အပိုင်း ၇၆
Viewers 16k

Chapter 76




ညဆယ့်တစ်နာရီကျော်သောအခါ မုန့်ယွမ်က မားကတ်တင်းအကောင့်မှတဆင့် သတင်းလွှင့်လိုက်ပြီး ရိုက်ကူးရေးလုပ်သည့်ညက ယွီနျန်တစ်ယောက် အဖျား 40ဒီဂရီထိ တက်သွားကြောင်း ဖော်ထုတ်လိုက်သောအခါ နောက်ထပ် ဆွေးနွေးမှု လှိုင်းလုံးကြီး ဖြစ်ပေါ်စေခဲ့သည်။ 


ယွီနျန်က ၎င်းတို့ကို အကြမ်းဖျဥ်းတစ်ချက်ကြည့်ကာ ဖုန်းချ၍ သီချင်း ရေးတော့မည်အပြုတွင် တစ်ခုခု မှားနေကြောင်း ရုတ်တရက် သဘောပေါက်သွားလေသည်။ 


[စာအုပ်တွေ ကူးရေးရတာ စိတ်မဝင်စားတဲ့ လင်းချင်းဟယ်: @ယွီနျန် ဂျူနီယာလေးရေ... ဖျော်ဖြေရေးလောကက ပျင်းစရာကြီးပါကွာ... လာစမ်းပါ... မင်းရဲ့ စီနီယာနောက်ကနေ သဲဂေါ်ပြားလေးကိုင်ပြီး ပိုင်လင်းမြစ်ဘေးက ရှေးဟောင်းသုတေသနဆိုက်တွေ တူးဖို့လိုက်ခဲ့စမ်းပါ... သူတို့နဲ့ ထပ်ဆော့မနေနဲ့တော့]


[အပ်ချုပ်ရတာကို စွဲလမ်းနေတဲ့ ရှုလျန်ယန်: @ယွီနျန် ညီလေးရေ မင်းရဲ့ စီနီယာအစ်ကိုစကား နားမထောင်နဲ့နော်... ပိုင်လင်းမြစ်မှာ ဖုန်တွေလေတွေ ဒီလောက်ထူနေတာ... အဲ့ဒီရှေးဟောင်းသုတေသနဆိုက်တွေကလည်း တူးဖော်နိုင်ဖို့ နှစ်တွေအများကြီး ကြာဦးမှာ... ဒီစီနီယာအစ်ကိုကြီးနဲ့အတူ ရှေးဟောင်းပန်းချီကားတွေ လာထိန်းသိမ်းလိုက်စမ်းပါ... မင်းကအရမ်းကျွမ်းကျင်တဲ့သူပဲ... မင်းရှိနေရင် အစ်ကိုကြီးလည်း စိတ်အေးနေရမှာ]


[ဆိုရှယ်လစ်စနစ်ကို ငြင်းပယ်တဲ့ ကျန်းရှောက်မုန့်: @ယွီနျန် မော့ယန်မှာ ရှာတွေ့တဲ့ ရှေးဟောင်းဂူသင်္ချိုင်းတွေမှာ အငြင်းပွားမှုတွေ ရှိနေတယ်... သူတို့က မင်းကို စိတ်ကြီးဝင်တတ်ပြီးတော့ ပရော်ဖက်ရှင်နယ်လည်းမကျ ပညာလည်းမတတ်ဘဲ အဆိုတော် မဖြစ်သင့်ဘူးလို့ ပြောနေမှတော့ မင်းရဲ့ စီနီယာကိုကြီးကို ဒီဂူသင်္ချိုင်းတွေရဲ့ မင်းဆက်နဲ့ ခေတ်တွေကို ကူဆုံးဖြတ်ပေးပြီး သင်္ချိုင်းတွေရဲ့ ပိုင်ရှင်တွေကို ကူပြီး အတည်ပြုပေးလေကွာ]


