အပိုင်း ၆၅
Viewers 11k

Chapter 65

 နျန်နျန်ယုံယွီ ဆိုတဲ့ နာမည်နဲ့ သူငယ်ချင်း




ယွီနျန်က မျက်လုံးပင် ပိတ်လို့ မရတော့ချေ။ ထို့အစား နံရံတွင် မှီပြီး မော့ကြည့်နေရင်း လည်တိုင်ကျော့ကျော့လေးက အားနည်းနေသည့် ပုံစံပြနေသည်။ ခရစ်စတယ်ကျောက်လေးများနှင့် ဖွဲ့စည်းထားသည့် နဂါးငွေ့တန်းကို ကြည့်နေရင်း ယွီနျန်က တိုးတိုးဖွဖွ ပြောလာသည် 


" ရွှယ်ယုံ... ကျွန်တော့် အဘွားကို အရမ်း လွမ်းတာပဲ"


သူ့အကြည့်တို့က ထွေပြားနေဟန် " ကျွန်တော့အဘွား ဆုံးတုန်းက ကျွန်တော့လက်ကို ကိုင်ပြီး တစ်ယောက်တည်း ဖြစ်နေမှာ မကြောက်ဖို့ ပြောခဲ့တယ်... သူမက ကြယ်လေးတစ်လုံး ဖြစ်လာပြီး ကျွန်တော်နဲ့အတူ အမြဲတမ်း ရှိနေမှာလို့လည်း ပြောခဲ့တယ်... ကျွန်တော်က ကလေး မဟုတ်တော့ပေမယ့် အဲ့ဒီစကားတွေကို ယုံကြည်နေတုန်းပဲ"


ရွှယ်ယုံ့အသံက ဖုန်းထဲမှ ထွက်လာသည်။ သူ့အသံက ယခင်က ပိုပြီး နူးညံ့နေသည်


 " အင်း ... ကိုယ်တို့ မေ့မနေသေးသရွေ့ ကိုယ်တို့ မှတ်ဥာဏ်တွေထဲမှာ သူတို့က အသက်ဝင်နေမှာပါ"


"အတိအကျပဲ" ယွီနျန်က မျက်လုံးတို့ လက်ခနဲဖြစ်သွားရင်း စက္ကန့်အနည်းငယ်အကြာ ပြုံးပြီး ပြောလာသည်


 " ကျွန်တော့ ရှေ့မှာ ကြယ် ဘယ်နှလုံး ရှိနေတာလဲလို့ မေးလို့ရမလား"


ရွှယ်ယုံက တစ်ခဏမျှ အသံရပ်သွားပြီး နူးနူးညံ့ညံ့ ပြန်ဖြေလာသည် " ကိုးရာကိုးဆယ့်ကိုး"


ကိုးရာကိုးဆယ့်ကိုးလား...


သူ့စိတ်ထဲ တစ်ခုခု စိတ်ထင့်သွား၍ ယွီနျန့်အပြုံးတို့ လျှံကျလာသည်။ သူက ရွှယ်ယုံ့ကို မေးလိုက်သည် " ခင်ဗျား ချင်းဟိုင်liveမှာ အကောင့်လုပ်ထားလား"


ရွှယ်ယုံက အမြန် ငြင်းလာသည် " မလုပ်ထားဘူး"


"တကယ်လား... မလုပ်ထားဘူးပေါ့"


"...လုပ်ထားတယ်"


ယွီနျန်က အင်္ကျီအိတ်ကပ်ထဲ လက်ထည့်လိုက်ရင်း ဖွဖွပြုံးလိုက်သည်။ သူက စိတ်အေးစေသည့် အသံနှင့် ဆက်ပြောလာသည် 


" ဟုတ်ပါပြီ ... ချင်းဟိုင်မှာ သုံးတဲ့ အကောင့်နာမည်ကို သိလို့ရမလား"


ရွှယ်ယုံက ခဏကြာမှ ပြန်ဖြေလာသည် "...ကိုယ် အဲ့ဒီ မေးခွန်းကို မဖြေနိုင်ဘူး"


"ဟုတ်ပါပြီ ဟုတ်ပါပြီ... မဖြေနိုင်လည်း မမေးတော့ပါဘူး" 


