အပိုင်း ၆၁
Viewers 10k

Chapter 61




မကြာမီ #ယွီနျန်အယောင်ပြရေးခြင်း နှင့် #စီနျင်း ဆိုသည့်ခေါင်းစဥ်နှစ်ခုနှင့် #ယွီနျန့်အယ်လ်ဘမ်အသစ် ဆိုသည့် ခေါင်းစဥ်က လူကြည့်များလာသည်။ ထိပ်ဆုံးက နာမည်ကြီးခေါင်းစဥ် ခြောက်ခုတွင် သုံးခုက ယွီနျန်နှင့်ပတ်သတ်သည့် ခေါင်းစဥ်များဖြစ်သည်။ ထို့နောက် ခုနစ်ခုမြောက်က #ယောင်ယန် ပြန်တင်ထားသောပို့စ်ဖြစ်သည်။


ရှစ်ရော့က အချက်အလက်များကို ကြည့်ပြီး မျက်လုံးပြူးနေသော်လည်း မုန့်ယွမ်က အေးအေးဆေးဆေးပင်။ သူက ယွီနျန်နှင့် စကားပြောနေသည်


 " သီချင်းဗီဒီယိုရိုက်ကူးရေးကရော ဘယ်လိုနေလဲ"


"ချောချောမွေ့မွေ့ပါပဲ...ကျိုးမင်က ခြောက်ရက်လောက်ကြာမယ်ပြောတယ်...သီချင်းစာသားအချို့အတွက် ဇာတ်ဝင်ခန်း အကူးအပြောင်းလေးတွေ ရှိလို့ ကျွန်တော်တို့ အချိန်ပိုဆင်းပြီးလုပ်ရင်တောင် တစ်ပတ်လောက်ကြာမှာ"


"အိုကေလေ...ကောင်းကောင်းရိုက်...အို့ ..ငါ ဖိတ်စာတစ်ခုရထားတယ်...ဇန်နဝါရီလ ၁၁ရက်မှာ နှစ်ကုန်ဖက်ရှင်ပွဲအတွက် မင်း ကော်ဇော်နီလျှောက်ဖို့ရှိတယ်...အဲ့ဒီအတောအတွင်း epကိုလည်း တိုးတက်မှုရှိမရှိ ခဏခဏစောင့်ကြည့်နိုင်အောင်လို့ထုတ်လုပ်ရေးစင်ပေါ်မှာပဲ ထားထားအုံးမှာ.....ကျိုးမင်က စိတ်ချရပါတယ်"


ယွီနျန်က ကန့်ကွက်ခြင်းမရှိပေ "ကောင်းပါပြီ"


မုန့်ယွမ်က ပြုံးလိုက်ရင်း ဂုဏ်ယူနေဟန် " မင်းမသိလို့ကွ...ကျိုးမင်က ကောင်ကင်ဘုံမင်းကြီးတောင် ခစားရမယ့် လူစားမျိုး...ဒါပေမယ့် သူက စီနျင်းလိုအရည်အချင်းရှိတဲ့သူမျိုးကို လေးစားတယ်...မင်း ထုတ်လုပ်ရေး လုပ်နေတဲ့အချိန်အတွင်း တစ်ခုခုပြင်စရာရှိနေရင် သူနဲ့သာ တည့်ဆွေးနွေးလိုက်...အချောသတ်ဖို့ပဲကျန်ရင် နောက်တစ်ပတ် စောင့်ဖို့မလိုတော့ဘူးပေါ့"


ယွီနျန်က ခေါင်းညိမ့်ရင်း ပြုံးပြလာသည်


 " ဟုတ်ကဲ့...အားထုတ်ကြိုးစားပြီးလုပ်မယ်ဆိုရင် ထင်မြင်ချက်ကိုလည်း လူလေးစားလာကြမယ်"


"အဲ့ဒါ အမှန်ပဲ" မုန့်ယွမ်က ယွီနျန့်ပုခုံးကို ပုတ်လိုက်ရင်း " အလုပ်ကြိုးစား...သီချင်းဗီဒီယိုရိုက်ဖို့သာ အာရုံစိုက်နေ...တစ်ခုခုထူးရင် ငါ့ကို အသိပေး"


