အပိုင်း ၆၂
Viewers 10k

Chapter 62

နှလုံးသားကို နူးညံ့ပျော်ဝင်သွားစေလောက်သည်ထိ ချိုမြိန်တယ်



နေ့လည်ပိုင်းတွင် တစ်လျှောက်လုံး အသံတိတ်နေခဲ့သည့် ယွီချင်းက ဝေ့ပေါ်တွင် ပိုစ့်တင်လာသည်။


ယွီချင်း[[***"ကျွန်မက အလုံပိတ်ရိုက်ကူးရေးတစ်ခု ရိုက်ကူးနေတာပါ....ဒါနဲ့ လိုင်းပေါ် တက်တက်ချင်းမှာပဲ ပြဿနာတစ်ခု တွေ့လိုက်ရတယ်...နျန်နျန်က သီချင်းရေးရတာ ကြိုက်ပေမယ့် ကျွန်မက သူစာလေ့လာတာကို ထိခိုက်မှာစိုးလို့ အများကြီးမရေးရအောင် လုပ်ခဲ့တာ...ယောင်ယန် ရှင်က ၃၅နှစ်အရွယ်မှာ 'အချစ်'လို့ ရေးလိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ဂီတပညာရှင်ကြီး ဖြစ်သွားပြီလို့ ထင်နေတာလား... ကြွားတာ မဟုတ်ပေမယ့် နျန်နျန် ဖယ်ထားတဲ့ အကြမ်းထဲကနေ အလွယ်ကောက်လိုက်ပြီး ရှင့်ကို ရိုက်ချလို့ရတယ်...ငါ့ကို ပြန်တောင်းပန်စမ်း!!!"***]]]


ကောမန့်များက ရယ်သံ အပြည့်နှင့်ပင်။


[ဟားဟားဟား...သူမက မောင်လေးကို ကာကွယ်ဖို့ ရောက်လာပြီ ... ယွီချင်းက စိတ်ဆိုးနေပြီပဲ]


[ဟားဟားဟား...ယွီချင်းက စာနောက်မှာ အမှတ်သုံးမှတ်တောင် သုံးထားတာ ဆိုတော့ တကယ်ကြီး စိတ်ဆိုးနေပြီ... ယောင်ယန် @သီချင်းရေးဆရာ ယောင်ယန် မကြာခင် တောင်းပန်လိုက်တာ ပိုကောင်းမယ်နော် မဟုတ်ရင် ယွီချင်းက ဆေးရုံရောက်သွားအောင်ကို ကန်လိုက်တော့မှာ]


မုန့်ယွမ်က ယနေ့မနက်ခင်းသတင်း၏ ဝေ့ပေါ်ပို့စ့်ကို "အဟမ်း"ဆိုသည့် စာလုံးလေးတစ်လုံးနှင့် ပြန်တင်လိုက်သည်။


[[*** ဒါက မင်းတို့ ခေါ်နေကြတဲ့ အားပြင်းတဲ့ ပျက်ရယ်ပြုခြင်း ဆိုတာပဲ... သူက ယောင်ယန်ရဲ့ ပို့စ့်ကို လှောင်နေပြီးပြီကွ.. ငါ ဆိုတဲ့ မုန့်ကော ကလည်း စင်တည့်တည့်ကို နေရာယူထားပြီးပြီလေ***]]]


[ဟားဟားဟား... ရယ်ရလွန်းလို့ ခေါင်းတောင်ကိုက်လာပြီ... အဟမ်း ငါ့ရဲ့အနုပညာရှင်က ဘယ်လိုတောင် အရမ်း အံ့သြစရာကောင်းနေရတာလဲ... အဟမ်း ငါတော့ ခေါင်းနပန်းကြီးတော့မှာပဲ]


