အပိုင်း ၆၀
Viewers 10k

Chapter 60

စာသင်ကြားရေးအပေါ် သက်ရောက်မှုရှိတဲ့ ပြင်ပအလုပ်လေးပါပဲ 




"ဖန်း"ဆိုသည့် အသံနှင့်အတူ ရှစ်ရော့ဖုန်း လွတ်ကျသွားသည်။


အတန်ကြာမှ မုန့်ယွမ်ဘက်က စိတ်လွတ်သွားသည့် အသံထွက်လာသည်


 " တ တကယ်ကြီးလား...နေ့ရက်တိုင်းက အံ့သြစရာတွေကြီးပဲပါလား..."


ရှစ်ရော့က သူမ လန့်လန့်ဖျပ်ဖျပ်နှင့် ပါးစပ်ဟလာသည် " နျန်နျန်...မင်းက တကယ်ပဲ စီနျင်းပေါ့"


ယွီနျန်က ခေါင်းညိမ့်ပြလာသည်


 " ဟုတ်တယ်...အစ်မပြောနေတဲ့ ယွီချင်းအတွက် သီချင်းတွေရေးပေးပြီး မကြာသေးခင်ကမှ 'ရှေးဟောင်းလမ်းမ'အတွက် ဇာတ်ဝင်တေးရေးပေးခဲ့တဲ့ စီနျင်းဆိုတာ တကယ်တော့ ကျွန်တော်ပဲ"


မုန့်ယွမ်က စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းပြောလာသည် "အခုချက်ချင်း ကုမ္ပဏီကို ပြန်လာခဲ့..."


တစ်နာရီကြာပြီးနောက် ရုံးခန်းထဲတွင် မုန့်ယွမ်က သကြားလတ်တေးပူပူ တစ်ခွက် ကိုင်ထားရင်း ယွီနျန့်ကို စစ်ဆေးသည့်အကြည့်နှင့် စိုက်ကြည့်နေသည်။


ယွီနျန်ကလည်း မနေတတ်စွာ ဟိုရွေ့သည်ရွေ့လုပ်နေရင်း ပုံစံပြောင်း ထိုင်လိုက်သည်။ " အစ်ကိုမုန့်...ဘာတွေကြည့်နေတာလဲဗျာ"


"မင်းမှာ ခေါင်းသုံးလုံးနဲ့ လက်ခြေဖက် ပါနေလားလို့ ကြည့်နေတာ..." 


မုန့်ယွမ်က သက်ပြင်းချရင်း အလေးအနက်ပြောလာသည်


 " ငါ ဖုန်းကျသွားတော့ ရုံးခန်းထဲမှာ သုံးကြိမ်လောက် အကျယ်ကြီးအော်ရယ်နေခဲ့တာ....စိတ်အေးသွားလို့လေ"


သူက မျက်ခုံးပင့်လိုက်ရင်း " အခု လုပ်ငန်းကိစ္စပြောကြရအောင်...မင်း ဘာလို့ သီချင်းရေးတဲ့အလုပ်လုပ်ခဲ့ရတဲ့ အကြောင်းရင်းကို မြန်မြန်ရှင်းပြစမ်း"


"ဝါသနာတစ်ခုဆိုတာထက် ပိုတာပေါ့...အထက်တန်းတုန်းက ကိုယ်တိုင် သီချင်းရေးတဲ့ အကျင့်ရှိတယ်..." ယွီနျန်က သေသေချာချာရှင်းပြလာသည်


 " လွန်ခဲ့တဲ့သုံးနှစ်တုန်းက အဘွားဆုံးသွားတော့ ကျွန်တော် တစ်ယောက်တည်းကျန်ခဲ့တာ...အဲ့ဒီအချိန်တုန်းက စရိတ်စကတွေခများလွန်းလို့ စုထားဆောင်းထားတဲ့ ပစ္စည်းတွေ အကုန်ကုန်သွားတယ်....ကျွန်တော့်ဘာသာ စဥ်းစားကြည့်လိုက်တာ ဒီလိုမျိုး ဘာမှမလုပ်ပဲတော့ ထိုင်မနေနိုင်ဘူး ပိုက်ဆံရှာဖို့လိုနေပြီဆိုပြီး တွေးမိတယ်"


