Chapter 74
မှော်ဆန်လိုက်တဲ့ ကမ္ဘာကြီး
ချူရှောင်းရန်၏ ကား မောင်းထွက်သွားသောအခါ ယွီနျန်နှင့် မုန့်ယွမ်တို့က သူတို့လာစဥ်က စီးခဲ့သော ကားထဲသို့ ဝင်လိုက်ကြသည်။ မုန့်ယွမ်၏ ချီတုံချတုံ ဖြစ်နေသော အမူအယာကို မြင်သောအခါ ယွီနျန်ကပင် စကားစပြောလိုက်သည်။
"အစ်ကိုမုန့်... မေးစရာ ရှိရင် မေးသာမေးပါ"
မုန့်ယွမ် တုံ့ဆိုင်းနေသည်။
"ငါ့အတွေးတွေ စုစည်းပြီးတဲ့အချိန်မှာ ဖြစ်နိုင်တာက... ငါမုန်းတဲ့လူကို ငါကလွဲပြီး အနိုင်ကျင့်ခွင့်မပြုဘူး ဆိုတာမျိုးလား... ငါမုန်းတဲ့လူကို ခက်ခဲစေပြီး နာကျင်မှု အလုံးအရင်း ခံစားရဖို့ဆိုရင် ပထမဆုံး သူတို့အပေါ် ခြွင်းချက်မရှိ ကောင်းပေးပြီးတော့ ငါနဲ့ ပတ်သက်ပြီး အရူးအမူး ဖြစ်သွားအောင် ပြီးရင် ငါ့အပေါ် မှီခိုလာပြီး ငါ့ကို နင့်နင့်နဲနဲ ချစ်သွားအောင် လုပ်ရမယ် .. ပြီးမှ သူတို့ကို အညှာအတာမရှိ စွန့်ပစ်လိုက်မယ်... အဲ့လိုမျိုးလား"
"အစ်ကိုမုန့်... ဒီလို အံ့လောက်စရာ အတွေးတွေက ဘယ်ကနေ ထွက်လာတာလဲ"
“ငါ အရင်က ရဖူးတဲ့ ဇာတ်ညွှန်းတွေထဲကလေ... ဇာတ်ညွှန်း ဆယ်ခုရဲ့ ကိုးခုမှာ နက်နက်ရှိုင်းရှိုင်း နှိပ်စက်ကလူပြုတဲ့ အချစ်လို မယ်လိုဒရာမာ ဇာတ်ကွက်တွေ ပါကြတာပဲ... မင်းလိုချင်ရင် မင်းအတွက် ဗားရှင်းပေါင်း တစ်ရာ့ရှစ်ဆယ်လောက် ယူလာပေးမယ်လေ"
မုန့်ယွမ်မှာ တုံးအသူ မဟုတ်သဖြင့် ဖြစ်ပျက်နေသော အရာများကို တဖြည်းဖြည်း သဘောပေါက်လာသည်။
"ပြောစမ်းပါ... မင်းနဲ့ ဥက္ကဌရွှယ်က ဘယ်လိုဆက်ဆံရေးလဲ... ဥက္ကဌချူရဲ့ ပုံစံအရဆို သူက ဥက္ကဌရွှယ်အကြောင်း မင်းကို လာတိုင်တောနေသလိုမျိုးပဲ"
အဓိကအချက်မှာ ရွှယ်ယုံကလည်း ထိုနေရာတွင် ရပ်နေဆဲဖြစ်ပြီး ချူရှောင်းရန် တိုင်တောနေသည်ကို ခွင့်ပြုပေးထားသည်။ နောက်ပိုင်းတွင် ယွီနျန်က သူ့ကို ပြန်ခိုင်းလိုက်သည့်အချိန်တွင်လည်း နာခံတတ်သော ပါပီလေး တစ်ကောင်၏ ဝိဥာဏ် ဝင်ပူးသွားသည့်အလားပင် ခံစားလိုက်ရလေသည်။
ကျောချမ်းစရာ ကောင်းလိုက်တာ...