[အဟမ်း... ငါ့အိုင်ဒေါက မယုံနိုင်စရာ ကောင်းလိုက်တာ...အခြားသူတွေနဲ့ယှဥ်ရင် (ပါရမီ၊ အသံ၊ သီချင်းဆို၊ အကစွမ်းရည်)အကုန်ရှိတယ်... တန်ဖိုးနည်းတာ ဆိုလို့ ရုပ်ရည်ပဲ ရှိတော့မယ်]


ယွီနျန်က သီချင်းဗီဒီယို ရိုက်ပြီးသွားသည့် အချိန် #အဟမ်း တန်ဖိုးနည်းတာ ဆိုလို့ ရုပ်ရည်ပဲ ရှိတော့မယ် ဆိုသည့် ခေါင်းစဥ်က ရေပန်းစားနေသည့် စာရင်းထဲ ဝင်သွားသည်။ ဤtrendကြောင့် ရုပ်ပုံGIFလေးများ အကဗီဒီယိုအတိုလေးများနှင့် သူသီချင်းဆိုထားသည့် ဗီဒီယိုဖြတ်ပိုင်းလေးများ အားလုံး အကြံပေးချက်ထဲ ရောက်လာသည်။


ယောင်ယန်၏ ဝေ့ပေါ်က ငြိမ်နေ၍ လူများစွာက သူတို့ အရူးလုပ်ခံလိုက်ရပြီမှန်း သိသွားကြသည်။ သူတို့က ကောမန့်တွင် စုရုံးလာကြပြီး ထွက်ပြောရန် တောင်းဆိုနေကြသည်။ ရွှယ်ယားလင်၏ အဖွဲ့ကလည်း ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး သူတို့လည်း အယောင်ပြရေးခြင်း မဟုတ်ကြောင်း ညစ်ပတ်သည့် စွပ်စွဲချက်များ သုံးပြီး လူထုအာရုံစိုက်ခံချင်သည့် ယောင်ယန်၏ ကြိုးစားအားထုတ်မှုသာ ဖြစ်ကြောင်း ထပ်တလဲလဲ ထုတ်ပြန်လာသည်။


မုန့်ယွမ်ကလည်း ထွက်လာသည့် ရလဒ်ကို အလွန် ကျေနပ်နေမိသည်။ တစ်ခါသုံး တူကို သုံး၍ ယွီနျန့်အတွက် ဝက်နံရိုးချိုချဥ်ကို ယူပေးလိုက်ရင်း ပြုံးပြလာသည်


 " နေ့တစ်ဝက်စာပဲ ရှိသေးပေမယ့် မင်းဆီမှာ သီချင်းအတွက် စာရင်းကြိုပေးလို့ ရနိုင်မလားဆိုပြီး ဖုန်းခေါ်လာကြတာတွေ ကတော့ ခုနစ်ကြိမ် ရှစ်ကြိမ်လောက် ရှိနေပြီရော... ငါ ... "


"ကျွန်တော် လုပ်ပေးနိုင်တယ်"


မုန့်ယွမ် အံ့သြသွားသည်ကို မြင်လိုက်၍ ယွီနျန်က ပြုံးလိုက်ရင်း ပြောလာသည်


 " ကျွန်တော် သီချင်းနည်းနည်းလောက် ရေးပြီးသွားပါပြီ... အရင်က 'သဘာဝရဲ့ သံစဥ်' နဲ့ အလုပ်ရှုပ်နေတာကြောင့် ရိုက်ကူးရေးမှာပဲ အာရုံစိုက်ထားရတာ... အခုတော့ ကျွန်တော် အားသွားပြီလေ... ကျွန်တော် ရေးထားတာတွေ စုပြီး ပိုက်ဆံအတွက် ထုတ်ရောင်းလို့ရတယ်... ပူးပေါင်းလက်တွဲမယ့်သူအနေနဲ့ အစ်ကိုမုန့်က ကျွန်တော့်ကို ကူညီပေးနိုင်မလား"


"သေချာပေါက် ငါ ကူပေးနိုင်တာပေါ့ ... ငါ့ အလုပ်ပဲလေ... " 