ယွီနျန်က ရိုက်ကူးရေးနေရာသို့ ရောက်လာသည့်အချိန် အဖွဲ့က ရိုက်ကူးရေးဆက်တင်များ ပြင်ထားပြီးဖြစ်သည်။ လူတိုင်း အလုပ်ရှုပ်နေကြ၍ သူ့မှာ ဘာမှလုပ်စရာမရှိ ဖြစ်နေသည်။


ယွီချင်းထံ အရင်ဆုံး ဖုန်းခေါ်လိုက်ပြီးနောက် ရွှယ်ယုံနှင့်ရှားမင်ရှီတို့ထံ အခြေအနေနှင့် မုန့်ယွမ်၏ အစီအစဥ်ကို မက်ဆေ့ချ်ပို့ပြီး ရှင်းပြလိုက်သည်။ ရွှယ်ယုံက စာအမြန်ပြန်လာသည်


 " အိုကေ...မိုးရွာနေတာဆိုတော့ နွေးနွေးထွေးထွေးဝတ်ဖို့ မမေ့နဲ့နော်" ရှားမင်ရှီက အလုပ်များနေဟန်ရှိသည် ။ ချက်ချင်း စာပြန်မလာပေ။


သူက ဖုန်းချလိုက်သည်နှင့် ရွှယ်ယားလင်ထံမှ ဖုန်းဝင်လာသည်။


"စကားပြောချင်လို့ အချိန်ခဏရမလား"


"ရပါတယ်...ရိုက်ကူးရေးမစသေးလို့ အချိန်ရှိပါတယ်" ယွီနျန်က ရွှယ်ယားလင် ဆွေးနွေးချင်သည့်အကြောင်းအရာကို ခန့်မှန်းမိ၍ တိုက်ရိုက်မေးလိုက်သည်


 " ယောင်ယန်နဲ့ ပတ်သက်တာလား"


ရွှယ်ယားလင်က စိတ်မထိန်းနိုင်စွာ ပြောလာသည် "ယောင်ယန်က လှည့်ဖျားမှုတွေ အများကြီးရှိတဲ့သူပဲ...သူ့ကို သတိထားပါ...အရင်က သူ့ဆီကနေ ပစ်မှတ်ထားခံရတဲ့အချိန် တကယ်ကို သည်းမခံနိုင်ဖြစ်ခဲ့ရတယ်...သူက အကောင့်တုတွေ သုံးပြီး ညစ်ပတ်တဲ့ အကြံတွေနဲ့ လူထုထင်မြင်ချက်ကို ကြိုးကိုင်နေတဲ့သူပဲ...ပြီးတော့ မပြတ်မသားနဲ့ စွပ်စွဲချက် လုပ်ရတာ ကြိုက်တဲ့သူ ဖြစ်နေလို့ သူ့ကို တာဝန်ခံခိုင်းဖို့ကလည်း အခက်တွေ့နေတယ်....သူ့ကိုယုံတဲ့သူတွေကလည်း ယုံရုံတင်မကဘူး ဒီဖျော်ဖြေရေးနယ်ပယ်ရဲ့ အမှောင်ဘက်ခြမ်းကို ချပြပေးတဲ့ အမှန်တရားဘက်တော်သားလို့ တွေးပြီး အတည်ယုံကြည်နေကြတာ...အဓိပ္ပါယ်မရှိတာတွေ"


ယွီနျန်က သူမ၏ ဒေါသထွက်ထွက် ပြောလာသည့် စကားကို နားထောင်ပေးနေရင်း သူ့ကို စေတနာနှင့်သတိပေးနေမှန်း သိလိုက်ရသည်။ သူမကို ကျေးဇူးတင်လိုက်သည် 


" ကျေးဇူးပါ ငါ သတိထားပါ့မယ်"


"ကောင်းပြီ...ရှင်လည်း ပစ်မှတ်ထားခံနေရတော့ စကားနည်းနည်းလောက် ထပ်ပြောအုံးမယ်...စိတ်ညစ်စရာလို့တော့ မတွေးလိုက်ပါနဲ့" ရွှယ်ယားလင်က ဆိုလိုက်သည်။


