အပိုင်း ၆၄
Viewers 11k

Chapter 64

 နျန်နျန် မော့ကြည့်လိုက်




စင်ပေါ်က ဆင်းလာပြီးနောက် ယွီနျန်က ပရိတ်သတ်ထိုင်ခုံဘက် သွားထိုင်လိုက်သည်။ ယွီချင်းက အနွေးဗူးလေး ကမ်းပေးလာရင်း တိုးတိုး ကပ်ပြောလာသည်


 " နင် ဆိုတာ တော်တော်ကောင်းတယ်... တိုးတက်လာသားပဲ... ကြည့်ရတာ ဒီအတောအတွင်း အလုပ်ကြိုးစားခဲ့တယ်ဟုတ်"


ရေနွေးတစ်ငုံ သောက်လိုက်ရင်း ယွီနျန်က ချီးကျူးခံလိုက်ရမှန်း နားလည်သွား၍ အပြုံးလေးနှင့် ပြန်ဖြေလာသည်


 " ဒါပေမယ့် ကျွန်တော် သီချင်းစာသားတွေ မေ့တော့မလို့ ဖြစ်သွားတာ... ကံကောင်းလို့ စာသားပြစက်က ကယ်သွားလို့"


"ထပ်ပြီး သီချင်းစာသားတွေ မေ့ပြန်တာလား" 


ယွီချင်းက နူးညံ့သိမ်မွေ့လှသည့် သူမ၏ မျက်ခုံးတို့ ပင့်လိုက်ရင်း " ငါ ပြောမယ် နျန်နျန်... ဘယ်အချိန်ကျမှ ဒီ စာသားမေ့တဲ့ အကျင့်ကြီး ပျောက်မှာလဲ... တခြားသူရေးတဲ့ သီချင်းစာသားကို မေ့တာက ကိစ္စမရှိပေမယ့် နင်က ကိုယ်ရေးထားတဲ့ သီချင်းကိုတောင် စာသားမေ့နေတယ် ဆိုတော့"


ယွီနျန်က နှာခေါင်း ပွတ်လိုက်ရင်း " ဒါက... မျိုးရိုးလိုက်တာ ဖြစ်နိုင်တယ်... ကျွန်တော့် အဘွားလည်း သူရေးတဲ့ သီချင်းကို ဆိုတုန်းက ခဏခဏ စာသားမေ့တယ်... ကျွန်တော့် အဘိုးသာ သတိပေးမနေရင် အဘွားက ထစ်နေတော့မှာ"


"ဒါ အဘွားနဲ့ ဆိုင်သွားတာလား" 


ယွီချင်းက တခစ်ခစ် ရယ်မောလိုက်ရင်း " ငါ မှတ်မိပါသေးတယ် ငါ့အဘွားက 'ပန်းဥယျာဥ်ထဲဝယ်' သီချင်းဆိုနည်း သင်ပေးတုန်းက သင်တဲ့အချိန်တိုင်း ပုံစံ မတူဘူး... အခုထိ ငါ ပုံစံငါးမျိုးလောက် ပြန်ဆိုနိုင်သေးတယ်"


ယွီနျန့် မျက်နှာက တစ်ခုခုကို သတိရနေဟန် ဖြစ်သွား၍ ယွီချင်း၏ အပြုံးတို့ မှေးမှိန်သွားပြီး စကားဆက်မပြောတော့ချေ။


 ပွဲပြီးသွားချိန်၌ သန်းခေါင်ယံအချိန် ရောက်နေပေပြီ။


 ယွီချင်းက ရေပန်းအစားဆုံး အမျိုးသမီးအနုပညာရှင်ဆုကို ရရှိခဲ့ပြီး ပွဲကျင်းပသည့် နေရာမှ ကြော့ကြော့လေး ထွက်လျှောက်လာခဲ့သည်။ သူမပုံစံက သူမအဘိဓါန်တွင် 'ခပ်လျှိုလျှိုနေခြင်း'ဆိုသည့် စကားလုံးက တစ်ကြိမ်မှ မရှိဖူးသည့်ပုံစံနှင့်ပင်။ 