[ဖုန်းလိုင်းပျောက်နေတဲ့ ချိုးချွေယွဲ့: အရမ်းကျန်းမာခဲ့တဲ့ ငါ့ဂျူနီယာညီလေးက အခုတော့ ဖျားတဲ့အထိ ဖြစ်သွားရပြီ... ညီအစ်ကိုတို့... ငါတို့ သူ့ကို ဖမ်းခေါ်လာကြရင်ရော... နောက်ဆုံးကျ သူအဆိုတော် လုပ်ဖို့ ထွက်ပြေးသွားကတည်းက ငါတို့ဆရာ ငါ့တို့အပေါ် နေ့တိုင်း ဒေါသတွေပုံချနေတာပဲ... ငါ့နှလုံးသားလေး နာကျင်နေရတာကွ]


ဒီဝေ့ပေါ်ပိုစ့်အောက်တွင် သဘောတူသည့် ကွန်မန့်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ 


ယွီနျန်၏ ဖန်များမှာ တစ်ခဏမျှ ကြက်သေသေသွားကြသည်။


[သောက်ကျိုးနဲ... သူတို့က လူတွေကို ဖမ်းခေါ်ဦးမလို့လား... ရုတ်တရက် စိတ်လှုပ်ရှားလာပြီ]


[ဒါက အဖွဲ့ထဲမှာ အသည်းကျော်လေး ဖြစ်နေသလိုမျိုးလား]


[ငါ ဒီနာမည်တွေ ရှာပြီးသွားပြီ... သူတို့အားလုံးက ဆရာကြီးတွေချည်းပဲ... သမိုင်းမေဂျာကို ဒူးထောက်ပါတယ်... ဒီလို စိန်တုံးတွေလို အဖိုးတန်တဲ့ စီနီယာအစ်ကို တစ်အုပ်ရှိနေတာ မိုက်ချက်ပဲ]


ယွီနျန်မှာ နှလုံးသားထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူက ပေချ့်ကို ပြန်ပြောင်းလိုက်ရင်း သူတို့အားလပ်သည့်အချိန်တွင် ထမင်းအတူတူစားကြရန် စီနီယာအစ်ကိုများထံ စာပို့ထားလိုက်သည်။ သို့သော်လည်း သူ့စီနီယာအစ်ကို တစ်ယောက်ချင်းစီက "အလုပ်များတယ်... အချိန်မရဘူး" ဟု တစ်ညီတစ်ညွတ်တည်း ပြန်ဖြေလာကြလေသည်။ 


ထိုအခိုက်မှာပင် မုန့်ယွမ်က screenshot တစ်ခုကို ရုတ်တရက် ပေးပို့လာခဲ့ပြီး "ကျိချောင်သယ် သွေးအန်နေလောက်ပြီ" ဟူသော စာပါတွဲပါနေခဲ့သည်။ 


ထိုscreenshotက ဓါတ်ပုံဆရာများ အစည်းအရုံးမှ ထုတ်ပြန်စာကို ဖော်ပြပေးနေသည်။ ၎င်းက ရှင်းရှင်းလင်းလင်း ရေးသားထားသည်မှာ ကျိချောင်သယ်နှင့် ပတ်သက်သည့် တိုင်ကြားမှုတစ်ခုကို လက်ခံရရှိပြီးနောက် ညတွင်းချင်းပင် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ပြီး တိုင်ကြားသူ ပေးပို့လာသော သက်သေများက မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ 61ကြိမ်မြောက်၊ 65ကြိမ်မြောက်နှင့် 66 ကြိမ်မြောက် ကျင်းပခဲဲ့သော ဓါတ်ပုံပြိုင်ပွဲများ၌ ဆုရရှိခဲ့သော ကျိချောင်သယ်၏ လက်ရာများမှာ သူကိုယ်တိုင်ရိုက်ထားသည့် ဓါတ်ပုံများ မဟုတ်ကြောင်း အဆုံးအဖြတ်ပေးနိုင်ခဲ့သည်ပင်။


