အပိုင်း ၅၇
Viewers 10k

Chapter 57

 နျန်နျန် ကိုယ်ခေါင်းကိုက်နေတယ်




" သူတို့ ဝိုင်းတိုက်ကြတာ"


ရွှယ်ယုံ့ပြောသံကြားလိုက်စဥ် ယွီနျန့်နှလုံးသားလေး ရုတ်တရက် နာကျင်သွားသည်။


" ဒီလိုမျိုးက ခဏခဏဖြစ်တာလား"


ရွှယ်ယုံက ယွီနျန်၏ကြည့်ကောင်းလှသောရုပ်ရည်ကို ကြည့်လိုက်ရင်း တစ်ဖက်လူ၏ မျက်တောင်စိပ်စိပ်လေးများက သူ့နှလုံးသားကို တစ်လက်လက်ဖြာနေပြီး ယားကျိပြီး မလှုပ်ရှားနိုင်ဖြစ်စေသည်။


သူက နှစ်ချက်ခန့်ကြာမှ ပြန်ဖြေလာသည် " အသားကျနေပြီဆိုပေမယ့် အခုတော့ ဖြစ်မှာမဟုတ်ဘူး"


အကျိုးအကြောင်းသင့်စွာ ရွှယ်ယုံက အတိတ်က ခက်ခဲခဲ့သည်များကို ယွီနျန့်ကို မပြောပြချင်မိ၍ ထပ်ပြောလိုက်သည်


 " ဒီညစာစားပွဲက ရွှံ့ထူနေတဲ့ရေတွေကို မွှေနှောက်ပေးဖို့မဟုတ်ပါဘူး"


ယွီနျန်က " အသားကျနေပြီ" ဆိုလိုရင်းကို နားလည်လိုက်သော်လည်း ရှည်ရှည်ဝေးဝေးမမေးတော့ပဲ စကားဆက်ပြောလိုက်သည် 


" တင်းမျိုးရိုးနဲ့လူကရော"


ရွှယ်ယုံက ခေါင်းညိမ့်ပြလိုက်ပြီး " အမ်" ဟု ပြောလိုက်ပြီးမှ ခေါင်းထပ်ညိမ့်ပြလာရင်း "ဟုတ်တယ်"


ရွှယ်ယုံက ပြန်ဖြေမလာတော့၍ အိပ်ချင်နေမှန်း သတိထားမိလိုက်ပြီး ယွီနျန်က အနီရောင်မီးတိုင်နားတွင် ကားကို ဖြေးဖြေးရပ်လိုက်သည်။ သူ့မျက်လုံးများက ရွှယ်ယုံ့အပေါ်တွင်သာ ရှိနေပြီး နူးနူးညံ့ညံ့လေသံနှင့် " အိပ်လိုက်ပါ ကျွန်တော် အိမ်ရောက်ရင် နှိုးလိုက်မယ်"


" ကိုယ် မအိပ်ချင်ပါဘူး"


ရွှယ်ယုံက ထိုသို့ပြောလိုက်သော်လည်း သူက အရမ်းသက်သာသလိုခံစားနေရ၍ မျက်လုံးများက အလိုလိုပိတ်သွားပြီး မကြာမီ အိပ်စက်ခြင်းသို့ရောက်သွားလေသည်။


ယွီနျန်က ပြုံးလိုက်ရင်း သူမနိုးသွားစေရန် ကားကို ပုံမှန်လေးမောင်းလိုက်သည်။


ခရီးဆုံးရောက်သွားချိန် ပတ်လည်တွင် လမ်းမီးအချို့သာရှိတော့သည်။


ယွီနျန်က အင်ဂျင်စက်သတ်လိုက်သည်။ သူ့မျက်လုံးများက ရွှယ်ယုံ့အပေါ်တွင်သာရှိနေပြီး အကြည့်မခွာနိုင်ချေ။


ဤလူနိုးလာလျှင် သူ့အရှိန်အဝါက အားပြင်းစွာနှင့် မျက်လုံးများချွန်ထက်စူးရှနေပြီး မျက်နှာသေပုံစံဖြစ်သွားချိန် အခြားသူများအား ကြောက်လန့်စေသည်။ အခြားသူများက သူ့အကြောင်းပြောကြချိန် ကြောက်ရွှံ့မှုများ လွှမ်းခြုံနေလေ့ရှိသည်။


သို့သော်လည်း ယခုအချိန်တွင် သူက အိပ်ပျော်နေ၍ သူ့ကိုကာရံထားသော အခွံမာကြီးက ကွာကျနေပြီး အသက်ရှူသံပင် နူးညံ့နေသည်။


သူက ရွှယ်ယုံ့ကို မနိုးရက်သော်လည်း ထိုအတိုင်းအိပ်နေရ၍ သက်တောင့်သက်တာမရှိမည်လည်း စိုးရိမ်မိသည်။ ထို့ကြောင့် ယွီနျန်က မှီချလိုက်ရင်း ရွှယ်ယုံ့ထိုင်ခုံခါးပတ်ကို ကူဖြုတ်ပေးလိုက်ပြီး တိုးတိုးပြောလိုက်သည်


