Chapter 75
ခင်ဗျား ဘာစားချင်လဲ... ကျွန်တော် လုပ်ပေးမယ်လေ
ရှစ်ရော့မှာ ပြောစရာ စကားမရှိ ဖြစ်သွားပြီး မေးလိုက်သည်။
"ထပ်ကူးရမှာလား... အဲ့ဒီ 'သမိုင်းကြောင်း နှစ်ဆယ့်လေးခု' မှာ စာလုံး ဘယ်နှခုတောင် ပါတာလဲ"
ယွီနျန် ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။ "သန်း40လောက်ပေါ့"
ရှစ်ရော့ ပင့်သက်မောသွားသည်။ မင်းတို့အားလုံး ဒီလောက်ထိ ရက်စက်ကြတာလား...
သိပ်မကြာခင် အခြေအနေ၏ လေထုကို ဖမ်းဆုပ်မိသော ဖန်တစ်အုပ်ကြီးက အပြေးရောက်လာခဲ့ကြပြီး ကျန်းဟုန်ယင်း၏ ဝေ့ပေါ် အကောင့်မှ ကွန်မန့်များနှင့် ပြန်တင်ကြသူများမှာ မိုးလောက်ထိ မြင့်သွားကြလေသည်။
[ဟားဟားဟား ငါဘာလို့ နျန်နျန်တစ်ယောက် 'သမိုင်းကြောင်း နှစ်ဆယ့်လေးခု' ကူးရေးခဲ့ရတုန်းက ဗဟုသုတတွေ ငိုကြွေးခဲ့ရတာတွေ မေ့သွားဖို့ တကယ်ကြီး မျှော်လင့်နေမိပါလိမ့်... ဟားဟားဟား... ငါက နတ်ဆိုးတစ်ကောင်ပဲ ဖြစ်ရမယ်]
[ဟားဟား... ဆရာကျန်းက မိုက်ချက်ပဲ... ဒီတိုက်ကွက်ကို အားရချက်ပဲ... @ကျိချောင်သယ် ထွက်လာပြီး မေးခွန်းတွေ လာဖြေလေ... လုပ်နိုင်စွမ်း ရှိရင် ယွီနျန်ကို လာဝေဖန်လှည့်... မဖြေတတ်ရင် ယွီနျန်ကို မြန်မြန် လာတောင်းပန်လိုက်လေနော်]
[ဆရာရော ကျောင်းသားတွေ ထပ်လိုသေးလား... ကျွန်တော်လည်း ဂေါ်ပြားလေး သုံးပြီး သဲတွေ တူးနိူင်ပါတယ်နော်... ကျွန်တော့် ရည်မှန်းချက်က ဆရာ့ရဲ့ လမ်းညွှန်မှုအောက်မှာ Ph.D ရဖို့ပဲ]
[အိုးမိုင်ဂေါ့... နျန်နျန်က တကယ်ကြီး Aတန်းရတဲ့ ကျောင်းသား တစ်ယောက် ဖြစ်နေတာကို မယုံနိုင်ဘူး... အမလေး... အဖွဲ့က သေသွားတော့တာလား... ငါတို့ နည်းနည်းလောက် ပရိုမိုးရှင်း ဆင်းပေးရမလား... ပြီးတော့လေ... ငါတို့တက္ကသိုလ်မှာ ဒီလိုရုပ်ချော၊ ရလဒ်တွေကောင်း၊ ဥာဏ်လည်းကောင်းပြီး ပါရမီရှိ ထူးချွန်တဲ့ကောင်လေးမျိုးတွေ မရှိရတာလဲ]
ကျိချောင်သယ်က ပိပြားသွားအောင် အထုခံလိုက်ရသည့်အလား တိတ်ဆိတ်နေခဲ့သဖြင့် ယွီနျန်၏ ဖန်များနှင့် အပျော်အပျက် ကြည့်ကြသူများက ပျော်စရာလေးများတွင် ပါဝင်ရန် ကျိချောင်သယ်၏ ဝေ့ပေါ်၌ အုံဖွဲ့လာကြပြီး ကွန်မန့်ပေးသည့်နေရာကို တပျော်တပါး ဖုံးလွှမ်းသွားကြလေသည်။
