Chapter 70
သူ မင်းကို ဘယ်လို ကျွေးတာလဲ
ဖုန်းထဲမှ တဆင့် ထွက်ပေါ်လာသော ဒါရိုက်တာကန်၏ အသံက ပျော်ရွှင်နေပုံရသည်။
"ရှောင်ယွီ... ပျော်ရွှင်စရာ နှစ်သစ်ပါ... ဒီတစ်ခေါက် မင်းကို ဖုန်းခေါ်လာတာ မင်းရဲ့ အမြင်ကို မေးစရာ ရှိလို့လေ"
ယွီနျန် ပြုံး၍ ပြန်ဖြေလိုက်သည်။ "ကျေးဇူးပြုပြီး ဆက်ပြောပေးပါ"
“အင်း... ကိစ္စတစ်ခု ရှိလို့လေ... ငါတို့ရဲ့ ပြတိုက်က ယဥ်ကျေးမှူအမွေအနှစ်များ ဗျူရိုနဲ့ အတူတွဲပြီးတော့ ပြတိုက်ရဲ့ စုဆောင်းမှုတွေကို ခင်းကျင်းပြသဖို့ ပရိုမိုးရှင်းလလေး စီစဥ်ချင်နေတယ်... မင်းလည်း သိပါတယ်... ဒီနေ့ခေတ် လူငယ်တွေက သမိုင်းဝင် ပစ္စည်းတွေရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို တကယ် နားမလည်ကြတော့ဘူးလေ... ဒါကြောင့်မို့ ပရိုမိုးရှင်းတစ်ခု လုပ်ဖို့ တွေးထားကြတာ... နိုင်ငံရဲ့ ယဥ်ကျေးမှု အမွေအနှစ်ရင်းမြစ်တွေ ဘယ်တော့မှ ပျောက်ပျက်မသွားရဖို့ကို အလေးထားပြီးတော့လေ"
ယွီနျန် နားလည်သွားသည်။
"ဒါဆို ပရိုမိုးရှင်းသံတမန်လိုမျိုးပေါ့လေ... ဟုတ်တယ်မလား"
"ဟုတ်တယ်... ဒါပေမယ့် ငါမင်းကို အရင်ဆုံး သီးသန့် မေးချင်တာ... ဒီအလုပ်ရဲ့ အခကြေးငွေက မဖြစ်စလောက်လေးပဲ ရမှာ... ဒါကြောင့်မို့ မလုပ်ချင်ရင် ထားလိုက်လို့ ရတယ်နော်"
“မဟုတ်ပါဘူး... ဘာလို့ မလုပ်ချင်ရမှာလဲ" ယွီနျန် မြန်မြန် ပြန်ဖြေလိုက်သည်။
"ကျွန်တော် အခကြေးငွေ မလိုရင်တောင်မှ လုပ်ဖို့ ဆန္ဒရှိပါတယ်... ကျွန်တော့်ကို မဖိတ်မှာပဲ စိုးရိမ်ရမှာ"
“ဟားဟားဟား... ကောင်းတယ် ကောင်းတယ် ကောင်းတယ်... ဒါဆို မင်းကို မနှောက်ယှက်တော့ဘူး... နှစ်သစ်ကူးပြီးမှ နောက်ထပ် ဆွေးနွေးကြတာပေါ့"
ယွီနျန် လက်ခံလိုက်သည်။
"ကောင်းပါပြီ... ဒီဖိတ်ခေါ်မှုကို ကျွန်တော် တကယ် တန်ဖိုးထားပါတယ်"
ယွီနျန် တံခါးကို ဖွင့်ပြီး တွဲရက်အခန်းထဲမှ ထွက်ရန်ပြုစဥ်မှာပင် ချူးရှောင်ရန်တစ်ယောက် ရည်ရွယ်ချက်ရှိရှိဖြင့် အသံမြှင့်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"အိုး မဖြစ်တော့ဘူး... ကုမ္ပဏီမှာ ကိစ္စပေါ်လာလို့ ငါ့ကို ပြန်လာပြီး ကိုင်တွယ်ပေးဖို့ ပြောနေကြတယ်... ညနေအထိ အားတော့မှာ မဟုတ်ဘူး... ဘော်ဒီဂတ်တွေ ရှိပေမယ့်လည်း မင်းကို တစ်ယောက်တည်း ချန်ထားခဲ့ဖို့ စိုးရိမ်နေရပြန်သေးတယ်... ထားလိုက်ပါတော့... ဒီလိုလုပ်ရင်..."
