Chapter 58
မငြင်းနိုင်သော သက်သေ
မထင်မှတ်ပဲ ရွှယ်ယုံက ယွီနျန့်ကို ဖက်လာ၍ စက္ကန့်များစွာ ကြာပြီးမှ အသိဝင်လာသည်။
ခေါင်းကိုက်နေတာ သူ ဖျားနေတာလား...။
ရွှယ်ယုံ့ပုံစံက ယွီနျန်ကိုမြင်ပြီးမှ အားပြတ်သွားသည့်ဟန် ယွီနျန့်ထံ အလောတကြီး မှီလာသည်။
အကွာအဝေး နီးကပ်နေ၍ ရွှယ်ယုံ့၏ မူမမှန်သောအသက်ရှူသံကို ရှင်းရှင်းလင်းလင်းကြားနေရသည်။ ယွီနျန်က အသိစိတ်ကပ်လိုက်ရင်း တံခါးဖွင့်ရန် သော့ရှာလိုက်၏။ ဖိနပ်ကိုပင် ပြောင်းမစီးတော့ပဲ သူ့ကို ဆိုဖာပေါ် ထိုင်ခိုင်းလိုက်သည်။
သူက ရွှယ်ယုံ့ရှေ့ ဒူးထောက်ချလိုက်ရင်း မေးလိုက်သည်
"ဘယ်လိုနေသေးလဲ"
ရွှယ်ယုံ့မျက်နှာက ဖြူဖျော့ဖျော့နှင့် မျက်လုံးအောက်တွင် အပြာရိပ်များ သည်းနေပြီး အိပ်ရေးပျက်ထား၍ မျက်လုံးများရဲနေသည်။သူက ရွှယ်ယုံ့လက်ကို ကိုင်ထားဆဲဖြစ်၍ ရေခဲရေထဲမှ ဆွဲထုတ်လာသလို အေးစက်မှုတို့ ခံစားရသည်။
ယွီနျန့်ကို စိုက်ကြည့်နေရင်း ရွှယ်ယုံက အက်ရှရှလေသံနှင့် ပြောလာသည်
" ကိုယ် ခေါင်းကိုက်နေတယ်"
အဆုံးသတ် လေသံလေးက နူးညံ့နေသော်လည်း နှလုံးသားကို ဓါးထက်ထက်နှင့် လျှပ်တိုက်သွားသလို ခံစားရသည်။ သူ့ရှေ့မှာတောင် အားနည်းနေတဲ့ ပုံစံ ပြလာတယ်ဆိုတော့ ရွှယ်ယုံက ဘယ်လောက်များ နာကျင်နေတာပါလိမ့်။
ယွီနျန်က ထရပ်လိုက်ရင်း အခန်းထဲက အပူပေးစက်ကို ဖွင့်လိုက်သည်။ သူ့ကုတ်အင်္ကျီကို ကူချွတ်ပေးလိုက်ပြီး အပြာရောင် သားမွေးစောင်ပါးလေး တစ်ထည် ခြုံပေးလိုက်ရင်း မေးလိုက်သည်
" တံခါးရှေ့မှာ စောင့်နေတာ ကြာပြီလား...ဘာလို့ ကျွန်တော့ကို ဖုန်းမဆက်လိုက်တာလဲ"
"မင်းက အလုပ်များနေတာလေ"
ဒါကြောင့် ကျွန်တော့ကို အနှောင့်အယှက်မပေးချင်ဘူးပေါ့...။
ယွီနျန်က အပိုစကား မဆိုတော့ပဲ မီးဖိုချောင်ဘက် ညွှန်ပြလိုက်သည်
" ခဏစောင့်အုံး...အိမ်မှာ ရေနွေးမရှိလို့ နည်းနည်း သွားတည်လိုက်အုံးမယ်"
ရွှယ်ယုံက ခေါင်းညိမ့်ပြလာ၍ ယွီနျန်က မီးဖိုချောင်ဘက် လှည့်ထွက်သွားလေသည်။
ရေနွေးအိုး ဆူလာသည့်အချိန် ဖုန်းသံမြည်လာသောကြောင့် သူက နာမည်ကို တစ်ချက်ကြည့်လိုက်သည်။
ချူရှောင်းရန်...။
ယွီနျန်က ဖုန်းအောက်ခြေကို တစ်ချက် နှိပ်လိုက်ပြီး စကားဆိုရန်ပင် အချိန်မရလိုက် ချူရှောင်းရန်ဘက်က အလောတကြီးပြောလာသည်
" အဲ...ယွီနျန်...ရွှယ်ယုံ့ကို တွေ့သေးလား...မတွေ့ရင်လည်း ငါမမေးလိုက်ဘူးလို့ သဘောထား...."