"ဘာလို့ စိတ်ဆိုးရမှာလဲ...ကျွန်တော်က ကျေးဇူးတင်နေတာပါ" ယွီနျန်က ပြန်ဖြေလိုက်သည်။


"ဟုတ်ပါပြီ...ရှင့်ရဲ့အဖွဲ့နဲ့ ဆွေးနွေးကြည့်ပါ...အခြေအနေအရဆို ကျွန်မတို့ကို နာမည်ဖျက်ပြီး သူ့ရဲ့ကိုယ်ပိုင်သီချင်းရေးဆရာဆိုတဲ့ ပုံရိပ်ကို မြင့်တင်ဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ...ကျွန်မ ဒီမကျေပွဲကို လုံးဝ မေ့မှာ မဟုတ်ဘူး"


 ရွှယ်ယားလင်က သူမမူပိုင် အေးစက်စက်လေသံနှင့် ပြောလာသည် " ကျွန်မ သွားရတော့မယ်"


"ကောင်းပါပြီ...ဘိုင့်"


ထင်ထားသလိုပင် ယွီနျန့်ဗီဒီယို တင်ပြီး နှစ်နာရီအတွင်း ကောမန့်များ တဖြေးဖြေးမြင့်လာပြီး အယောင်ပြရေးသည့် အကြောင်း ဆွေးနွေးချက်များလည်း တိုးမြင့်လာသည်။


အယောင်ပြရေးခြင်းနှင့် ပတ်သတ်၍ ယွီနျန့်ကို အပြစ်ရှာသည့် ကောမန့်များက လွှမ်းမိုးနေပြီး လူလုံးထွက်ပြမလာသည့် စီနျင်းကလည်း ယွီနျန်နှင့်ယွီချင်းတို့၏ ကြိုးကိုင်ထိန်းချုပ်ထားခြင်း ခံနေရသည် ဆိုသည့် ခန့်မှန်းချက်များပင် ထွက်ပေါ်လာသည်။ တချို့ဆွေးနွေးချက်များက သြဇာရှိသည့်သူများထံ တိုင်ကြားရမတတ်ပင်။


မုန့်ယွမ်က ပြုံးစစမျက်နှာထားနှင့် စောင့်ကြည့်နေသည်


 " အကောင့်တုဝယ်ပြီး ကောမန့်တွေကို ကြိုးကိုင်ခြယ်လှယ်နေတဲ့ ဒီလိုနည်းဗျူဟာမျိုးကို အဖေမုန့်ဆိုတဲ့ ငါက စက်ဆုပ်နေတာကြာပြီ"


ယွီနျန်က ရေနွေးဗူးလေးဖွင့်လိုက်ရင်း လည်ချောင်းရှင်းရန် ရေနွေး တစ်ငုံ သောက်လိုက်သည်။


 " အစ်ကိုမုန့်...သူတို့ ပြဇာတ်ကို ထိုင်ပြီး ကြည့်နေချင်တော့တယ်လို့ အစ်ကိုမုန့်ပဲ ပြောခဲ့တာမို့လား"


"ငါ ပြောခဲ့ပေမယ့်လည်း ငါ့ကို စိတ်ဒုက္ခပေးနေတုန်းမို့လို့ပေါ့"


 မုန့်ယွမ်က စိတ်ညစ်နေဟန် ဖုန်းကို ဘေးပစ်လိုက်သည်။ 


"မကြည့်ချင်တော့ဘူး...စိတ်ထဲ ထုတ်ထားလိုက်ပြီ"


ရှစ်ရော့က ပုံနှိပ်စာလုံးများပါသည့် စာရွက်တစ်ခုနှင့် အနားရောက်လာသည် " အစ်ကိုမုန့်...ခရမ်းချဥ်သီးဖိုရမ်မှာ အယောင်ပြရေးတာနဲ့ ပတ်သတ်တဲ့ သက်သေကို ပို့စ့်တင်ထားတဲ့ အကောင့်က ယောင်ယန်နဲ့ IPလိပ်စာတူနေတယ်"


မုန့်ယွမ်က လက်ခုပ်တီးပြီး ရယ်လိုက်သည် " ကောင်းတယ်...တစ်ဆင့်ရှေ့တိုးလို့ရပြီ"


နေ့လည်ငါးနာရီခန့်တွင် ဖျော်ဖြေရေးအကောင့်တစ်ခုမှ ပထမဆုံး သက်သေထုတ်ပြန်လာသည် " အင်တာနက်သုံးစွဲသူတွေက ယွီနျန်အယောင်ပြရေးတဲ့သက်သေကို ခရမ်းချဥ်သီးဖိုရမ်မှာ လူတစ်ယောက်တည်းက တင်ထားတဲ့အကြောင်း သိကြမှာပါ...@သီချင်းရေးဆရာယောင်ယန်...အထင်ကြီးလောက်စရာ လျှို့ဝှက်အကွက်လေးပါလား"