ယွီနျန်က ရှည်ရှည်ဝေးဝေး မမေးတော့ပေ။ သူက မျက်တောင်ခတ်လိုက်ရင်း ပြုံးရွှင်နေသည့် အသံနှင့် ပြောလာသည်


 " ဒါပေမယ့် ကျွန်တော် သိသွားပြီလို့ ထင်တယ်"


ရွှယ်ယုံက အသံတိတ်မြဲ...။


တိမ်များသာ ရှိနေလျှင် ယွီနျန့်စိတ်က ချက်ချင်း နေသာလာမည့် အတိုင်း ဖြစ်နေသည်။


*****


ရှစ်ရော့က ယွီနျန် နေတိုင်း စိတ်ပျော်နေသည်ဟု သတိထားမိသည်။ လာမည့် နောက်နှစ်ရက်စာ အတွက် အချိန်ဇယားများကို ပြောပြပြီးနောက် သူမက သိချင်လာ၍ မေးမိသည် 


" မင်း ဒီရက်တွေမှာ တော်တော် စိတ်ပျော်နေတဲ့ပုံပဲ... နျန်နျန်"


ယွီနျန်က အနွေးခွက် ကိုင်ထားရင်း ရေတစ်ငုံ သောက်လိုက်သည်။ သူ့နှုတ်ခမ်းထက် အပြုံးတို့ ဖြန့်ကျက်သွားရင်း " သိသာနေတာလား"


"သိသာတာပေါ့" ရှစ်ရော့က ပြောလာတော့သည်


 " အဲ့ဒါ... မဖုံးနိုင်မဖိနိုင် ထိန်းမနိုင်သိမ်းမရ ပျော်နေတာမျိုး ဖြစ်နေတယ်"


"ဟုတ်တယ်... ကျွန်တော် တကယ် ပျော်နေတာ" ယွီနျန်က အနွေးခွက်ကို ချထားလိုက်သည်။ 


" နေ့လည် ၃နာရီမှာ အိုးမူနဲ့ စာချုပ်ချုပ်ဖို့ သွားရမှာ မို့လား"


"ဟုတ်တယ်... ဒီနေ့လည်က အရေးကြီးတာ အဲ့တာပဲ... မနက်ဖြန်မှာ ဖူနာလင်္ကာသောက်ရေသန့် ရဲ့ ဘရန်းဒါရိုက်တာနဲ့ တွေ့ဖို့ရှိတယ်... အစ်မတို့ မိနစ်နှစ်ဆယ်လောက် စောသွားရမှာ ဘာလို့ဆို သူတို့က အရမ်း အချိန်တိကျတတ်လို့ စက္ကန့်သုံးဆယ် နောက်ကျရင်တောင် လက်မခံတတ်ဘူး"


ပြောနေရင်း ရှစ်ရော့က ဝေဖန်လာသည်


 " ဒါနဲ့လေ မင်း ဒီကြော်ငြာ လက်ခံတဲ့ အချိန်ထိ အစ်မ မသိပေမယ့် ရေသန့်က အရမ်း စျေးကြီးနိုင်တယ်... ဖန်ပုလင်းပေါ် ဆွဲထားတဲ့ နှင်းပွင့်ပုံစံလေးတွေက ခရစ်စတယ်လေးတွေနဲ့ လုပ်ထားတာ... ပြီးတော့ ပုလင်းအဖုံးမှာလည်း စိန်မြုပ်ထားတဲ့ သရဖူသေးသေးလေး ပါသေးတယ်... အမလေး ၃၀၀မီလီလီတာ ပါတဲ့ တစ်ပုလင်းကို ဒေါ်လာ၁၀၀တောင်ကျတယ်... အစ်မရဲ့ တစ်လစာလောက်တောင် ရှိတယ်ရော"


မုန့်ယွမ်လည်း ဝင်လာသည်နှင့် ကြုံ၍ ရှစ်ရော့ ပြောနေသည်ကို ကြားပြီးနောက် ထပ်ပြောလာသည်