[#ကျိချောင်သယ်ထွက်လာပြီးမေးခွန်းလာဖြေစမ်း# ဓါတ်ပုံတွေ ရိုက်နေတာ ရပ်လိုက်... ဝေ့ပေါ်မှာ ပိုစ့်တင်နေတာလည်းရပ်၊ တိတ်တိတ်လေး လာချောင်းကြည့်မနေနဲ့နော်... ထွက်လာပြီး မေးခွန်းလာဖြေစမ်း... နင့်ရဲ့ အစစ်အမှန် ဗဟုသုတ အဆင့်ကို ပြသဖို့ အချိန်ပဲ]
[#ကျိချောင်သယ်ထွက်လာပြီးမေးခွန်းလာဖြေစမ်း# ဟင်း... တချို့လူတွေက အပြင်ပိုင်းမှာ ရိုင်းစိုင်း စိတ်ကြီးဝင်နေပြီး သူများတွေကို ကြုံရာကျပမ်း စော်ကားမော်ကား ပြောတတ်ကြပေမယ့် စာလုံးလေး သုံးလုံးကို ဘယ်လိုရှင်းပြရမလဲတောင် မသိကြဘူး... သနားစရာပဲ ]
[#ကျိချောင်သယ်ထွက်လာပြီးမေးခွန်းလာဖြေစမ်း# ယွီနျန်ကို ဝေဖန်တုန်းကတော့ စကားလေးတွေ လှတယ်နော်... ဘာလို့ အခုကျ အသံပိတ်ထားသလို ရုတ်တရက် တိတ်သွားရတာလဲ... အာ... တကယ် စိုးရိမ်စရာပဲ... ငါတို့တွေ အလှူငွေ စုကောက်ပြီး နင့်အတွက် ရွှေအသံ လည်ချောင်းနာပျောက်ဆေး တစ်ဘူးလောက်သာ ပို့ပေးချင်တော့တယ်]
[#ကျိချောင်သယ်ထွက်လာပြီးမေးခွန်းလာဖြေစမ်း# ဟားဟားဟား... ဒီခေတ်မှာ အင်တာနက်ပေါ်က လူတွေရဲ့ သဲပန်းပုပညာက တအားကို ထူးချွန်လာပြီပဲ... ဒီကွန်မန့်နေရာကတော့ ဒီနေ့အတွက် ငါ့ရဲ့ ပျော်စရာ ရင်းမြစ်လေးပဲ]
#ကျိချောင်သယ်ထွက်လာပြီးမေးခွန်းလာဖြေစမ်း# ဟူသော hashtag ရေပန်းစားလာသည်အထိ ကျိချောင်သယ်၏ ဝေ့ပေါ်မှာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ အပူလှိုင်းကြီး ငြိမ်ကျသွားသည်အထိ ကျိချောင်သယ် ငြိမ်နေလိမ့်မည်ဟု ရှစ်ရော့ ထင်ထားခဲ့ပါသော်လည်း ထိုသူ၏ မျက်နှာက သူမထင်ထားသည်ထက်ပင် ကြီးနေဟန်တူသည်။
“သူက တကယ်ကြီ နစ်နာသူပုံစံ သရုပ်ဆောင်ရဲသေးတယ်နော်... သူက အမှန်ကို ပြောနေပေမယ့် ဝေ့ပေါ်မှာ နျန်နျန်ရဲ့ ဦးနှောက်မရှိတဲ့ဖန်တွေ လာတိုက်ခိုက်တာ ခံနေရပါတယ်တဲ့... ပြောလိုက်သေးတယ် ဒီနေ့ခေတ် ဦးနှောက်မဲ့ဖန်တွေက တကယ်ကြောက်စရာကောင်းတာပဲတဲ့.... ပိုပြီးကြောက်စရာကောင်းတာက အဲ့ဒီရေပန်းစားနေတဲ့ စတားရဲ့ ပရော်ဖက်ရှင်နယ် စံနှုန်းတွေက အဆင့်နိမ့်လွန်းတာပဲတဲ့... သူတို့ရဲ့ ရုပ်ရည်တွေက များသောအားဖြင့် ဓါတ်ပုံပြင်စကေးတွေနဲ့ မိတ်ကပ်ပေါ်မှာ အားထားနေရတာ... သူတို့မှာ ဘာမှ စံပြုလောက်စရာ အလုပ်မျိုး မရှိဘူးတဲ့... ဒါတောင် သူတို့ဖန်တွေဆီကနေ ကိုးကွယ်ခံရတယ်... သူ့လိုမျိုး လက်ရှိ အခြေအနေတွေကို သဘောမတွေ့လို့ နည်းနည်းလောက် ထုတ်ပြောမိတဲ့လူတွေက အွန်လိုင်းအကြမ်းဖက်မှုတွေ ကြုံတွေ့ရတယ်တဲ့"