 " ရွှယ်ယုံ ထပ်မအိပ်နဲ့တော့ အိမ်ရောက်နေပြီ"


သူ ပြန်ထိုင်လိုက်မည်ဟု ပြင်လိုက်ချိန် အသက်ရှူသံက ချက်ချင်းရပ်သွားသည်။ နှစ်ဦးသား အလွန်နီးကပ်သည့်အခြေအနေတွင် ရှိနေပြီး ရွှယ်ယုံက နိုးလာသည်နှင့် သူ့ကို လာဖက်သောကြောင့်ပင်။


အားဖွဖွလေးနှင့် ဖက်ထားခြင်းဖြစ်သည်။ သူက အရှက်ပြေရန်အတွက် နောက်တစ်လှမ်းခန့်သာ ဆုတ်ဖို့ လိုသည်ပင်။


ယွီနျန့်မျက်လုံးများက တဖြေးဖြေးပြူးကျယ်သွားပြီး မျက်လွှာပြန်ချသွားသည်။ အပြုံးနုနုလေးနှင့် ငြင်းဆန်ခြင်းမပြုပဲ ရွှယ်ယုံ့ကို နွေးနွေးထွေးထွေးမေးလိုက်သည်။


 " နိုးနေတာလား"


"အင်း"


သူ့သဘောထားကို အာရုံခံမိ၍ထင် ရွှယ်ယုံ့လက်များက ပိုမိုတင်းကျပ်လာသော်လည်း သူ့ကို မသက်မသာဖြစ်စေသည်ထိ အားမပြင်းလှချေ။


ကောင်းကင်ကြီးက သစ်ကတိုးနံ့များပြည့်နေပြီး အရက်နံ့လေးပင် တစွန်းတစ်စရသည်။ ယွီနျန်က အနားတိုးသွားချိန် ရဲတွတ်နေသော ရွှယ်ယုံ့နားရွက်ဖျားလေးများကို တွေ့လိုက်ရသည်။ သူ့လေသံက ပိုပြီးနူးညံ့သွားသည်


 " ခေါင်းမူးနေတုန်းလား"


"အင်း မူးတယ်"


ယွီနျန်က စိတ်ပူသွားသည် 


" ဒါဖြင့် ခင်ဗျားသက်သာအောင် ဘယ်လိုလုပ်ပေးရမလဲ"


ရွှယ်ယုံမှာ အသက်ရှူရပ်သွားရသည်။ သူ့လည်ချောင်းများ တင်းကျပ်လာရပြီး အသံက ပိုပိုတိုးလာကာ စိတ်လှုပ်ရှားစွာပြောလာသည်


 " အဆင်ပြေပါတယ်"


စက္ကန့်အနည်းငယ်ကြာပြီးနောက် ယွီနျန်က လက်မြောက်ကာ ရွှယ်ယုံ့ကို ပြန်ဖက်ထားလိုက်ရင်း တစ်ဖက်လူ၏ပုခုံးပေါ် မေးတင်ထားလိုက်သည် 


" ဟုတ်ပါပြီ"


*****


နောက်တစ်နေ့တွင် ယွီနျန်က ရိုက်ကူးရေးစတူဒီယိုသို့ အဖြူရောင်ဆွယ်တာဝတ်သွားပြီး ဓါတ်လှေကားမှထွက်လိုက်သည်နှင့် မုန့်ယွမ်ကို တွေ့လေသည်။


သူ၏မက်စ်အမည်းကို ချွတ်လိုက်ရင်း အပြုံးလေးနှင့် နှုတ်ဆက်လိုက်သည် 


" အစ်ကိုမုန့် စောလှချည်လား"


မုန့်ယွမ်က ယွီနျန့်အဝတ်အစားများကို မကြိုက်သလိုကြည့်မိသော်လည်း သူ့ထင်မြင်ချက်ကို မပြောတော့ချေ။ နှစ်ဦးသား ဘေးချင်းကပ်ရက် လျှောက်သွားကြရင်း ယွီနျန့်ကို ပုံမှန်အတိုင်း မေးလာသည် 


" မနေ့ညက သွားကြိုတဲ့လူကရော....မူးနေလို့ ရူးသွားပြီး ဟိုပစ်သည်ပစ် မလုပ်ကြဘူးလား"


ယွီနျန်က ခေါင်းငုံ့လိုက်ရင်း ပြုံးလိုက်မိသည်။ မျက်လုံးထောင့်နားက အပြုံးလေးက ကြည်လင်ပြီး ဆွတ်ပျံ့နေသည်


 " မဟုတ်ပါဘူး...ကားထဲမှာ အိပ်ပျော်သွားကြတာ အရမ်းကို တိတ်တိတ်ဆိတ်ဆိတ်ပဲ"