ယွီနျန်မှာ များများစားစား မပြောဘဲ လိုရင်းကိုသာ ရှင်းပြလိုက်သည်။
"ကျွန်တော်နဲ့ ရွှယ်ယုံက အမြဲတမ်း ဆက်ဆံရေး ကောင်းပါတယ်"
မုန့်ယွမ် မယုံမကြည် ဖြစ်နေမည်စိုးသဖြင့် ဥပမာအချို့ပါ ပေးခဲ့သေးသည်။
"ကော်ဇောနီပေါ် ကျွန်တော် ဝတ်ခဲ့တဲ့ ဝတ်စုံကလည်း သူပဲ ဝယ်ပေးထားတာ... ရှုရွှမ်းရဲ့ ကိစ္စမှာတုန်းက ဒုတိယမျိုးဆက်ချမ်းသာတဲ့ သခင်လေးကို ဆေးမှတ်တမ်းတွေ တင်ခိုင်းလိုက်တာ သူပဲ... ပြီးတော့ ချင်းဟိုင် တိုက်ရိုက်ထုတ်လွှင့်မှုက အချိန်တိုင်း ယွမ်ကိုးသိန်းကိုးသောင်း ကျဲချတတ်တဲ့ 'နျန်နျန်ယုံယွီ' ဆိုတဲ့သူကလည်း သူပဲလေ....
မုန့်ယွမ် မျက်လုံးများ ပြူးကျယ်သွားလေသည်။
"အိုးမိုင်ဂေါ့... ကမ္ဘာကြီးက တကယ်မှော်ဆန်လိုက်တာ"
အိမ်ပြန်ရောက်သည်အထိ မုန့်ယွမ်မှာ မိန်းမောနေဆဲ ဖြစ်သည်။ သူ တစ်ခဏမျှ တွေးလိုက်ပြီးနောက် ဖုန်းထုတ်၍ ဝေ့ပေါ်သို့ ဝင်လိုက်ပြီး ရွှယ်ယုံ၏ ပိုစ့်များကို ရှာကြည့်လိုက်သည်။ ရုတ်တရက် သူနားလည်သွားရသည်မှာ မတူညီသော ရှုထောင့်မှ ကြည့်လိုက်သောအခါ ရွှယ်ယုံ၏ ဝေ့ပေါ်မှာ ယွီနျန်၏ အကြောင်းမှ လွဲ၍ လေးနက်ပြီး အေးစက်နေသည့် ငွေကြေးဆိုင်ရာ ဗဟုသုတများဖြင့် ပြည့်နေလေသည်။
ဒါဆို လူချမ်းသာတွေရဲ့ ကမ္ဘာကြီးမှာ သူတို့က မျက်နှာ နှစ်ဖက် ရှိတဲ့သူတွေပါလား... မင်းကို အင်အားတွေစုပြီး ပွင့်ပွင့်လင်းလင်း မတိုက်ခိုက်မယ်... ဒါပေမယ့် မင်းကို ကြယ်တွေလတွေပါ ပေးနိုင်ဖို့ တိတ်တိတ်လေး ဆန္ဒရှိနေကြပြန်ရော...
