အပိုင်း ၆၃
Viewers 10k

Chapter 63

နှလုံးသား နူးညံ့ပျော်ဝင်သွားရလောက်သည်ထိ ချိုမြိန်တယ်



[[**"ရွှယ်ယုံ #ယွီနျန်စီနျင်း# ဟ... ဒါက တမူထူးခြားတဲ့ ပါရမီရှင်လို့ မင်းတို့ ခေါ်နေကြတဲ့ဟာလား"**]]


[နောက်ဆုံးတော့ ဥက္ကဌရွှယ်က ပို့စ်အသစ် တင်ပြီပဲ... ဒါပေမယ့် ဒီဖရဲသီးကိစ္စက ပြီးသွားပြီလေ ရွှယ်ယုံက အမှီလိုက်ဖို့ လုပ်နေတာလား... ချစ်ဖို့ကောင်းလိုက်တာ... ပြီးတော့လည်း ယွီနျန့်သီချင်းတွေက တကယ်ကောင်းတယ်ဆိုတာ မငြင်းနိုင်ပါဘူး... ဒါပေမယ့် သူက ပါရမီရှင်ဟုတ်ဟုတ် မဟုတ်ဟုတ် အနာဂတ်မှာ ဆက်တွေ့နေရအုံးမှာပါ]


[အား... ဆောရီးပါ ယောက်ျားရေ... ငါက ယွီနျန့် ဖန်ဖြစ်သွားပြီ...ငါက စီနျင်းရေးတဲ့ သီချင်းတိုင်း အရမ်းကြိုက်တာ... သူတို့က KTVမှာ ဆိုလို့ကောင်းတဲ့ သီချင်းတွေပဲ ... ငါ့မှာ အောင့်မထားနိုင်လို့ ကြော်ငြာ မြင်ပြီးတာနဲ့ ပုံရိပ်ယောင် ပင်လယ် နှုတ်ခမ်းနီ ငါးချောင်း ဝယ်ထားပြီးပြီ]


[ဟားဟားဟား... ငါ မျက်လုံး ကန်းသွားတာ များလား... ဘာလို့ ရုတ်တရက်ကြီး ချစ်စရာကောင်းတဲ့ အနံ့အသက် ရနေတာပါလိမ့်... ရွှယ်ယုံ့ ဝေ့ပေါ်ပို့စ်တွေ ကြည့်ရတာ စီးပွားရေးနဲ့ဆိုင်တဲ့ ပို့စ်တွေကလွဲရင် ယွီနျန် ယွီနျန် ယွီနျန် ဆိုတာတွေချည်းပဲ... သူတို့က မကြိုက်တဲ့ပုံပြနေကြပေမယ့် ရုတ်တရက် အချိုရည်လောင်းခံရသလိုပဲနော်]


မဖုံးနိုင်မဖိနိုင် ပြုံးစိနေသည့် ယွီနျန့် မျက်နှာကို ကြည့်ပြီး မုန့်ယွမ်က အတင်းပြောလာသည်


 " အို့... မင်း အဲ့ဒီ ၁၈၆နဲ့ ထပ်ပြီး စကားပြောနေပြန်တာလား"


ယွီနျန်က မျက်လုံးပင့်လိုက်ရင်း အပြုံးလေးနှင့် ငြင်းလိုက်သည် 


" စကားပြောနေတာ မဟုတ်ပါဘူး"  

သူ့ရဲ့ ဝေ့ပေါ်ကို လှန်လှော ကြည့်နေရုံလေးပါ။


" မင်းက တကယ်ကို သဘောထားကြီးတာပဲ... ဝေဖန်ခံရရင်လည်း အပြစ်မမြင်ဘူး" မုန့်ယွမ်က ယွီနျန့်မျက်နှာ ညှိုးသွားသည်ကို မြင်လိုက်၍ လက်ယမ်းပြလာသည်။


 "ဟုတ်ပြီ ဟုတ်ပြီ ကျိုးမင်ကလည်း မကြာခင် မင်းကို တွန်းတော့မှာဆိုတော့ မင်းရဲ့ သီချင်းဗီဒီယိုကို သွားပြီး ဆက်ရိုက်လိုက်အုံး"