 " အဲ့ဒါ ကန့်သတ်ထုတ်ကုန် မို့လား... တစ်လကို ပုလင်းရေ သုံးထောင်လောက်ပဲ ရောင်းတာလေ... ငါတို့ကတော့ မသောက်ပါဘူး... ငါတို့က ပုံမှန်ရေသန့်ကိုပဲ သောက်တယ်... မဟုတ်ရင် တစ်ငုံသောက်တိုင်း ဒေါ်လာတစ်ဆယ်ကုန်နေမှာ... သေချာပေါက် နှလုံးသွေးထွက်စရာပဲ"


ရှစ်ရော့ကလည်း လက်ယမ်းရင်း ထပ်ပြောလာသည် 


" သွေးထွက်တာလား...သွေးတစိမ့်စိမ့်စီးကျတာ ပိုမှန်မယ်... အဲ့တာအပြင် သာမန်ပုလင်းကလည်း ၃၀၀မီလီလီတာပါတဲ့ ပုလင်းကို ၆၁ပုလင်းပဲ ထုတ်ပေးတာ...မတတ်နိုင်ဘူး မတတ်နိုင်ဘူး"


မုန့်ယွမ်က အနားကပ်လာပြီး စာရွက်စာတမ်းများကို စားပွဲပေါ် တင်လိုက်သည်။ သူက ယွီနျန့်ကို ပြောလာသည် 


" ပြီးသွားပြီ... အိုးမူက ငါတို့ပြောတာကို လက်ခံလိုက်တယ်... ဒီနေ့ နေ့လည်မှာ စာချုပ်ချုပ်မှာ ဆိုတော့ ချုပ်ပြီးတာနဲ့ ပိုက်ဆံတန်းရပြီပဲ... ဒါပေမယ့် သူတို့ ပြောတဲ့ ပုံစံအရဆို ကြော်ငြာသာ အောင်မြင်ရင် အိုးမူရဲ့ galaxy watch အပြင် အိုးမူရဲ့ Silver Axis seriesကိုပါ ကြော်ငြာ ခိုင်းမှာတဲ့... ဒါကြောင့် ကောင်လေး အလုပ်ကြိုးစားထား"


သဘောတူစာချုပ်ကို ဖတ်ကြည့်ပြီး ယွီနျန်က မော့ကြည့်ရင်း ပြုံးလာသည် 


" အလုပ်ကြိုးစားပေးလို့ ကျေးဇူးပါ အစ်ကိုမုန့်"


"မကြိုးစားရသေးပါဘူးကွာ...ပြောထားရုံပဲ ရှိတာပါ ရိယောင်မိုဘိုင်းဖုန်းလည်း ရှိသေးတယ်... နောက်ပိုင်း မင်း အလုပ်များတော့ မှာပဲ... ဘရန်းသုံးခုလုံးအတွက် ဓါတ်ပုံရိုက်မည့်ရက်လည်း ကပ်လျက်လေးတွေ"


"ကိစ္စမရှိဘူး ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်... ဒါပေမယ့် ကျွန်တော် ကြော်ငြာအတွက် ဖုန်းနဲ့ နာရီကို သုံးရမှာလား"


"ဟုတ်တယ် မင်း အကုန်လုံးကို သုံးထားရမှာ... မင်း ဝေ့ပေါ်မှာ ပို့စ်တင်လိုက်တာနဲ့ ကြော်ငြာမယ့် ဖုန်းကိုလည်း သုံးဖို့ လုပ်ထားအုံး" 


မုန့်ယွမ်က မျက်မှောင်ကြုတ်ပြီး ပြောလာသည် 


" ရိုးရိုးသားသားပြောရရင် မင်းကို စိတ်ပျက်တာ မဟုတ်ပေမယ့် အခု သုံးနေတဲ့ ဖုန်းကို လဲဖို့ သင့်ပြီ...ရှောင်ရော့တောင် မင်းထက် ပိုကောင်းတဲ့ ဖုန်းကို ကိုင်တာ... ဒီနယ်ပယ်က အနိမ့်ဆုံး အနုပညာရှင်တောင် မင်း သုံးတဲ့ စျေးပေါပေါ ဘရန်းမျိုး မသုံးဘူး" 


သို့သော်လည်း ယွီနျန် ပိုက်ဆံ ပြတ်နေမှန်း စဥ်းစားမိ၍ မုန့်ယွမ်က ချော့ရပြန်သည်


 " ဘာပဲဖြစ်ဖြစ်ပါ မင်း အကြောင်း ထပ်မပြောကြစို့... သနားစရာ ကောင်းလိုက်လေခြင်း... အစ်ကိုမုန့်က ကြော်ငြာတွေ အများကြီး ရှာပေးပြီး မင်းဘဝ အဆင့်မြင်အောင် လုပ်ပေးမယ်"