သူ တဖြည်းဖြည်း ဆွဲချကြည့်လိုက်ရာ ယွီနျန်ကို ဝေဖန်ထားသည့် ရွှယ်ယုံ၏ ဝေ့ပေါ် ပိုစ့်များ၌ မကောင်းသည့် ကွန်မန့်များ မရှိသည်ကို တွေ့လိုက်ရသည်။ သူ အံ့သြရသည်မှာ တွေ့ရခဲ့သည့် အချို့သော CPဖန်များကိုပင် သူတွေ့လိုက်ရလေသည်။
[ငါ့ ခံစားချက်တွေကို ဘယ်သူနားလည်ပေးမှာလဲ... ငါ ဥက္ကဌရွှယ်ရဲ့ ဝေ့ပေါ်မှာ ယွီနျန်အကြောင်း မကောင်းတဲ့ မှတ်ချက်တွေပေးဖို့ အကောင့်သစ် ဖွင့်ထားလိုက်တာ... ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်း ငါမှာ ဘန်းခံ၊ ဘလော့ခံရပြီး ရီပို့ထုခံလိုက်ရရော... ဒါ အချစ်မှ မဟုတ်ရင် ဘာများ ဖြစ်ရဦးမှာလဲ]
[မျက်စိကျိန်းလောက်စရာ ဇာတ်ကြောင်းလေးပဲ... ယွီနျန်က ဥက္ကဌရွှယ်ရဲ့ အေးစက်စက် မဟုတ်တဲ့ ပိုစ့်တွေမှာ ထူးခြားတဲ့ အကြောင်းအရာလေးပဲ... ငါဒီCPကို ရွက်လွှင့်နေပါပြီ... မင်းတို့ ဝင်လာပြီးရင် ထွက်လို့ မရတော့ဘူး... မတူတဲ့ ရှုထောင့်ကကြည့်ရင် ဒါသကြားတွေပဲဟေ့... အချိုသန့်သန့်လေးတွေ... ငါ့ကို အလိုလိုက်ပေးပါ... ငါ့ကို မနှိုးကြနဲ့နော်]
[ဒီအဆိုကို လက်ခံလိုက်ကတည်းက နေ့တိုင်း ဖုန်းကို ကြည့်ပြီး အရူးလို ရယ်နေမိပြီ]
မုန့်ယွမ်မှာ ထပ်ပြီး ထိတ်လန့်သွားရပြန်သည်။ ကျွတ်... မှော်ဆန်လိုက်တဲ့ ကမ္ဘာကြီး...
နောက်တစ်နေ့ မနက်တွင် မုန့်ယွမ်က သုံးသပ်ချက်ကော်မတီ၏ ကျွမ်းကျင်သူ နေရာပြောင်းလဲသွားပြီး လင်းရွှမ်းယာ အထုတ်ခံလိုက်ရကာ အခြားတစ်ယောက်ဖြင့် အစားထိုးလိုက်ကြောင်း သတင်းရခဲ့သည်။
များစွာသော လုပ်ဖော်ကိုင်ဖက်များက လင်းရွှမ်းယာ အဆုံးတွင် ပြိုလဲသွားသည်ကို ကြည့်ရန် စိတ်အားထက်သန်နေကြကြောင်း ကြားသိလိုက်ရသည့်အခါ မုန့်ယွမ်၏ စိတ်ခံစားချက်များက ရှုပ်ထွေးနေပြီး သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။
"ဒါက သူတို့တွေ ပြောကြတဲ့ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်တဲ့ ပါဝါဆိုတာမျိုး ဖြစ်နိုင်လား"
ဘေးနားတွင် ရပ်နေသည့် ရှစ်ရော့ကလည်း ရှုပ်ထွေးသွားလေသည်။ "အစ်ကိုမုန့်... အခြေအနေတွေကို ပြောင်းလဲပစ်နိုင်တဲ့ ပါဝါဆိုတာ ဘာကြီးလဲ"
“ဘာမှမဟုတ်ပါဘူး... လင်းရွှမ်းယာ အထုတ်ခံလိုက်ရတဲ့ အကြောင်းကို တွေးနေတာ... နျန်နျန့် EPရဲ့ သုံးသပ်ချက်လုပ်ငန်းစဥ်မှာ ဘာပြဿနာမှ မရှိလောက်တော့ဘူး... ဒါ ကောင်းတဲ့အရာပဲလေ"
မုန့်ယွမ် မနေနိုင်ဘဲ ထပ်မေးလိုက်ပြန်သည်။ "စကားမစပ် ရော့ရော့ ရွှယ်ယုံကို ဘယ်လိုမြင်လဲ"
“ရွှယ်ယုံလား"
ရှစ်ရော့ တစ်ခဏမျှ တွေးကြည့်လိုက်သည်။
"သူက ဥက္ကဌချူရဲ့ ငယ်သူငယ်ချင်း... အရမ်း အေးစက်ပြီးတော့ ကြောက်စရာကောင်းတယ်... လူတွေက သူ့ကို မျက်လုံးချင်း ဆုံကြည့်မိမှာတောင် ကြောက်ကြတယ်... ဒါပေမယ့် အရမ်းလည်း ကြည့်ကောင်းနေပြန်ရော... သူက နျန်နျန့်ကို အမြဲတမ်း အကျိုးအကြောင်းမညီဘဲ ဝေဖန်တတ်တယ်... ပြီးတော့ နျန်နျန်ရဲ့ နံပါတ်တစ် haterပဲ"
hater ဖြစ်ပါဦးပါ့မလား... မနေ့က သူ ယွီနျန်ကို ရတနာတစ်ခုလို ကာကွယ်သွားတာ မမြင်လိုက်ဘူးလား...