"သူက ကျွန်တော့်အိမ်မှာပါ"
"အာ...မင်းအိမ်မှာလား...."
ချူရှောင်းရန်က နှစ်စက္ကန့်မျှ အသံတိတ်သွားရင်း တစ်ဖက်ကိုလည်း "သူ့ကို တွေ့ပြီ"ဟု ပြောနေသံကိုကြားလိုက်ရသည်။ ပြီးနောက် သူက ဆက်ပြောလာသည်
" သူ တကယ်ပဲ မင်းအိမ်မှာပေါ့"
ယွီနျန်က မီးဖိုချောင်မှန် မှတစ်ဆင့် ဧည့်ခန်းထဲကို ကြည့်လိုက်သည်။ ရွှယ်ယုံက မျက်လုံးလေးမှိတ်ပြီး ဆိုဖာပေါ် စောင်ခြုံထားလျက် တုတ်တုတ်မလှုပ်ပဲ ထိုင်နေသည်။
သူက အသံကို တိုးလိုက်ရင်း " အင်း...ကျွန်တော့်အိမ်မှာပါ...ခေါင်းကိုက်တယ်လို့လည်းပြောနေတာ စိတ်ထဲ နေလို့မကောင်းဘူးထင်တယ်....သူ နေမကောင်းဖြစ်နေတာလား"
ချူရှောင်းရန်က တိတ်ဆိတ်သည့် နေရာသို့ ပြောင်းလိုက်ဟန်ရှိသည်
" မင်းနဲ့အတူရှိနေရင် အဆင်ပြေပါတယ်...ငါ သူ့ကို ရှာမတွေ့လို့လေ...ဒါကြောင့် ငါ့မှာ နှလုံးရောဂါရတော့မလို့"
အသက်မျှင်းမျှင်းရှူလိုက်ရင်း သူက ဆက်ပြောလာသည် " ရွှယ်ယုံက တကယ်နေမကောင်းဖြစ်နေတာ...ခေါင်းကိုက်ရောဂါကတော့ ဖြစ်နေတာ တော်တော်ကြာပြီ...နှစ်ည ဆက်တိုက်လောက် မအိပ်ရသေးတော့ သူ့မှာ ပန်ဒါဖြစ်မတတ်ပဲ...သူ စိတ်ညစ်ပြီ ဆိုရင်လည်း ဆူငေါက်မနေပေမဲ့...မျက်နှာပေးက အေးစက်စက်နဲ့မို့ သူ့ အတွင်းရေးမှူးတောင် သေမတတ် ကြောက်တယ် သူ့ကို"
စိတ်ဖိစီးနေတာလား...။
ယွီနျန်က ထိုအကြောင်း မေးခွန်း ပြန်ထုတ်မိသည်။ ရွှယ်ယုံ့ မျက်လုံးအောက်က အပြာရိပ်များကို စဥ်းစားမိ၍ သူက အသာအယာမေးလိုက်သည်
" တင်းကျောက်ရှန်ကြောင့် များလား"
"ဟင်...သူက မင်းကို ဒီကိစ္စတောင် ပြောပြထားတာလား"
ချူရှောင်းရန်က အံ့အားသင့်သွားသော်လည်း ရှင်းရှင်းလင်းလင်း မေးမနေတော့ချေ
" အဲ့လိုမျိုးပေါ့...ဘာပဲဖြစ်ဖြစ်...သူက ပင်ပန်းတာရယ် စိတ်ဖိစီးတာ ကယောင်ချောက်ချား ဖြစ်တာတွေကြောင့် ခေါင်းကိုက်ရောဂါရှိလာတာ...တစ်ညလုံးလည်း အိပ်မပျော်ရ ဆေးလည်း မသောက်ရဲနဲ့တော့...ဒုက္ခပဲ"
ယွီနျန်က ထိုအချက်ကို သတိထားမိလိုက်၍ အမိအရမေးလိုက်သည် " သူက ဘာလို့ ဆေးမသောက်ရဲတာလဲ"
