အပိုင်း ၅၉
Viewers 10k

Chapter 59

မငြင်းနိုင်သောသက်သေ



နေ့လည်ပိုင်းထိ နောက်ဆုံးသီချင်းကို အသံသွင်းရိုက်ကူးပြီးနောက် ယွီနျန်က နားကျပ်ဖြုတ်လိုက်ရင်း staffများကို ကျေးဇူးတင်စကားဆိုလိုက်သည်။ ဖန်လုံအခန်းထဲမှ ထွက်လာပြီးနောက် ယွီနျန်က ခဏမျှ တိတ်တဆိတ် စောင့်နေလိုက်သည်။ ကျိုးမင်က ယခုတင် အသံသွင်းထားသော သီချင်းသံကို နားထောင်ပြီးနောက် ခေါင်းမမော့ပဲ ပြောလာသည် 


" အခြေအနေကောင်းတယ်...ခဏနားလိုက်အုံး...မနက်ဖြန် သီချင်းဗီဒီယိုရိုက်ရမှာမို့ ကြာမနေစေနဲ့"


"ဟုတ်ကဲ့...ကျေးဇူးပါ ဆရာကျိုး"


မှာထားသည့် စားစရာများလည်း ရောက်လာပြီဖြစ်၍ ရှစ်ရော့က သူ့ကို စောင့်နေသည်။ ယွီနျန်က တစ်ခါသုံး တူတစ်စုံကို ဖောက်ပြီး ခွဲထုတ်လိုက်စဥ် ပြောဖို့ တုံ့ဆိုင်းနေသည့် ရှစ်ရော့မျက်နှာကို မြင်လိုက်၍ ပြုံးပြလာသည်


 " အစ်မရော့ရော့...ဒီနေ့ ဘာသတင်းရှိလို့လဲ"


ရှစ်ရော့က ဤမေးခွန်းကို စောင့်နေဟန် ယွီနျန်မေးလာသည်နှင့် အမြန်ပြောလာသည် 


" ဟုတ်တယ်ဟ...အစ်ကိုမုန့် ခန့်မှန်းချက်က မှန်သွားတယ်ရော ....လီယင်းအတွက် သီချင်းရေးပေးခဲ့တဲ့ အဲ့ဒီယောင်ယန်ကလေ ရွှယ်ယားလင်ဘက်ကို အပုပ်ချပြန်ပြီ"


တွေးကြည့်လိုက်မှ ယွီနျန်က "သဘာဝရဲ့သံစဥ်"ရှိုးပွဲ၏ နောက်ဆုံးအပိုင်းတွင် ရှားမင်ရှီနှင့် လင်းရှန်းအပြင် သူတို့နှင့်အတူပါဝင်ခဲ့သော ရွှယ်ယားလင်ကို မှတ်မိသွားသည်။ ရွှယ်ယားလင်က ဒုတိယနေရာရခဲ့လေသည်။ သူမက ခပ်အေးအေးနေတတ်ပြီး ခပ်မိုက်မိုက်အသံနှင့် ပေါက်ကွဲစွမ်းအားမြင့်သူ တစ်ယောက်ဟု ထင်မိသည်။


"ဘယ်လိုဖြစ်သွားတာလဲ"


"ရွှယ်ယားလင် ပါဝင်ထားတဲ့ 'သဘာဝရဲ့ သံစဥ်'ရှိုးပွဲအပြီး သိပ်မကြာခင် သူမရေးထားတဲ့ သီချင်းနဲ့ တစ်ကိုယ်တော်ခွေ ထွက်လာတာလေ...လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ယောင်ယန် စောင်းပြောခဲ့တာ မှတ်မိသေးလား... လတ်တလော နာမည်ကြီးနေပြီး ပါရမီရှိတယ်လို့လည်း လူတွေပြောပြောနေကြတဲ့ တက်သစ်စအဆိုတော်တစ်ယောက်က သူ့ရဲ့ သီချင်းတွေကို သူများရေးပေးတာလည်း ဖြစ်နိုင်တယ်ဆိုပြီး စောင်းပြောခဲ့တာလေ...ရွှယ်ယားလင်ရဲ့ သီချင်းတွေကလည်း သူရေးထားတာမဟုတ်ပဲ အမည်ခံထားတာနဲ့ တူတယ်ဆိုပြီး တစ်ယောက်ယောက်က ရွှယ်ယားလင်ဆီ ကျည်ဆန် ချိန်ခဲ့လိုက်တာ... ယောင်ယန်က အဲ့ဒီဝေ့ပေါ်ကိုတောင် သွားခဲ့သေးတယ်"


