အပိုင်း ၆၉
Viewers 16k

Chapter 69



တံခါးပိတ်သွားပြီးနောက် ဆေးရုံခန်းက တိတ်ဆိတ်နေသည့် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်၊ ယွီနျန်က အနားယူရန်အတွက် မျက်လုံးများကို ပိတ်လိုက်သော်လည်း သိပ်မကြာခင် တံခါးပြန်ပွင့်လာပြန်သည်။


ချူရှောင်းက ယွီနျန်ဘေးတွင် ဝင်ထိုင်လိုက်ပြီး ခပ်ရှက်ရှက် ဖြစ်နေပုံလည်း ပေါ်နေသည်။


 "အမ်... ငါ့စိတ်က အရမ်းရှုပ်ထွေးနေလို့ ဖြစ်မယ်... ခြေကုန်လက်ပမ်းကျနေတာတောင် အိပ်မပျော်နိုင်ဘူး... မျက်လုံး ပိတ်လိုက်တိုင်း ရွှယ်ယုံ သွေးတွေလွှမ်းနေတာကိုပဲ မြင်နေတာ... ဒါကြောင့်မို့ တကယ်လို့လေ... ငါပြောချင်တာက တကယ်လို့ ငါစကားအရမ်းပြောတာကို စိတ်မရှိဘူးဆိုရင် ငါတို့ စကားပြောလို့ရမလား"


"ရတာပေါ့... ရွှယ်ယုံက... ပီယာနို တီးရတာကို အရမ်း သဘောကျတာပဲလား" 


“ဒါပေါ့... သူသဘောကျတယ်... သူက အရမ်း အရမ်းကို သဘောကျတာလေ" 


စကားလမ်းကြောင်း စမိသည်နှင့် ချူရှောင်းရန် စကားပြောမရပ်နိူင်တော့ပေ။ 


"ရွှယ်ယုံက မယုံနိုင်လောက်အောင်ကို ပါရမီရှိပြီးတော့ ပြီးပြည့်စုံတယ်... ကိုးကားတဲ့ နုတ်တစ်ခုတောင် မပါဘဲနဲ့ ဘယ်သီချင်းမဆိုရဲ့ နာမည်နဲ့ အသံအနိမ့်အမြင့်ကို ပြောပြနိုင်တယ်... သူငယ်ငယ်တုန်းကဆို အရမ်း ရှက်တတ်ပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ စကားလည်း သိပ်မပြောဘူးလေ... သူ မူလတန်းတုန်းက စန္ဒယားခုံမှာ ထိုင်ပြီး တစ်ချိန်လုံး လေ့ကျင့်နေတဲ့အချိန်မှာ ငါကတော့ ခွေးတွေကြောင်တွေနဲ့ လျှောက်ပတ်ကစားနေခဲ့တာ... နောက်ပိုင်း သူ ဆယ်ကျော်သက် အရွယ် ရောက်လာတော့ လီတိုတေးဂီတမှာ သူ့အရည်အချင်းနဲ့သူ နေရာတစ်ခု ရအောင် ယူနိုင်ခဲ့တယ်လေ... နှစ်နည်းနည်းလောက် ကြာရင် ကမ္ဘာပတ်ပြီး ဖျော်ဖြေပွဲ လုပ်ရမယ့် စန္ဒယား ပညာရှင် ဖြစ်လာလိမ့်မယ်လို့ ငါယုံလုနီးနီးပဲ" 


ယွီနျန်မှာ တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေခဲ့သည်။ 


"ဒါပေမယ့် နောက်ပိုင်းကျ သူ့အစ်ကို နေရာကို ယူလိုက်ရတယ်လေ... သူပင်ပန်းလာတဲ့အချိန်တိုင်း တစ်ခါတစ်ရံ အလိုလိုက်ပြီး ပီယာနိုတီးတတ်သေးတယ်... ဒါပေမယ့် နောက်ပိုင်းကျ ဦးလေးရွှယ် ဆုံးသွားတော့ ခလုတ်တွေတောင် မထိရဲတော့ဘူး"


