ သူ့အင်္ကျီကို ချွတ်ပေးကာ တင်းတင်းကြပ်ကြပ် ဖက်ပေးပြီး အနမ်းပေးခဲ့သည် ဟူသည်ကို နားလည်နိုင်ပါသေးသည်။
ဒါပေမယ့်... နတ်ဆိုးဆန်ဆန်အပြုံး... အဲ့ဒါ ဘယ်လိုပုံမျိုးမို့လဲ...
*****
နောက်တစ်နေ့မနက်စောစောအချိန်တွင် မုန့်ယွမ်က တာဝန်အရ ဖုန်းခေါ်၍ သတိပေးလာခဲ့သည်။
"ဝေ့ပေါ်မှာ တင်ရမဲ့စာကို ပို့ပေးထားပြီးပြီ... အချိန်မီ တင်ဖို့ သတိရဦး... ငါ အရာအားလုံးကို အစွမ်းကုန် ပြင်ဆင်ထားပြီးသား... ပြီးတော့... ငါမင်းကို ဆယ်နာရီမှာ လာခေါ်ပေးမယ်... ဗီဒီယို ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးကိုလည်း အစီအစဥ်ဆွဲထားပြီးပြီ... ပြီးတော့ မေးခွန်းတွေလည်း ကြည့်ထားပြီးသား... ဆတ်ဆတ်ထိမခံ ဖြစ်လောက်စရာ မေးခွန်းတွေ မရှိဘူး... ဒါပေမယ့် တစ်ချက်လောက်ကြည့်ပြီး ဘယ်လို ပြန်ဖြေမလဲဆိုတာ စဥ်းစားလိုက်ဦး"
ယွီနျန်က ကြေးဝါ ပန်းညှပ် ကတ်ကြေးလေးကို ချကာ လက်မှ အညစ်အကြေးများကို တစ်သျူးအစိုဖြင့် သုတ်လိုက်သည်။ ထို့နောက် ခေါင်းလေးကို စောင်းကာ ဖုန်းကို ခေါင်းနှင့် ပုခုံးကြား ညှပ်ထားလိုက်သည်။ သူပြန်ဖြေလိုက်သည်။
"ကောင်းပါပြီ... အစ်ကိုမုန့်... မစိုးရိမ်ပါနဲ့... ကျွန်တော် မမေ့ပါဘူး"
မုန့်ယွမ် တီးတိုးရယ်မောလေတော့သည်။
"ဒါပေါ့... ငါမင်းကို ယုံတယ်လေ"
ထို့နောက် သူ အမှတ်ရသွားလေသည်။
"186ကရော အခြေအနေ ဘယ်လိုလဲ" [ T/N 1.86 မီတာ ရှည်တဲ့ မော်ဒယ်မလေး]
ယွီနျန်၏ အသံက သဘာဝကျကျပင် ပျော့ပြောင်းသွားလေသည်။
"ကျွန်တော် သတိထားမိတယ်... ကျွန်တော်တို့ ပိုပြီး တွေ့ရလေလေ သူ့ကို ပိုပြီး သဘောကျလာလေလေပဲ"
“ကျွတ်... ချိုမြနေတဲ့ အသံနဲ့... ကြက်သီးတွေတောင် ထလာပြီ"
မုန့်ယွမ်က ရွံရှာသွားသည့် အရိပ်အယောင်ဖြင့် ပြောလိုက်ပြီးနောက် ဆက်ပြောသည်။
"ဒါပေမယ့်... ဒါလည်း ကောင်းတာပါပဲ... မင်းတို့ ပိုနီးကပ်လာတာနဲ့ မင်းနှလုံးသားထဲက တစ်ဖက်လူ၏ ပုံရိပ်က ချက်ချင်း ကွဲကြေသွားရတဲ့ အခြေအနေမျိုး မဖြစ်သေးဘူး ဆိုတော့လေ"
“အစ်ကိုမုန့်... ကျွန်တော် ချိန်းတွေ့မှာကို စိတ်မရှိဘူးလား"