"ဒါပေမယ့်...အဲ့အဒီအချိန်တုန်းက ကျွန်တော်က ပညာသင်နေတဲ့ အရွယ်ပဲ ရှိသေးတော့ ပိုက်ဆံဘယ်လိုရှာရမှန်း မသိခဲ့ဘူး...အဲ့ဒါနဲ့ တစ်နေ့ကျ ကျွန်တော့်အစ်မက အိမ်လာလည်ရင်း ကျွန်တော်ရေးထားတဲ့ သီချင်းမူကြမ်းကို တွေ့သွားခဲ့တယ်....အစ်မက စာသားကြည့်ပြီး နည်းနည်းဆိုကြည့်လိုက်တာ ကောင်းတယ်ထင်တယ်တဲ့ ကျွန်တော့်ကိုလည်း တစ်ပုဒ်လုံးရေးပေးဖို့ ပြောခဲ့တာ... အဲ့ဒါနဲ့ ညမှာ အပြီးသတ်ရေးပြီး သူမကို ပို့ပေးလိုက်တယ်...အစ်မကလည်း သူ့အေးဂျင့်ဘက်ကို ပြကြည့်တော့ အေးဂျင့်က ကျွန်တော့်ကို ဆက်သွယ်လာပြီး သဘောကျကြောင်း ပြောလာခဲ့တယ်"


မုန့်ယွမ်က ကြားဖြတ်မပြောပဲ မနေနိုင်၍ မေးလိုက်မိသည် " အဲ့တာနဲ့စပြီး မင်းက ယွီချင်းအတွက် သီချင်းရေးပေးတော့တာပေါ့...ဟုတ်လား"


"ဟုတ်ကဲ့...အဲ့ဒီအချိန်တုန်းက ကျွန်တော့မှာ အပြီးသတ်ထားတဲ့သီချင်းတွေရော အပြီးသတ်ခါနီးသီချင်းတွေရော အများကြီးစုထားတာရှိတယ်...ကျွန်တော် အားလုံးစုပြီး ကျွန်တော့်အစ်မကို ရွေးလို့ရအောင် ပေးလိုက်တာ...သိပ်မကြာလိုက်ဘူး ကျွန်တော့်အစ်မက အယ်လ်ဘမ်အသစ်ထုတ်လိုက်တယ်လေ...အယ်လ်လမ်ခေါင်းစဥ်က 'ဆုံးရှုံးစရာမရှိ' တဲ့ "


" ငါသိပါတယ် အဲ့ဒီတုန်းက 'ဆုံးရှုံးစရာမရှိ'ဆိုတဲ့အယ်လ်ဘမ်က ရောင်းအားအကောင်းဆုံးအယ်လ်ဘမ်ဖြစ်ခဲ့တာကို...လူတိုင်းကလည်း 'စီနျင်း' ဆိုတဲ့ သီချင်းရေးဆရာကို သိချင်နေကြတာ..." မုန့်ယွမ်က ပြန်လည်စဥ်းစားလိုက်ရင်း " ယွီချင်းက သူမရဲ့ ပထမဆုံး အယ်လ်ဘမ်နှစ်ခု ထွက်တုန်းက သိပ်မပေါက်သေးဘူး...ဒါပေမယ့် 'ဆုံးရှုံးစရာမရှိ' ထွက်ပြီးနောက်ပိုင်း အဆိုတော်အနေနဲ့ နာမည်ကြီးလာတာ ..."