ချူရှောင်းရန်က မြိုသိပ်မထားနိုင်သည့်နှယ် အက်ကွဲနေသည့်အသံနှင့် ဆိုလာသည်
" ပြောရမယ်ဆိုရင် လောင်ဇီလည်း အရမ်းစိတ်တိုမိတယ်....တင်းကျောက်ရှန်ဆိုတဲ့ လူအိုကြီးကြောင့်လေ....လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက တင်းကျောက်ရှန်က မိသားစုဆရာဝန်ကို ဆေးပြောင်းတိုက်ဖို့ အတင်းတွန်းအားပေးခဲ့တယ်...ကံကောင်းလို့ အဲဒီနေ့ ရွှယ်ယုံက လက်တုန်သွားပြီး မတော်တဆ ခွက်မှောက်သွားခဲ့တယ်....သူလည်း သတိရှိရှိနေတတ်လို့ ဆေးတွေမတူဘူးဆိုတာ သတိထားမိသွားတာနဲ့ အပြင်ယူပြီး တိတ်တိတ်လေး စစ်ကြည့်လိုက်တော့ အဲ့ဒီဆေးက တစ်မျိုးတည်းဆိုရင် အဆင်ပြေပေမယ့် တခြားအရာတွေနဲ့ တွဲစားမယ်ဆိုရင် နှလုံးဖောက်သွားနိုင်တယ်တဲ့"
ယွီနျန်က ဖုန်းကိုင်ထားရင်း လက်များ တင်းကျပ်လာသည်။
ချူရှောင်းရန်က ဒေါသထွက်ထွက်နှင့် ဆက်ပြောလာသည် " တင်းကျောက်ရှန်ရဲ့ နည်းလမ်းတွေက တကယ်ညစ်ပတ်တာ..အခုဆို ငါလည်း စိတ်ဒဏ်ရာရသွားပြီ....ပုံမှန်ပဲ ဆေးသောက်နေရတာကို သေသွားမလားလို့ပဲ ထင်နေတယ်"
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ရေနွေး အသင့်ရလာ၍ ယွီနျန်က ခပ်လောလော အသံနှင့် ပြောလာသည်
" ဟုတ်ကဲ့ပါ ကျွန်တော် သူ့ကို သွားကြည့်လိုက်အုံးမယ် နောက်မှ ပြောကြမယ်လေ"
"ဟုတ်ပြီ ...ဒါဖြင့်"ချူရှောင်းရန်က ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း မချိုမချဥ်အသံနှင့် ပြောလာသည်
" သူ့ကို ဂရုစိုက်ပေးလိုက်ပါအုံးနော်"
"ဟုတ်ကဲ့ပါ...စိတ်မပူပါနဲ့ ကျွန်တော် ဂရုစိုက်ပေးထားမှာပါ"
ဆိုဖာပေါ် ပြန်ထိုင်လိုက်ချိန်ထိ ရွှယ်ယုံက ယခင်အနေအထားအတိုင်း ရှိနေဆဲ ဖြစ်သည်။ သူ့မျက်နှာက နူးညံ့ဟန်မရှိပဲ တင်းမာနေပြီး အထပ်ထပ်ကာကွယ်ထားသည့်ပုံစံဖြစ်နေ၍ ပြင်းထန်သည့် ခေါင်းကိုက်ရောဂါ ရှိသည့်သူဟုပင် ပြောနိုင်မည်မဟုတ်။
လှုပ်လှုပ်ရှားရှားသံ ကြားလိုက်၍ ရွှယ်ယုံက မျက်လုံးပွင့်လာပြီး ယွီနျန့်ကို တိတ်တဆိတ်ကြည့်လာသည်။