သို့သော်လည်း မုန့်ယွမ် စိတ်သက်သာရာရသွားသည်။ ကြည့်ရတာ ရှင်းရှင်းလင်းလင်း မမြင်နိုင်တာ သူတစ်ယောက်တည်း မဟုတ်ဘူးပဲ...
သူ့အတွေးများကို ဘေးဖယ်ထားလိုက်လေသည်။ "ကိစ္စမရှိဘူး... ငါ့ကို စာရွက်နဲ့ ဘောပင်ပေး... အယ်လ်ဘမ်ရဲ့ ပရိုမိုးရှင်းအကြောင်း စဥ်းစားရဦးမယ်"
လင်းရွှမ်းယာကို သူ့ရာထူးမှ ဖယ်ထုတ်လိုက်ပြီးသည်နှင့် အယ်လ်ဘမ် သုံးသပ်ချက် ရလဒ်များမှာ မြန်မြန် ထွက်လာခဲ့ပြီး နောက်ထပ် ပြဿနာများ မရှိတော့ပေ။
အယ်လ်ဘမ် အတည်ပြုချက် ရပြီ ဖြစ်သည့် သတင်းကို ယွီနျန် ရရှိခဲ့သည့် အချိန်က နျင်းချန်ပြတိုက်တွင် ပရိုမိုးရှင်း ဗီဒီယိုအတိုလေး ရိုက်နေခဲ့ခြင်း ဖြစ်သည်။ ဒါရိုက်တာကန်ကလည်း အရာအားလုံး အဆင်ပြေနေကြောင်း သေချာစေရန် အပြေးလာကြည့်ခဲ့ပြီးနောက် ထွက်သွားလေသည်။
ယွီနျန် အဝတ်လဲခန်းထဲမှ ထွက်လာသောအခါ သံချပ်ကာအင်္ကျီကို ချွတ်လိုက်ပြီး ခါးဝတ်စုံ ပွပွနှင့် အင်္ကျီလက်ကျယ်ကျယ်ဖြင့် နှင်းကဲ့သို့ ဖြူဖွေးနေသည့် ဝတ်စုံ တစ်စုံ လဲလိုက်သည်။ သူက တိမ်ကဲ့သို့ ရှုပ်ထွေးနေသော ပုံစံဖြင့် ကွေးကောက်ထားသည့် ဆံထိုးလေးကို ထိုးထားပြီး ခြွင်းချက်မရှိ ကြီးကျယ်မြင့်မြတ်နေပုံပေါ်သည်။
ဒါရိုက်တာက အလင်းအမှောင် ချိန်နေပြီး ယွီနျန်က ဘေးတွင် ရပ်ကာ စောင့်နေလေသည်။ ရှစ်ရော့က သူ့အနားသို့ စိတ်လှုပ်ရှားစွာဖြင့် တိုးကပ်လာသည်။
"အခုလေးတင် ဒါရိုက်တာကန်က ပရိုမိုးရှင်း ကောင်းကောင်း ဖြစ်သွားတယ်လို့ မင်းကို ချီးကျူးနေတယ်... တရားဝင် ထုတ်ပြန်ချက် ထွက်ကတည်းက ပြတိုက်ကို လာပြီးတော့ အနုပညာပစ္စည်းတွေ လာကြည့်ကြတာ ပို့ချချက် လာတက်ကြတဲ့ လည်ပတ်သူတွေ အများကြီး ရှိလာပြီတဲ့... ပရိုမိုးရှင်း ဗီဒီယို ထွက်ရင် အကျိုးသက်ရောက်မှုက သေချာပေါက် နှစ်ဆ ဖြစ်သွားမှာ"
ယွီနျန် နှုတ်ခမ်းလေးများကို တွန့်ကွေးလိုက်သည်။
"သူ တကယ်ပဲ အဲ့လိုပြောတာလား"
“အစ်မက ဘာလို့ လိမ်ပြောရမှာလဲ"
ရှစ်ရော့က စိတ်ကောင်းဝင်နေလေသည်။
