အပိုင်း ၆၈
Viewers 10k

Chapter 68

  ပထမဆုံးသော မွေးနေ့ဆုတောင်း




ယွီနျန်က ဆောင်းရာသီ၏ လေးစက်စက် လေထုကို အံတုကာ ဆေးရုံ၏ ကော်ရစ်ဒါတလျှောက် လျှောက်လာနေခဲ့သည်။ လျှောက်နေရင်းဖြင့် မြင်ကွင်းထဲ၌ အဆုံးသတ် မရှိသည့်အလား အဆုံးမရှိသော ခံစားချက်တစ်ခု ရနေသည်။ သူ့စိတ်ထဲတွင် မရေတွက်နိုင်သော မှတ်ဥာဏ်များ ဖြတ်ပြေးသွားပြီး ကျိုးကြောင်း စဥ်းစားနိုင်မှုနှင့် အစီအစဥ်တကျ မရှိလေဘဲ ဖရိုဖရဲ ကစဥ့်ကလျား ဖြစ်နေလေသည်။ အရာအားလုံး၌ အဓိက ဇာတ်ကောင်အဖြစ် လူတစ်ဦးတည်းကသာ ရှိနေသည်။ ထိုသူက ရွှယ်ယုံသာ... 


သူတို့က အချိန်အကြာကြီး အတူတကွ မကုန်ဆုံးခဲ့ရဘဲ လက်တစ်ဆုပ်စာ တွေ့ဆုံမှုလေးပင် မရှိခဲ့သော်ငြား ထိုအခိုက်၌ သူ့လေပြွန်ပိုက်က ပိတ်ဆို့နေပုံရပြီး အောက်စီဂျင် ပြတ်လပ်နေသလို ခံစားချက်က သူ့ကို မှုန်ရီနေစေလေသည်။ 


"ယွီနျန်"


တစ်စုံတစ်ယောက်က သူ့နာမည် ခေါ်လိုက်သည်ကို ကြားသောအခါ ယွီနျန် အလိုအလျောက် ခြေလှမ်း ရပ်မိသွားသည်။ သူ့မျက်လုံးများကို အာရုံစူးစိုက်နိုင်ရန် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရသည်။ 


"ဥက္ကဌချူလား" 


သူ့ အသံကြိုးများက ထိန်းချုပ်ခံထားရသလို ဖြစ်နေပြီး အသံက အက်ကွဲကာ ကြမ်းတမ်းနေခဲ့သည်။ 


သူ့အတွေးများကို အခြားအခြေအနေတစ်ခုမှ ဆွဲယူလိုက်သည့်အလား လက်ရှိ အခြေအနေသို့ ပြန်ရောက်လာခဲ့သည်။ နောက်မှသာ ကော်ရစ်ဒါတွေ တိတ်တဆိတ် ရပ်နေကြသည့် တောင့်တောင့်ဖြောင့်ဖြောင့် ဘော်ဒီဂတ်များကို တွေ့လိုက်ရသည်။ ချူရှောင်းရန်၏ မျက်လုံးများက ရဲရဲနီနေလေသည်။ သူ ထရပ်ကာ လျှောက်လာရင်း စာရွက်ပိုင်းလေးတစ်ခုကို ကမ်းပေးလာခဲ့သည်။ 


ယွီနျန် လက်လှမ်းယူလိုက်ရင်း မျက်လုံးများကို အောက်သို့ ငိုက်စိုက်ချမိသည်။ စာရွက်ပေါ်၌ ပါနေသည့် "ခင်ဗျား အန္တရယ် ကင်းပါစေ" ဟူသော စကားလုံး လေးလုံးက ရှင်းလင်းနေလေသည်။


သူ့မျက်တောင်များ အနည်းငယ် တုန်ယင်သွားပြီး လက်ဖဝါးထက်၌ ထိုစာရွက်ပိုင်းလေးကို ကိုင်ထားမိသည်။ 


