အပိုင်း ၆၇
Viewers 11k

Chapter 67

ကျွန်တော် အခုပဲ လာလိုက်မယ်



ယွီနျန် ထရပ်ကာ သပ်သပ်ရပ်ရပ် စီစဥ်ထားသော ပစ္စည်းများကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ သူ ဂရုတစိုက် မိတ်ဆက်ပေးလိုက်သည်။ 


"ကျွန်တော့်မိသားစုထဲက လူတွေက ရှေးဟောင်းရိုးရာလက်မှုပစ္စည်းတွေကို သုံးရတာ ကြိုက်ပြီးတော့ အဲ့ပစ္စည်းတွေကိုလည်း တန်ဖိုးထားချစ်ခင်ကြတယ်... အချိန်ကြာလာတော့ ဒီပစ္စည်းတွေက သဘာဝကျကျပဲ ရှေးဟောင်းပစ္စည်းတွေ ဖြစ်လာပြီးတော့ မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတာပေါ့...


ကျွန်တော့် အဘေးရဲ့ မှတ်စုတွေကို ကြည့်ပြီးတော့ ဒီမင်သွေးတုံး နှစ်ခုက နှစ်ပေါင်းလေးရာ ရှိပြီလို့ မှတ်တမ်းတင်ထားတယ်... သူတို့တွေကို ပြတ်တောင်း ပြတ်တောင်း သုံးခဲ့ကြတာ... ပြီးတော့ သက်တမ်းရင့်ကျောက်တွေနဲ့ ပြုလုပ်ထားပြီး ခရမ်းပြာရောင် နုနုအရောင်လေး ရှိပြီး ကျောက်အရည်အသွေးကလည်း အရမ်းသန့်စင်တယ်"


ရုန်ယွဲ့ ခေါင်းငြိမ့်ပြလိုက်သည်။ 


"လတ်တလောနှစ်တွေအတွင်းမှာ မင်သွေးကျောက်တုံးတွေရဲ့ တန်ဖိုးက မြင့်တက်လာတယ်... စုဆောင်းသူတွေကလည်း စာပေပညာရပ်မှာ သုံးတဲ့ ရှေးဟောင်းပစ္စည်းတွေအပေါ် အာရုံစထားလာကြပြီ" 


“ဟုတ်" ယွီနျန်က ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသော ရှေးဟောင်းစာအုပ်များကို ထုတ်ယူလာခဲ့သည်။ 


"ဒီရှေးဟောင်းစာအုပ် ငါးစုံကို အိမ်မှာပဲ အမြဲတမ်း သိမ်းထားခဲ့တာ... သူတို့က အတုမရှိ ကူးရေးထားတဲ့ လက်ရေးစာ တွေတော့ မဟုတ်ပေမဲ့ နှစ်ပေါင်းငါးရာနီးပါးတော့ ရှိနေပြီ... သူတို့က လွန်ခဲ့တဲ့ မင်းဆက်က တရားဝင်စာရွက်စာတမ်းတွေကို မှတ်တမ်းတင်ထားပြီး ကြေးနီပေါ်မှာ ရိုက်နှိပ်ထားလို့ အတော်လေး လက်ရာကောင်းပြီး အမြင်လှတယ်"


ရုန်ယွဲ့က သူ့ရှေ့တွင် ချထားသော ပစ္စည်းများကို ကြည့်နေရင်း အသက်ရှူရပ်တော့မလို ခံစားနေရသည်။ 


"ဒါ တကယ် နှိပ်စက်နေတာပဲကွ... ငါ့မှာ ပိုက်ဆံများများ မရှိတာ စိတ်မကောင်းစရာပဲ... မဟုတ်ရင် အားလုံးကို တစ်ခါတည်း ဝယ်လိုက်ပြီး မိသားစု အမွေအနှစ်အဖြစ် စုဆောင်းထားလိုက်မှာ"


“ကျွန်တော် ဒါတွေကို ဦးလေးရုန်ဆီသာ ရောင်းရရင် ပိုပြီး စိတ်အေးသွားမှာပဲ... ကျွန်တော် သူတို့နဲ့ ခွဲရမှာကို တကယ်တောင့်မခံနိုင်ဘူး" 