ရိုက်ကူးရေး ပြီးသွားသောအခါ မှောင်နေပြီဖြစ်သည်။ ယွီနျန်က ရှစ်ရော့ကို နို့လက်ဖက်ရည်ပူပူလေး ကြိုမှာထား၍ အဖွဲ့မှ လူများကို ခွက်များ ကမ်းပေးလိုက်ရင်း အလုပ်ကြိုးစားပေး၍ ကျေးဇူးတင်စကား ပြောလိုက်သည်။ ထို့နောက် သူလည်း ရှစ်ရော့နှင့်အတူ ပြန်ခဲ့သည်။


အိမ်ရောက်ပြီး ပစ္စည်းများ ချပြီးသည်နှင့် ယွီနျန်က ရှားမင်ရှီနှင့် ဆယ်မိနစ်စာ ဖုန်းခေါ်လိုက်သည်။ သူ ဖုန်းပြောပြီးသွားသည်နှင့် တစ်ယောက်ယောက်က တံခါးလာခေါက်လေသည်။


ယွီနျန်က ဝေ့ပေါ်တွင် သူ့ကို လှောင်ရသည့် အကြောင်းပြချက်ကို ရှာနေရင်း မျှော်နေခြင်း ဖြစ်သည်။ သူက ဘာတွေ ပို့ဖို့ ကြိုးစားနေတာလဲ။


သူက တံခါးဖွင့်လိုက်ရာ အသိ တစ်ယောက်ကို တွေ့လိုက်ရသည်။ ယွီနျန်က ထိုလူ့ဆီမှ လေးထောင့်ဗူးလေးကို ယူလိုက်ချိန် ထိုလူက ခေါင်းညိမ့်ပြီး ချက်ချင်း ထွက်သွားလေသည်။


ယွီနျန်က ဂရုတစိုက်နှင့် ဗူးလေးကို ဖွင့်လိုက်ရာ မြင်လိုက်ရသည့် အထဲက ပစ္စည်းကြောင့် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။


သူက ဖုန်းကိုင်ထားရင်း မုန့်ယွမ်ထံ မက်ဆေ့ချ် လှမ်းပို့လိုက်သည်။


"အစ်ကိုမုန့်... ကော်ဇောနီမှာ ဝတ်ဖို့ ဝတ်စုံအတွက် စိတ်ပူစရာမလိုတော့ဘူး"


ဗူးထဲတွင် လက်ချုပ် ရှပ်အင်္ကျီတစ်ထည် ကုတ်အင်္ကျီနှင့် ပြာလဲ့လဲ့လည်စီးညှပ်နှင့် တွဲလျက် လည်စီးတစ်ခုလည်း ပါလေသည်။


*****


ဇန်နဝါရီလ ၁၁ရက်နေ့တွင် ရှန်းစဲဖက်ရှင်ရှိုးပွဲက ည ၈နာရီတွင် စတင်သည်။


ကားထဲတွင် ယွီချင်းက ဟာဆီ၏ ပွဲတက်ဂါဝန်ကို ဝတ်ဆင်ထားပြီး ယွီနျန်၏ ဝတ်စုံကို အာရုံစိုက်ပြီး ကြည့်နေသည်။


ယွီနျန်က မနေတတ်ဟန် မေးလာသည် " အစ်မ... တစ်လမ်းလုံး ကျွန်တော့်ကို ကြည့်လာတာ... မျက်လုံး မညောင်းဘူးလား"


ယွီချင်းက ဇာအဖြူလက်အိတ်နှင့် အနုစိတ်ချုပ်ထားသည့် စကတ်ပွပွကို ပြင်လိုက်ရင်း အေးအေးဆေးဆေး ပြန်ဖြေလာသည်


 " ငါ မညောင်းပါဘူး" 

ထို့နောက် သူမက ယွီနျန့်ကို လက်ယမ်းပြလာသည်


 " လုပ်ပါ နျန်နျန်ရယ် နင့်ရဲ့ အစ်မကို အမှန်အတိုင်း ပြောပြစမ်းပါ ... ဒီဝတ်စုံကို ဘယ်သူပေးတာလဲ"


"အစ်ကိုမုန့်ဆီက ငှားထားတာ မဖြစ်နိုင်ဘူးလား"