ယွီနျန်မှာ ထိုအရာက လုပ်လိုစိတ် မရှိခြင်း သို့မဟုတ် ဆန္ဒကင်းမဲ့နေခြင်း မဟုတ်ဘဲ အကြောက်တရားသာ ဖြစ်ကြောင်း သတိပြုမိသည်။ 


“အဲ့အချိန်တုန်းက ငါတကယ် ဝမ်းနည်းခဲ့ရတာ... အပြင်ဘက်မှာ စွဲမက်ဖွယ်ကောင်းတာတွေ ကြီးကျယ်ခမ်းနားတာတွေ မြင်နေရပေမယ့် အတွင်းပိုင်းမှာတော့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ အတွင်းပိုင်းမှာ ကွဲပြဲနေတာတွေချည်းပဲ... အဲ့ဒီအချိန်တုန်းကသာ ရွှယ်ယုံ ပြန်မထလာနိုင်ဘဲ သူ့ရဲ့ မျိုးရိုးနာမည်နဲ့ အမွေဆက်ခံခွင့်ပေါ်မှာပဲ မှီခိုနေခဲ့ရင် တခြားသူတွေ သူ့ကို သတ်နိုင်ဖို့ နည်းလမ်းတစ်ရာလောက် ရှိလောက်တယ်" 


“တစ်ခါတုန်းက ဦးလေးရွှယ်ရဲ့ အောက်မေ့ဖွယ်နေ့မှာ သူပြောခဲ့တာကို မှတ်မိသေးတယ်... "ငါ မိသားစု စီးပွားရေးကို ဆက်ခံနိုင်ပါတယ်ဆိုတာကို သူ့ကို သက်သေပြဖို့ အခွင့်အရေး မရှိခဲ့ဘူး... ဒီလိုသာဆို သူလည်း အနားယူပြီး ခရီးတွေ သွားနေနိုင်လောက်တယ်"တဲ့.... ပြီးတော့ သူထွက်သွားတော့တာပဲ" 


ချူရှောင်းရန်က မျက်နှာပေါ်တွင် ခါးသက်သက် အပြုံးတစ်ခုဖြင့် နားထင်ကို နှစ်ချက်မျှ နှိပ်လိုက်သည်။ 


"ဒါကြောင့် အခု ငါကြောက်နေရတာ... သူ့လက်တွေ တစ်ခုခု ဖြစ်သွားမှာ ငါကြောက်တယ်... ဒါဆို သူ ဆုပ်ကိုင်ထားစရာ ဘာမှ မရှိတော့ဘူးလေ"


နှစ်ယောက်သားက အတူတူ ဆက်နေခဲ့ကြပြီး ရံဖန်ရံခါ ရွှယ်ယုံအကြောင်း ပြောခဲ့ကြသဖြင့် အချိန်ကုန်မြန်လာသလိုပါပင်။ 


ကောင်ကင်ယံကြီး မဲမှောင်လာသောအခါ ညခင်းကျရောက်လာခဲ့သည်။ အဝေးတစ်နေရာ၌ နှစ်သစ်ကူးည၏ မီးပန်းနှင့် ဗျောက်အိုးများ ပေါက်ကွဲသံကိုပင် ကြားနေရသည်။ ပြတင်းပေါက်၏ အပြင်ဘက်တွင် ဤည၌ လူမည်မျှ ပြန်လည် တွေ့ဆုံနေကြသည်ကို မည်သူမှ မသိနိုင်ပေ။ ဪ


ချူရှောင်းရန် ဆိုဖာနောက်မီကို မီလိုက်ပြီး အိပ်ချင်စိတ်များ ကြီးစိုးလာကာ တဖြည်းဖြည်း အိပ်ပျော်သွားသည်။ 


ယွီနျန် ရွှယ်ယုံ၏ ဖြူဖျော့ဖျော့ မျက်နှာလေးကို ကြည့်လိုက်ပြီးနောက် သူ့ဘာသာ တွေးလိုက်မိသည်။ အရင်က ငါ့မွေးနေ့ကို တစ်ခါမှ မကျင်းပခဲ့ဖူးဘူး... ဒီညပြီးရင် ငါ နှစ်ဆယ့်နှစ်နှစ် ပြည့်တော့မယ်... ဒီနှစ်ဆယ့်နှစ်နှစ်တာကာလ အတွင်းမှာ ငါ့ရဲ့ ပထမဆုံး မွေးနေ့ဆုတောင်းက ရွှယ်ယုံ ဘေးကင်းပြီး ကျန်းမာနေဖို့ပဲ...