ကော်ဖီပူပူလေး တစ်ငုံသောက်လိုက်ရင်း မုန့်ယွမ်က မေးလာသည်


 " အဲ့ဒီတုန်းက မင်းအသက်ဘယ်လောက်လဲ...၁၈လား"


"ဟုတ်တယ်...၁၈"


 မုန့်ယွမ်က စေ့စေ့ကြည့်လာပြန်၍ ယွီနျန်က ဝန်ခံရတော့သည်


 " အဲ့ဒီတုန်းက ကျွန်တော်က ငယ်သေးတယ်...ကျွန်တော့်အစ်မကလည်း သီချင်းရေးတာ အတွေ့အကြုံပေါ်မူတည်တယ် ဆိုပြီး ပြောခဲ့တာ...အသက်ငယ်တာက ကျွန်တော့်ကို စိတ်မချရတဲ့ပုံ ဖြစ်လာနိုင်တယ်... ပြီးတော့ အဲ့ဒါကို အခွင့်ကောင်းယူပြီး ကျွန်တော့်အလုပ်ကိုတောင် ထိခိုက်စေနိုင်တယ်လေ"


"အဲ့တာမှန်တယ်...ဒါကြောင့် မင်းက လျှို့ဝှက်ထားပြီး နာမည်အစစ် မသုံးတာပေါ့ ဟုတ်လား" မုန့်ယွမ်က မေးလိုက်သည်။


"ဟုတ်ကဲ့...အဲ့ဒီအချိန်တုန်းက ကျွန်တော်က ပညာသင်ဆဲကာလမို့ အပိုအလုပ်ကြောင့် ကျွန်တော့်စာသင်ကြားရေးကို မထိခိုက်စေချင်ဘူး...ကျွန်တော့်အစ်မအတွက်ပဲ သီချင်းရေးပေးခဲ့ပြီးတော့ တခြားသူရဲ့အလုပ်တွေ လက်မခံခဲ့တာ...ကျွန်တော့်အစ်မကလည်း ကောင်းကောင်းကာကွယ်ပေးခဲ့ပါတယ်...ဒါကြောင့် 'စီနျင်း'က ဘယ်သူဆိုတာကို တခြားသူတွေတစ်ယောက်မှ မသိကြတာ" ယွီနျန်က ရှင်းပြလာသည်။


မုန့်ယွမ်က ထိန်းလို့မရ ဖြစ်ဟန် ပြောလာသည်


 " ငါ မင်းရဲ့ဇာတ်လမ်းမှာ နစ်မြောမိသွားမယ်ဆိုတာ မယုံနိုင်ဘူး...ဘယ်လိုတောင် ရယ်စရာအကြောင်းပြချက်ကြီးပါလိမ့်...ဒီနယ်ပယ်က လူတွေ မင်းကို ဘယ်လိုပြောနေကြလဲသိလား...စီနျင်းက နည်းနည်းချင်းပဲထုတ်တာတဲ့ ဘာလို့ဆို ထွက်လာသမျှ သီချင်းတွေက အရည်အသွေးမြင့်တာတွေပဲ မို့လို့လေ...အရည်အသွေးကောင်းမွန်တဲ့ သီချင်းဆိုတာ လွယ်လွယ်နဲ့ ထွက်မလာဘူး ...သီချင်းမူကြမ်းတွေအများကြီးကို လွှင့်ပစ်လိုက်တာ မဟုတ်ရင် မင်းက ဖြေးဖြေးအေးအေးပဲ ရေးနေလို့တဲ့လေ"


သူက စားပွဲကို ခပ်ပြင်းပြင်း ပုတ်လိုက်၍ ကော်ဖီခွက်ပါတုန်သွားလေသည်။ သူ မယုံနိုင်သေးပေ


 " ပြီးတော့ တကယ်တမ်းကျတော့...ဒါတွေအကုန်လုံးက ကျောင်းတက်တုန်းပဲ ရှိသေးလို့ အပြင်အလုပ်ကြောင့် သင်ကြားရေး မထိခိုက်စေချင်လို့တဲ့လေ...ဟုတ်လား...မင်း ငါ့ကို နောက်နေတာလား"