မုန့်ယွမ်က ယွီနျန်၏ ပိုက်ဆံသုံးနှုန်းကို အမှတ်ရသွားရင်း လူငယ်လေး၏ မာနကိုလည်း မထိခိုက်စေချင်၍ သူက ပါးပါးနပ်နပ် ပြောလာသည်


 " သီချင်းရေးပြီး ပိုက်ဆံရှာတာ ကောင်းတာပေါ့... အနည်းဆုံးတော့ မင်း ဆောင်းရာသီအတွက် သိုးမွေးအင်္ကျီ နှစ်ထည် ဝယ်လို့ရပြီလေ"


ယွီနျန်က မျက်လုံးများ ကွေးညွတ်သွားသည် " ကောင်းပါပြီ... ဒါဖြင့် အစ်ကိုမုန့်ကို ဒုက္ခပေးရတော့မှာပဲ"


ထိုအချိန် ရေပန်းစားနေသည့် အကြောင်းအရာများကို လိုက်ကြည့်နေသည့် ရှစ်ရော့ကလည်း စိတ်လှုပ်တရှားပြောလာသည်


 " ဒါ ဘာကြီးလဲ...ဥက္ကဌရွှယ်က တကယ်ကြီး trending topic ဝယ်ထားတာလား"


မုန့်ယွမ်က မျက်မှောင်ကြုတ်လိုက်ရင်း အခြေအနေကို စဥ်းစားနေသည်


 " သူက နျန်နျန့်ကို တိုက်ခိုက်လာပြန်တာလား... ဘာလို့ သူက အရမ်း ဇွဲကောင်းနေရတာပါလိမ့်"


"မဟုတ်ဘူး... မဟုတ်ဘူး... သူက နျန်နျန့်ကို တိုက်ခိုက်နေတာ မဟုတ်ဘူး... ဒီတစ်ကြိမ်က ကွာသွားပြီ... ဒီတစ်ခေါက် သူဝယ်လိုက်တဲ့ နေရာက ယွီနျန်နဲ့ ပတ်သက်နေတဲ့ ထိပ်ဆုံးသုံးနေရာရဲ့ အောက်တည့်တည့် လေးနေရာမှာ " ရှစ်ရော့က သိချင်လာသည် " ခေါင်းစဥ်က စာလုံးလေးနှစ်လုံးပဲ ပါတယ်... 'နှလုံးသားချင်း ယှဥ်ပြိုင်'တဲ့"


ယွီနျန်က ရွှယ်ယုံ့ ဝေ့ပေါ်ကို နှိပ်လိုက်ရာ ဓါတ်ပုံတစ်ခု တွေ့လိုက်သည်။ ဓါတ်ပုံ အလယ်တည့်တည့်တွင် နှင်းဆီပွင့်ဖတ်လေးများနှင့် လူပုံလေးလုပ်ထားပြီး ထောင့်နားတွင် ရွှယ်ယုံ့လက်ချောင်းလေးများက အသည်းပုံလေးလုပ်ထားသည်။


ယွီနျန်က ပြုံးလိုက်ပြီး ဖုန်းမျက်နှာပြင်ကို ထိကာ ဓါတ်ပုံကို saveထားလိုက်သည်။


ထိုစဥ် မုန့်ယွမ်၏ ဖုန်းထံမှ အချက်ပေးသံ ထွက်လာသည်။ သူက စွပ်ပြုတ်တစ်ဇွန်း ယူသောက်လိုက်ရင်း မက်ဆေ့ချ်ဖတ်ပြီး ရယ်မောလိုက်နှင့် မျက်နှာက စိတ်လှုပ်ရှားမှု အပြည့် ဖြစ်နေသည်


 " ဝိုး... ကောင်းတဲ့ကိစ္စတွေက တစ်ခုပြီးတစ်ခု ရောက်လာတော့တာပဲ"


