အပိုင်း ၇၁
Viewers 16k

Chapter 71

 အင်း... ကိုယ်ရှိတယ်




အဝတ်လဲပြီးနောက် ယွီနျန်က ကြော်ထားသော ကြက်ဥများကို ဆယ်ကာ ကြွပ်ဆတ်နေသည့် ဝက်ပေါင်ခြောက်များနှင့် တွဲလိုက်ပြီး အသီးဖျော်ရည်နှင့်အတူ မနက်စာ ပြုလုပ်လေတော့သည်။ 


ထုတ်လုပ်ရေးအဖွဲ့က ရိုက်ချက်ကောင်းများစွာကို ရိုက်ထားပြီး မေးလိုက်သည်။ "ယွီနျန်... ဝက်ပေါင်ခြောက်ကြော်တာ အရမ်း ကျွမ်းတာပဲနော်... အားတဲ့အချိန်တွေမှာ ကိုယ့်ဘာသာ ချက်စားလေ့ရှိလား"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်ပြီး ပြုံးကာ ဆိုလိုက်သည်၊ "ဟုတ်... ချက်လေ့ရှိတယ်... ကောလိပ်မှာကတည်းက အချက်အပြုတ်သင်ထားတာလေ... အနာဂါတ်မှာ ကျွန်တော် သဘောကျရတဲ့သူကို ချက်ကျွေးနိုင်ဖို့ မျှော်လင့်မိတယ်"


မနက်စာကို အပြီးသတ်ကာ ပန်းကန်များ ရှင်းလင်းပြီးနောက် ယွီနျန် လက်ဆေး၍ ထိုင်ခုံ နောက်ပါးတွင် ရပ်လိုက်သည်။ သူ ဆန်စက္ကူကို ဖြန့်လိုက်ပြီး တည်ငြိမ်သော လက်ဖြင့် စုတ်တံကိုင်၍ စတင်ရေးသားလေတော့သည်။ စာမျက်နှာ တစ်မျက်နှာ ပြီးသောအခါ စုတ်တံ ပြန်ချလိုက်ပြီး ရိုက်ကူးရေးအဖွဲ့၏ မေးခွန်းများကို ပြန်ဖြေလိုက်သည်။ 


“ကျွန်တော် ငယ်ငယ်ကတည်းက လက်ရေးလှကျင့်တဲ့ အလေ့အထ ရှိခဲ့တယ်... မူလတန်းမတက်ခင်ကတည်းက ဖြစ်လောက်တယ်... ဒါပေမယ့် အဲ့ဒီအချိန်တုန်းက စာရေးခုံရောက်ဖို့ မမီသေးတော့ ခွေးခြေခုံလေးပေါ် ရပ်ပြီး ရေးခဲ့ရတာလေ" သူ့အရပ်ကြောင်း ပြောနေရင်းဖြင့် ယွီနျန် တစ်စုံတစ်ခုကို အမှတ်ရမိသွားသည်။ "စကားမစပ် ကျွန်တော် အခုတလော အရပ် ရှည်လာသလားလို့" 


ရိုက်ကူးရေးအဖွဲ့ထဲမှ တစ်ယောက်က ပြောလိုက်သည်။ "တရားဝင် ထုတ်ပြန်ချက်အရဆို မင်းရဲ့အရပ်က 1.79 မီတာ မလား"


ယွီနျန် အနည်းငယ် ရှက်ရွံ့သွားပြီး ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်... ဒါပေမယ့် ကျွန်တော့်ရဲ့ တကယ့်အရပ်က 1.79မီတာ မဟုတ်ဘူး... 1.795 မီတာလေ... အခုတလော ကျွန်တော် 0.5စင်တီ ပိုရှည်လာတယ်လေ"


ယွီနျန်၏ အလေးအနက် အမူအယာကို တွေ့လိုက်ကြသောအခါ ရိုက်ကူးရေးအဖွဲ့သားများက ရယ်သံများ စည်ဝေလာလေတော့သည်။ 