"အဲ့တာ အမှန်ပါ" ယွီနျန်က ရှင်းပြလာသည်


 " ကျွန်တော်က ကောလိပ်မှာ သမိုင်းမေဂျာယူထားတာ...ကျွန်တော့်ကို သေချာစောင့်ကြည့်နေပြီး သူ့တပည့်ဖြစ်စေချင်တဲ့ ပရော်ဖက်ဆာ တစ်ယောက် ရှိတယ်...သူက ကျွန်တော့်ကို သင်ကြားရေးစာတမ်းတွေလုပ်ခိုင်းတယ် အစည်းအဝေးပွဲတွေ ညီလာခံတွေ့ဆုံပွဲတွေ ခေါ်သွားလေ့ရှိတယ်...ကျွန်တော် ဘွဲ့ရတော့ ဖျော်ဖြေရေးနယ်ပယ်ထဲ အဆိုတော်အဖြစ်နဲ့ ဝင်ဖို့ ဆုံးဖြတ်ခဲ့လို့ ကျွန်တော့်ပရော်ဖက်ဆာက အကြာကြီးစိတ်ဆိုးသွားခဲ့တာ"


"အို့..." မုန့်ယွမ်က ဘယ်လိုမျက်နှာမျိုး လုပ်ရမှန်း မသိတော့ပေ။ ဒါဆို သီချင်းရေးတာက တကယ်ကြီး အပြင်အလုပ်တစ်ခုပေါ့။


ရုတ်တရက် သူအမှတ်ရလာသည်။ ယွီချင်း၏ သီချင်းများ နာမည်ကြီးလာပြီး သီချင်းနားထောင်မှုစာရင်းတွင် ထိပ်ဆုံးဝင်နေသည့်အချိန် နာမည်ကြီးအဆိုတော်များက စီနျင်းနှင့် ပူးပေါင်းချင်ကြသော်လည်း သူ့ကို ရှာမတွေ့နိုင်သလို သီချင်းရေးခိုင်း၍လည်း မရခဲ့ကြ။


အဲ့ဒီတုန်းက ယွီနျန်က အတန်းတက်ပြီး စာမေးပွဲဖြေနေရလို့ များလား...။ ဒါမှမဟုတ်ရင် နည်းပြနဲ့ ခရီးတွေထွက်ပြီး ညီလာခံအစည်းအဝေးတွေ တက်နေရတာများလား။


ထိုအတွေးက မုန့်ယွမ်၏မျက်နှာကို ပိုပြီးပျက်ယွင်းစေသည်။


အို့...တကယ်ကို အပြင်အလုပ်သက်သက်ပါပဲလား။


သိချင်စိတ်ကြောင့် ရှစ်ရော့က မေးလာသည် " နျန်နျန်...မင်း ဘာလို့ စီနျင်းဆိုတဲ့ နာမည်ကိုရွေးရတာလဲ"


ယွီနျန်က အပြုံးလေးနှင့် ဆိုလာသည်


 " အဲ့ဒါက ကျွန်တော့်အဖိုး နာမည်မှာ 'နျင်း' ဆိုတဲ့ စာလုံးပါတယ်လေ"


ယွီနျင်း၏ အပြုံးတို့ မှေးမှိန်သွားသည်ကို တွေ့လိုက်ရ၍ ရှစ်ရော့က သူအထိမခံနိုင်သော အကြောင်းအရာဘက် ရောက်သွားမည် စိုး၍ ခေါင်းသာညိမ့်ပြပြီး ရှည်ရှည်ဝေးဝေးမမေးတော့ပေ။


"ဒါပေမယ့် နေပါဦး" 


မုန့်ယွမ်က ရုတ်တရက် " မင်းက သီချင်းတွေ အများကြီး ရေးဖူးပြီးသား... တစ်ပုဒ်ချင်းစီကလည်း နာမည်ကြီးသီချင်းတွေ...ဒါကိုတောင် ဘာလို့ ဆင်းရဲနေရတာလဲ...မုန့်ဝယ်စားစရာမရှိအောင် ဆင်းရဲလို့ အဝတ်ဆိုလည်း စျေးချထားတာတွေ ဝယ်ဝတ်တယ်....သီချင်းရေးခတွေက ဘယ်များ ရောက်သွားတာလဲ...နာမည်ကြီးသီချင်း အပုဒ်နှစ်ဆယ်လောက် ရှိတာဆိုတော့ မင်းဘယ်လိုပဲ ရေကြည့်ကြည့် ပမာဏ တော်တော်များမှာပဲလေ...ဟုတ်တယ်မို့လား"