ယွီချင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုသည် 


" ငါ့ကို အရူးလို့များ ထင်နေလား... မုန့်ယွမ်သာ ဒီဝတ်စုံမျိုး ငှားပေးနိုင်ရင် ငါ့ရဲ့ နောက်ဆုံးနာမည်ကို မုန့်လို့ ပြောင်းပြီး မုန့်ယွီချင်းလို့ ခေါ်လိုက်မယ်"


"ဒါဖြင့် ကျွန်တော့်ဖာသာ ဝယ်ထားတာ ဆိုရင်ရော"


" နင် ရူးနေတာပဲ ဖြစ်မယ်... နင် ဝယ်ခဲ့တာ ဟုတ်လား... ဒီဝတ်စုံက အသားတင် နှစ်မီလီယမ်လောက် တန်တယ် ... နင်က အသားတောင် ဝယ်မစားနိုင်တာ ငါ့ကို အရူးကွက်လာမနင်းနဲ့" 


ယွီချင်းက ပြောနေရင်း မျက်လုံးများ စူးရှလာသည် "ဒါက ဥရောပ တော်ဝန်မျိုးနွယ်တွေ သုံးတဲ့ ဂျုံးစ်ကန်တွန်စတူဒီယိုက ဝတ်စုံပဲ...အပြင်လူတွေအတွက် တစ်နှစ်ကို ဝတ်စုံနည်းနည်းပဲ ချုပ်ပေးတာ... ပြီးတော့ တစ်စုံချင်းစီကလည်း ငရဲလောက် စျေးကြီးတယ်... ပြီးတော့ နင့်ရဲ့အင်္ကျီက လက်ကြယ်သီးတွေက အစုံလိုက်လာတာ အနည်းဆုံး ခုနစ်ခုပါတယ် ဟုတ်တယ်ဟုတ်... ကြည့်ရတာ သိပ်မရင်းနှီးတော့ သေချာပေါက် နင့်အဖိုး စုဆောင်းထားတာတွေထဲက မဟုတ်ဘူး... ဒါကြောင့် ငါ့ကို မှန်မှန်ပြော ... ဘယ်သူပေးထားတာလဲ ဒီဝတ်စုံကို "


"ကျွန်တော် အခု ပြောပြလို့မရဘူး"


"ဘာကြီး" ယွီချင်းက နားမလည်ပေ


" ဒါဖြင့် ဘယ်အချိန်ရောက်မှ ပြောမှာလဲ"


ယွီနျန်က အသံတိတ်နေ၍ ယွီချင်းက ရင်ဘက်ကို ပုတ်ပြီး သက်ပြင်းကျယ်ကျယ် ချသည်


 " အာ နျန်နျန် ... နင်က အရွယ်ရောက်လာပြီ ဆိုတော့ ကိုယ်ပိုင် လျှို့ဝှက်ချက်လေးတွေ ရှိလာပြီပေါ့နော်... နင့်ရဲ့အစ်မနဲ့ ရင်းရင်းနှီးနှီးမနေတော့ဘူး... ငါ့ကို ဖုံးကွယ်ထားတယ် ငါ့ရင်တွေ နာလိုက်တာ"


ယွီနျန်က သူမကို သတိပေးလိုက်သည်

 " အစ်မ လုပ်ငိုမနေပါနဲ့... မိတ်ကပ်တွေ ပျက်သွားလိမ့်မယ်... ဒါလိမ်းဖို့ တစ်နာရီလောက် သုံးခဲ့ရတာမို့လား"


ယွီချင်းက ချက်ချင်းပင် သရုပ်ဆောင် ရပ်လိုက်ပြီး သူ့ကို စိုက်ကြည့်လာသည် 

" နင် သတိပေးစရာ မလိုဘူး"


ထိုအချိန် ကားက ဖြေးဖြေး ရပ်သွားပြီး အပြင်ဘက်မှ လက်ခုပ်သံများ အော်ဟစ်အားပေးသံများ ကြားလိုက်ရသည်။


ယွီချင်းက ရှေ့တိုးလာရင်း ယွီနျန်၏ လည်စီးညှပ်လေးကို ပြင်ပေးလာသည်။ ထို့နောက် မတ်မတ်ထိုင်လိုက်ရင်း မေးကို မော်ချီထားလိုက်သည်။ 