သို့သော်လည်း သူတို့က ကားပါကင်ဘေးနား ရောက်သည်နှင့် ယွီချင်းမှာ ထိန်းမထားနိုင်တော့ချေ။ သူမက သားမွေးအနွေးထည်ကို တင်းတင်းခြုံလိုက်ရင်း ခိုက်ခိုက်တုန်နေသည့် အသံနှင့် စကားပြောလာသည် 


" သေစမ်း ... ဒီရာသီဥတုက ကော်ဇောနီမှာ လျှောက်ရတာနဲ့ လုံးဝမအပ်စပ်ဘူး... ငါ ဖြတ်သွားတုန်းက ကျန့်ရာရာရဲ့ ဖြစ်သွားတဲ့ မျက်နှာပုံစံကို သတိထားမိလိုက်လား"


ယွီနျန်က သူမ မေးလာမည်မှန်း သိထား၍ သေချာစဥ်းစားလိုက်ရင်း " မျက်နှာက ပြုံးနေပေမယ့် အံတင်းတင်းကြိတ်ထားတယ်... အစ်မ ဖြတ်သွားတုန်းကလည်း အစ်မ နောက်ကျောကို စက္ကန့်နှစ်ဆယ်လောက် စိုက်ကြည့်နေတာ"


"ဟားဟား... ငါ့အတွက် ကော်ဇောနီကို ပုခုံးပြတ်ဂါဝန်နဲဲ့ တက်ရတာ တန်သွားပြီ" 


ယွီချင်းက အားကြိုးမာန်တက် ပြောလာသည်။

 

သူမကို ကြည့်နေရင်း ဆုကို အနွေးထည်အိတ်ကပ်ထဲ သိပ်ထည့်တော့မည် လုပ်နေ၍ ယွီနျန်က ကူကယ်ရာမဲ့စွာဖြင့် လက်ဆန့်ပြီး ပြောလိုက်ရသည် 


" အစ်မရယ် ကျွန်တော် ကိုင်ထားပေးပါ့မယ်"


"အိုကေ...အိုကေ... ဒီဆုရဲ့ အောက်ခြေက သတ္တုနဲ့ လုပ်ထားတာမို့ ကိုင်ထားရတာ အေးတယ်ကွ" 


ယွီချင်းက ဆုတံဆိပ်ကို ယွီနျန် ကိုင်ထားရန် ပေးလိုက်ပြီး သူမက အနွေးထည် ဆက်ခြုံထားသည်။ ထို့နောက် သူမက တစ်ခုခုကို သတိရသွားဟန် ပြောလာသည်


 " အို့... ငါ မင်းကို ပြောဖို့ မေ့တော့မလို့... အဲ့ဒီ 'ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်' ဆိုတာကလေ လေလံ စတော့မယ်လို့ သတင်းရထားတယ်"


" 'ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်' ကလား" ယွီနျန်က တစ်ခဏမျှ အသက်ရှူရပ်သွားပြီး " ရက်ကို အတည်ပြုပြီးပြီလား"


"ရက်က အတည်မပြုရသေးပါဘူး... ဒါပေမယ့် ဒီနှစ်လအတွင်း ဖြစ်လိမ့်မယ်... အဲ့ဒီ သီးသန့်ပြတိုက်ပိုင်ရှင်ငယ်ငယ်တုန်းက သူ့အမျိုးသမီးနဲ့ ယဲ့ချောင်မှာ ဆုံခဲ့တာမို့ လေလံပွဲက ယဲ့ချောင်မှာ လုပ်လိမ့်မယ် ... ငါ မင်းကို ပွဲတက်ဖို့ ဖိတ်စာပေးလို့ ရပေမယ့် မင်း အဲ့ဒီ ကျောက်စိမ်းပုလင်းနဲ့ ထင်းရှူးကြိုးကြာပန်းအိုးကို ဝယ်ဖို့က ပိုက်ဆံလောက်ပါ့မလား"


ယွီနျန်က တွက်ကြည့်စရာပင် မလိုချေ " မလောက်ဘူး"


"ငါတော့ များလိမ့်မယ်လို့ ထင်တယ်... လက်ချိုးရေကြည့်တောင်ရတယ်... နင့်ရဲ့ ဝင်ငွေက အကန့်အသတ်ရှိတယ်... ပြီးတော့ ကြော်ငြာတွေလည်း လက်မခံထားရသေးဘူး အယ်လ်ဘမ်ကလည်း ထုတ်နေတုန်း ဆိုတော့ သီချင်းရောင်းပြီး ပိုက်ဆံရှာရုံပဲ တတ်နိုင်တယ် ဟုတ်တယ်ဟုတ်"