ယွီနျန်က အရပ်တိုင်းသည့် ကိရိယာတစ်ခုကို ရှာ၍ အရပ်တိုင်းရင်း မေးလိုက်သည်။ "ဒီကာလအတွင်း အရပ်နည်းနည်း ပိုရှည်လာတယ်လို့ ခံစားနေရတယ်... ထင်ယောင်ထင်မှား ဖြစ်နေတာလားလို့ သိချင်နေတာ... 1.8မီတာလောက် ကျော်များ သွားမလားလို့လေ"


"အခု တကယ်ကြီး 1.8မီတာ ရောက်သွားပြီ... နှစ်မီလီမီတာတောင် ပိုနေသေးတယ်" 


ရိုက်ကူးရေးအဖွဲ့သားထဲမှ တစ်ယောက်က ပြုံး၍ ပြောလိုက်သည်၊ 


"မင်းက အရေးကြီးတဲ့ မှတ်ကျောက်တစ်ခုကို ရရှိခဲ့တာပဲ"


ယွီနျန်က ဝမ်းသာအားရဖြင့် အံ့သြတကြီး ပြောလိုက်သည်။ "ကျွန်တော် တကယ်ကြီး အရပ်ရှည်လာတာလား"


“ဟုတ်တယ်... အခု တရားဝင်အချက်အလက်တွေကို အသစ်ပြန်တင်လို့ ရပြီ"


ရိုက်ကူးရေးအဖွဲ့သားများက တိုင်းတာရေးကိရိယာကို ပြန်ပိတ်လိုက်ပြီး ယွီနျန်နှင့် ဆွေးနွေးလိုက်သည်၊ "မနက်စာ စားတဲ့အပိုင်းအပြင် မင်းရဲ့ ဖန်တီးတဲ့ လုပ်ငန်းစဥ်အကြောင်း အပိုင်းလေး တချို့ ရိုက်ချင်သေးတယ်... ငါတို့ ဒါကို ဖော်ထုတ်တဲ့ ပထမဆုံးအကြိမ် ဖြစ်လာမှာ... မင်းအတွက် အဆင်ပြေလောက်လား"


ယွီနျန်ကလည်း စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းဆောင်ရွက်လိုက်ည်။ "ရပါတယ်... ပြဿနာ မရှိပါဘူး"


အဖွဲ့သားများက ယွီနျန် သီချင်းရေးသည့် အခန်းထဲသို့ ဝင်သွားခဲ့ကြသည်။ အထဲတွင် ပစ္စည်းများစွာ ရှိနေပြီး ရိုက်ကူးရေးအဖွဲ့သားများက မတိုက်မိအောင် ဂရုတစိုက် ရှောင်ရှားလိုက်ကြသည်။ 


ယွီနျန်က အလုပ်လုပ်သည့် နေရာတွင် ထိုင်လိုက်ပြီး ပစ္စည်းကိရိယာများကို ဖွင့်ကာ ကင်မရာ သူ့ထံသို့ ချိန်ရွယ်လာသည်နှင့် ပြုံးပြ၍ ပြောလိုက်သည်။


 "ဒီမနက်မှာ အပြင်ထွက်ရတဲ့ အလုပ်မရှိလို့ အိမ်မှာပဲ သီချင်းရေးနေတာပါ... ကျွန်တော် အလုပ်တွေ နည်းနည်းပုံနေတယ်လေ... လတ်တလောမှာ ဒါရိုက်တာ ချိုးရဲ့ ဇာတ်ကားသစ် 'အတိတ်သို့ ပြန်သွားခြင်း' အတွက် ပရိုမိုးရှင်း သီချင်းရေးဖို့ အလုပ်ရှုပ်နေတာ... ပြောရဦးမယ်... ဒီအခွင့်အရေးက မင်ရှီဆီက ရောက်လာခဲ့တာလေ"


