အပိုင်း ၇၃
Viewers 16k

Chapter 73

သူက ခင်ဗျား အနိုင်ကျင့်လို့ ရမဲ့သူ မို့လို့လား”



“EPအတွက် အယ်လ်ဘမ် တင်သွင်းချက် ရတော့မယ်... မင်းဖျားနေတာနဲ့ စိတ်အနှောက်အယှက် မပေးချင်လို့ ငါမပြောသေးတာ... ဒီနေ့ နေလို့ ပိုကောင်းလာပြီ ဆိုတော့ မင်းလည်း စောစော သိသင့်တယ်လို့ ငါတွေးထားတယ်"


 မုန့်ယွမ် ရှင်းပြလိုက်ပြီး အနည်းငယ် ကူကယ်ရာမဲ့နေဟန်လည်း ပေါ်နေသည်။


 "မင်း သိထားသင့်တယ်... အယ်လ်ဘမ်တစ်ခုက သုံးသပ်ကာလကို ကျော်ဖြတ်နိုင်တာက အမြဲတမ်း ကံကောင်းမှုတစ်ခုပဲ... နားလည်လား"


ယွီနျန်က အဖုံးပိတ်လိုက်ရင်း သူ့ကိုယ်သူ ထိန်းထားလိုက်သည်။ 


"ကျွန်တော် သိတယ်... ကျွန်တော့်အစ်မရဲ့ အယ်လ်ဘမ် ထုတ်တုန်းက သီချင်းတစ်ပုဒ်မှာ ကြော်ငြာရယ်၊ ယုံကြည်ကိုးကွယ်မှုတွေနဲ့ ဘာသာရေးနဲ့ ပတ်သက်တာတွေ ပါနေလို့ ဆိုပြီး တစ်ပုဒ်လုံး ဖျက်ချခံလိုက်ရတယ်လေ... ဒါပေမယ့် EPအတွက် သီချင်းရေးတော့ သေချာဂရုစိုက်ထားတာ... ဒါနဲ့ ပတ်သက်ပြီး ပြဿနာ မရှိလောက်ပါဘူးနော်... ဘယ်အဆင့်က ပြဿနာများနေတာလဲ"


“အယ်လ်ဘမ်တင်သွင်းပြီးသွားရင် ကျွမ်းကျင်သူတစ်ယောက်ဆီကနေ အစပိုင်း သုံးသပ်ချက်တစ်ခုကို ဖြတ်ကျော်ရတယ်... အဲ့ဒါပြီးရင် အဲ့ဒီလအတွက် တင်သွင်းထားတဲ့ အယ်လ်ဘမ်တွေအတွက် ကျွမ်းကျင်သူ အစုတစ်စုက လစဥ် အစည်းအဝေးထိုင်ပြီး အတူတူ အကဲဖြတ်ရတယ်... ကျွမ်းကျင်သူတစ်ယောက်ကသာ ကန့်ကွက်လိုက်ရင် အယ်လ်ဘမ်လည်း မအောင်နိုင်တော့ဘူး...


နျန်နျန် မင်း အဲ့ဒီနောက်ဆုံးအဆင့်မှာ ညှပ်နေတာ"


“အယ်လ်ဘမ်ကို ပြန်ပို့လာပြီလား"


“မပို့သေးဘူး" မုန့်ယွမ်၏ အမူအယာမှာ ထူးမခြားနား ဖြစ်နေဆဲပင်။ 


"အဲ့ဒီကျွမ်းကျင်သူရဲ့ သဘောထားက သိပ်... မသဲကွဲဘူး ဖြစ်နေတယ်"


ယွီနျန် ခပ်မြန်မြန် နားလည်သွားသည်။ "သူတို့က ငွေလိုချင်နေတာလား"


"အဲ့ဒါတင်မကသေးဘူး" မုန့်ယွမ်၏ အပြုံးက အေးခဲသွားလေသည်။ 


"အဲ့ဒီကျွမ်းကျင်သူရဲ့ နာမည်က လင်းရွှမ်းယာတဲ့... သူက ငွေကို စိတ်မဝင်စားဘူး... သူက လွန်ခဲ့တဲ့ နှစ်နှစ်ကမှ ရာထူးတိုးထားတာလေ... သူသဘောအကျဆုံးအရာက လူသစ်လေးတွေရဲ့ ပွဲဦးထွက် အယ်လ်ဘမ်ကို ပိတ်ထားပြီး မင်းတို့ကို သူ့ဆီ လာဖားစေချင်တာ"


