အပိုင်း ၆၆
Viewers 11k

Chapter 66

ကျွန်တော် အခုပဲ လာလိုက်မယ်



သူ၏ သီးသန့်အခန်းသို့ ပြန်လာပြီးနောက် ယွီနျန်က တစ်ခဏမျှ စဥ်းစားရင်း ယွီချင်းထံ မက်ဆေ့ချ်ပို့ရန် ဆုံးဖြတ်လိုက်သည် 


" လေလံပွဲက သိပ်ပြီး အဆင်မချောလောက်ဘူး... စျေးတအား များနေရင် ပိုက်ဆံ ချေးပေးလို့ရမလား အစ်မ"


ယွီချင်းက စာအမြန် ပို့လာသည် " အေးဆေးသာလုပ်... ပိုက်ဆံ ပြတ်သွားရင် ငါ့ကိုပြော"


ယွီနျန်က အသက်ပြင်းပြင်း ရှူလိုက်ရင်း ပြန်ဖြေလိုက်သည် " ကောင်းပါပြီ ကျေးဇူးပါ အစ်မ"


ဒါရိုက်တာကန် ခန့်မှန်းထားသလိုပင် "ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်"က အဆင်ပြေချောမွေ့သည့် လေလံပွဲ မဟုတ်ခဲ့ပေ။ လေလံပွဲ တစ်ဝက်လောက်ကြာမှ စျေးခေါ်လာပြီး စခေါ်စျေးက ၈.၁၁မီလီယမ် ဖြစ်သည်။ နှစ်ကြိမ်ခန့် စျေးပြိုင်ပြီးသည်နှင့် ၁၀မီလီယမ်ထိ ရောက်လာသည်။


လေးကြိမ်မြောက် စျေးပြိုင်ခေါ်လိုက်ချိန် ယွီနျန်နှင့် ပြင်သစ်လူမျိုး စုဆောင်းသူတို့သာ ကျန်တော့သည်။


ယွီနျန်က လက်ဖက်ရည် တစ်ငုံ သောက်လိုက်ရင်း လျှာပေါ်တွင် ခါးသက်သက် ခံစားလိုက်ရသည်။ သူ့မျက်နှာက တည်ငြိမ်နေလျက် ပြိုင်ဘက်က စျေးခေါ်ပြီးသည်နှင့် သူ့ဘုတ်ပြား ထောင်ပြလိုက်သော်လည်း တစ်မီလီယမ်အစား သုံးမီလီယမ် တိုက်ရိုက် ထပ်တိုးပြီး စျေးပြိုင်လိုက်သည်။


ယခုတစ်ကြိမ်တွင် တူက နှစ်ကြိမ်ခန့် ခေါက်ပြီးနောက် ပြိုင်ဘက်ထံမှ နှစ်မီလီယမ် တိုးပြီး ခေါ်လာပြန်သည်။


ယွီနျန့် ခေါင်းထဲ ဂဏန်းရေများစွာ ပေါ်လိုက်ပျောက်လိုက် ဖြစ်လာ၍ သူ့ကိုယ်သူ စဥ်းစားလိုက်သည်


 " ငါ ဒီတစ်ကြိမ်တော့ ရအောင် လုပ်မယ်... ဒါပေမယ့် အချိန်တော်တော်ကြာအောင် အသား စားနိုင်တော့မှာ မဟုတ်ဘူး"


သို့သော်လည်း တုံ့ဆိုင်းခြင်းမရှိ သူ၏ ဘုတ်ပြားကို မြောက်ပြရင်း နောက်ထပ် သုံးမီလီယမ် တိုးလိုက်သည်။


နောက်ဆုံး တူသံ သုံးကြိမ်ခေါက်ပြီးသွားမှ လေလံဆွဲခြင်းက ပြီးဆုံးသွားလေသည်။ သူ အနိုင်ရသွားသည်။


ယွီနျန်က ခုံတွင် ထိုင်နေရင်း စိတ်အေးသွားသလို သက်ပြင်းချမိသည်။


တိမ်တိုက် မိုးကြိုးနှင့် ကွေ့ဝမ် ဒီဇိုင်းတို့ပါသည့် ကြေးနီ အလှပြပန်းအိုးက လေလံဆွဲမည့် နောက်ဆုံး ပစ္စည်းဖြစ်ပြီး ပွဲကြီးပွဲကောင်းလည်း ဖြစ်သည်။ ခေါ်စျေးက ၈၀မီလီယမ်ဖြစ်သည်။ ကြီးမားရှည်ကြာသည့် လေလံဆွဲပွဲကြီး အပြီး ကြောက်မက်ဖွယ် ၁၄၀မီလီယမ်နှင့် ရောင်းထွက်သွားသည်။ ယွီနျန်က ဒါရိုက်တာကန် နိုင်သွားမှန်း သိလိုက်၍ စိတ်အေးသွားရသည်။