နောက်ထပ် အနုပညာရှင်တစ်ယောက်၏ နာမည် ပြောလိုက်သည်ကို ကြားသောအခါ ရိုက်ကူးရေးအဖွဲ့သားများက မြန်မြန် မေးလာခဲ့ကြသည်။ 


"ရှားမင်ရှီလား"


ယွီနျန် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ပါတယ်... သူပါပဲ... သူရိုက်ကူးရေး လုပ်ပြီး ပြန်လာရင် သူ့ကို ထမင်းတစ်နပ် ကျွေးရဦးမှာ" 


ယွီနျန်က ရိုက်ကူးရေးအဖွဲ့က သီချင်းရေးသည့်အကြောင်း များများ ပြောရန် ပြောခဲ့ဖူးသည်ကို အမှတ်ရသွားသဖြင့် ရှုပ်ပွနေသော လက်ရေးစာရွက်များကို ကောက်ယူ၍ ကင်မရာကို ဝေ့ယမ်းပြလိုက်သည်။ "သီချင်းရေးတဲ့အခါ အတွေးအမြင်သစ်လေးတွေ ပေါ်လာရင် စာသားတွေကို ဆယ်မိနစ်ထဲနဲ့ အပြီးရေးနိုင်ပြီး တေးသွားကိုလည်း တစ်နာရီ နှစ်နာရီနဲ့ အပြီးသတ်နိုင်တယ်... ဒါပေမယ့် ကျွန်တော် နှေးသွားရင် တစ်နေ့လုံး ခုံမှာ ထိုင်နေတောင် တစ်လုံးမှ ထွက်မလာဘူး"


သူက လက်ရေးစာမူကို နေရာတွင် ပြန်ထားလိုက်ပြီး ဆက်ပြောလေသည်။ 


"ဒီတစ်ကြိမ်တော့... ဒါရိုက်တာချိုးရဲ့ ဇာတ်ညွှန်းကို သုံးကြိမ် ဖတ်ပြီးသွားပြီ... အတွေးအမြင်သစ်လေးတွေလည်း ရှာတွေ့ထားတယ်... ဒါကြောင့် နည်းနည်း ချောမွေ့နေတယ်... ကျွန်တော် တေးသွား ဖန်တီးပြီးသွားပြီဆိုတော့ ဒီနေ့ စာသားတွေ ထည့်တော့မှာပါ"


၎င်းက ယွီနျန် ပထမဆုံးအကြိမ်အဖြစ် သီချင်းရေးသည့် လုပ်ငန်းစဥ်ကို ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့ကလည်း ၎င်းကို ကျော်မသွားနိုင်သဖြင့် မေးလိုက်သည်။ "အရင်တုန်းက မင်းရေးခဲ့တဲ့ သီချင်းတွေလည်း အတူတူပဲလား"


“အတူတူလောက်ပါပဲ... ကျွန်တော် 'ဆုံးရှုံးစရာမရှိ'ကို ရေးတဲ့အချိန်တုန်းက နောက်ဆုံး စာမေးပွဲကို ပြင်ဆင်နေတာလေ... ကျွန်တော့်ရှေ့မှာ ထူထဲလွန်းတဲ့ ကိုးကားစာအုပ်တွေ၊ ဘေးမှာ လက်ရေးစာမူတွေ ရှိနေတာလေ... စာမေးပွဲအတွက် အကြောင်းအရာတွေကို တစ်ခဏလောက် ပြင်ဆင်နေရင်းနဲ့ ရုတ်တရက် စိတ်ကူးတစ်ခု ရလာလို့ ဘောပင်တစ်ချောင်း ဆွဲယူပြီး ရေးချလိုက်တာပဲ... အဲ့သီချင်းက ချောချောမွေ့မွေ့နဲ့ ထွက်လာခဲ့တာပါ"