"ဒါပေမယ့် တကယ်ပဲနော်... ဒီဗီဒီယိုလေးသာ ထုတ်လိုက်ရင် သေချာပေါက် ပျံ့သွားမှာပဲ... ပြီးတော မင်းက ဘုန်းတော်ကြီးပဲ ဖြစ်ဖြစ်... စစ်သူကြီးပဲ ဖြစ်ဖြစ် စာသင်သားပဲဖြစ်ဖြစ် ဒါမှမဟုတ် ဂီတပညာရှင်ပဲ ဖြစ်ဖြစ် အားလုံး လိုက်ဖက်နေတာ... ပွဲတော်တွေအတွက် ဝတ်ရတဲ့ အဖြူရောင် ဝတ်စုံ ဝတ်၊ ဆံပင်ချပြီး မိတ်ကပ်ထူထူလိမ်းလိုက်တုန်းကဆိုရင် မယုံနိုင်လောက်အောင်ချောမောနေတာ... ပြီးတော့ အနီရောင် အစင်းတွေနဲ့ အဖြူရောင်ဝတ်စုံ ဝတ်၊ ရှေးဟောင်းချင်ကို ကိုင်ထားပြီးတော့ လှေကားထက်ကို တစ်လှမ်းချင်းလှမ်း ကြမ်းပြင်ပေါ် ထိုင်ချပြီး နန်းတော်ထဲမှာ ချင်တီးတာက လုံးဝ မူးမေ့လဲသွားချင်အောင်ပဲ"
ယွီနျန် ပြုံးလိုက်သည်။
"အစ်မရော့ရော့... အစ်မက ကျွန်တော့်ကို မြှောက်ပင့်နေတာပဲ... နောက်ပိုင်းကျ ကျွန်တော် သွေးကြီးကုန်ရင် ဘယ်လိုလုပ်မလဲ"
ရှစ်ရော့ ပြန်ပြောတော့မည် အပြုတွင် ဝတ်စုံလက်ထောက်လေးက ဖုန်းကိုင်လျက် အပြေးရောက်လာသည်ကို သတိပြုမိသွားသည်။
ဖုန်းမျက်နှာပြင်ထက်မှ စကားလုံးများကို မြင်လိုက်ရသောအခါ ရှစ်ရော့ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွားလေသည်။
"ငါဆဲမိတော့မယ်... ကျိချောင်သယ်က ဘာလို့ ဒီလောက်ထိ အရှက်မဲ့ရတာလဲ"
ကျိချောင်သယ်၏ အမည်ကို ကြားသောအခါ ယွီနျန်၏ အပြုံး လွင့်ပြယ်သွားလေသည်။
"ကျွန်တော်နဲ့ ပတ်သက်နေတာလား"
ရှစ်ရော့က ဝတ်စုံလက်ထောက်လေးကို ကျေးဇူးတင်စကား ပြောလိုက်ပြီး သူမ၏ ဖုန်းကို ထုတ်ကာ ယွီနျန်ကို ပြလိုက်သည်။ သူမက ဒေါသတကြီး ရေရွတ်လိုက်လေသည်။
"သူက တမင်သက်သက် မင်းကို ခက်ခဲအောင် လုပ်ပြီး နှစ်နာရီလောက် အဝတ်ပါးတွေနဲ့ နေခိုင်းသေးတယ်... မင်းဆို အဖျား လေးဆယ်ဒီဂရီလောက် ရောက်သွားရတာကို... သူက ဝေ့ပေါ်မှာ မင်းကို ဝေဖန်ဖို့ သတ္တိရှိနေသေးတာလား... မားကတ်တင်းအကောင့်တွေ တင်ထားတဲ့ ပိုစ့်တွေကို ကြည့်လိုက်ပါဦး... သူတို့ပြောထားတာက နာမည်ကျော် ဓါတ်ပုံဆရာတစ်ယောက်က ယွီနျန်ကို ဝေဖန်လိုက်တယ်တဲ့... ယွီနျန်က ပရော်ဖက်ရှင်နယ် မဆန်ဘူး...
