အပိုင်း ၅၆
Viewers 10k

Chapter 56



တင်ဆက်သူက သက်ပြင်းကျယ်ကျယ်ချလိုက်ရင်း " အို့...ဘာလို့များ အရမ်းအေးနေသလို ခံစားရပါလိမ့်"


မျက်မှန်တပ်ထားသည့် အမျိုးသမီးဧည်သည်တစ်ဦးက ခေါင်းညိမ့်ရင်း ပြောပြလာသည်


 " ဟုတ်တယ်...ကျွန်မလည်း အီကွေတာကို တစ်စက္ကန့်တွင်းရောက်ပြီး နောက်တစ်စက္ကန့်မှာ တောင်ဝင်ရိုးစွန်းကျော်လိုက်ရသလို ခံစားမိတယ်"


သူမက ထပ်မေးလာသည် 


" ဟေ့...ကျွန်မကိုပြော ရှင်တို့နှစ်ယောက် စင်နောက်မှာကတည်းက တိုင်ပင်ထားကြတာမို့လား...ဥပမာ ရယ်စရာပြောပြီးလို့ ဘယ်သူမှမရယ်ရင် တစ်ဖက်လူကို ကူရယ်ပေးမယ်ဆိုပြီးလေ"


ယွီနျန်က ခေါင်းခါပြလာသည်


 " မဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတယ်...ကျွန်တော်တို့ တင်ဆက်လို့ပြီးသွားချိန် တိတ်နေပြီးလက်ခုပ်သံမကြားရဘူးဆိုရင် တစ်ယောက်ကိုတစ်ယောက် လက်ခုပ်တီးချီူကျူးပေးမယ်ဆိုပြီးတော့လေ...မိုက်တယ်မို့လား"


စကားပြောပြီးသွားသည်နှင့် သူက ထပ်ပြီးတင်ဆက်လာသည်။


ထိုမြင်ကွင်းကိုကြည့်ပြီး ရယ်သံများထွက်လာ၏။


ရှားမင်ရှီလည်း အံ့အားသင့်သွားသည် " အခုလေးတင် ရယ်စရာပြောတာကျ မရယ်ကြဘူး...ဒါပေမယ့် အခုကျမှ ရယ်နေကြတယ်ပေါ့လေ....ကျွန်တော် ပျော်တယ်လို့ခံစားရတယ်"


ယွီနျန် "ဟုတ်တယ် အရမ်းပျော်တယ်"


တင်ဆက်သူက သူ့ရှေ့က ရွှေခေါင်းလောင်းလေးကို ယမ်းလိုက်ရင်း " အိုကေ...ရယ်စရာပြောတာတွေ ကျော်လိုက်ရအောင်...ဟင်း....အခု အင်တာဗျူးကြတာပေါ့...အရင်တုန်းကလည်း နှစ်ယောက်က "သဘာဝရဲ့သံစဥ်"မှာ အတူတူပါဖူးတယ်ဆိုတော့ ဆက်ဆံရေးအရမ်းကောင်းတယ်လို့ ပြောရမှာပေါ့...အခု မေးခွန်းတစ်ခုလာပြီ....ယွီနျန်နဲ့ရှားမင်ရှီ မင်းတို့နှစ်ယောက်မှာ ဘယ်သူပိုချောတယ်လို့ ထင်လဲ"


ယွီနျန်နှင့်ရှားမင်ရှီက တစ်သံတည်းထွက်လာသည် " ကျွန်တော်"


"ဒါဖြင့် ဘယ်သူပိုကောင်းလဲ"


"သူ"


"သူ"


"ဘယ်သူ ရုပ်ဆိုးလဲ"


"ကျွန်တော် မဟုတ်ဘူး"


"သူ"


မေးခွန်းဖြေပြီးနောက် ယွီနျန်က ရှားမင်ရှီဘက်ကြည့်လိုက်ရင်း " အိုကေ ငါတို့သူငယ်ချင်းဆက်ဆံရေးပြတ်ပြီ ဒီနေ့"