ယွီနျန်က မင်သွေးကျောက်တုံးကို သတိကြီးကြီးဖြင့် ထိလိုက်သည်။ 


"ကျွန်တော် ငယ်ငယ်က လက်ရေးလှ လေ့ကျင့်ခဲ့တုန်းက ဒီမင်သွေးတုံးကို သုံးခဲ့တာ အမှတ်ရသေးတယ်... ကျွန်တော့်အမေ ငယ်ငယ်က စာရေးကျင့်ခဲ့တုန်းကလည်း ဒီမင်သွေးတုံးကိုပဲ သုံးခဲ့တာလို့ ဘိုးဘိုးက ပြောပြခဲ့တာ... ကျွန်တော့်အမေ စာစရေးတော့ 'ယွီသာ့ယွဲ့'ဆိုတဲ့ စကားလုံး သုံးလုံးကို လှလှပပ ရေးနိုင်ခဲ့တယ်တဲ့"


ရုန်ယွဲ့ သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ 


"ယွီနျန်... ဝယ်သူကောင်းကို ရအောင် ရှာပေးမယ်လို့ ငါ ကတိပေးတယ်... နောက်တစ်ပတ်လောက်ကျရင် ရှေးဟောင်း မင်သွေးတုံးနဲ့ စာရေးတဲ့ ပစ္စည်းတွေအတွက် အထူးလေလံပွဲတစ်ခု ရှိလိမ့်မယ်... လေလံပွဲမှာ ချင်းရှန်းယွီမိသားစုက ပစ္စည်းတွေ ပေါ်လာရင် အဲ့ဒီ ရာသီအလိုက် စုဆောင်းသူတွေ လန့်ဖျပ်သွားပြီးတော့ သေချာပေါက် လာတက်ကြတော့မှာပဲ"


“ဒါကောင်းတယ်"


 ယွီနျန် သူ့ရှေ့မှ ပစ္စည်းများကို ထပ်မကြည့်တော့ပေ။ သူ ရှင်းရှင်း သာပြောလိုက်သည်။ "ကျွန်တော် ငွေလုံလုံလောက်လောက် ရှိလာခဲ့ရင် သူတို့ကို စျေးမြင့်မြင့်နဲ့ ပြန်ဝယ်ဖို့ ကြိုးစားလို့ရမှာပါ... မင်သွေးတုံးတစ်တုံးကို စွန့်လွှတ်လိုက်တာထက် အခန်းတစ်ခန်းကို စွန့်လွှတ်လိုက်တာက ပိုကောင်းပါတယ်.... ကျွန်တော်သာ မင်သွေးတုံး နှစ်တုံးကို တစ်ခါတည်း ရောင်းလိုက်ရင် ကျွန်တော့် ဘိုးဘေးတွေ အိမ်မက်ထဲအထိ လာပြီး ဆူပူကြတော့မှာပဲ"


ရုန်ယွဲ့က သူဝမ်းနည်းနေသည်ကို သိနေသည်။ 


"ယွီနျန်... ဒါပေမယ့် မင်းလည်း 'ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ပြေးလွှားနေတယ်'ကို အရယူနိုင်ခဲ့တာပဲလေ"


“ဟုတ်ပါတယ်" ယွီနျန်က မျက်တောင်များကို ချကာ ရှေးဟောင်း စာအုပ်များ ပါသော သေတ္တာလေးကို တွန်းပေးလိုက်သည်။ 


"ဦးလေးရုန်... ကူညီပေးလို့ ကျေးဇူးတင်ပါတယ်" 