တိတ်တိတ်လေး နားထောင်နေသည့် ရှစ်ရော့က မနေနိုင်ဘဲ ဝင်ပြောမိသွားလေသည်။ 


"သူက နာမည်ကြီးပြီး အခြေခိုင်ထားပြီးသား အနုပညာရှင်တွေကို အနိုင်မကျင့်ရဲ့တော့ လူသစ်လေးတွေကို အနိုင်ကျင့်တာပေါ့လေ... ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ... သူ့ကို တိုင်လို့ မရဘူးလား"


"ဘယ်လိုလုပ်ပြီး တိုင်လို့ ရပါ့မလဲ... လာဘ်စားတာကမှ သက်သေပြလို့ ရသေးတယ်... ဒါပေမယ့် လင်းရွှမ်းယာက ထမင်းတစ်နပ်လောက် အတူစား ဝိုင်အတူသောက်ပြီး ဖော်လံဖားလုပ်ရုံပဲလေ" 


ရှစ်ရော့ တိတ်သွားသည်ကို မြင်သောအခါ မုန့်ယွမ်က ယွီနျန်ဘက်သို့ လှည့်မေးလိုက်သည်။


 "နျန်နျန်... မင်းဘယ်လိုထင်လဲ"


ယွီနျန်မှာ ထိုအကြောင်းကို များများစားစား မခံစားရပေ။ သူ တွေးလိုက်ပြီး ပြောလိုက်သည်။ 


"အယ်လ်ဘမ်က နောက်ဆုံးအဆင့်တောင် ရောက်နေပြီ... အဲ့ဒီနေရာမှာ တစ်နေပြီး အတည်မပြုနိုင်ရင် အကြာကြီး ကြန့်ကြာသွားလို့ ပြဿနာတွေ များသွားနိုင်တယ်" 


သူ ထိုအစား မုန့်ယွမ်နှင့် ရှစ်ရော့တို့ကို နှစ်သိမ့်ပေးလိုက်သည်။ 


"အဆုံးမှာတော့ ကျွန်တော်အခု လုံလုံလောက်လောက် အင်အားမကြီးသေးလို့ပဲလေ... ကျွန်တော် နာမည်ကြီးလာရင် သူ ကျွန်တော့်ရဲ့ သုံးသပ်ချက်တွေကို နောက်ထပ် ပိတ်ဆို့ထားရဲမှာ မဟုတ်တော့ဘူး" 


******


ဆေးရုံခန်းထဲတွင်...


တင်းကျောက်ရှန်၏ အခြေအနေကြောင့် ချူရှောင်းရန်မှာ ဤရက်များအတွင် စိတ်အတော်လေး ကြည်နေခဲ့သည်။ ဗီဒီယိုဂိမ်းများ ကစားနေသည်ကို အာရုံစိုက်နေရင်းဖြင့်လည်း ရံဖန်ရံခါ မှတ်ချက်ပြုတတ်သေးသည်။


 "တင်းကျောက်ရှန် ဒီတစ်ခါတော့ အတွက်မှားသွားတာပဲ... ကိုမာကနေ နိုးလာရော အရာအားလုံး ပြောင်းလဲသွားပြီ... သူက အမြဲတမ်း ကားမတော်တဆမှုကို သုံးပြီး မင်းကို စိတ်မကျေမချမ်း ဖြစ်အောင် လုပ်ရတာ ကြိုက်နေတာပဲမလား... အခုတော့ သူကိုယ်တိုင် ကြုံတွေ့ရမဲ့ အချိန်ရောက်လာပြီ"


ရွှယ်ယုံမှာ ဗီဒီယိုကော အစည်းအဝေး တက်နေပြီး သူ့သုံးသပ်ချက်များကို ပြန်မတုံ့ပြန်လာပေ။