" ကြောက်စရာအကောင်းဆုံးအရာက 'အရမ်းဆင်တယ်" ဆိုတာပဲနော်"


ရှစ်ရော့က ခေါင်းညိမ့်ပြလာသည် " အဲ့ဒါအမှန်ပဲ...မှန်ကန်တဲ့ သက်သေပြချက်မရှိဘူး ကောလဟာလဆိုတာလည်း ပါးစပ်ပေါက် တစ်ခုတည်းကနေ အခြေတည်လာတာ...ရွှယ်ယားလင်က အော်ငိုမတတ် အရမ်းစိတ်ဆိုးပြီး ဒေါသထွက်ခဲ့ပေမယ့် ယုံတဲ့သူတွေ ရှိနေသေးလို့ သူမရဲ့ဝေ့ပေါ်ကိုသွားပြီးတောင် လှောင်ပြောင်ကြတယ်လေ" သူမက ထမင်းကို တူနှင့် နှိုက်ယူလိုက်ရင်း ခပ်လေးလေးပြောလာသည် " အစ်မကတော့ ဒီကိစ္စထဲ အစ်မတို့ ပါမသွားဖို့ မျှော်လင့်မိတယ်...မဟုတ်ရင် Black fanတွေက ထပ်ပြီးခုန်ထွက်လာအုံးမှာ"


ယွီနျန်က သူမကို နှစ်သိမ့်ပေးလိုက်သည် " စိတ်မပူပါနဲ့...အဆင်ပြေသွားမှာပါ"


#ရွှယ်ယားလင် အယောင်ပြသီချင်းရေးခြင်း# ခေါင်းစဥ်က နှစ်ရက်ခန့် နာမည်ကြီးနေသည်။ နောက်ဆုံး ကုမ္ပဏီဘက်မှ သီချင်းတစ်ပုဒ်လုံးကို ရွှယ်ယားလင်ကိုယ်တိုင် ရေးထားခြင်းဖြစ်ပြီး အယောင်ပြရေးခြင်းမျိုး လုံးဝမရှိပါကြောင်း ကြေညာချက် ထုတ်ပြန်လာသည်။ ဤသတင်းအမှားကြောင့် ထိခိုက်နစ်နာမှု ကြုံတွေ့လာရပါက ဥပဒေအတိုင်းဖြေရှင်းသွားမည် ဖြစ်ကြောင်းပါ ထုတ်ပြန်လာသည်။


ထိုအချိန်တွင် ယွီနျန်က ပြင်သစ်တွင် ကျင်းပသည့် ဖလောရင့်ဘရန်းတစ်ခု၏ ပွဲကို တက်ရောက်နေခြင်းဖြစ်ပြီး ဖန်တော်တော်များများလည်း ရှိနေကြသည်။ ယွီနျန်က ကန့်သတ်ထုတ်ကုန် လက်ဆောင်ဗူးလေးပေါ် လက်မှတ်ထိုးပေးရင်း ကြီးကြပ်ရေးမှူးထံ ကံစမ်းမဲအဖြစ် ပေးလိုက်သည်။


သူက စင်ပေါ်က ဆင်းခဲ့ပြီး ကံစမ်းမဲရလဒ်ကို စောင့်နေလိုက်သည်။ ရှစ်ရော့က သူ့နောက်တွင် ရပ်နေရင်း တိုးတိုးလေးပြောလာသည် 


" နျန်နျန်...ကိစ္စတွေက နည်းနည်းလွဲနေလို့"


မျက်နှာထက် အပြုံးလေးနှင့် ယွီနျန့်မျက်လုံးများက စင်ပေါ်ရှိ ဖန်သားပြင်ထက်တွင်သာ အကြည့်ရောက်နေ၍ တိုးတိုးလေး ပြန်မေးလာသည် " ဘာဖြစ်တာလဲ"