[??? အလှည့်အပြောင်း ဖြစ်သွားပြီ.... သူများရဲ့ အလုပ်ကိုခိုးပြီး ကိုယ်ပိုင်နေရာကို တည်ဆောက်တယ်... ပြီးတော့ ပါရမီနဲ့ အသိပညာတွေ ထူးထူးချွန်ချွန် ပြောင်ပြောင်မြောက်မြောက် ရှိတဲ့လူတွေကို လှည့်ပတ်ပြီး စွပ်စွဲတယ်... ဒီလောက် မျက်နှာပြောင်တိုက်လွန်းတာ ငါတော့ချီူကျူးတယ်နော်... နှစ်စဥ်မျက်နှာပြောင်တိုက်ကြသူများ ဆုတွေတောင် သူရသင့်နေပြီ] 


[တရားဝင် အတည်ပြုလိုက်တာလား... ကြားရတာဝမ်းသာပါတယ်... @ကျိချောင်သယ်... မင်းတော့ ဒုက္ခနဲ့ လှလှတွေ့ပြီ]


[ဖြစ်နိုင်တာက သူ့ဂုဏ်သတင်းတွေနဲ့ ဆုတွေက ခိုးထားတဲ့ ဟာတွေဆိုတော့ ဘယ်သူကမှ သူ့ကို မယှဥ်နိုင်လောက်ဘူးလို့ တွေးနေတာ ဖြစ်မယ်... ဆောရီးနော်... ဒါပေမယ့် ငါတို့ရဲ့ နျန်နျန်က ပါရမီရော အသိပညာရော အစစ်အမှန် ရှိနေတာ... နင်ကို အဖော်လုပ်ပြီး ကစားပေးနိုင်မှာ မဟုတ်ဘူး]


ဇာတ်ကြောင်းတစ်ခုလုံး ဖတ်ပြီးသွားသောအခါ ယွီနျန် နေရာမှာပင် ရပ်နေမိသည်။ တုန့်ဆိုင်းနေခြင်းမျိုးပင် မရှိတော့ဘဲ ရွှယ်ယုံ၏ နံပါတ်ကို တန်း၍ ဖုန်းခေါ်လိုက်သည်။ 


"အဲ့ဒါ ခင်ဗျားလား"


ရွှယ်ယုံ မြန်မြန် ပြန်ဖြေလာသည်။


 "ကိုယ် မဟုတ်ပါဘူး"


ယွီနျန်မှာ အင်္ကျီအိပ်ကပ်ထဲသို့ လက်ထည့်လိုက်ရင်း အပြုံးများက ကျယ်ပြန့်လာပြီး အသံထဲတွင်လည်း မနှစ်မြို့ခြင်း မရှိသော ရွှင်မြူးမှုတို့ဖြင့် ပြည့်နေလေသည်။ 


"ကျွန်တော် ဘာအကြောင်းမေးမလဲ ဆိုတာ ဘယ်လို သိနေတာလဲ... ဘာလို့ ဒီလောက်မြန်မြန်ကြီး ငြင်းပစ်ရတာလဲ"


ရွှယ်ယုံ တိတ်ဆိတ်နေဆဲ...


တစ်ဖက်လူ၏ အသက်ရှုသံကိုသာ ကြားနေရသဖြင့် ယွီနျန်က မြေပြင်ပေါ်တွင် ခပ်ယိုင်ယိုင် ထင်ဟပ်နေသည့် သူ့အရိပ်ကို ပြန်ကြည့်ကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။


 "မနက်ဖြန် ဝက်နံရိုးစွပ်ပြုတ်အပြင် စားချင်တာရှိသေးလား" 


စက္ကန့်ပေါင်းများစွာ ဖြတ်သွားပြီးမှ အဆုံးတွင် ရွှယ်ယုံ တီးတိုးပြောလာခဲ့သည်။


 "မင်းလုပ်ပေးတဲ့ ငါးပြေမပေါင်းလေး စားချင်တယ်"