ရှစ်ရော့က အစာစားချင်စိတ်မရှိ၍ ရွှယ်ယုံ၏ ကောမန့်များကို ဆက်ကြည့်နေရင်း ခရမ်းချဥ်သီးဖိုရမ်မှ သတင်းများကို ကြည့်နေလိုက်သည်။ သူမ၏ လက်ချောင်းများက လုံးဝ ရပ်မသွားချေ။ မုန့်ယွမ် အသံကြောင့် သိချင်လာ၍ မေးလိုက်သည် 


" အစ်ကိုမုန့်... ဘာ သတင်းကောင်းတွေ ရှိလို့လဲ"


" ဇန်နဝါရီလ ၁၁ရက်နေ့မှာ 'ရှန်းစဲ' က ဖက်ရှင်ရှိုးပွဲ တစ်ခုလုပ်မယ်လို့ ငါ မပြောခဲ့ဘူးလား... ငါ ဖိတ်စာ ရထားတယ် နျန်နျန်က အဲ့ဒီနေ့မှာ ကော်ဇောနီ လျှောက်ရမှာ" 


ယွီနျန်က တူကို ချထားလိုက်သည် " ဟုတ်တယ် အစ်ကိုမုန့် ... မနေ့က ဒီအချိန်ဇယားအကြောင်း ပြောခဲ့တယ်လေ"


မုန့်ယွမ်က သူ့ဖုန်းကို ညွှန်ပြလိုက်ရင်း မျက်ခုံးပင့်ပြသည် " ကောင်းပြီလေ... လူတွေက ပြောင်းလဲတတ်ကြတာများ... ငါ စောစောတုန်းက ကြီးကြပ်ရေးမှူးကို ဆက်သွယ်တော့ သူတို့က တွန့်ဆုတ်ဆုတ်နဲ့ နောက်မှ အချိန်တွေ ရေတွက်ရင်း နှမြောတသဖြစ်နေတာ ပြီးတော့ မေးရိုးတွေလည်း မျက်နှာကျက်ထိ ရောက်မတတ် ဖြစ်နေတာလေ (မေးမော့ချီထားတာ)... ဒါပေမယ့် အခု အလုပ်ချိန် ပြီးသွားလို့ အပြင်မှာ မှောင်နေတဲ့အချိန် ကြီးကြပ်ရေးမှူးက ငါ့ဆီလာပြီး ယွီနျန့်ကို ဧည့်သည်အနေနဲ့ ပွဲတက်ပြီး စင်ပေါ်မှာ သီချင်းဆိုပေးလို့ ရမလားဆိုပြီး မေးလာတာလေ"


ရှစ်ရော့က ထိုအကြောင်း ကြားပြီးပြီးချင်း ဒေါသထွက်လာသည် " ကြီးကြပ်ရေးမှူးက ကျွန်မတို့အပေါ် ဘယ်လိုများ အထင်သေးနိုင်ရတာလဲ... အစ်ကိုမုန့် ကျွန်မတို့ လက်မခံနိုင်ဘူးနော်"


မုန့်ယွမ်က ဘာမျှ ဆက်ပြောမလာပဲ ယွီနျန့်ဘက် လှည့်လာသည် " နျန်နျန် ... မင်းရော ဘယ်လို စဥ်းစားထားလဲ"


" ကျွန်တော်ကတော့ စဥ်းစားလိုက်ပါ့မယ် ဆိုပြီး ပြောလိုက်တာ ကောင်းမယ် ထင်တယ်... ပြီးတော့ ကြီးကြပ်ရေးမှူးကိုလည်း မနက်ဖြန်ပွဲ အတွက် ဖိတ်ကြားပေးတာ ကျေးဇူးတင်တဲ့ အကြောင်း ကျွန်တော် ပြောလိုက်ပါ့မယ်... "


"အင်း... တော်တယ်" 

မုန့်ယွမ်က စိတ်ထဲနေလို့ကောင်းသွားသည့် ပုံစံနှင့် ပြောလာရင်း စွပ်ပြုတ် တစ်ငုံ သောက်လိုက်သည်။