သူတို့ဖက်ထားရာမှ လွှတ်ပေးလိုက်ပြီးနောက် တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း ကားထဲမှဆင်းလိုက်သည်နှင့် ထွက်ပြေးသွားသလို အိမ်ပြန်သွားသည့် ရွှယ်ယုံ့အကြောင်း တွေးလိုက်မိသည့်တစ်ခဏ ယွီနျန်မှာ သူ၏စိတ်အခြေအနေကိုလည်း ဤတစ်ပတ်အတွင်း တိုးတက်အောင်လုပ်လိုက်နိုင်မှန်း သိလိုက်ရသည်။


" ကျွတ် ငါဘာလို့ ဒီလိုလူမျိုးနဲ့မတွေ့ခဲ့ရတာပါလိမ့်... "သဘာဝရဲ့သံစဥ်"ရှိုးရဲ့ ဒါရိုက်တာ အဖိုးကြီးဟယ်ကဆို သောက်ရတာကြိုက်တယ်....မူးသွားရင်တော့ ငါ့ကိုဖက်ပြီးငိုရတာကြိုက်တယ်...ငါ့အဝတ်တွေမှာ မျက်ရည်တွေ နှပ်ရည်တွေ ကပ်လို့နေတာ...ဆယ်နှစ်ကျော်လောက်ထိကို အဲ့ဒီအတိုင်းပဲ "


ယွီနျန်က ပြုံးပြုံးလေးနှင့် သူမကျေမနပ်ပြောနေသည်ကို နားထောင်ပေးနေပြီး ရိုက်ကူးရေးစတူဒီယိုကို လျှောက်သွားရင်း ဖလောရင့်ဘရန်းလုပ်ဆောင်ချက်များအကြောင်း ပြောပြနေသည်။


"ရှင်တို့ရောက်နေကြပြီပဲ" 


ရှစ်ရော့က သူတို့ထက်စောစောရောက်နေ၍ ပုံမှန်အတိုင်း ယွီနျန့်ကို လတ်လတ်ဆတ်ဆတ်ညစ်ထားသည့် အသီးဖျော်ရည် ကမ်းပေးလာသည်။ သူက သီချင်းဆော့ဖ်ဝဲတစ်ခုကို ဖွင့်လိုက်ရင်း ပျော်ပျော်ရွှင်ရွှင်ပြောလာသည်


 " နျန်နျန် " အမှန်တရားပြောရန်" ရှိုးမှာ မင်းတီးပြီးဆိုထားတဲ့ သီချင်းလေ...သီချင်းတင်ပြီးတာနဲ့ ဒေါင်းလုတ်ဆွဲနှုန်းမြင့်လာတယ်...ဘယ်လောက်ရှိပြီလဲဆိုတော့ သီချင်းသစ်ဒေါင်းလုတ်စာရင်းကိုပါ ချိုးဖောက်နိုင်နေပြီ...ဖန်တွေကလည်း တစ်ကိုယ်တော်ထွက်ဖို့ ရှိနေမလားလို့ မေးနေကြတာ...သီချင်းနာမည်က ဘာတဲ့လဲ"


ယွီနျန်က ဖန်ခွက်ထဲက သစ်သီးဖျော်ရည်ကို တစ်ကျိုက်တည်းနှင့် များများသောက်လိုက်ပြီး မေးလိုက်သည်


 " ရိုက်ကူးရေးလုပ်နေတုန်းက ဒီသီချင်းကို ယာယီသဘောရေးထားတာပါ...အခု စာသားတွေကိုတောင် မမှတ်မိတော့ဘူး...အခု ပြန်ဆိုခိုင်းရင် ကျွန်တော် ဆိုနိုင်တော့မှာမဟုတ်ဘူ...သီချင်းခေါင်းစဥ်က..."


သူက တစ်ခဏမျှ အကျပ်ရိုက်သွားပြီး " အမည်မဲ့လို့ ခေါ်ရင်ရော"


"ဟားဟား...အမည်မဲ့တဲ့လား နျန်နျန်ရေ မင်းက တာဝန်မယူတတ်လိုက်တာနော်"


 ရှစ်ရော့က ရယ်မောလိုက်သည်။ သူမက ယွီနျန်ကမ်းပေးလာသော ဖန်ခွက်လွတ်ကို ယူလိုက်ရင်း ချီကျူးလာ၏


 " ဒါပေမယ့် ရိုးရိုးသားသားပြောရရင် အစ်မ ဒီသီချင်းကို ပိုနားထောင်လေလေ ပိုနားထောင်လို့ ကောင်းလာလေလေပဲ ...မနေ့ညက အိပ်ရာမဝင်ခင်ကတောင် မအိပ်ခင်လေး တစ်ခါလောက် နားထောင်မယ်လုပ်တာ ခဏခဏပြန်နားထောင်ကြည့်နေမိမယ်လို့ မထင်ထားခဲ့ဘူး...မနက်အိပ်ရာထလို့ သွားတိုက်နေတုန်းကလည်း အဲ့ဒီသီချင်းပဲ ညည်းနေမိတာ"