ယွီနျန် အိပ်ရာမဝင်ခင် ရှစ်ရော့ထံမှ ပြန်စာ ရခဲ့သည်။


("ရှစ်ရော့: ခုလေးတင် အစ်ကိုမုန့် ဖုန်းဆက်လာတယ်... အိုကေ... မနက်ဖြန် မနက်လာရင် အကုန်ဝယ်လာခဲ့မယ်... ငါးပြေမလည်း မမေ့ဘူး... မစိုးရိမ်နဲ့နော်" )


နှစ်မိနစ်ကြာသောအခါ နောက်ထပ် အာမေဋိတ်အတွဲလိုက် ပို့လာပြန်လေသည်။


( "အိုး... စကားမစပ် နျန်နျန်ရေ.... မေးခွန်းတွေလေ... သမိုင်းကြောင်း နှစ်ဆယ့်လေးခုရဲ့ စာလုံးပေါင်း သန်းလေးဆယ်ဟာ")


ယွီနျန် ပြန်ဖြေလိုက်သည်။ 


"ကျွန်တော် မေးခွန်းတွေ ဖြေပြီးပါပြီ... စာရွက်ပေါ်မှာ ရေးလိုက်တာလေ... ဒါပေမယ့် ဆရာက ကျွန်တော့်ကို တွေ့ရင် ဒေါသထွက်ရလိမ့်မယ်လို့ ပြောတာနဲ့ ကိုယ်တိုင် သွားမပေးတော့ဘူး... အမြန်ချောပို့နဲ့ပဲ ပို့လိုက်တာ... မနက်ဖြန် ရောက်သွားလောက်တယ်"


ထင်မှတ်ထားသည့်အတိုင်းပင် မနက်ဖြန်နေ့လည်တွင် ကျန်းဟုန်ယင်း၏ ဝေ့ပေါ်၌ 3x3 မျဥ်းပိုင်းပုံများဖြင့် ပိုစ့်တင်ထားလေသည်။


အလယ်ပိုင်းရှိ ပုံ၌ ရှင်းလင်းသေသပ်နေသော စုတ်ချက်များဖြင့် ဆွဲထားသော လက်ရေးလှစာမူ မျက်နှာ အပြည့်ရှိနေပြီး အခြားပုံရှစ်ပုံက အနီးကပ်ရိုက်ချက်ဖြစ်သည်။


ပိုစ့်တွင် စာတိုလေးတစ်ခုပါ တွဲပါသေးသည်။ 


[[***"သဲနဲ့ မြေဆီလွှာ တူးဖော်တဲ့ ကျန်းဟုန်ယင်း: စာလုံးတွေက မျက်လုံးကို စိတ်ကျေနပ်စေရုံလောက်ပဲ @ယွီနျန်"**]]]


[စာအုပ်တွေ ကူးရေးရတာ စိတ်မဝင်စားတဲ့ လင်းချင်းဟယ်: လာစမ်းပါ... အစ်ကို ဘာသာပြန်ပြမယ်... ဆရာပြောချင်တဲ့အဓိပ္ပါယ်က လက်ရေးက အရမ်းကောင်းတယ်... ငါ ဝေ့ပေါ်မှာ တင်ပြီး ကြွားရမယ်... မဟုတ်ရင် ဒီညအိပ်ပျော်တော့မှာ မဟုတ်ဘူး]