ရိုက်ကူးရေးအဖွဲ့က မေးလိုက်သည်။ " 'ဆုံးရှုံးစရာမရှိ' ထွက်တုန်းက သီချင်းဇယားတွေမှာ လအတော်ကြာ ရှိနေခဲ့တာနော်... ပြီးတော့ နှစ်စဥ်ရွှေသီချင်းဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သေးတယ်... မင်းအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိခဲ့လဲ"


ယွီနျန်က ပီယာနို ခလုတ်များပေါ်တွင် လက်တင်လိုက်ပြီး အတိတ်ကို ပြန်သတိရသွားသည့်အလား ပြုံးလိုက်သည်။ 


"ကျွန်တော့်အပေါ် အကြီးမားဆုံး သက်ရောက်မှုကတော့ ကျွန်တော့်အစ်မ အရမ်းပျော်သွားလို့ ကျွန်တော့်ကို စာအိတ်နီအကြီးကြီးပေးခဲ့တယ်လေ... 66666ယွမ် ဖြစ်မယ်ထင်တယ်... ကျွန်တော့်မှာ နေ့ချင်းညချင်း ကြီးပွားသွားသလိုပဲ"


လိုအပ်သော ရိုက်ချက်အချို့ ရိုက်ကူးပြီးနောက် ရိုက်ကူးရေးအဖွဲ့က ပြန်သွားပြီး ရိယောင် မိုဘိုင်း၏ ဘရန်းအခမ်းအနားတွင် ယွီနျန် ပါဝင်သည့်အချိန်၌ ရိုက်ကူးရေးလုပ်မည်ဟု စီစဥ်ထားခဲ့ကြသည်။ သူတို့၏ ပစ္စည်းများ သိမ်းဆည်းပြီး ပြန်သွားသည့်အခါ ယွီနျန် သူတို့ကို တံခါးဝထိ လိုက်ပို့ပေးခဲ့သည်။


ယွီနျန် အချိန်ကြည့်လိုက်ပြီးနောက် ရေတစ်ခွက် သောက်လိုက်ပြီး ပစ္စည်းများ သိမ်း၍ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ရှစ်ရော့က ရောက်နှင့်နေလေပြီ။


သူ နောက်ခန်းတွင် ဝင်ထိုင်လိုက်သောအခါ ရှစ်ရော့က အချိန်စာရင်းကို လှန်လှောကြည့်လိုက်သည်။ 


"အစ်ကိုမုန့်က ပြတိုက်ကို အရင် သွားမယ်တဲ့... လမ်းမပိတ်ရင် အစ်မတို့ ဆယ်မိနစ်စောပြီး ရောက်လောက်တယ်"


နျင်းချန် ပြတိုက်သို့ သူတို့ ရောက်လာကြသောအခါ 11 နာရီပင် ကျော်နေလေပြီ။ ရိုက်ကွင်း၏ အဓိက ဓါတ်ပုံဆရာနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် ယွီနျန် ယာယီအဝတ်လဲခန်းအတွင်းသို့ ဝင်သွားလိုက်သည်။


မုန့်ယွမ်မှာ အထဲ၌ စောင့်နေပြီးသားပင်။ ယွီနျန် ဝင်လာသည်ကို မြင်သောအခါ အနီးတွင် မည်သူမှ မရှိသဖြင့် တိုးတိုးပြောလာခဲ့သည်၊ 


"မင်းသတိထားမိလား... ဒီဓါတ်ပုံဆရာက စိတ်တိုလွယ်တတ်တယ်ကွ"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်... ကျွန်တော် သတိထားမိတယ်... ကြည့်ရတာ ကျွန်တော်နဲ့ တွဲလုပ်ရမှာကို သိပ်သဘောကျပုံ မပေါ်ဘူး"