လနှစ်သစ်ကူး နီးကပ်လာသည့်အချိန်တွင် ရုန်ယွဲ့ဘက်မှ သတင်းတစ်ခု ရောက်လာခဲ့သည်။ မင်သွေးကျောက်တုံးနှင့် ရှေးဟောင်းစာအုပ် ငါးစုံလုံး ရောင်းထွက်သွားခဲ့ပြီဟူ၏။ တစ်ဖက်တွင်လည်း မင်သွေးတုံးနှင့် စာအုပ်များက ချင်းရှန်းယွီမိသားစုမှ ထွက်လာခြင်း ဖြစ်၍ လေလံစျေးကလည်း အတော်လေးမြှင့်ကာ ဝယ်ယူကြသည်။ ယှဥ်ပြိုင်မှု အလှည့်များစွာ ပြီးနောက် မင်သွေးကျောက်တုံး နှစ်ခုကို 6.3 မီလီယံဖြင့် ရောင်းချနိုင်ခဲ့ပြီး စာအုပ်ငါးစုံမှ 8.1 မီလီယံ ရရှိခဲ့သည်။ နှစ်ခုစလုံး၏ အဆုံးသတ်စျေးနှုန်းက မူလက မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်သွားခဲ့လေသည်။ 


“ရှေးဟောင်းစာအုပ်တွေကို ဝယ်သွားတဲ့သူက ဝမ်မျိုးရိုးနဲ့ လူတစ်ယောက်ပဲ... သူက ရှေးဟောင်းစာအုပ် စုဆောင်းတဲ့နေရာမှာ နှစ်ပေါင်းများစွာ မြှုပ်နှံထားခဲ့တာ... သူက စာတမ်းနှစ်ခုတောင် ရေးထားခဲ့သေးတယ်... ချင်းရှန်းယွီမိသားစုက လေလံတင်မယ်ဆိုတာ ကြားကြားချင်း အပြေးရောက်လာတာပဲ... သူပြောတာ စာအုပ်ပေါ်မှာ ယွီမိသားစုဝင်တွေ မှတ်ချက်ပြုထားကြတာက အဖိုးတန်ဆုံးနဲ့ တွေ့ဖို့ အခက်ခဲဆုံးပဲတဲ့... သူ့ရဲ့ စုဆောင်းမှုထဲမှာ မစ္စတာရှုနျင်းရဲ့ စုတ်ချက်တွေကိုလည်း တန်းဖိုးထားပြီး ထည့်သွင်းထားသေးတယ်... ယွီနျန်... မင်းစိတ်ချထားလိုက်လို့ ရပြီ" 


ရုန်ယွဲ့က စိတ်သက်သာရသော သက်ပြင်းတစ်ခုဖြင့် ရှင်းပြလိုက်သည်။ သူ့ကို ကျေးဇူးတင်လိုက်ပြီးနောက် ယွီနျန် ဖုန်းကိုချကာ အိတ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။


******


ရှစ်ရော့က သူ ဖုန်းပြောပြီးသွားသည်နှင့် ဂျက်ကက်အင်္ကျီအရှည်ကို ကမ်းပေးလာခဲ့သည်။ ယွီနျန် အင်္ကျီကို ဇစ်ဆွဲတင်၍ မေးလိုက်သည်။ "အစ်မရော့ရော့... နှစ်သစ်ရောက်ဖို့ နှစ်ရက်ပဲ လိုတော့တယ်... အိမ်ပြန်ဖို့ လက်မှတ် ဝယ်ပြီးပြီလား"


ရှစ်ရော့က ပျော်ပျော်ရွှင်ရွှင် ပြုံးပြလိုက်သည်။


 "ဝယ်ထားတာ ကြာလှပြီ... ရထားက မနက်ဖြန် နေ့လည်မှလေ... နှစ်သစ်ကူး ညစာစားပွဲကိုတော့ အချိန်မီ ပြန်နိုင်မယ်ထင်တယ်... အစ်မအဖေရဲ့ ဝက်လက်သားနှပ်ကို အရမ်းသတိရတာပဲ... ကံကောင်းလို့ အစ်မရဲ့ အိမ်က နီးတဲ့မြို့မှာ ရှိနေလို့ပေါ့... ဒါကြောင့်မို့ လက်မှတ်တွေက ရဖို့ မခက်ဘူး" 


သူမက ယွီနျန်အား ပစ္စည်း ကူသိမ်းပေးလိုက်ပြီး အတူထွက်လာခဲ့ကြသည်။ 


"မင်းရော နျန်နျန်... ကြော်ငြာ ပိုစတာ ရိုက်ကူးရေး လုပ်ပြီးသွားပြီပဲ... တံဆိပ်ရဲ့ ပွဲအခမ်းအနားတွေနဲ့ ကျန်တာတွေက နှစ်ကူးပြီးမှပဲလေ... ဘယ်လိုမျိုး အချိန်ကုန်ဆုံးဖို့ စဥ်းစားထားတာလဲ"