[ဆိုရှယ်လစ်စနစ်ကို ငြင်းပယ်တဲ့ ကျန်းရှောက်မုန့်: နောက်ဆက်တွဲ ဘာသာပြန်ပြမယ်: ကျွမ်းကျွမ်းကျင်ကျင်နဲ့ တည်ငြိမ်ပြီး အဖွဲ့အနွဲ့တွေလှတယ်... စကားလုံးတွေကြားမှာ စိတ်အေးလက်အေးဖြစ်ရတဲ့ ခံစားချက်လည်း ရနေတယ်... စာရွက်တစ်ရွက်လုံးက ယဥ်ကျေးသိမ်မွေ့၊ ကြည်လင်အေးချမ်းပြီး အလျင်စလို ရေးထားတာမျိုး မဟုတ်ဘူး... အလျားလိုက် စုတ်ချက်တွေက ရိုးတံလေးတွေ လိုပဲ ကြည်လင်နေတဲ့ကောင်းကင်မှာ လွင့်မျောနေတဲ့ ပိုးသားလေးလို လှုပ်ရှားနေတယ်]


[အပ်ချုပ်ရတာကို စွဲလမ်းနေတဲ့ ရှုလျန်ယန်: ဂျူနီယာညီလေးရေ... မင်းရဲ့ လက်ရေးက ပိုပိုပြီး လှလာတော့တာပဲ... မင်းရဲ့အဖြေတွေကလည်း အရမ်းကောင်းတယ်.... ကြည့်ရတာ စာအုပ် ကူးရေးစရာ အကြောင်း မရှိတော့ဘူး ထင်တယ်... ပြီးတော့ စီနီယာကျန်း... အစ်ကိုက တကယ် ထူးချွန်တာပဲနော်... (ခွေးခေါင်း အီမိုဂျီ)]


[ဖုန်းလိုင်းပျောက်နေတဲ့ ချိုးချွေယွဲ့: ငါတို့ဆရာ ဒီစာရွက်တွေကို အကြိမ် ရှစ်ရာလောက် ကြွားပြီး ငါတို့တစ်ယောက်ချင်းစီကို ကော်ပီတွေ အများကြီး လာပို့တော့မှာ ငါကြိုမြင်နေပြီ... (သက်ပြင်းချတဲ့ အီမိုဂျီ)]


[အား... ယွီနျန်ရဲ့ လက်ရေးလေးက ဘာလို့ အရမ်း လှနေရတာလဲ... နတ်ဘုရားတွေ ရေးထားသလိုပဲနော်... ငါအားပေးနေတဲ့ အစ်ကိုချောချောလေးက ဘယ်သူများလဲ သိချင်ပါရဲ့... ပြီးတော့ ဆရာကလည်း အရမ်း ချစ်စရာ ကောင်းတာပဲ]


[ခုန်ပြီး လက်မြှောက်ပြနေပါတယ်... ဆရာကျန်း... သမီးလည်း ကော်ပီတစ်စုံလောက် ရနိုင်မလား... အမြန်ချောပို့ခ ပေးမယ်လေ]


[နောက်ဆုံးတော့ စိတ်ဒုန်းဒုန်းချနိုင်ပြီ... နျန်နျန်လေး သမိုင်းကြောင်း နှစ်ဆယ့်လေးခုကို ကူးရေးစရာ မလိုတော့ဘူး... ငါဘယ်လောက် စိတ်ပူနေရလဲ သိလား... မနေ့ညက အိမ်မက်ထဲမှာ နျန်နျန်က ငါ့ကို ကူးရေးထားတဲ့ စာရွက်တွေ စုတ်ဖြဲခံလိုက်ရပြီး ပြန်မကပ်နိုင်တော့ဘူးဆိုပြီး ငိုပြီးလာပြောနေတာ]


ယွီနျန် ရေခဲသေတ္တာကို စီစဥ်နေစဥ် ရှစ်ရော့၏ ရယ်သံကို ကြားလိုက်ရသည်။ သူခေါင်းလှည့်၍ မေးလိုက်လေသည်။ 


"ဘာလို့ ဒီလောက် ပျော်နေရတာလဲ"


ရှစ်ရော့ သူမ၏ နှုတ်ခမ်းလေးကို အုပ်၍ ပြောလိုက်သည်။


 "နျန်နျန်.. မင်းရဲ့ စီနီယာတွေက စိတ်ဝင်စားဖို့ ကောင်းလိုက်တာ"