“ဖြစ်နိုင်တယ်... ဆရာကျတဲ့ ဓါတ်ပုံတွေရိုက်တဲ့ အဲ့ဒီ ကျိချောင်သယ်က သူ့ကိုယ်သူ အမြင့်တအား ကြည့်တာကွ... တစ်ခါက သူပြောခဲ့ဖူးသေးတယ်... သူက ဖျော်ဖြေရေးလောကထဲက ပညာမတတ် ပါရမီမရှိတဲ့ နာမည်ကျော်တွေကို တအားအထင်သေးတာတဲ့"


မုန့်ယွမ်မှာ ယွီနျန် မပျော်မရွှင် ဖြစ်သွားမည်ကို စိတ်ပူနေသဖြင့် ထပ်ပေါင်း ပြောလိုက်သည်။ 


"ဒါပေမယ့် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုကတော့ အတော်လေးကောင်းတယ်ကွ... ဘာပဲ ဖြစ်ဖြစ် ငါတို့က ဓါတ်ပုံ လာရိုက်တာပဲ... ပြီးရင် ပြန်ရုံပေါ့"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း... အစ်ကိုမုန့်... မစိုးရိမ်ပါနဲ့... သူအမှားရှာဖို့ အခွင့်အရေးမရှိအောင် ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ"


သို့သော်လည်း ဓါတ်ပုံဆရာ၏ မလိုမုန်းထားမှုက သူတို့ ထင်ထားသည်ထက်ပင် ပို၍ နက်ရှိုင်းသေးသည်။ မတ်လ၌ အေးနေဆဲ ဖြစ်ပြီး ရာသီဥတုကလည်း 2နှင့် 3 ဒီဂရီ ဆဲစီးယပ်ပတ်ဝန်းကျင်၌သာ ရှိနေသည်။ ယွီနျန်က အဝတ်ပါးပါးများသာ ဝတ်ဆင်ထားပြီး ပြင်ပ ရိုက်ကွင်းမှ ကျောက်တုံးခြေနင်းများပေါ် ရပ်ကာ လေဒဏ်ကို အံတုနေရသည်။ သူတို့က နှစ်နာရီ ဆက်တိုက် ရိုက်ကူးခဲ့ရပြီး အေးခဲထုံကျင်နေသဖြင့် မည်သည်ကိုပင် မခံစားနိုင်တော့ပေ။ 


ယွီနျန်က ရှစ်ရော့ ကမ်းပေးသည့် အနွေးဘူးကို ယူကာ ရေနွေး တစ်ငုံသောက်လိုက်သည်။


အအေးဒဏ်ကြောင့် ယွီနျန် တုန်ယင်နေသည်ကို ကြည့်၍ ရှစ်ရော့ မျက်ရည်ကျလုမတတ် ဖြစ်သွားသည်။


 "ဓါတ်ပုံဆရာက ဘာဖြစ်နေတာလဲ... အစ်မလည်း နောက်ကနေ ရိုက်ချက်တွေ ကြည့်နေရတာပဲ... ရလဒ်ကလည်း အရမ်းကောင်းတာပဲကို .. ဘာလို့ မင်းရဲ့ အပြုံးက ချဲ့ကားနေတာတွေ... လုံလုံလောက်လောက် မထိန်းထားနိုင်သေးတာတွေ... ပြီးတော့ မင်းရဲ့ ကိုယ်နေဟန်ထားတွေက တောင့်တင်းပြီး သဘာဝမကျဘူးတွေရော... လိုက်ပြောနေတော့တာပဲ...


ပြီးတော့ အဝတ်က ချောင်နေတာတွေ ခြေထားတဲ့ဟန်က မသင့်တော်တာတွေ အဲ့ဒီအကြောင်းပြချက်တွေက ဘာတွေလဲ... ဘယ်လိုလူမှန်းကို မသိဘူး"


ယွီနျန်က အနွေးဘူး၏ အဖုံးကို ပြန်ပိတ်လိုက်ပြီး ရှစ်ရော့ထံ ပြန်ကမ်းပေးလိုက်သည်။ သူ့မျက်နှာက အေးစက်တောင့်တင်းနေပြီး များများ မပြုံးနိုင်တော့ပေ။ "အဆင်ပြေပါတယ်... ကျွန်တော် နည်းနည်းလောက် ခံနိုင်ပါသေးတယ်" 