“အခုထိ မဆုံးဖြတ်ရသေးဘူး... ကြည့်ရတာ အလုပ်မများရင် အိမ်မှာပဲ နေပြီး သီချင်းရေးဖြစ်လောက်တယ်... ကျွန်တော့်အစ်မ တောင်းထားတဲ့ သီချင်းကို အပြီးသတ်ရဦးမှာ"


ယွီနျန် ပြန်ဖြေလိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားပြီး ဖုန်းထုတ်ကြည့်လိုက်ရာ နေ့လည်က သူပို့ထားခဲ့သော စာကို ရွှယ်ယုံ ပြန်မဖြေရသေးကြောင်း တွေ့လိုက်ရသည်။


သူတို့ နာနီကားထဲသို့ ရောက်လာသည်နှင့် ရှားမင်ရှီ ဖုန်းခေါ်လာခဲ့သည်။ 


“နျန်နျန်... အခုတလော အလုပ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာလား"


"အလုပ်ကိစ္စလား" 

ယွီနျန်မှာ ရုတ်တရတ် သဘောမပေါက်မိပေ။ 


"ဘာအလုပ်ကိစ္စလဲ"


“သီချင်းရေးတဲ့ အလုပ်ကိစ္စလေ"


 ရှားမင်ရှီက စိတ်လှုပ်ရှားနေဟန်ဖြင့် တအံ့တသြ ပြောလိုက်သည်၊


 "ငါ ဒါရိုက်တာဆီကနေ အရေးကြီးတဲ့ တာဝန်တစ်ခု လုပ်ပေးဖို့ ယုံယုံကြည်ကြည်နဲ့ အအပ်ခံထားရတယ်... သူက ငါ့ကို မင်းဆီ ဆက်သွယ်ပြီးတော့ ငါတို့နဲ့ ပူးပေါင်းပြီး ရုပ်ရှင်အတွက် ပရိုမိုးရှင်း သီချင်းရေးပေးဖို့ စိတ်ဝင်စားလားလို့ မေးခိုင်းလိုက်တယ်" 


ယွီနျန် ပြန်စဥ်းစားလိုက်သည်။ 


"ငါမှတ်မိတာ မင်းရိုက်နေတဲ့ ရုပ်ရှင်က ပရိုမိုးရှင်း သီချင်း ရှိပြီးပြီ မဟုတ်ဘူးလား... မင်းအရင်က ပြောတာ ကြားဖူးပါတယ်... အဲ့ဒါ 'အတိတ်သို့ ပြန်သွားခြင်း' လို့ ခေါ်တာမို့လား" 


“ဟုတ်တယ်... ဟုတ်တယ်... အဲ့တစ်ခုပဲ...ဒါပေမယ့် မူလ အရံဇာတ်ကောင်တစ်ခုကို ဖြတ်လိုက်တော့ ဇာတ်ညွှန်းမှာလည်း သိသာတဲ့ အပြောင်းအလဲတွေ လုပ်ရတယ်လေ... ဒါကြောင့် မူရင်း ပရိုမိုးရှင်းသီချင်းက သိပ်ပြီး မကိုက်တော့ဘူး... ဒါကြောင့်မို့ ပြန်ရေးဖို့ လိုနေတာ... ဒါရိုက်တာက ဒီကိစ္စကြောင့် ခေါင်းမွေးတွေ ပြောင်နေပြီ... ဒါကြောင့်ပဲ သူ ငါ့ကို မင်းဆီ မေးခိုင်းနေတာ" ရှားမင်ရှီ ပြောလိုက်သည်။ 


ယွီနျန် ပြုံးလိုက်သည်။


 "မင်ရှီ... အခု မင်းက ငါ့ကိုယ်စား စီးပွားရေး လုပ်နေတာပေါ့လေ"