ချူရှောင်းရန်လည်း အိတ်ကပ်ထဲကို လက်ပြန်ထည့်လိုက်ပြီး သူ့ခန္ဓါကိုယ်က တောင့်တင်းနေကာ စိတ်အေးလက်အေး မနေနိုင်သေးပေ။ သူက တည်ငြိမ်နေသည့် အသံဖြင့် ယွီနျန်ကို ရှင်းပြလိုက်သည်။


 "လတ်တလော တင်းကျောက်ရှန်က အလျော့ပေးတဲ့ ပုံစံလို ပြလာတယ်လေ... သူက နောက်ကွယ်မှာ တန်ပြန်တိုက်စစ် ပြင်နေတဲ့ အချိန်မှာ အပြင်ပိုင်းမှာတော့ အားနည်းတဲ့ပုံစံ ပြလာတယ်... ရွှယ်ယုံလည်း ငါ့ကို အဲ့အကြောင်း ပြောပြခဲ့တယ်... ဒါကြောင့်မို့ ငါတို့တွေ သတိကြီးကြီးနဲ့ နေခဲ့ကြတာ"


ယွီနျန်က လက်ခံသည့် အသံတစ်ခု ထုတ်လိုက်ပြီး လည်ချောင်းက နာကျင်နေကာ များများ ထပ်မပြောနိုင်တော့။ 


ချူရှောင်းရန်က အသက်ပြင်းပြင်း ရှူလိုက်သည်။


 "မနေ့က ငါ့အစ်ကို ငါ့ကို တစ်ခုခု ပြောခဲ့သေးတယ်... သူပြောတာ ရွှယ်ယုံက တဖြည်းဖြည်းနဲ့ ရှေ့ဆက်သွားနေပြီး အရာအားလုံး အခြေတကျ ဖြစ်တော့မယ်... သူတို့တွေ မကြာခင် လှုပ်ရှားဖို့ စီစဥ်နေကြပြီတဲ့"


“နေ့လည်တုန်းက အစည်းအဝေး တစ်ခု လုပ်ခဲ့ကြတော့ တင်းကျောက်ရှန်လည်း တက်ခဲ့တယ်လေ... သူတို့ ထွက်လာခဲ့တော့ ရွှယ်ယုံက အရင် ထွက်လာပြီး တင်းကျောက်ရှန်ကလည်း မလှမ်းမကမ်းကနေ လိုက်လာတယ်... ဒါပေမယ့် ငါတို့တွေ စောင့်ကြည့်ကင်မရာကို စစ်ဆေးကြည့်လိုက်တော့ ရွှယ်ယုံရဲ့ကား နှေးနေတဲ့ အချိန်မှာ တင်းကျောက်ရှန်ရဲ့ ကားက အရှိန်မြှင့်လိုက်ပြီး မြန်မြန် လိုက်မီသွားတာ... ဘာတွေ ဖြစ်ခဲ့လဲဆိုတာတော့ ငါတို့လည်း အတိအကျမသိဘူး... ဒါပေမယ့် တင်းကျောက်ရှန်ရဲ့ကားက ရုတ်တရက် ထိန်းမရသိမ်းမရ ဖြစ်သွားပြီး ရွှယ်ယုံရဲ့ကားကို တမင်သက်သက် ဝင်တိုက်မိတော့တာပဲ... နောက်ပိုင်း ဖြစ်လာတာတော့ ပရမ်းပတာတွေ ဖြစ်ပြီး ကားတွေအများကြီး တိုက်မိကုန်ကြတော့တာ... ရွှယ်ယုံက ကားနှစ်စီးနဲ့ စုစုပေါင်း လူသုံးယောက် ပါတဲ့အချိန်မှာ တင်းကျောက်ရှန်ဘက်က ကားသုံးစီးနဲ့ လူကိုးယောက်ပါပြီး အားလုံး ဆေးရုံရောက်ကုန်ကြတာပဲ"


ယွီနျန် ပြဿနာကို စူးစူးရှရှ ဂရုပြုကြည့်နေသည်။


 "ရွှယ်ယုံ အခုနောက်ပိုင်း သတိကြီးကြီးထားနေတယ်လို့ ပြောခဲ့တယ်မဟုတ်လား... ဘာလို့ သူက ကားနှစ်စီးနဲ့ လူသုံးယောက်ပဲ ခေါ်လာခဲ့ရတာလဲ... သူ့ရဲ့ လုံခြုံရေးဝန်ထမ်းကရော" 


ချူရှောင်းရန် တန့်သွားသည်။


 "မင်းပြောတာ ဟုတ်တယ်" 


သူ့မျက်လုံးများ အနည်းငယ် ဝင်းလက်လာခဲ့ပြီး အသက်ရှူသံများ မြန်ဆန်လာခဲ့သည်။


 "ဖြစ်နိူင်တာက..."