 "ဟုတ်တယ်... ဒါ ငါတို့ လုပ်သင့်တဲ့ အရာပဲ... သူတို့ ကျေနပ်အောင် အပြေးအလွှား လုပ်နေဖို့ မလိုပေမယ့် အရမ်းကြီး အထက်စီးဆန်နေလို့လည်း မဖြစ်ဘူးလေ... ပထမတစ်ခုက လူတွေ ငါတို့ကို အထင်သေးလိမ့်မယ် ဒုတိယတစ်ခုကလည်း လူတွေ ငါတို့ကို အပြစ်ပြောကြလိမ့်မယ်... နှစ်ခုလုံး မကောင်းဘူး"


သူက ပြောနေရင်း မက်ဆေ့ချ် ပြန်ပို့ရန် ဖုန်းယူလိုက်သည် " နျန်နျန် အကြံပေးတဲ့အတိုင်း သွားကြတာပေါ့... မင်း ဆိုရမယ့် သီချင်းနဲ့ ဝတ်မယ့် အဝတ်အစားကို ဒီည စဥ်းစားထားလိုက်မယ်... ဒါက မင်းအတွက် ပထမဆုံး ကော်ဇောနီ လျှောက်ရတာမို့ အထင်ကြီးလောက်မယ့် ပုံစံမျိုး ဖြစ်နေဖို့လိုတယ်လေ"


ရက်အနည်းငယ် အတွင်း ယွီနျန်က သီချင်းဗီဒီယို ရိုက်ကူးရေးအတွက်သာ အာရုံစိုက်ထားခဲ့သည်။ တစ်ခါတစ်ရံ မူလအသံသွင်းခွေ ရုပ်ထွက်ကောင်းစေရေးအတွက် အလုပ်များနေ၍ အင်တာနက်ပေါ်က အဆိုးအကောင်း အကျိုးအကြောင်း ကိစ္စများကို အာရုံမစိုက်မိချေ။


သူတို့ အတူတူ ထမင်းစားသည့် အချိန်မှ မုန့်ယွမ်က အကြောင်းအရာအချို့ သယ်လာသည်။


"ငါ့ဘက်က စပြီး ရွှယ်ယားလင်ရဲ့ အေးဂျင့်ဘက်ကို ဆက်သွယ်ခဲ့တယ်... ယောင်ယန်က ထွက်ပြောမလာဖို့ ဆုံးဖြတ်ထားတဲ့ ပုံရှိတာမို့ သူ့ကို ထိပ်တိုက် သွားမတွေ့ကြရအောင် ဆိုပြီး ပြောလိုက်တာ... အဲ့ဒီအစား သူ့ကို အသေရေဖျက်မှုနဲ့ တရားစွဲလို့ရတယ်လေ... တကယ်တမ်း ငါတို့ဘက်မှာလည်း တရားဥပဒေ ရှိတာမို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဥပဒေနည်းလမ်းကို သုံးရမယ်... အထူးသဖြင့် အခုလို အရေးကြီးကိစ္စမျိုးမှာပေါ့"


ယွီနျန်က အနက်ရောင် သိုးမွေးအင်္ကျီပွပွကို ခြုံထားရင်း စွပ်ပြုတ်ပန်းကန်ပူပူ ကိုင်လိုက်ပြီး ခေါင်းညိမ့်ပြသည်


 " ဟုတ်တယ် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေက အရမ်း တန်ဖိုးနိမ့်တယ် ... ဒီတစ်ခေါက် ကျွန်တော်တို့ဘက်က အခိုင်အမာ မရပ်တည်ထားဘူး ဆိုရင် ဒီလို မသေချာမရေရာတဲ့ စွပ်စွဲချက်တွေကြောင့် အနုပညာရှင် ဘယ်လောက်များများ အစွပ်စွဲခံရအုံးမလဲ မသိနိုင်ဘူး... ပြီးတော့ သူတို့ တစ်ဘဝလုံး ဒီအစွန်းအထင်းကို ဆေးကြောနိုင်တော့မှာ မဟုတ်တော့ဘူးလေ"