ရှားမင်ရှီ အားပါးတရ ရယ်လေတော့သည်။


 "ဟားဟားဟား... မင်း မိသွားပြီပေါ့.... ငါတို့ရဲ့ ရေတွေကို သူများတွေရဲ့ လယ်ကွင်းဆီ စီးဆင်းစေဖို့ မဖြစ်ဘူးလေ... ဒါရိုက်တာ ဒုက္ခတွေ့နေတာ တွေ့တော့ သူ့ရှေ့မှာ မင်းအကြောင်း တမင်သက်သက် ပြောခဲ့တာ... သေချာပေါက်ပဲပေါ့... မင်းရေးထားတဲ့ သီချင်းတွေ နားထောင်ပြီးတာနဲ့ သူလည်း ဆွဲဆောင်ခံလိုက်ရတယ်လေ" 


“မင်းကို ကျေးဇူးမတင်တော့ဘူးနော်... မင်း ရိုက်ကူးရေးပြီရင် ထမင်းအတူ စားကြရအောင်" 


“အိုကေ... အိုကေ... ရက်ချိန်းကြသေးတာပေါ့... ငါ့ကို စောင့်နေနော်... ပွဲတော်အကြီးကြီး တည်ချင်တယ်"


ထိုအခိုက်မှာပင် ကားက အရှိန်လျော့သွားပြီး တဖြည်းဖြည်း ရပ်လာခဲ့သည်။ ရှစ်ရော့က ဒရိုင်ဘာကို မေးလိုက်ပြီးနောက် ယွီနျန်ကို လှမ်းပြောလာခဲ့သည်။


 "နျန်နျန်... ရှေ့မှာ ယာဥ်မတော်တဆမှုတစ်ခု ရှိနေလို့ လမ်းပိတ်နေတယ်တဲ့... လမ်းရှင်းဖို့ ဘယ်လောက်ကြာဦးမလဲ မသိဘူး" 


လမ်းပိတ်ဆို့မှုက မကြာခဏ ဖြစ်လေ့ရှိသော အရာဖြစ်သဖြင့် သူတို့ကလည်း သိပ်အာရုံမထားပေ။ ယွီနျန်က အတူယူလာသော စာရွက်နှင့် ဘောပင်ကို ယူကာ ကားထဲမှ ပစ္စည်းများကို အစားထိုး ထောက်တိုင်နေရာအဖြစ် သုံးလိုက်ပြီး စတင် ရေးသားလေတော့သည်။ 


ရှစ်ရော့ တစ်ချက် လှမ်းကြည့်လာခဲ့သည်။ 


"နျန်နျန်... မင်းရဲ့ လက်ရေးက အရမ်း လှတာပဲ... ဒါပေမယ့် မင်း သီချင်းစာသားတွေ ရေးနေတာလား"


"ဟုတ်တယ်" ယွီနျန် ခေါင်းငြိမ့်ပြလိုက်ပြီး ဘောပင်ကို လက်ချောင်းများအကြား ကျင်လည်စွာ လှည့်နေခဲ့သည်။ "ကျွန်တော် ရုတ်တရက် အတွေးတစ်ခု ရလာလို့ တစ်ခုခု ရေးလို့ထွက်မလား ရေးကြည့်နေတာ"


ရှစ်ရော့ ပြုံးကာ ယွီနျန်ကို မနှောက်ယှက်ချင်တော့သည့်အလား နှုတ်ခမ်းကို အုပ်လိုက်ပြီး တိတ်တိတ်လေး နေပေးခဲ့သည်။ 


စာလုံး နှစ်လုံးမျှ ရေးပြီးနောက် ယွီနျန် အတွေးများ လွင့်သွားပြန်သည်။ သူ့ဖုန်းကို အကြိမ်မည်မျှအထိ ထုတ်ကြည့်နေမိသည်ကိုပင် မသိတော့ပေ။ သို့သော်လည်း ပြန်စာမရှိပါပေ။


သူ ရယ်ချင်မိသွားသည်။ တစ်စုံတစ်ယောက်၏ အပြုအမူများထံမှ လွှမ်းမိုးခံထားရသည့် မထင်မှတ်ထားသော ခံစားချက်သည်ကား အတော်လေး ကောင်းလှပေသည်။


