အပိုင်း ၇၂
Viewers 16k

Chapter 72

သူက ခင်ဗျား အနိုင်ကျင့်လို့ ရမဲ့သူ မို့လို့လား”



သိပ်မကြာခင် ဓါတ်ပုံဆရာအသစ်ရောက်လာပြီး မနက်ရောင် ကုတ်အင်္ကျီရှည်ကို ဝတ်ထားကာ တက်တက်ကြွကြွ လျှောက်လာခဲ့လေသည်။ သူတို့က လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး ဓါတ်ပုံဆရာမက သူမကိုယ်သူမ မိတ်ဆက်ပေးလိုက်သည်။ 


"ကျွန်မက ဟွမ်လီချင်းပါ... ကျွန်မတို့ရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု ပျော်ပျော်ရွှင်ရွှင် ဖြစ်ရဖို့ မျှော်လင့်ပါတယ်... အလင်းချိန်ဖို့ အပြင်ခဏ ထွက်လိုက်ဦးမယ်... ကျေးဇူးပြုပြီး အထဲမှာ ခဏလောက် စောင့်ပေးပါနော်" 


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။


 "ဒါပေါ့... အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်"


ဤတစ်ကြိမ်၌ ရိုက်ကူးရေးက အံ့လောက်ဖွယ်ကောင်းစွာပင် ချောချောမွေ့မွေ့ ပြီးသွားခဲ့သည်။ ဟွမ်လီချင်းက အချက်အလက်များကို အသေးစိတ်ကျပြီး ယွီနျန်၏ သိပ်မထင်ရှားသော အမူအယာများကိုပင် တွေးတောပေးခဲ့သည်။ ကောင်းကင်ကြီး မဲမှောင်လာသောအခါ ရိုက်ကူးရေး ပြီးသွားခဲ့လေပြီ။


ဟွမ်လီချင်း၏ မျက်နှာထက်၌ အပြုံးလေးတစ်ခု ရှိနေသည်။


 "တကယ် တကယ် ကောင်းတယ်... ရှင့်ရဲ့ ကင်မရာအောက်မှာ လုပ်ကိုင်နိုင်စွမ်းက ပြောင်မြောက်လွန်းတယ်... ရုပ်ရည်ကလည်း ဖမ်းစားနိုင်တဲ့အပြင် ရှင့်ရဲ့ တည်ရှိမှုက ဒီပြတိုက်နဲ့ ပြီးပြည့်စုံအောင် ပေါင်းစပ်သွားတယ်... ဒီပုံတွေ အံ့လောက်စရာ ကောင်းအောင် ထွက်လာမယ်လို့ ကျွန်မ ယုံတယ်"


ယွီနျန်၏ အပြုံး ကျယ်ပြန့်သွားပြီး ခါးအနည်းငယ် ညွှတ်ကာ ကျေးဇူးတင်မှူကို ဖော်ပြလိုက်သည်။ 


"ကျေးဇူးပါ... ရိုက်ကူးရေးမှာ အချိန်ကောင်းလေး ရခဲ့ပါတယ်... အဆုံးသတ် ရလဒ်တွေကို တွေ့ဖို့ မျှော်လင့်နေပါမယ်"


ဟွမ်လီချင်းက စကားများများ ပြောတတ်သူ မဟုတ်ပေ။ သူမက ယွီနျန်နှင့် ထပ်ပြီး လက်ဆွဲနှုတ်ဆက်လိုက်ပြီး ကြင်နာစွာဖြင့် ပြောလိုက်သည်။ "နောက်ပိုင်းကျပြီး ထပ်ပြီး ပူးပေါင်းဆောင်ရွက်ခွင့်ရဖို့ မျှော်လင့်ပါတယ်" ထို့နောက် သူမက ပစ္စည်းကိရိယာများ သိမ်းဆည်းရင်း အလုပ်ရှုပ်နေလေတော့သည်။ 