“ဖြစ်နိုင်တယ်" ယွီနျန်က အရေးပေါ်ခန်း ပိတ်နေသော တံခါးများကို ကြည့်လိုက်ပြီး သူ့အသံထဲမှ အေးစက်မှုတို့ကိုပင် သတိမပြုနိုင် ဖြစ်နေရသည်။ 


"တင်းကျောက်ရှန်ရဲ့ အခြေအနေက ဘယ်လိုလဲ"


“အဲ့ဒီလူအိုကြီးက သေတော့သေခါနီးနေပြီ... နံရိုးတွေကျိုးပြီး အဆုတ်တွေပါ ထိုးမိသွားတယ်လေ... အခုလောလောဆယ် သူ့ကို ကယ်ပေးနေကြတယ်" 


ချူရှောင်းရန် အဖြစ်အပျက်များကို ပြန်တွေးနေမိသည်။ "ကြည့်ရတာ ဒီတစ်ကြိမ်တော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ လက်ထောက်တစ်ယောက်၊ အတွင်းရေးမှူး သုံးယောက်နဲ့ ဘော်ဒီဂတ်တွေပါ ပါတယ်...


သူတို့အားလုံး တော်တော်များများ ထိခိုက်ကုန်ကြတယ်လေ" သူပို၍ တွေးလေလေ ဖြစ်နိုင်ချေ ရှိသည်ဟု ခံစားရလေလေ ဖြစ်သည်။ 


“တင်းကျောက်ရှန် အရင်တုန်းက ဒီလိုကိစ္စမျိုးတွေကို တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျ ဝင်မပါခဲ့ဖူးဘူး... ပိုက်ဆံသုံးပြီး သူများတွေကို လုပ်ခိုင်းလိုက်တာချည်းပဲ... ဒီတစ်ခါတော့ လီဗာကို တစ်ခါတည်း တန်းနင်းပြီး တခြားကားတစ်စီးကို ဖြတ်တိုက်ပစ်လိုက်တယ်လေ... သူလုပ်နေကျပုံစံ မဟုတ်ဘူး... ပိုပြီး ဖြစ်နိုင်တာ သူက..." 


"ရန်စခံရတာ"


“ဟုတ်တယ်... အတိအကျပဲ... သူ ရန်စခံရပြီးတော့ ဒေါသတွေ ထွက်ပြီး သွေးတွေ ပွက်ပွက်ဆူလာတာပဲ ဖြစ်ရမယ်"


ထိုအချိန်၌ ကြမ်းပြင်ပေါ် တဒေါက်ဒေါက် နင်းလျှောက်လာနေသည့် ဒေါက်ဖိနပ်သံက တဖြည်းဖြည်း နီးကပ်လာသည်။ ချူရှောင်းရန်က နီးကပ်လာသော ပုံရိပ်လေးကို ကြည့်ကာ ရှေ့နှစ်လှမ်းလောက် တိုးသွားလိုက်ပြီး အော်ခေါ်လိုက်သည်။ 


"အန်တီရွမ်" ယွီနျန်ကလည်း သူမကို ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်ပြီး ရွှယ်ယုံနှင့် အတော်လေး ဆင်နေသည့် ထိုသူမှာ ရွှယ်ယုံ၏ မိခင် ဖြစ်ရမည်ဟု ခန့်မှန်းမိလိုက်သည်။