အကျောအချဥ်များ ဆန့်လိုက်ရင်း ယွီနျန် ကင်မရာရှေ့၌ ထပ်ပြီး ရပ်လိုက်သည်။ သို့သော်လည်း မိနစ်အနည်းငယ်အကြာတွင် ကျိချောင်သယ်က နှာမှုတ်လိုက်လေသည်။ 


"မင်းက အခကြေးငွေတွေ အများကြီး ရထားတာကို ပရော်ဖက်ရှင်နယ်ဆန်သင့်တာပေါ့... မင်းကို ဒီနေရာ ခေါ်လာတာ ငွေမြန်မြန်ရှာဖို့တင် မဟုတ်ဘူးကွ... အိုး ငါမေ့သွားတာပဲ... မင်းတို့လိုလူတွေက..." 


ယွီနျန် လှည့်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းများကို တွန့်ကွေးကာ ကျောက်တုံးလှေကားများထက်၌ ရပ်နေရင်း ကျိချောင်သယ်ကို အပေါ်စီးမှ ငုံ့ကြည့်လိုက်ပြီး မေးကို အနည်းငယ် မော့ထားလိုက်သည်။


 "ခင်ဗျားကတော့ သိမှာမဟုတ်ဘူး... ဒါပေမယ့် ဒီတစ်ကြိမ်မှာ ကျွန်တော် ငွေတစ်ပြားမှ လက်ခံခဲ့တာ မဟုတ်ဘူး... သွားလာရေးစရိတ်တွေကအစ ကိုယ့်ဘာသာ သုံးထားတာ... ပြီးတော့ ကုန်ကျစရိတ်တွေကိုပါ ကာမိအောင်နော်"


“မင်း ဘာမှ မရဘူးဆိုတာနဲ့ အလုပ်ကောင်းကောင်း မလုပ်တော့ဘူးလား... မင်းလို လူမျိုးတွေ အရင်က ငါတွေ့ဖူးထားပြီး..."


“တွေ့ဖူးပြီးသား ဖြစ်မှာပေါ့ ကျွန်တာ့်လို ငွေမြန်မြန် ရှာဖို့ကိုပဲ အရေးပေးထားပြီး ဖန်တွေဆီက မြှောက်ပင့်ခံလိုက်ရတာနဲ့ ကိုယ့်ရဲ့ အစစ်အမှန် လုပ်နိုင်စွမ်းတွေကို မေ့သွားတာ... ကိုယ့်နေရာကိုယ် မသိဘဲ ပရော်ဖက်ရှင်နယ် အဆင့်အတန်းတွေ မရှိတဲ့ အဲ့ဒီ ကျော်ကြားနေတဲ့ နာမည်ကြီး ကြယ်ပွင့် မျိုးဆက်သစ်လေးတွေလိုလား" 


ယွီနျန်က စကားလုံးများကို အသက်တစ်ရှိုက်အတွင်း အဆုံးသတ်လိုက်ပြီး အပြုံးကို ဖိနှိပ်ထားလိုက်သည်။ စူးရှနေသော မျက်နှာ အေးစက်နေသော အကြည့်တို့ဖြင့် စကားတစ်လုံးချင်းစီကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။ 


"ဓါတ်ပုံဆရာကျိ... ကျွန်တော့်မှာ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်တွေ ရှိတယ်... ဒါကြောင့်ပဲ ကျွန်တော် ဒီနေရာမှာ ရပ်နေပြီး ခင်ဗျား ပညာပြနေတာကို နှစ်နာရီကျော်အထိ ခွင့်ပြုပေးထားပြီးတော့ မကျေနပ်ချက်တစ်ခုမှ မပြောဘဲ ပူးပေါင်းဆောင်ရွက်ပေးနေတာ... ပြီးတော့ ခင်ဗျားမှာလည်း ပရော်ဖက်ရှင်နယ် ကျင့်ဝတ်တွေ ရှိဖို့ မျှော်လင့်ထားခဲ့သေးတယ်... နည်းနည်းလေးပဲ ဖြစ်နေရင်တောင်မှလေ" 


“မင်း..." 