"ဟုတ်တယ် " ယွီနျန်က ဖုံးကွယ်မထားတော့ပဲ အင်တာဗျူးစဥ်က ယွီချင်း ပြောခဲ့သည့် အရာကို အမှတ်ရသွားသည် 


" အစ်မ အစ်မရဲ့ အယ်လ်ဘမ်အသစ်အတွက် ကျွန်တော် ရေးပေးမယ့် သီချင်းကို သုံးဖို့ စီစဥ်ထားပြီးသားမို့လား"


"ဟုတ်တယ်လေ... ဒါပေမယ့် ငါ့မှာ ရုပ်ရှင်နှစ်ခု ထပ်နေတာ... အယ်လ်ဘမ်အသစ်က ဝေးပါသေးတယ်... နင် အချိန်ယူပြီး ရေးလို့ရတယ်... ငါက အင်တာဗျူးမှာ ထုတ်ပြောပြီးပြီ ဆိုတော့ မနက်ဖြန်ကျရင် ထုတ်လွှင့်တော့မှာပဲ"


 ကားဆရာက ကားယူလာပြီဖြစ်၍ ယွီချင်းက ယွီနျန့်ကို ကားထဲ ဆွဲသွင်းလိုက်ပြီး ဆက်ပြောသည် 


" ဒါပေမယ့် ငါတို့ စာချုပ်ကြိုချုပ်ထားလို့ ရတယ်လေ... ငါ ပိုက်ဆံ ကြိုပေးထားမယ်"


"ကောင်းပါပြီ" 


ယွီနျန်က ရှက်မနေတော့ " ကျွန်တော် အစ်ကိုမုန့်နဲ့ စကားပြောကြည့်ပြီး ပိုက်ဆံစုဖို့ ကြော်ငြာများ ရနိုင်မလား သီချင်းထပ်ရောင်းလို့ ရနိုင်မလား ကြည့်လိုက်အုံးမယ်"


"အဲ့ဒါ အလုပ်ဖြစ်လောက်တယ်" 


ယွီချင်း၏ အကြည့်က ယွီနျန့် အင်္ကျီ၏ လက်ကြယ်သီးအပေါ် သိသိသာသာ ကျရောက်သွားကာ " ဒီလက်ကြယ်သီးတွေသာ အစစ်ဆိုရင် သန်းချီတန်မှာ... နင် ရောင်းလိုက်ရင်ရော... ငါ ဝယ်သူ ရှာပေးမယ်"


တုံ့ဆိုင်းခြင်းမရှိပဲ ယွီနျန်က ငြင်းဆိုလာသည် " မဖြစ်ဘူး... ကျွန်တော် ရောင်းမှာမဟုတ်ဘူး... ဒါတွေက ရောင်းဖို့ မဟုတ်ဘူး"


"တကယ်ကြီး မရောင်းဘူးလား"


"ဟုတ်" ယွီနျန်က လက်ကောက်ဝတ်ကို ပင့်ပြီး ကြည့်လိုက်ရင်း မျက်လုံးထက် အပြုံးတို့ တွဲခိုသွားသည် 


" ဒါက ချစ်ခြင်းရဲ့ အမှတ်တံဆိပ်တစ်ခုပဲ... နှစ်ဘီလီယမ်ဆိုရင်တောင် ရောင်းမှာမဟုတ်ဘူး" 


ယွီချင်းက သူ့မျက်နှာ အခြေအနေကြောင့် သဘောပေါက်သွားသည်


 " အို့... ကြည့်ရတာ လက်ကြယ်သီးလေးတွေက မင်းရဲ့ ထူးခြားတဲ့သူတစ်ယောက်ဆီက လက်ဆောင်ဖြစ်မယ်..."


ရွှယ်ယုံမှ အထူးလုပ်ပေးထားခြင်း ဆိုသည့် စျေးနှုန်းအကြောင်း စဥ်းစားမိ၍ ယွီနျန်မှာ နှုတ်ခမ်းထောင့်တို့ ကွေးညွတ်သွားရသည် 


" ဟုတ်တယ်... သူတို့ဆီကမို့ ကျွန်တော် မရောင်းရက်တာ"


ယွီချင်းက နှာခေါင်းပိတ်လိုက်ရင်း မကျေမနပ် ပြောလာသည် 


" ခွေးစာအနံ့တွေက တကယ် စိတ်မသက်မသာဖြစ်စရာတွေပဲ..."