"လာခဲ့ နင့်ရဲ့အစ်မက ပတ်ပြပေးမယ်"


ကင်မရာများက ပွဲကျင်းပသည့် နေရာသို့ ဝင်ရောက်လာသည့် အနက်ရောင် ဇိမ်ခံကားရှည်ကြီးအပေါ် စုပြုံကျရောက်သွားပြီး တင်ဆက်သူကလည်း ရောက်ရှိလာသည့် သူများကို ကြေငြာပေးနေ၍ လူအုပ်ကြီးက တရုန်းရုန်းဖြစ်နေသည်။


"ကဲ အခုတော့ နာမည်ကြီး သရုပ်ဆောင်အဆိုတော် ယွီချင်းနဲ့ ရေပန်းစားနေတဲ့ အဆိုတော်တေးရေးဆရာ ယွီနျန်တို့ကို စင်ပေါ်တက်လာဖို့ ကြိုဆိုလိုက်ရအောင်"


[အား... ဘုရင်မယွီက သူမရဲ့ ပွဲတက်ဂါဝန်ပုံစံနဲ့ ငါတို့ကို သတ်ချသွားတာပဲ... သူမက ထီးနန်း ဆက်ခံဖို့ ကော်ဇောနီပေါ် လျှောက်လာတဲ့အတိုင်း ခံစားချက်တွေ ပေးနေတာ... ပြီးတော့ ဘေးမှာက ယွီနျန်နဲ့ဆိုတော့ စင်ပေါ်မှာ သြဇာအပြည့်ပဲနော်... သူကလည်း လုံးဝ အဆင့်နိမ့်မနေဘူး ... ဒီမောင်နှမက ကမ္ဘာကြီးကို သိမ်းပိုက် အုပ်စိုးတော့မလား ထင်ရတယ်]


[အား... နျန်နျန် ကိုယ်ကိုယ်တိုင်အတွက် အယောင်ပြရေးပေးတဲ့ နျန်နျန်ရေ... သူ့ရဲ့ အနောက်တိုင်းဝတ်စုံက ကြည့်ကောင်းလိုက်တာ...နန်းတော်ထဲက ထွက်ပြေးလာတဲ့ မင်းသားလေး အလားပဲ]


ငါးမိနစ်မျှ ကော်ဇောနီပေါ် လျှောက်ပြီးနောက် လက်မှတ်ထိုးပြီးသွား၍ တင်ဆက်သူ ဘေးသို့ ရပ်ပေးရန် ဖိတ်ကြားခံရသည်။ တင်ဆက်သူအမျိုးသားက ယွီချင်းကို သူမ၏ ရုပ်ရှင်အသစ်အကြောင်း ပထမဆုံး မေးလာပြီး နောက်ထပ် မေးခွန်း ထုတ်လာသည် 


" ယွီချင်းက အယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်နေတာ... တစ်ခုခုများ ပြောပြပေးလို့ရမလား".


ယွီချင်းက သူမ၏ ကိုယ်နေဟန်ထားကို ထိန်းလိုက်ရင်း ပြုံးပြလာသည်


 " အယ်လ်ဘမ်အသစ် ကိစ္စလား... အင်း အသေအချာကြီး မပြောနိုင်သေးပါဘူး... ကျွန်မဘေးက သီချင်းရေးဆရာရဲ့ အလုပ်ပေါ် မူတည်နေတာမို့ပါ"


ယွီနျန်က ပြုံးလိုက်ရင်း လွှဲယူလိုက်သည် 


" အစ်မက ကျွန်တော့်ကို ကြည့်နေတာလား... ရိုးရိုးသားသားပြောရရင် ကျွန်တော် ရေးဖို့ စတောင် မစရသေးဘူး"


ကင်မရာက ယွီချင်းဘက် လှည့်လာ၍ သူမက ကင်မရာဘက်ကို ကြည့်ပြောလိုက်သည် 


" ဒီလိုဆို ကျွန်မက အယ်လ်ဘမ်အသစ်ထွက်ဖို့ အချိန်ဆွဲနေတာ မဟုတ်ပဲ အလုပ်မပြီးသေးတဲ့ သီချင်းရေးဆရာ ကြောင့်ပါနော် ... တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် သူ့ကိုပဲ သွားတင်ကြပါ"