နာမည်ကြီးတစ်ယောက်လို ပြုမူနေတယ်... အခြေခံကျင့်ဝတ်တွေ မရှိဘဲ တရုတ် ရိုးရာယဥ်ကျေးမှုကိုလည်း ဗဟုသုတ လုံးဝမရှိဘူး... ပြီးတော့ နျင်းချန်ပြတိုက်ရဲ့ ပရိုမိုးရှင်းအတွက် သံတမန် ဖြစ်မို့ မထိုက်တန်ဘူးလို့ စွပ်စွဲအပြစ်တင်ထားတယ်တဲ့... ဟား... သူ့ကိုယ်သူ အရေးကြီးတယ်လို့များ ထင်နေတာလား... သူက ကောင်းကင်ပေါ်က လမို့လို့လား"
သူမက ကျိချောင်သယ်၏ မူရင်း ဝေ့ပေါ်ပိုစ့်ကို ဝင်နှိပ်လိုက်ရာ ကွန်မန့်အရေအတွက်က ဂဏန်းငါးလုံးထက်ပင် ကျော်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
“အခုခေတ်မှာ... စတားတွေက ပညာမတတ်ရင်လည်း ဝန်ခံဖို့ ခက်ခဲနေကြတာလား... နာမည်ကြီးတဲ့ သီချင်းလေး နည်းနည်းလောက် ရေးဖူးတာနဲ့ပဲ သူတို့ကိုယ်သူတို့ ဘုရားသခင်လို ထင်နေကြတယ်... အဲ့ဒီလို လုပ်မဲ့အစား စာအုပ်တွေ ဖတ်တဲ့နေရာမှာ အချိန်ပိုသုံးလိုက်ပါလား"
[ငါကတော့ ဒီလို ဖော်ထုတ်တာကို ယုံကြည်တယ်... မစ္စတာကျိရဲ့ ဗဟုသုတနဲ့ စရိုက်က ယုံကြည်လို့ရတယ်နော်... ပြီးတော့ ဖျော်ဖြေရေးလောကထဲမှာ ကိုးအလီဇယားကို အလွတ် ရွတ်တတ်တာနဲ့ပဲ ထိပ်တန်းကျောင်းသား ဖြစ်ပြီလို့ ပြောလို့ရလို့လား... မစ္စတာကျိရေ... ဒီလို အရေးမပါတဲ့ ကိစ္စလေးတွေနဲ့ စိတ်ရှုပ်မခံပါနဲ့... ဒီလို အသိခေါက်ခက် အဝင်နက်နေတဲ့ ဖန်တွေနဲ့ ပြိုင်မငြင်းသင့်ဘူးလေ]
[အခုခေတ်မှာ အိုင်ဒေါလ်ငယ်လေးတွေ သရုပ်ဆောင်ငယ်လေးတွေ တစ်ယောက်ချင်းစီတိုင်းက ဖန်တွေဆီကနေ ဖျက်ဆီးခံနေရတာ... သူတို့က ကမ္ဘာကြီးရဲ့ အလယ်ဗဟိုမှာ ရပ်နေတာလို့ ထင်နေကြတာလေ... တစ်ဖက်မှာ မစ္စတာကျိလို စီနီယာကြီးတွေက သူတို့မျက်နှာကို ပြန်ထိန်းပေးဖို့ ဒေါသတွေ ပြန်ထိန်းထားရတယ်... သူတို့က ဖန်တွေဆီကနေတောင် တိုက်ခိုက်ခံရသေးတယ်... ဒီခေတ်လူတွေ တကယ် သနားဖို့ ကောင်းတာပဲ]