သိပ်မကြာခင် အဝေးတစ်နေရာထံမှ ရုတ်တရက်ဆန်လှသော မြည်ဟီးသံများ ထွက်ပေါ်လာသည်။ ရှစ်ရော့က ဂိမ်းဆော့နေခြင်းကို ရပ်လိုက်ပြီး မော့ကြည့်လာခဲ့သည်။ "ဘာသံပါလိမ့်"


“ရဟတ်ယာဥ် လည်တဲ့အသံလေ" ယွီနျန် ပြောလိုက်ပြီး ကားပြတင်းမှ လှမ်းကြည့်လိုက်သည်။ အဝေးတစ်နေရာ၌ ရဟတ်ယာဥ်၏ အရိပ်လေးကို တွေ့မြင်နေရပေသည်။ 


“ဘာဖြစ်လို့ပါလိမ့်... ရဟတ်ယာဥ်တောင် ခေါ်လိုက်ရသေးတယ်..." ရှစ်ရော့က သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ဂိမ်းဆက်ဆော့လေတော့သည်။ 


ယွီနျန်က လက်ထဲတွင် ဘောပင်ကိုင်လျက် သီချင်းစာသား ဆက်ရေးနေဆဲ ဖြစ်သော်လည်း ရုတ်တရက်ပင် အတွေးများ ပြန့်ကျဲသွားပြန်သည်။ ဘောပင်ကို အောက်မချခင် စာရွက်ပေါ်မှ ရှုပ်ထွေးနေသော မျဥ်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနားယူရန်အတွက် မျက်လုံးများ မှိတ်ထားလိုက်သည်။ 


မကြာခင် မြင့်မားသော ဟိုင်းဝေးလမ်းကြီးကို ဝင်ရောက်လာသည့်အလား ယာဥ်ကြောက စတင် လှုပ်ရှားလာတော့သည်။ ရှစ်ရော့က ရုတ်တရက် စကားစပြောလာခဲ့သည်။ 


"နျန်နျန်... သတင်းတက်လာပြီ... ခုနက ယာဥ်ကြောပိတ်ဆို့မှုအကြောင်းလေ... ရှေ့မှာ မတော်တဆ ဖြစ်သွားတာတဲ့"


“မတော်တဆလား" 


ယွီနျန်က လတ်တလောတွင် "မတော်တဆ" ဟူသောစကားလုံးကို အထိမခံ ဖြစ်နေသည်။ သူ့မျက်လုံးများကို ဖွင့်လိုက်သည်။


 "ကျွန်တော် ကြည့်လို့ရမလား"


ရှစ်ရော့က သူမ၏ ဖုန်းကို ယွီနျန်ထံ ကမ်းပေး၍ ပြောလိုက်သည်။ 


"ဇိမ်ခံကားတွေ တိုက်မိကြတာတဲ့... တစ်စီးဆို တံတားစွန်းထိ လွင့်ထွက်သွားပြီး ပြုတ်ကျလုနီးနီး ဖြစ်သွား..." 


သူမက ယွီနျန်၏ မျက်နှာ ဖြူဖျော့သွားသည်ကို တွေ့လိုက်ရသဖြင့် ရပ်သွားပြီး စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။


 "နျန်နျန်... တစ်ခုခု ဖြစ်လို့လား"


ယွီနျန်က ပုံထဲတွင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ကားကိုယ်ထည်ပိုင်းကို ကြည့်နေရင်း လည်ပင်း အညှစ်ခံထားရသည့်အလား ခံစားနေရပြီး အသက်ရှူရန်ပင် ခက်ခဲလာခဲ့သည်။ 


ထိုကားကို သူမြင်ဖူးသည်။ ရွှယ်ယုံ ထိုကားကို မောင်းကာ သူ့ဆီ လာတွေ့ဖူးခဲ့သေးသည်ပင်။


ချက်ချင်း ဆိုသလိုပင် သူ့တစ်ကိုယ်လုံး အအေးဓါတ်များ ပြန့်နှံ့လာသည်ဟု ခံစားလိုက်ရသည်။ ယွီနျန် သူ့ဖုန်းကို ထုတ်ကာ ရွှယ်ယုံ၏ နံပါတ်ကို ခေါ်လိုက်ပါသော်လည်း ခေါ်ဆို၍ မရနိုင် ဖြစ်နေဆဲပင်။ ချူရှောင်းရန်ကို ခေါ်ရန် ပြင်နေစဥ်မှာပင် ရွှယ်ယုံ ဖုန်းပြန်ခေါ်လာခဲ့သည်။ 