တင်ဆက်သူအမျိုးသမီးက တခစ်ခစ် ရယ်လာပြီး သံယောင်လိုက်ပြောလာသည်


 " ကျွမ်းကျွမ်းကျင်ကျင်နဲ့ကို အပြစ်လွှဲချလိုက်တာ ပါလား... ဒါပေမယ့် မကြာသေးခင်က ယွီနျန်ကလည်း အယ်လ်ဘမ်အသစ်အတွက် အလုပ်များနေခဲ့တာ ပေါ့နော်"


ယွီနျန်က ခေါင်းညိမ့်ပြရင်း ပြန်ဖြေလာသည်

 " ဟုတ်ကဲ့... ပြီးသလောက်ရှိနေပါပြီ... ကျွန်တော့်ရဲ့ ပထမဆုံး EPကို နွေဦးလောက်မှာ တရားဝင် ထုတ်ဖြစ်ဖို့များပါတယ်"


လုပ်ရိုးလုပ်စဥ် မေးခွန်းများအပြီး မောင်နှမနှစ်ယောက် စင်ပေါ်မှ ဆင်းခဲ့ကြသည်။ ဆင်းပြီးသည်နှင့် ယွီနျန်က ကြယ်သီးဖြုတ်ပြီး အင်္ကျီချွတ်ကာ မခေါက်တော့ပဲ ယွီချင်းပုခုံးပေါ် လွှားတင်ပေးလိုက်သည်။


ယွီချင်းက တွန့်ဆုတ်မနေပဲ ခြုံထားလိုက်သည် " သေစမ်း... ငါ ဒီကော်ဇောနီမှာ အေးခဲပြီး သေတော့မတတ်ပဲ"


ကင်မရာများ သူတို့ဘက် လှည့်လာမည်ကို မစိုးရိမ်ကြ၍ သေချာပေါက် ထိုမြင်ကွင်းကို ထုတ်လွှင့်ကြတော့မည် ဖြစ်သည်။


[ငါ မေ့လဲသွားပြီ... နျန်နျန်က အရမ်း ချောတာပဲ... သူရဲ့ အပေါ်ကုတ်ကို ချွတ်လိုက်တုန်းက ငါ့နှလုံးသားလေး ပေါက်ကွဲမတတ် ဖြစ်သွားရတယ်... လှလိုက်တဲ့ မြင်ကွင်းလေး]


[ဒါက ဒဏ္ဌာရီလာ ပြီးပြည့်စုံတဲ့ မောင်လေး ပဲ... နျင်းမြို့မှာ အပူချိန်က သုညဒီဂရီရှိနေတာ မဟုတ်ဘူးလား... သူတို့ ဆင်းလာတာနဲ့ တုံ့ဆိုင်းမနေပဲ အပေါ်ဝတ်ချွတ်ပြီး အစ်မကို ခြုံပေးလိုက်တယ်... ငါ့နှလုံးသားကို အနိုင်ယူသွားကြပြီ... နွေးထွေးလိုက်ကြတာများ]


[နှစ်တစ်နှစ်ရဲ့ အလှဆုံး အပေါ်ကုတ်အင်္ကျီ ချွတ်လိုက်တာလေးပဲ... ယွီနျန်က ငါ့စိတ်ကို ဖမ်းစားသွားပြီ... ဒါပေမယ့် နျန်နျန်က မတ်မတ်ရပ်နေပြီးတော့ ခါးသွယ်သွယ်လေးနဲ့ ကိုယ်ဟန်ကောင်းကောင်း ရှိတယ်... သူက ဘေးကနေ ထိုင်ငေးကြည့်ချင်ရလောက်တဲ့ ပုံရိပ်လေးပဲ]


အတွင်းပိုင်းထဲသို့ ဝင်ပြီး လေပူများ မရခင်အချိန်အထိ ယွီနျန်က သူ့အင်္ကျီကို ခြုံထားခိုင်းသည်။


ပွဲစီစဥ်သည့်သူက သူတို့၏ ခုံများကို နေရာပြလာ၍ ထိုင်လိုက်ကြပြီးနောက် ယွီချင်းက ဆံပင် ပြင်ရင်း ယွီနျန့်ကို မေးလိုက်သည်