ယွီနျန်က ရိုးရိုးသားသား ပြန်ဖြေလာသည် " တေးဂီတမူပိုင်ခွင့်အဖွဲ့က ကျွန်တော့်ကို ခြောက်လတိုင်း စာမူကြေးပေးပါတယ်...ဒါပေမယ့် ကျွန်တော် အကုန်သုံးပစ်လိုက်တယ်"


မုန့်ယွမ်က သူ့ပါးရိုးပင် ညောင်းသွားသလို ခံစားရသည်။ သူက တစ်ခဏမျှ တွန့်ဆုတ်နေသော်လည်း အကြံပေးလာသည်


 " ငါ ပြောမယ် နျန်နျန်...မင်းရဲ့ ရင်းနှီးမြုပ်နှံမှုပိုင်းက တကယ်ဆင်းရဲတာပဲ"


ယွီနျန်က ပြုံး၍သာနေပြီး ငြင်းဆိုခြင်းမပြုပေ။ သူက ခေါင်းစဥ်ပြောင်း မေးလာသည် 


" ဒါနဲ့ အစ်ကိုမုန့်... ကျွန်တော်က စီနျင်းလို့ မပြောခဲ့ရတာက လွတ်လွတ်လပ်လပ်နေချင်လို့ပါ"


မုန့်ယွမ်က ခေါင်းညိမ့်ပြလာသည် " ငါ စိတ်ဆိုးမှာကြောက်နေတာလား...ငါ မဆိုးပါဘူး...ငါ အရင်ကလည်း အဲ့ဒီအကြောင်း တွေးဖူးတာမို့ မင်းရဲ့စဥ်းစားပုံစဥ်းစားနည်းကို နားလည်ပေးနိုင်တယ်...အဆိုတော်တွေဆိုတာ ဘာမှမဟုတ်တဲ့ အကြောင်းအရာတွေနဲ့ ထိခိုက်နစ်နာနေရတာ...ပြောရရင် blacklistသွင်းခံရတာရယ် နားသွားရတာရယ် ဖျော်ဖြေရေးနယ်ပယ်ထဲက ထွက်သွားဖို့ တွန်းအားပေး ခံရတဲ့အထိတောင် ရှိခဲ့တာ...ဒါပေမယ့် အဲ့ဒီလိုအခြေအနေဆိုရင်တောင် မင်းက မင်းရဲ့ကလောင်နာမည်ကို လျှို့ဝှက်ထားပြီး စီနျင်းက တကယ်တော့ ယွီနျန်ပါလို့ အခြားသူတွေမသိအောင် ဖုံးထားနိုင်သရွေ့ မင်းရဲ့သီချင်းရေးဆရာဂုဏ်ပုဒ်ကို ထိခိုက်လာမှာမဟုတ်ဘူး...မင်း ဆက်ပြီး သီချင်းတွေရေးပြီး ရောင်းလို့ရတယ်...အဲ့ဒီလိုမျိုးမို့လား"


"ဟုတ်ကဲ့" ယွီနျန်က စိတ်အေးသွားသလို သက်ပြင်းတစ်ချက်ချလိုက်ရင်း ပြုံးပြလာသည် 


" အစ်ကိုမုန့်...အစ်ကိုမုန့်က ကျွန်တော့်ကို နားလည်သားပဲ"


မုန့်ယွမ်က တခွပ်ခွပ် ရယ်မောလာသည်


 " သေချာတာပေါ့ကွ...ငါ မင်းရဲ့ လှည်စားမှုသေးသေးလေးတွေကို နားလည်တာပေါ့" 