နှာခေါင်းရှုံ့လိုက်ရင်း ယွီချင်းက ထပ်မေးလာသည်


 " အခုလေးတင် စင်နောက်မှာ အင်တာဗျူးတုန်းက သတင်းထောက်က နင့်ရဲ့ နှစ်သစ်ဆုတောင်းကို မေးတော့ ကြယ်တွေ ကြည့်ချင်တယ်လို့ ဖြေခဲ့တာလေ... အဲဒါ တကယ်လား"


"တကယ်"


 ယွီနျန်က မျက်လွှာချလိုက်ရင်း တိုးတိုးပြောလာသည် 


" ကျွန်တော့အဘွား ဆုံးတဲ့ အချိန်တုန်းက သူမက ကြယ်လေးတစ်ပွင့် ဖြစ်လာပြီး ကျွန်တော့်ကို ကောင်းကင်ပေါ်က စောင့်ကြည့်နေမှာလို့ ပြောခဲ့တယ်"


ယွီချင်းလည်း ထိန်းမထားနိုင်တော့ " ယွီနျန်... နင်ကတော့ သေစမ်း... ငါ နင့်ရဲ့ အဲ့လိုဖြစ်သွားတဲ့ မျက်နှာကို မကြည့်ရက်ဘူး... ငါ အားတဲ့အချိန်ကျ နင့်ကို ကြယ်တွေကြည့်ဖို့ ခရီးခေါ်သွားပေးမယ်"


ယွီနျန်က ပြုံးလိုက်ရင်း ခေါင်းအသာယမ်းပြသည်


 " ဒုက္ခရှာစရာ မလိုပါဘူး... ကျွန်တော် အဆင်ပြေပါတယ်... အဘွားရဲ့ နှစ်ပတ်လည်နေ့ ရောက်ခါနီးပြီမို့ သတိရနေရုံလေးပါ"


ပွဲအပြင်ဘက်တွင် လူကြပ်နေ၍ ကားကလေးက တဖြေးဖြေး လမ်းရှာပြီး သွားနေရသည်။ ယွီချင်းက သူမ၏ မပြုပြင်ထားသည့် ဓါတ်ပုံများကို ကြည့်ရင်း ကျေနပ်နေပြီး သူမဖုန်းနှင့် ဝေ့ပေါ်ကို အားကြိုးမာန်တက် ရှာကြည့်နေသည်။


ခဏအကြာ ယွီချင်းက ယွီနျန့်ကို တံတောင်နှင့် တွန်းလိုက်သည်။ 


" နျန်နျန်... ဒီလူတွေက တကယ် အမြင်ကောင်းရှိတာပဲ... အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုနဲ့ အမျိုးသမီးဝတ်စားဆင်ယင်မှုကို ပွဲပြီးတာနဲ့ ချက်ချင်း တန်းရွေးတာ"


ယွီနျန်၏ ဇီဝနာရီက တိကျပေသည်။ သူ့အိပ်ချိန်ကို ကျော်သွားပြီဖြစ်သည်။ သူ့စိတ်က လေးတိလေးကန် ဖြစ်နေပြီး မေးလိုက်မိသည်


 " ဘယ်သူတွေလဲ"


"သေချာပေါက် နင်နဲ့ငါပေါ့... မဟုတ်ရင် ငါပျော်နေပါ့မလား"


 ယွီချင်းက သူမဖုန်းကို ညွှန်ပြလာရင်း " ငါက ဒီလို အေးခဲနေတဲ့ ရာသီမှာတောင် ပုခုံးပြတ်ဂါဝန်ကို ဝတ်ခဲ့ရတာလေ...ပြီးတော့ ကော်ဇောနီပေါ် မလျှောက်ခင်တုန်းကလည်း ဗိုက်ပူနေမှာစိုးလို့ နေ့လည်စာတောင် မစားရဲဘူး..."