ယွီနျန်က ပြုံးပြီး မျက်လုံးများ မှေးလိုက်သည်


 " ကြိုပြီး ကျေးဇူးတင်ထားပါမယ် အစ်ကိုမုန့်"


နောက်ထပ် လဝက်လောက်ထိ ယွီနျန့်တွင် အချိန်ဇယား ကြပ်နေသည်။ သူ့ ep ထုတ်ရန်အတွက် အာရုံစိုက်ရင်း ကြော်ငြာအတွက် ပိုစတာများ ရိုက်ကူးရင်းနှင့် မနက်စောစောအထိ အလုပ်လုပ်နေရသည်။ သို့သော်လည်း သူ အိမ်ပြန်ပြီး မော့ကြည့်လိုက်သည့် အချိန်တိုင်း ကြယ်အပြည့်နှင့် ကောင်းကင်ကို မြင်ရ၍ စိတ်ပြန်လည် လန်းဆန်းလာသည်။


ဖေဖော်ဝါရီလ၇ရက်နေ့ ညနက်အချိန်တွင် ယွီချင်းက ဖုန်းခေါ်လာသည် " နျန်နျန် နင့်မှာ ပိုက်ဆံ လောက်သွားပြီလား"


ယွီနျန်က အိမ်ပြန်လာကာစ ဆိုဖာတွင် ထိုင်နေဆဲဖြစ်၍ မောမောနှင့် ရင်ဘတ်ကို ပုတ်နေသည်" ဟုတ် လောက်ကာနီးပြီ... အစ်ကိုမုန့်က ကျွန်တော့်ကို ကြော်ငြာသုံးခု ရှာပေးခဲ့တာ... ကြော်ငြာကြေးကလည်း အရမ်း တန်တယ်...ကုမ္ပဏီဘက်ရဲ့ ရှယ်ယာပြီးရင် ကျွန်တော်မှာ ပမာဏတစ်ခုလောက် ကျန်သေးတယ် ပြီးတော့ မူပိုင်ခွင့်အဖွဲ့ကလည်း အခုလေးတင် မူပိုင်ခွင့်ကြေး ပေးထားတာ"


"အဲ့ဒါ ကောင်းတယ်...သတင်းက ကြေငြာချက် ထုတ်ပြီးပြီ လေလံပွဲက ယဲ့ချောင်မှာ ၅ရက် ကျင်းပမှာ... နင့်ရဲ့ အချိန်ဇယားကို ကြိုညှိထားပြီး လေယာဥ်လေမှတ် ဖြတ်ထားတော့"


"ဟုတ်ကဲ့ပါ... ဒီရက်အတွင်း အပြီးသတ်ပြီးတာနဲ့ ကျွန်တော် အားသွားပါပြီ" 


ယွီနျန်က အာခေါင် မခြောက်ရန် ရေနွေး တစ်ငုံ သောက်လိုက်ရင်း ပြက္ခဒိန်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူ တစ်ခုခုကို သတိရသွားသည်


 " တရုတ်နှစ်သစ်ကူး ရောက်ကာနီးပြီး ဆိုတော့ ဒီနှစ် ဘယ်လို ဆင်နွှဲမယ်လို့ စဥ်းစားထားလဲ အစ်မ"


"ငါ့မှာ ဘာ လုပ်စရာ ရှိမှာလဲ... ရိုက်ကူးရေး ရှိနေလို့ ရိုက်ကွင်းမှာပဲ ဆင်နွှဲရမှာပေါ့... ပြီးတော့ ငါ့အဖေကလည်း လက်တစ်ဖက်စီမှာ ချစ်သူ အသစ်ကလေးတွေနဲ့လေ... လွန်ခဲ့တဲ့ နှစ်ရက်တုန်းက သတင်းတွေ့လိုက်တယ် ... သူမက ငါ့ထက် ၂နှစ်တောင် ငယ်တဲ့ မော်ဒယ်တဲ့... နွားအို မြက်နုကြိုက် ဆိုတဲ့ အတိုင်းပဲ... ငါ အဲ့ဒါမြင်တော့ တစ်ယောက်ယောက်ကို ရိုက်ပစ်ချင်လိုက်တာများ... ငါ့ရဲ့ သခင်မလေး ပုံရိပ်ကို ထိန်းဖို့အတွက် ငါ အိမ်ပြန်မှာ မဟုတ်ဘူး"