ယွီနျန်က ဆေးယူမလာပဲ နွေးနွေးထွေးထွေးဖြစ်သွားရန်အတွက် ရေနွေးလေး သောက်လိုက်ရန် ဖျောင်းဖျလာသည်။ သို့သော်လည်း သူက ဖန်ခွက်အလွတ် ချရန် တစ်ဖက်သို့ လှည့်လိုက်သည့်ချိန် ရွှယ်ယုံ့လက်ချောင်းများက သူ့အင်္ကျီအနားစကို ဆုပ်ကိုင်ထားကြောင်း သတိထားမိသွားသည်။
ယွီနျန်က သူ့ရင်ထဲ ဘာဖြစ်သွားမှန်း ပြောမပြတတ်အောင် ခံစားလိုက်ရသော်လည်း ထိုအားသေးသေးလေးကြောင့် သူ့မှာ မလှုပ်ရှားနိုင် ဖြစ်သွားရသည်။ ယွီနျန်က ခွက်အလွတ်ကို ချထားလိုက်ပြီး ရွှယ်ယုံ့လက်ကို ကိုင်ကာ ဆိုဖာပေါ်ထိုင်နေရင်း သူ့ရင်ခွင်ထဲ မှီအိပ်စေသည်။
မျက်နှာကို လက်နှင့် အုပ်ထားပြီး ရွှယ်ယုံ့ ခန္ဓာကိုယ်က တဖြေးဖြေးတိုးဝင်လာ၍ ယွီနျန်က သက်တောင့်သက်သာ ရှိရန် အမြန် လုပ်ပေးလိုက်သည်။ သူက အသံတိုးတိုးလေးပြောလာသည် " ကျွန်တော့အဘွားကလည်း အရင်တုန်းက ခေါင်းကိုက်တတ်တော့ သူတို့ကို ဘယ်လိုသက်သာအောင်လုပ်ပေးရမလဲ သင်ခဲ့ရတာ...ကျွန်တော့နည်းလမ်းတွေက အလုပ်ဖြစ်အုံးမလားတော့ မသိဘူး" သူ့ကို လှမ်းကြည့်နေဆဲဖြစ်သည့် ရွှယ်ယုံ့ကြောင့် အပြုံးလေးနှင့် မေးလိုက်သည်
" မျက်လုံးပိတ်ထားချင်လား"
ရွှယ်ယုံက နာနာခံခံနှင့် မျက်လုံးပိတ်ထားလိုက်သည်။
ယွီနျန်က လက်ချောင်းထဲ အားနည်းနည်း စိုက်လိုက်ရင်း အချိန်ကောင်းရခိုက် ရွှယ်ယုံ့ မျက်နှာသွင်ပြင်ကို အာရုံစိုက်ကြည့်မိသည်။ အချိန်တစ်ခုကြာပြီးနောက် ရွှယ်ယုံ၏ တွန့်ချိုးနေသော မျက်ခုံးများက ပြေလျော့သွားပြီး အသက်ရှူသံလည်း နှေးသွားကာ နောက်ဆုံး အိပ်မောကျသွားလေသည်။
နောက်ထပ်၁၀မိနစ် ကြာပြီးနောက် ယွီနျန်က လက်ကို ရပ်လိုက်ပြီး ဖုန်းယူ၍ ချူရှောင်းရန်ထံ အသံတိတ်မက်ဆေချ့် ပို့လိုက်သည် " သူ အိပ်ပျော်သွားပြီ"
မကြာမီ ချူရှောင်းရန်ဘက်မှ စာပြန်ပို့လာသည်
" ဘုရားရေ...ကျေးဇူးပါကွာ သူ အိပ်မရဖြစ်နေလို့ ငါအရမ်းစိတ်ပူနေတာ အာရုံတောင် မစိုက်နိုင်တော့လို့ ရုတတရက် သေသွားမတတ်ပဲ...နောက်ဆုံးတော့ သူ အိပ်ပျော်သွားပြီ"
နှစ်စက္ကန့်အတွင်း ဒုတိယမြောက် မက်ဆေ့ချ်ဝင်လာသည် " ဘာပဲဖြစ်ဖြစ် သူက အကိုက်အခဲပျောက်ဆေးနဲ့ အိပ်ဆေးတွေကိုတော့ သောက်ဖို့ဆန္ဒရှိသေးသားပဲ...."