ကျိချောင်သယ်မှာ ဖမ်းမိသွားသဖြင့် မျက်လုံးများထဲ၌ ရှက်ရွံ့မှုနှင့် စိတ်ပျက်မှုတို့ ပြည့်နေလေသည်။ သူ ဘာကိုမှ မပြောနိုင်ခင်မှာပင် ယွီနျန် သူ့လက်ထောက်အား လက်ယပ်ခေါ်လိုက်သည်ကို ကြားလိုက်ရသည်။ 


ယွီနျန် ရှစ်ရော့ထံမှ ဖုန်းလှမ်းယူလိုက်ပြီးနောက် ကျိချောင်ဝမ်၏ ရှေ့တည့်တည့်မှာပင် ဒါရိုက်တာကန်၏ ဖုန်းနံပါတ်ကို ဆက်လိုက်သည်။


"ဒါရိုက်တာကန်... ကျွန်တော် ဓါတ်ပုံရိုက်ကွင်းကို ဆက်လုပ်နိုင်တော့မယ် မထင်ဘူး" 


ဒါရိုက်တာကန်က မြန်မြန် ရောက်ချလာပြီး အခြေအနေတစ်ခုလုံးကိုလည်း သိထားပြီးသားပင် ဖြစ်ရမည်။ သူ ကျိချောင်သယ်ကို ဖြတ်လာခဲ့ပြီး ယွီနျန်ကို တောင်းပန်လိုက်သည်၊


 "ငါတောင်းပန်ပါတယ်... ရှောင်ယွီ"... ဂျက်ကက်အင်္ကျီရှည်ဖြင့် ထွေးပတ်ထားသော ယွီနျန်က အေးခဲနေသော လက်များကို ပွတ်တိုက်နေခဲ့ပြီး အားတင်း၍ ပြုံးပြလိုက်သည်။


"အဲ့လောက်ကြီး မဟုတ်ပါဘူး... ကျွန်တော် အအေးဒဏ်ကို တစ်ကယ် မခံနိုင်တော့လို့... ဒါရိုက်တာကန်ကို အရှက်မရှိ နှောက်ယှက်မိသလို ဖြစ်သွားရင်တောင် ဖုန်းခေါ်မှ ဖြစ်တော့မှာမို့လို့ပါ... ကျွန်တော် ပြဿနာ ရှာနေတယ်လို့ မတွေးဖို့ မျှော်လင့်ရတာပါပဲ" 


သူ့မျက်နှာလေးက ဖြူဖျော့နေပြီး အသံတို့ကလည်း တုန်ယင်နေသည်ကို တွေ့နေရပြီး ဂျက်ကက်အင်္ကျီအောက်၌ အင်္ကျီပါးပါး နှစ်လွှာသာ ရှိနေသည်ကို နားလည်သွားသောအခါ ဒါရိုက်တာကန်က ခပ်မြန်မြန် ဝင်ပြောလိုက်သည်။


 "ငါကပဲ မင်းကို ခေါ်ခဲ့တာပါကွာ... အဲ့ဒီအစား မင်း ဒုက္ခများအောင် လုပ်လိုက်မိပြီ... မင်းသာ နေမကောင်းဖြစ်သွားရင် တကယ် ငါ့အမှား ဖြစ်သွားပြီ"


ယွီနျန်က အကြည့်များကို အောက်ပို့လိုက်ပြီး လှေကားအဆင့်လေးများကြားကို စိုက်ကြည့်နေပြီး တိတ်ဆိတ်လျက် နေမြဲ။