[ယောင်ယန်က ဒါကို သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် လုပ်ရတာလေ...နားလည်ပေးနိုင်တယ် တကယ်တမ်းကျ ယွီနျန်က သူ့နောက်မှာ ထောက်ပံ့ပေးမယ့် အေဂျင်စီကြီးတစ်ခုလုံးရှိတယ်...ယောင်ယန်က ပုံရိပ်သေးသေးလေးပါပဲ...သူက အမှောင်ဘက်ခြမ်းကို ချပြပြီး ကံဆိုးတဲ့သူတွေအတွက် ရှင်းပြပေးချင်ရင်တောင်မှ သတိကြီးကြီးထားနေရပြီး သူ့ရဲ့ပုံစံအစစ်ကို ထုတ်ပြဖို့ မဖြစ်လို့လေ]


[ယွီနျန်အယောင်ပြရေးတယ် ဆိုပြီး စွပ်စွဲပြီးမှ အကောင့်တုတွေသုံးပြီး ညစ်ပတ်တဲ့စွပ်စွဲချက်တွေ လုပ်တယ်...အကောင့်စစ်ကနေ ချဲ့ကားပြီး တင်တယ်....

ဘယ်လိုတောင် ကလေးကလားနိုင်ရတာလဲ...ယောင်ယန် ဘယ်လိုအကြံကြီးကြီးတွေ ထုတ်နေတာလဲ]


[ဘာလို့ ယောင်ယန်က စင်နောက်မှာ ပုန်းနေရမှာလဲ...ထိပ်တိုက်တွေ့လိုက်စမ်းပါ...သူ့လိုလူမျိုးက သနားညှာတာမှုမရှိ အတိုက်ခိုက်ခံရနိုင်တယ်....ငါတို့ မင်းကို အားပေးနေမယ်]


မကြာမီ အဓိက စျေးကွက်အကောင့်များနှင့် ဖျော်ဖြေရေးအကောင့်များက ယောင်ယန်၏ ရှည်လျားထွေပြားသောပို့စ့်ကို ပြန်တင်ပေးနေ၍ #ယောင်ယန် ခပ်ပြတ်ပြတ်ထုတ်ပြောလာခြင်း ဆိုသည့်ခေါင်းစဥ်က နာမည်ကြီးနေသည်။ ယောင်ယန်က သူက စီနျင်းနှင့်ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ဖူး၍ ရှင်းပြချက်တစ်ခု ရှိလာမည်ဟု ပြောသွားလေသည်။ ယွီနျန်နှင့်သူ့အဖွဲ့က တောင်းပန်လာရန် မျှော်လင့်ထားကြောင်း သို့မဟုတ်လျှင် ထိုသူတို့ နောင်တရစေရမည့် အကြောင်း ပြောသွားသည်။ ထိုခေါင်းစဉ်က ယွီနျန်နှင့်မုန့်ယွမ်တို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။


မုန့်ယွမ်က ဖတ်ပြီးသည်နှင့် ခွက်ထိုးခွက်လန် ရယ်လိုက်မိသည် " အို့...အထင်ကြီးလောက်စရာပဲ...နျန်နျန် သူက မင်းကို ဆက်သွယ်ခဲ့တာလား"


ယွီနျန်က ပြုံးပြီး ခေါင်းခါပြသည် "မဆက်သွယ်ပါဘူး"


မုန့်ယွမ်က ရယ်မောလိုက်သည်


" အထင်ကြီးလောက်စရာပဲ အထင်ကြီးလောက်စရာပဲ အဖေမုန့်က သရုပ်ဆောင်တွေ မမြင်ရတာကြာပြီ"