“ဥက္ကဌချူ" ယွီနျန် အပြုံးလေးတစ်ခုဖြင့် ဝင်နှောက်ယှက်လိုက်သည်။
"ကျွန်တော် ဒီနှစ်ရက်အတွင်း အားနေတယ်... ကျွန်တော် ဆေးရုံမှာ နေပေးလို့ ရပါတယ်"
“တကယ်လား... အာ... ဒါဆို ကောင်းတာပေါ့" ချူရှောင်းရန် လက်ခုပ်တီးလိုက်ပြီး အပြုံးများ ဝေဆာလာခဲ့သည်။ ယွီနျန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ထပ်ပြောလိုက်သည်။
"ဒါဆို မင်းကို ဒုက္ခပေးရတော့မယ်... ရွှယ် ရှောင်ယုံကို မင်းဆီ စိတ်ချထားမယ်နော်"
ချူရှောင်းရန် မြန်မြန် ထွက်သွားပြီး သူ့နောက်မှ တံခါးကိုပင် ပိတ်ပေးထားခဲ့သည်။ ထိုအခိုက်တွင် ဆေးရုံခန်းထဲ၌ ယွီနျန်နှင့် ရွှယ်ယုံသာ ကျန်နေခဲ့တော့သည်။
ယွီနျန်က ဆေးရုံကုတင်ဘေးမှ တစ်ယောက်ထိုင် ဆိုဖာ ထိုင်ခုံလေးတွင် ဝင်ထိုင်လိုက်သည်။ စားပွဲထက်မှ စာအုပ်မျိုးစုံကို သတိပြုမိသွားသောအခါ မေးလိုက်လေသည်။
"ခင်ဗျားအတွက် စာဖတ်ပြပေးရမလား"
ရွှယ်ယုံက ယွီနျန် အကြံပြုသမျှတိုင်းနှင့် အဆင်ပြေသည်ဖြစ်ရာ ခေါင်းငြိမ့်ပြလိုက်သည်။
ယွီနျန် ကဗျာပေါင်းချုပ်စာအုပ်တစ်ခုကို ကောက်ယူလိုက်ပြီး ကြုံရာစာမျက်နှာတစ်ခုကို ဖွင့်ကာ တဖြည်းဖြည်း စတင်ရွတ်ဖတ်လေတော့သည်။
ရွှယ်ယုံက ရုပ်ပိုင်းဆိုင်ရာ အားနည်းနေသဖြင့် မူလတွင် ယွီနျန်ကို နည်းနည်းလောက် ပိုကြည့်နိုင်ရန်အတွက် ဆက်ပြီး နိုးနေရန် ကြိုးစားနေရသည်။ သို့သော်လည်း နွမ်းနယ်မှုက သူ့ကို တဖြည်းဖြည်း ကျော်လွှားသွားခဲ့ပြီး မသိလိုက်ခင်မှာပင် အိပ်ပျော်သွားခဲ့သည်။
ရွှယ်ယုံ၏ အခြေအနေကို သေချာဂရုစိုက်၍ ကြည့်နေသော ယွီနျန်မှာ စာဖတ်နေခြင်းကို တဖြည်းဖြည်း ရပ်လိုက်ပြီး ကဗျာပေါင်းချုပ်စာအုပ်ကို ပိတ်ကာ စားပွဲပေါ်တွင် ပြန်ထားလိုက်သည်။
နေ့လည်ပိုင်းတွင် တစ်စုံတစ်ယောက်က စွပ်ပြုတ်နှင့် ဆန်ပြုတ်များ လာပို့ပေးခဲ့သည်။ ရွှယ်ယုံ၏ ညာလက်က ထိခိုက်ထားသဖြင့် ယွီနျန်က အပူတထောင်းထောင်း ထနေသည့် စွပ်ပြုတ်ပန်းကန်လုံးကို ကြည့်ကာ အကြံပေးလိုက်သည်။
"ကျွန်တော်... ခင်ဗျားကို ခွံ့ကျွေးပေးရင်ရော"
ရွှယ်ယုံ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး နူးနူးညံ့ညံ့ ပြန်ဖြေလိုက်သည်။