"ငါကဘာလို့ စိတ်ရှိရမှာလဲ... ငါ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံကို အခြေခံရရင် ငါ့ရဲ့ အနုပညာရှင်ကို မချိန်းတွေ့အောင် တင်းတင်းကျပ်ကျပ် တားမြစ်ထားရင်တောင် သူတို့က ရိုမန့်လေးတွေ လုပ်ဖို့ တိတ်တိတ်လေး သွားချိန်းနေကြဦးမှာပဲ... ပြီးရင် ပါပါရာဇီတွေရဲ့ ဓါတ်ပုံတွေကနေ ငါက ပြန်သိရမယ်... အိုး... ကြည့်ရတာ ငါ့အနုပညာရှင်က တကယ်ကြီး ဒိတ်တင်း လုပ်နေသလိုပဲ... အဲ့အချိန်မှာ... ငါက အလုပ်များပြီး ဒေါသအကြီးအကျယ် ထွက်ရမယ်... ငါကတော့ မင်းရဲ့ အချစ်ရေးကို အစကနေ သိထားရတာ အကောင်းဆုံးပဲ... ဒါက အသေအချာ ပြင်ဆင်ထားလို့ တည်ငြိမ်နေတယ်လို့ ခေါ်တယ်" မုန့်ယွမ် စကားရပ်လိုက်သည်။
"ကောင်းပြီ... စကားပြောတာ လုံလောက်ပြီ... အချိန်ကြည့်ပြီး ဝေ့ပေါ်မှာ ပိုစ့်သွားတင်ဦး"
ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်ပြီးနောက် ယွီနျန် ရွှယ်ယုံ ဆေးရုံဆင်းမည့်အကြောင်း တွေးမိသွားသည်။ အချိန်ရောက်တော့မည်ကို တွေ့လိုက်ရသောအခါ ရွှယ်ယုံကို စာပို့ထားလိုက်ပြီး ဝေ့ပေါ်သို့ ဝင်၍ အချိန်ကိုက် ပိုစ့်တင်လိုက်သည်။
[[[***“စောင့်မျှော်နေပေးကြလို့ ကျေးဇူးပါ... ဒါက ငါ့ရဲ့ ပထမဆုံး အယ်လ်ဘမ် 'ကျော့ရှင်းသော'ပါ... လူတိုင်းက ကမ္ဘာပေါ်က ရည်မွန်ကျော့ရှင်းမှုတွေနဲ့ တွေ့ကြုံရပြီး လမ်းတလျှောက်က လှပတဲ့ မြင်ကွင်းလေးတွေကို မလွဲချော်ရပါစေနဲ့... [ပုံ]"***]]]
ကွန်မန့်ပေးသည့်နေရာမှာ စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲထွက်သွားကြလေသည်။
[အား... ယွီနျန် အယ်လ်ဘမ်ရဲ့ မျက်နှာဖုံးလေး... အား... ငါဘာတိုက်မိလိုက်လဲ ကြည့်ကြစမ်းပါဦး]
[ရောင်းထွက်သွားပြီ... ကာဗာပေါ်မှာ ယွီနျန် ဘယ်လောက်ချောနေလဲ... ငါမူးမေ့လဲသွားပါပြီ... နောက်ပိုင်းမှာ အဖြူအမဲနဲ့... ရှေ့မှာ အရောင်စုံလေး... လှလိုက်တဲ့ ကာဗာလေး]
[စိတ်လှုပ်ရှားနေပြီ... အယ်လ်ဘမ် ခေါင်းစဥ်နဲ့ ကာဗာတော့ ထွက်လာပြီ... သီချင်းအသစ်က ဝေးသေးလား... ငါစောင့်ရတာ ကြာလှပြီ... ပျော်လွန်းလို့ ငိုမိနေပြီနော်]
[ယွီနျန်xစီနျင်း... အင်အားကြီး ပေါင်းစပ်မှုက မင်းတို့ရဲ့ စိတ်အာရုံတွေကို လှုပ်ခါစေမိလိုက်မယ်... ဟားဟားဟား ဒီmemeကတော့ ပြေးမလွတ်စေရဘူး... ယွီနျန်ကို အကြံပြုပေးပါတယ်... အယ်လ်ဘမ်အသစ်ကို စောင့်နေပါတယ်... အားလုံး ရောင်းထွက်စေရမယ်]