အလုပ်သိမ်းပြီးနောက် ယွီနျန် ကားထဲသို့ ဝင်လာပြီး အနွေးဘူးထဲမှ ရေနွေးတစ်ငုံသောက်လိုက်သည်။ 


မုန့်ယွမ်က ရှေ့ခန်းတွင် ဝင်ထိုင်နေသည်။


 "မင်း အခု အားသွားပြီ... အိမ်ပြန်ပြီး အနားယူလိုက်တော့... ပရိုမိုးရှင်း ဗီဒီယိုကို ရက်နည်းနည်းလောက်ကြာမှ ရိုက်ကူးမှာ... ဖြစ်နိုင်တာ သဘက်ခါလောက်ကျရင် ပြတိုက်ရဲ့ တရားဝင် ဝေ့ပေါ်အကောင့်က ဓါတ်ပုံတွေ တင်လိမ့်မယ်... ပြန်တင်ဖို့ မမေ့နဲ့နော်"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ အနည်းငယ် အေးနေသည်ဟု ခံစားရသဖြင့် ကုတ်အင်္ကျီရှည်ကို တင်းတင်းပတ်ထားလေသည်။ စိတ်ထဲတွင် ရွှယ်ယုံ ပေါ်လာသဖြင့် သူပြောလိုက်သည်။ 


"အစ်ကိုမုန့်... ကျွန်တော် အခု အိမ်မပြန်သေးဘူး... အန်းရန်ဆေးရုံကို ပို့ပေးလို့ရမလား"


မုန့်ယွမ် စိတ်ပူလာလေသည်။ "နေမကောင်း ဖြစ်နေလို့လား"


"မဟုတ်ပါဘူး... ကျွန်တော့် မိတ်ဆွေ တစ်ယောက် ဆေးရုံတက်နေလို့ သူ့ဆီ သွားလည်မလို့"


ကားက လမ်းကြောင်း ပြောင်းသွားပြီး အန်းရန်ဆေးရုံ၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။ ယွီနျန် မျက်နှာဖုံးအကာနှင့် လျှာထိုးဦးထုပ် တပ်၍ ခေါင်းငုံ့ကာ အမြင်ကွယ်ထားလို၇။်ပြီး ဆေးရုံထဲသို့ ဝင်လာခဲ့သည်။ 


စောင့်ကြပ်နေသော ဘော်ဒီဂတ်များက ယွီနျန်ကို တွေ့သောအခါ သူ့ကို မှတ်မိသွားကြသဖြင့် လမ်းဖယ်ပေးလာခဲ့သည်။ 


ယွီနျန် သူ့လက်ကို မြှောက်၍ တံခါးခေါက်လိုက်ပြီး တုံ့ပြန်ချက်ရသောအခါ တံခါးဖွင့်၍ ဝင်သွားလိုက်သည်။


ရွှယ်ယုံက အိပ်ရာပေါ်တွင် ထိုင်နေပြီး စာရွက်စာတမ်းများ ဖတ်နေသည်။ ယွီနျန် ဝင်လာသည်ကို မြင်သောအခါ မျက်လုံးများ ဝင်းလက်သွားသည် ။ 


"မင်း ဒီနေ့ မလာဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား"


ယွီနျန်က ကုတ်အင်္ကျီထူထူကို ချွတ်လိုက်ပြီး ချိတ်ထားလိုက်သည်။ သူ ရွှယ်ယုံကို ပြုံးပြလိုက်လေသည်။


 "ကျွန်တော် အိမ်အပြန်လမ်းမှာ ခင်ဗျားကို တွေးမိလို့ ဒီကို လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာ"


ရွှယ်ယုံ ယွီနျန်ကို ကြည့်ကာ မျက်ခုံးကျုံ့လိုက်မိသည်။ "ဒီကိုလာ"