ယွီချင်းက စိတ်မကြည်ဟန် ပြောရင်း ယွီနျန့်ကို မေးလာသည်


 " နင်ကရော... ငါတို့ ဘိုးဘွားဆောင်ကို ပြန်သွားမလို့လား"


"ကျွန်တော် အဲ့လို လုပ်ဖို့ ရည်ရွယ်ထားတယ်... ဘယ်လို ဖြစ်နေလဲ သွားကြည့်မလို့လေ"


"ကောင်းပြီ" ယွီချင်းက ဝန်ခံသည့် အသံနှင့် ပြောလာသည် " 


နင်သာ အထီးကျန်တယ်လို့ ခံစားရရင် ရိုက်ကွင်း လာပြီး ငါနဲ့အတူ နှစ်သစ်လာပျော်လှည့်... ခရီးလက်မှတ် ကာမိတာပေါ့"


ယွီနျန်က ပြုံးလိုက်သည် "ကြားရတာ ဝမ်းသာပါတယ်"


ဖေဖော်ဝါရီလ ၁၃ရက်တွင် ယွီနျန်က မုန့်ယွမ်နှင့် အချိန်ဇယား ညှိထားပြီး ဖြစ်၍ မနက်စောစော လေယာဥ်နှင့် ထွက်ခဲ့ရာ ယဲ့ချောင်သို့ နေ့လည်တွင် ရောက်သည်။


ယဲ့ချောင်တွင် မိုးရွာနေ၍ နေရာတိုင်းတွင် မိုးနှင်း ဆီးနှင်းတို့က မပြတ်ပေ။ အေးစိမ့်စိမ့်နှင့် စိုထိုင်းထိုင်း ရာသီပင်။ ယွီနျန်က အနက်ရောင် သားမွေးအနွေးထည်နှင့် ဘဲလျှာဦးထုပ် ဆောင်းပြီး မတ်စ်တပ်ထား၍ သိပ်မသိသာချေ။


လေလံကျင်းပသည့် နေရာသို့ ရောက်သွားစဥ် ကောင်တာမှ ဖိတ်စာကို စစ်ဆေးပြီးသည်နှင့် သူ့ကို အတွင်းထဲသို့ ပို့ပေးလာသည်။


သူဝင်သွားသည်နှင့် ကုရိရန်ဆီမှ ဖုန်းဝင်လာသည်။


"ဘိုးဘိုးကု"


ကုရိရန်က တဟားဟား ရယ်လာသည် " မင်း ပွဲထဲ ရောက်ပြီလား"


ထောင့်ကွယ်နားတွင် ရပ်နေရင်း ယွီနျန်က ပြုံးပြီး ပြန်ဖြေလာသည် " ကျွန်တော် ဒီမှာ ရှိနေမှန်း ဘယ်လိုသိသွားတာလဲ"


"ငါ မသိပဲ နေပါ့မလား...မင်းက နောက်ဆုံးတစ်ခေါက်တုန်းက ယွမ်ဖူစုန့်ဟယ် ပုလင်းရဲ့ လေလံပွဲမှာ ရှိနေတာလေ... ပြီးတော့ 'ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်' ပန်းချီ လေလံတင်တော့မှာ... မင်းက ဘယ်လိုလုပ် မရောက်ပဲ နေမှာလဲ"


 ကုရိရန်က သက်ပြင်းချလိုက်သည် " မစ္စတာရှုနျင်းက ဒီရတနာတွေကို နိုင်ငံဆီ ပြန်ယူလာဖို့ ကျိန်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ကတိမတည်နိုင်ခဲ့ဘူး... ဒါပေမယ့် ကံကောင်းတာက သူ့မှာ မင်းလို မြေးလိမ္မာလေး ရှိနေတာပဲ"


ယွီနျန်က အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည် " ဘိုးဘိုးကုက ကျွန်တော့ကို အရမ်း အသိအမှတ်ပြုနေတာပဲ"