ယွီနျန်က မျက်လုံးဖွင့်ရန် အားတင်းနေရမှန်း သတိထားမိသွား၍ ယွီချင်းက အသံတိုးလိုက်သည် 


" ထားလိုက်တော့... ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးမနေနဲ့... အိပ်လိုက် ရောက်ရင် နှိုးမယ်"


ယွီနျန့် မျက်ခုံးများ ပြေကျပြီး အိပ်မောကျသွားသည်ကို တွေ့လိုက်၍ ယွီချင်းက စောင်ယူပြီး ခြုံပေးလိုက်သည်။ အရွယ်ရောက်ကာစ သူမ မောင်လေးတွင် ယခု သူမတစ်ယောက်တည်းသာ ရှိတော့သည်။ သူသဘောကျသည့်သူနှင့် ဆိုလျှင် သူတို့ အတူတူရှိနိုင်ပေမည်။ အနာဂတ်တွင်လည်း သူတစ်ယောက်တည်း အထီးကျန်နေတော့မည် မဟုတ်ပဲ သူ့အတွက် အိမ်ရှိလာမည်ပင်။


သို့သော်လည်း ယွီနျန့်ကို အသာလေး နံရံပေါ် ကပ်ထားရင်း နမ်းနေမည့် အနာဂတ်ယောင်းမလောင်း အကြောင်း တွေးမိသည်နှင့် စိတ်ဓါတ်ကျမိသည်။


*****


ယွီနျန်က ညတွင် ကောင်းကောင်း အိပ်ပျော်၍ နောက်တစ်နေ့ ကုမ္ပဏီသွားသည့်အချိန် တက်ကြွနေသည်။ 


မုန့်ယွမ်က မရောက်သေးပေ။ 


ယွီနျန်က ယွီချင်း သူ့ကို အကောင်းဆုံးဝတ်စားဆင်ယင်ဆု ရသည့်အကြောင်း ပြောပြနေသည့် မနေ့ညက အချိန်ကို ရေးတေးတေး ပြန်စဥ်းစားလိုက်သည်။ သူက ရုံးခန်းထဲက ဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း ဝေ့ပေါ် ကြည့်နေလိုက်သည်။


 သေချာပေါက် မူလပို့စ်အောက်တွင် ကောမန့်များ ပူပူနွေးနွေး ရှိနေလောက်မည်။


ခဏအကြာ မုန့်ယွမ်က ပဲနို့ပူပူလေး တစ်ခွက် ကိုင်ထားရင်း အခန်းထဲ ဝင်လာ၏။ 


ယွီနျန် ဝေ့ပေါ်ကြည့်နေမှန်း တွေ့လိုက်၍ သူက မှတ်ချက်ပေးလာသည် 


" မင်းက ဒီကိစ္စကြောင့် ရေပန်းစားတဲ့ ခေါင်းစဥ်ထဲ ရောက်သွားပြီ... 'စျေးပေါတဲ့ ဝတ်စုံနှင့် ယွီနျန်'ဆိုတာနဲ့ တွဲတင်ထားပေမယ့် မိနစ်ပိုင်းအတွင်း ဖြုတ်ချခံလိုက်ရတယ်"


သူ့စကားဆုံးသည်နှင့် ယွီနျန်က ရေပန်းစားနေသည့် အကြောင်းအရာကို ဖွင့်ကြည့်လိုက်ရာ လောလောလတ်လတ် မြုပ်ထားသည့် ကြိုးစကို အမြန်ရှာတွေ့သွားသည်။ အကြောင်းအရာ၏ ပထမဆုံးပို့စ်က စစ်ဆေးတွေ့ရှိထားသည့် အသုံးပြုသူ တစ်ယောက်မှ သိပ္ပံပညာအကြောင်း ရှင်းပြချက် ဖြစ်နေသည်။


"ယွီနျန့်အဝတ်အစားတွေက စျေးပေါတယ်လို့ ပြောရဲတယ်ပေါ့ ... ဂျုံးစ်ကန်တွန်ကို အမြန် ရိုက်ရှာကြည့်လိုက်... ယွီနျန်ဝတ်ထားတဲ့ ဝတ်စုံက အဲ့ဒီစတူဒီယိုကကွ... စျေးနှုန်းက ဂဏန်းခုနစ်လုံးအောက်ဆိုရင် ငါ ဝေ့ပေါ်ကို ဖြတ်လိုက်မယ်... ပြီးတော့ ဒီတံဆိပ်နဲ့ ဝတ်စုံတွေက ငှားလို့မရဘူး... ပြောချင်တာက နင်တို့ ဝတ်ချင်ရင် အပြည့်ပေးပြီး ဝယ်ရမယ်... ပြောတာ သဘောပေါက်"