"ဟုတ်တယ် ... ငါလည်း အဲ့ဒီအတိုင်း စဥ်းစားမိတယ် ... စိတ်မပူနဲ့ ပြဿနာတွေ ထပ်ပေါ်မလာနိုင်တော့ပါဘူး" မုန့်ယွမ်က အတိအလင်း ပြောလာသည် 


 " ဒါနဲ့ မင်းစုထားတဲ့ သီချင်းတွေထဲက ခုနစ်ပုဒ်ရောင်းရပြီးပြီ"


"မြန်လိုက်တာ" ယွီနျန်က အံ့အားသင့်သွားလေသည်။


 " ဒါပေမယ့် တစ်ပတ်တောင် မရှိသေးဘူးလေ... ခုနစ်ပုဒ်တောင် ရောင်းပြီးပြီပေါ့"


မုန့်ယွမ်လည်း အံ့အားသင့်နေပုံနှင့် " ငါ မင်းကို ပြောအုံးမယ် နျန်နျန် ... မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိဘူးလား... ခြောက်ရက်အတွင်း သီချင်းခုနစ်ပုဒ် ရောင်းရတာက ငါက တွဲဖက်ပါတနာကို သေချာ ရွေးနေလို့လေ... ပါတနာကို သေချာမစဥ်းစားပဲ တိုက်ရိုက် ရောင်းလိုက်မယ်ဆိုရင် မင်းရဲ့ စာရင်းထဲက သီချင်းတွေ အချိန်တိုအတွင်း ရောင်းကုန်သွားမှာ သိရဲ့လား"


ယွီနျန်က နားမလည်သည့် ပုံစံဖြစ်နေ၍ မုန့်ယွမ်က တူကို ချပြီး ချက်ကျလက်ကျ ရှင်းပြဖို့ ပြင်သည်။


"ငါ မင်းကို ရှင်းပြမယ်... မင်းက ယွီချင်းအတွက် သီချင်းရေးပေးတုန်းက 'ဆုံးရှုံးစရာမရှိ' ဆိုတဲ့ အယ်လ်ဘမ်အပါအဝင် အကုန်လုံးက ပေါက်တဲ့ သီချင်းတွေ ဖြစ်လာတယ်... အဲ့ဒီအချိန်တုန်းက မင်းကို သီချင်းရေးခိုင်းစေချင်ကြတဲ့ ဒီနယ်ပယ်က လူတိုင်းက စျေးကို နှစ်ဆပေးရတယ်...


နောက်ပိုင်းမှာ ယွီချင်းက နောက်ထပ် အယ်လ်ဘမ်နှစ်ခု ထပ်ထုတ်တာ ထပ်ပေါက်သွားလို့ မင်းရေးတဲ့ သီချင်းတိုင်းက နာမည်ကြီးလာတာ... မင်းရဲ့ သီချင်းအတွက် စျေးနှုန်းကလည်း ပုံမှန်စျေးထက် လေးငါးဆလောက် တက်သွားတယ်... ဒါပေမယ့် အဲ့ဒီအချိန်တုန်းက မင်းက စာသင်ကြားရေးဘက်ကိုပဲ အာရုံစိုက်ထားလို့ သူတို့ မင်းကို တွေ့ချင်ရင်တောင် မင်းက သွားတွေ့လို့မရဘူး...