လေလံပွဲပြီးသည်နှင့် ယွီနျန်က ဒါရိုက်တာကန်၏ သီးသန့်အခန်းသို့ သွားလိုက်သည်။ ဒါရိုက်တာကန်က စိတ်ခံစားချက်တို့ ထိန်းမရဖြစ်နေဟန် လက်ဖက်ရည်ခွက်ကို တုန်တုန်ယင်ယင် ယူလိုက်ရင်း တစ်ငုံ သောက်လိုက်ပြီး စိတ်လှုပ်ရှားလွန်း၍ မျက်လုံးများ နီရဲနေသည်


 " ငါတို့ ဝယ်နိုင်သွားပြီ"


ယွီနျန်က အပြုံးလေးနှင့် ပြန်ဖြေလာသည်


" ဟုတ်တယ် ကျွန်တော်တို့ ဝယ်နိုင်ခဲ့ပြီ"


အသက်သုံးဆယ်ခန့် ကွာသော်လည်း နှစ်ဦးသား အပြုံးတို့ ဖလှယ်နေကြသည်။


အိမ်ပြန်လမ်းတွင် ယွီနျန်က ယွီချင်းကို ဖုန်းခေါ်လိုက်သည်။ အေးအေးဆေးဆေး ဖြစ်နေသည့် သူ့အသံကို ကြားလိုက်စဥ် ယွီချင်းက စနောက်သလို မေးလာသည် " နင်က ပိုက်ဆံ အများကြီး ချေးထားတာတောင် ပျော်ပျော်ကြီး ရယ်နေသေးတယ်ပေါ့"


"ဟုတ်တယ်... ကျွန်တော် တကယ် နေလို့ကောင်းနေလို့ပါ" ယွီနျန်က ပြတင်းပေါက် အပြင်ဘက်က မိုးစက်များကို ကြည့်လိုက်ရင်း အနွေးထည်ထူထူကို ဆွဲညှိလိုက်ကာ စိတ်အေးလက်အေး အသံနှင့် ပြောလူသည်


 " ကျွန်တော် ပြန်ပြီး အထုပ်သိမ်းတော့မလို့... ဦးလေးရုန်ကိုလည်း ရောင်းလို့ ရနိုင်တဲ့ ပစ္စည်းလေးတွေ ရောင်းဖို့ ပြောလိုက်မယ်... ပြီးတော့ အလုပ်ရှာပြီး အလုပ်ကြိုးစားမယ်... ဒါဆို ကျွန်တော် အစ်မဆီက ချေးထားတဲ့ ပိုက်ဆံကို တတ်နိုင်သရွေ့ ပြန်ဆပ်နိုင်မှာ" 


"အိုကေ... ဒါပေမယ့် အလွန်အကျွံ လုပ်မနေနဲ့နော်... မင်း အစ်မအတွက်က ဒီပိုက်ဆံက ပြိုင်ကားနှစ်စီးစာလောက်ပဲ ရှိတာ...အလျင်မလိုဘူး" 


ယွီချင်းက ပြန်ပြောလိုက်သည်။


"ဟုတ်ကဲ့ နားလည်ပါပြီ... စိတ်မပူပါနဲ့ အစ်မ"


 ယွီနျန်က ထိုစိတ်ခံစားချက်တို့က ပိုက်ဆံနှင့် တန်ဖိုးဖြတ်၍ မရနိုင်မှန်း ကောင်းကောင်း သိသလို ယွီချင်း၏ ပိုက်ဆံကလည်း မဟုတ်သည့် နေရာမှ လာသည် မဟုတ်ပေ။(ကြိုးစားရှာထားရတယ်ပြောတာပါ)


"အိုကေ.... လမ်းမှာ ဂရုစိုက်... ငါ ရပ်လိုက်တော့မယ် ငါ လေလံဆွဲရမယ့် အလှည့်ရောက်ပြီမို့" ယွီချင်းက ပြောလာသည်။