ရွှယ်ယုံ သူ့ထံ အာရုံရောက်လာရန် အလုပ်များလွန်းနေသည်ကို တွေ့ရသောအခါ ချူရှောင်းရန် ဆိုဖာပေါ်တွင် ခြေချိတ်၍ ထိုင်လိုက်ပြီး ဂိမ်းဆက်ဆော့နေသည်။ ရွှယ်ယုံ နားကြပ်ကို ချွတ်လိုက်ပြီး အစည်းအဝေး ပြီးသွားပုံရသည့် အချိန်မှသာ ချူရှောင်းရန် အချိန်ကြည့်၍ တီးတိုးပြောလိုက်သည်။ 


"ဒီနေ့ မင်းကို ယွီနျန် လာမတွေ့ဘူးလား" 


ရွှယ်ယုံမှာ ခြောက်နာရီ ခုနစ်နာရီလောက်ထိ အစည်းအဝေး ထိုင်ခဲ့ရသဖြင့် မျက်လုံးများ အတန်ငယ် နီရဲနေသည်။ နှဖူးကို ခပ်ဖွဖွ ပွတ်လိုက်ပြီး ယွီနျန်အကြောင်း မေးလာသည့် ချူရှောင်းရန်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။ 


"သူပြောတာ ဒီည ညစာစားပွဲချိန်းထားတာ ရှိလို့ လာနိုင်တော့မှာ မဟုတ်ဘူးတဲ့... ငါ့ကို မစောင့်ဖို့ ပြောသွားတယ်"


“ကျွတ်... သူ့ရဲ့ အလုပ်အချိန်ဇယားတွေပါ သံတော်ဦး တင်ဖို့ လိုသေးတာလား" 


ချူရှောင်းရန် ပြောလိုက်ပြီးနောက် လက်ထဲမှ မဂ္ဂဇင်း စာအုပ်ကို ချကာ မေးကို ပွတ်လိုက်သည်။ 


"ဒါပေမယ့် ညစာစားပွဲ ချိန်းဆိုမှုတဲ့လား" 


သူတစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ခြေချိတ်ထိုင်ထားသည်ကို ဖြုတ်၍ မတ်မတ် ထိုင်လိုက်သည်။ 


"သောက်ကျိုးနဲ့... အဲ့ဒီကျွမ်းကျင်သူနဲ့ ညစာ စားရမှာများလား"


ရွှယ်ယုံ သူ့အလုပ်ကို ရပ်၍ မေးလိုက်သည်။ "ဘယ်ကျွမ်းကျင်သူရဲ့ ညစာစားပွဲလေ"


ချူရှောင်းရန် အကြမ်းဖျင်း ရှင်းပြလိုက်ပြီးနောက် ပြောလိုက်သည်။ 


"လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ... ဒီလောကထဲက ပညာပေး ညစာလို့ ခေါ်တဲ့အရာ ရှိတယ်... လူသစ်လေးတွေ သင်ယူနိုင်တဲ့ နေရာလို့ ဆိုပေမယ့် မျက်နှာလို မျက်နှာရ လုပ်ရတာတွေ .. သူများတွေရဲ့ သနားကြင်နာမှုကို ယူရတာတွေ မမျှမတ ဆက်ဆံခံရတာတွေ အများကြီး ဖြစ်နေတာပေါ့... ချီးပဲ"


ရွှယ်ယုံ၏ မျက်နှာ အမူအယာ အနည်းငယ်အေးစက်သွားလေသည်။ "သေချာလား"


"ရှစ်ဆယ် ကိုးဆယ် ရာခိုင်နှုန်းလောက် သေချာတယ်... မုန့်ယွမ်က ယွီနျန်ကို သူ့သားအရင်းလို ဂရုစိုက်ပေးနေတာပဲ... သူက အဲ့လို မမျှတတဲ့ ညစာစားပွဲတွေကို သေချာပေါက် ခေါ်သွားပေးမှာ မဟုတ်ဘူး... ပြီးတော့ ယွီနျန်ရဲ့ EPကလည်း သုံးသပ်ချက် တင်ထားရပေမယ့် အခုထိ ခွင့်ပြုချက် မကျသေးဘူး ထင်တယ်... ငါတွေးကြည့်လိုက်တော့ ဒီညစာစားပွဲက ဖြစ်နိုင်ချေ အရှိဆုံးပဲ"