"ဘန်း" ဟူသော အသံဖြင့် မီးပန်းများ ပေါက်ကွဲလာသည်ကို ကြားနေရသည်။ ယွီနျန် ရွှယ်ယုံ၏ မျက်တောင်များ လှုပ်ခတ်လာပြီး တဖြည်းဖြည်း မျက်လုံးပွင့်လာသည်ကို ရုတ်တရက် သတိပြုမိသွားလေသည်။


သူတို့၏ အကြည့်များ ဆုံတွေ့သွားသောအခါ ယွီနျန်၏ နှာခေါင်း ခပ်စူးစူး ဖြစ်သွားလေသည်။ သူ ရွှယ်ယုံကို ပြုံးပြမိလိုက်သည်။



ယွီနျန် ကုတင်ဘေးနားသို့ လျှောက်လာခဲ့ပြီး ခါးလေးအနည်းငယ် ကုန်းကာ နူးနူးညံ့ညံ့ မေးလိုက်သည်။


 "နေရတာ သက်တောင့်သက်သာ မရှိတာမျိုး ရှိလား"


တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား ရွှယ်ယုံ၏ အမူအယာများ တစ်ခဏမျှ ရပ်တန့်သွားလေသည်။ မျက်ဆံနက်လေးများက အနည်းငယ် နီးကပ်၍ သွားလေပြီး မျက်ဝန်းများထဲ၌ သိမ်မွေ့သော အသနားခံဟန်ဖြင့် ယွီနျန်ကို ကြည့်နေပုံက အထိတ်တလန့် ဖြစ်နေပုံလည်း ရနေသည်။ 


“ခင်ဗျားရဲ့ ညာဘက်လက်က တော်တော်လေးနက်တဲ့ ဒဏ်ရာရထားပြီးတော့ သွေးတွေ အများကြီး ထွက်ထားတာ... ဒါပေမယ့် ဆရာဝန်က အာရုံကြောတွေ မထိဘူးလို့ ပြောသွားတယ်" 


နောက်တစ်စက္ကန့်တွင် ရွှယ်ယုံ၏ တောင့်တင်းနေသော မျက်နှာကြွက်သားများ ရုတ်တရက် ပြေလျော့သွားလေသည်။ 


ယွီနျန်က ရှင်းရှင်းလင်းလင်း ပြောပြနေရင်း အသံကလည်း ငြင်သာနေခဲ့သည်။


 "အခုက ခင်ဗျား မတော်တဆ ဖြစ်ပြီး ဒုတိယညကို ရောက်နေပြီ... ခင်ဗျား ခွဲခန်းထဲ ဝင်ပြီး မကြာခင် ခင်ဗျား အမေ ရောက်လာပြီး ပြန်သွားတယ်... နေ့လည်ပိုင်းမှာ နိုင်ငံခြား အစည်းအဝေး လုပ်ခဲ့ပေမယ့် ရလဒ်က အခုထိ မရှင်းလင်းသေးဘူး... ခင်ဗျားရဲ့ ဒရိုင်ဘာလည်း ဒဏ်ရာအသေးစားလေးတွေပဲ ရတာလို့ ချူရှောင်းရန် ပြောတယ်... တင်းကျောက်ရှန်နဲ့ သူနဲ့ အတူပါလာတဲ့ လက်အောက်ငယ်သားတွေလည်း ဆေးရုံမှာပဲ... သူတို့ကို သူ့အစ်ကို မျက်စိဒေါက်ထောက် ကြည့်ပေးထားတယ်... ချူရှောင်းရန်ကိုယ်တိုင်ကတော့ မတော်တဆမှု ဖြစ်ကတည်းက မအိပ်နိုင်သေးတာ.. အခုတင်လေးမှ ပျော့ခွေပြီး အိပ်ပျော်သွားတယ်" 