[ဘုရားရေ... ငါ ရှင်းရှင်းကြီးကို မှတ်မိနေတယ်... မနှစ်က ငါ့အိုင်ဒေါ ပူစိန်က ဒီအင်္ကျီတံဆိပ်ကို ရုပ်ရှင်ပွဲတော်မှာ ဝတ်ခဲ့တာလေ... သူက အဝတ်အစားက ယူရို၃သိန်းကျတယ် လို့လည်း ပြောခဲ့တာ... ၂မီလီယမ်ကျော်ကျော်ပဲ]


[ဒါက ပညာပဲ... ငါတို့က ကမ္ဘာကြီးရဲ့ ကြွယ်ဝချမ်းသာမှုကို နားမလည်ဘူး... ယွီနျန်က သူ့ခန္ဓာကိုယ်ပေါ်မှာ အိမ်တစ်လုံး ဝတ်ထားတာပဲ... မလေးဘူးလား...ဟားဟားဟား]


[သာမန်လူတစ်ယောက်အနေနဲ့ ငါ ပြောရမယ် ... ငါက သဘာဝအတိုင်း လှပကြော့ရှင်းတယ် ဆိုတာကို လုံးဝမယုံခဲ့ဘူး... ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါ တကယ် မြင်သွားရပြီ... ယွီနျန်က ချမ်းသာတဲ့ မိသားစုက မွေးဖွားလာတဲ့ ကိုယ်ရောင်ကိုယ်ဝါလိုမျိုး ပေးနေတာ...အသိုင်းအဝိုင်းကြီးကြီးရဲ့ မျိုးဆက်လိုမျိုး]


[အပေါ်ထပ်ကလူ... ကုရွှမ်းနင်ကိုသာ ရှေ့တည့်တည့်ကနေ လက်ညှိုးထိုးပြလိုက်ပါတော့ ... ငါက အဲ့ဒီGIFကြောင့် လုံးဝနိုင်သွားတာ... လုံးဝနိုင်သွားတာကွ]


မုန့်ယွမ်က သူ့စားပွဲကို ရှင်းလိုက်ရင်း စိတ်ကြည်နေဟန် ပြောလာသည် 


" အဝတ်အစားကိစ္စက ပြဿနာကြီးတစ်ခု မဟုတ်ပါဘူး... တစ်ဖက်က ပြောရရင် မင်းက ကော်ဇောနီပွဲတက်တဲ့ တစ်လျှောက်လုံး ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ... ဒီနေ့မနက်စောစောမှာ ဖက်ရှင်ဘရန်း နှစ်ခုက ပူးပေါင်းချင်တဲ့ အရိပ်အရောင် ပြလာတယ်... ဒါနဲ့ မင်း ဒီနေ့ ရုံးကိုရောက်တာ စောလှချည်လား"


ယွီနျန်က ဖုန်းချလိုက်ရင်း ရှက်နေခြင်းမရှိပဲ အေးအေးဆေးဆေး ပြောလာသည် 


" အစ်ကိုမုန့်... ကျွန်တော် ပိုက်ဆံ အရေးတကြီး လိုနေလို့"


မုန့်ယွမ်က မတ်မတ်ထိုင်လိုက်ရင်း မေးလာသည် " ဘယ်လောက်လောက် အရေးကြီးလိုတာလဲ"


"နှစ်လစာ"


မုန့်ယွမ်က စားပွဲကို တတောက်တောက် ခေါက်နေရင်း စက္ကန့်အနည်းငယ်မျှ စဥ်းစားလိုက်သည် " နှစ်လစာက စီစဥ်ပေးလို့ရပါတယ်... ငါက ကြော်ငြာ နှစ်ခုယူဖို့ စဥ်းစားနေတာ တစ်ခုက ရေသန့်ကြော်ငြာ နောက်တစ်ခုက ဖုန်းကြော်ငြာ... ဘရန်းနှစ်ခုလုံးက ဖလောရင့်ရဲ့ ရောင်းအားကို မြင်ပြီးတော့ ချဥ်းကပ်လာကြတာ... သူတို့ ကြည့်ရတာတော့ ကတိတည်မယ့်ပုံပါ... မင်း လုပ်နိုင်မယ် ထင်ရင် ငါတို့ စာချုပ်ချုပ်ထားလို့ရတယ်... ကိစ္စက မြန်သွားမှာပေါ့"