နောက်တစ်နေ့တွင် ယွီနျန်က ကုမ္ပဏီသို့ သွားပြီး အစစအရာရာ ဂရုစိုက်ခဲ့ကြောင်း မုန့်ယွမ်ကို သတင်းပို့လိုက်သည်။ မုန့်ယွမ်က ဘာမှ မမေးသော်လည်း သူ့ပုံစံက ကြည့်လို့မကောင်း ဖြစ်နေမှန်း သတိထားမိသွား၍ စိုးရိမ်တကြီး မေးလာသည် 


" ကောင်းကောင်း မအိပ်ခဲ့ရဘူးလား... ဆိုဖာပေါ် တစ်ရေးအိပ်လိုက်ရင်ရော"


"ရပါတယ်"ယွီနျန်က မျက်လုံး ပွတ်လိုက်သည်။ "ကျွန်တော် နေရ အဆင်ပြေပါတယ် မအိပ်ချင်ပါဘူး"


မနေ့က "ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်"ကို လုံခြုံသည့် သိုလှောင်ခန်းထဲ သိမ်းထားလိုက်သည်။ အိပ်မပျော်နိုင်၍ သူက ညလယ်တွင် ထပြီး စာရွက်နှင့် ဘောပင်ထုတ်ကာ သူ့ပိုင်ဆိုင်မှုကို စာရင်းတွက်ကြည့်သည်။


အဆုံးတွင် သူက ပစ္စည်းခုနစ်ခု ရွေးလိုက်ရင်း သူ့စိတ်ထဲ တိုးတိုး ဆိုလိုက်သည်


 " ကျွန်တော် တောင်းပန်ပါတယ် ဘိုးဘွားတို့... ဒီ မှင်တုန်းနှစ်ခုနဲ့ ရှေးဟောင်းစာအုပ် ငါးစုံကို ရောင်းမှ ဖြစ်မှာမို့လို့ပါ"


ထိုအတိုင်း သုံးကြိမ် ရွတ်ဆိုပြီးနောက် သူက ရုန်ယွဲ့ကို ဆက်သွယ်လိုက်ပြီး စစ်ဆေးပေးရန် အချိန်တစ်ခု စီစဥ်လိုက်သည်။


မုန့်ယွမ်က ခေါင်းညိမ့်ပြလာသည် " အိုကေလေ...ဒါပေမယ့် မမေ့နဲ့အုံး နေ့လည်မှာ live stream ရှိတယ်... မင်းရဲ့ဖန်တွေနဲ့ ဆယ်မိနစ်စာလောက် စကားပြောရုံလေးပဲ"


ယွီနျန်က သဘောတူဟန် ခေါင်းညိမ့်ပြလာသည် "ကိစ္စမရှိပါဘူး"


နေ့လည်သုံးနာရီတွင် ယွီနျန်က နာနီကားထဲတွင် liveလွှင့်နေသည်။ ဤချန်နယ်မှ ကြည့်ရှူသူစာရင်းက နောက်ဆုံးအကြိမ်ကထက် နှစ်ဆနီးနီး တက်သွားပြီး ဘယ်ဘက် အောက်ခြေ ထောင့်လေးတွင် အရေအတွက်က တရိပ်ရိပ် တက်နေသည်။


သူက အခြားအချက်အလက်များကို အာရုံစိုက်မနေပဲ ကင်မရာဘက်ကို အပြုံးလေးနှင့် မိတ်ဆက်လာသည် 


" ကောင်းသော နေ့လည်ခင်းလေးပါ ကျွန်တော် အခု ပိုစတာအတွက် ဓာတ်ပုံ ရိုက်ဖို့ သွားတဲ့ လမ်းမှာ ရှိနေတာပါ"


အချို့ကြည့်ရှူသူများက ပိုစတာအကြောင်း မေးလာကြ၍ ယွီနျန်က တရားဝင် ကြော်ငြာထားပြီး ဖြစ်မှန်း အမှတ်ရလိုက်ရင်း ပြန်ဖြေလာသည်


 " ဖူနာအလင်္ကာသောက်ရေသန့် အတွက်ပါ... ပိုစတာရဲ့ စတိုင်အတွက်က လောလောဆယ် လျှို့ဝှက်ထားတုန်းပါနော် ကြော်ငြာထွက်ပြီးပြီးချင်း မြင်ရမှာပါ"