မုန်ွမ်က ယွီနျန့်ကို ပိုချီးကျူးလိုက်သည်


 " ရော့ရော့ မင်းရဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းနဲ့သာဆို ယွီနျန့်epထဲက သီချင်းတွေနားထောင်လို့ကတော့ တစ်ညလုံးများနေမလားပဲ"


ယွီနျန်က အပြုံးလေးနှင့် ဖြတ်ပြောလာသည် 


"ကျွန်တော့်မှာ ဘယ်နေရာကများ ချဲ့ကားပြောစရာရှိလို့ပါလိမ့်...သီချင်းက ရိုက်ကူးရေးတောင်မလုပ်ရသေးဘူးဆိုတော့လည်း ကျွန်တော်လည်း နောက်ဆုံးဘယ်လိုဖြစ်မလဲ မသိဘူးရယ်"


" နိမ့်ချလို့သာနေလိုက်...ထုတ်လုပ်ရေးဆရာရောက်လာရင် သီချင်းအတွက် ရိုက်ကူးရေးစလုပ်လို့ရပြီလေ...သီချင်းအတွက် တူရိယာသံတွေရော အကုန်ပါပြီးသားဆိုတော့ မင်းက သီချင်းကို တိုက်ရိုက်အသံသွင်းလိုက်ရုံပဲ...အလယ်လောက်မှ တစ်ခုခုမကျေနပ်ဘူးဆိုရင် ထုတ်လုပ်ရေးဆရာကို တိုက်ရိုက်သာပြောလိုက်....မင်းက သီချင်းကို ကိုယ်တိုင်ရေးထားတာဆိုတော့ မင်းမှာ လုပ်ပိုင်ခွင့်ရှိတယ်"


ယွီနျန် " ဟုတ်ကဲ့ ကျွန်တော် သိပါပြီ"


မုန့်ယွမ်က အချိန်ဇယားကို ကြည့်လိုက်သည်


 " ဒါဖြင့် ငါ နားပူနားဆာလုပ်နေတာကို ရပ်လိုက်တော့မယ်...နောက်ပိုင်း တွေ့ဆုံပွဲတစ်ခုသွားရမှာမို့ မင်းနဲ့အတူရှိနေတော့မှာမဟုတ်ဘူး" 


သူက ရှစ်ရော့ကို ထပ်ကြည့်လိုက်ရင်း" ကိစ္စတိုင်းကို သေချာအာရုံစိုက်နော်"


" ဟုတ်ကဲ့ပါ အစ်ကိုမုန့် စိတ်မပူပါနဲ့"


ယွီနျန်က ကိစ္စတော်တော်များများလုပ်ရန် သူ့ကိုယ်သူ နစ်မြုပ်ထားစဥ် သူ့ကို အလွန်အမင်း အာရုံစိုက်ရသည်။ သူက ရိုက်ကူးရေးစတူဒီယိုတွင် တစ်ပတ်ကျော်ကျော်နေခဲ့သည်။ ထုတ်လုပ်သူဆရာနှင့် ညှိနှိုင်းပြီး ဂီတသံသွင်းခြင်းအထပ်ထပ်လုပ်နေရင်း တစ်ခါတစ်ရံ ညစာစားရန်ပင် မေ့နေခဲ့သည်။


သူက အေးဆေးဆေးနှင့် ခံယူချက်နည်းသည့် သူဖြစ်သည်။ ထို့ကြောင့် လူတိုင်းနှင့် ပြောဆိုဆက်ဆံနိုင်ပြီး သူနှင့်အလုပ်လုပ်သည့်သူများကလည်း ကောင်းကောင်းဆက်ဆံပေးကြသည်။ 


နားချိန်အတွင်း ဂီတာဆရာက ဂီတာအခြေခံသင်ပေးရန်အတွက် ယွီနျန့်ကို ဆွဲထားဆဲဖြစ်သည်။ ယွီနျန်ကလည်း စိတ်ဝင်စား၍ အလေးအနက်လိုက်လုပ်၏။


 နှစ်ရက်ကြာပြီးနောက် ရလဒ်ကောင်းထွက်လာ၍ ရှစ်ရော့ကို မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေးကိုတီးနေပုံကို ဗီဒီယိုရိုက်ထားရန် ပြောလိုက်ပြီး ဝေ့ပေါ်တွင်တင်လိုက်၍ လူစိတ်ဝင်စားမှုများလာသည်။


[ရုတ်တရက်ကြီး ဂစ်တာသင်ချင်လာသလိုပဲ...နျန်နျန်က ဂစ်တာကိုင်ပြီးသီချင်းဆိုနေတာ အရမ်းကြည့်ကောင်းတာပဲ...သူ့အပြုံးက အရမ်းသန့်စင်လွန်းလို့ ငါ့မှာ ခက်ခက်ခဲခဲ အသက်ရှူနေရတာ]