အယောင်ပြရေးတဲ့ ကိစ္စပြီးသွားတော့ အခြေကြီးကြီး ဘီလူးနှစ်ကောင်က လွဲရင် မင်းက သြဇာအရှိဆုံး တေးရေးတည်းဖြတ်ဆရာ တစ်ယောက်လို့ ပြောလို့ရနေပြီ... "


 မုန့်ယွမ်က လက်ငါးချောင်း ထောင်ပြလာသည်။


 " ငါ သီချင်းတွေကို ရောင်းလိုက်တဲ့အချိန်က တစ်ပုဒ်ကို ငါးသိန်းနဲ့ အလွယ်လေး တောင်းလိုက်တာ"


ယွီနျန်က အလွန်အမင်း အံ့သြသွားရသည် " ကျွန်တော်က တစ်ပုဒ်ကို အမြင့်ဆုံး တစ်သိန်းလောက် မှန်းထားတာ"


မုန့်ယွမ်က မျက်လုံးလှိမ့်ပြလာသည်


 " မင်းက တကယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်သေးနေတာပဲ... မင်းရဲ့ သီချင်းတွေက အရည်အသွေးကောင်းတွေလေ... တစ်ပုဒ်စီကလည်း ဂန္ဒဝင်မြောက်လက်ရာတွေ ဆိုတော့ သေချာပေါက် ဆွဲဆောင်မှုရှိတာပေါ့ ... အဆိုတော်တွေ အများကြီး မင်းနဲ့ လက်တွဲချင်နေကြတာ... တစ်သိန်း ဟုတ်လား... ဒါ ငါ့ကိုရော မင်းကိုရော စော်ကားလိုက်တာပဲ... ငါးသိန်းဆိုတာ တကယ်တော့ စျေးသင့်သေးတယ် ... ငါသာ ပိုပြီး ညစ်ချင်ရင် တစ်ပုဒ် ရှစ်သိန်းနဲ့ ရောင်းလိုက်လည်း ဝယ်သူတွေ ထပ်ရှာနေအုံးမှာပဲ"


ယွီနျန်က မုန့်ယွမ်လုပ်ပြသည့် မျက်နှာပုံစံကြောင့် ရယ်မောလိုက်သော်လည်း သူက တွက်ချက်နေသည်


 " ဒါဆို အဲ့ဒီသီချင်း ခုနစ်ပုဒ်က ယွမ်၃.၅မီလီယမ်နဲ့ ရောင်းထွက်သွားတာလား"


ထိုသို့ပြောပြီး သူ၏ ပထမဆုံး အတွေးက ကျန်သည့်ငွေပမာဏနှင့် ကျူးတ၏ "ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်"ကို ဝယ်ဖို့လိုနေသည့် အကြောင်းပင်။


မုန့်ယွမ်က ခေါင်းညိမ့်ပြလာသည် " ဟုတ်တယ်လေ... ပြီးတော့ ငါ့မှာ သီချင်း ၁၀ပုဒ် ကျန်သေးတယ် ... နောက်မှ ရောင်းမလို့... တစ်ပြိုင်နက်တည်း အများကြီး ရောင်းလိုက်ရင် တန်ဖိုးနည်းသွားလိမ့်မယ်... "


ယွီနျန်က ကောင်းကောင်း နားလည်ပေသည်


 " အင်း အနည်းအကျဥ်းကမှ တန်ဖိုးမြင့်တာ... အစ်ကိုမုန့်က ကောင်းကောင်း နားလည်တာပဲ... အစ်ကိုမုန့်ရဲ့ အကြံအတိုင်း လိုက်နာပါ့မယ်"


"ဟုတ်တယ်... ဒါ အမှန်ပဲ" မုန့်ယွမ်က ယွီနျန်နှင့် ပတ်သက်ပြီး သတိထားမိသည့် အချက်ရှိသည်။ နားမလည်ပဲနှင့် နားလည်ချင်ယောင်ဆောင်ခြင်း မရှိသည့် အချက်ပင်။ သူက သူ တတ်ကျွမ်းသည့် အရာကို သိသလို သူ အကျွမ်းမဝင်သည့် အရာကိုလည်း သိသည်။ သူ ကျွမ်းကျင်မှု မရှိသည့် နေရာများတွင် နားလည်သူတို့၏ ပြောစကားကို နားထောင်လေ့ရှိသည်။