မကြာမီ များစွာသော အဓိကစျေးကွက်အကောင့်များနှင့် ဖျော်ဖြေရေး အကောင့်များက ယောင်ယန်၏ ပိုစ့်ကို ပြန်တင်လာကြ၍ #ယောင်ယန်ထုတ်ပြောလာခြင်း ဆိုသည့် ခေါင်းစဥ်က မိုးထိတက်သွားလေသည်။ ယောင်ယန်က သူကိုယ်တိုင် စီနျင်းနှင့်ဆက်သွယ်ဖူး၍ ရှင်းပြချက် တစ်ခု ထွက်လာမည်ဟု ပြောလာသဖြင့် လူပေါင်းများစွာက ယွီနျန်၏ဝေ့ပေါ်သို့ အုံလိုက်ကျင်းလိုက် သွားကြပြီး သူ၏အသစ်ထွက်မည့် EPကို boycottလုပ်ရန် အခိုင်အမာပြောနေကြသည်။


အွန်လိုင်းမုန်တိုင်းက ပြင်းထန်နေ၍ သူတို့လုပ်လည်း အကျိုးမရှိတော့ချေ။ သီချင်းဗီဒီယိုရိုက်ကူးရေးပြီးသည်နှင့် ယွီနျန်က မိတ်ကပ်ဖျက်ပြီး မုန့်ယွမ်ကို ပြောလာသည် " အစ်ကိုမုန့်...ကျွန်တော် အိမ်ပြန်လို့ရပြီလား"


မုန့်ယွမ်က ယောင်ယန်၏ ဝေ့ပေါ်က ကောမန့်များကိုဖတ်ရင်း အူမြုးပြီး အလုပ်ရှုပ်နေသည်။ 


" ရတယ်လေ....နားလိုက်တော့ မနက်ဖြန်မနက် ၁၁နာရီမှာ အလန်းချထားဖို့ မမေ့နဲ့နော် ရှိုးကြည့်ရမှာလေ"


မုန့်ယွမ်က ဒေါသထိန်းနေရမှန်း သိနေ၍ ယွီနျန်က ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည်


 " ဟုတ်ကဲ့ပါ...ကျွန်တော် အချိန်ကိုက်ရောက်လာပါ့မယ်"


အိမ်ပြန်ရောက်သည့်အခါ ယွီနျန်က ရေချိုးလိုက်ပြီး ရေချိုးဝတ်စုံ ဝတ်လိုက်သည်။ သူက ရွှယ်ယုံ့ထံ ကောင်းသောညပါဟု မက်ဆေ့ချ်ပို့ရန် ပြင်လိုက်စဥ် မမျှော်လင့်ထားစွာ သူ့ဘက်က အရင်ပို့လာသည်။


စကားလုံးလေး တစ်လုံးသာ " ကောင်းသောညပါ"


ယွီနျန်က ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေရင်း တစ်ခုခု သဘောပေါက်သွားသည်။ သူက ကင်မရာဖွင့်လိုက်ရင်း လက်ညှိုးနှင့်လက်မကို အသည်းပုံလေးလုပ်ပြီး ဓါတ်ပုံရိုက်ကာ ရွှယ်ယုံ့ကို ပို့လိုက်သည်။


မိနစ်များစွာကြာပြီးနောက် ရွှယ်ယုံက ဓါတ်ပုံတစ်ခုနှင့် စာပြန်ပို့လာသည်။ စာကြည့်ခန်း သို့မဟုတ် ရုံးခန်းထဲတွင် ရိုက်ထားဟန်ရှိကာ ရွှယ်ယုံ့လက်ချောင်းများက အသည်းပုံလေး လုပ်ထားသည်။


ယွီနျန်က စာအမြန်ပို့လိုက်သည် " ကောင်းသောညပါ....ခင်ဗျားရဲ့လက်ချောင်းလေးတွေက အရမ်းလှတာပဲ"


ရုံးခန်းထဲတွင် ထိုင်နေရင်း ပြန်စာ စောင့်နေရာမှ ရွှယ်ယုံက မက်ဆေ့ချ် မြင်လိုက်၍ စာကြောင်း၏ ဒုတိယတစ်ဖြတ်ကို အာရုံစိုက် ဖတ်လိုက်မိသည်။ ထို့နောက် သူ့နားရွက်များ ရုတ်တရက် ပူရှိန်းသွားလေသည်။


နျန်နျန်က ငါ့လက်ချောင်းတွေ လှတယ်လို့ ချီးကျူးလိုက်တာလား။


နောက်တစ်နေ့မနက် ၁၁နာရီတွင် ယွီနျန်က သီချင်းဗီဒီယိုရိုက်ကူးရေး လုပ်နေစဥ် ယနေ့မနက်ခင်းသတင်း ဆိုသည့် အင်တာတိန့်မန့်၏ တရားဝင် ဝေ့ပေါ်အကောင့်မှ သတင်းဆောင်းပါးတစ်ခု ထုတ်ပြန်လာသည်။