ဤတစ်ကြိမ်၌ အတူတကွ အချိန်ကုန်ဆုံးကြပြီးနောက် နှစ်ယောက်သားက တစ်ယောက်ချင်းစီ၏ တည်ရှိမှုကို အတော်လေး ရင်းနှီးနေကြလေပြီ... ရွှယ်ယုံ၏ ညွှန်ကြားချက်နောက်ကို လိုက်၍ ယွီနျန် လျှောက်လာခဲ့သည်။


 "ဘာဖြစ်လို့လဲ... ဘယ်နေရာမှာ သက်တောင့်သက်သာ မရှိလို့လဲ"


ရွှယ်ယုံက လက်မြှောက်၍ ယွီနျန်၏ နှဖူးလေးကို ထိလိုက်ရာ အံ့လောက်ဖွယ်ကောင်းစွာပင် ပူကျစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်ခုံးများက ပို၍ပင် ကျုံ့သွားလေသည်။


 "ယွီနျန်... မင်း ဖျားနေပြီ"


နာရီဝက်အကြာ ရွှယ်ယုံ၏ ဘေး၌ အပိုကုတင်လေး ရောက်လာသည်။ ယွီနျန်က ၎င်းပေါ်တွင် လဲလျောင်း၍ သူ့နဖူးသူ ထိထားလိုက်သည်။ 


"ခင်ဗျား သတိမပေးရင် သတိထားမိမှာတောင် မဟုတ်ဘူး... 40 ဒီဂရီလောက်ထိတောင် ဖျားနေပြီ"


ပြောပြီးနောက် ထပ်ပြီး တုန်ယင်သွားပြန်သည်။


ရွှယ်ယုံ၏ စိုးရိမ်နေသောပုံစံကို ကြည့်ကာ ယွီနျန် မြန်မြန် ပြုံးလိုက်သည်။ 


"ကျွန်တော်က ဖျားခဲပါတယ်... ကြည့်ရတာ ဒီနေ့ အအေးမိသွားလို့ ဖြစ်မယ်... ဒါပေမယ့် တစ်ရေးလောက်အိပ်ပြီးရင် မနက်ဖြန် နေပိုကောင်းလာလောက်မှာပါ"


သို့သော်လည်း ယွီနျန်၏ မျှော်လင့်ချက်နှင့် ဆန့်ကျင်စွာပင် နောက်တစ်နေ့ ညနေအထိ ယွီနျန်၏ အပြင်းဖျားက တည်ရှိနေဆဲ ဖြစ်ကာ ကျမသွားခဲ့ပေ။


ယွီနျန် အဖျားကြောင့် ရဲတွတ်နေပြီး အိပ်ရာထက်တွင် အိပ်နေသည်ကို ကြည့်ကာ ရွှယ်ယုံ နှုတ်ခမ်းများ တင်းတင်းစေ့ထားမိသည်။ ယွီနျန်က အိပ်မပျော်တပျော်အချိန်တွင် ရွှယ်ယုံ၏ အကြည့်ကို ခံစားမိသည့်အလား မျက်လုံး တစ်ဝက်ပွင့်လာပြီး ရွှယ်ယုံကို အားတင်း၍ ပြုံးပြလိုက်သည်။


 "စိတ်မပူပါနဲ့... ခဏလောက် အိပ်လိုက်ရင် ပိုကောင်းသွားမှာပါ"


သူ့အသံ တိမ်ဝင်သွားသည်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေသည်။ 


ရွှယ်ယုံမှာ စိုးရိမ်ပူပန်မှုများကို လွှတ်မချနိုင်ဘဲ ကုတင်ဘေးမှ စာကြည့်မီးအိမ်လေးကို ဖွင့်ကာ စာရွက်စာတမ်းများ ဖတ်နေသည်။ ညလယ်ခေါင်တွင် ယွီနျန်မှာ အေးအေးချမ်းချမ်း မအိပ်နိုင်သည့်အလား အကြိမ်များစွာ လူးလှိမ့်လာသည်။ 


"ဘွားဘွား..."