ရှစ်ရော့မှာ ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်သွားလေသည်။
"ဒီလို သနားစရာကောင်းတဲ့ ပုံစံမျိုး လုပ်ပြီး ဘယ်သူ့ကို အယူခံဝင်နေတာလဲ"
ယွီနျန် မိတ်ကပ်ဖျက်နေစဥ် ရှစ်ရော့မှ ကျိချောင်သယ် တင်ထားသော ဝေ့ပေါ်ပိုစ့်အား ဖတ်ပြနေသည်ကို ကြားလိုက်ရသည်။
"သူက ဥာဏ်ကောင်းတယ်... သူကိုယ်တိုင်ပြောခဲ့တဲ့ စကားလုံးတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ စွပ်စွဲချက်တွေကို တန်းပြီး ရည်ညွှန်းတာမျိုး မရှိဘူး... ဒါပေမယ့် အဲ့ဒီအစား သာမန်လူတွေ ဆွေးနွေးရတာကြိုက်တဲ့ ခေါင်းစဥ်ကနေစပြီး လူအများကြားမှာ ပဲ့တင်သံတွေ နှိုးဆွဖို့ လုပ်ခဲ့တယ်"
ရှစ်ရော့က တစ်ခဏမျှ တွေးတောမိသွားသည်။
"သူကိုယ်တိုင်က ဓါတ်ပုံပြိုင်ပွဲတွေမှာ ရွှေဆု ငွေဆုတွေ ရထားတဲ့သူဆိုတော့ ထူးချွန်တဲ့လူလို့ ပြောလို့ရတာပေါ့... ဒါကြောင့် နာမည်ကြီးနေတဲ့ စတားတွေရဲ့ ပါရမီမပါတာတွေ၊ ဦးနှောက်မရှိတဲ့ဖန်တွေနဲ့ အွန်လိုင်းအကြမ်းဖက်မှုတွေကို ရွေးချယ်လိုက်တာ"
“ဟုတ်တယ်... အဲ့လိုလုပ်ရင်းကနေ ဒီအကြောင်းအရာရဲ့ စိတ်ဝင်စားမှု ဦးတည်ရာကို မြှင့်တင်ပြီး သူများတွေဆီကနေ စာနာသနားစိတ်တွေ ရလာမယ်... သူ့စကားတွေက မသင့်တော်တာပဲ ဖြစ်ဖြစ် မေးခွန်းတွေဖြေတာမဖြေတာပဲ ဖြစ်ဖြစ် အဓိကအကြောင်းအရင်း မဟုတ်တော့ဘူး"
ရှစ်ရော့ သူမ၏ဖုန်းကို တင်းတင်းဆုပ်ကာ နှုတ်ခမ်းကိုက်လိုက်သည်။
"ဒါဆို အစ်မတို့တွေ ဘာလုပ်ကြမလဲ"
“ရှင်းပါတယ်... ကျွန်တော်တို့ဆီကို အာရုံစိုက်မှုတွေ ပြန်ယူလာရုံပဲလေ" ယွီနျန် စဥ်းလဲသည့်ပုံစံဖြင့် နှုတ်ခမ်းတွန့်၍ ပြုံးလိုက်သည်။
"အဲ့တုန်းက... ကျွန်တော်တို့ ဓါတ်ပုံရိုက်ကြတော့ အစ်ကိုမုန့်က တိတ်တိတ်လေး ဗီဒီယိုရိုက်ထားသေးတယ်မလား... ပြီးတော့ ကျွန်တော့်ရဲ့ ဆေးမှတ်တမ်းတွေလည်း ရှိသေးတယ်လေ... ဒီကိစ္စမှာ အစကတည်းက ကျွန်တော်တို့ဘက်ကို အလေးသာနေပြီးသား... ဘာလို့ ကျွန်တော်တို့က စွပ်စွဲလှောင်ပြောင်မှုတွေကို သည်းခံပေးနေရမှာလဲ"
ယွီနျန် မျက်နှာအကာနှင့် လျှာထိုးဦးထုပ် ဆောင်းထားလျက် အန်းရန်ဆေးရုံသို့ ရောက်လာသောအခါ လူသိများသော အင်တာနက်ဆယ်လီတစ်ယောက်က ဗီဒီယိုတစ်ခု တင်ပေးခဲ့သည်။