"ငါ ချဲ့ကားပြောနေတာ မဟုတ်ပါဘူး... ဒါနဲ့ ငါ့ရဲ့ မှတ်ဥာဏ်က သိပ်မမှန်ချင်တော့ဘူး... ငါ ဖုန်းခေါ်ရတာက မင်း ဒါရိုက်တာကန်ကို သွားရှာဖို့ ပြောမလို့"


"နျင်းချန်ပြတိုက်ရဲ့ ဒါရိုက်တာကန်ကို ပြောတာလား... သူလည်း ရောက်နေတာလား"


"ဟုတ်တယ် သူပဲ... စောသေးတာမို့ သူနဲ့ သွားစကားပြောချည်"


ကုရိရန် ပြောလိုက်သည့် အခန်းနံပတ်အတိုင်း သွားလိုက်ရင်း ယွီနျန်က တံခါးခေါက်လိုက်သည်။ မျက်မှန်နှင့် သက်လတ်ပိုင်းလူကြီး တစ်ယောက် တံခါးဖွင့်လာရင်း ယဥ်ယဥ်ကျေးကျေး မေးလာသည် 


" မင်းက ယွီနျန်လား"


ယွီနျန်ကလည်း ယဥ်ယဥ်ကျေးကျေး ခေါင်းညိမ့်ပြသည် " ဟုတ်ပါတယ်... ဘိုးဘိုးကုက ကျွန်တော့်ကို သွားလည်ဖို့ ပြောထားလို့ပါ"


အခန်းထဲ ဝင်လိုက်ရာ သက်လတ်ပိုင်းလူကြီးက လည်ထောင် ကြိုးချည်များနှင့် တရုတ်စတိုင် ကြယ်သီးများ ပါသည့် တရုတ်ရိုးရာအင်္ကျီ ဝတ်ထားပြီး ပြုံးပြလာသည် 


" မင်းက ယွီနျန်ပေါ့" သူက ခပ်ပိန်ပိန် ကိုယ်ဟန်နှင့် နူးညံ့သိမ်မွေ့သည့် အကြည့်တို့ ရှိသည်။


ယွီနျန် အနားရောက်သွားသည်နှင့် သူက တယဥ်တကျေး လက်ဆွဲနှုတ်ဆက်လာသည် " မင်္ဂလာပါ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်"


"မတောင်းပန်ရပါဘူး...ထိုင်ပါ"


 ယွီနျန် ထိုင်လိုက်သည်နှင့် ကန်ကျိုးက လက်ဖက်ရည်ခွက်တစ်ခု ရှေ့တိုးပြီး ကမ်းပေးလာသည်။


ကိန်းကြီးခမ်းကြီးမနိုင်သည့် ရိုးရိုးရှင်းရှင်း လက်ဖက်ရည်သောက်ပြီးနောက် ဒါရိုက်တာကန်က စကားစလာသည်


 " ငါ လိုရင်းပဲ ပြောလိုက်မယ်နော်...ဒီလေလံပွဲမှာ ကြေးနီအသုံးအဆောင် ပစ္စည်းတစ်ခု စျေးခေါ်ဖို့ ရှိတယ်...မင်းက အသုံးအဆောင်ပစ္စည်းတွေထဲမှာ အရေးကြီးတဲ့ တစ်ခုနဲ့တော့ ရင်းနှီးနေလောက်မှာပါ"


ယွီနျန့် မျက်လုံးများ တဖြေးဖြေး ပြူးကျယ်လာသည်


 " အောက်ခြေမှာ တိမ်တိုက်နဲ့ မိုးကြိုးပုံစံ အကွက်ရှိပြီးတော့ အပြင်ဘက်မှာ ကွေ့ဝမ်လိုမျိုး အကွက်ထင်းထင်း ရှိတဲ့ တစ်ခုလား"


ဒါရိုက်တာကန်က ပြုံးပြီး ခေါင်းညိမ့်ပြလာသည် " မင်းက တကယ် သိတာပဲ...ဟုတ်တယ် အဲ့ဒီ တစ်ခု"


ယွီနျန်က ဒါရိုက်တာကန်အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်ရင်း ပြောလာသည် 