 သူက ကင်မရာကို ပြတင်းပေါက်ဘက်သို့ လှည့်လိုက်ပြီး သူ့ဘက် ပြန်လှည့်လိုက်သည်


 " ဒါနဲ့ ရာသီဥတုက နောက်ပိုင်း သိပ်မကောင်းချင်ဘူး... တော်တော်လေး အေးလာပြီ...နွေးနွေးထွေးထွေး ဝတ်ဖို့ မမေ့ကြနဲ့နော်"


ထိုအချိန် သူ့ဖုန်းမျက်နှာပြင်က အမှောင်ကျသွားပြီး မကြာမီ ရောင်စုံစာတန်းများ ပေါ်လာသည်'user နျန်နျန်ယုံယွီက တင်ဆက်သူ ယွီနျန်ကို စိန်တုံး၁၀၀ ပေးလိုက်ပါတယ်'ဆိုသည့် စာတန်းကြီးက အဆက်မပြတ် ပေါ်ထွက်လာသည်။


[သေစမ်း ... ဒီ မသေမျိုးအာဏာရှင်ကြီးက ဘယ်သူကြီးလဲ...livestreamတိုင်း သူ့ရှိနေမှန်း သိအောင် လာလာလုပ်တယ်...ငါ ဒူးတွေ အားနည်းပြီး ထပ်ပြီး ဒူးထောက်နေပြန်ပြီ]


[အား...နောက်ထပ် စိန်တုံး ၉၉၉လုံး... အား ငါ ရူးတော့မှာပဲ]


[ငါတို့တွေ အကုန်လုံး starနောက် လိုက်တဲ့သူတွေပဲကို မင်းက ဘာလို့ အသုံးအဖြုန်း အရမ်းကြီးရတာလဲ...ဘော့စ်ရေ ငါ ဒူးထောက်တဲ့ပုံ မှန်ရဲ့လား စဥ်းစားပေးအုံး]

 

ယွီနျန်က ဖုန်းထဲတွင် ရွှယ်ယုံက "ဒီမေးခွန်းကို မဖြေနိုင်ဘူး"ဆိုသည့် အကြောင်း ပြောခဲ့သည်ကို အမှတ်ရသွား၍ နှုတ်ခမ်းနှင့် မျက်လုံးထောင့်နားတွင် အပြုံးတို့ တွဲခိုလာသည်။ 


"နျန်နျန်ယုံယွီ လို့ခေါ်တဲ့ သူငယ်ချင်းလေးရေ... နောက်ပိုင်းမှာ အေးလာပြီ မို့လို့ မင်းကိုယ်မင်း ဂရုစိုက်အုံးနော် မဖျားစေနဲ့"


မထင်မှတ်ထားစွာပင် ယွီနျန် စကားပြောပြီးသွားသည်နှင့် ဖုန်းမျက်နှာပြင်က ထပ်ပြီး မဲမှောင်သွားလေသည်။ ရွှယ်ယုံက နောက်ထပ် စိန်တုံး 999တုံး ကျဲချလိုက်ခြင်းပင်။


ပေါက်ကွဲထွက်နေသော လူအုပ်ကြီးကို ကြည့်၍ ယွီနျန် ခေါင်းလှည့်ကာ ရယ်လိုက်သည်။ သူ့ဖုန်းကို ခပ်မြန်မြန် ကောက်ယူလိုက်ရင်း ရွှယ်ယုံထံ စာပို့လိုက်လေသည်။


 "ကြည့်ရတာ ကျွန်တော် မနက်ဖြန်ကျရင် သတင်းကြီး လုပ်မိပြန်တော့မယ် ထင်တယ်"


ရွှယ်ယုံ စာပြန်မလာခဲ့ပေ။


ယွီနျန် လူယုတ်မာပြုံး ပြုံးလိုက်သည်။ 


"သူ အပြစ်ရှိသလို ခံစားနေရတာများလား"


*****


ယွီနျန် ဖူနာအလင်္ကာ ပိုစတာရိုက်ကွင်း အပြီးသတ်လိုက်သည့်တိုင် သူ့ဖုန်းက တိတ်ဆိတ်နေဆဲပင်။ တစ်ခဏမျှ တွေးကြည့်လိုက်ပြီးနောက် ယွီနျန် ရွှယ်ယုံကို နောက်ထပ်စာတစ်စောင် ပို့လိုက်သည်။