"ရတာပေါ့... ကျေးဇူးပြုပြီးတော့ ကူညီပေးပါဦး"
ရွှယ်ယုံကို ခေါင်းဦး၏ အမြင့်နှင့် ကူညီချိန်ညှိပေးလိုက်ပြီးနောက် ယွီနျန် ဇွန်းကို ကိုင်၍ မေးလိုက်သည်။
"ဘယ်ဟာအရင် စားချင်လဲ"
ရွှယ်ယုံက ယွီနျန် ကျွေးသမျှ အရာတိုင်းနှင့် အဆင်ပြေသော်ငြား သူ့နှုတ်ဖျားမှ ထွက်လာသည်မှာ "ဆန်ပြုတ်စားလို့ ရမလား" ဟူ၍ ဖြစ်နေသည်။
“ရတာပေါ့"
ယွီနျန် ဆန်ပြုတ်ပန်းကန်ကို ယူကာ နူးအိနေသော ဆန်ပြုတ်တစ်ဇွန်းကို အေးသွားသည်အထိ မှုတ်ပေးလိုက်သည်။ ထို့နောက် ရွှယ်ယုံ၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။ တစ်ဇွန်းပြီးတစ်ဇွန်း ကျွေးပြီးနောက် ဆန်ပြုတ်တစ်ပန်းကန်က မကြာမီ အပြောင်ရှင်းသွားပြီး ယွီနျန်က ရွှယ်ယုံကို စွပ်ပြုတ်လည်း တိုက်ခဲ့သေးသည်။
ပန်းကန်လုံးများ ပြောင်စင်သွားချိန်တွင် ယွီနျန် အံ့အားသင့်သွားလေသည်။
"ခင်ဗျား စားချင်စိတ်ကောင်းကောင်း ရှိနေမယ်လို့ ထင်မထားခဲ့ဘူး"
ရွှယ်ယုံက မျက်လုံးများကို အောက်သို့ အနည်းငယ် နှိမ့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "အဲ့ဒါက အရသာက တကယ်ကောင်းလို့"
“ဟုတ်ပါပြီ... ခင်ဗျား စားနိုင်ရင် ခင်ဗျား ခန္ဓါကိုယ် ပိုပြီးတော့ မြန်မြန် သက်သာလာလိမ့်မယ်"
ယွီနျန် စားပွဲခုံကို ရှင်းလင်းလိုက်ပြီး ကုတင်ဘေးကို တင်ပါးလွှဲထိုင်၍ မေးလိုက်သည်။
"ခင်ဗျား လုပ်ချင်တာ တစ်ခုခုများ ရှိမလား... ဒါမှမဟုတ် ကဗျာကိုပဲ ဆက်ဖတ်ပေးရမလား"
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် ရွှယ်ယုံ ပြောလိုက်သည်။ "ကဗျာပဲ ဖတ်ပါ" သူ နားထောင်ရသည်ကို သဘောကျနေသည်။
ချူရှောင်းရန်က မမှောင်ခင်အထိ ပြန်မလာခဲ့ပေ။ သူ ယွီနျန်ကို စိတ်လှုပ်ရှားစွာဖြင့် လိုက်ပို့ပေးခဲ့ပြီး ရွှယ်ယုံ အနားသို့ ချဥ်းကပ်လာခဲ့သည်။
"တစ်နေ့တာလုံး ကုန်ဆုံးသွားခဲ့ပြီ... ဒီနေ့ မင်းတို့နှစ်ယောက် ဘာတွေ လုပ်ခဲ့ကြသေးလဲ"
ရွှယ်ယုံ၏ အမူအယာမှာ သိမ်မွေ့နေခဲ့သည်။ "သူငါ့ကို ကဗျာတွေ ဖတ်ပြတယ်"