" ကျွန်တော့ အဘိုး ပြောပြခဲ့တာပါ... ဒါပေမယ့် လေလံပွဲတစ်ခုမှာ ပေါ်လာမယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး"


"ဟုတ်တယ်" ဒါရိုက်တာကန်က လက်ဖက်ရည် တစ်ကျိုက် သောက်လိုက်ရင်း သက်ပြင်းချ၍ ဆက်ပြောလာသည် 


" အတိတ်တုန်းက ဒီ ကြေးနီ အလှပြအိုးကို မစ္စတာရှုနျင်းနဲ့ အတူတူ ဆွေးနွေးဖို့ အထူးအခွင့်အရေး ရခဲ့တယ်... သူက ဒါက နိုင်ငံရဲ့ တန်ဖိုးအရှိဆုံး ရတနာဆိုပြီး မှတ်ချက်ပေးခဲ့ပေမယ့် ပင်လယ်ရပ်ခြားဆီ လွှင့်သွားရင်း အိမ်ပြန်မလာနိုင်ခဲ့ဘူး"


ဒါရိုက်တာကန်က အမွှေးနံ့သာအိုးထဲမှ တငွေ့ငွေ့ ထွက်လာသည့် မီးခိုးငွေ့တို့ကို ကြည့်လိုက်ရင်း တစ်စတစ်စ အသံ ညှိုးလာသည် 


" ဒီအသုံးအဆောင်ပစ္စည်းက ငါတို့အတွက် ပြယုဂ်ကြီးကြီး ဆိုပေမယ့် လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ရှေးဟောင်းပစ္စည်းရောင်းတဲ့သူတွေကြောင့် ပင်လယ်ရပ်ခြားမှာ အဆင့်ဆင့် လက်ဆင့်ကမ်းရင်း အဆုံးသတ်သွားရတယ်...ဒီလေလံပွဲက နှစ်ငါးဆယ်အတွင်းမှာ ဒီအိုးကို လေလံတင်ခွင့်ရဖို့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်တယ်... ဒါကြောင့် ဒီတစ်ခေါက် အရမယူနိုင်ဘူး ဆိုရင် အခွင့်အရေးနဲ့ တစ်ခါထပ်ပြီး လွဲသွားရလိမ့်မယ်"


ယွီနျန်က လက်ချောင်းကို တင်းတင်းဆုပ်ထားလျက် မေးလာသည် " ဒါရိုက်တာကြီးမှာ နိုင်နိုင်ဖို့ အခွင့်အရေးကောင်းများ ရှိနေသလား"


"ငါက ၈၀ ရာခိုင်နှုန်း ယုံကြည်ချက် ရှိတယ်... နေရာတော်တော်များများကနေ ပမာဏများများ ရှာထားပြီးပြီမို့လို့ အောင်မြင်ဖို့ စိတ်ချရတယ်" 


ဒါရိုက်တာကန်က ယွီနျန့်မျက်လုံးထဲ စိုက်ကြည့်လာသည် " ဒါပေမယ့် ငါတို့မှာ 'ရစ်မူးနေသော မင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်'အတွက် ပိုက်ဆံမကျန်တော့ဘူး"


ယွီနျန်က ဒါရိုက်တာကန် ပြောသည်ကို နားလည်လိုက်သည်။ " ဒါရိုက်တာကြီးက တစ်ခြားတစ်ယောက်က အဲ့ဒီအတွက် ပြိုင်လို့ရသွားပြီလို့ ပြောချင်တာ များလား"


"ဟုတ်တယ်... ပြင်သစ်လူမျိုး စုဆောင်းသူ တစ်ဦးက 'ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်'ကို မျက်စိကျနေတယ်...သေချာပေါက် ငါတို့က ဒီသတင်း မှန်လား မပြောနိုင်ပေမယ့် မင်း ပြင်ဆင်ထားလို့ ရအောင်လို့လေ"


"ကောင်းပါပြီ"

 ယွီနျန်က ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာသည်


 " စိတ်ချပါ ကျွန်တော် အကောင်းဆုံး လုပ်မှာပါ"


ဒါရိုက်တာကန်က စကားတစ်ခွန်း မဆိုပဲ ယွီနျန့် ပုခုံးကို ပုတ်ပေးလာသည်။