မကြာမီ ယွီချင်း၊ ရှားမင်ရှီ၊ ဟယ်ချိုးပိုင်နှင့် ရွှယ်ယားလင်တို့အားလုံး ပြန်တင်ပေးခဲ့ကြသည်။ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့်ဒါရိုက်တာ ရှုရှန့်လန်သည်ပင် ပြန်လည် ကူးတင်၍ ကွန်မန့်ပေးလာခဲ့သည်။
"မင်းရဲ့ ဂီတအလုပ်တွေကို မျှော်နေမယ်"
မိုးလောက်ထိ မြင့်တက်သွားသော ဆွေးနွေးမှုများက မုန့်ယွမ်ကို ပို၍ပင် စိတ်ကြည်လင်သွားစေခဲ့လေသည်။
ယွီနျန်က ထိုင်ခုံခါးပတ်ကို ကြပ်ကာ မနေနိုင်ဘဲ မေးလိုက်မိသည်။
"အစ်ကိုမုန့်... ကျွန်တော် ကားထဲ ဝင်လာကတည်းက ပြုံးနေတာပဲနော်... မျက်နှာတွေ နာ(ညောင်း)မလာသေးဘူးလား"
"လုံးဝ မနာဘူး"
မုန့်ယွမ်က အခိုင်အမာ ပြန်ဖြေလိုက်ပြီး ပြုံးနေဆဲပင်။ ထို့နောက် သူပြောလိုက်သည်။
"ငါ တကယ် စိတ်အခြေအနေ ကောင်းနေတာ... စကားမစပ် ပိုင်ယန် မင်းကို စာအိတ်နီအကြီးကြီး ပို့ပေးလာတယ်"
“ပိုင်ယန်လား" ယွီနျန် ပြန်စဥ်းစားလိုက်သည်။ "'ပေါလောပေါ်နေတဲ့ ပန်းလေးတွေ' ကိုဆိုခဲ့တဲ့ အမျိုးသမီး အဆိုတော်မလား"
"သူပဲ... သူ့ထိပ်တန်း ရောက်ခဲ့တဲ့ အချိန်တုန်းကတော့ အရမ်းကျော်ကြားခဲ့တဲ့သူ ဖြစ်ခဲ့တာပေါ့... ပြီးတော့ အရမ်း ပါရမီရှိတာ... ဒါပေမယ့် ဖျော်ဖြေရေးလောကထဲမှာ အကြာကြီး နာမည်ကြီးနေဖို့ ခက်တယ်လေ... ဒီတစ်ကြိမ်တော့ သူက အယ်လ်ဘမ်အသစ်ပြင်ဆင်တဲ့နေရာမှာ အကြီးကြီးမြှုပ်နှံလိုက်ပြီး ပထမနဲ့ ဒုတိယ တစ်ကိုယ်တော်သီချင်းတွေအတွက် မင်းရဲ့ သီချင်းနှစ်ပုဒ် ဝယ်ခဲ့လိုက်တာလေ... အယ်လ်ဘမ်က လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က ထွက်ထားတာ... နှစ်ပုဒ်လုံးကလည်း သီချင်းဇယားတွေမှာ ထိပ်ဆုံးချိတ်ခဲ့တယ်... သူက အဆိုပြိုင်ပွဲတစ်ခုနဲ့လည်း စာချုပ်ချူပ်နိုင်ခဲ့သေးတယ်... ကြည့်ရတာ သူ အရှိန်ပြန်ရလာပုံပါပဲ... ဒါကြောင့် ကျေးဇူးသိတတ်မှုကို ဖော်ပြတဲ့အနေနဲ့ အနီရောင် စာအိတ်ကြီးတစ်အိတ် ပို့ပေးလာတာပဲ"
ယွီနျန်မှာ သူ့လက်ရာများ၏ အောင်မြင်မှုများကို ပျော်ရွှင်မိပါသော်လည်း မနေနိုင်ဘဲ စိုးရိမ်စိတ် ဝင်လာရပြန်လေသည်။