ရှားမင်ရှီက မေးပင့်လိုက်ရင်း " မင်း ပြတ်ချင်ပြတ်ပေါ့ ဘယ်သူဂရုစိုက်နေလို့လဲ" 


နောက်တစ်စက္ကန့်အတွင်း သူက လက်ဆန့်လာပြီး " အဲ....တစ်ယောက်အကြောင်းတစ်ယောက် ပြန်မိတ်ဆက်ရအောင်...ဟယ်လို ငါ့နာမည်က ရှားမင်ရှီပါ ...အဖေက ရှားယွမ်ဖြစ်ပြီးတော့ အမေက ကျောက်လန်ပါ"


ယွီနျန်က ရှားမင်ရှီလက်ကို ပြန်ဆွဲလိုက်ရင်း " ဟယ်လို...ငါ့နာမည်က ယွီနျန်ပါ ငါ့အမက ယွီချင်း...ငါတို့က ညီအစ်ကိုတွေဖြစ်ဖို့ ကံပါလာတာပဲ"


နှစ်ဦးသား အလွန်ချဲ့ကားပြီးလုပ်နေကြ၍ ကြည့်ရှုသူပရိသတ်ဘက်က ရယ်သံထွက်လာပြန်သည်။


တင်ဆက်သူကလည်း ရယ်မောလိုက်ရင်း ဧည့်သည်တစ်ယောက်က ဝင်ပြောလာသည်


 " ဇာတ်ညွှန်းထဲမှာ မစီစဥ်ထားပေမယ့် မင်းတို့နှစ်ယောက် ဖုန်းပြောကြည့်ရင်ရော"


ရှားမင်ရှီက မေးလာသည် " ကျွန်တော့မိဘတွေနဲ့ ယွီနျန့်အစ်မကို ခေါ်ရမှာလား"


တင်ဆက်သူက လိုက်ပြောလာသည် 


" ဟုတ်တယ် ဟုတ်တယ် မင်းတို့နှစ်ယောက် အဲ့တာအဆင်ပြေတယ်လို့ ထင်တယ်မို့လား"


ယွီနျန်နှင့်ရှားမင်ရှီတို့ကလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရင်း "ရတယ်လေ"


စပီကာဖွင့်လိုက်ရင်း ရှားမင်ရှီက အရင်ဆုံးခေါ်လိုက်ပြီး သုံးကြိမ်မြည်ပြီးသွားသည်နှင့် တစ်ဖက်ကကိုင်လာသည်။ တစ်ဖက်က အေးအေးဆေးဆေးယောကျ်ားသံထွက်လာပြီး မြန်မြန်ဆန်ဆန်ပြောလာသည်


 " ငါ မင်းအမေနဲ့ ပြောစရာရှိသေးတယ်...ဒါကြောင့် မင်းအဖေက အလုပ်များနေတာ...ငါ ချလိုက်တော့မယ် ထပ်ခေါ်လာရင် ဖြေနေမှာမဟုတ်တော့ဘူး"


ရှားမင်ရှီက တွေတွေဝေဝေနှင့် " ကောင်းပြီလေ...ကျွန်တော့်အမေကို ခေါ်လိုက်ရင်ရော"


တင်ဆက်သူက ခေါင်းညိမ့်ပြလာသည် " ဟုတ်ပြီဟုတ်ပြီ"


ဖုန်းထပ်ခေါ်လိုက်ရာ တစ်ကြိမ်မြည်ပြီးသည်နှင့် ဖြေလာသည် " မေမေ သားအဖေနဲ့ ပြောစရာရှိနေလို့ အလုပ်များနေတာ နောက်မှပြောရအောင်နော် မေ့သားလေး"


ထပ်ပြီးဖုန်းကျသွား၍ ရှားမင်ရှီက လှည့်လာပြီး ယွီနျန့်ပုခုံးပေါ်ခေါင်းမှီထားရင်း အချည်းနှီးဖြစ်သွားသည့်နှယ် ပြောလာသည်


 " အိုကေလေ...ဘယ်သူမှ ငါ့ကိုဂရုမစိုက်ကြဘူး နှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့အကြောင်းရာကတော့ ဒီနေ့ ဖော်ထုတ်ခံလိုက်ရပြီပေါ့"