ရွမ်ယန်မိန်က အပြသ်အနာအဆာ မရှိသော မိတ်ကပ်လိမ်းထားပြီး အရောင်နက်နက် သမားရိုးကျ ဂါဝန် ဝတ်ဆင်ထားကာ ဒေါက်ဖိနပ် မြင့်မြင့်က သူမ၏ အမိန့်စေခိုင်းနိုင်သော ပုံရိပ်ကို ထောက်ပံ့ပေးထားသည်။ သူမက ချူရှောင်းရန်ကို အားတင်း၍ ပြုံးပြလိုက်ပြီး ယွီနျန်ကို ဂရုတစိုက် ကြည့်ကာ နွေးထွေးစွာဖြင့် စကားပြောလာခဲ့သည်။


 "အန်တီ မင်းကို သိတယ်... မင်းနာမည်က ယွီနျန် မဟုတ်လား" 


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်ပါတယ်... ကျွန်တော် ယွီနျန်ပါ"


"အန်တီလည်း မင်းရဲ့ ဖျော်ဖြေမှုတစ်ခု ကြည့်ဖူးတယ်လေ... အဲ့အချိန်တုန်းက မင်းကို ချီးကျူးမိခဲ့သေးတယ်... မင်းရဲ့ မျက်လုံးကို အဝတ်စအမည်းနဲ့ စည်းထားတာတောင် မင်းရဲ့ မျက်နှာအစိတ်အပိုင်းတွေက အရမ်း လှတာပဲလို့လေ... ရှောင်ယုံက ပြောခဲ့တာ မင်းသီချင်းဆိုတာက ပိုလို့တောင် လှတယ်တဲ့... ပြိုင်ပွဲ ရလဒ်တွေ မကြည့်ရသေးတာတောင် မင်း ပထမရမယ်မှန်း ကျိန်းသေသိနေတာ"


 ရွမ်ယန်မိန်က ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့ပြီး သူမ၏ အမူအယာက ပို၍ နွေးထွေးလာခဲ့သည်။


 "သူကလေ အန်တီနဲ့ သာမန်ကာလျှံကာ တီဗီလာကြည့်ချင်ယောင် ဆောင်ပြီးတော့ သူလုပ်စရာတွေ ချထားပြီး တစ်ခါတည်းနဲ့ ပန်းသီးရှစ်လုံး ခွာပေးခဲ့တာ" 


ယွီနျန်မှာ ရွှယ်ယုံ၏ အမေက သူ့ဖျော်ဖြေမှုကို သဘောကျ၍ သူသီချင်းများကိုလည်း ကြိုက်ကြောင်း ပြောခဲ့ဖူးသည်ကို အမှတ်ရမိသည်။ တစ်ကြိမ်က သူ့အမေအတွက်ပင် လက်မှတ်ထိုးပေးခဲ့သေးသည်။ 


ယွီနျန်ကို အသေအချာ အကဲဖြတ်ပြီးနောက် ရွမ်ယန်မိန်က ချူရှောင်းရန်ဘက်ကို လှည့်ကြည့်လိုက်သည်။


 "အဲ့ကိစ္စ မဖြစ်ခင်က ရှောင်ယုံ အန်တီ့ကို စာပို့ထားခဲ့သေးတယ်"


သူတို့၏ မှန်းဆချက်များ အတည်ပြုပြီး ဖြစ်သွားသဖြင့် ချူရှောင်းရန်၏ နှလုံးသား မြန်ဆန်သွားရသည်။ 


"သူ အစီအစဥ်တွေ ချထားပြီးသား မဟုတ်လား"


“တိကျသေချာတဲ့ အစီအစဥ်တော့ မဟုတ်ဘူးပေါ့... ဒါပေမယ့် တင်းကျောက်ရှန်နဲ့ သူ့လက်အောက်ငယ်သားတွေ ဆေးရုံမှာ လဲနေတော့ ကိစ္စတွေလည်း ကိုင်တွယ်ရတာ ပိုလွယ်သွားပြီး မြန်မြန် ဖြေရှင်းနိုင်တာပေါ့"


 ရွမ်ယန်မိန်က သူမ၏ လက်ကိုင်အိတ်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး ခွဲစိတ်ခန်း ရှိရာဘက်ကို မကြည့်မိအောင် ထိန်းထားရသည်။ သူမ ဆက်ပြောလိုက်သည်။