"ပြီးတော့ မင်းရဲ့ သီချင်းတွေ ရှိသေးတယ်လေ... ငါ နောက်ထပ် သုံးပုဒ်လောက် ရောင်းပြီး မင်းကို ပမာဏကောင်းကောင်း ရှာပေးလို့ရတယ်"


ယွီနျန်က တွက်ချက်ကြည့်ပြီး အကြံထွက်လာသည်။ သူ့မျက်နှာထက် ကျေးဇူးတင်နေသည့် အကြည့်နှင့် ဆိုလာသည် " ထပ်ပြီးတော့ ကျေးဇူးတင်ပါတယ် အစ်ကိုမုန့်"


" ငါ့ကို ကျေးဇူးတင်စရာ ဘာရှိလို့လဲကွ... တကယ်တမ်း ငါက မန်နေဂျာလေ... ငါ့ရဲ့ ဘဝရှေ့ရေးအတွက် မင်း အောင်မြင်လာတာကို စောင့်ပြီး မင်းအပေါ် မှီခိုနေရတာ..." မုန့်ယွမ်က လက်ယမ်းပြီး ဆက်ပြောလာသည်


 " မင်းက ငယ်သေးတယ်... ပြီးတော့ ဒီနယ်ပယ်မှာ ကျော်ကြားမှုနဲ့ ကံတရားဆိုတာ လူတွေရဲ့ မျက်စိကို လှည့်စားနိုင်တယ်... မင်း ထိလို့မရတဲ့ အရာတွေကို လက်မလှမ်ူလိုက်နဲ့... ပြီးတော့ မင်းရဲ့ အနာဂတ် ပျက်စီးစေနိုင်တဲ့ အရာတွေကို သွားမလုပ်နဲ့"


ယွီနျန်က ခွက်ထိုးခွက်လန် ရယ်သည်

 " အစ်ကိုမုန့်... ကျွန်တော် ဆေးသုံးမှာ လောင်းကစားလုပ်မှာကို စိုးရိမ်နေတာလား"


"ငါ အဲ့လို မပြောဘူးနော်" မုန့်ယွမ်က အမြန် ငြင်းလာပြီး ထပ်ပြောလာသည်


 " မင်းက ငွေကို မြစ်တောင်မဟုတ်ပဲ ရေတံခွန်က ရေကျသလို တရစပ်သုံးနေလို့လေ... ပိုက်ဆံသုံးတာ မင်းရဲ့ လွတ်လပ်ခွင့်ဆိုတော့ ငါ မတားပါဘူး... ဒါပေမယ့် မင်းရဲ့ မန်နေဂျာအနေနဲ့ သတိပေးဖို့ လိုတယ်လေ"


မုန့်ယွမ်က စိတ်ပူတတ်မှန်း သိနေ၍ ယွီနျန်က ပြုံးလိုက်ပြီး သဘောတူလာသည် 


" စိတ်မပူပါနဲ့ အစ်ကိုမုန့်... ကျွန်တော့် limitကို ကျွန်တော် သိပါတယ်"


"ကြားရတာ ဝမ်းသာပါတယ်... ဒါနဲ့ မင်းရဲ့ အလွှာနဲ့တစ်ထပ်တည်းမှာ နောက်ထပ် လွတ်နေတဲ့ တိုက်ခန်းရှိတယ်... အဲ့ဒါ ပိုကြီးတယ်... အရင်တုန်းက bandတစ်ခုက သူတို့ နာမည်မကြီးခင် နေသွားခဲ့တာ... အကူအဆိုရှင်နဲ့ ဂီတတီးတဲ့သူက လောင်းကစားလုပ်ရင်း ရှုံးလို့ အကြွေးကလည်း မဆပ်နိုင် ငွေတိုးချေးစားတဲ့သူတွေဆီကနေလည်း ချေးခဲ့ကြတော့ အဆုံးမှာ အကြွေးတောင်းတဲ့သူတွေကြောင့် သူတို့လက်တွေ ထိခိုက်သွားတယ်... သူတို့ ဘဝတွေ ပျက်စီးသွားခဲ့တာပဲ"