[သူတို့က ပရိုမိုးရှင်း ဗီဒီယိုထဲမှာ ယွီနျန် ဘယ်လောက် ကြည့်ကောင်းနေတယ်ဆိုတာကိုပဲ ချီးကျူးနေကြတာ... ပြီးတော့ နျင်းချန်ပြတိုက်လို ပြတိုက်ကြီး တစ်ခုက သံတမန်နေရာကို နာမည်ကြီး အဆိုတော်ငှားဖို့ ရဲတင်းနေကြတာလား... သူတို့ စိတ်များ လွတ်နေကြတာလား]
[ယွီနျန်ကို ပညာမတတ်ဘူး ပြောတဲ့သူတွေ သူရေးထားတဲ့ သီချင်းတွေ နားမထောင်ဖူးဘူးလား... နင်တို့က သူဘယ်လောက်တော်လဲ မသိရအောင် ကန်းနေကြတာလား... ကျေးဇူးပြုပြီး ယွီနျန်က ဘယ်နေရာမှာ နျင်းချန်ပြတိုက် သံတမန်နေရာနဲ့ မထိုက်တန်တဲ့အကြောင်း ထောက်ပြပေးကြပါလား]
မကြာခင် "ကျိချောင်သယ်ယွီနျန်ကိုဝေဖန်" ဟူသော အကြောင်းအရာက ကျော်ကြားမှု မြင့်တက်သွားပြီး အနုပညာရှင်တစ်ယောက်၏ ယဥ်ကျေးမှုထုံးတမ်းဆိုင်ရာ အဆင့်အတန်းက အရေးကြီးမကြီး ဆွေးနွေးမှုများ များပြားလာသည်။ ထိုအကြောင်းနှင့် ပတ်သက်သော သတင်းများက မျက်နှာပြင်ထက်တွင် အပြည့် ဖြစ်သွားလေသည်။
သို့သော်ငြား ယွီနျန်က ယခုထိ မလှုပ်ရှားလာသေးပေ။ မကြာခင် နျင်းချန်တက္ကသိုလ် သမိုင်းဌာနမှ ပရော်ဖက်ဆာ၊ ရှေးဟောင်းသုတေသနကျွမ်းကျင်သူ၊ ဒေါက်တာဘွဲ့ရကြီးကြပ်သူ တစ်ယောက်ဟု အတည်ပြုထားသည့် ဝေ့ပေါ်အကောင့်တစ်ခုက ကျိချောင်သယ်၏ အဆိုပြုချက်ကို ခပ်မြန်မြန် ချေပလာသည်။
[[***သဲနဲ့ မြေဆီလွှာ တူးဖော်တဲ့ ကျန်းဟုန်ယင်း: ယွီနျန်ကို တရုတ်ဘာသာရပ်မှာ ဗဟုသုတ လုံးဝမရှိဘူးလို့ ပြောရအောင် မသင့်တော်လှဘူး...
ပထမတစ်ချက်... ယွီနျန်က ဒီနိုင်ငံထဲမှာ ထိပ်တန်းအဆင့် နံပါတ်သုံးနေရာချိတ်တဲ့ နျင်းချန်တက္ကသိုလ်ရဲ့ သမိုင်းဌာနကနေ ဘွဲ့ရထားတာ... တက္ကသိုလ် လေးနှစ်တာလုံး အတန်းထဲမှာ ပထမချိတ်ခဲ့ပြီးတော့ ဘွဲ့ရအခန်းအနားမှာ အထူးချွန်ဆုံး ကျောင်းသားဆုကို ငါကိုယ်တိုင် ဆုပေးခဲ့တာပဲ...
ဒုတိယတစ်ချက် ငါက ကျန်းဟုန်ယင်း ယွီနျန်ရဲ့ ဆရာပဲ... ငါဘယ်သူလဲ သိချင်ရင် search engineတွေကို ကောင်းကောင်း သုံးလိုက်ကြ...