တင်ဆက်သူက ရုတ်တရက် ကျယ်ကျယ်လောင်လောင်ရယ်မောလိုက်သည်။


ယွီနျန့်အလှည့်ရောက်ပြီဖြစ်သည်။ ယွီနျန်က ယွီချင်းဖုန်းကိုခေါ်လိုက်ရာ ခုနစ်ကြိမ်ရှစ်ကြိမ်မြည်ပြီးနောက် တစ်ဖက်က ဖြေလာသည်။ သို့သော်လည်း ယွီနျန်က မပြောလိုက်မီ ယွီချင်းအသံက အရင်ဆုံးထွက်လာပြီး စိတ်ညစ်နေသည့်ပုံစံနှင့် " ရှုရှန့်လန်က ဒီနေ့ ငါ့ကို NGဆယ့်တစ်ခါတောင် ပေးတာ...ဒါ နင်ငါ့အတွက်လုပ်ပေးထားတဲ့ အချဥ်ရည်ဗူးကို ဖွက်ထားပြီးသူ့ကိုမမျှပေးလို့ တဲ့လေ...ဒီသေတော့မယ့်မိန်းမပျိုလေးက ထပ်ပြီးအပြန်ပြန်မရိုက်နိုင်တော့ဘူး ...ရိုက်ချင်စရာ...ငါတော့.."

 

ယွီနျန်က ဖြတ်ပြောလိုက်ရသည် "အစ်မ...အစ်မတော့ ခေါင်းကြီးပိုင်းထိရောက်သွားနိုင်တယ်ဗျ"


ယွီချင်းက ချက်ချင်းပြန်မေးလာသည် " မင်း ပရိုဂရမ်ရိုက်ကူးရေးရှိတာလား" နှစ်စက္ကန့်ကြာပြီးနောက် သူမအသံက ပုံမှန်ပြန်ဖြစ်သွားပြီး နူးနူးညံ့ညံ့လေးပြောလာသည် 


" မင်္ဂလာပါ လူကြီးမင်းများရှင့်...ယွီချင်းဖြစ်ပါတယ် ခုနက ဘာမှတော့မဖြစ်သွားကြဘူးမို့လား...ကျွန်မက ငယ်သေးလို့ ဂရုစိုက်ပေးကြပါအုံးနော် နှုတ်ဆက်ပါတယ်"


ပြောပြီးသွားသည်နှင့် ဖုန်းကျသွားလေသည်။


တင်ဆက်သူက ခေါင်းငုံ့ရင်း လည်စီးကို ဖြောင့်ဖြောင့်ပြန်စီးလိုက်ရင်း ကင်မရာဘက်လှည့်ပြီး တည်တည်ငြိမ်ငြိမ်ပြောလာသည်


 " ဟုတ်ကဲ့...ကျွန်တော် သေချာသွားပါပြီ ဒီအပိုင်းလွှင့်ပြီးလို့ ကျွန်တော်တို့ရှိုးက နာမည်မကြီးသွားဘူးဆိုရင် ကျွန်တော် မိုက်စားပြပြီး လိုက်ဖ်လွှင့်ပါမယ်ဗျာ"


ဤမှန်းချက်က မှန်သွားသည်။ တနင်္ဂနွေညတွင် "အမှန်တရားပြောရန်" အစီအစဥ်၏နောက်ဆုံးအပိုင်းလွှင့်ပြီးနောက် ခေါင်းစဥ်များစွာနှင့်နာမည်ကြီးလာသည်။


[#ရှားမင်ရှီကို ဘယ်သူမှဂရုမစိုက်ကြဘူး# ဟားဟားဟား ဘိုးဘွားဖန်တွေကတော့ အရူးလိုရယ်နေကြတော့မှာ...ရှားမင်ရှီအတွက် နှလုံးသားလေးတောင် နာကျင်လာပြီ....ဒီလိုမိဘမျိုးနဲ့တွေ့ရတာ အရမ်းသနားစရာကောင်းတာပဲ...သူ့ခေါင်းလေးကိုပုတ်ပေးဖို့ ငါရောက်လာပြီ...ဒါပေမယ့် ရှားယွမ်ရဲ့နောက်ဆုံးပြောလိုက်တဲ့စကားက အရမ်းရယ်ရတာပဲ ဟားဟားဟား]