တိတ်ဆိတ်မှုများထဲတွင် ယွီနျန် တီးတိုး ရေရွတ်နေသည်ကို ရွှယ်ယုံ ကြားလိုက်ရသည်။ ယွီနျန်၏ မျက်တောင်လေးများက စိုစွတ်နေကာ အသက်ရှူသံလည်း မြန်နေပြီး ပါးလေးများကလည်း ရဲတွတ်နေခဲ့သည်။ ကြည့်နေစဥ်မှာပင် သူ့လက်က ကုတင်အစွန်းထိ ဆန့်ထွက်လာခဲ့ပြီး လက်ချောင်းများက အနည်းငယ် လှုပ်ရှားနေကာ တစ်စုံတစ်ရာကို ဖမ်းဆုပ်ရန် ကြိုးပမ်းနေသည့်အလားပင်။


ရွှယ်ယုံ စက္ကန့် အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီးနောက် ကုတင်ထက်မှ ထလာခဲ့သည်။ ယွီနျန်၏ လက်ကို စောင်ထဲသို့ ညင်ညင်သာသာ ပြန်ထည့်ပေးလိုက်ပြီး အလွန်အမင်း သတိထားပေးနေခဲ့သည်။ 


သူ့လက်ကို ပြန်ရုပ်ရန် ပြင်လိုက်ချိန်မှာပင် နောက်တစ်စက္ကန့်၌ သူ့လက်ကို ယွီနျန်၏ ပူလောင်နေသည့် လက်က ကိုင်ထားသည်ကို ခံစားလိုက်ရသည်။ 


ရွှယ်ယုံ နေရာမှာပင် ချက်ချင်းအေးခဲသွားပြီး သူ့လက်ကို ပြန်ရုတ်ချင်ပါသော်လည်း တုံ့ဆိုင်းနေမိသည်။ ဤအခိုက်၌ ယွီနျန်၏ နှုတ်ခမ်းပါးတို့မှ ထွက်ပေါ်လာသည့် အဆီအငေါ်မရှိ စကားလုံးတို့ကို ကြားလိုက်ရလေသည်။ "ရွှယ်ယုံ..."


သူ့နှလုံးသား စည်းချက်လွဲသွားပြီး ရွှယ်ယုံ အသက်ရှူသံကို ထိန်းကာ ယွီနျန်၏ လက်ကို ဂရုတစိုက်ဖြင့် တင်းတင်းကျပ်ကျပ် ပြန်ဆုပ်ထားလိုက်သည်။ သူ့မျက်တောင်များက အနည်းငယ် တုန်ယင်နေပြီး နူးနူးညံ့ညံ့ ပြန်ဖြေလိုက်လေသည်။ 


"အင်း... ကိုယ်ရှိတယ်"


ယွီနျန် နိုးလာသောအခါ သူ့ခန္ဓါကိုယ်က အတော်လေး နေရသက်သာသွားပြီး ကြွက်သားများထဲမှ အနည်းငယ် ကိုက်ခဲနေမှုကိုသာ ခံစားနေရသည်။ ချည့်နဲ့နေသော စိတ်ကလေးကလည်း စတင်၍ ရှင်းလင်းလာလေတော့သည်။ 


သူ့ခေါင်းလေးကို လှည့်ကြည့်လိုက်ရာ ယွီနျန်မှာ မျက်တောင်ခပ်ရန်ပင် ယာယီမေ့လျော့သွားခဲ့သည်။ ရွှယ်ယုံက သူ့ကုတင်ဘေးတွင် လဲလျောင်းနေပြီး တည်တည်ငြိမ်ငြိမ် အသက်ရှူနေသည်။ မထိခိုက်ထားသော ဘယ်လက်က ယွီနျန်၏ လက်ကို ခပ်လျော့လျော့ ကိုင်ထားခဲ့လေသည်။ 


မဟုတ်သေးဘူး... သူ့လက်ကမှ ရွှယ်ယုံရဲ့လက်ကို ကိုင်ထားတာလို့ ဖြစ်သင့်တာ...