တတိယအချက်အနေနဲ့ ယွီနျန်က အသက်နှစ်ဆယ်အရွယ်မှာ သဲဂေါ်ပြားတစ်ခုနဲ့ ရှေးဟောင်းသုတေသန လုပ်တဲ့ နေရာတွေကို လှည့်ပတ်သွားလာခဲ့တာ... ထိပ်တန်းဂျာနယ်တွေမှာ ပညာရပ်ဆိုင်ရာ စာတမ်းတွေ ရေးခဲ့ပြီးတော့ ပညာရပ်ဆိုင်ရာ ညီလာခံတွေမှာ အစီရင်ခံစာတွေ ဖတ်ပြခဲ့တယ်... သူ့ကို တရုတ်ဘာသာရပ်မှာ ဗဟုသုတမရှိပါဘူးလို့ ပြောရဲရင် သူ့ရဲ့ စာတမ်းတွေ ဖတ်ခဲ့ကြတဲ့ သူ့ရဲ့ အစီရင်ခံစာတွေ နားထောင်ခဲ့ကြတဲ့ ကျွမ်းကျင်သူတွေ ကျောင်းသားတွေအားလုံးက စာမတတ်ပေမတတ်တွေပဲလား...
နောက်ဆုံးအနေနဲ့ @ကျိချောင်သယ် မင်းရဲ့ တရုတ်ရိုးရာယဥ်ကျေးမှု ဗဟုသုတကို သက်သေပြပြီး ယွီနျန်ကို မင်းစွပ်စွဲထားတာတွေနဲ့ နျင်းချန်ပြတိုက်အတွက် ဓါတ်ပုံရိုက်ပေးဖို့ မင်းရဲ့ အရည်အချင်းကို အတည်ပြုသွားအောင် ရိုးရှင်းတဲ့ သမိုင်းဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းတွေ ဖြစ်တဲ့ ကျုံးပြောင်ပု၊ ဖန်ကောဟူနဲ့ ထျန်းလီပုယွီတို့ရဲ့ အဓိပ္ပါယ်တွေကို လာရှင်းပြပေးပါ **]]]
“ဒီပါးဖြတ်ရိုက်ချက်က ထင်မှတ်မထားလောက်အောင် ကျေနပ်စရာပဲ" ရှစ်ရော့က သူမ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။
"ဒါပေမယ့် နျန်နျန် ပါမောက္ခကျန်းက မင်းရဲ့ ဆရာလား"
ယွီနျန်၏ နှုတ်ခမ်းသားထက်၌ ရိုးရှင်းသော အပြုံးလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။
"ဟုတ်တယ်... ကျွန်တော့်ဆရာက အစက ကျွန်တော့်ကို အတွင်းစည်းတပည့် ဖြစ်လာစေချင်ခဲ့တာလေ... ဒါပေမယ့် ကျွန်တော်ဘွဲ့ရပြီးတော့ သီချင်းဆိုတဲ့လမ်းကြောင်းကို လိုက်ဖို့ ဆုံးဖြတ်လိုက်တော့ သူ တော်တော်လေး ခေါင်းမာသွားတာ... အခုထိ ကျွန်တော့်ကို အဆက်အဆံလုပ်ဖို့ ငြင်းနေတုန်း"
"သူ အခုထိ မင်းကို စိတ်ဆိုးနေတုန်းလား"
“ဟုတ်တယ်... သူကျွန်တော့်ရဲ့ ရွေးချယ်မှုကိုလေးစားပေမယ့် နက်နက်ရှိုင်းရှိုင်း နာကျင်နေတုန်းလို့ ပြောခဲ့တယ်... သူ ညဆိုလည်း မအိပ်နိုင် စားချင်စိတ်တွေလည်း ပျောက်ပြီး အစာတောင် မျိုမကျဘူးတဲ့... သူကျွန်တော့်ကို ဒေါသထွက်နေတုန်းပဲ"
ယွီနျန်က ပေချ့်ကို သာမန်ကာလျှံကာ refresh လုပ်လိုက်သောအခါ ကျန်းဟုန်ယင်းက နောက်ထပ် ဝေ့ပေါ်ပိုစ့်တစ်ခု တင်ထားသည်ကို တွေ့လိုက်ရသည်။
[[ [@ယွီနျန်... ဒါကို ဘာလို့ လာမဖြေတာလဲ... မင်းသင်ထားခဲ့တာတွေ မေ့ရဲရင် 'သမိုင်းကြောင်း နှစ်ဆယ့်လေးခု'ကို ကူးရေးပြီး လာထပ်လှည့်]]]