"ဆေးကြောင့် အိပ်တာ မဟုတ်ပါဘူး" ယွီနျန်က ရွှယ်ယုံ အိပ်နေလား သေချာရန် စောင်းငဲ့ကြည့်လိုက်ရင်း ဖုန်းမျက်နှာပြင်ကို ဆက်ရိုက်လိုက်သည်
" သူ့မှာ ဘာလို့ ခေါင်းကိုက်ရောဂါရှိနေရတာလဲ"
အချိန်တစ်ခုကြာမှ ချူရှောင်းရန်ဘက်မှ မက်ဆေ့ချ်ပြန်ပို့လာသည်။
"ဒီပြဿနာဖြစ်နေတာက တော်တော်ကြာပြီ...သူ့အဖေဆုံးတော့ သူ့အမေက ငိုနေရင်း အားပြတ်မလိုဖြစ်သွားပေမယ့် သူကတော့ ပြိုလဲမသွားနိုင်ခဲ့ဘူး...တောင့်ခံထားရင်း တခြားသူတွေထက် ပိုပြီးကြံ့ကြံ့ခံခဲ့တာ.... မဟုတ်ရင် အဲ့ဒီညစ်ပတ်တဲ့လူတွေကြောင့် အမေရော ကလေးပါမကျန် ဖျက်ဆီးဝါးမြိုခံရမှာမို့လေ...ငါ သူ့ကိုမတွေ့တာ တစ်လပဲရှိသေးတာကို ဝိတ်က တော်တော်ကျသွားတယ်..သူက အရွယ်ရောက်တာ မကြာသေးလို့ အသက်ငယ်တယ်ဆိုပြီး ကြိုးဆွဲခံနေမှာမဟုတ်ဘူး...သူ့အဖေချန်ထားခဲ့တဲ့အရာတွေကို စောင့်ရှောက်ရအုံးမယ် အမေဖြစ်သူကို ကာကွယ်ပေးရအုံးမယ် သူ့မှာ ဖြေရှင်းစရာတွေအများကြီးပဲ... ဒါကြောင့် သူ စိတ်ဖိအားတွေများပြီး တစ်နေ့ကို သုံးနာရီလောက်ပဲ အိပ်ရတာ အစားလည်းမစားနိုင်တာနဲ့ ခေါင်းကိုက်ရောဂါ ရလာတာပဲ"
ချူရှောင်းရန် ပို့လာသည့် မက်ဆေ့ချ်ကို အကြိမ်ကြိမ် ဖတ်ပြီးနောက် ယွီနျန်က ဖုန်းချလိုက်ရင်း ရွှယ်ယုံ့ကို တစ်ချက်ကြည့်လိုက်ကာ ဆိုဖာပေါ် ကျောမှီလျက် တဖြေးဖြေး အိပ်ပျော်သွားလေသည်။
နောက်တစ်နေ့ မနက်၌ ရှစ်ရော့က ယွီနျန့်ကို တွေ့လိုက်ရချိန် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်
" နျန်နျန်... မင်းဘာလို့ ကြည့်ရဆိုးနေတာလဲ...အိပ်ရေးမဝဘူးလား"
ယွီနျန်က နာကျင်နေသော လည်ပင်းနားတစ်ဝိုက်ကို ပွတ်သတ်လိုက်ရင်း ပြုံးပြလာသည် "အင်း...ကျွန်တော် နည်းနည်းပဲ အိပ်ခဲ့ရလို့ပါ ဒါနဲ့ ဆရာကျိုးမင် ရောက်နေပြီလား"