“ကဗျာဖတ်ပြတာလား" ချူရှောင်းရန်က ခေါင်းအနောက်ဘက်ကို ဆွဲဆုပ်လိုက်ပြီး အခြေအနေကို အတော်လေး တက်ကြွသွားစေရန် ကြိုးစားလိုက်ရသည်။ သူထပ်မေးလိုက်ပြန်သည်။
"ပြီးတော့ရော"
"နေ့လည်တုန်းက သူငါ့ကို ဆန်ပြုတ်နဲ့ စွပ်ပြုတ်လည်း ခွံ့ကျွေးခဲ့သေးတယ်"
"ဇွန်းနဲ့ ကျွေးတာလား"
“ဟုတ်တယ်လေ" ရွှယ်ယုံ ပဟေဠိ ဖြစ်သွားပုံပေါ်သည်။ "ဇွန်းနဲ့ မဟုတ်ရင် ဘာနဲ့ ကျွေးရမှာလဲ"
ချူရှောင်းရန် သူ့ကိုယ်သူ တွေးလိုက်မိသည်။ တီဗီထဲမှာ ပါသလို ပါးစပ်နဲ့ ကျွေးတာ မဟုတ်ဘူးလား... သို့သော်လည်း ကျယ်ကျယ် ထုတ်မပြောရဲပေ။ ထိုအစား သူမေးလိုက်ရသည်။
"ဘာထပ်ရှိသေးလဲ"
"မရှိတော့ဘူးလေ... ဒါပဲ"
“ဒါပဲလား" ချူရှောင်းရန် အံ့အားသင့်သွားလေသည်။ "ကဗျာဖတ်တယ်... ခွံ့ကျွေးတယ်... ဒါပဲပေါ့"
ရွှယ်ယုံ ထောက်ခံဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်တယ်... ဒါပဲလေ"
“…”
သားရေ... ဒီဖေဖေကြီးကတော့ မင်းကို အရမ်း စိတ်ပျက်သွားပြီကွ... တကယ့်အခွင့်အရေးကြီးကို လွဲသွားတာပဲ... မင်းရဲ့ အနာပေါ် မှုတ်ပေးဖို့ နာချင်ယောင်ဆောင်တာကမှ တစ်ခုခု ဖြစ်လာဦးမယ်"
ချူရှောင်းရန် သက်ပြင်းချလိုက်သည်။
"ကောင်းပြီ... နောက်ကျနေပြီ... ညစာ ဘာစားချင်လဲ"
ရွှယ်ယုံ ခေါင်းယမ်းပြလိုက်ပြီး နားရွက်လေးများက အနည်းငယ် နီရဲလာခဲ့လေသည်။ "နေ့လည်က အများကြီး စားခဲ့လို့ အခု ထပ်မစားနိုင်တော့ဘူး"
ယွီနျန်မှာ မူလက အိမ်ပြန်ရန် စီစဥ်ထားသော်လည်း လမ်းတစ်ဝက်တွင် စိတ်ပြောင်းပြီး ထိုအစား မုန့်ယွမ်၏ အိမ်သို့ ရောက်သွားသည်။
မုန့်ယွမ်က တံခါးဖွင့်လိုက်ပြီး ယွီနျန်ကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။ သူက ဝိုင်ခွက်တစ်ခွက်ကို ကိုင်ကာ ဖိနပ်ပါးများစီး၍ အထဲသို့ ဝင်လာခဲ့လေသည်။
"မနေ့က ငါ့မိသားစုက အကြီးတွေနဲ့ နှစ်သစ်ကူးကို ကုန်ဆုံးခဲ့တာလေ... ပြီးတော့ မင်းသိလား... ဒီအလုပ်တာဝန်ကြီးကို ကျင့်သားရသွားတော့ ရုတ်တရက် ပျင်းလာရော... မှန်တယ်လို့ မခံစားရတော့ဘူး"
သူ ယွီနျန်နှင့်အတူ ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။