 "ပိုစတာ ရိုက်ပြီးသွားပြီ... အလုပ်ပြီးပြီနော်"


ထိုအချိန်၌ ရွှယ်ယုံ ချက်ချင်း စာပြန်လာလေသည်။


 "ကောင်းကောင်း အနားယူပါ"


ထိုစာကို ဖတ်ပြီးသွားသောအခါ ယွီနျန် ကျယ်ကျယ်လောင်လောင် ရယ်ချလိုက်သည်။


ဝန်ထမ်းများနှင့် နေ့လည်စာစားပြီးနောက် ပြန်လည် ရိုက်ကူးရေး လုပ်စရာ မလိုတော့ကြောင်း အတည်ပြုပြီးသွားသောအခါ ယွီနျန် ကားစီး၍ အိမ်ပြန်လာခဲ့သည်။ မကြာခင် ရုန်ယွဲ့ ရောက်လာလေသည်။ 


“ဦးလေးရုန် မတွေ့ရတာကြာပြီ”


ယွီနျန် သူ့ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ပြီးနောက် ချင်မင်းဆက်မှ ကြွေလက်ဖက်ရည်ပွဲလေးကို ထုတ်ယူကာ ရုန်ယွဲ့အတွက် လက်ဖက်ရည်ဖျော်ပေးလိုက်သည်။


ယွီနျန် ပြုံး၍ မေးလိုက်သည်။


 "အခုတလော ဘယ်လိုနေလဲ"


“မဆိုးပါဘူး... ရာသီဥတုက အရမ်းဆိုးဝါးလွန်းတော့ ချောင်းပြန်ဆိုးနေတာပဲ ရှိတယ်... ဒါပေမယ့် အရင်နှစ်ကထက်တော့ ပိုကောင်းလာတယ်... ကြည့်ရတာနောက်နှစ်ဆို ချောင်းမဆိုးလောက်တော့ဘူး ထင်တယ်" ရုန်ယွဲ့က လက်ဖက်ရည်ပူပူလေးကို တစ်ငုံသောက်လိုက်ပြီး ယွီနျန်ကို ပြုံး၍ ကြည့်လိုက်သည်။ "မဆိုးဘူး မဆိုးဘူး... မင်းကို ကြည့်ရတာ အဆင်ပြေနေပုံပဲ... ပိုတောင် ချောလာသေးတယ်"


ထို့နောက် ပြောလက်စအလုပ်အကြောင်း ပြောနေသည်။ " 'ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်'ကို အရယူဖို့ စီစဥ်နိုင်ခဲ့ပြီလား"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်.. ကျွန်တော် ရပြီးသွားပြီ" 


“ဒီတစ်ကြိမ်က မလွယ်ခဲ့ဘူးလို့ ဒါရိုက်တာကန်ဆီကနေ ကြားခဲ့တယ်... စျေးပေးတဲ့သူတွေက တလှည့်ပြီးတလှည့် များလာပြီး စျေးကလည်း တော်တော်လေး တက်သွားတယ်ဆို"


"ဟုတ်တယ်... ကျွန်တော် မှန်းထားတာထက် တော်တော်လေး မြင့်သွားတယ်... ဒါပေမယ့်လည်း ပန်းချီရဲ့ တန်ဖိုးကို စဥ်းစားကြည့်လိုက်ရင် စျေးက ကျိုးကြောင်းသင့်ပါတယ်" ယွီနျန် မတ်မတ် ထိုင်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြုံး၍ ပြောလိုက်သည်။


 "ဒါကြောင့်မို့ ကျွန်တော့်ဆီမှာ ငွေလုံလုံလောက်လောက် မရှိတော့ ငွေပမာဏအကြီးကြီး ချေးလိုက်ရတယ်လေ... ဒီတွင်းကြီးကို ဖြည့်ဖို့ တချို့ ပစ္စည်းတွေ ရောင်းရတော့မယ်လို့ ခန့်မှန်းရတာပဲ"


ရုန်ယွဲ့က ယွီနျန် ငွေမည်မျှ လိုနေသည်ကို အကြမ်းအားဖြင့် ကောက်ချက်ချလိုက်သည်။ လွန်ခဲ့သော နှစ်များကို စဥ်းစားမိသွားသောအခါ သက်ပြင်းယဲ့ယဲ့ ချမိလေသည်။