 " ဒါနဲ့ နင့်မှာ သူငယ်ချင်းလေး တစ်ယောက် ရှိတယ် မဟုတ်ဘူးလား... ဘာလို့ သူ ဒီမှာ မရှိတာလဲ"


"ရှားမင်ရှီကို ပြောတာလား" ယွီနျန်က ပြုံးလိုက်သည်။ " သူ့ကို ဒါရိုက်တာက ထိန်းထားတာလေ... သူတို့အဖွဲ့ထဲက ဒုတိယဇာတ်လိုက်မှာ ကိစ္စလေး နည်းနည်းပေါ်လာလို့ သူ့အပိုင်းတွေ အများကြီး ဖြတ်ချလိုက်ရတယ်... ဒါကြောင့် ဒါရိုက်တာနဲ့ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာတို့က နောက်ဆုံးမိနစ်မှာ အပြောင်းအလဲလုပ်ပြီး သူ့ကို ဒုတိယဇာတ်လိုက်အနေနဲ့ ကြေငြာလိုက်တာ... သူက ရိုက်ကွင်းမှာ အချိန်ပိုဆင်းပြီး လုပ်နေရလို့ နားတောင် မနားရဘူး"


ယွီချင်းက သာမန်ကာလျှံကာ မေးလိုက်သော်လည်း ကြားလိုက်ရသည့် အဖြေကြောင့် ခေါင်းညိမ့်ပြလာပြီး သူမ၏ အစ်မကြီးစိတ်ဓါတ်ကို ပြလာသည်


 " ရှားမင်ရှီက ကိုယ်ကျင့်တရား ကောင်းတဲ့သူ တစ်ယောက် ဖြစ်ပြီးတော့ ထူးထူးဆန်းဆန်း ဝါသနာတွေလည်း မရှိဘူး... နင်က သူ့လိုလူမျိုးနဲ့ သူငယ်ချင်းဖြစ်သွားတဲ့အတွက် ငါ စိတ်အေးရပါတယ်" 


ထို့နောက် သူမက မျက်ခုံးပင့်ပြီး အကြောင်းအရာ ခေါင်းစဥ် ပြောင်းလိုက်သည် 


" ဒါနဲ့ မင်းရဲ့ ဒီအနောက်တိုင်းဝတ်စုံကို ဘယ်သူ ပေးတာလဲလို့" (🤣)


ယွီနျန်က ကူကယ်ရာမဲ့ဟန် ပြောလာသည်

 " အစ်မ ကျွန်တော် အပြတ်ပြောပြီးပြီလေ... ဘယ်လောက်မေးမေး ကျွန်တော် ဖြေမှာ မဟုတ်ဘူး"


တစ်ခဏမျှ ထိုင်နေကြပြီးနောက် ယွီနျန်က ထရပ်လိုက်ရင်း ပြင်ရန်ဆင်ရန်အတွက် စင်နောက်သို့ သွားလိုက်သည်။ သူတို့က နှစ်ကြိမ်ခန့် အစမ်းလေ့ကျင့်ပြီးသားဖြစ်၍ သူက တည်တည်ငြိမ်ငြိမ်ပင်။


****


ချူမိသားစု၏ audio-visual စတူဒီယိုတွင် ချူရှောင်းရန်က အခန်းထဲ ဝင်လာပြီး တတွတ်တွတ်ပြောလာသည်


 " ငါ့အစ်ကိုက ဒီနေ့ကျမှ ရုတ်တရက် ဘာစိတ်ကူးပေါက်လို့ ငါ့ကို စာကြည့်ခန်းထဲ ခေါ်မေးရတာလဲ မသိဘူး... ကံကောင်းလို့ ဒီရက်ထဲ ငါက ဝီရိယရှိရှိနဲ့ နှစ်ကုန်အစီရင်ခံစာတွေ ကြည့်ထားလို့သာ ... မဟုတ်ရင် ငါ မေးခွန်းဆယ်ခုမှာ ဘာမှ ဖြေနိုင်မှာမဟုတ်ဘူး"


သူက ဆိုဖာပေါ် ထိုင်လိုက်ရင်း ကွန်ပျူတာမျက်နှာပြင်ကို သဲကြီးမဲကြီး ကြည့်နေသည့် ရွှယ်ယုံ့ကို စိုက်ကြည့်လိုက်သည်။ သူက အမြန် အကြည့်လွှဲလိုက်သည်။