"ပြောစမ်းပါ... မင်း နျင်းချန် ပြတိုက်ရဲ့ ဒါရိုက်တာနဲ့ ဘယ်လိုလုပ်ပြီး သိသွားရတာလဲ... ပြီးတော့ သူတို့က မင်းနဲ့ တွေ့ချင်ပါတယ်ဆိုပြီး အသေအချာ ပြောလာတာနော်"
“ကျွန်တော်တို့ လေလံပွဲမှာ တွေ့ခဲ့ကြတာလေ... ဒါရိုက်တာကန်က ဒီမနက် ကျွန်တော့်ကို ဖုန်းခေါ်ပြီး နျင်းချန်ပြတိုက်ရဲ့ ပရိုမိုးရှင်းဆိုင်ရာ သံတမန် ဖြစ်ဖို့ စိတ်ဝင်စားလားလို့ မေးခဲ့တယ်... ကျွန်တော် လက်ခံလိုက်တယ်လေ... ရက်အနည်းငယ်အတွင်း ကုမ္ပဏီကို ဆက်သွယ်လာမယ်လို့ သူပြောခဲ့တယ်" ယွီနျန်က မုန့်ယွမ်၏ အသံအနေအထားကို နားထောင်လိုက်သည်။ "သူတို့က အစ်ကိုမုန့်ကို ဒီလောက်မြန်မြန် ဆက်သွယ်လာကြတာလား"
“ဟုတ်ပါ့"
မုန့်ယွမ် ပြောလိုက်သည်။ သူ့ရုံးခန်းသို့ ရောက်လာခြင်း မဟုတ်ဘဲ သူ့ကိုယ်ပိုင် အိမ်ကို ဖြစ်သည်။ သူ့အသံထဲတွင် ပျော်ရွှင်မှုတို့ ပါဝင်နေ၏။
"ငါလည်း နှစ်စက္ကန့်လောက် အံ့သြသွားသေးတယ်... ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် ပိုက်ဆံအများကြီး မရရင်တောင် မင်းရဲ့ ပုံရိပ်အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်"
“ဟုတ်တယ်... အစ်ကို ပြောတာ မှန်တယ်... ပြီးတော့ လောလောဆယ်မှာ ကျွန်တော့်အတွက် ပရောဂျက်တွေ အများကြီး စီစဥ်ထားတာ မရှိဘူးလေ... ဆိုတော့ ဒီအလုပ်ကို လက်ခံဖို့ ပြဿနာ မရှိလောက်ပါဘူး"
“မင်းမှာ ပရောဂျက်တွေ အများကြီး မရှိဘူးလို့ ဘယ်သူ ပြောတာလဲ" မုန့်ယွမ်က ဝိုင်ခွက်ကို ပြန်ချထားလိုက်ပြီး ခေါင်းအုံး နောက်မှ tabletကို လှမ်းယူလိုက်သည်။
"မင်းကို ဒီဆီ ခေါ်လိုက်တာက ကိစ္စနှစ်ခု ရှိလို့ပဲ... တစ်ခုက 'ကျွန်တော့်ရဲ့ တစ်နေ့တာ'လို့ ခေါ်တဲ့ ရှိုးတစ်ခု... အဲ့တစ်ခုမှာ သူတို့က အနုပညာရှင်ရဲ့ နောက်ကို တစ်နေ့လုံး လိုက်နေပြီးတော့ ကြည့်ရှုသူတွေရဲ့ သိလိုစိတ်တွေကို ဖြည့်ဆည်းပေးကြမှာပေါ့... ငါ အကြံပြုချက်ကို ဖတ်ပြီးသွားပြီ မင်းတဟုန်ထိုး ကျော်ကြားလာတာမျိုး မဖြစ်လာခဲ့ရင်တောင် တိမ်မြုပ်သွားမှာတော့ မဟုတ်ဘူး... ဒီအခွင့်အရေးကို မင်းကို ကူပြီး သိမ်းထားပေးဖို့ စီစဥ်နေခဲ့တာ"