[ဟားဟားဟား နျန်နျန်က ဂီတာတီးသင်နေတာလား...ဒီမှိတ်တုတ်မှိတ်တုတ်ကြယ်ကလေးက နားထောင်လို့အရမ်းကောင်းတယ်...ကြိုးကိုညှိပြီးတီးနေတဲ့ လက်ချောင်းလေးတွေကလည်း ပြည့်ပြည့်လေးတွေ...ဒီလူက ဝေ့ပေါ်မှာ ပိုစ့်များများတင်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရက်တော်တော်ကြာသည်ထိ ဘာလှုပ်ရှားမှုမှမတွေ့ရဘူး...ဝမ်းနည်းသလိုခံစားရလို့ ငိုနေမိပြီ]


[နျန်နျန့်ကို ကြည့်ရတာက ငါ့ရဲ့ကွဲအက်နေတဲ့နှလုံးသားလေးကို ဖာထေးလိုက်တာပဲ ငါ သူ့ကိုအရင်ကတည်းက ကြိုက်တာ ...ဒါတွေအကုန်လုံးက ဘယ်လိုလုပ်ပြီး အတုအယောင်တွေဖြစ်မှာလဲ...ငါမယုံဘူး]


ယွီနျန်က ဝေ့ပေါ်တွင် ပိုစ့်တင်ပြီးနောက် ခပ်ဆင်ဆင်ကောမန့်များတွေ့လိုက်ရ၍ ရှစ်ရော့ကို မေးလိုက်သည်


 "ဘာဖြစ်ထားတာလဲ"


ရှစ်ရော့က ရေပန်းစားနေသော ရှာဖွေမှုနှုန်းကို စစ်ဆေးကြည့်နေသည်နှင့် ကြုံသွား၍ ခပ်သွက်သွက်ပြန်ဖြေလာသည်


 " ဟုတ်တယ် နျန်နျန်...မင်း လီယင်းကို သိလား"


ယွီနျန်က ခေါင်းညိမ့်ပြလိုက်သည် " ဟုတ်...ကျွန်တော် သူ့ရဲ့ " ကျွန်တော်ချစ်သော တစ်ယောက်သောသူ" သီချင်းကို ကြားဖူးတယ်"


"သူပဲ...'ကျွန်တော်ချစ်သော တစ်ယောက်သောသူ' က အရမ်းနာမည်ကြီးတာ အစ်မတောင် ကေတီဗွီမှာ သွားသွားဆိုနေကျ....သူ့ပွဲဦးထွက်လာကတည်းက သူက တီထွင်ဖန်တီးပြီးလုပ်ရတဲ့ လမ်းကြောင်းနောက် လိုက်ခဲ့တာလေ...ဒီနေ့မနက်မှာ သတင်းတက်လာတာ သူ့နာမည်နဲ့လုပ်ထားတဲ့ သီချင်းတွေ ဂီတအလုပ်တွေက တခြားသူရေးပေးထားတာတဲ့လေ"


ယွီနျန်က အံ့အားသင့်သွားရသည် " အယောင်ပြရေးတာပေါ့"


"ဟုတ်တယ်....အယောင်ပြရေးတာ"


 ရှစ်ရော့က ရှင်းပြလာသည် 

" တကယ်တမ်းမှာ ဒီနယ်ပယ်မှာ ဒီလိုကိစ္စမျိုးက တွေ့နေကျပါပဲ...လူထုကို ထိုးဖောက်ပြီး သတင်းပြန့်စေဖို့ ကုမ္ပဏီဘက်က သီချင်းစာသားတွေဝယ်ပြီး အနုပညာရှင်နာမည်နဲ့ ချက်ချင်းနာမည်တပ်လိုက်တယ်...မူရင်းရေးတဲ့သူနဲ့လည်း သဘောတူစာချုပ်ချုပ်ပြီးသား...ဒါပေမယ့် ဒီနည်းလမ်းက စွန့်စားလွန်းရာကျပြီး ကျင့်ဝတ်တွေနဲ့မညီဘူးလေ...အခုတစ်ကြိမ်လိုမျိုးပေါ့"


ရှစ်ရော့က ဖုန်းကို ညွှန်ပြလာသည်

 " လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လီယင်းအတွက် သီချင်းရေးပေးနေကျအဖွဲ့က လီယင်းက နာမည်ကြီးပေမယ့် သူတို့ကို ပိုက်ဆံနည်းနည်းပဲပေးလို့ ဒီကိစ္စကို ချပြလိုက်တာပဲ"


ယွီနျန့်ကို ဂီတာတီးသင်ပေးသည့်ဆရာလည်း hot searchများ လှန်လှောကြည့်နေရင်း သူတို့နှင့်အတူတူရှိနေသည်။ 