 "ဒါကြောင့် မင်းတို့အားလုံး ဒီဘက်က ကိစ္စတွေ စောင့်ရှောက်ပေးကြဖို့ အန်တီယုံကြည်ထားမယ်နော်... သူက ဒီအခွင့်အရေးနဲ့ အချိန်တွေအတွက် သူ့ဘဝကို ရင်းထားမှတော့ အန်တီတို့ကလည်း သူ့ကိုယ်စား အခွင့်အရေး ပြန်ယူရမယ်လေ" 


ချူရှောင်းရန် စိတ်အားထက်သန်စွာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"အန်တီရွမ်... စိတ်ချထားလိုက်ပါ... ကျွန်တော် ဒီမှာ တစ်ချိန်လုံး စောင့်ပေးထားမယ်... တင်းကျောက်ရှန်အတွက်ကတော့ ကျွန်တော့်အစ်ကိုကိုယ်တိုင် မျက်ခြေမပြတ် ကြည့်ပေးနေတယ်... သူနိုးလာရင်တောင် ပြဿနာ ရှာဖို့ အခွင့်အရေး မရစေရဘူး"


ရွမ်ယန်မိန်က ကြာကြာမနေဘဲ သူမ၏ လူများကို အတူခေါ်ကာ မြန်မြန် ထွက်သွားခဲ့သည်။ 


ချူရှောင်းရန်က သူ့မျက်နှာကို ပွတ်သပ်လိုက်ရင်း ကိုယ့်ဘာသာ ပြုံးလိုက်ပြီး မျက်နှာ ငုံ့လိုက်သည်။


 "ငါသိနေတယ်... ရွှယ်ရှောင်ယုံက အရမ်းတော်ပြီး သတိကြီးတတ်တာ" စကားအချို့ ပြောလိုက်ပြီးနောက် သူ့အသံက အက်ရှသွားပြန်သည်။


 "ဘာလို့ သူ့အတွက် အရမ်း ခက်ခဲနေရတာလဲ"


ယွီနျန်လည်း အောက်ကို ငုံ့လိုက်ရင်း နံရံကို မီထားကာ သူ့လက်ချောင်းများကို ဖြေလျှော့လိုက်ပြီးနောက် ပြန်ပြီး ဆုပ်ထားမိပြန်သည်။ 


ချူရှောင်းရန်က စိတ်ထဲတွင် ပရမ်းပတာ ဖြစ်နေဆဲ ဖြစ်ပြီး အတွေးများ မရှင်းလင်းသေးဘဲ ပြောလိုက်သည်။


 "ငါတို့ သူ့ကို ကားထဲက ကယ်ထုတ်တော့ သူ့ညာလက်မှာ မှန်ကွဲစတွေ စိုက်နေပြီး ဟက်တက်ကွဲ ဒဏ်ရာ အရှည်ကြီး ဖြစ်နေတာ... သွေးထွက်တာလည်း မရပ်ဘူး... ဘယ်လောက် နာကျင်ရမလဲ ဆိုတာကို တွေးကြည့်လို့တောင် မရဘူး"


သူတို့နှစ်ယောက်သားက မိုးသောက်ချိန်ထိ စောင့်နေခဲ့ကြပြီး ခွဲခန်းတံခါး ပွင့်လာချိန်တွင် ဆေးရုံကုတင်ပေါ် ၌လဲလျောင်းနေဆဲ ရွှယ်ယုံကို တွန်းထုတ်လာခဲ့ကြသည်။ 