ယွီနျန်လည်း ရယ်၍ ပြောလိုက်သည်။


 "အင်း... ဆရာတွေ ကျောင်းသားတွေ အများကြီး ရှိပေမယ့် ကျွန်တော်တို့ ငါးယောက်ကပဲ တရားဝင် ညီအစ်ကိုတွေ ဖြစ်လာကြတာ... သူတို့က ကျွန်တော့်ထက် အသက်လည်း အများကြီး ကြီးကြပြီးတော့ မယုံနိုင်လောက်အောင် ထူးချွန်ကြသေးတယ်... သူတို့တွေကလေ များသောအားဖြင့် နေရာအနှံ့မှာ ကိုယ်ပိုင်အလုပ်ကိစ္စတွေနဲ့ အလုပ်များနေကြတာ... ဒါပေမယ့် သူတို့အားလုံးက လူကောင်းတွေပါပဲ"


 သူ ရေခဲသေတ္တာတံခါးကို ပိတ်လိုက်ပြီး ရှစ်ရော့ကို လိမ္မော်သီး တစ်လုံး ကမ်းပေးလိုက်သည်။


 "အချိန်ရောက်တော့မယ်... ရှင်းရအောင်... ထုတ်လုပ်ရေးအဖွဲ့က မကြာခင် လာပြီး ရိုက်ကူးတော့မှာ... ထွက်ဖို့ အဆင်သင့်ပြင်ထားသင့်ပြီ"


နေ့လည်ပိုင်းတွင် သတ်မှတ်ထားသည့်အတိုင်း ရိယောင်မိုဘိုင်းက သူတို့၏ ဘရန်း ပြောရေးဆိုခွင့်ရှိသူကို ကြေညာလိုက်သည်။ မုန့်ယွမ်က ရိယောင်မိုဘိုင်းက သူ့နာမည်အတိုင်း ကြေညာရန်အတွက် နေရောင်အတောက်ပဆုံးဖြစ်သည့် နေ့လည်ခင်းအချိန်ကို ရွေးချယ်ခဲ့သည်ဟု ဟာသလုပ်ခဲ့သေးသည်။ မကြာခင် ရိယောင် မိုဘိုင်း ကောင်တာနှင့်စတိုးများ၌ ပိုစတာအသစ်များ၊ ဘုတ်ပြားများ ထောင်ထားကြလေပြီ။


ပုံထဲတွင် ယွီနျန်က ကင်မရာရှေ့၌ ဘေးတစောင်း ရပ်နေပြီး ရှပ်အင်္ကျီဖြူ ဝတ်ကာ နောက်ဆုံးထွက် မော်ဒယ် မိုဘိုင်းဖုန်းကို ကိုင်ထားသည်။ သူက ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ပြီး မျက်လုံးကို တစ်ဝက်ပိတ်၍ သိမ်မွေ့သော အပြုံးလေး ပြုံးထားသည်။ ကျော့ရှင်းသော လည်တိုင်လေး၊ သိသာထင်ရှားသော လည်စေ့နှင့် နူးညံ့လှသော မျက်နှာအသွင်အပြင်တို့က ပြီးပြည့်စုံလှသော ဆွဲချက်များအတိုင်းပင်။ အဖြူရောင် နားကြပ်ကြိုးလေးက မေးရိုးတလျှောက် ဆင်းလာပြီး ကော်လာထဲသို့ ပျောက်ကွယ်သွားကာ ရှင်းသန့်၍ မျက်စိဖမ်းစားဖွယ်ရာပင်။ 


ထိုတံဆိပ်က ဝေ့ပေါ်၌ မျက်နှာပြင်ထက်မှ ကြော်ငြာလည်း တင်ထားသဖြင့် ယွီနျန် ဝေ့ပေါ် ဖွင့်လိုက်တိုင်း သူ့ကိုယ်သူ မျက်စိမှိတ်ပြနေသည်ကို တွေ့ရပေလိမ့်မည်။ 