ယွီနျန်မှာ ဖြေဆိုသည့် ခလုတ်ကို နှိပ်လိုက်ပါသော်လည်း လက်ချောင်းများက တုန်ယင်နေခဲ့သည်။ 


ယွီနျန်က တံတွေး ပြင်းပြင်း မျိုချလိုက်သဖြင့် လည်ချောင်းများပင် နာကျင်လာရသည်။ ယွီနျန် နူးနူးညံ့ညံ့ မေးလိုက်ပြီး သူ့အသံက တုန်ယင်နေလေသည်။ 


"သူ... အဆင်ပြေရဲ့လား"


ချူရှောင်းရန်၏ အသံက ဒေါသများ ပြည့်နေသည်။


 "ငါ ကျိန်ဆိုတယ်... ငါ သူ့ရဲ့ ဘိုးဘေးဘီဘင် ဆယ့်ရှစ်ဆက်လောက်ထိ ကျိန်ဆဲပစ်မယ်... ငါ့ညီအစ်ကို တစ်ခုခု ဖြစ်သွားရင် ငါ့လက်နဲ့ သူ့ကို သတ်ပစ်မယ်"


ချူရှောင်းရန်က ဒုန်းဟူသော အသံဖြင့် နံရံကို ကန်လိုက်ပြီး အသက်ပြင်းပြင်းရှူနေလေသည်။ 


"အခုထိ ဘာဖြစ်ခဲ့လဲ ဆိုတာ အသေးစိတ်မကြားရသေးဘူး... တင်းကျောက်ရှန်နဲ့ ရွှယ်ရှောင်ယုံတို့ရဲ့ ကားငါးစီး တိုက်မိသွားကြတယ်... သူတို့အားလုံး ဆေးရုံ ရောက်နေကြပြီ... ငါ အရေးပေါ်ခန်းရဲ့ အပြင်မှာ စောင့်နေတာ... ရွှယ်ရှောင်ယုံက သတိမေ့နေတုန်းပဲ... သူ့ဒဏ်ရာ ဘယ်လောက်ပြင်းလဲ ဆိုတာ ငါတို့လည်း သေချာမသိဘူး... ငါတို့ အခု စစ်ဆေးမှုရလဒ်ကို စောင့်နေကြတာ"


သူ့ကိုယ်သူ ရိုက်လိုက်သည့်အလား အသံထွက်ပေါ်လာခဲ့သည်။ 


"အရေးပေါ်အခန်းထဲ ဝင်သွားတုန်းက ရွှယ်ယုံရဲ့ ညာဘက်လက်မှာ သွေးတွေ ရွှဲနေပြီးတော့ အဆက်မပြတ် ကျနေတာ... ပြီးတော့ လက်ချောင်းတွေလည်း တင်းတင်းဆုပ်ထားသေးတယ်... သူ့လက်ကို အားတွေ အများကြီးသုံးပြီးမှ ဖွင့်နိုင်ခဲ့တာ... အထဲမှာလေ... သန့်ရှင်းနေတဲ့ စာရွက်သန့်သန့်လေး ရှိနေတယ်"


ယွီနျန်၏ လည်ချောင်းထဲတွင် ဆို့နင့်၍ သွားသည်။ 


“အဲ့မှာလေ... ရေးထားတာ... 'ခင်ဗျား အန္တရယ်ကင်းပါစေ'တဲ့"


ယွီနျန်က ဖုန်းကို တင်းတင်း ဆုပ်ထားရင်း တုန်ယင်စွာဖြင့် မျက်လုံး ပိတ်လိုက်မိသည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူ့အသံကို ပြန်ရသွားသည့်အလား အသံအက်အက်ဖြင့် ပြောလိုက်သည်။


 "လိပ်စာ ပြောပြပါ... ကျွန်တော် အခုပဲ လာခဲ့လိုက်မယ်"