"...ကျွန်တော်တို့ရဲ့ သတင်းထောက်တစ်ယောက်က ယနေ့မနက်မှာ တေးဂီတမူပိုင်ခွင့်အဖွဲ့ကို သွားရောက်ခဲ့ရာက စာရင်းသွင်းထားတဲ့အချက်အလက်ပေါ်မူတည်ပြီး အံ့အားသင့်စရာ သတင်းတစ်ခုကို တွေ့ခဲ့ရပါတယ်...


သီချင်းရေးဆရာစီနျင်းရဲ့ နာမည်ရင်းက ယွီနျန်ဖြစ်ပြီး နျင်းချန်ဇာတိဖြစ်ပါတယ်...'ဆုံးရှုံးစရာမရှိ'(တေးရေးတည်းဖြတ်)'အလှမ်းဝေးသောကြယ်'(တေးရေးတည်းဖြတ်) 'အရိုင်းဆန်မှု'(တေးရေးတည်းဖြတ်)....စတဲ့ သီချင်းတွေရဲ့ မူပိုင်ခွင့်ယူထားသူတစ်ဦးဖြစ်ပါတယ်"


တစ်ချိန်တည်းမှာပင် ယနေ့မနက်ခင်းသတင်း အင်တာတိန့်မန့်ဘက်၏ တရားဝင်အကောင့်မှ မူပိုင်ခွင့်အဖွဲ့၏ တရားဝင် သတင်းအချက်အလက်နှင့်အတူ ပို့စ့်တစ်ခု တင်ပေးလာသည်။ ညာဘက်ထောင့်နားတွင် ယွီနျန့်IDဓါတ်ပုံနှင့် နာမည်ရင်းကို ပြတ်ပြတ်သားသားရေးထားသည့် စီနျင်း၏ကိုယ်ရေးအချက်အလက်ဖောင်ကိုယ်တစ်ပိုင်းဖြတ်ထားသည့် ပုံလည်း ပါလာသည်။


ယွီနျန့် လက်ရှိပုံစံနှင့် ယှဥ်လိုက်လျှင် IDထဲမှဓါတ်ပုံက မတူညီသောဆံပင်ပုံစံနှင့် ပိုပြီးအသက်ငယ်သည့်ပုံပေါ်သည်။


သတင်းတက်ပြီးပြီချင်း တဟုန်ထိုး ပျံ့နှံ့သွားလေသည်။


[သောက်ကျိုးနဲ...ယွီနျန်က စီနျင်းလား...သူတို့က တစ်ယောက်တည်းပေါ့]


[အား...သူက စီနျင်းပေါ့...အမလေး ဘုရားရေ...သတိလစ်သွားမတတ် ကိုယ်ထင်ပြလာတာပဲ...ငါ့ ဦးနှောက်အလုပ်လုပ်ဖို့လိုနေပြီ]


[ဖန်တစ်ယောက်အနေနဲ့ ခဏလောက် တိတ်ပေးကြပါအုံး ငါအော်ပစ်လိုက်ချင်လို့]


အရှိန်ပြင်းပြင်းနှင့် #ယွီနျန်စီနျင်း ဆိုသည့်ခေါင်းစဥ်က နာမည်ကြီးစာရင်း၏ ထိပ်ပိုင်းအဆင့်သို့ ရောက်သွားလေသည်။


[#ယွီနျန်စီနျင်း# ဒီသတင်းကို ဖတ်နေမိတာ ငါးကြိမ်တောင်ရှိနေပြီ....အခုထိ မယုံနိုင်သေးဘူး 

@သီချင်းရေးဆရာ ယောင်ယန် စီနျင်းနဲ့ဆက်သွယ်ခဲ့တယ်လို့ ပြောခဲ့လားလို့...ဖြေရှင်းချက်အမြန်ထွက်လာမယ်လို့လည်း ပြောခဲ့တာမဟုတ်ဘူးလား...အိုက်ယား....နင့်မျက်နှာကြီး ယောင်ကိုင်းနေပြီလားဟေ့]