ရှစ်ရော့က သူမနှုတ်ခမ်းထောင့်ကို လက်နှင့်အုပ်ပြီးတိုးတိုးပြောလာသည် " တေးထုတ်လုပ်ရေးဆရာက မင်းထက် နာရီဝက်လောက် စောရောက်နေတာ...နျန်နျန် မင်းထပ်ပြီး သူနဲ့ စကားများရတော့မှာပဲ"
ယွီနျန် " ကျွန်တော်က ဘယ်တော့မှ ရန်မဖြစ်တတ်ပါဘူး ကျွန်တော်တို့ တစ်ယောက်ချင်းစီက ကိုယ်ပိုင်သေဘာထားလေးတွေ ရှိကြလို့ပါ...ပြီးတော့ တစ်ယောက်ပြောတာ တစ်ယောက် သဘောမတူကြရုံပါပဲ"
"အဲ့ဒါ စကားများတာမဟုတ်ဘူးလား..."
ရှစ်ရော့က ထပ်ပြောလာသည်
" သီချင်းတွေအကုန်လုံးကို ဒီနေ့နေ့လည်ပိုင်းမှာ အသံသွင်းရမှာ...ကာဗာပုံကိုလည်း ရိုက်ပြီးပြီ... သီချင်းဗီဒီယိုပဲ လိုတော့တယ်...မင်းတို့တွေ စကားများပြီးရင်တော့ စရိုက်လို့ ရနိုင်မလားပဲ"
ရှစ်ရော့က စိုးရိမ်နေဆဲဖြစ်၍ နူးညံ့ညင်သာသည့်အသံနှင့် ပြောလာသည်
" နျန်နျန် ဆရာကျိုးမင်ပြောတာကိုပဲ နားထောင်လိုက်ရင်ရော... ဆရာကျိုးမင် မျက်နှာပျက်သွားတဲ့ အချိန်တိုင်း သူ့ကြည့်ရတာ ရက်စက်မယ့်ပုံကြီး... ပြီးတော့ သူက ဒီနယ်ပယ်မှာ ရွှေတံဆိပ်ဆုရ တစ်ယောက် ဖြစ်တာမို့လို့ သူ့အစီအစဥ်ကို ဆန့်ကျင်တဲ့သူတိုင်း အထင်သေးခံရတတ်တယ်"
"ရပါတယ်" ယွီနျန်က အဖြူရောင်ခေါင်းစွပ်အနွေးထည်၏ အင်္ကျီကြိုးစကို ဆွဲနေရင်း ယုံကြည်ချက်အပြည့် ပြောလာသည်
" ကျွန်တော့်ကိုယုံ...ဒီနေ့တော့ သေချာပေါက် အပြီးသတ် အစီအစဥ်ချနိုင်မှာ"
တံခါးသံကြားလိုက်၍ ကျိုးမင်က နားကြပ်ဖြုတ်ပြီး ယွီနျန့်ထံ လှမ်းကြည့်လာသည်။ ယွီနျန်က တံခါးကို တွန်းလျက် ပြောလာသည်
" ဆရာ ရောက်နေပြီလား...မင်္ဂလာနံနက်ခင်းပါ ဆရာကျိုး"
ယွီနျန်က နားနေခန်းထဲ ဝင်လာပြီး ဆိုဖာပေါ် ထိုင်လိုက်သည်။ သူစကားမစခင် ကျိုးမင်က သူ့ကို စိုက်ကြည့်ပြီး မေးလာသည် " မင်းခြေထောက် ဘာဖြစ်ထားတာလဲ"
ယွီနျန်က ထိုအသေးအဖွဲကိစ္စလေးကို ကျိုးမင် သတိထားမိသွားမည်ဟု မထင်ခဲ့ချေ။ သူက ပြုံးလိုက်ရင်း ရှင်းပြလာသည်