ယွီနျန်၏ စကားကို နားထောင်ပြီးနောက် ရွှယ်ယုံ၏ အသက်ရှုသံ ပြေလျော့သွားပြီး မျက်တောင်များ တဖြည်းဖြည်း စိုက်ကျလာကာ မောပန်းနွမ်းနယ်သည့် လက္ခဏာများ ပြလာသည်။ ယွီနျန် သူ့ကို စောင်ကူခြုံပေးလိုက်ပြီး ပြောလိုက်သည်။ 


"အခု အိပ်လိုက်တော့... အားလုံး အဆင်ပြေသွားမှာပါ"


နောက်တစ်နေ့ မနက်စောစောတွင် ယွီနျန် မျက်လုံး ဖွင့်လိုက်သည်နှင့် ချူရှောင်းရန် လက်ခုပ်များ တီးကာ စိတ်လှုပ်ရှားစွာဖြင့် အံ့သြတကြီး ပြောလိုက်သည်ကို ကြားလိုက်ရသည်။ 


"မင်းနိုးလာပြီလား... ပျော်ရွှင်စရာ နှစ်သစ်ပါ... ကံကောင်းမှုတွေ ပေါကြွယ်ဝပါစေ... နေ့တိုင်းနေ့တိုင်း ချမ်းသာကြွယ်ဝပါစေ"


ယွီနျန် ခေါင်းကိုက်လာသဖြင့် ထထိုင်ကာ ဆေးရုံကုတင် ရှိရာဆီ မသိစိတ်အရ ကြည့်လိုက်မိသည်။ ရွှယ်ယုံ နိုးနေပြီး ဆရာဝန်က သူ့ကို စစ်ဆေးပေးနေသည်ကို သတိပြုမိလိုက်သည်။ 


ရွှယ်ယုံက ခေါင်းအုံးကို မီ၍ မတ်မတ် ထိုင်နေပြီး လူနာ ဝတ်စုံ ဝတ်ထားကာ အလေ့အကျင့်အတိုင်း ခပ်မတ်မတ် ပုံစံကို ထိန်းထားဆဲ ဖြစ်သည်။ မျက်နှာက ဖျော့တော့နေကာ မေးရိုးကလည်း အတော်လေး ထင်ရှားနေပြီး အပြစ်အနာအဆာမရှိ ညှို့ယူနိုင်စွမ်း ရှိဆဲပင်။ 


ချူရှောင်းရန်က အလွန် စိတ်တက်ကြွနေပြီး ပေါက်ပေါက်ဖောက်နေလေသည်။


 "ရွှယ်ယုံ နိုးလာတော့ ငါ မင်းကို နှိုးမလို့လေ... သူ ခွင့်မပြုလို့... သူပြောတာ မင်းကို နည်းနည်းလောက် ထပ်အိပ်စေချင်လို့တဲ့... ဒေါက်တာ သူ့ကို လာစစ်ဆေးတော့ မင်းမနိုးသွားအောင် လူတိုင်းကို တိတ်တိတ်နေခိုင်းထားသေးတယ်" 


ရွှယ်ယုံမှာ ချူရှောင်းရန်ကို တားချင်ပါသော်လည်း အခွင့်အရေး မရရှာသဖြင့် ပြောချင်သလို ပြောခိုင်းထားရပြီး ခေါင်းကို တစ်ဖက်သို့ လှည့်ကာ ယွီနျန်ကိုပင် မကြည့်ရဲတော့ပေ။ 


ယွီနျန်မှာ နှလုံးသားထဲမှ နွေးထွေးမှုကို ခံစားလိုက်ရပြီး ထရပ်ကာ စောင်များကို သေသေသပ်သပ် ခေါက်နေလေသည်။ 


ချူရှောင်းရန်၏ မျက်နှာတွင် အပြုံးပန်းတို့ ဝေနေလေ၏။ "ကောင်းကောင်း အိပ်ပျော်ခဲ့လား"


“တော်တော်လေး ကောင်းတယ်... ကျွန်တော်အခု စိတ်ကြည်သွားပြီ" 