[#ယွီချင်းရဲ့ရိုက်ချက်# ဟားဟားဟား အချဥ်ရည်ပုလင်းက လူထုထိပါ ခလုတ်တိုက်သွားတာပဲ...အစ်မချင်းက တစ်စက္ကန့်အတွင်း နူးညံ့သွားတာ သေးထွက်အောင်ရယ်ရချက်...ဖုံးကွယ်မထားပါနဲ့ အရင်တုန်းက ငါးဆားနူးတစ်ကောင်ကို ဆေးရုံရောက်အောင် ပစ်ထည့်လိုက်တဲ့ အစ်မရဲ့သူရဲကောင်းဆန်ဆန်အပြုအမူကို ဖန်အဟောင်းတွေက ဘယ်သိပါ့မလဲနော်]


[#ယွီနျန် ရှားမင်ရှီ# သေးထွက်အောင်ရယ်ရချက်...အေးစက်စက်ဟာသစုံတွဲလိုမျိုးက ပထမဆုံးလုပ်ဖူးတာဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက် အားပေးနေကြသေးတယ်...အဆိုးလေးတွေ ...ကြည့်ရတာပျော်စရာကောင်းတယ်]


[#ယွီနျန် အမှန်တရားပြောရန်# အား.... နျန်နျန်ကို ရှိုးများများသွားပေးဖို့ တောင်းဆိုပါတယ်...ဘုရားရေ...သူ့ရဲ့ စန္ဒယားတီးပြီးသီချင်းဆိုနေတဲ့ ပုံစံလေးက အရမ်းချစ်စရာကောင်းတာပဲ...ငါ အဲ့ဒါကို အကြိမ်ဘယ်လောက်မှန်းကိုမသိဘူး ခဏခဏပြန်ပြန်ရစ်ကြည့်နေတာ...မင်း CDစားပြီးများကြီးလာတာလား နျန်နျန်ရေ...မြင်ကွင်းထဲမှာ ကြည့်ရတာ အရမ်းကို တည်ငြိမ်နေတယ်...ပြီးတော့ အစ်မအတွက်လည်း အချဥ်ရည်လုပ်ပေးတတ်တာပဲလား...ကြိုးစားလိုက်တာ]


[#ယွီနျန် အမှန်တရားပြောရန်# ဘုရားရေ ဒါ ဘယ်လိုပါရမီမျိုးလဲ...ညီအစ်မတို့ သေချာနားထောင်ကြ...အဲ့ဒီဗွီဒီယိုထဲမှာ နျန်နျန်ဆိုပြီးတီးနေတဲ့သီချင်းက သူရေးထားတာနော်...နားထောင်လို့ကောင်းလွန်းလို့ ငိုမိတယ်...တစ်ကိုယ်တော်ထွက်ဖို့ တောင်းဆိုနေပါတယ်....ဝယ်ကိုဝယ်အုံးမှာ]


မုန့်ယွမ်က နာမည်ကြီးနေသော ခေါင်းစဥ်များကို ဖတ်ကြည့်ရင်း ဝမ်းပန်းတသာပြုံးလိုက်ရင်း " မဆိုးဘူး...အစကောင်းပဲ မင်းက ရှိုးတွေကို ကောင်းကောင်းနားလည်သားပဲ နျန်နျန်...ကြည့်ရတာ နောက်ပိုင်း ရှိုးတစ်ခုနှစ်ခုလောက်တောင် သွားရတော့မယ့်ပုံပဲ တကယ်တမ်းမှာ "အမှန်တရားပြောရန်" အစီအစဥ်ကို လွှင့်လိုက်တာနဲ့ မင်းက တစ်ညတည်းနဲ့ ဖန်၄သိန်း၅သိန်းလောက်ကို ရလာခဲ့တယ်...ဖန်အင်အားတော့ တော်တော်တောင့်တာပဲ"