သူ့နှလုံးသား ရုတ်တရက် နူးညံ့သွားပြီး ရွှယ်ယုံ၏ အားနည်းနေသော အခြေအနေကို တွေးမိသွားခဲ့သည်။ ယွီနျန် စိုးရိမ်သွားပြီး နူးနူးညံ့ညံ့ မေးလိုက်သည်။ 


"ရွှယ်ယုံ"


အခြေမအနေအရ အလိုအလျောက် တုံ့ပြန်လာသည့်အလား ရွှယ်ယုံက မရှင်းမလင်း ပြန်ဖြေခဲ့သည်။ "အင်း... ကိုယ်ရှိတယ်"


ယခင်က အခေါက်ပေါင်းများစွာ ပြန်ဖြေခဲ့ဖူးသလိုပါပင်။


ယွီနျန် ရွှယ်ယုံ၏ ပင်ကိုယ်စရိုက်အရ သူ မိန်းမောနေစဥ် ရွှယ်ယုံ၏ အမည်ကို ခေါ်မိသွားပြီး သူ့လက်ကို အလွတ်မပေးဘဲ ဆွဲထားသည့်အတွက်ကြောင့် ရွှယ်ယုံ သူ့အိပ်ရာဘေးတွင် လာအိပ်ခဲ့ရသည်နှင့်သာ အဆုံးသတ် သွားခဲ့ရသည်ဟု ရုတ်တရက် တွေးမိသွားသည်။ 


တစ်ခဏအကြာ ရွှယ်ယုံ မျက်လုံးပွင့်လာပြီး ယွီနျန်၏ အကြည့်များနှင့် တွေ့ဆုံသွားခဲ့သည်။ သူ့မျက်နှာအမူအယာထဲတွင် သိမ်မွေ့သော တင်းအား အရိပ်အမြွက်တို့ ရှိနေသည်။


 "မင်းနိုးလာပြီလား... ပိုနေလို့ ကောင်းသွားပြီလား"


ထိုအခိုက် နှစ်ယောက်လုံးက သူတို့၏ လက်များမှာ တွဲဆုပ်ထားကြဆဲ ဖြစ်ကြောင်း သတိပြုမိသွားကြပုံပင်။ ချက်ချင်းဆိုသလို လွှတ်မိသွားကြလေသည်။ ယွီနျန်၏ လက်ချောင်းထိပ်များက ရွှယ်ယုံ၏ လက်မဖဝါးကို ရည်ရွယ်ချက် မရှိဘဲ ပွတ်ဆွဲသွားလေသည်။ 


"အင်း... ပိုကောင်းသွားပြီ... အဖျားကျသွားပြီ"


ထို့နောက် ရွှယ်ယုံမှာ စကားပြောနေရင်းဖြင့် သူ့နောက်မှ လက်များကို ဆင်ဆင်ခြင်ခြင်ဖြင့် မြန်မြန် ပြန်ရုတ်သွားသည်ကို သူ သတိထားမိလိုက်သည်။ 


"အဖျားပျောက်သွားရင် ရပြီ"


“ကျွန်တော့်ကို ဒီလောက်အကြာကြီး ဂရုစိုက်ပေးလို့ ကျေးဇူးပါ... ဒါပေမယ့် ခင်ဗျားက အခုထိ ပြန်မကောင်းသေးဘူးလေ... ခင်ဗျား ကုတင်ဆီ ပြန်သွားပြီး ခဏလောက် အနားယူလိုက်မလား"