ဒါရိုက်တာကန်က ဆက်ပြောသည်။ "ဓါတ်ပုံဆရာ ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်... မင်းရော ဘယ်လိုထင်လဲ" 


ထိုမှသာ ယွီနျန် မျက်လုံးပြန်ပင့်၍ ပြောလိုက်လေသည်။ "ဒီနေ့ အချိန်စာရင်းကို ကြန့်ကြာသွားစေမှာလား"


“မဟုတ်ပါဘူး... အစကတည်းက တခြားဓါတ်ပုံဆရာတွေ ရှိပြီးသားပါ... နည်းနည်းလောက် စောင့်လိုက်ရုံပဲ"


ယွီနျန်၏ မျက်လုံးထောင့်စွန်းတွင် အပြုံးရေးရေး ပေါ်လာခဲ့သည်။ 


"အဆင်ပြေပါတယ်... ကျွန်တော် စောင့်နိုင်တယ်... ဒီနှစ်ရက်ထဲ အလုပ်တွေကို တမင်ရှင်းထားပြီးသားပါ"


ထိုစကားကို ကြားသောအခါ ဒါရိုက်တာကန်မှာ ပို၍ပင် အပြစ်ရှိစိတ် ဝင်သွားရလေတော့သည်။ "အာ... ငါ့အပြစ်တွေပါကွာ... မစ္စတာရှုနျင်းသာ ဒီမှာ ရှိနေရင် မင်းကို သေချာပေါက် အလေးထားနေမှာပဲ"


“သူ မလုပ်လောက်ပါဘူး... ဘိုးဘိုးက ဒီလိုပဲ ပြောလောက်တယ်... မင်းက ဒီလောက် ငယ်နေသေးတာကို အအေးကို ကြောက်နေတာလား... မင်းအဘွားဆီသွားပြီး အာဟာရရှိတဲ့ စွပ်ပြုတ် လုပ်ခိုင်းလိုက်" ယွီနျန် နှာခေါင်းကိုပင့်လိုက်ပြီး ပွစိပွစိ ပြောလိုက်သည်။ "ဒါပေမယ့် အာဟာရစွပ်ပြုတ်ကလည်း တကယ် အရသာဆိုးတာ"


ကန်ကျိုးမှာ တဟားဟား ရယ်မောလေတော့သည်။ 


ယွီနျန်က အထဲတွင် တစ်ခဏမျှ အနားယူနေပြီး ဂျက်ကက်အင်္ကျီရှည်ကို တင်းတင်းပွေ့ကာ ရေနွေး ပုလင်းကို ပိုက်ထားရင်းဖြင့် အနည်းငယ် နွေးထွေးလာသလို ခံစားလိုက်ရသည်။


သူအအေးမိမည်ကို စိုးရိမ်နေသည့် မုန့်ယွမ်ကလည်း အအေးမိပျောက်ဆေးများ ယူလာပေးကာ သူသောက်နေသည်ကို ကြည့်နေသည်။ သူ သက်ပြင်းချလိုက်မိသည်။


 "မင်း ခုနက ကောင်းကောင်း လုပ်ခဲ့တယ်... ကျိချောင်သယ်ကို ဒီလိုမျိုး ရင်ဆိုင်ခဲ့တာလေ... သူ့အမူအယာက လုံးဝ ကျေနပ်အားရချက်ပဲ... ကံကောင်းလို့ ဒါရိုက်တာကန်က ကျိုးကြောင်းညီတဲ့သူ ဖြစ်နေလို့ပေါ့... မဟုတ်ရင် ဒီဓါတ်ပုံတွေ ရိုက်ထားရတာ အလကား ဖြစ်သွား

တော့မယ်" 


ယွီနျန်က ရေနွေးဘူးလေးကို ကိုင်ထားရင်း ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်တယ်... နောက်ပိုင်း ရိုက်ကူးရေးကို ချောချောမွေ့မွေ့ ပြီးသွားဖို့ မျှော်လင့်ရတာပဲ"