ယွီနျန်က ပြုံးပြုံး ပြုံးပြုံးနှင့် မက်ဆေ့ချ်ဖတ်နေသည်ကို တွေ့လိုက်၍ မုန့်ယွမ်က သိနေသည့်ပုံစံနှင့် " ဟေ့...မင်း ၁၈၆နဲ့ စကားပြောနေတာလား"(


ယွီနျန်က ဖုန်းပိတ်လိုက်ရင်း အနေရခက်သွားဟန်ဖြစ်သွားသည် " အစ်ကိုမုန့် ဘယ်လိုသိတာလဲ"


" မင်းရဲ့အစ်ကိုမုန့် ငါက တော်တော်လေး အတွေ့ကြုံရှိတယ်လေ...မင်းပြုံးနေတာကို ကြည့်လိုက်ရုံနဲ့ တစ်ခုခုရှိနေမှန်း ပြောနိုင်တယ်"


 မုန့်ယွမ်က လက်ထဲက အချက်အလက်များကို ကမ်းပေးလိုက်ရင်း " ငါ မင်းကို ပြမယ်..ဖလောရင့်က လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ရောင်းအားကိုတွက်ပြတော့ ငါလန့်သွားတာဟေ့...တစ်စက္ကန့်အတွင်း နှုတ်ခမ်းနီအတောင့်တစ်ထောင်လောက် ရောင်းရပြီးတော့ အွန်လိုင်းပေါ်တင်လိုက်တာနဲ့ နာရီဝက်အတွင်း ၁မီလီယမ်ထပ်တိုးရောင်းလိုက်ရတယ်တဲ့ ....ကြော်ငြာထဲက မင်းဆွဲထားတဲ့ အရိပ်ပုံစံလေးက အရမ်းနာမည်ကြီးသွားပြီး ရောင်းကုန်သွားတာလေ....စုစုပေါင်းရောင်းအားက ၅၀၀၀ရာခိုင်နှုန်းလောက်ရှိမယ် မိုးထိမတတ်ပဲ"


ဘေးကနားထောင်နေသည့် ရှစ်ရော့ကလည်း အံ့သြနေသည် " ဒီအားနဲ့သာဆို ထောက်ခံချက်ကြော်ငြာတွေအတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့"


"ငါတို့ ကြော်ငြာတွေအတွက် စိတ်ပူစရာမလိုပေမယ့်အရည်အသွေးမြင့်ကြော်ငြာတွေအတွက် စိုးရိမ်စရာရှိသေးတယ်...နာမည်ကြီးအများစုက လမ်းကြောင်းအတိုင်းပဲ ရှိနေသေးတာမို့ သူတို့ထက်ပိုပြီး ငါတို့ စိတ်ရှည်ရှည်ထားရမယ်" ယွီနျန်က ခေါင်းငုံ့ရင်း စာပြန်ပို့နေသည်ကို တွေ့လိုက်ရ၍ မုန့်ယွမ်က သက်ပြင်းချလိုက်ရင်း " သားတစ်ယောက် အရွယ်ရောက်လာတဲ့အခါ စီစဥ်ပြီးလက်ထပ်ပေးသင့်တယ် မဟုတ်ရင် ရန်လုပ်လိမ့်မယ်" ၁[စိတ်ဝမ်းကွဲတာကို ပြောတာပါ]


ယွီနျန်က ပြုံးနေဆဲဖြစ်ပြီး စကားပြန်မလာ၍ မုန့်ယွမ်က ဆက်ပြီးမနှောင့်ယှက်တော့ပဲ စကားဆိုသည်


 " မင်းက စိတ်ပျော်နေတယ်ဆိုလည်း မနက်ဖြန်အတွက် စထားလိုက်တော့... epကိုပြင်ဆင်တဲ့နေရာမှာ မင်းကိုယ်တိုင်လည်း ပါဝင်ရတော့မှာ သီချင်းမူကြမ်းက ပြီးသွားပြီ မင်းကိုယ်တိုင်လည်း စီစဥ်ထားပြီးပြီဆိုတော့ မနက်ဖြန်မှာ အရန်အပုဒ်တွေအတွက် ရိုက်ကူးရေးရယ် တူရိယာတွေ တပ်ဆင်တာရယ် စလုပ်ရမှာ ပြဿနာမရှိဘူးမို့လား"