"အယ်လ်ဘမ်သစ်ကို ဘယ်လိုဖျော်ဖြေရမလဲ တွေးပူနေမိတယ်"
မုန့်ယွမ် ရယ်မောလိုက်ပြီး သူ စိတ်အေးသွားစေရန် နှစ်သိမ့်ပေးလိုက်သည်။
"ဘာလို့ စိတ်ပူနေရတာလဲ... ငါ့အမြင်မှာ ဒီအကြောင်းတဲ့ ပတ်သက်ပြီး ဘယ်လိုနှောင့်နှေးစရာမှ မရှိလောက်တော့ပါဘူး... ကျိုးမင်ကပရိုဂျူဆာပဲ... ပြီးတော့ သူက အမြင်ရှိတဲ့သူလေ... သူပြောတာ ဒီနှစ်ထဲ သူလုပ်ခဲ့သမျှထဲ အရည်အသွေးအကောင်းဆုံး အယ်လ်ဘမ်ပဲတဲ့... သူပြောတဲ့စကားနဲ့တင် စိတ်ချထားလို့ရပြီ"
ဗီဒီယိုဝက်ဆိုဘ်နှင့် အင်တာဗျူးတွင်လည်း ယွီနျန်မှာ တူညီသော မေးခွန်းကိုပင် အမေးခံလိုက်ရသည်။
“ဒါကတော့ မင်း ပွဲဦးထွက်ပြီးကတည်းက ပထမဆုံး ထုတ်တဲ့အယ်လ်ဘမ် ဖြစ်နေတော့ အယ်လ်ဘမ်ရဲ့ ဖျော်ဖြေမှုတွေအတွက် စိုးရိမ်နေတာမျိုး ရှိလား"
ယွီနျန်မှာ ဗီဒီယိုဝက်ဘ်ဆိုက်မှ အရုပ်လေးကို ကိုင်ထားရင်းဖြင့် ၎င်း၏ နားရွက်လေးကို အမှုမဲ့အမှတ်မဲ့ ပွတ်နေရင်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ဒါပေါ့... ကျွန်တော်အရမ်း စိုးရိမ်နေတာ... ဒီအယ်လ်ဘမ်က အားလုံး ပြီးပြည့်စုံစေဖို့အတွက် အသံသွင်းတဲ့ လုပ်ငန်းစဥ်ကို ထပ်ခါထပ်ခါလုပ်တာမျိုးလို အားထုတ်မှုတွေ အများကြီး လိုအပ်တယ်... ကျွန်တော့်ရဲ့ သီချင်းဆိုနိုင်စွမ်းကို တကယ့်ကို အကြိမ်များစွာ သံသယဝင်မိလာပါတယ်...
ဒီဇိုင်း အစီအစဥ်တွေနဲ့ သီချင်းရဲ့ ဗီဒီယိုကို ရိုက်တဲ့အခါမှာလည်း ဆက်တိုက်ဆိုသလို တကျော့တကျော့နဲ့ ထပ်ရိုက်ရတာမျိုးတွေ ပါဝင်သေးတယ်... ကျွန်တော့်အဖွဲ့နဲ့ ရိုက်ကူးရေးအဖွဲ့သားတွေ အရမ်း အလုပ်ကြိုးစားခဲ့ကြတာပါ... ဒါကြောင့်မို့ ရလဒ်ကောင်းတွေ ရဖို့ ၊ လူတွေ အများကြီး ကျွန်တော့်ရဲ့ သီချင်းကို နားထောင်ပေးကြဖို့ မျှော်လင့်မိတယ်"
သတင်းထောက်က ထပ်မေးလိုက်ပြန်သည်။
"သတင်းတွေ ကြားရလိုက်ရတယ်... ကျိချောင်သယ်က သူ့ဆုတွေကို ဓါတ်ပုံပညာရှင်များ အဖွဲ့အစည်းက ပယ်ဖျက်လိုက်တဲ့အပြင် အဖွဲ့အစည်းကနေလည်း blacklistသွင်းခံလိုက်ရတယ်ပေါ့နော်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ"
ယွီနျန် ခေါင်းယမ်းပြလိုက်သည်။