" ဘာမှမဟုတ်ပါဘူး ညတုန်းက အိပ်တာ အနေအထားမမှန်လို့ ဖြစ်မယ်လမ်းလျှောက်ရင်းသာ နည်းနည်း ထော့နင်းထော့နင်းဖြစ်နေတာ ခဏလောက်နေရင် အဆင်ပြေသွားမှာပါ"
အမှန်တွင် သူက ဆိုဖာပေါ်ထိုင်ရင်း အိပ်ပျော်သွား၍ ရွှယ်ယုံကလည်း သူ့ပေါင်ပေါ် တစ်ညလုံး အိပ်နေသလိုဖြစ်သွားသည်။ သို့သော်လည်း ရွှယ်ယုံက နစ်နစ်ခြိုက်ခြိုက်အိပ်ပျော်သွား၍ သူကျေနပ်ပါသည်။
စဥ်းစားရင်းနှင့် ယွီနျန်က ထိုကာလသို့ စိတ်ရောက်သွားသည်။ ရွှယ်ယုံအိပ်ပျော်နေသည်ကို မြင်၍ မနိုးလိုက်ပဲ စောစောထွက်လာခဲ့သည်။ သူက စာချန်ပေးထားခဲ့သည်။ ရွှယ်ယုံက သူ အိုးထဲချန်ထားခဲ့တဲ့ ပြောင်းဆန်ပြုတ်ကိုတော့ တွေ့လောက်မှာပါနော်...။
အခုက ၈နာရီရှိပြီဆိုတော့ ရွှယ်ယုံနိုးနေမလား မသိ။
"ဟမ်" ကျိုးမင်က အသက်လေးဆယ်အရွယ်ရှိ ဤနယ်ပယ်မှ ထိပ်တန်းတေးထုတ်လုပ်ရေးဆရာ တစ်ယောက် ဖြစ်သည်။ မုန့်ယွမ်က သူတို့ချင်း ရင်းနှီးသည့် ဆက်ဆံရေးကို အသုံးချပြီး လာခဲ့ပေးရန် တကူးတက ဖိတ်ထားခြင်းပင်။ သူ၏ မျက်ခုံးတန်းနှစ်ခုကြားတွင် အရေးကြောင်းများရှိနေပြီး ပေါင်းသင်းရခက်သည့် ပုံစံရှိပြီး လေသံကလည်း သိသာထင်ရှားခြင်း မရှိသည့် အသံမျိုးပင် "ငါထင်ခဲ့တာက မနေ့က ငါတို့ သဘောတူထား ပြီးပြီလားလို့"
ယွီနျန်က ကျိုးမင်၏ အေးစက်စက်ပုံစံကို ကြောက်ရွံ့ခြင်း မရှိသလို ခပ်မတ်မတ် ထိုင်လိုက်ရင်း " အဲ့ဒါကလေ ဆရာကျိုး... 'လှပသော' သီချင်းရဲ့ သီချင်းဗီဒီယိုအတွက် အဖြူအမည်းသုံးဖို့ ကျွန်တော် စိတ်ကူးထားတယ်"
ကျိုးမင်က မျက်မှောင်ကြုပ်လိုက်ရင်း စိတ်ညစ်ဟန်ပြလာသည် " မင်း ဘာလို့ အရမ်းဇွဲကောင်းနေရတာလဲ...မင်း ငါ့ကို ဒီမေးခွန်းနဲ့ပဲ စိတ်အနှောင့်အယှက်ပေးနေတာ တစ်ပတ်လောက်ရှိပြီ"
ယွီနျန်က ပြုံးလိုက်ရင်း စကားဆိုလာသည်