ရွှယ်ယုံ စောင်ကို မကာ ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်သည်နှင့် ချူရှောင်းရန် မျက်လုံးများ ပြူးကျယ်သွားပြီး ထရပ်လာခဲ့သည်၊ 


"မင်း ဘာလုပ်မလို့လဲ"


ရွှယ်ယုံ ဖိနပ်ပါးများပေါ် ခြေချလိုက်သည့်အခါ ချူရှောင်းရန်၏ မျက်လုံးများနှင့် ဆုံတွေ့သွားခဲ့ရသည်။


 "ငါ သူ့ကို သွားရှာမလို့" 


“သောက်ကျိုးနဲ... ရွှယ်ရှောင်ယုံ... မင်းအခုထိ အပြည့်အဝ ပြန်မကောင်းသေးဘူးကွ... နားမလည်ဘူးလား... အရင်က မင်းထွက်ခဲ့တဲ့ သွေးတွေကို အနီရောင်ဆေးနဲ့ ခရမ်းချဥ်သီး ဖျော်ရည်တွေလို့များ ထင်နေတာလား"


သူ့လက်ထဲတွင် အနက်ရောင် ဂျာကင်အင်္ကျီကို ယူကာ နှစ်စက္ကန့်လောက်ထိ မတ်မတ် ရပ်လိုက်ပြီး ကုတ်အင်္ကျီ ဝတ်လိုက်သည်။ တည်ငြိမ်နေသော အသံဖြင့် သူ ပြောလိုက်လေသည်။


 "သူ မမျှမတ ဆက်ဆံခံနေရမှာကို ငါ ထိုင်မကြည့်နိုင်ဘူး"


“သောက်ကျိုးနဲ" ချူရှောင်းရန် သူ့လက်ကို လွှတ်ချပးလိုက်သည်။ 


"ကောင်းပြီ... ကောင်းပြီ... ငါမင်းကို လိုက်ပို့ပေးမယ်"


သီးသန့်ခန်းထဲတွင် ယွီနျန် ထရပ်ကာ ဝိုင်ငှဲ့ပေးနေရသည်။ 


အသက်ငါးဆယ်အရွယ် လင်းရွှမ်းယာက စားပွဲတွင် ထိုင်နေပြီး ခပ်ယိုင်ယိုင် ပုံရိပ်၏ နှုတ်ခမ်းတ 

ဝိုက်မှ ကြမ်းတမ်းပြီး ကွေးတက်နေသော အရေးအကြောင်းများ ထင်းထွက်၍နေသည်။ ဆေးလိပ်မီးခိုးများကြောင့် အဝါရောင်များ စွန်းထင်းနေသည့် လက်ချောင်းတို့က စားပွဲပေါ်ကို တတောက်တောက် ခေါက်နေရင်း ဖြည်းဖြည်းချင်း စကားပြောလာသည်။ 


"လူငယ်လေး... မင်းက အမြဲတမ်း ကောင်းကင်ပေါ် တန်းတက်မယ့်အစား အလုပ်တွေကို ဖြည်းဖြည်းချင်းပဲ လုပ်ဖို့ကို အာရုံစိုက်ထားသင့်တယ်... မင်းက တကယ်ကြီး ပါရမီဓါတ်ခံနဲ့ မွေးလာပြီးတော့ လေထုကို မှီခိုနိုင်မယ်လို့ ယုံနေတာလား"


ယွီနျန်က အကြည့်များကို အောက်ပို့လိုက်ပြီး သူ့မျက်နှာ အမူအရာကလည်း အလွယ်တကူ ဖတ်ရှု၍ မရဘဲ ပြန်လည်း တုံ့ပြန်ပေ။ 


ယွီနျန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ လင်ရွှမ်းယာက ဆက်ပြောလိုက်သည်။ 


"ယွီနျန် ငါ မင်းရေးထားတဲ့ သီချင်းတွေကို နားထောင်ပြီးသွားပြီ... တကယ်လည်း အထင်ကြီးလောက်စရာ ကောင်းတယ်... ဒီလောက် ငယ်သေးတဲ့ အချိန်မှာတောင် မင်းရဲ့ ပါရမီက အနာဂါတ်အတွက် ကြီးမားတဲ့ အလားအလာကို ကိုင်စွဲထားပြီးသား... ဒါပေမယ့် ငါမင်းကို ပြောပြမယ်... ငယ်ရွယ်တဲ့ ပါရမီရှင်တွေ အများကြီးက ဆိုးဝါးတဲ့ အဆုံးသတ်တွေ တွေ့ကြုံခဲ့ရတာကို ငါတွေ့ခဲ့ရပြီးသား"