 " 'ကျန်းရှန်းမှာ အဆက်မပြတ် ရွာနေတဲ့မိုး' ပန်းချီကား၊ မိန်းမပျိုလေး တစ်ယောက်ရဲ့ ပုံတူပန်းချီ၊ ရှုခင်းပုံ ငါးမြီး ပန်းအိုး၊ ယိုနျောင်းမင် ကျောက်စိမ်းအရက်ကရား၊ ယွမ်ဖူ ထင်းရှူးနဲ့ကြိုးကြာ ပန်းချီကား၊ အခု 'ရစ်မူးနေတဲ့မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ ပြေးလွှားနေတယ်' ပစ္စည်းကိုးခုမှာ ခြောက်ခု ပြန်ယူလာနိုင်ခဲ့ပြီ... မင်းအတွက် တကယ်ခက်ခဲခဲ့မှာပဲ"


ယွီနျန် ပြုံး၍ ခေါင်းယမ်းလိုက်သည်။


 "ခက်ခဲရတာ မခက်ခဲရတာတွေက ကိစ္စမရှိပါဘူး... တစ်ဖက်ကနေ ကြည့်ရင် ဒီရည်မှန်းချက် ရှိနေတာက ကျွန်တော့်ကို အလုပ်ပိုကြိုးစားစေခဲ့ပြီးတော့ နည်းနည်းပိုပြီး ရှိန်လောက်စရာ ဖြစ်လာစေတယ်လေ"


လက်ဖက်ရည်ခွက်ထဲမှ အခိုးအငွေ့တို့က ယွီနျန်၏ မျက်ဝန်းနား တစ်ဝိုက် ရစ်ပတ်နေပြီး ရွှန်းစိုသွားစေသည်။ 


"တကယ်တော့ ဘိုးဘိုး မဆုံးခင်က သူ့ဆန္ဒတွေက ကျွန်တော့်အတွက် အရွတ်အကျောတွေ ဖြစ်မလာစေဖို့ တိုက်တွန်းသွားတယ်... ဘဝက တိုတောင်းတာမို့ ကျွန်တော့ဘဝကို ကန့်သန်ချုပ်ချယ်မှုတွေ မရှိဘဲ ကိုယ့်နှလုံးသားဆန္ဒအလိုက် လွတ်လွတ်လပ်လပ် နေသွားသင့်တယ်တဲ့... ဘွားဘွားကလည်း အဲ့လိုပုံစံမျိုးပဲ ပြောခဲ့တာ"


ယွီနျန် ခေါင်းလေး စောင်းလိုက်သည်။ 


"ဒါပေမယ့် အခု ဒါတွေကို ဘယ်လိုလုပ်ပြီး မျက်နှာလွှဲထားနိုင်ပါ့မလဲ... ကျွန်တော် ငယ်ကတည်းက မြင်ရကြားရ သင်ယူခဲ့ရတာတွေက ကျွန်တော့်ကို ဒီလိုပဲ လုပ်သင့်တယ်လို့ ပြောနေကြတယ်"


သူ တီးတိုး ရယ်မောလိုက်သည်။ "ဦးလေးရုန်လည်း အတူတူပဲ ဖြစ်မယ်ထင်တယ်နော်... ဒီချောက်နက်ကြီးထဲ ကျသွားတာနဲ့ ပြန်မတက်လာနိုင်တော့ဘူးလေ"


ရုန်ယွဲ့ မျက်လုံးများ ပြူးကျယ်သွားသည်။


 "မင်းရဲ့ ဦးလေးရုန်ကို ထပ်စပြန်ပြီလား" ထို့နောက် သူပြုံးလိုက်သည်။ 


"အမှန်ပဲ... ဒီနှစ်တွေထဲ စားဝတ်နေရေးအတွက် ရှေးဟောင်းပစ္စည်းတွေကို ရာဖြတ်ပြီး ရောင်းဝယ်ဖောက်ကားရင်းနဲ့ နေရာတိုင်းမှာ ပြန့်ကျဲနေတဲ့ အဲ့ဒီ ယဥ်ကျေးမှု အမွေအနှစ်တွေကို ပြန်ယူလာနိုင်အောင် တတ်နိုင်သမျှ အကုန်လုပ်ခဲ့တယ်... ဒီချောက်နက်ကြီးထဲကနေကို ပြန်မတက်ချင်တော့ဘူး"