"ခရမ်းချဥ်သီးဖိုရမ်မှာ မင်းနဲ့ပတ်သတ်တဲ့ပိုစ့်တစ်ခု တက်လာလို့ နာရီဝက်အတွင်း နာမည်ကြီးနေပြီ အစ်ကိုမုန့်ကို ဆက်သွယ်ထားပေမယ့် အစ်ကိုမုန့်ဘက်က ဘာမှပြန်မလာသေးဘူး"


ထိုအချိန် တင်ဆက်သူက ပြောလာသည် 


" ကျွန်တော်တို့ ကံစမ်းမဲ ပေါက်တဲ့သူတွေကို ဆုလက်ဆောင်ပေးဖို့အတွက် ဖလောရင့်အလှကုန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယွီနျန်ကို စင်ပေါ်တက်လာဖို့ ဖိတ်ခေါ်ပါတယ်..."


ယွီနျန်က သူ၏ အရောင်ဖျော့ဖျော့ကုတ်အင်္ကျီကို ဆွဲညှိလိုက်ရင်း စင်ပေါ်ပြန်လျှောက်လာသည်။


မဲပေါက်သည့်သူ သုံးယောက်က ကောင်မလေးနှစ်ယောက်နှင့် မျက်မှန်တပ်ထားသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။ တင်ဆက်သူကလည်း စနောက်လာသည်


 " ဒီက ကောင်ချောလေးက ကောင်မလေးအတွက် အလှကုန်ဝယ်ပေးဖို့ ရောက်လာတာလား"


မျက်မှန်နှင့်ကောင်လေးက သဘောထားကြီးသည့် ပုံစံနှင့် မိုက်ကို ယူရင်း ပြောလာသည်


 " မဟုတ်ပါဘူး...ကျွန်တော့်မှာ ကောင်မလေးမရှိပါဘူး...တစ်ကိုယ်တည်းသမားပါ...ကျွန်တော်တို့ အဆောင်က လူခြောက်ယောက်ကိုယ်စား ယွီနျန့်ကို တွေ့ဖို့ လာခဲ့တာပါ...ကံစမ်းမဲပေါက်သွားမယ်လို့ မထင်ထားခဲ့ဘူး"


တင်ဆက်သူက ဆက်မေးလာသည် " အဆောင်က လူခြောက်ယောက်ကိုယ်စားဆိုတာလေး နည်းနည်းလောက် ရှင်းပြပေးလို့ရမလား"


"ဟုတ်ကဲ့...ကျွန်တော်တို့အဆောင်က ကောင်လေးခြောက်ယောက်မှာ သူတို့ကြိုက်တဲ့ ကောင်မလေးတွေအကုန်လုံးက ယွီနျန့်ကို ကြိုက်ကြတော့ ကျွန်ျတာ်တို့ ဒါကို လက်မခံနိုင်ခဲ့ကြဘူး...ဒါကြောင့် အားလုံးကိုယ်စား ကျွန်တော်က လာကြည့်ပေးတာပါ"


ပရိသတ်ဘက်မှ ရယ်သံကျယ်ကြီး ထွက်လာသည်။ တင်ဆက်သူက " ဒါဖြင့် လူအစစ်ကိုတွေ့လိုက်ရတော့ ဘယ်လိုတွေးမိလဲ"


ကောင်လေးက သူ၏ အနက်ရောင်ကိုင်းတပ်မျက်မှန်ကို ချိန်ညှိလိုက်ရင်း " ကြည့်ရတာ ကျွန်တော်တော့ ဖန်ဖြစ်သွားပြီ ထင်ပါတယ်"


နောက်ထပ် ရယ်သံကျယ်ကြီးများ ထွက်လာသည်။


ယွီနျန်က မိုက်ကိုယူလိုက်ရင်း အပြုံးလေးနှင်ပြောလာသည် 


" ဒီကို သီးသန့် လာကြည့်စေရလောက်သည်ထိ ဒုက္ခပေးမိပါပြီ"