သူက ပြောလာသည် " တကယ်တမ်းကျ သီချင်းတွေ စာသားတွေ လီယင်းကိုယ်တိုင်ရေးတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူးဆိုပြီး ကောလဟာလရှိဖူးတယ်...သုံးလို့တော့မရပေမယ့် တကယ်ကြီး သူ့နောက်မှာ သီချင်းရေးပေးနေတဲ့ အဖွဲ့ရှိနေတာကိုး....လူတွေများတော့ ဖော်ထုတ်လာတာတွေက အများကြီးပဲ"


"ကျွန်မလည်း အဲ့ဒီလို ထင်တယ်" 


ဇာတ်လမ်းတစ်ပုဒ်လုံးကို နားထောင်ပြီးနောက် ရှစ်ရော့က သက်ပြင်းချလိုက်ရင်း " အခုဆို လီယင်းဖန်တွေက လွန်ခဲ့တဲ့နှစ်တွေက သူတို့အရူးလုပ်ခံခဲ့ရတာပဲ ဆိုပြီး ပွက်လောရိုက်နေကြပြီ...တချို့သစ္စာရှိဖန်တွေက မယုံကြပေမယ့် အဖွဲ့ဘက်က သူတို့ကြုံခဲ့ရသမျှ အကုန်ဖော်ထုတ်နေကြတာဆိုတော့ ၁၀၀ရာခိုင်နှုန်း ကိစ္စကြီးနေပြီ...အခု လီယင်း ဘယ်လိုပြန်ဖြေလာမလဲဆိုတဲ့အပေါ်မှာပဲ မူတည်နေတယ်"


ဖျော်ဖြေရေးနယ်ပယ်တွင် ကိစ္စသေးသေးလေးများလိုက်လာ၍ ကိစ္စကြီးများဖြစ်လာပြီး နေ့တိုင်း အနားရသည်မရှိပေ။ ထိုကိစ္စကို ကြည့်ပြီးသွားပြီးနောက် လူများက အာရုံစိုက်မနေကြတော့ပဲ epအတွက် အလုပ်ဆက်လုပ်ကြသည်။ သုံးလေးနာရီကြာပြီးနောက် ရှစ်ရော့က နေ့လည်စာစားနေချိန်အတွင်း အကြောင်းရာတစ်ခုပြောလာသည်။ လီယင်းက တောင်းပန်သည့်ပိုစ့်တစ်ခု တင်ခဲ့သော်လည်း သူလှည့်ပြန်သွားသည့်အချိန် ဖန်များနှင့် ဖန်ကနေBlack fanဖြစ်သွားသည့် ဖြတ်သွားဖြတ်လာများက အပြစ်တင်ကြိမ်းမောင်းကြ၍ ထိုကိစ္စက hot searchထိ နာမည်ကြီးသွားကြောင်း ပြောနေသည်။


မူလက ဤကိစ္စမှာ ဤနေရာတွင်ပင် ရပ်သွားသင့်သော်လည်း နောက်ဆက်တွဲရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ 


"သတင်းဌာနဘက်က ထုတ်ပြန်လာတာက လီယင်းနာမည်နဲ့ သီချင်းရေးပေးနေတဲ့သူက ယောင်ယန်ဆိုတဲ့သူတဲ့ လေးယောက်အဖွဲ့မှာ တေးသွားရေးတဲ့သူဖြစ်ပြီးတော့ တစ်ခါတစ်ရံ စာသားရေးတယ်...'ကျွန်တော်ချစ်သော တစ်ယောက်သောသူ'က သူရေးတာလေ...သူက တကယ်ပါရမီရှိတယ်...စျေးနှုန်းကို အဆများများမြင့်ထားပြီးတော့ လီယင်းကလည်း သဘောတူခဲ့တယ်...အခုတစ်ခေါက်က ယောင်ယန်က ထပ်ပြီးစျေးပိုတောင်းလို့ လီယင်းကလည်း စျေးမြင့်လွန်းတယ်ဆိုပြီး သဘောမတူဘူးလေ...အဲ့လိုနဲ့ နှစ်ဖက်ကွဲသွားတာ"


ရုံးခန်းထဲတွင် မုန့်ယွမ်က ကော်ဖီပူပူလေးတစ်ခွက် ကိုင်ထားလေသည်။ သူက တစ်ချက်မှုတ်လိုက်ရင်း ဆက်ပြောသည် 


" လီယင်းရဲ့အယောင်ပြရေးတဲ့ကိစ္စထွက်လာပြီးတော့ ဖြတ်သွားဖြတ်လာတွေက ယောင်ယန့်ကို ဖျော်ဖြေးရေးနယ်ပယ်ရဲ့ အရုပ်ဆိုးတဲ့ဘက်ခြမ်းကို ဖော်ထုတ်ခဲ့လို့ ကောင်းကောင်းလုပ်ခဲ့တယ်ဆိုပြီး ချီးကျူးနေကြတယ်....ဒီလောက်ရက်နည်းနည်းလေးနဲ့ သူက ဖန်တွေရာထောင်ချီရနေပြီ"