နောက်ထပ် လက်ဖက်ရည်ပူပူလေး တစ်ခွက်ကို သောက်လိုက်ပြီးနောက် ရုန်ယွဲ့ အကြံပြုလိုက်သည်။


 "ဒါပေမယ့် မင်းက ငယ်သေးတယ်လေ... ပြီးတော့ စိတ်လှုပ်ရှားစရာ ကမ္ဘာကြီးက မင်းကို စောင့်ကြိုနေတာ... ကိုယ့်ကိုယ်ကိုယ် အရမ်း ခက်ခဲအောင် မလုပ်ပါနဲ့ကွာ"


“ကျွန်တော့်ကိုယ် ကျွန်တော် ခက်ခဲအောင် လုပ်နေတာ မဟုတ်ပါဘူး" ယွီနျန် ပြုံးလိုက်သည်။ "အဝတ်အစား၊ အစားအသောက်၊ နေစရာနေရာ၊ သွားလာနေထိုင်ရေးတွေနဲ့ ပတ်သက်ရင် ကျွန်တော့်မှာ အရမ်းလက်ဖွာလွန်းတဲ့ တောင်းဆိုချက်တွေ မရှိဘူးလေ... ကျွန်တော့်မှာ နွေးထွေးပြီး ဗိုက်ပြည့်ပြီးတော့ လေဒဏ် မိုးဒဏ်ကာနိုင်နေသ၍ လုံလောက်နေပါပြီ... ဒါကြောင့်မို့ ကျွန်တော့်မှာ ပိုက်ဆံတွေ ရှိနေရင်တောင် သုံးစရာနေရာ မရှိဘူးလေ"


ရုန်ယွဲ့ စိုးရိမ်နေသေးကြောင်းကို မြင်လိုက်ရသည့်အခါ ယွီနျန် ဆက်ပြောလိုက်သည်။


 "တကယ်တော့ ကျွန်တော့်အစ်မလိုပါပဲ... သူ ပြိုင်ကားတွေ ဝယ်ရတာအရမ်းကြိုက်ခဲ့တဲ့ အချိန်ရှိခဲ့သေးတယ်... ဒါကြောင့်မို့ သူက ငွေရှာပြီး ပိုက်ဆံစုဖို့ အလုပ်အရမ်းကြိုးစားခဲ့တာလေ... ကျွန်တော့်ရဲ့ ကောလိပ်အတန်းဖော်တွေထဲမှာ ပုံတွေ စုရတာကို စွဲလမ်းနေတဲ့သူ ရှိသေးတယ်... လဝက်လောက် ဘန်းမုန့်ပေါင်းတွေစားပြီး ပိုက်ဆံစု၊ အတန်းချိန်တွေပြီးရင် လက်ကမ်းစာစောင်ဝေတဲ့ အချိန်ပိုင်းအလုပ်တွေ လုပ်ရင်း ငွေရှာခဲ့ကြတာ... ပြီးတော့ ဦးလေးရုန်လည်း ရှိသေးတာပဲ... ဦးလေး ဆေးရွက်ကြီးပုလင်းတွေကို ရူးသွပ်ခဲ့တဲ့ အချိန်တစ်ခု ရှိခဲ့သေးတာ မှတ်မိလား.... အရမ်း ခြိုးခြံချွေတာလွန်းလို့ ဆေးလိပ်တောင် ပြတ်သွားခဲ့တာလေ...


ဒါကြောင့်မို့ ကျွန်တော်ကလည်း သူများတွေနဲ့ ယှဥ်ရင် အတူတူပါပဲ... ကျွန်တော် ဝယ်ချင်တဲ့ ပစ္စည်းတွေက ယဥ်ကျေးမှု ထုံးတမ်းအရရော သမိုင်းအရရော ပိုပြီး တန်ဖိုးရှိတာမျိုး... ပိုပြီး စျေးကြီးနေတာမျိုး ဖြစ်နေရုံပါပဲ.... ဒါပေမယ့် အဆုံးကျတော့ "ကျွန်တော် သဘောကျတဲ့အရာတွေ" "ကျွန်တော် လုပ်ဖို့ ဆန္ဒ ရှိတာတွေ" ပါပဲလေ"