ယွီနျန်က ခေါင်းခါပြလာသည် " ပြဿနာမရှိပါဘူး"


သူက နှုတ်ခမ်းတင်းတင်းစေ့လိုက်ရင်း ထပ်ပြောလာသည် " ဒါဖြင့် ...ကျွန်တော် ဒီည ပြန်လို့ရပြီလား"


"၁၁နာရီထိုးတော့မှာမို့လား...နောက်ကျနေပြီလေ"


 မုန့်ယွမ်က မျက်လုံးမှေးကြည့်လိုက်ရင်း " ဒိတ်လား"


ယွီနျန်က ငြင်းလိုက်သည် " မဟုတ်ပါဘူး" 


သူက ဖုန်းကို ညွှန်ပြလာရင်း ပြောလာသည်


 " ကျွန်တော့်သူငယ်ချင်းတစ်ယောက်က သူမူးနေလို့ လာကြိုပေးနိုင်မလား ဆိုပြီး မက်ဆေ့ချ်ပို့ခဲ့လို့"


မုန့်ယွမ်က လက်ယမ်းပြလိုက်သည်

 " ဒါဖြင့် မြန်မြန်သွား လမ်းမှာဂရုစိုက်"


ကုမ္ပဏီမှ ကားပေးထားလေသည်။ ယွီနျန်က မမောင်းသေး၍ ကုမ္ပဏီ၏ကားဂိုဒေါင်ထဲတွင်သာ ပါကင်ထိုးထားသည်။ သူက မောင်းသူနေရာတွင် ထိုင်လိုက်ရင်း ဖုန်းဖွင့်ပြီး ရွှယ်ယုံ့ထံမှ မက်ဆေ့ချ်ကို ပြန်ဖတ်လိုက်သည်။ 


တစ်ဖက်လူက လူမှားပြီး မက်ဆေ့ချ်ပို့လိုက်သည်နှင့်တူသည်။ စကားအသွားအလာအရ ဒါရိုက်ဘာကို သတ်မှတ်ထားသောနေရာသို့ ၁၁နာရီမိနစ်၄၀တွင် သူ့ကိုလာကြိုပေးရန် မှာလိုက်ဟန်ရှိသော်လည်း အကြောင်းတစ်ချို့ကြောင့် မက်ဆေ့ချ်က သူ့ဆီရောက်လာသည်။ 


မှားသွားရင်လည်း အဆင်ပြေပါတယ်။


ယွီနျန်က ပြောထားသောနေရာသို့ ကားမောင်းသွားလိုက်ရင်း ဦးထုပ်ဆောင်းပြီး တိတ်တဆိတ်စောင့်နေသည်။ 


၁၁နာရီ ၄၂မိနစ်ခန့်တွင် လက်ထောက်နှင့်တူသည့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ကားတံခါးဖွင့်ပေးလိုက်ရင်း ရွှယ်ယုံ့ကို ကူပို့ပေးပြီး လိပ်စာကို တိုးတိုးပြောသွားကာ တံခါးပိတ်ပြီးထွက်သွားသည်။


ယွီနျန်က ထွက်သွားသော လက်ထောက်ကို ကြည့်လိုက်ရင်း ရွှယ်ယုံ့ကို ပြန်ကြည့်လိုက်သည်။ မျက်လုံးများပိတ်ထားပြီး မျက်နှာရဲရဲနှင့် အရက်နံ့လှိုင်လှိုင်ထွက်နေသည့်သူကြောင့် တစ်ဖက်လှည့်ခေါင်းစောင်းလိုက်ရင်း ရယ်လိုက်မိသည်။


မက်ဆေ့ချ်က အမှန်နှင့်တူသည်။


အနားကပ်ပြီး ရွှယ်ယုံ့ကို ထိုင်ခုံခါးပတ်ပတ်ပေးပြီးနောက် ယွီနျန်က စတီယာရင်ဘီးကို ကိုင်လိုက်ရင်း ကားပါကင်မှ ထွက်လာခဲ့သည်။ 