ယွီနျန်က တစ်မနက်လုံး သီချင်းလေ့ကျင့်နေရ၍ လည်ချောင်းစိုစွတ်သွားစေရန် လက်ဖက်ရည်တစ်ငုံသောက်လိုက်သည် 


" ပြီးတော့ရော"


"ငါတော့ သူက ရည်မှန်းချက်ကြီးတဲ့သူလို့ တွက်မိတယ်...သူက စင်နောက်မှာပဲ အချိန်အကြာကြီးနေနေရတော့ အဆိုတော် သီချင်းရေးသူအနေနဲ့ စင်ပေါ်ရပ်ချင်နေပြီလေ...သူက ပိုက်ဆံမလောက်ဘူးထင်လို့ လီယင်းနာမည်သုံးပြီး သူ့ကိုယ်သူအတွက် နာမည်တစ်ခုလုပ်ချင်တာလည်း ဖြစ်နိုင်တယ်...ဒါပေမယ့် လီယင်းက နာမည်မကြီးတော့ဘူးလေ...လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်ကတည်းက နာမည်ကျသွားပြီဆိုတော့ အိမ်တစ်လုံးရှာပြီး ဆက်ကြော်နေရမှာပဲ"


မုန့်ယွမ်က သူ့ကော်ဖီကို တစ်သုံသောက်လိုက်ရင်း ဖုန်းဖွင့်ပြီး ယွီနျန့်ကို ကမ်းပေးလာသည်


 " ဒီလူက စည်းမျဥ်းတွေအကြောင်း ကောင်းကောင်းသိတယ်...သူ့စကားလုံးတွေက မရှင်းမလင်းနဲ့မို့ လူတွေကလည်း ခန့်မှန်းနေကြတာပေါ့..သူပြောတာကို ကြည့်လိုက် 'လတ်တလောမှ နာမည်ကြီးလာတဲ့ တက်သစ်စအဆိုတော်လေးတွေကို ပါရမီပါတဲ့သူဆိုပြီး ထင်ကြေးပေးနေကြတယ်...ဒါပေမယ့် ငါ့လိုမျိုး ကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်ကို အမှန်အတိုင်းချမပြနိုင်ပဲ စင်နောက်မှာနေနေရတဲ့သူမျိုးတွေ ရှိနေမလားတော့ မသိဘူး' တဲ့လေ"


ရှစ်ရော့က မေးထောက်လိုက်ရင်း " အစ်ကိုမုန့်...အစ်ကိုမုန့်ရဲ့ မှန်းချက်က တကယ်အားပြင်းတာပဲ...ဒီဝေ့ပေါ်ပိုစ့်က လူတော်တော်များများကို ရေထဲရောက်အောင် ဆွဲခေါ်သွားတာ...ပြီးတော့ နောက်ဆုံးပြောလိုက်တဲ့စကားကလည်း လူတွေရဲ့ သနားစိတ် တရားမျှတပေးချင်စိတ်ကို နှိုးဆွပေးလိမ့်မယ်"


မုန့်ယွမ်က စားပွဲခုံပေါ် တတောက်တောက်ခေါက်လိုက်ရင်း " အမှန်ပဲ...မျက်စိတစ်မှိတ်စာအတွင်း hot searchရောက်အုံးမှာ"


ယွီနျန်က ထိုဝေ့ပေါ်ပေါ်မှ ကောမန့်များကို လှန်လှောကြည့်လိုက်ရင်း ပြောစရာဖြစ်မည့်အရာတိုင်းကို ရှာလိုက်သည်။ 


[မစ္စတာယောင်က အချိန်အကြာကြီး အယောင်ပြရေးခဲ့ရတာ...မင်းတို့ အတွင်းပိုင်းဇာတ်လမ်းတစ်ချို့ကို သိကြတယ်မို့လား...ဒါပေမယ့် အကြောင်းပြချက်တစ်ချို့ကြောင့် မင်းတို့ မပြောနိုင်ဘူးလေ...ကျေးဇူးပြုပြီး သတင်းအပုပ်တွေ တက်လာပေးပါ ...ငါတို့ အားပေးနေမယ်]


[လတ်တလော နာမည်ကြီးလာတဲ့ တက်သစ်စအဆိုတော်လေးတွေ...ဟုတ်လား...လင်းရှန်း ဟယ်ကျွင်းယွီ ကျောက်ကျင်းနဲ့ အိုးရန်ယွီတို့ကိုလည်း ထည့်တွက်ရမှာပေါ့...ထပ်တိုးဖို့ လူတွေစောင့်နေပါတယ်နော်...အို့...ဒါပေမယ့် ဒီလူတွေထဲမှာ ဘယ်တစ်ယောက်က လှည့်စားထားတဲ့သူလဲ...ဆရာယောင်က ကြီးကြီးမားမားတစ်ခုခု လုပ်ချင်နေတာလား]