ပွဲပြီးသွားသည်နှင့် #အခန်းဖော်များကိုယ်စား ယွီနျန့်ကို လာကြည့်ခြင်း# ဆိုသည့် ခေါင်းစဥ်က hot searchရောက်သွားပြီး "ဟားဟား"ပေါင်းများစွာနှင့် အီမိုးရှင်း တပုံအပင် ပေးထားကြသလို ဖန်များကလည်း ကောမန့်ရေးထားကြသည်


 [" အချစ်ပြိုင်ဘက်ကို တွေ့ဖို့လာရာက ဖန်ဖြစ်သွားတယ်တဲ့...ဘယ်လိုတောင် ကြုံကြိုက်သွားတာပါလိမ့်"]


[ " ကျေးဇူးပြုပြီး မင်းရဲ့ နှစ်လိုဖွယ်ကောင်းမှုလေးကို ရပ်လိုက်ပါတော့နော် နျန်နျန်ရေ" ]


တစ်ချိန်တည်းမှာပင် ယွီနျန်ကလည်း ရှစ်ရော့ပြောထားသည့် ပိုစ့်ကို တွေ့လိုက်သည်။


ယွီနျန်က ပွဲတက်လာရုံသာဖြစ်၍ များများစားစားမဝတ်ထားချေ။ ရှစ်ရော့က ရေနွေးပုလင်းလေး ကမ်းပေးလာရင်း ပြောလာသည်


 " ဒီပိုစ့်တင်တာ သိပ်မကြာသေးဘူးဆိုပေမယ့် ယောင်ယန်က လီယင်းကိုကူပြီး ရေးပေးခဲ့တာကြောင့်ရော ရွှယ်ယားလင်နဲ့ ပတ်သက်တာကြောင့်ရောမို့ လူစိတ်ဝင်စားမှုများနေတာ"


ရေနွေးပုလင်း ကိုင်ထားရင်း ယွီနျန်က ပိုစ့်ဖတ်ရန် နှိပ်လိုက်သည်။


"ဖရဲသီးစားတဲ့ သန့်စင်သူ ဖြတ်သွားဖြတ်လာလေးပါ...လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက လတ်တလောရေပန်းစားနေတဲ့ သီချင်းရေးအဆိုရှင်တွေထဲမှာ အယောင်ပြရေးတဲ့သူ ရှိတယ်ဆိုပြီး ဆရာယောင်က ဝေ့ပေါ်မှာ အရိပ်အမြွက်ပြောသွားခဲ့တယ်...ငါက အဲ့ဒါကို သေချာစဥ်းစားရင်းနဲ့ သဲလွန်စတွေ ရှာဖွေခဲ့တယ်...တကယ်တမ်းက သိသာနေပေမယ့် ဘယ်သူကမှ ဒီလူနှစ်ယောက်ကို ဆက်စပ်မိမှာမဟုတ်ဘူး...ခြုံထဲမှာဆိုတော့ အရိုက်ခံရမှာမဟုတ်ပါဘူး ရှင်းရှင်းပဲပြောတော့မယ် အဲ့တာယွီနျန်နဲ့ စီနျင်းပဲ"


[OP1မှာ မှန်ကန်တဲ့ သက်သေပြချက်ရှိလို့လား ... မရှိရင် လာမပြနဲ့ ... နာမည်ကြီးချင်လို့လုပ်တယ်လို့ သတ်မှတ်ရလိမ့်မယ်]


[OPကို ပံ့ပိုးပေးခြင်း... တခြားလူရဲ့အားထုတ်မှုကို ခိုးယူပြီး ကိုယ့်ရဲ့ ကိုယ်ပိုင်ပုံစံလို လုပ်နေတာ.... နင်တို့ အကုန်လုံး ထွက်လာပြီး ဒူးထောက်တောင်းပန်သင့်တယ်]


[ဒီလိုပြောနေကြတာဆိုတော့ တစ်ခုခု ဖြစ်လာမယ့်ပုံပဲ သက်သေပြချက်ကို စောင့်နေပါတယ်]