ရွှယ်ယုံက အမှန်တွင်ဖြင့် အရမ်းမူးနေသည်မဟုတ်။ ထိုင်ခုံအနောက်သို့ ခေါင်းမှီထားရင်း အမှောင်ထဲမှ ယွီနျန့်ပုံရိပ်ကို တိတ်တိတ်ခိုးကြည့်သည်။


ယွီနျန်က အရှေ့ဘက်ခရီးသည်ခုံမှ ရွှယ်ယုံ့ကို အာရုံစိုက်ကြည့်နေ၍ တစ်ဖက်လူက သူ့ကိုကြည့်နေမှန်း သိသွားသည်။ သူက သူ့ကို ကြည့်ခွင့်ပေးထားပြီး ခဏအကြာတွင် မေးလာသည် " နေရခက်လို့လား"


ရွှယ်ယုံက အနည်းငယ်အက်ရှသောအသံတိုးတိုးနှင့်ဖြေလာသည် " အင်း...နေရခက်တယ် မူးနောက်နေတာ"


ယွီနျန်က မျက်မှောင်ဖွဖွကြုပ်လိုက်ရင်း စိုးရိမ်သွားသည် "ဘာလို့ အများကြီးသောက်ရတာလဲ"


"သူတို့ အတင်းတိုက်တာ" 


စကားလုံးများက အကောင်အထည်ဖော်ပြမနိုင်သည့် မကျေနပ်သည့် အရိပ်အရောင်တို့ ပါနေသည်။


သူ့စိတ်ထဲ လေးလံနေ၍ ဖိသိပ်နေသော ဝမ်းနည်းမှုတို့က နှလုံးသားအောက်ခြေမှ တစ်ပွက်ပွက်ထလာသလို ခံစားရသည်။


သူ့အဖေထွက်သွားစဥ်က အလွန်ခက်ခဲခဲ့သည်။ သူက အငယ်ဖြစ်၍ သူ့ကိုထောက်ပံ့လမ်းပြပေးမည့် အကြီးများလည်း မရှိတော့ပေ။ အမှောင်ထဲမှ လူဘယ်လောက်များများ သူ့ကို စိုက်ကြည့်နေကြမှန်း မသိခဲ့။ ထိုနာမည်ကြီးလှသော ရာထူးကြီးသူများက သူ့ကို သောက်ခိုင်းလျှင်ပင် နောက်ရက် အစည်းအဝေးများရှိနေလျက်နှင့် လွှင့်မပစ်နိုင်ပဲ ဆက်သောက်နေရသည်။ 


ယခုတစ်ကြိမ်က တင်းကျောက်ရှန်ကိစ္စအတွက် အဓိကထားပြီး ဦးလေးချူက ညစာစားပွဲလုပ်ခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က သူက အပြင်လောကကြီးကို အေးစက်စက်နှင့် တည့်တိုးဆန်ဆန်ပြုမူခဲ့၍ ညစာစားပွဲတွင်လည်း သူသောက်ရမည့်ဝိုင်ကလွဲပြီး အတင်းတိုက်ခံရခြင်းမျိုးမရှိချေ။


သို့သော်လည်း ယွီနျန့်မျက်လုံးထဲတွင်ဖြင့် သူ့နှလုံးသားအောက်ခြေတွင် မြုပ်နှံထားသည့် ဝမ်းနည်းမှုနှင့် မကျေနပ်မှုတို့က ဂဟေဆက်ပြီး နည်းနည်းချင်း ပုံသွင်းနေကြောင်း မြင်မိသည်။


လမ်းမီးတိုင်အောက်မှ ယွီနျန်၏နွေးထွေးကြည်လင်နေသော မျက်လုံးများကို ကြည့်လိုက်ရင်း တစ်စက္ကန့်လေးဖြစ်ဖြစ် ဤလူ့ကို ချက်ချင်းဖက်ထားလိုက်ချင်မိသည်။