[နျန်နျန့်ကို လွှတ်ထားပေးကြပါ...ငါတို့က သဘောတူမှာမဟုတ်ဘူး...ဒါပေမယ့် နင်တို့က မကောင်းသတင်းနဲ့ စန်းပွင့်သွားချင်တယ်ဆို ဆက်သွားကြ]


[မြန်မြန်လုပ်ပြီး ချစ်စရာမင်ရှီလေးကိုလည်း ဖယ်ထားပေးလိုက်ကြ...အစကတည်းက သူ့ဘာသူ စေတနာဗလပွနဲ့ သီချင်းထုတ်ရောင်းတာလေ အခုမှ စျေးညှိလို့မရတော့ မျက်ရည်ခံထိုးပြီး သနားစရာလေးလုပ်ပြနဲ့ အမှန်တရားလက်ကိုင်ထားပြီး အမှောင်ဘက်ခြမ်းကို ဖော်ထုတ်ပေးသူကြီးပေါ့...သူလည်း ဘာထူးလဲ...လီယင်းနဲ့ယှဥ်လိုက်ရင် သူလည်း ဘာမှမကွာဘူး]

 

အင်တာနက်တစ်ခွင် မုန်တိုင်းထန်နေသော်လည်း ယွီနျန့်ထံ မီးစလာမမှန်ချေ။ သူ့ကိုယ်သူ သီချင်းအတွက် အသံသွင်းရာတွင်သာ စိတ်နှစ်ထားလေသည်။ သူကိုယ်တိုင်ရော ကုမ္ပဏီအတွက်ရော ပထမဆုံးepအတွက် များစွာမျှော်လင့်ထား၍ အလုပ်အဖွဲ့က ဖိအားများလေသည်။ ရလဒ်အနေနှင့် သီချင်းအတွက် အသံသွင်းခြင်းက တစ်စတစ်စ အဆုံးသတ်နောက်ကျလာသည်။ နှစ်ညဆက်တိုက် ယွီနျန်မှာ မနက်စောစောမှ အိမ်ပြန်ရသည်။


ကားတံခါးပိတ်လိုက်ပြီးနောက် ယွီနျန်က ရှစ်ရော့ကို နှုတ်ဆက်လိုက်သည်။ ကားမောင်းသွားသည်ကို ကြည့်လိုက်ပြီးမှ ကွန်ကရစ်ဘောင်ပေါ်ခြေချလိုက်ရင်း လူရှင်းနေသော လမ်းမကြီးဘက်သို့ သတိလက်လွတ်ကြည့်လိုက်မိ၏။


သူအသိဝင်လာမှ ယွီနျန်က အိပ်ကပ်ထဲလက်ထည့်လိုက်ရင်း ခေါင်းငုံ့ပြီး ပြုံးလိုက်သည်။


သူဘာတွေများ မျှော်လင့်နေတာလဲ။


ဓါတ်လှေကားထဲဝင်လိုက်ပြီးနောက် ယွီနျန်က ရှစ်ရော့ကို လမ်းတွင်ဂရုစိုက်ရန် မက်ဆေ့ချ်ပို့လိုက်သည်။ ဖုန်းသိမ်းလိုက်ရင်း ဓါတ်လှေကားတံခါးအပြင်ဘက်သို့ ခြေချလိုက်ပြီး ထောင့်စွန်းနားထိ လမ်းလျှောက်သွားစဥ် ချက်ချင်းခြေလှမ်းရပ်မိသွားသည်။


မီခိုးရောင်တောက်တောက် ဆိပ်မွေးကုတ်အင်္ကျီရှည်ဝတ်ဆင်ထားပြီး သူ့အိမ်တံခါးကို မှီပြီးရပ်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရ၍ ယွီနျန်မှာ အံ့အားသင့်သွားရသည် 


" ရွှယ်ယုံလား...ဘာလို့ ဒီရောက်နေတာလဲ" သူက ပြောနေရင်း သူ့ဆီလျှောက်သွားလိုက်ချိန် ရွှယ်ယုံက မျက်နှာဖျော့ဖျော့နှင့် ခေါင်းငိုက်စိုက်နေသည်ကို တွေ့လိုက်ရသည်။သူ့နှုတ်ခမ်းများက သွေးရောင်ကင်းမဲ့နေပြီး တစ်ခုခုထိန်းချုပ်ထားရဟန် နာဖူးပြင်တွင်လည်း ချွေးအေးတို့ထွက်နေသည်။


"ခင်ဗျား..."


နောက်ထပ်အသံတစ်ခု ထွက်မလာမီ ယွီနျန့်ကို ရွှယ်ယုံက လက်တစ်ဖက်တည်းနှင့်ပွေ့ဖက်လာခဲ့ပြီး သူ့နားရွက်ဘေးမှ ရွှယ်ယုံ၏ သြရှရှထိန်းချုပ်ထားနေရသည့်အသံက ရောက်လာသည် 


" နျန်နျန်...ကိုယ် ခေါင်းကိုက်နေတယ်"