ပြောပြီးသည်နှင့် လင်ရွှမ်းယာ လက်ညှိုးကို ပင့်ကာ ယွီနျန်ကို သူ့ခွက်ထဲမှ ဝိုင်အား သောက်ရန် ညွှန်ပြလိုက်သည်။


ထိုအခိုက်မှာပင် တင်းတင်းကြပ်ကြပ် ပိတ်ထားသော သီးသန့်ခန်း၏ တံခါးက ရုတ်တရက် ဆိုသလို ပြင်ပမှ တွန်းဖွင့်ခံလိုက်ရသည်။ 


အနက်ရောင် ကုတ်အင်္ကျီရှည် ဝတ်ထားသော ရွှယ်ယုံက ဘေးနားတွင် အေးစက်နေသော အရောင်အဝါများ ခြံရံလျက် ဝင်လာသည်။ ဒဏ်ရာမရထားသော လက်က ယွီနျန်၏ ဖြူဖျော့ဖျော့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး ရှေ့တွင် ရပ်ကာ ကိုယ်တစ်ပိုင်းက သူ့ကို ကာပေးထားခဲ့သည်။ 


ရွှယ်ယုံ၏ မျက်လုံးများက အေးစက်နေသော အကြည့်ဖြင့် သူတို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လင်ရွှမ်းယာထံ ကျရောက်သွားသည်။ သူ့အကြည့်များက ထိုးဖောက်မတတ် ပြင်းထန်နေပြီး သူ့အသံကလည်း ရေခဲအပိုင်းအစများ ပါဝင်နေပေသည်။


 "သူက ခင်ဗျား အနိုင်ကျင့်လို့ ရတဲ့သူမို့လို့လား" 


ထိုစကားက ဒလဟော စီးကျလာသည့် ရေအလျဥ်အလား သူတို့၏ သွေးကြောမျှင်တိုင်းစီ ဖြတ်သန်း ဝင်ရောက်သွားလေသည်။ ရွှယ်ယုံ၏ နောက်ပါးမှ ကာပေးခံထားရသော ယွီနျန်မှာ သူ့လက်ချောင်းများ အလိုအလျောက် ကွေးတက်လာသည်ဟု ခံစားလိုက်ရသည်။ ရွှယ်ယုံ၏ ဖြူဖျော့ဖျော့ မျက်နှာကို မော့ကြည့်လိုက်ရင်း နှစ်စက္ကန့်မျှ ကြက်သေသေသွားခဲ့ပြီး ရုတ်တရက် ဆိုသလို အေးချမ်းငြိမ်သက်မှုတစ်ခုက သူ့ကိုယ်ထက် ဖြတ်ပြေးသွားသည်ဟု ခံစားလိုက်ရလေသည်။ 


သူ ခေါင်းလေးကို ငုံ့၍ နှုတ်ခမ်းပါးတို့က အနည်းငယ် ကော့တက်သွားလေသည်။


လင်ရွှမ်းယာ၏ ရှေ့တွင်ပင် ရွှယ်ယုံက လက်ကိုမြှောက်ကာ ဝိုင်ခွက်ကို စားပွဲပေါ်သို့ အကုန် လောင်းချလိုက်သည်။ ထို့နောက် စကားတစ်လုံးချင်းစီ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ 


"ကြည့်ရတာ... ဒီရာထူးက ခင်ဗျားနဲ့ ထပ်ပြီး မသင့်တော်တော့ဘူး ထင်တယ်"


မည်သည်ကိုမှ ထပ်မပြောချင်တော့သဖြင့် ရွှယ်ယုံ ယွီနျန်၏ လက်ကောက်ဝတ်ကို ပြန်ဆုပ်ကိုင်လိုက်သည်။ ယွီနျန်ကို ကြည့်လိုက်သည့်အခါ သူ့အကြည့်များက ပျော့ပြောင်းသွားခဲ့ပြီး အသံကလည်း ပို၍ ညင်သာလာလေသည်။