မုန့်ယွမ်က ပိုပြီး တက်ကြွလာသည်


 " ပြီးတော့ ဖလောရင့် ပုံရိပ်ယောင် ပင်လယ် နှုတ်ခမ်းနီကလည်း ရှိသေးတယ်နော်... မင်းရဲ့ 'ယွီနျန်အရောင်' ကို စျေးကွက်တင်တုန်းက ချက်ချင်း ရောင်းကုန်သွားလို့ ဘရန်းဘက်ကလည်း အရမ်း သဘောကျခဲ့တာ... ကော်ဇောနီပွဲအတွက်က မင်းအတွက် အဆင့်တန်းမြင့် အဝတ်အစားတွေ ငါ ငှားထားတယ်...အဲ့ဒါက..." 


ထိုအချိန် သူတို့က တံခါးခေါက်သံ ကြားလိုက်ရ၍ မုန့်ယွမ်က အသံကို မြင့်ပြီး ပြောလိုက်သည် 


" ဝင်လာပါ"


ရှစ်ရော့က ဝင်လာရင်း တံခါးပိတ်လိုက်ပြီး နားနေခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်


 " အင်း... နျန်နျန် အစ်ကိုမုန့် ... ဥက္ကဌရွှယ်က နောက်ထပ် ဝေ့ပေါ်ပို့စ်တစ်ခု တင်ထားသေးတယ်"


"သူက နောက်ထပ် ရေပန်းစားအုံးမယ့် အသည်းပုံလေး တင်ထားတာလား" မုန့်ယွမ်က ထိုနေ့က ရွှယ်ယုံ၏ ရူးကြောင်ကြောင် အပြုအမူကို မမေ့နိုင်သေးပေ။ သူက ပို့စ်အသစ်တစ်ခုဟု ကြားလိုက်သည်နှင့် သူ့စိတ်ထဲဝင်လာသည့် ပထမဆုံးအရာက အသည်းပုံလေး ဖြစ်သည်။


"မဟုတ်ဘူး မဟုတ်ဘူး" 


ရှစ်ရော့က စာမျက်နှာတစ်ခု ပြလာသည်


" ဥက္ကဌရွှယ်က ယွီနျန့်ကို ထပ်ပြီး ပစ်မှတ်ထားနေပြန်ပြီ"


 သူမက ပြောလိုက်ပြီးမှ စိတ်အေးသွားသလို သက်ပြင်းပင် ချလိုက်သည်။


မုန့်ယွမ်ကလည်း သက်ပြင်း လိုက်ချမိသည် " ငါ ဘာလို့များ ဒီကိစ္စကို ပုံမှန်ကိစ္စပဲလို့ ခံစားနေရတာပါလိမ့်"


ရှစ်ရော့က ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာသည်


 " ဟုတ်တယ် ဟုတ်တယ် ကျွန်မလည်း ဥက္ကဌရွှယ်က ယွီနျန့်ကို ပစ်မှတ်ထားတာ တွေ့တုန်းကဆို ပုံမှန်ကိစ္စပဲလို့ ခံစားမိသွားတာ"


ထိုအချိန် ယွီနျန်က သူတို့စကားဝိုင်းကို နားထောင်နေပြီး ဘာမှဝင်မပြောပဲ ပြုံးရုံပြုံးကာ ရွှယ်ယုံ့ဝေ့ပေါ်ကို ဖွင့်လိုက်သည်။ သူ နေ

ာက်ဆုံးတင်ထားသည့် ပို့စ်ကလည်း ယခင်ကနှင့် တစ်ထပ်တည်း အတူတူပင်။


[[**"ရွှယ်ယုံ #ယွီနျန်စီနျင်း# ဟ... ဒါက တမူထူးခြားတဲ့ ပါရမီရှင်လို့ မင်းတို့ ခေါ်နေကြတဲ့ဟာလား"**]]