သူက ပြန်ပြင်ထိုင်လိုက်ရင်း လတ်တေး တစ်ငုံ သောက်လိုက်ပြီး သက်ပြင်းချသည်" အာ...အခု ငါတို့ ဘာလုပ်ကြမလဲ...အဖေမုန့်က အမြင်ကောင်းရှိတာများ တစ်ချက်ကြည့်ရုံနဲ့ မင်းလို စိန်တုံးမျိုး တူးဖော်နိုင်ခဲ့တယ်...ပြီးတော့ သူက အယောင်ဆောင်ထားတဲ့သူဆိုတော့ တစ်ခုဝယ် တစ်ခုလက်ဆောင်ရသလိုမျိုးပေါ့"


ရှစ်ရော့က မုန့်ယွမ် စပြီး လေလုံးထွားတော့မည်ကို ကြိုမြင်၍ ပါးစပ်အုပ်ပြီး တိုးတိုးရယ်သည်။


မုန့်ယွမ် စကားဆုံးမှ ယွီနျန်က မေးလာသည် " ဒါဖြင့် အစ်ကိုမုန့် ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ"


မုန့်ယွမ်က တည်တည်ငြိမ်ငြိမ် မျက်နှာထား လုပ်လိုက်ရင်း " မင်းရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်...မင်းသာ စီနျင်းရဲ့ပုံရိပ်စစ်ကို ချမပြချင်ဘူးဆိုရင် ရွှယ်ယားလင်လိုမျိုး ကောလဟာလဖြန့်တဲ့သူကို တရားစွဲတဲ့ နည်းလမ်းအတိုင်း သွားကြတာပေါ့"


ယွီနျန်က တစ်ခဏမျှတွေးတောလိုက်သည် " ဒါပေမယ့် ကျွန်တော်တို့ တရားဥပဒေအတိုင်းသွားမယ်ဆိုလည်း လူတွေကတော့ ကျွန်တော်က အယောင်ပြရေးတယ်ဆိုပြီး ဆက်ယုံနေကြအုံးမှာမို့လား"


"ဟုတ်တယ်...မင်းရဲ့နာမည်ကို ပြန်အဖတ်ဆယ်နိုင်ဖို့က ခက်သွားမယ်... ကိုယ်တိုင်ရေးအဆိုတော်တွေအတွက် အယောင်ပြရေးတယ် ကူးရေးတယ်ဆိုပြီး အစွပ်စွဲခံရတာဟာ ဘဝတစ်ခုလုံး ကိုယ့်နောက် တစ်ခုခုလိုက်ခံနေသလိုမျိုးပဲ...ဆယ်နှစ်ကြာသွားရင်တောင် တစ်ယောက်ယောက်က တူးဆွကြည့်တာနဲ့ တစ်ပုံစံတည်းပြောလာမှာပဲ...အွန်လိုင်း အသုံးပြုသူတွေရဲ့ ကြောက်စရာအကောင်းဆုံး ထင်မြင်ချက်တွေလေ...မရေမတွက်နိုင်တဲ့လူတွေကတော့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ဂရုမစိုက်ပဲ သူတို့ယုံချင်ရာယုံကြတာ..." 


မုန့်ယွမ်က သက်ပြင်းချလိုက်ရင်း " ပြီးတော့ မင်းသာ စီနျင်းရဲ့ နာမည်ရင်းကို ချပြချင်ရင်တော့ ပိုပြီးလွယ်သွားမှာပေါ့ကွာ...ဘယ်သူက ကိုယ်ကိုယ်တိုင်အတွက်နဲ့ အယောင်ပြရေးပေးမှာလဲ...အဲ့ကောင် ယောင်ယန်ဆိုတဲ့သူ သူ့မျက်နှာကြီး ပုပ်သိုးသွားလောက်တယ်"


တွန့်ဆုတ်ခြင်းမရှိ ယွီနျန်က အခိုင်အမာပြောလာသည်


 " ကျွန်တော့်ကို တခြားသူတွေက အယောင်ပြရေးတယ်ဆိုပြီး နာမည်အတပ် မခံရချင်ဘူး"