ဘရန်းပွဲစဥ်များ အနှစ်ချူပ်ကာ ရိုက်ကူးရေး ချောချောမွေ့မွေ့ ပြီးဆုံးသွားပြီးနောက် ယွီနျန် ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်၍ အိမ်ကို အမြန်ပြန်လာခဲ့သည်။ စွပ်ပြုတ်ကို ပြင်ဆင်၍ ငါးပြေမလတ်လတ်ဆတ်ဆတ်ကို ကိုင်တွယ်ပြီးနောက် စာကြည့်ခန်းထဲသို့ ဝင်မသွားမီ လက်ဆေးလိုက်သေးသည်။ ရှားမင်ရှီ၏ ရုပ်ရှင်အတွက် ပရိုမိုးရှင်းသီချင်းကို အချောသတ်ပြီးပြီးနောက် ထုတ်လုပ်ရေးအဖွဲ့ကို ပို့ပေးလိုက်လေသည်။ 


အချိန်စာရင်းပေါ်တွင် မှတ်သားပြီးချိန်၌ ရုန်ယွဲ့က ဖုန်းထဲတွင် စကားပြောရန် အဆင်ပြေလားဟု စာပို့လာခဲ့သည်။ 


ယွီနျန်က တစ်ခုခု အရေးကြီးနေခြင်း ဖြစ်မည်ဟု တွေးမိသဖြင့် "အဆင်ပြေပါတယ်"ဟု ပြန်ဖြေလိုက်သည်။ စက္ကန့်အနည်းငယ်အတွင်း ရုန်ယွဲ့ ဖုန်းခေါ်လာခဲ့သည်။


"နျန်နျန်... "ရစ်မူးနေတဲ့မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်" အကြောင်းပဲ"


ယွီနျန်က ခဲတံကိုင်လျက် စားပွဲအစွန်းတွင် ရပ်နေပြီး စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။


 "ရစ်မူးနေတဲ့မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်လား... ဘာဖြစ်လို့လဲ"


ရုန်ယွဲ့က ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ 


"လွန်ခဲ့တဲ့ ရက်တွေတုန်းက ဖောက်သည်တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်... ကနေဒါက အရမ်းချမ်းသာတဲ့ စီးပွားရေးသမား တစ်ယောက်ပဲ... ငါသူ့ကို လေလံပွဲတွေမှာ မကြာခဏ တွေ့ဖူးတယ်လေ... တစ်ယောက်ယောက်ဆီကနေ ညွှန်းလို့ ငါ့ဆီ ရောက်လာတာ... သူက 'ရစ်မူးနေတဲ့မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်'ကို စိတ်ဝင်စားနေတယ်... ငါလည်း မယုတ်မလွန်ပဲ ပြောလိုက်တာလေ... ဒါပေမယ့် ဒီနေ့ကျ သူပြန်ရောက်လာပြီးတော့ သူ့အဘွားက တရုတ်ကမို့ တရုတ်ပန်းချီကားတွေကို အမြဲတမ်း စိတ်ဝင်စားနေခဲ့တာလို့ ပြောလာတယ်.. ဒီပန်းချီကားအကြောင်း ထွက်လာပြီး ဆန်းကြယ်တဲ့ ဝယ်သူတစ်ယောက် ဝယ်သွားတယ်ကြားတော့ သူက စျေးမြင့်မြင့်နဲ့ ပြန်ဝယ်ဖို့ ငါ့ကို ကူညီစေချင်တာလေ" 


ယွီနျန်က ခဲတံကို လှည့်လိုက်ပြီး ပြုံးလိုက်သည်။ 


"သူ တော်တော်လေးမြင့်တဲ့ စျေးနဲ့ ကမ်းလှမ်းလာမယ်ဆိုတာ သေချာတယ်... ဦးလေးရုန်... အကြောင်းတစ်ခုခုကြောင့် တုံ့ဆိုင်းနေတာပဲ ဖြစ်ရမယ်"