 "လာ... သွားကြစို့"


ရွှယ်ယုံနှင့် ယွီနျန် နောက်မှ လိုက်လာရင်း သူတို့က ကားပါကင်သို့ ရောက်လာခဲ့ကြပြီး မုန့်ယွမ်ကို လုံးဝ ပဟေဠိ ဖြစ်နေသော အခြေအနေ ဖြစ်အောင် လုပ်ထားခဲ့ကြသည်။


ရွှယ်ယုံက ယွီနျန်ကို ဂရုတစိုက်ဖြင့် မျက်နှာအကာ တပ်ပေးနေပြီး ပြန်လှည့်မသွားခင် ယွီနျန်၏ လက်ကောက်ဝတ်ကို ကိုင်ထားလိုက်သည်ကိုလည်း သူကြည့်နေမိသည်။ မုန့်ယွမ်မှာ သူ ဇာတ်ညွှန်းတလွဲ ယူမိပြီး မှားယွင်းသော ရိုက်ကွင်း၌သာ အဆုံးသတ်သွားခဲ့ပြီဟု မနေနိုင်ဘဲ ခံစားမိနေသည်။


ဒါဆို... ရွှယ်ယုံက ဘာလို့ ရောက်လာရတာလဲ... သူ့ကြည့်ရတာ... ယွီနျန်ကို ကာကွယ်ပေးနေသလိုပဲ...


ဤအံ့လောက်စရာ အလှည့်အပြောင်းများက သူ ယခင်ကကြည့်ဖူးခဲ့သည့် မယ်လိုဒရာမာဆန်ဆန် အိုင်လ်ဒေါ ဒရာမာများကို အမှတ်ရမိသွားစေသည်။ လူတစ်ယောက်က တစ်ဖက်လူကို စက်ဆုပ်နေပါသော်လည်း သူတို့ကို ချစ်မိသွားအောင် လုပ်ကာ သူတို့အပေါ် မှီခိုလာပြီးနောက် အသဲကွဲမှုဒဏ်ကို အလူးအလိမ့်ခံစားရစေရန်အတွက် ကြင်နာဟန်ဆောင်ခဲ့ခြင်းမျိုးပေလား...


လမ်းလျှောက်နေရင်း အေးစက်စက်အရှိန်အဝါများ ထုတ်လွှင့်နေသည့် ရွှယ်ယုံကို ကြည့်ကာ မုန့်ယွမ်မှာ ၎င်းက ဖြစ်နိုင်ချေ မရှိသည်မျိုး မဟုတ်ဟု တွေးမိသွားသည်။ 


ချူရှောင်းရန် ကားထဲမှ ထွက်လာပြီးနောက် ယွီနျန်ကို တွေ့လိုက်ရချိန်တွင် ချက်ချင်းဆိုသလို တိုင်တန်းပြောဆိုလေတော့သည်။ 


"သူများတွေကတော့ သူ့ကို သွေးတွေ အမြဲတမ်း 100% ပြည့်နေတယ်လို့ ထင်ကြတော့မှာပဲ.. အဝတ်တွေ ဝတ်ပြီးတာနဲ့ ဆေးရုံထဲကနေ ဒီလို ပြေးထွက်လာတယ်လေ... နောက်ထပ် ပြင်းပြင်းထန်ထန် ဒဏ်ရာ ထပ်ရချင်သေးတာလား... ဒါမှမဟုတ် အရင်တစ်ခါ သွေးထွက်တာ မလုံလောက်သေးလို့လား... ငါ့ကို စိတ်ပူရအောင် တကယ် လုပ်တယ်"


ရွှယ်ယုံမှာ တိတ်ဆိတ်နေဆဲ။ ယွီနျန်ကို ခေါ်ထုတ်လာပြီးနောက် သူ့လက်ကို မလွှတ်ပေးသေးပေ။ ထို့အပြင် သူ့ကိုလည်း မကြည့်ရဲတော့။ 


ယွီနျန်၏ အကြည့်များက အင်္ကျီလက်များအောက်မှ တွယ်ယှက်ထားသော လက်များအပေါ် ဖြတ်ပြေးသွားပြီး ချူရှောင်းရန်ကို ပြုံးပြလိုက်သည်။


 "ဒီကားကို ဥက္ကဌချူ မောင်းလာတာလား"