[[***“ဒါကို ရိုက်ကွင်းက ဗီဒီယိုလို့ ပြောရမှာပဲ... လာပို့ပေးတဲ့လူက သူတို့လည်း ဆက်ပြီးသည်းမခံနိုင်တော့လို့ ဒီဗီဒီယိုကို ငါ့ဆီ တိတ်တိတ်လေး လာပို့တာလို့ ပြောတာပဲ... ငါကြည့်လိုက်ပြီးပြီ... ကျွတ်... ငါသာယွီနျန်ဆိုလည်း သည်းခံနိုင်မှာ မဟုတ်ဘူး... ကျိချောင်သယ်ရဲ့ စရိုက်ကတော့ စကားလုံးနဲ့တောင် ပြောမပြနိုင်တော့ဘူး[ဗီဒီယို]"**]]]]
[ငါငိုနေပါပြီနော်... အပြီးထိတောင် ဆက်မကြည့်နိူင်ဘူး... ဒီလိုရာသီဥတုကြီးမှာ အဝတ်ပါးပါးလေးလေး ဝတ်ပြီး နှစ်နာရီလောက် outdoor ရိုက်ရတာကို မကျေနပ်တဲ့စကားတစ်ခွန်းမှ မပြောဘဲ ပူးပေါင်းဆောင်ရွက်ပေးခဲ့တာနော်... ဒါတောင် သူကများ ပရော်ဖက်ရှင်နယ် မကျဘူးလို့ စွပ်စွဲလိုက်သေးတယ်... @ကျိချောင်သယ် နင့်မှာ ပရော်ဖက်ရှင်နယ်ဆိုတဲ့ စကားအပေါ် နားလည်မှုလွဲနေတာလား... နင်လုပ်နိုင်ရင်လည်း အပေါ်ထပ်ကုတ်အင်္ကျီ မဝတ်ဘဲနေလေ]
[အား... ငါအရမ်း ဒေါသထွက်နေပြီ... အစားတောင်မဝင်တော့ဘူး... ယွီနျန်က ငွေတစ်ပြားမှ လက်မခံဘဲ ရိုက်ကူးရေး လုပ်ငန်းစဥ်တလျှောက်လုံး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးနေတာကို တန်ဖိုးထားခံရမဲ့အစား အေးတိအေးစက် အလှောင်ခံရဖို့ ပစ်မှတ်ထားခံနေရရှာတယ်... ယွီနျန်က ကြင်နာတတ်လိုက်တာ... ငါသာ သိခဲ့ရင် အဲ့ဒီမျိုးရိုးကျိ ကောင်ကို မြင့်မြင့်မှန်းတာနဲ့ အားကြီးတာဆိုတာ ဘယ်လိုမျိုးမှန်း သိသွားအောင် တွေ့ကြုံခိုင်းလိုက်မယ်... ပရော်ဖက်ရှင်နယ် ကျင့်ဝတ်တွေ မရှိဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ... သူ နင့်ကို မျက်နှာသာမပေးလည်း ဘာဖြစ်မှာလဲ]
[ငါ့ကို လာဖက်ပေးနော် ငါ့ကလေးလေး... ဒီမေမေက အရမ်း ရင်ကွဲနေရပါပြီ... ငါ ဓါတ်ပုံဆရာရဲ့ အရင်က ဝေ့ပေါ်ပိုစ့်တွေ ဝင်ဖတ်ကြည့်လိုက်သေးတယ်... အားလုံးက နာမည်ကြီး အနုပညာရှင်တွေကို ထေ့ငေါ့ပြောထားတာတွေ ဝေဖန်လေကန်ထားတာတွေချည်းပဲ... တကယ့်ကို အမြင်ကျဥ်းတဲ့လူ... နာမည်ကြီးတဲ့ လူတိုင်းက သူတို့ရဲ့ ဖန်တွေကြောင့်ပဲ အောင်မြင်တယ်လို့ ထင်နေတယ်ပေါ့လေ... နှလုံးသားကျဥ်းတဲ့လူ... အမြင်မကျယ်တဲ့လူ]
ဘော်ဒီဂတ်များ ရပ်နေသည့် ကော်ရစ်ဒါကို ဖြတ်သွားပြီးသောအခါ ယွီနျန်က ဆေးရုံခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး မနေနိုင်ဘဲ အရင်ဆုံး ပြုံးမိသွားသည်။ သူ ရွှယ်ယုံကို မေးလိုက်သည်။