ယွီနျန် ဆက်ပြောမည် ပြုစဥ်မှာပင် သူ့ဖုန်းမြည်လာခဲ့သည်။


ချူရှောင်းရန်က ဘေးနားမှ အခန်းလေးကို လက်ညှိုးထိုးပြကာ ဖုန်းဖြေရန် လက်ဟန်ပြလိုက်သည်။ 


ယွီနျန် ခေါင်းငြိမ့်ပြလိုက်ပြီး တွဲရက်အခန်းလေးထဲ ဝင်၍ တံခါးပိတ်လိုက်သည်။ 


"ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးလေး ဖြစ်ပါစေ"


“ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးလေး ဖြစ်ပါစေ"


 မုန့်ယွမ်မှာ စကားတစ်လုံးကိုမှ မဖြုန်းတီးတတ်သူ ဖြစ်လေရာ လိုရင်းကိုသာ တန်းပြောလိုက်သည်။ 


"ဒီလ 13ရက်နေ့ ငါနဲ့ အစည်းအဝေးကို ပြန်ချိန်းလိုက်တဲ့ နေ့ကလေ... မင်း ရဲ့မြို့က လေလံပွဲတစ်ခု တက်ခဲ့သေးလား"


“ဟုတ် တက်ခဲ့တယ်... အဲ့နေ့က ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ကြောင့် လေလံပွဲ တက်ခဲ့တာ"


“ဒါဆို ကိုက်သွားပြီ... ကိစ္စကြီးတော့ မဟုတ်ပါဘူး... ဒါပေမယ့် လေလံပွဲမှာ နျင်းချန် ပြတိုက်က ကြေးနီလက်မှုထည်တစ်ခု ဝယ်ခဲ့သေးတယ်မလား... သူတို့က ပုံတွေ အများကြီး ထုတ်ပေးခဲ့တာလေ... လူအချို့က စကန်စက်လို မျက်လုံးတွေ ရှိတော့ နောက်ခံပုံအချို့မှာ မင်းကို တွေ့လိုက်ကြလို့တဲ့" 


မုန့်ယွမ် သက်ပြင်းချလိုက်သည်။


 "ငါအဲပုံကို တွေ့တော့ ပုံထဲမှာ မင်းရှိနေမှန်းတောင် မသိခဲ့ဘူးကွ"


ယွီနျန်မှာ ဓါတ်ပုံ ရိုက်ခံလိုက်ရမည်ဟု မထင်ထားခဲ့ပေ။ "အဲ့ကိစ္စကြောင့် အကျိုးဆက်တွေ ရှိလာနိုင်လား"


“ပြဿနာတော့ မရှိလောက်ပါဘူး... အများဆုံး ထင်ကြေးပေးကြရုံပါပဲ... လေလံပွဲတက်တာကလည်း မကောင်းတဲ့အရာမှ မဟုတ်တာ" မုန့်ယွမ်က မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ "ဒါပေမယ့် အဆင်ပြေရင် ငါ့ရဲ့ သိလိုစိတ်လေးကို ကျေနပ်သွားအောင် လုပ်ပေးလို့ ရမလား... လေလံပွဲမှာ ဘာဝယ်ခဲ့တာလဲ" 


ယွီနျန် ပြုံးလိုက်သည်။


 "ကျွန်တော်အကြာကြီး လိုချင်နေခဲ့တဲ့ ပန်းချီတစ်ချပ်ပါ... ငွေ အလုံအလောက် မရှိလို့ ကျွန်တော့် အစ်မဆီကနေတောင် ငွေပမာဏကြီးကြီးမားမား ချေးလိုက်ရသေးတယ်"


မုန့်ယွမ် တစ်ခဏမျှ ရပ်သွားသည်။ "ခဏလေး" နှစ်စက္ကန့် ကြာပြီးနောက် သူဆက်ပြောလိုက်သည်၊


 "ကောင်းပြီ... ငါအခု အဆင်သင့်ဖြစ်ပြီ... ငါ့ကိုပြော... ဘယ်လောက်အကြွေးတင်နေတာလဲ"


"ငါးမီလီယံကျော်တယ်" 