ယွီနျန်က ရယ်မောလိုက်သည် " ကျွန်တော် သေချာပေါက် အဲ့လိုမျိုး အဆုံးသတ်မှာ မဟုတ်ပါဘူး... ကျွန်တော့အစ်မက အနီးကပ် သေချာ စောင့်ကြည့်နေတာ"


ယွီချင်းအကြောင်း တွေးမိ၍ မုန့်ယွမ်က အသံရပ်သွားသည်


 " အဲ့ဒါ အမှန်ပဲ... မင်းအစ်မရဲ့ ခွန်အားနဲ့သာဆို မင်းသာ လောင်းကစားဝိုင်း သွားရဲလို့ကတော့ခြေထောက်တစ်ဖက်တည်းနဲ့ လမ်းပေါ် ရောက်အောင် အကန်ခံရမယ်မှတ်"


ညနေပိုင်းတွင် ယွီနျန်က ဓါတ်လှေကားမှ ထွက်လာသည်နှင့် စင်္ကြံလမ်းက တိတ်ဆိတ်နေသည်။ သူက တုန်ခါသံ ကြားလိုက်၍ ဖုန်းထုတ်ကြည့်ရာ ရွှယ်ယုံ့ထံမှ မက်ဆေ့ချ် ဖြစ်နေသည်။


သူ့အသံက အပြုံးတို့ ပျော်ဝင်နေသည် " ကောင်းသော ညနေခင်းပါ"


"ကောင်းသော ညနေခင်းပါ" 

ရွှယ်ယုံက မေးလာသည်

 " မင်း အခု ဘယ်မှာလဲ"


"ဓါတ်လှေကားထဲက ထွက်လာနေပြီ... ဘာလို့လဲ"


နှစ်စက္ကန့်ကြာပြီးနောက် ရွှယ်ယုံ့အသံ ထွက်လာသည်

 " ယွီနျန်... စင်္ကြံလမ်းက မီးတွေကို ပိတ်လိုက်"


"မီးပိတ်ရမယ်... ကောင်းပါပြီ" 


ယွီနျန်က စဥ်းစားမရဖြစ်နေသော်လည်း သူ ညွှန်ကြားသည့်အတိုင်း လိုက်လုပ်လိုက်သည်။ ခလုတ်ပိတ်သံ ထွက်လာပြီးနောက် ပတ်ပတ်လည်က မှေးမှိန်သွားသည်။ ကြမ်းပြင်ပေါ်က အစက်အပြောက်ကွက်လေးများကို ကြည့်နေရင်း ယွီနျန်က ခေါင်းရှုပ်သွားသည်။


"ယွီနျန် မော့ကြည့်လိုက်"


ရွှယ်ယုံ့စကားအတိုင်း သတိလက်လွတ် မော့ကြည့်မိရာ ယွီနျန့် အသက်ရှူသံ ရပ်တန့်သွားရသည်။


သူ၏ ခေါင်းထက်တွင် နဂါးငွေ့တန်း ကြယ်တာရာ များနှင့် မီးရောင်များ တလက်လက်ဖြစ်နေသည်။


"မင်း သဘောကျရဲ့လား... အခုဆို မင်း အိမ်ပြန်လာတဲ့ အချိန်တိုင်း မင်း လုပ်ဖို့လိုတာက မော့ကြည့်လိုက်ရုံပဲ... ပြီးတော့ ကြယ်တွေအပြည့်နဲ့ ကောင်းကင်ကြီးကို မြင်ရလိမ့်မယ်"


ခဏအကြာ ယွီနျန်က မြန်ဆန်နေသော နှလုံးခုန်သံကို ထိန်းချုပ်လိုက်ရင်း နူးနူးညံ့ညံ့ မေးလာသည်


 " ဒါ... ဒါ ခင်ဗျား ဘယ်လိုလုပ်ထားတာလဲ" 


"မင်းသာ မြင်ချင်ရင် ကိုယ်က ရအောင် လုပ်ပေးရတာပေါ့"