ယွီနျန်မှာလည်း ထိုအကြံပြုချက်က အတော်လေး ကောင်းမွန်ကြောင်း တွေ့လိုက်ရသည်။ "ကောင်းမဲ့ပုံလေးပဲ... ကျွန်တော် တော်တော်လေး စိတ်ဝင်စားတယ်"
"ကောင်းတယ်... သြော် ဒါနဲ့ စကားမစပ် ဒီတစ်ခုက မင်းအိမ်မှာ ရိုက်ဖို့ လိုလိမ့်မယ်... အဆင်ပြေရဲ့လား"
ယွီနျန် ခေါင်းယမ်း ပြလိုက်သည်။ "ကိစ္စမရှိပါဘူး... အဲ့နေ့ကျရင် နည်းနည်းလောက် ရှင်းထားလိုက်မယ်လေ"
“မင်းအိမ်က ရှင်းနေပြီးသားပါကွာ... ထပ်ရှင်းစရာ လိုသေးလို့လား" မုန့်ယွမ်က မျက်နှာပြင်ထက်ကို လက်ညှိုးဖြင့် ပွတ်ဆွဲနေသည်။
"ဒုတိယတစ်ခုက 'သီချင်းဆိုခွင့်ပြုပါ' ဆိုတဲ့ သီချင်းဆိုတဲ့ ရှိုးတစ်ခုပဲ... သူတို့က မင်းကို ဒိုင်အဖြစ် ဖိတ်ထားတယ်"
“ဒိုင်လား" ယွီနျန် သူ့ကိုယ်သူ ထိုးပြလိုက်သည်။ "ကျွန်တော်လား"
“အင်း... ဘာဖြစ်လို့လဲ... မင်းကိုယ်မင်း မသင့်တော်ဘူးလို့ တွေးနေတာလား" သူခေါင်းငြိမ့်ပြလိုက်သည်ကို မြင်သောအခါ မုန့်ယွမ် ရယ်မောလေသည်။
"ကိစ္စမရှိဘူး... ရှိုးက အခုထိ အဆုံးသတ် မဆုံးဖြတ်ရသေးဘူး... မင်းရဲ့ EP ထွက်တဲ့အထိ စဦးမှာ မဟုတ်ဘူး... မင်းရဲ့ စီနျင်းဆိုတဲ့ နာမည်နဲ့ မင်းရဲ့ ဂီတပါရမီကို ထုတ်ပြဖို့ EPကို စောင့်နေကြတာနဲ့တင် ဘယ်သူကမှ မင်းကို ဒိုင်အဖြစ် စိန်ခေါ်ရဲမှာ မဟုတ်ဘူး"
ယွီနျန်က သူ၏ EPအသစ်ကိုလည်း ယုံကြည်မှုရှိနေသည်။ သေချာ စဥ်းစားလိုက်ပြီးနောက် သူ ခေါင်းငြိမ့်ပြလိုက်သည်။
မုန့်ယွမ် ပြုံး၍ ပြောလိုက်သည်။ "မင်းမှာ ကန့်ကွက်ချက် မရှိဘူး ဆိုမှတော့ နှစ်ခုလုံး လက်ခံလိုက်မယ်... ဖေဖော်ဝါရီ ကုန်ခါနီးနေပြီ... မတ်လကျရင် မင်းရဲ့ သီချင်းလည်း ထွက်လာပြီပဲ... 'ရှေးဟောင်းလမ်းမ'ရဲ့ အချိန်စာရင်းလည်း အခြေကျသွားပြီဆိုတော့ ပရိုမိုးရှင်းကာလထဲကို ဝင်ရတော့မယ်... ပရိုမိုးရှင်း သီချင်းလည်း လိုက်လာမယ်.... ပြီးရင် ဘရန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ အနေနဲ့ လှုပ်ရှားမှုတွေ အများကြီးကို အစီအစဥ် ဆွဲပြီးသွားပြီ"
“ဒါကြောင့်မို့ ဒီရက်လေးထဲ အားနေရမှာကို အခွင့်ကောင်းယူပြီး ကိုယ့်ဘာသာ အချိန်ကုန်ဆုံးလိုက်ဦး... နောက်ဆို ဒီလိုလုပ်ဖို့ အခွင့်အရေးတွေ အများကြီး ရှိမှာ မဟုတ်တော့ဘူး"