" ကောင်းတယ် မင်းရဲ့စိတ်ဓါတ်ကို ငါ သဘောကျတယ်...မင်းကို စွပ်စွဲပြီးအပြစ်ပြောလာတဲ့အချိန်မှာ ငြိမ်နေရလိုက်ရင် ကိုယ်ပဲခံစားရမှာ...မင်းပြန်ပြီး တိုက်ခိုက်ရမယ်လေ" 


မုန့်ယွမ်က ထပ်ပြီးရယ်မောလိုက်ရင်း " အာ...အဲ့ကောင် ယောင်ယန်က လီယင်းကို အယောင်ပြရေးတဲ့သူအဖြစ် သတင်းတွေဖြန့် သဘောတွေခွေ့ပြီး ရွှယ်ယားလင်ကိုလည်း နာမည်ပျက်အောင် လုပ်လိုက်သေးတယ်...ဒါတောင် သူ့အလိုမပြည့်သေးလို့ မင်းကိုပါ ဆွဲချလာပြန်တယ်...ဒါပေမယ့် ခရမ်းချဥ်သီးဖိုရမ်က သူရှဲပေးတဲ့ ပိုစ့်တွေက မသေချာမရေရာတာတွေ....လူတွေက ကိုယ်လုပ်တာ ကိုယ်တာဝန်ယူသင့်တယ် မဟုတ်ဘူးလား"


သူက လက်ထဲက ကော်ဖီခွက်ကို မွှေလိုက်ရင်း ကျေနပ်နေသည့် အပြုံးနှင့် " ဒီတစ်ကြိမ်တော့ သူ့ကို သံပြားနဲ့အခေါက်ခံရတာ ဘယ်လိုခံစားချက်မျိုးဆိုတာ သိအောင်လုပ်ပေးရမယ်"


နားထောင်နေသည့် ရှစ်ရော့က နားမလည်ဟန်မေးလာသည် " အစ်ကိုမုန့်...ဒါဖြင့် ကျွန်မတို့ ဘာလုပ်ကြမလဲ"


မုန့်ယွမ်က ရှစ်ရော့ကို ပြန်မေးလိုက်သည် " မင်းကို မေးရမှာ...ဒီနေ့ ဘာနေ့လဲ"


"ဇန်နဝါရီလ ၁ရက်နေ့....နှစ်သစ်ကူးနေ့လေ...နျန်နျန်တောင် ဒီနေ့ ဖလောရင့်ရဲ့နှစ်သစ်ကူးပွဲကို တက်ခဲ့သေးတာ"


မုန့်ယွမ် " နျန်နျန်...မင်း ဝေ့ပေါ်မှာ ပိုစ့်မတင်ရသေးဘူးမို့လား"


ယွီနျန်က မုန့်ယွမ်၏ အကြံကို သိလိုက်၍ ပြုံးလိုက်သည် " မတင်ရသေးဘူး....နှစ်သစ်ဆုတောင်းဗီဒီယို မရိုက်ရသေးလို့"


ရှစ်ရော့က တစ်ခုခု တွေးမိသော်လည်း ထိုအတိုင်းထားလိုက်ရသည်။ ယွီနျန်နှင့်မုန့်ယွမ်၏ အချင်းချင်း ကြည့်နေကြသည့် အကြည့်များကြောင့် အကြံထုတ်နေပြီမှန်း သိလိုက်ပြီဖြစ်သည်။


နေ့လည်သုံးနာရီတွင် ယွီနျန်က ဝေ့ပေါ်တွင် ဗီဒီယိုတစ်ခု တင်ပေးလာသည်။


ဗီဒီယိုထဲတွင် သူက ကြည်လင်ရှင်းသန့်သည့် ပုံစံလေးနှင့် Vပုံစံလည်ဟိုက် အဖြူရောင်ဆွယ်တာလေးဝတ်ထားပြီး ဆိုဖာပေါ် ပြုံးပြုံးလေး ထိုင်နေသည် " ဒီနေ့က နှစ်သစ်ကူးပထမရက်ဆိုတော့ လူတိုင်း ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ"