[[***"စီနျင်းက သီချင်းရေးဆရာလောကမှာ ကျင်လည်နေတာကြာပြီဆိုတာ လူတိုင်းသိကြမှာပါ...သူက ထိပ်တန်းပါရမီရှင်အဖြစ် ချီးကျူးလို့ရပေမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့သူ ဖြစ်တယ်... ယွီချင်းအတွက် သီချင်းပေါင်းများစွာ ရေးပေးခဲ့တယ်...တစ်ပုဒ်ချင်းစီကလည်း နာမည်ကြီးတယ်...စီနျင်းသာမရှိရင် ယွီချင်းလည်း ဒီလောက် ရလဒ်ကောင်းကောင်းရမှာမဟုတ်ဘူး လို့တောင် ပြောလို့ရတယ်...စီနျင်းက ရှုရှန့်လန်ရဲ့ ရှုပ်ရှင်ဇာတ်ဝင်တေးအတွက် ရေးပေးခဲ့ပြီး ယွီချင်းက ဆိုမယ်လို့လည်း သတင်းရထားတယ်  

ကဲ ဒီနေရာမှာ မေးခွန်းထွက်လာပြီ...စီနျင်းမျက်နှာကို ငါတို့တွေ့ဖူးရဲ့လား...မတွေ့ဖူးဘူး လုံးဝပဲ...ပြီးတော့ ယွီချင်းနဲ့ယွီနျန်က မောင်နှမတွေ...ငါ သံသယဖြစ်လာလို့ ယွီနျန့်ရဲ့အချက်အလက်တွေအကုန် သွားစစ်ဆေးကြည့်တော့ သူက နာမည်ကြီးနျင်းချန်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာတဲ့ ဒါပေမယ့် သမိုင်းဌာနကဆိုတော့ ဖျော်ဖြေရေးနယ်ပယ်နဲ့ ဘာမှသက်ဆိုင်မှုမရှိဘူးလေ 


"သဘာဝရဲ့ သံစဥ်" မှာ သူကိုယ်တိုင် တေးရေးတည်းဖြတ်လုပ်ထားတယ် ဆိုတဲ့ သီချင်းအပါအဝင် "အမှန်တရားပြောရန်"မှာ နာမည်ကြီးသွားတဲ့ သူရေးပြီးဆိုထားတဲ့သီချင်းတွေကို စမ်းစစ်ကြည့်တော့ တစ်ခုခုလှည်စားထားမှန်း တွေ့လိုက်ရတယ်


[ဓါတ်ပုံ] [ဓါတ်ပုံ] [ဓါတ်ပုံ]


ပထမပုံနှစ်ပုံက စီနျင်းရဲ့ သီချင်းရေးတဲ့ပုံစံ ကာရံစပ်တဲ့ပုံစံနဲ့ အကြိုက်ဆုံးသံစဥ်လေးတွေကို လေ့လာထားတာပေါ့နော်...နောက်တစ်ပုံက ယွီနျန့် သီချင်းနှစ်ပုဒ်လုံးရဲ့ သီချင်းစာသားတွေ သံစဥ်တွေပဲ... အဲ့ဒီမှာ ထွက်လာတဲ့ရလဒ်က တကယ်အံ့သြသွားရတယ်" ***]]]


[ငါ ဖရဲသီးနံ့ရနေတယ်...တကယ်ကြီး အယောင်ပြရေးတာပဲ...ဆရာယောင်က အတွင်းပိုင်းဇာတ်လမ်းလေးတွေကို တကယ်သိတယ်]


[ဖျော်ဖြေရေးလောကဆိုတာ မသန့်စင်ဘူး...ဒီစီနျင်းကလည်း တစ်ခါမှ လူလုံးထွက်မပြဖူးတော့ သူ့ကို ဒီမောင်နှမက ချုပ်ကိုင်ထားတာများလား...ယွီနျန်က ပါရမီပါတဲ့ သီချင်းရေးအဆိုရှင်ဆိုတဲ့ ပုံရိပ်ကိုသုံးပြီး စီနျင်းကလည်း တစ်ချိန်လုံး သူ့ကိုကူပြီး ရေးပေးနေတယ်...သေချာစဥ်းစားကြည့်ရင် ကြောက်စရာကြီး]