သူ့လက်ဖဝါးမှ ခပ်ရှိန်းရှိန်း ခံစားချက်တို့က အာရုံကြောများ၏ အစွန်းထိ ရစ်ဝဲနေပြီး သူ့နှလုံးသားထဲသို့ တစ်လက်မချင်းစီ ပြန့်ကားသွားခဲ့သည်။ ရွှယ်ယုံ တစ်ခုခု ပြောလိုက်ပြီး စောင်များအောက်သို့ လဲချရန် ရွေ့လျားလိုက်ပါသော်လည်း သူ့အကြည့်များက ယွီနျန်အပေါ် စွဲမြဲနေဆဲ ဖြစ်ကာ လွှတ်မချနိုင် ဖြစ်နေသည်။ 


"မနက် ခုနစ်နာရီခွဲတောင် ရှိနေပြီ" ယွီနျန် အချိန်ကြည့်လိုက်ရင်း ရွှယ်ယုံကို မော့ကြည့်၍ ပြောလိုက်သည်။ 


"မနေ့ညက ကောင်းကောင်း အိပ်ပျော်ခဲ့ရဲ့လား... ခဏလောက် အိပ်ပြီး အနားယူချင်သေးလား"


ရွှယ်ယုံမှာ မျက်လုံးများကို ပိတ်ရန် တွန့်ဆုတ်နေပုံရသည်။ 


"ကိုယ် မအိပ်ချင်ဘူး"


ရွှယ်ယုံထံမှ မကျေနပ်သည့် အရိပ်အယောင်တစ်ခုကို ခံစားမိလိုက်သည့် ယွီနျန်က ပြုံး၍ ပြောလိုက်သည်။ "ကျွန်တော်ရောပဲ... ဒီနှစ်ရက်အတွင်း အရမ်း အိပ်ငိုက်နေလို့ တစ်ချိန်လုံး အိပ်မိနေတော့တာပဲ... အခု အဖျားလည်း ပျောက်သွားရော... အံ့သြစရာကောင်းအောင် စိတ်တွေ တက်ကြွနေပြန်ရော"


ရွှယ်ယုံ မျက်ခုံးများ စုကျုံ့ထားလေသည်။ "ဘယ်လိုလုပ်ပြီး ဖျားသွားရတာလဲ"


“ကျွန်တော် နျင်းချန် ပြတိုက်ရဲ့ ပရိုမိုးရှင်း ကမ်ပိန်းမှာ သံတမန်နေရာ ယူထားတယ်လေ... ရှူတင်မှာ ကျွန်တော် ဝတ်ခဲ့တဲ့ အဝတ်တွေက ပါးတော့ ရိုက်ကူးရေး လုပ်နေရင်း အအေးမိသွားတာ... အအေးမိပျောက်ဆေးသောက်ပြီး ရေနွေးတွေ အများကြီး သောက်လိုက်ရင် အဖျားမကြီးတော့ဘူးလို့ ထင်နေခဲ့တာလေ... ဒါပေမယ့် ဖျားသွားတာပါပဲ" 


ယွီနျန်က အိပ်ရာထက်မှ ခေါင်းအုံးလေးကို မီလိုက်ပြီး ရှက်ရွံ့နေပုံလည်း ပေါ်သည်။ 


"ကျွန်တော် အစ်ကိုမုန့်ကိုတောင် သေချာပေါက် အအေးမိမှာ မဟုတ်ဘူးလို့ ပြောခဲ့သေးတယ်... ဒါပေမယ့် အဖျား လေးဆယ်ဒီဂရီလောက် တက်သွားမယ်လို့ မထင်ထားခဲ့ဘူး" 


မုန့်ယွမ်အကြောင်း ပြောနေချိန်မှာပင် မုန့်ယွမ် ဖုန်းခေါ်လာခဲ့လေသည်။ ရွှယ်ယုံကို မရှောင်တော့ဘဲ ယွီနျန် ဖုန်းကို တန်းဖြေလိုက်သည်။ 