 "ဝိုး... ဒီအစီရင်ခံစာတွေ စာချုပ်စာတန်းတွေက ကြည့်ရုံနဲ့တောင် မျက်စိနာလာပြီ"


နှစ်ကုန်နှင့် နှစ်စတွင် အလုပ်များပုံနေ၍ ရွှယ်ယုံက ကွန်ပျူတာနှင့် အလုပ်ရှုပ်နေပြီး ချူရှောင်းရန်စကားများကို ပြန်ဖြေရန် အချိန်မရှိပေ။


ချူရှောင်းရန်က တီဗွီကို ပျော်ပျော်ရွှင်ရွှင် ကြည့်နေရင်း မှတ်ချက်ပေးလာသည် " ဆောင်းတွင်းထဲ ရောက်နေတာ စိတ်မကောင်းစရာပဲ ... အမျိုးသမီးအနုပညာရှင်တွေက ပွဲတက်ဂါဝန် ဝတ်ထားရတော့ အေးနေတော့မှာ"


 ကင်မရာမီးက ယွီချင်းအပေါ် တဖျတ်ဖျတ်လက်နေ၍ ချူရှောင်းရန်က သူမကို မှတ်မိသွားလေသည်


 " ဟေ့... ဒါ ယွီနျန့်အစ်မ မဟုတ်ဘူးလား... ယွီနျန်က ဧည့်သည်အဖြစ် လာတာလား... သူ့ခုံမှာလည်း မရှိဘူး"


"ဟုတ်တယ်... သူက စင်ပေါ်မှာ သီဆိုဖျော်ဖြေရမှာ မို့လို့လေ"


ရွှယ်ယုံ့တွင် အချိန်ပို ရှိလာပြီမှန်း တွေ့လိုက်ရ၍ ချူရှောင်းရန်က သူ့နားကပ်ပြီး ပြောလာသည်


 " ငါ့အစ်ကိုက ဒီနေ့ ကိစ္စနှစ်ခု ပြောခဲ့တာ... သူပြောတာ တင်းကျောက်ရှန်က အားလျော့သွားပြီတဲ့... အဲ့ဒါအမှန်ပဲလား"


"အပေါ်ယံကသာ အလျှော့ပေးသလို ဖြစ်နေတာ... တကယ်တမ်းကျ သူက ပြန်ရိုက်ချနိုင်မယ့် အခွင့်အရေးတစ်ခု ရှာနေတာလေ"


ရွှယ်ယုံ့ လေသံက တိုးတိုးလေး ဖြစ်သော်ငြား သူ့အကြည့်က အေးစက် စူးရှနေသည်


 "လက်အောက်ခံ ကုမ္ပဏီ လေးခုနဲ့ ဟွမ်ယွီက ဒေဝါလီခံလိုက်ရတယ်လို့ ကြေညာချက် ထုတ်ပြန်ပြီးပြီ... သူ့ရဲ့ အဆက်အသွယ်ဟောင်းတွေကလည်း သူ့ကို စရှောင်နေကြပြီလေ... သူ့အတွက် အသက်ရှူချောင်မယ့် နေရာတစ်ခု ဝယ်ဖို့ အားနည်းတဲ့ပုံစံ ပြနေတာ"


ချူရှောင်းရန်က တုန်လှုပ်လာရင်း စိုးရိမ်တကြီး မေးလာသည် " ဒါဖြင့် မင်း ဘာလုပ်ဖို့ စီစဥ်ထားလဲ"


ရွှယ်ယုံက မျက်လွှာချလိုက်ရင်း အေးအေးဆေးဆေး ပြောလာသည်


 "ငါတို့ ဒီကိစ္စကို သေသေချာချာ စဥ်းစားပြီး ဖြေရှင်းတာမျိုး မလုပ်ရင် ငါ့ လည်ပင်းကို ကိုက်ဖို့ သူ့ကို နောက်ထပ် အခွင့်အရေးပေးသလို ဖြစ်သွားလိမ့်မယ်"


"မှန်တယ်" 