ဒေါက်တာက မတ်စ်ကို ချွတ်ကာ မောဟိုက်နေဟန်ဖြင့် ပြောလိုက်သည်။ "အခြေအနေကတော့ တော်တော်လေး ကောင်းတယ်... သက်ရောက်မှုအရဆို ယာဥ်တိုက်မှုကြောင့် သူ့ရဲ့ ဦးနှောက်ကို ထိခိုက်သွားတယ်... ဒါပေမယ့် အခုထိတော့ ပြင်းထန်တဲ့ အခြေအနေမျိုး မတွေ့ရသေးပါဘူး... တစ်ခဏလောက် ကိုမာဝင်သွားတာက သာမန်ပါပဲ... ကိုယ်ပေါ်မှာတော့ ဒဏ်ရာတွေ အများကြီး ရှိနေတယ်... ညာဘက်လက်က ဒဏ်ရာကတော့ အနက်ဆုံးပဲ... ဒီဒဏ်ရာကို ချုပ်ပေးပြီးပြီ... အာရုံကြော ထိခိုက်တာမျိုး မရှိတဲ့အကြောင်း အတည်ပြုပြီးပါပြီ" 


ချူရှောင်းရန်က ကျေးဇူးတင်စိတ်ကို ဖော်ပြလိုက်ပြီးနောက် မြန်မြန် မေးလိုက်သည်။ 


"သူ့လက်က ဒဏ်ရာက နောက်ပိုင်း စန္ဒယားတီးတဲ့ စွမ်းရည်အပေါ် သက်ရောက်မှု ရှိနိုင်လား"


“မရှိနိုင်လောက်ပါဘူး... ဒါပေမယ့် လုံးဝ အာမခံထားလို့တော့ မရဘူးပေါ့လေ... လူနာ နိုးလာတဲ့အထိ စောင့်ပြီးတော့မှပဲ ဆုံးဖြတ်ပေးနိုင်တော့မှာ"


ပြင်ဆင်ထားသော လူနာခန်းထဲသို့ ရောက်သည်နှင့် ရွှယ်ယုံကို သေချာ နေရာချပြီးနောက် ချူရှောင်းရန်က ရွမ်ယန်မိန်အား ထိုကြောင်းကို ချက်ချင်း သတင်းပို့ပေးလိုက်သည်။ ထို့နောက်တွင်တော့ အားအင်ကုန်ခမ်းသွားသည်အလား ထိုင်ချလိုက်လေသည်။ 


"ဒဏ်ရာအကြီးကြီးတွေ မရတာ ကျေးဇူးတင်ရမှာပဲ... ကောင်းကင်ကနေ တကယ် ကောင်းချီးပေးနေတာပဲ ဖြစ်ရမယ်"


ယွီနျန်၏ တင်းကျပ်နေသော စိတ်အစုံတို့က တစ်ဝက်ခန့် ပြေလျော့သွားခဲ့ပြီး ချူရှောင်းရန်ကို ကြည့်လိုက်သည်။ 


"ကျွန်တော်တို့ တစ်လှည့်စီ စောင့်ပေးကြမလား... ခင်ဗျား အရင်ဆုံး သွားအိပ်လိုက်လေ"


ချူရှောင်းရန် လက်ယမ်းပြလိုက်သည်။


 "မင်းအရင်သွားချည်... ငါခဏလောက် ခံနိူင်ပါသေးတယ်... မင်းနိုးလာမှပဲ ငါအိပ်တာပေါ့"


ယွီနျန်က ဆေးရုံကုတင်ထက်တွင် ဖျော့တော့စွာဖြင့် လဲလျောင်းနေသော ရွှယ်ယုံကို ကြည့်ကာ မငြင်းဆန်တော့ပေ။ "ကောင်းပါပြီ"


သူက ဆေးရုံခန်းထဲမှ အနားယူသည့်အခန်းထဲသို့ သွားကာ လဲချလိုက်ပြီး မျက်လုံးများ မှိတ်၍ အိပ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အိမ်မက်များ ဆက်တိုက် မက်နေပြီး စိတ်အေးလက်အေး မဖြစ်နိုင်သော ခံစားချက်ရနေသည်။ 


နေ့လည် 3နာရီ ရောက်သောအခါ ယွီနျန် အိပ်ရာမှ နိုးလာခဲ့သည်။


ဆေးရုံခန်းက အတော်လေး ကျယ်ဝန်းလှပြီး အပူပေးစက်လည်း ပါဝင်ကာ ဖန်စားပွဲထက်၌ ပန်းအိုးတစ်အိုး တင်ထားသည်။ တံခါးအပြင်ဘက်မှ ဘော်ဒီဂတ်များ ကင်းလှည့်နေသည့် အသံဖျော့ဖျော့ကိုလည်း ကြားနေရပေသည်။ 