" အင်း...ကျွန်တော့်မှာ နည်းနည်း ခေါင်းမာတတ်တဲ့အကျင့်လေး ရှိတယ်လို့ ပြောရမလား"
နားကြပ်ကို ချလိုက်ပြီး ကျိုးမင်က ခုံနောက်မှီထားရင်း စိတ်ခုသွားသလို မျက်မှောင်တင်းတင်းကြုတ်ထားသည် " မဟုတ်သေးဘူး...အဖြူအမည်းအကုန်လုံးဆို ငါ့အမြင်အရ တသားတည်းရှိမှာမဟုတ်တော့ဘူး...အများဆုံး... " သူက နောက်ဆုံးအလျော့ပေးလိုက်ရသည် " တစ်ဝက်တစ်ဝက်စီ ဆိုရင်ရော"
ယွီနျန်က မျက်လုံး တလက်လက်ဖြစ်သွားသည် " ဟုတ်ကဲ့ပါ"
ကျိုးမင်က သူ့မျက်နှာအမူအရာကို ရုတ်တရက် သတိထားမိသွား၍ခပ်ပြုံးပြုံး ဆူလာသည်
" ဒီကောင်လေးကတော့ ငါ့ကို လှည့်စားနေတာမို့လား"
"ဟုတ်ပါတယ်" ယွီနျန်က ပြုံးလိုက်ရင်း အနားကပ်လာပြီး တည်တည်ငြိမ်ငြိမ် ပြောလာသည်
" တကယ်တော့လေ...တစ်ဝက်တစ်ဝက်စီက အရမ်းကြီး အဆင်ပြေမှာမဟုတ်ဘူး ဆရာကျိုး...လေးမိနစ်နဲ့ သုံးဆယ့်ငါးစက္ကန့်ရှိတဲ့အထဲမှာ အဖြူနဲ့အမည်းကို ပထမ သုံးမိနစ်နဲ့ သုံးစက္ကန့်အတွက် သုံးမယ်...နောက်ထပ် တစ်မိနစ် သုံးဆယ့်နှစ်စက္ကန့်စာအတွက်က လိုက်ဖက်မယ့် အရောင်ကာလာကို သုံးလိုက်ရင်ရော အလုပ်ဖြစ်မယ်လို့ ထင်လားဗျ"
"ငါ့ ဒီအဖြေကို စောင့်နေတာလား"
ကျိုးမင်က မပျော်မရွှင်ဖြစ်သွားသော်လည်း ပြုံးပြလာသည် " ငါမထင်ဘူးလို့ ပြောလို့ရလို့လား ငါသာ ငြင်းလိုက်ရင် မင်း ငါ့နောက်ကို နောက်ထပ်တစ်ပတ်လောက် လိုက်နေတော့မှာလေ"
ယွီနျန်က ရယ်၍သာနေ၍ သူက ဘာမျှမပြောတော့ပဲ ဒူးပုတ်လိုက်ရင်း "ဟုတ်ပြီလေ...သီချင်းက မင်းရေးထားတာ ပြီးတော့ ဒါကလည်း မင်းရဲ့ အယ်လ်ဘမ်ပဲ... မင်းက အရမ်းဇွဲကောင်းနေမှတော့ စမ်းကြည့်ကြည့်ပြီး မင်းကို ခေါင်
းမာခွင့်ပေးလိုက်မယ်"
"ကျေးဇူးပါ ဆရာကျိုး"
"ငါ့ကို အရင်ဆုံး ကျေးဇူးတင်မနေနဲ့ ...ရလဒ်သာ မကောင်းရင် မုန့်ယွမ်ကို တားဖို့သာ မမေ့နဲ့...ငါ အဆူမခံချင်ဘူး"
ယွီနျန်က ခေါင်းညိမ့်ပြလာသည် " ဟုတ်ကဲ့ပါ"