ချူရှောင်းရန်က စိတ်လှုပ်ရှားစွာနှင့် တံတွေးမြိုလိုက်ရင်း " ဒါနဲ့ ရွှယ်ရှောင်ယုံ... မင်းရဲ့ လုံခြုံရေးကို ဂရုစိုက်"


နှစ်ဦးသား ထိုစကားလုံး၏ နောက်ကွယ်က အကြောင်းရင်းကို နားလည်ကြသည်။ ရွှယ်ယုံ့မျက်နှာက နူးညံ့လာသည်


 " အင်း... ငါ ဂရုစိုက်ပါ့မယ်" 


သူနှင့်အတူ တစ်ချိန်လုံး ဆောင်ထားသည့် မှတ်စုစာရွက်လေးအကြောင်း တွေးမိရင်း " နျန်နျန်လည်း ငါ့လုံခြုံရေးကို စိတ်ပူနေတယ်"


ချူရှောင်းရန်က ထူးမခြားသလိုမျက်နှာနှင့် နှစ်ကြိမ်ခန် နှာမှုတ်လိုက်သည် " အို့"


ခနဲ့ပြီးသွားချိန် ရွှယ်ယုံက ကွန်ပျူတာကို ဘေးတွင် ချလိုက်ရာ ကင်မရာက စင်ပုံစံ ပြောင်းသွားသည်။ မကြာမီ အနောက်တိုင်းဝတ်စုံ ဝတ်ထားသည့် ယွီနျန်က စင်ပေါ် တစ်လှမ်းချင်း တက်လာရင်း ငွေရောင် မိုက်ကရိုဖုန်းတိုင်ရှေ့ ရပ်လိုက်သည်။


နူးညံ့ညင်သာသည့် သီချင်းသံ ထွက်ပေါ်လာပြီး မီးအလင်းရောင်များလည်း အရောင်ဖျော့လာ၏။


ချူရှောင်းရန်က အသံတိတ်သွားပြီး သီချင်းသံကို နားထောင်နေလေသည်။


ယခင်ကထက်စာလျှင် ယွီနျန့် သီချင်းဆိုသည့် ပုံစံက တိုးတက်လာသည်။ 


ချူရှောင်းရန်က သူ့ဖုန်းနှင့် ဗီဒီယိုstreamသည့် websiteကို သွားစစ်ဆေးလိုက်ရင်း လူအုပ်ကြီးကို စောင့်ကြည့်နေသည်။ ထင်ထားသလိုပင် ထိုအတွေးရှိသည့်သူက သူတစ်ယောက်တည်း မဟုတ်ပေ။ လူအုပ်ကြီးက ယွီနျန်၏ live performance ကို ချီးကျူးနေကြသည်။ အသံငြိမ်ကြောင်း အသံကောင်းကြောင်း CDစားပြီး မွေးလာသလို အားမထုတ်ပဲ အမြင့်သံ ဆိုနိုင်ကြောင်း စသည့် ယွီနျန့်ကို ချီးကျူးထားသည့် ကောမန့်များ ပြည့်နေသည်။


သူက ရွှယ်ယုံ့ဘက်အမြန်လှည့်ပြီး ပြောလိုက်သည်


 " ဟားဟားဟား... ရွှယ်ရှောင်ယုံ လူအုပ်ကြီးထဲက တစ်ယောက်ယောက် ပြောထားတာ မင်းရဲ့မိသားစုက ယွီနျန်လေးက CDစားပြီး ကြီးလာတာတဲ့ ...ငါလည်း အဲ့လို ထင်တယ်... သူ သီချင်းဆိုတာ တကယ်ကို ပိုပိုကောင်းလာတာပဲ"


ရွှယ်ယုံက သူ့ကို ကြည့်တောင်မကြည့်ပဲ အမှားပြင်လာသည် " သူက CDစားပြီး ကြီးလာတာ မဟုတ်ဘူး"


"ဒါဖြင့် သူ ဘာစားတာလဲ"


"ချိုချဥ်"


ရွှယ်ယုံက သူ့စိတ်ထဲ တိုးတိုးလေး ထပ်ပြောလိုက်သည်။ သူက ငါ့နှလုံးသား နူးညံ့ပျော်ဝင်သွားရလောက်အောင်ကို အရမ်း ချိုမြိန်တယ်။