[သက်သေပြချက်...ယွီနျန့်ဖန်တွေ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရပြီလား...သူတို့ကတော့ သူဖန်တီးထားတဲ့ သီချင်းတွေက ဘယ်လောက်ကောင်းတာဆိုပြီး ဆက်ပြောနေကြတုန်းပဲ...အဲ့ဒီသီချင်းတွေက ကြိုရေးထားပြီး အခုမှ လက်တန်းရေးရသလို ဟန်ဆောင်ထားတာ အသိသာကြီးပဲကို...လူထုအတွက် တောင်းပန်စာရေးပေးဖို့ စောင့်နေပါတယ်]


ယွီနျန်က ငုံ့ဖတ်နေသည်။ ရှစ်ရော့က ဖုန်းကိုင်ထားရင်း ပြောလာသည် " အဲ...နျန်နျန် ...အခုလေးတင် ယောင်ယန်က ဒီပိုစ့်ကို ပြန်တင်လာတယ်"


ယွီနျန်က မော့ကြည့်လာသည် " အစ်မ ဘာပြောလိုက်တာလဲ"


ရှစ်ရော့က အလိုက်သင့် ပြန်ဖြေလာသည် "ဒီမှာ"


ယွီနျန်က ထပ်ပြီး နားထောင်လိုက်ချိန် ရယ်မောလာသည် " သူက ပြန်ဖြေထားတယ်ပေါ့".


ရှစ်ရော့က ခေါင်းညိမ့်ပြသည် " ဟုတ်တယ်...သူ့မှာ တမင်သက်သက် မရေမရာဖြစ်အောင် လုပ်တတ်တဲ့စိတ်ရှိနေတုန်းပဲ...ဒီလို ကိစ္စမျိုးက သူသာ အတည်မပြုပေးရင် သတိထားမိစရာ ရှိမှာတောင် မဟုတ်တာ အသိအသာပဲကို...တော်တော် ကလိမ်ကကျစ်ကျတဲ့သူပဲ"


ထိုစဥ် ရှားမင်ရှီကလည်း ဖုန်းခေါ်လာသည်။ သူကိုင်လိုက်သည်နှင့် ပေါက်ကွဲနေသည့်အသံနှင့် ပြောလာသည် " ဖာ့ခ်...အဲ့ဒီယောင်မျိုးရိုးနဲ့ကောင်က ဘာလဲကွ...ဘာလို့ သူ့နည်းလမ်းတွေက အရမ်းစိတ်ပျက်စရာကောင်းနေရတာလဲ"


"မင်းလည်း တွေ့လိုက်တာလား"


"တွေ့တယ်လေ...ဒီရက်အတွင်း ငါ့ရဲ့မန်နေဂျာဦးလေးကြီးက ဒီကိစ္စအပေါ် အရမ်းအာရုံစိုက်နေတာ...ပြဿနာဖြစ်တာနဲ့ သူက လာပြောတော့တာပဲ...ဒါပေမယ့် ဒီယောင်မျိုးရိုးနဲ့လူက မင်းအပေါ်ပစ်မှတ်ထားလာမယ်လို့ ငါမထင်ထားခဲ့ဘူး...ကိစ္စဖြစ်ရင် စစ်ဆေးဆုံးဖြတ်ရမှာက ရဲတွေ အလုပ်လေ...သက်သေကရော ဘယ်မှာလဲ...သူက ဘာသောက်ချီးအလုပ်တွေ လုပ်နေတာပါလိမ့်"


ရှားမင်ရှီက လေသံကို တိုးလိုက်ရင်း ထပ်ပြောလာသည် " ပြီးတော့ ငါ့ရဲ့အေးဂျင့်ကလည်း ပြောတာ ခရမ်းချဥ်သီးဖိုရမ်က ပိုစ့်အများစုက ယောင်ယန်ကိုယ်တိုင်တင်ထားတာတဲ့...နည်းလမ်းဟောင်းကြီးပဲ"


အသံတိုးတိုးလေးနှင့် သူက ထပ်ပြောလာသည်


 " မင်း ဘာဆက်လုပ်မလဲ နျန်နျန်...ငါတော့ ဒီကွင်းဆက်ကို သတိထားမိတယ်...ယောင်ယန်က မင်းကို ဆွဲချပြီး နာမည်ကြီးချင်ရုံ မကလောက်ဘူးတစ်ယောက်ယောက်ကလည်း မင်းကို အထူးပစ်မှတ်ထားနေတယ်ဆိုတာ"