"ညစာစားပြီးပြီလား"
ယွီနျန်ကို တွေ့သောအခါ ရွှယ်ယုံ စိတ်ပြေလျော့သွားပြီး ကီးဘုတ်ပေါ်တွင် စာရိုက်နေခြင်းကို ရပ်လိုက်သည်။ သူ ပြန်ဖြေလိုက်လေသည်။
"အင်း စားပြီးပြီ" ထို့နောက် သတိကြီးကြီးဖြင့် ထပ်ပေါင်းပြောကြားလိုက်လေသည်။ "ဝက်နံရိုး စွပ်ပြုတ်က အရသာမရှိဘူး"
ယွီနျန် နှုတ်ခမ်းလေးများကို တွန့်ကွေးလိုက်လေသည်။ "ကျွန်တော် ချက်တာတွေရော စားမကောင်းဘူးလား"
“ဟမ်” ရွှယ်ယုံ အကြည့်များကို လွဲဖယ်လိုက်ပြီး ယွီနျန်ကို တည့်တည့်မကြည့်ရဲတော့ပေ။
"မင်းလုပ်ပေးတာတွေက ပိုအရသာရှိတယ်"
ယွီနျန်က ကုတ်အင်္ကျီထူကို ချိတ်ကာ ဦးထုပ်နှင့် မျက်နှာအကာကို ချွတ်လိုက်ရင်း သဘာဝကျကျပင် သဘောတူလိုက်သည်။
"ဒါဆို မနက်ဖြန်ကျရင် တစ်ခုခုချက်ပြီးတာနဲ့ လာပို့ပေးမယ်လေ"
ရွှယ်ယုံ၏ မျက်လုံးလေးများ တောက်ပသွားလေသည်။ "အိုကေ" သူ ယွီနျန်၏ မျက်နှာအမူအယာကို သေချာလေ့လာလိုက်ပြီး မေးလိုက်သည်။
"ဒီနေ့ နေလို့ကောင်းရဲ့လား"
"ကျိချောင်သယ်နဲ့ ဖြစ်တဲ့ကိစ္စကို ပြောနေတာလား"
ယွီနျန်က ဆေးရုံကုတင်ဘေးမှ ဆိုဖာလေးတွင် ဝင်ထိုင်လိုက်ပြီး စိတ်အေးလက်အေး ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်သည်။
"ကျွန်တော် အစ်ကိုမုန့်နဲ့ ဆွေးနွေးပြီးသွားပြီ... ကိစ္စကြီး မဟုတ်ပါဘူး... သူပြောလာတဲ့ ကိစ္စတွေကို ပြန်ချေပဖို့ ကျွန်တော့်မှာ သက်သေရှိထားပြီးသားပါ... အစ်ကိုမုန့်က တော်တော်လေး ပျော်နေပြီးတော့ ကျွန်တော့် EPရဲ့ ပရိုမိုးရှင်းကာလနဲ့ တိုက်နေတယ်လို့ ပြောနေတယ်... ဒါကြောင့် ဒီကိစ္စအပေါ် လူတွေ ပိုပြောကြအောင် လုပ်လို့ရတယ်တဲ့"
“EPက ပရိုမိုးရှင်းကာလထဲ ရောက်နေပြီလား"
ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ ရွှယ်ယုံ အတွေးနက်သွားသည်ကို ကြည့်ကာ ပန်းသီးများကို ခွာလိုက်ပြီး နှစ်ခြမ်းခွဲကာ နှစ်ယောက်သားက တစ်ပိုင်းတည်းကို စားလိုက်ကြသည်။
"ဆရာဝန်က ဒီနေ့ ဘာပြောသေးလဲ"
“နှစ်ရက်လောက်နေရင် ဆေးရုံဆင်းခွင့်ရပြီပြောတယ်" ရွှယ်ယုံက ယွီနျန် လှမ်းပေးလာသော ပန်းသီးများကို အကုန်စားလိုက်သည်။ ယွီနျန်၏ မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှုများကို မြင်လိုက်ရသောအခါ အသံကို နှိမ့်ချလိုက်ပြီး ပုံမှန်ထက်ပို၍ အသေးစိတ် ရှင်းပြလိုက်သည်။