ယွီနျန်က စိုနေသော ဂွမ်းစလေးကို ဂရုတစိုက် လှမ်းယူကာ ကိုယ်ကိုင်း၍ ရွှယ်ယုံ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို အစိုဓါတ်ပေးလိုက်သည်။ ထို့နောက် ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး တစ်ခဏမျှ ခပ်တွေတွေ စိုက်ကြည့်နေမိလေသည်။ တစ်စုံတစ်ခုကို သတိရမိသွားသောအခါ ယွီချင်းကို စာပို့ပေးလိုက်သည်။ 


မင်သွေးကျောက်တုံးများနှင့် ရှေးဟောင်းစာအုပ်များကို ရောင်းချပြီးနောက် ချေးထားသော ပိုက်ဆံအများစုကို ပြန်ဆပ်နိူင်ခဲ့သော်လည်း ငါးမီလီယံ အကြွေးတင်နေဆဲ ဖြစ်သည်။ ၎င်းတို့ကို နောက်မှသာ ပြန်ဆပ်နိုင်ပေတော့မည်။ 


ယွီချင်းက "အိုကေ" ဟု မြန်မြန် ပြန်ဖြေလာပြီးနောက် တရုတ်နှစ်သစ်ကူးကို အတူတကွ ကုန်ဆုံးရန်အတွက် ရိုက်ကူးရေးအဖွဲ့နှင့်အတူ ပါဝင်ချင်သည်လားဟု မေးလိုက်သည်။ 


ယွီနျန်က ခေါင်းငုံ့ထားရင်း ပြန်ဖြေလိုက်သည်။


 "မလာဖြစ်လောက်ဘူး"


ယွီချင်း ပြန်ပြောလိုက်သည်။ "ဟုတ်ပါပြီ... ဘာပဲဖြစ်ဖြစ် ရိုက်ကူးရေးအဖွဲ့ကလည်း အရမ်းကြီး ကောင်းနေတဲ့ နေရာတော့ မဟုတ်ပါဘူး... နင်မလာလည်း ရပါတယ်... ကောင်းကောင်းစားဖို့ သတိရဦးနော်"


သူ ပြန်စာရေးပို့ပြီးချိန်မှာပင် ချူရှောင်းရန်က ဆေးရုံခန်းတံခါးကို ဖွင့်၍ ဝင်လာခဲ့သည်။ သူ တီးတိုးပြောလာခဲ့သည်။


 "ငါ အခုလေးတင် ငါ့အစ်ကိုနဲ့ ဖုန်းပြောလာတာ... သေစမ်း... ကျေနပ်အားရချက်ပဲ... တင်းကျောက်ရှန်က အခုထိ ခွဲခန်းထဲကနေ ထွက်မလာရသေးဘူးတဲ့... သူ့ရဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေကလည်း အပြင်းအထန် ထိခိုက်တာ မဟုတ်ရင် သတိမေ့နေကြတုန်းပဲ... သူတို့အုပ်စုကတော့ အခု ပြိုကွဲတော့မယ်... ပြီးတော့ မင်းသိလား... အဲ့ဒီပြဿနာကောင်တွေက အန်တီရွမ်ကလည်း သွားရှုပ်လို့ ရတဲ့သူ မဟုတ်ဘူးဆိုတာကို မေ့နေကြတယ်လေ"


သူပြောနေရင်း သမ်းဝေလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အားပါးတရ ပြောနေလေသည်။


 "အန်တီရွမ်က အခုလောလောဆယ် နိုင်ငံရပ်ခြား အ

စည်းအဝေး တစ်ခု ထိုင်နေတယ်... ပြီးတော့ ငါ့အဖေကလည်း နောက်ကွယ်က ကိစ္စတွေကို ဖြေရှင်းပေးနေတယ်လေ... ရလဒ်ကို တွေ့ဖို့ မကြာလောက်တော့ဘူး... ငါခဏလောက် သွားအိပ်လိုက်ဦးမယ်"