“အင်း... ရသေးတယ်... ရသေးတယ်... ငါ့ကို ခဏလောက် လန့်သွားအောင် လုပ်လိုက်တာပဲ... အလုပ်ကြိုးစား... မကြာခင် ပြန်ဆပ်နိုင်မှာပါ" မုန့်ယွမ် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် ထပ်ပေါင်းပြောလိုင်သည်။


 "နျန်နျန်... မင်းကို ဝေဖန်တာတော့ မဟုတ်ပါဘူး... ပိုက်ဆံကို တောင်ဖြိုသလိုရှာပြီး ငွေသုံးရင်ကျ အပ်ချည်ကြိုးဆွဲသလို ဆွဲတဲ့ သူတွေရှိတယ်... တစ်ဖက်မှာ မင်းကျတော့ မိုးဒလဟောရွာသလို ငွေရှာပြီး ရေတဖြတ်လေးကြီးသွားသလို ငွေသုံးတယ်... အဓိကပြဿနာက ဒီလျှပ်တပြက်ကြီးသွားတဲ့ ရေတွေ ဘယ်ထဲကို စီးသွားသလဲ ဆိုတာကို ဘယ်သူမှ မသိကြတာပဲ" 


ယွီနျန် နှာခေါင်းလေးကို ပွတ်လိုက်ပြီး ထိုဖော်ပြချက်က လုံးဝ မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ 


နောက်ထပ် အပြန်အလှန် စကားအနည်းငယ် ပြောကြပြီးနောက် သူ ဖုန်းချလိုက်ပြီး တွဲရက်ခန်းလေး၏ တံခါးကို ဖွင့်ကာ အပြင်ထွက်ရန် ပြင်လိုက်သည်။ တံခါးဟလိုက်ချိန်မှာပင် ရွှယ်ယုံ ဖုန်းပြောနေပုံရသည်ကို သတိပြုမိလိုက်ပြီး တင်းကျောက်ရှန်အကြောင်း စကားလုံးအချို့ ထွက်ပေါ်လာသည်ကို ခပ်ရေးရေး ကြားလိုက်ရသည်။ 


ရွှယ်ယုံ့အတွက် နောက်ဆက်တွဲ စီစဥ်စရာများ လုပ်စရာ ရှိနေလောက်မည်ဟု သတိရမိသဖြင့် ယွီနျန် ချက်ချင်း ထွက်မသွားခဲ့ပေ။ သူ တံခါးကို ခပ်ဖွဖွလေး ထပ်ပိတ်လိုက်ပြီး နံရံကို မီကာ စိတ်ပျံ့လွင့်နေရင်း ဝေ့ပေါ် တလျှောက် ဆွဲကြည့်နေခဲ့သည်။ 


တရုတ်နှစ်သစ်ကူးကာလဖြစ်၍ သတင်းထူးအများစုမှာ ပွဲတော်နှင့် သက်ဆိုင်နေသည်။ သူဆွဲချကြည့်လိုက်သောအခါ ယွီချင်းနှင့် ရှားမင်ရှီတို့နှင့် ပတ်သက်သော သတင်းတွဲများကို တွေ့လိုက်ရသည်။ 


ဆယ့်တစ်နေရာတွင် ရှိနေသည်မှာ #ယွီချင်းရဲ့ရိုက်ကူးရေးအဖွဲ့ကစာအိတ်နီအကြီးကြီး ပေးခဲ့တယ်# နှင့် ဆယ့်နှစ်ခုမြောက် နေရာတွင် ရှိနေသည်က #ရှားမင်ရှီကသားအရင်းမဟုတ်ဘူး# ဟူသည်ပင်။ 