မုန့်ယွမ်မှာ ယွီနျန်၏ ကျန်းမာရေးအကြောင်း တွေးပူနေလေသည်။ "အဖျားကျသွားပြီလား... နေကောင်းသွားပြီလား"


“ကျသွားပါပြီ" ယွီနျန် နေ့ရက်ကို တွက်ကြည့်လိုက်ပြီး မုန့်ယွမ် ဖုန်းခေါ်လာရသည့်အကြောင်းကို တွေးမိသွားသည်။ 


"ပြတိုက်ရဲ့ တရားဝင် ထုတ်ပြန်ချက်က ဒီနေ့မို့လား"


အဖျား ကျသွားပြီ ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ မုန့်ယွမ် စိတ်သက်သာရာ ရသွားသည်။


 "ကောင်းတယ်... နည်းနည်းလောက် ထပ်အနားယူဦး... မင်းအတွက် အလုပ်အချိန်စာရင်းတွေ ပြန်စီစဥ်ပေးမယ်... မင်းရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပဲလေ... ပြတိုက်ကနေ ဝေ့ပေါ်မှာ ပိုစ့်တင်ပြီးတာနဲ့ တတ်နိူင်သမျှ မြန်မြန် ပိုစ့်တင်ဖို့ သတိရဦး... ဟုတ်ပြီလား"


ယွီနျန် သဘောတူလိုက်သည်။


 "ဒါပေါ့... အစ်ကိုမုန့်... မစိုးရိမ်ပါနဲ့... ကျွန်တော် မှတ်မိပါတယ်"


8နာရီ တိတိအချိန်တွင် နျင်းချန် ပြတိုက်၏ တရားဝင် ဝေ့ပေါ်အကောင့်မှ ပိုစ့်တစ်ခုတင်လိုက်ပြီး ယွီနျန်နှင့် ဟွမ်လီချင်းကို ပထမဆုံး စာကြောင်းမှာပင် မီးမောင်းထိုးပြထားသည်။ မကြာမီ နှစ်ယောက်လုံးက ထုတ်ပြန်ချက်ကို ပြန်တင်လာကြသည်။ 


[ယွီနျန် နျင်းချန်ပြတိုက်ရဲ့ ကိုယ်စားလှယ် ဖြစ်လာတာ ဒါမှမဟုတ် ဆရာမဟွမ်လီချင်းနဲ့ အလုပ်တွဲလုပ်ထားတာ... ဘယ်ဟာကို ပိုပြီး စိတ်လှုပ်ရှားရမလဲ... ဒါ ရွှေအဆင့် ပေါင်းစပ်မှုပဲဟေ့... သူတို့ ဘယ်တုန်းကမှ အဆက်အသွယ် မရှိခဲ့ဖူးဘူးလေ... ငါ အော်နေပါပြီ... ယွီနျန်က အမိုက်ဆုံးပဲ]


[ဒီပုံ... ပေါက်ကွဲထွက်တော့မယ်ဟေ့... ရိုက်ချက်တိုင်းက ဖုန်းမျက်နှာပြင်ပုံ ဖြစ်သင့်နေပြီ... ပေါင်းစပ်မှုနဲ့ အရောင်အတွဲအစပ်က ရှိန်လောက်တယ်... ယွီနျန်ရဲ့ အရှိန်အဝါနဲ့ နျင်းချန် မြို့တော်ပြတိုက်ရဲ့ ရှေးဆန်ပြီး ကြီးကျယ်လှပတဲ့ ဆွဲဆောင်မှုတွေကို ပြီးပြည့်စုံအောင် တွဲဖက်ထားတာ] 


[ဆရာမ ဟွမ်လီချင်းရဲ့ အရည်အချင်းတွေက အရမ်း မိုက်လွန်းတယ်... သူက နျင်းချန်မြို့တော် ပြတိုက်ရဲ့ ရှေးကျပြီး လေးနက်တဲ့ ဓလေ့စရိုက်ရဲ့ အနှစ်သာရကို တစ်ချက်မှ မလွဲဘဲ ဖော်ပြပေးသွားခဲ့တာ... ဆရာမဟွမ်ရဲ့ နောက်ထပ်အလုပ်တွေကို စောင့်မျှော်နေပြီ]