စကားအနည်းငယ်ပြောပြီးနောက် ယွီနျန်က ပိုစတာလေးထုတ်ပြီး အပြုံးလေးနှင့် မိတ်ဆက်ပေးလာသည် " ဒါက ကျွန်တော့် အယ်လ်ဘမ်အသစ် အတွက် ကြော်ငြာပိုစတာပါ...ကြည့်ကြဦး...အဆင်ပြေတယ်မို့လား"


"ဒီတစ်ခေါက် epမှာ စုစုပေါင်း ၅ပုဒ်ပါ,ပါမယ်...တစ်ပုဒ်က ဆရာကျန်းပေါင်နဲ့ ဆရာကျန်းချောင်တို့ရေးပေးထားပြီး ကျန်တဲ့လေးပုဒ်ကတော့ တေးရေးတည်းဖြတ် ကျွန်တော်ကိုယ်တိုင် စီစဥ်ထားတာပါ...epတစ်ခုလုံးက မတ်လမှာ အကုန် အပြီးအစီးဖြစ်မှာပါ...ကျွန်တော် တစ်ကယ်ကို မျှော်လင့်ထားပါတယ်"


ဗီဒီယိုတင်ပြီး တစ်မိနစ်အတွင်း ကောမန့်ပေါင်းများစွာ တက်လာသည်။


[နျန်နျန်ရေ...ပျော်ရွှယ်ဖွယ်နှစ်သစ်ကူးနေ့ပါ...ထိပ်ပိုင်းကောမန့်ရောက်ဖို့ ကြိုးစားနေတာကို အား....ဒီကလည်း epကို မျှော်နေပါတယ်နော်...သေချာပေါက် အရူးအမူးဝယ်မိအုံးမှာ]


[ထိပ်ပိုင်း အယောက်ငါးထောင်ထဲ ရောက်ဖို့က ခက်တယ်...မင်းတို့တွေအကုန် ဝေ့ပေါ်မှာရှိနေကြတာလား...အား နျန်နျန်ရေ ...ပျော်ရွှယ်ဖွယ်နှစ်သစ်ကူးနေ့ပါ...ပိုစတာက အရမ်းလှတာပဲ...အဓိကအချက်က တေးရေးတည်းဖြတ်ကို မင်းကိုယ်တိုင်အကုန်စီစဥ်ထားတာပဲ နျန်နျန်ရေ...ဒီလို အကုန်လုပ်နိုင်တာက အရမ်းတော်တာပဲ...မင်းရဲ့ရုပ်ရည်လေးအပေါ်မှီခိုထားလို့ရရဲ့သားနဲ့ ဘာလို့ ပါရမီအပေါ်အားကိုးနေမှာလဲနော်]


[သေစမ်း...ငါ တော်တော်ရွံနေမိပြီ...တခြားသူရဲ့အလုပ်ကိုယူပြီး ကိုယ့်နာမည်တပ်ထားတာကို မျှော်နေပါတယ်ဆိုပြီး အရှက်မရှိပြောနေကြတယ်...ကျော်ကြားလာတာနဲ့ ကိုယ်ကျင့်တရားမရှိကြတော့ဘူးလား...@သီချင်းရေးဆရာ ယောင်ယန်...ဆရာယောင်ရေ...ဒီအရုပ်ဆိုးလှတဲ့မျက်နှာကို တစ်ချက်လာကြည့်ပါအုံး]


[နျန်နျန်က အယောင်ပြရေးတာဆိုရင် သက်သေပြလေ...နည်းနည်းလောက် တိုက်ဆိုင်တာနဲ့ စွပ်စွဲဖို့လုံလောက်သွားပြီပေါ့...နင်တို့အကုန်လုံးက အကြားအမြင်ရနေကြလို့လား]