“ဒါပေါ့... မဟုတ်ရင် ရွှယ်ရှောင်ယုံကို ကိုယ်တိုင် မောင်းခိုင်းရမှာလား" 


ချူရှောင်းရန် တစ်စက္ကန့်မျှ မျက်လုံးများ ပြူးကျယ်သွားလေသည်။ 


"ခဏလေး နေပါဦး... မင်းက ငါ့ကိုပါ အလိုတူအလိုပါလို့ တွေးနေတာလား... ငါက သူထွက်လာနိုင်အောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေးခဲ့တာပေါ့လေ... ဒေါသထွက်လိုက်တာနော်... ငါက ကလေးဘဝက သစ်ပင်အတူတူတက်ခဲ့ကြတဲ့အချိန်တုန်းက ရှိခဲ့တဲ့ စည်းလုံးမှုကြောင့်ပဲ လုပ်ပေးခဲ့ရတာ... ဒါတောင် ငါ့ကို ဒီလိုမြင်စရာလား"


ယွီနျန်မှာ ခေါင်းလေးစောင်း၍ ရယ်ချင်စိတ်ကို ထိန်းထားလိုက်ရသည်။ 


ယွီနျန် ရွှယ်ယုံဘေးတွင် ကပ်လျက် ရပ်နေသည်ကို သတိပြုမိသောအခါ ချူရှောင်းရန်မှာ ပို၍ပင် ဒေါသပုန်ထားသွားလေတော့သည်။ သူအချိန်ကို ကြည့်လိုက်ပြီး တိုက်တွန်းလိုက်သည်။ 


"သွားရအောင်... ငါ မင်းကို သေချာ ပြန်ခေါ်သွားပေးရမယ်... မင်း ဒီည နောက်ထပ်စစ်ဆေးမှုတွေ လုပ်ဖို့ လိုနေတုန်းပဲ... ပြီးတော့ သောက်ရမဲ့ဆေးတွေလည်း မသောက်ရသေးဘူး... မင်းငါ့ကို ရူးသွားစေချင်နေတာလား"


ယွီနျန် သူ့စကားကို ကြားလိုက်ရသောအခါ ရွှယ်ယုံကို ပြုံးပြလိုက်သည်။ 


"ကောင်းပါပြီ... ကျွန်တော် အဆင်ပြေပါတယ်... ခင်ဗျား အရင် ပြန်နှင့်လိုက်တော့လေ... ကျွန်တော် မနက်ဖြန် လာတွေ့မယ်နော်" 


ရွှယ်ယုံ စကားတစ်ခွန်းမှ မပြောဘဲ သူ့ကိုသာ ကြည့်နေသည်ကို မြင်သောအခါ စိတ်အေးသွားစေရန် ပြောလိုက်သည်။ 


"မစိုးရိမ်ပါနဲ့... အခု ကျွန်တော့်အဖျားလည်း ကျသွားပြီဆိုတော့ အဆင်ပြေသွားမှာပါ... ဆေးကိုလည်း သတိတရသောက်လိုက်မယ်... မနက်ဖြန် စစ်ဆေးရေး လုပ်မယ်ဆိုရင် ကျွန်တော် ခင်ဗျားကို လာတွေ့မယ်လေ" 


ထိုမှသာ ရွှယ်ယုံ သူ့လက်ကို လွှတ်ပေးလိုက်သည်။


 "ကောင်းပြီ... ဒါဆို ကိုယ်သွားတော့မယ်... မင်း ဒီကိစ္စကို ဘာမှ စိုးရိမ်စရာ မလိုဘူး... ကိုယ်ကြည့်လုပ်လိုက်မယ်"


ယွီနျန်မှာ လင်းရွှမ်းယာနှင့် ကိစ္စအား ရည်ညွှန်းသည်ကို နားလည်နေသည်။


 "ကောင်းပါပြီ

... မြန်မြန် ပြန်ပြီး အနားယူတော့နော်... နောက်ကျတဲ့အထိ အလုပ်မလုပ်နဲ့ဦး" 


ရွှယ်ယုံမှာ ယွီနျန်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး ချူရှောင်းရန် နောက်မှ ကားထဲသို့ ပြန်ဝင်သွားခဲ့သည်။