[ပုံတွေက တကယ် အထင်ကြီးလောက်စရာပဲ... ဒါပေမယ့် ငါမေးချင်တာလေး ရှိတယ်... နျင်းချန် ပြတိုက်ရဲ့ ပရိုမိုးရှင်းဓါတ်ပုံတွေကို ကျိချောင်သယ်က ရိုက်မယ်လို့ ပြောတာ မဟုတ်ဘူးလား... ကျိချောင်သယ်မှာ အချိန် အခက်အခဲတွေ ရှိနေလို့များလား... ဒါကြောင့်မို့ သူ့နေရာကို ဟွမ်လီချင်းနဲ့ အစားထိုးလိုက်တာလား] 


နေ့လည်ပိုင်းတွင် #နျင်းချန်ပြတိုက်အတွက်ယွီနျန်# နှင့် #ဟွမ်လီချင်း# တို့က ရေပန်းစားအကြောင်းအရာများ၏ ထိပ်ဆုံးနေရာများသို့ ခပ်မြန်မြန် ခုန်တက်သွားလေပြီး နျင်းချန် ပြတိုက်အတွက် ယွီနျန် ရိုက်ထားသော ဓါတ်ပုံများနှင့်အတူ ဟုမ်းပေချ့်များ တလျှောက် သိမ်းယူသွားလေသည်။ 


တစ်ဖက်တွင် နျင်းချန် ပြတိုက်၏ တရားဝင်အကောင့်မှ ဓါတ်ပုံများနှင့် ယွီနျန်နှင့် ဟွမ်လီချင်းကို ချီးကျူးထားကြသည့် ကွန်မန့်များကို တွေ့လိုက်ရသောအခါ ကျိချောင်သယ်မှာ မဲမှောင်နေသော မျက်နှာဖြင့် tabletကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ 


ဤကဲ့သို့သော ချီးကျူးမှုများကို ရရှိသင့်သူမှာ သူသာလျှင် ဖြစ်ပြီး ဟွမ်လီချင်းနှင့် ယွီနျန်တို့ မဟုတ်ပေ။ 


ရှူတင်နေရာသို့ ပြတိုက်ဒါရိုက်တာ ကန်ကျိုး ကိုယ်တိုင် ရောက်ချလာသည့် အဖြစ်အပျက်ကို ပြန်တွေးမိသွားသည်။ ကန်ကျိုးက ယွီနျန်ကို ပရော်ဖက်ရှင်နယ် မဆန်မှုဖြင့် ဆူပူကြိမ်းမောင်းလိမ့်မည်ဟု သူတွေးထားခဲ့သော်လည်း သူ အံ့အားသင့်ရသည်က ကန်ကျိုးက ယွီနျန်ကို နှိမ့်ချပြီး မျက်နှာလုပ်လိုသော ပုံစံဖြင့် စကားပြောဆိုနေသည်ကို သူမျက်မြင် တွေ့ခဲ့ရသည်။ နောက်တွင် ကန်ကျိုးက သူ့နေရာကို ဟွမ်လီချင်းနှင့် အစားထိုးခဲ့လေသည်။


ချွတ် ဟူသော အသံဖြင့် ကျိချောင်သယ်၏

ခဲတံ ထိပ်ဖျားက လက်ထဲမှာပင် ကျိုးသွားခဲ့သည်။


ထိုအခိုက်တွင် ယွီနျန်မှာ ကားနောက်ခန်းတွင် ထိုင်နေပြီး ဖျော်ရည် တစ်ငုံသောက်ရင်းဖြင့် မုန့်ယွမ်၏ စကားကို လေးလေးနက်နက် နားထောင်နေခဲ့သည်။