သူဝင်ကြည့်လိုက်ရာ ရှားမင်ရှီတစ်ယောက် ရိုက်ကူးရေးအဖွဲ့မှ အိမ်ပြန်လာပြီး တရုတ်နှစ်သစ်ကူးကို မိဘများနှင့် အတူကုန်ဆုံးရန် စီစဥ်ထားခဲ့သည်ဟု တွေ့လိုက်ရသည်။ သို့သော်ငြား သူအိမ်ပြန်ရောက်ချိန်၌ အိမ်က အလွတ်ကြီး ဖြစ်နေသည်။ ရှားယွမ်နှင့် ကျောက်လန်တို့မှာ သူတို့၏ သားဖြစ်သူကို မေ့သွားခဲ့ကြပြီး နိုင်ငံရပ်ခြားသို့ အားလပ်ရက်ခရီးထွက်သွားခဲ့ကြခြင်း ဖြစ်သည်။ ရှားမင်ရှီက သူ့အား မည်သည့်အတွက်ကြောင့် ကြိုတင်၍ အသိမပေးခဲ့ရသနည်းဟု မေးလေရာ ရှားယွမ်က "ငါမေ့သွားတာ"ဟုသာ တဲ့တိုး ပြန်ဖြေခဲ့သည်ဟူ၏။


ရှားမင်ရှီမှာ ဒေါသထွက်ရလွန်း၍ ရှားယွမ်ကို စွပ်စွဲအပြစ်တင်ထားသည့် ဝေ့ပေါ်ပိုစ့် သုံးခုတင်လိုက်သည်။ မရေမတွက်နိုင်သော သစ္စာရှိဖန်များက ရယ်သံများ အပြည့်ဖြင့် အုံလိုက်ကျင်းလိုက် ကွန်မန့်များ ပေးခဲ့ကြပြီး ရေပန်းစားအကြောင်းအရာများထဲသို့ မြန်မြန် ဝင်ရောက်သွားလေတော့သည်။ 


ယွီနျန်မှာ ရှားမင်ရှီ၏ ဝေ့ပေါ်ပိုစ့်ကို လိုက်ခ်လုပ်လိုက်ပြီး ဆက်ပြီး ဆွဲကြည့်နေခဲ့သည်။ အဆုံးသတ်တွင် သူ့ကိုယ်ပိုင် နာမည်ကို တွေ့လိုက်ရသည်။ #ယွီနျန်လေလံပွဲမှာပေါ်လာတယ်#


“[ပုံက သိပ်မရှင်းပေမယ့် သေချာပေါက် နျန်နျန်ပဲ... အာ... အရမ်းဝါးနေပြီးတော့ တည့်တည့်ကနေ ရိုက်ထားတာ မဟုတ်ပေမယ့် နျန်နျန်က ပန်းချီကားထဲက ထွက်လာသလို ချောမောလှပနေတာပဲ... သူ့ရဲ့ ရုပ်ရည်ကြောင့် အံ့အားသင့်သွားရပြီ #သူ့မျက်နှာကြောင့်ဖန်ဖြစ်လာသူတွေလာဒူးထောက်ကြ#]


[အိုးမိုင်ဂေါ့... ငါရှာကြည့်လိုက်တာ... ဒါက အတွင်းပိုင်း လေလံပွဲလေးပဲတဲ့... ပစ္စည်းတွေက ကျွန်းနိုင်ငံတစ်ခုရဲ့ ကိုယ်ပိုင်ပြတိုက်တစ်ခုကနေ လာတာ... ဒါကြောင့်မို့ ဝင်ခွင့်ရဖို့ ဖိတ်စာလိုတယ်တဲ့... အရမ်း ဂုဏ်သိက္ခါကြီးလိုက်တာ... ငါတို့ရဲ့နျန်နျန်က ဒီလောက်ထိ ချမ်းသာတာလား]


[သူဆိုတာ အတည်တောင်မပြုရသေးဘူး... ဖန်တွေ ရူးနေကြတာလား... ပြီးတော့လေ... ဘယ်သူသိမှာလဲ... ဒီလူက လျှောက်ကြည့်ရုံလေး ဝင်လာပြီး လူထုပုံရိပ်ကို မြှ

င့်ဖို့ လုပ်ထားတာလည်း ဖြစ်နိုင်တာပဲလေ]


ယွီနျန် ဆက်ဖတ်နေရင်း ဖုန်းမြည်လာပြန်သည်။ 


"ဒါရိုက်တာကန်လား... ပျော်ရွှင်စရာ နှစ်သစ်ကူးလေး ဖြစ်ပါစေ"