ရုန်ယွဲ့က သူ့ရှေ့မှ သန့်စင်ပြီး တောက်ပနေသည့် လူငယ်လေးကို ကြည့်လိုက်ပြီးနောက် ယွီနျန်နှင့် ပထမဆုံး စတွေ့ခဲ့ရသည့်အချိန်ကို ပြန်၍ အမှတ်ရသွားသည်။ 


ထိုအချိန်က ယွီအိမ်တော်ဟု ခေါ်ဆိုရဆဲ ဖြစ်ပြီး သူက စာအုပ်တစ်အုပ်ကို စိတ်လှုပ်ရှားစွာဖြင့် သယ်ဆောင်ရင်း မစ္စတာရှုနျင်းကို သွားတွေ့ခဲ့ရသည်။ အိမ်တော်ဝင်းထဲသို့ ဝင်လိုက်သည်နှင့် စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များက သူ့ကို ဝန်းရံသွားပြီး ပြင်ပကမ္ဘာကြီး၏ ဆူညံမှုတို့ကို လုံးဝပိုင်းခြားထားသည့်အလား...


ကောင်ငယ်လေး တစ်ယောက်က မြင်ခင်းစိမ်းတို့အပေါ် လဲလျောင်းနေပြီး ပုရွတ်ဆိတ်များကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။ ဧည့်သည်တစ်ယောက် ဝင်လာသည်ကို မြင်သောအခါ ကျော့ရှင်းစွာဖြင့် ထရပ်လာခဲ့ပြီး ယဥ်ကျေးစွာဖြင့် မေးလာခဲ့သည်။


 "ဘယ်သူ့ကို ရှာနေတာလဲ ခင်ဗျ"


လာရင်းကိစ္စကို ရှင်းပြလိုက်သောအခါ ယွီနျန်က သူ့ကို စာကြည့်ခန်းထဲသို့ ခေါ်သွားပေးခဲ့သည်။ ၎င်းက သူ ပထမဆုံးအကြိမ်အဖြစ် မစ္စတာရှုနျင်းကို တွေ့ခဲရခြင်းဖြစ်ပြီး သူ စိတ်ကူးယဥ်ထားသည်နှင့်လည်း လုံးလုံး ကွဲပြားနေခဲ့သည်။ မစ္စတာ ရှုနျင်းက ရိုးရိုးအဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မှန်ဘီလူးတစ်ခုကို ကိုင်ကာ ရှေးဟောင်း စာလိပ်များကို လေ့လာနေခဲ့သည်။ ဘေးဘက်တွင် လက်ဖက်ရည်ကြည် တစ်အိုးနှင့် စာရေးကိရိယာတစ်စုံ ရှိနေပြီး စာရွက်ပေါ်၌ မင်သား လတ်လတ်ဆတ်ဆတ်ကပင် မခြောက်သေးခဲ့ပေ။


ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ခါးလောက်ပင် မရှိခဲ့သည့် ကောင်လေးကအရွယ်ရောက်လာခဲ့သည်။ 


“ဟုတ်တယ်... ဟုတ်တယ်... မင်းပြောတာ မှန်တယ်... ဘာပဲဖြစ်ဖြစ် 'ငါသဘောကျတဲ့ အရာတွေ" နဲ့ "ငါလုပ်ဖို့ဆန္ဒရှိတာတွေ"ပဲလေ" ရုန်ယွဲ့က ဟောပြောနေသည်ကို ရပ်လိုက်ပြီး မေးလိုက်သည်။


 "ဒါဆို... အခု ပစ္စည်းတွေ ကြည့်လို့ရမလား"


"ဒါပေါ့... ခဏလေးစောင့်ပါ"


ယွီနျန် ထရပ်ကာ သပ်သပ်ရပ်ရပ် စီစဥ်ထားသော ပစ္စည်းများကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ သူ ဂရုတစိုက် မိတ်ဆက်ပေးလိုက်သည်။


 "ကျွန်တော့်မိသားစုထဲက လူတွေက ရှေးဟောင်းရိုးရာလက်မှုပစ္စည်ူတွေကို သုံးရတာ ကြိုက်ပြီးတော့ အဲ့ပစ္စည်းတွေကိုလည်း တန်ဖိုးထားချစ်ခင်ကြတယ်... အချိန်ကြာလာတော့ ဒီပစ္စည်းတွေက သဘာဝကျကျပဲ ရှေးဟောင်းပစ္စည်းတွေ ဖြစ်လာပြီးတော့ မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတာပေါ့...