သို့သော်ငြား ယွီနျန်မှာ ဤရက်များအတွင်း အားလပ်ချိန်များများစားစား မရှိခဲ့ပေ။ ရွှယ်ယုံ အတော်လေး စားနိုင်သည်ကို တွေ့ရသဖြင့် စွပ်ပြုတ်နှင့် အခြား တိုလီမုတ်စလေးများ ချက်ကာ နေ့တိုင်း ယူလာပေးခဲ့သည်။
သို့သော်လည်း ဆေးရုံတက်နေရခြင်းက အလုပ်များကို လုံးဝ ဘေးဖယ်ထား၍ ရသည်ဟု ဆိုလိုနေခြင်း မဟုတ်ပေ။ ယွီနျန် ရောက်သွားသည့် ပထမဆုံးရက်တွင် အယောက်တိုင်းက ကောင်းကောင်းမွန်မွန် ဝတ်စားထားကြသည့် လူခုနစ်ယောက် ရှစ်ယောက်က ဆေးရုံခန်းထဲ၌ အလုပ်အကြောင်း ဆွေးနွေးနေကြသည်ကို ကြုံတွေ့ခဲ့ရသည်။ ရွှယ်ယုံက အေးစက်နေသော မျက်နှာအနေအထားနှင့် လွှမ်းမိုးမှု ပြင်းသော အရှိန်အဝါတို့ဖြင့် အိပ်ရာပေါ်တွင် ထိုင်နေခဲ့သည်။ ထိုစကားဝိုင်းက တင်းကျောက်ရှန်နှင့် ပတ်သတ်နေကြောင်း ယွီနျန် နားစွန်နားဖျား ကြားလိုက်ရသည်။
ထိုမှစ၍ နေ့လည် ဆယ့်နှစ်နာရီခွဲအထိ ဆက်သွားခဲ့လေသည်။ ပုံမှန်အားဖြင့် အပြန်အလှန် နားလည်မှုကြောင့်လား မသိရသော်လည်း ထို ဆယ့်နှစ်နာရီခွဲနှင့် နေ့လည်တစ်နာရီအကြား နာရီဝက်အချိန်လေးကို အားလပ်ချိန် အဖြစ်ပေးထားလေသည်။
မတ်လ 6ရက်နေ့တွင် ယွီနျန်က စောစောထရန် နှိုးစက်ပေးထားခဲ့သည်။ သူ ယနေ့တွင် ဆေးရုံသို့ လာဖြစ်တော့မည် မဟုတ်ကြောင်း အသိပေးရန် ရွှယ်ယုံကို မက်ဆေချ့် ပို့ထားလိုက်လေသည်။
ဆယ်မိနစ်အကြာ တံခါးဘဲလ်သံ မြည်လာခဲ့သည်။
"ကျွန်တော့်ရဲ့ တစ်နေ့တာ" ရှိုးက နာမည်ကျော်များ သူတို့၏ အချိန်ကို မည်သို့ ကုန်ဆုံးကြောင်း ပရိတ်များ သိစေရန် ရည်ရွယ်ထားသည်ဟု ဆိုသော်လည်း လက်တွေ့ကျကျ ပြောရမည်ဆိုပါက နံနက် ခုနစ်နာရီမှ အိပ်ရာဝင်ချိန်အထိ ပြုလုပ်ခိုင်းမည် မဟုတ်ပေ။ အဆုံးတွင် ရှိုးက hot topicsများနှင့် မြင့်မားသော ကြည့်ရှု နှုန်းများ ရရှိရန်နှင့် ပေါ်ပြူလာ ဖြစ်လာရန် လိုနေသည်လေ။
ရိုက်ကူးရေး အစီအစဥ်အရ ရိုက်ကူးရေးအဖွဲ့က ယနေ့တွင် ယွီနျန်၏ အိပ်ရာထကာစ မြင်ကွင်းကို ရိုက်ကူးရန်သာ ရောက်လာကြခြင်း ဖြစ်သည်။