“တကယ့်ကို မြင့်တဲ့ ကမ်းလှမ်းချက်ပဲ... သူသာ ဝယ်နိုင်မယ်ဆို ဂဏန်းကိုးလုံးလောက် ပေးရလည်း ကိစ္စမရှိဘူးတဲ့... ဒါကြောင့် ငါမင်းကို မေးလိုက်သင့်တယ်လို့ တွေးမိလို့"


ယွီနျန်က ကျိုးနေသော ခဲတံဖြင့် စာရွက်ပေါ်တွင် မျဥ်းကြောင်းဖျော့ဖျော့လေးများ ဆွဲလိုက်ပြီး ပြုံးလိုက်လေသည်။ 


"ဦးလေးရုန်... ကျွန်တော် ဒီပစ္စည်းတွေ ဝယ်တုန်းက ဘယ်တော့မှ ပြန်ရောင်းဖို့ စိတ်ကူး မရှိခဲ့ဘူးဆိုတာ ဦးလေးလည်း သိသားပဲ... နိုင်ငံခြားကို ရောင်းရမယ်ဆို ပိုဆိုးတာပေါ့" 


ရုန်ယွဲ့ ပြန်ဖြေလိုက်သည်။


 "ကောင်းပါပြီ... ဒါဆို ငါအကြောင်းပြန်လိုက်တော့မယ်" 


သူ နောက်ထပ် အတည်ပြုလိုက်ပြန်သေးသည်။ 


"မင်းတကယ်ပဲ မရောင်းဘူးမလား"


“ဟုတ်... မရောင်းပါဘူး... သန်းရာချီပေးရင်တောင် မရောင်းဘူး"


"ကောင်းပြီလေ... 'အိပ်မပျော်နိုင်သူ စာလိပ်' အကြောင်း သတင်းရထားတယ်'"


ယွီနျန်မှာ လက်ထဲမှ ခဲတံကို အားပြင်းပြင်းဖြင့် အမှတ်တမဲ့ ဖိလိုက်မိသဖြင့် "ချွတ်" ဟူသော အသံဖြင့် ကျိုးသွားလေသည်။ သူ့လက်လှုပ်ရှားမှုများကို ရပ်ကာ မတ်မတ် ထိုင်လိုက်သည်။ 


"တကယ်ပဲလား"


"ဟုတ်တယ်... ဖောက်သည်တစ်ယောက်နဲ့ စကားပြောရင်း ကြားခဲ့တာ... အဲ့ဒီစာလိပ် ပေါ်မလာတာ ရာစုနှစ်တစ်စုမက ရှိနေပြီ... အမြဲတမ်း ကြားနေခဲ့ရပေမယ့် ဘယ်တုန်းကမှ မတွေ့ခဲ့ကြရဘူး... အခု အဲ့ဒါ ထွက်ပေါ်လာတော့မယ်ဆိုတော့... လူတွေဘယ်လောက်တောင် အပြိုင်အဆိုင် ဖြစ်နေကြမလဲ မသိဘူး"


“ရတနာတစ်ခုမှာ တန်ဖိုးရှိရင် ပြိုင်လုတာတွေ ဖြစ်လာနိုင်တာပေါ့" 


ယွီနျန် သေသေချာချာ ပြန်စဥ်းစားကြည့်လိုက်သည်။


 " 'အိ

ပ်မပျော်နိုင်သူ စာလိပ်'အကြောင်း နောက်ဆုံးကြားခဲ့ရတဲ့ သတင်းက ကျန်းမျိုးရိုး လူတစ်ယောက်က ရွှေချောင်းငါးရာ နဲ့ ဝယ်သွားခဲ့တယ်ဆိုတာ ကျွန်တော် မှတ်မိတယ်... ဟုတ်တယ်မလား"