ယွီနျန်က စကားများများ မဆိုတော့ " စိတ်မပူပါနဲ့...ငါ အစ်ကိုမုန့်ကို ပြောကြည့်မှာပါ"


"အိုကေလေ" ရှားမင်ရှီက ပြန်ဖြေလာရင်း ထပ်ပြောလာသည် " ဘာပဲဖြစ်ဖြစ် မင်းသာ အကူအညီလိုရင် ငါ့ကိုသာခေါ်လိုက်...ငါမင်းကို ယုံတယ်"


ယွီနျန့် နှုတ်ခမ်းထောင့်ရှိ အပြုံးက ကြီးမားသွားသည် " ကောင်းပါပြီ...ကျေးဇူးပါ မင်ရှီ"


ဖုန်းချလိုက်သည်နှင့် ရှစ်ရော့က ယွီနျန်ကြည့်ရန် စာမျက်နှာတစ်ခု ပြလာသည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် #ယွီနျန် အယောင်ပြရေးခြင်း#နှင့် #စီနျင်း# ဆိုသည့်ခေါင်းစဥ်နှစ်ခုက hot searchတွင် ကပ်လျက် နာမည်ကြီးနေသည်။


ရှစ်ရော့က ဤလမ်းကြောင်းနှင့် ရင်းနှီးသည့်သူဖြစ်၍ " ခဏလေးနဲ့ အရမ်းတက်လာတာ မဖြစ်နိုင်ဘူး...တစ်ယောက်ယောက်က တမင်ဝယ်ထားတာဖြစ်ရမယ်"


ယွီနျန်က နံပတ်ငါးနေရာနှင့် နံပတ်ခြောက်နေရာချိတ်နေသော hashtags နှစ်ခုကို ကြည့်လိုက်ရင်း မရယ်ပဲမနေနိုင်ချေ" ကျွန်တော်ကိုယ်တိုင်နဲ့ တွဲပြီး hot searchကြုံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"


ရှစ်ရော့က နားမလည်သည့်ပုံနှင့် မေးလာသည်


 " မင်းကိုယ်တိုင်နဲ့လား.... ဘာကိုပြောချင်တာလဲ"


ထိုအချိန် ယွီနျန်က မုန့်ယွမ်ကို ဖုန်းခေါ်နေပြီဖြစ်သည်။ ဆက်သွယ်မိသွားသည်နှင့် မုန့်ယွမ်က ပြောလာသည် 


" ငါ မင်းကို ခေါ်တော့မလို့ပဲ...ပွဲပြီးသွားပြီလား...သတင်းကြည့်လိုက်သေးလား"


"ဟုတ်ကဲ့...ပွဲက ချောချောမွေ့မွေ့ပြီးသွားပါပြီ...အစ်မရော့ရော့ကလည်း သတင်းကို ပြန်ပြောပြတယ်" 


ယွီနျန်က ရှက်နေသည့်အသံနှင့် ပြောလာသည်


 " အစ်ကိုမုန့်...တကယ်တော့လေ အစ်ကိုမုန့်ကို တစ်ချိန်လုံးမပြောပဲ ဖုံးကွယ်ထားခဲ့တာရှိတယ်.."


မုန့်ယွမ်၏နှလုံးက တဒိန်းဒိန်းခုန်လာသည်


 " နေဦး...ငါ့ကိုယ်ငါ အရင်ဆုံး ပြင်ဆင်ထားလိုက်အဦးမယ်...အဆိုးဘက်ကပြောမယ်... မင်း တကယ်ကြီး စီနျင်းကို မင်းအတွက်သီချင်းရေးပေးဖို့ တောင်းဆိုခဲ့တာလား"


ရှစ်ရော့ကလည်း မသဲမကွဲကြားလိုက်ရ၍ သိချင်စိတ်ကြောင့် တုန်လှုပ်လာသည်။


"မဟုတ်ပါဘူး...အယောင်ပြရေးတာမျိုးမရှိပါဘူး...ဘာလို့ဆို ကျွန်တော်က စီနျင်းပဲလေ"