"အဆင်ပြေပါတယ်... ဒီကာလထဲမှာ တင်းကျောက်ရှန်ရဲ့ လွှမ်းမိုးမှုက ရွှယ်မိသားစုရဲ့ အင်တာနက်ငွေကြေး၊ အစွန်းဖြတ်နည်းပညာ၊ ဘဏ်လုပ်ငန်းတွေ၊ သတ္တုလုပ်ငန်းနဲ့ အော်တိုမိုဘိုင်း ထုတ်လုပ်ရေးအပိုင်းတွေကနေ ဖယ်ရှားခံလိုက်ရပြီ... အိမ်ခြံမြေအပိုင်းကတော့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပေမယ့် အခုဖြေရှင်းနေတယ်... အခု ဆေးရုံက ဆင်းဖို့ ပြဿနာ မရှိတော့ဘူး"
ထိုအဖြစ်အပျက်ကတည်းက ယွီနျန်မှာ တင်းကျောက်ရှန် မည်သည့်နေရာတွင် ရှိနေပြီး မည်မျှ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားကြောင်းကို မမေးရသေးပေ။ အဆုံးတွင် သူတို့၏ အခြေအတင်များအကြား ရွှယ်ယုံကသာ အနိုင်ရရှိသူပင်။ ရွှယ်ယုံတစ်ယောက် တင်းကျောက်ရှန်ကို တမင်တကာ ရန်စရန်အတွက် သူ့အသက်ကို လောင်းကြေးထပ်ခဲ့သလား မထပ်ခဲ့သလား ဟူသည်က ထပ်ပြီး အရေးမကြီးတော့ပါပေ။
အနိုင်ရရှိသူကသာ အားလုံးပိုင်စိုးရသည့် ကိစ္စဖြစ်နေဆဲ...
ယွီနျန်က စကားလမ်းကြောင်း လွှဲကာ ပြုံးပြ၍ ပြောလိုက်သည်။
"စကားမစပ်... ဒီနေ့ ကျွန်တော့်ရဲ့ EPက ဘာပြဿနာမှ မရှိဘဲ သုံးသပ်ချက်ကို အောင်သွားတယ်လို့ သတင်းရခဲ့တယ်"
"ကောင်းတာပေါ့" ရွှယ်ယုံမှာ လက်ထဲမှ ပန်းသီးအား အကုန်စားပစ်ရမည်ကို တွန့်ဆုတ်နေပြီး တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။
"ဒေါက်တာက အသီးများများ စားဖို့ ပြောသွားတယ်"
ယွီနျန်မှာ မျက်လုံးထဲမှ လျှံထွက်လာကာနီးဖြစ်သော အပြုံးများကို ဖုံးကွယ်ထားလိုက်ရသည်။ သူက ပန်းသီးခွံများကို သိမ်းလိုက်ပြီး ရွှယ်ယုံကို နောက်ထပ် တစ်စိတ် ပေး၍ သတိပေးလိုက်သည်။
"ထပ်စားအုံး... ဒါပေမယ့် အများကြီး မစားနဲ့နော်"
"အင်း"
ယွီနျန် အန်းရန်ဆေးရုံမှ ထွက်လာပြီး အိမ်ပြန်ရောက်သောအခါ အပြင်ဘက်၌ ကောင်းကင်ကြီး မဲမှောင်နေလေပြီ။ သူ မီးဖိုချောင်ထဲသို့ သွားကာ ရေခဲသေတ္တာကို ဖွင့်လိုက်ပြီး ဝက်နံရိုးစွပ်ပြုတ်ချက်ရန် ပါဝင်ပစ္စည်း လုံလောက်မလောက်ကို စစ်ဆေးကြည့်လိုက်သည်။ သူအိမ်တွင် ရက်အတော်ကြာ မချက်ပြုတ်ခဲ့ရကြောင်း နားလည်သွားရပြီး ဂျင်း၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူများ မကျန်တော့ပါပေ။ သူ စျေးဝယ်စာရင်း ရေးလိုက်ပြီး ရှစ်ရော့ထံ ပို့ကာ နောက်တစ်နေ့တွင် သူမကို ဝယ်လာပေးခိုင်းလိုက်သည်။