တံခါး ဘဲလ်သံ မြည်လာပြီး ယွီနျန် တံခါးဖွင့်၍ ရိုက်ကူးရေးအဖွဲ့ကို အိမ်ထဲသို့ ကြိုဆိုလိုက်သည်။
ကင်မရာက သူ့ကို ချိန်ထားပြီး ယွီနျန်ကလည်း ကျင့်သားရနေခဲ့လေပြီ။ သူ ခေါင်းငြိမ့်၍ ပြုံးကာ ရိုက်ကူးရေးအဖွဲ့၏ မေးခွန်းများကို ပြန်ဖြေခဲ့သည်။
"ဟုတ်ပါတယ်... ဒါ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အိမ် မဟုတ်ပါဘူး... ကုမ္ပဏီက ပိုင်တာလေ... ကောင်းကျိုးကတော့ ကုမ္ပဏီနဲ့ အရမ်းနီးတာပါပဲ"
ဒယ်ပြားထဲသို့ ကြက်ဥများ ခွဲထည့်ကာ အဝတ်အစား လဲရန် သူ့အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူ ထွက်လာသောအခါ ကင်မရာက နံရံထောင့်တွင် သစ်ကိုင်းခြောက်များ ထိုးထားသည့် ကြွေပန်းအိုးလေးတစ်လုံးကို ရိုက်ကူးနေကြောင်း တွေ့လိုက်ရသည်။
ရိုက်ကူးရေးအဖွဲ့သားများထဲတွင် ၎င်း၏ တန်ဖိုးကို သိသူများ ပါသဖြင့် သူတို့ထဲမှ တစ်ယောက်က အံ့သြတကြီး ပြောလိုက်သည်။ "ငါဝင်လာတာနဲ့ အကြည့်ကို မလွဲနိုင်တော့ဘူး... ဒါ ကွမ်လက်မှုရဲ့ နားအပေါက်တွေ ပါတဲ့ စိမ်းပြာကြွေထည်မလား... စဥ့်သုတ်ထားတာက မီးခိုးပြာရောင် အရောင်အဆင်း ရှိပြီးတော့ ဘေးက အက်ကွဲကြောင်းတွေက ရေခဲတုံးလို ပုံစံပဲ... ကိုယ်ထည်ပိုင်းက ထူပြီး တောင့်တယ်... အံ့လောက်ဖွယ် လက်ရာပဲကွ... ငါမှတ်မိတာ ဆောင်းဦးရာသီ လေလံပွဲမှာ ပုံစံတူတစ်ခုကို 3.3 သန်းနဲ့ ရောင်းချခဲ့တယ်... ကွဲတာလေး တစ်ခုက အဲ့တစ်ခုက ပိုပြီး လည်ပင်းရှည်ပြီးတော့ ဒီတစ်ခုက ကိုယ်ထည်မှာ ပိုရှည်တယ်"
ယွီနျန် အဝတ်လဲပြီး ထွက်လာသောအခါ ရိုက်ကူးရေး အဖွဲ့သားများက သိလိုစိတ်အပြည့်ဖြင့် မေးမြန်းကြလေတော့သည်။
"နျန်နျန်... ဒီပန်းအိုးက စျေးကြီးမှာပဲနော်"
ယွီနျန်က တည်ငြိမ်နေဆဲ ဖြစ်ပြီး ပြောလိုက်သည်။ "ကျွန်တော့်အိမ်မှာ ရှိတဲ့တစ်ခုက အတုပါ... အများကြီး မတန်ဘူး... ဒါပေမယ့် အချိန်တွေ အကြာကြီး ရှိခဲ့တာလေ... ကျွန်တော့် ဘိုးဘိုးက ဒီပန်းအိုးကို သူငယ်ငယ်တုန်းက ပျိုနီပန်းတွေ ထိုးဖို့ သုံးခဲ့တာ... ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်ဘွားဘွားကလည်း ဇီးပန်းနီနီတွေ ထိုးဖို့ သုံးခဲ့သေးတယ်"