"အထူးတခြား တွေးမိတာတော့ မရှိပါဘူး... ဒါပေမယ့် လူတိုင်းက ကိုယ်ပြောခဲ့ဖူးတဲ့ စကားတွေ လုပ်ခဲ့ဖူးတဲ့ အရာတွေအတွက် တာဝန်ယူသင့်တယ်လို့ ယုံကြည်ပါတယ်"
“နားလည်ပါပြီ... ဒီEPမှာ စုစုပေါင်း သီချင်း ငါးပုဒ်ပါမယ်လို့ သိရတယ်... ပြီးတော့ လေးပုဒ်ကို မင်းကိုယ်တိုင် စာသားရေးတာရော သံစဥ်ဖွဲ့တာရော စီစဥ်တာရော လုပ်ခဲ့တာနော်... လေးပုဒ်ထဲမှာ ဘယ်တစ်ခုကို အကြိုက်ဆုံးလဲ"
“ကုမ္ပဏီက မားကတ်တင်း ရည်ရွယ်ချက်နဲ့ 'ကျော့ရှင်းသော'ကို ရွေးခဲ့ပြီးတော့ ကျယ်ပြန့်တဲ့ မေတ္တာရပ်ခံချက်တွေပါတယ်... ကျွန်တော် ကိုယ်တိုင်ကလည်း သီချင်းကို အရမ်းကျေနပ်ပါတယ်... ဒါပေမယ့် အရိုးသားဆုံးပြောရရင် 'တောင်းတန်းပေါ်ကနှင်းစက်'က ကျွန်တော့် ကိုယ်ရေးကိုယ်တာအရ အကြိုက်ဆုံး သီချင်းပါ"
ယွီနျန်က ထိုင်ခုံနောက်မီကို မီ၍ ပြုံးလိုက်သည်။
"ကျွန်တော် ဒီသီချင်းကို သွင်းပြီးသွားတော့ ကျွန်တော့်ရဲ့ ထုတ်လုပ်ရေးဆရာ ကျိုးမင်က ကျွန်တော့်ကို ဂုဏ်ပြုပေးခဲ့တာကို မှတ်မိပါသေးတယ်... သူပြောခဲ့တာ... ကျွန်တော့်ကို ခြေကုန်လက်ပမ်းကျသွားစေပြီးတော့ အနာဂါတ်မှာ ဘယ်သူမှ ကာဗာဆိုရဲကြမှာ မဟုတ်တဲ့ အကောင်းဆုံး သီချင်းတစ်ပုဒ်ကို အဆုံးသတ်နိုင်ခဲ့ပြီတဲ့... ကျွန်တော့်ကို 'တောင်တန်းပေါ်က နှင်းစက်'ကို liveမှာ ဆိုရင် အသံယိုင်သွားတာတွေ အသက်ရှူရပ်ပြီး သေသွားတာတွေတောင် ဖြစ်လာနိုင်တယ်လို့ စိတ်ပူပေးခဲ့သေးတယ်"
သတင်းထောက်မလေးက တခစ်ခစ်ရယ်၍ မေးလိုက်သည်။
"အဲ့လောက်တောင် စိန်ခေါ်မှုများတာလား"
ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်ပါတယ်... 'တောင်တန်းပေါ်က နှင်းစက်'က ကျွန်တော်အရမ်း ဂုဏ်ယူရတဲ့ လက်ရာပါ... စာသားနဲ့ သီချင်းပုံစံက အရမ်းကြီးကျယ်လွန်းတယ်... ဒါကြောင့်မို့ ဆိုရတာက စိန်ခေါ်မှုတစ်ရပ် ဖြစ်လာတာပါ... ကျွန်တော့် အရင်က သီချင်းတွေ အများကြီး ရောင်းခဲ့ဖူးပေမယ့် 'တောင်တ
န်းပေါ်က နှင်းစက်'က ဘယ်သူမှ မဝယ်ချင်ကြတဲ့ ပုံစံမျိုးပါပဲ... ဒါကြောင့် ကိုယ့်ဘာသာရေးပြီး ကိုယ့်ဘာသာဆိုဖို့ ဆုံးဖြတ်လိုက်တာပါ... ကျွန်တော့်အတွေးက သီချင်းရေးမယ်ဆိုရင် နောက်ဆုံး ထွက်သက် ဖြစ်နေရင်တောင် အဆုံးထိ ဆိုရမှာပဲ ..."