သိပ်မကြာခင် မုန့်ယွမ် ဖုန်းခေါ်လာခဲ့သည်။
"မီးတောက်ကတော့ အခြေကျတော့မယ် ထင်တယ်... ငါတို့ ထင်းတွေ ထပ်ထည့်ပေးရမယ်"
မုန့်ယွမ်မှာ မနေနိုင်ဘဲ ကိုယ်ကို လှည့်ပတ်မိလေတော့သည်။
"အာ... ပြောကာမှ ဒီကျိချောင်သယ်က ဆုတွေ နည်းနည်းလောက် ရထားတာနဲ့ ဘဝင်လေကိုင်နေတော့တာပဲ... သူက အရာအားလုံးကို ကိုယ်ပိုင်စံနှုန်းတွေနဲ့ လိုက်ဝေဖန်နေပြီးတော့ စိတ်ကြီးတွေ ဝင်ပြီး လှောင်ပြောင်သရော်ပြနေတယ်... မင်းကို အပုပ်မချခင် အိမ်စာကောင်းကောင်း လုပ်ခဲ့ရင် သူ့ကိုယ်သူ ဒီလောက်ကြီးတဲ့ တွင်းကြီး တူးမိမှာ မဟုတ်ဘူး"
“အဂတိလိုက်စားမှုတွေက လူတွေရဲ့ မျက်လုံးကို ကန်းစေပြီး အတွေးတွေကိုလည်း ကန့်သတ်ထားတယ်"
ယွီနျန်က ရေခဲသေတ္တာကို ရှင်းလင်းနေလေသည်။ သူမေးလိုက်သည်။
"အစ်ကိုမုန့်... ရိယောင်မိုဘိုင်းရဲ့ ထုတ်လုပ်ရေးအဖွဲ့ရဲ့ ဘရန်းအစီအစဥ်က မနက်ဖြန် နေ့လည်ကျရင် ရိုက်တော့မှာနော်... ဟုတ်လား"
“အင်း... မင်းရဲ့ အယ်လ်ဘမ်ကို နှစ်ခါလောက် ထုတ်ပြောဖို့ သတိရနော်... ပရိုမိုးရှင်း လုပ်ဖို့ အခွင့်ကောင်းကြီးပဲ... မမေ့စေနဲ့" မုန့်ယွမ် တစ်ခဏလောက် ရပ်ပြီး မေးလိုက်သည်။
"ဒီနေ့ အလုပ်ပြီးသွားရင် ဆေးရုံသွားဦးမှာလား"
သူမေးချင်သည့်အရာကို သိနေသဖြင့် ယွီနျန် ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ "ဟုတ်... ကျွန်တော် ရွှယ်ယုံကို သွားတွေ့မှာပါ"
မုန့်ယွမ် လည်ချောင်း ရှင်းလိုက်သည်။
"အမ်... နျန်နျန်... ရိုးရိုးသားသား ပြောစမ်းပါ... မင်းတကယ်ကြီး ရွှယ်ယုံနဲ့ မိတ်ဆွေ ဖြစ်နေတာလား... သူအရင်တုန်းက မင်းကို ဝေဖန်ခဲ့ဖူးတာကြောင့် မင်းမလိုချင်ဘဲ သူ့ကို တမင်သက်သက် ချည်းကပ်ခဲ့တာကြောင့်တော့ မဟုတ်လောက်..."
“အစ်ကိုမုန့်"
ယွီနျန်မှာ မုန့်ယွမ်၏ အတွေးများ အတော်လေး လမ်းကြောင်းလွဲနေသည့်အတွက် ရယ်မောလိုက်လေသည်။
"အစ်ကို့ရဲ့အတွေးလမ်းကြောင်းကို ဥာဏ်မမီတော့ဘူး... တကယ့်ဘဝက မယ်လိုဒရာမာမဆန်ဘူးလေ"
“အိုကေ... အိုကေ... ငါထပ်မပြေ
ာတော့ဘူး"
မုန့်ယွမ် ထပ်ပေါင်း ပြောလိုက်သည်။
"နောက်ပိုင်းကျရင် ဆေးမှတ်တမ်းနဲ့ ဓါတ်ပုံတွေ ထုတ်ပေးမှာ... မင်း စိတ်ဝင်စားရင် အခြေအနေတွေ လာကြည့်လို့ရတယ်နော်"