[#ယွီနျန်စီနျင်း# နှစ်သစ်မှာ အတင်းအဖျင်းအသစ်နဲ့ပါလား....ဒီအတင်းအဖျင်းက သတိလစ်မတတ်ကိုဖြစ်သွားရတယ်...ငါက သာမန် ဘေးကရပ်ကြည့်နေသူလေးပါ....လွန်ခဲ့တဲ့သုံးနှစ်က ဆိုတော့ ယွီနျန်က ၁၈နှစ်ပဲ ရှိသေးတာဆိုပေမယ့် 'အလှမ်းဝေးသောကြယ်'နဲ့ 'ဆုံးရှုံးစရာမရှိ'တို့လို သီချင်းကြီးတွေ ရေးနိုင်နေပြီ...သူက ဘုရားပေးတဲ့ဆုနဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တယ်ဆိုတာ စိတ်ချလက်ချပြောလို့ရသွားပြီပဲ...အကောင်းဆုံးအချက်က သူက ကြည့်ကောင်း နေသေးတယ်...သူက ကလည်းကနိုင်တယ် ဟာသဥာဏ်လည်းရှိတယ်....ညီအစ်ကိုရေ ငါဒူးထောက်နေတဲ့ပိုစ့်လေးကို ကြည့်လိုက်အုံး စံနှုန်းမှီရဲ့လားဆိုတာ]


[ငိုနေပါပြီ ...နျန်နျန်က အစွပ်စွဲခံခဲ့ရတာပဲ...သူ့အတွက် စိတ်မကောင်းဖြစ်လိုက်တာ...သူက ညစ်ပတ်တဲ့ စွပ်စွဲချက်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတာ@သီချင်းရေးဆရာ ယောင်ယန် ထွက်လာပြီး တောင်းပန်စမ်း]


[အား....ငါ့အိုင်ဒေါက အရမ်းမိုက်တာပဲ ..သူ မလုပ်နိုင်တာ ဘာရှိသေးလဲ...နျန်နျန်က အသက်၁၈နှစ်နဲ့ ဂီတလောကမှာ နာမည်ကြီးနေတဲ့အချိန် ငါကတော့ ကောလိပ်ဝင်ခွင့်အတွက် ပြင်ဆင်နေခဲ့ရတယ်....လူနှစ်ယောက်ကြားက အကွာအဝေးက ဘာလို့အရမ်းအလှမ်းဝေးလွန်းရတာလဲ]


[ဒါက ယောင်ယန်ရဲ့ နည်းဗျူဟာပဲ...လူတိုင်း မမြင်ကြဘူးလား...သူက လီယင်းကို မျက်ရည်ကျအောင်လုပ်ပြီး လူအာရုံစိုက်ခံရအောင် လုပ်ခဲ့တာ....လီယင်းက အယောင်ပြရေးတဲ့သူတွေ သုံးတာမို့ တကယ်တမ်း သနားဖို့မတန်ပါဘူး...ဒါပေမယ့် ယောင်ယန်.... သူကတော့ အာရုံစိုက်ခံရတာ နည်းသွားတာနဲ့ ရွှယ်ယားလင်ဘက်ကို မြှားဦး လှည့်တယ် ...ထပ်ပြီး အလုပ်မဖြစ်ပြန်တော့ ယွီနျန့်ဘက်ကို ပြောင်းသွားပြန်တယ်....ကံမကောင်းတာက သူက သူမြင်သမျှကို ကမ္ဘာကြီးတစ်ခုပဲလို့ ထင်ပြီးတော့ တစ်ယောက်က အယောင်ပြသုံးရင် တခြားသူတွေလည်း သုံးမှာပဲလို့ ယုံခဲ့တယ်....ဒါပေမယ့် သူမသိခဲ့တာက တချို့သူတွေက ဘုရားပေးတဲ့ပါရမီအရည်အသွေးတွေနဲ့ မရေမတွက်နိုင်တဲ့သူတွေကို သူတို့အရည်အချင်းနဲ့ ဖိသတ်လို့ရနိုင်တယ်ဆိုတာပဲ...]



န်လေးက အစွပ်စွဲခံခဲ့ရတာ....သူက သူ့ကိုယ်ရေးအကျဥ်းကို နည်းနည်းပဲ ပြောချင်ပေမယ့် သူ့ပုံစံကို ထုတ်ပြဖို့ အတင်းတွန်းအားပေးခံခဲ့ရတယ်...စိတ်မကောင်းလိုက်တာ]