Chapter 81
မိတ်ကပ်ဖျက်ပြီးနောက် ယွီနျန်က ရှန်းယန် အနားယူသည့်အခန်းထဲသို့ ဝင်လာခဲ့သည်။ ထင်ထားသည့်အတိုင်း မတိုင်မီက အတူတကွ ရိုက်ကူးရေး လုပ်ခဲ့ကြသည့် ဝေလုနှင့် ဖန့်ရိရန်တို့လည်း ရှိနေကြသည်။ တုံ့ဆိုင်းခြင်းအလျဥ်းမရှိဘဲ သူထိုင်ချလိုက်သည်နှင့် တို့ဖူးပြားခြောက်ကင်ကို လှမ်းလိုက်ပြီး တစ်ကိုက်ကိုက်လိုက်ရာ ပူစပ်လွန်းလှသဖြင့် တဖူးဖူး ဖြစ်သွားရသည်။
ဝေလုက ယွီနျန် ဟန်ဆောင်ပန်ဆောင် လုပ်နေခြင်း မရှိသည်ကို မြင်သောအခါ အကင်တံကို ပြန်ချလိုက်ပြီး ပို၍ညင်သာသော လေသံဖြင့် ပြောလိုက်သည်။
"ရှောင်ယွီရေ... ငါ့သမီးက မင်း ရှိုးကို လာရိုက်မယ်မှန်း သိတော့ မင်းကို မေးခွန်းတစ်ခု မေးခိုင်းလိုက်တယ်"
ယွီနျန်က လက်ဖက်ရည်အေး တစ်ငုံ သောက်လိုက်ပြီးနောက် မြန်မြန် ပြန်ဖြေလိုက်သည်။
"ဘာများလဲ အစ်ကိုဝေ"
"မင်း ရဲ့မြို့ကို ပြန်သွားတော့လေ လေဆိပ်မှာ သားရေပျော့ ဘွတ်ဖိနပ်အတိုလေး စီးခဲ့သေးတယ်မလား... ငါ့သမီးကလည်း တူတဲ့တစ်စုံ ဝယ်ချင်နေတာလေ... ဒါပေမယ့် အွန်လိုင်းပေါ်မှာလည်း အရည်အသွေးညံ့တဲ့ အတုတွေတောင် ရောင်းကုန်သွားလို့တဲ့ကွ... မင်းကို ဘာတံဆိပ်လဲ မေးခိုင်းလိုက်တယ်... ဒါမှ သူလည်း လိုက်ဝယ်လို့ ရမှာလေ"
ရှန်းယန်လည်း ပြုံး၍ ဝင်ပြောလိုက်သည်။
"ဟုတ်တယ်ကွ... ငါတို့ရဲ့ အစီအစဥ်အဖွဲ့က မိန်းမငယ်လေး တစ်ယောက်ကလည်း မင်းကို အရမ်းသဘောကျနေတာလေ... သူလည်း အဲ့ဒီရှူးဖိနပ်တွေကို မျက်စိကျနေတယ်"
ယွီနျန် ပဟေဠိ ဖြစ်သွားလေသည်။
"ဒါပေမယ့် မိန်းကလေးတွေ ဝတ်လို့မရဘူးမလား"
ရှန်းယန်က ဘာဘီကျုးအကင်တံများကို လှည့်ကစားနေရင်း ပြောလိုက်သည်။ "သူတို့စကားအရဆို နျန်နျန်ကို မရရင်တောင်အနည်းဆုံးတော့ နျန်နျန့်ဖိနပ်ကို ရနိုင်သေးတယ်လေ"
လူတိုင်း ရယ်မောလိုက်ကြသည်။
"စတိုင်လစ်က ဖိနပ်ရွေးပေးခဲ့တာ... ကျွန်တော် တံဆိပ်မှတ်မိတယ်"
ယွီနျန်က တံဆိပ်နာမည်ကို မှတ်စုစာရွက်လေးပေါ်တွင် ရေးပေးလိုက်ပြီး ဝေလုထံ ကမ်းပေးလိုက်သည်။
သူ့ဘေးတွင် ထိုင်နေသော ဖန့်ရိရန်ကလည်း ကိုလာတစ်ငုံသောက်ကာ တဟားဟား ရယ်မောလိုက်သည်။
"နျန်နျန် မင်းအခုတလော ကြော်ငြာမင်းသားလေး ဖြစ်နေတာ သိလား... မင်းကို လေဆိပ်မှာ မြင်တဲ့အချိန်တိုင်း ဦးထုပ်ကနေ ခြေအိတ်အထိ အားလုံး ရောင်းအားအကောင်းဆုံး ဖြစ်လာတာပဲ... မင်းနဲ့ တွဲတွေ့လိုက်ရတဲ့ အချိုရည်နဲ့ ဒိန်ချဥ်ဘူးတွေတောင် ရောင်းအားအမြင့်ဆုံး ပစ္စည်းတွေ ဖြစ်လာတယ်"
ရှန်းယန် သိလိုစိတ် ဖြစ်သွားသည်
"ဒါတွေအကုန် ဘယ်လို သိလာတာလဲ... အစ်ကိုဖန့်"
ဖန့်ရိရန် သက်ပြင်းချလိုက်သည်။
"ကျွန်တော့်သားပါဗျာ... တစ်ချိန်လုံး 'ကျော့ရှင်းသော'နဲ့ 'တောင်တန်းပေါ်ကနှင်းစက်'ကို အော်ဆိုနေတာလေ... သူက အသံပြောင်းတဲ့ကာလရောက်နေတာတောင်မှဗျာ... သူ့အသံက အသံကြိုး ကွဲနေတဲ့ ဘဲတစ်ကောင်လို နားကို စူးနေတာပဲ"
လူတိုင်းက ထပ်ပြီး တဟားဟား ရယ်မောလိုက်ကြပြန်လေသည်။
သူတို့ကားထဲသို့ ရောက်သောအခါ ရှစ်ရော့က တီးတိုးပြောလာခဲ့သည်။
"နျန်နျန်... မင်းအထဲမှာ ဘာဘီကျူးစားနေတုန်းက... ဝေလုရဲ့ လက်ထောက်နဲ့ အစ်မတို့က တခြားအခန်းတစ်ခုမှာ ရှိနေခဲ့ကြတာလေ... သူတို့က..."
သူမက စကားရပ်သွားပြီး ဖော်ပြချက်တစ်ခု ရှာဖွေနေပုံပင်။
"သူတို့က အစ်မကို အရမ်း ဦးစားပေးနေကြတာ"
သူမက ထပ်ပြီး သက်ပြင်းချလိုက်ပြန်သည်။
"ဖျော်ဖြေရေးလောကက ဒီလို လက်တွေ့ကျတဲ့ နေရာမျိုးပဲနော်... မင်း လူသစ်လေး ဖြစ်နေတုန်းက အစ်မ တစ်ချိန်လုံး ဘေးနားမှာပဲ ဖုန်းကစားရင်း နေခဲ့ရတာ... ဘယ်သူမှ ဂရုမစိုက်ကြဘူး... ဒါပေမယ့် အခုတော့ အစ်မမှာ အလုပ်တွေများနေရော... ဖုန်းကစားဖို့ အချိန်တောင် မရှိတော့ဘူး"
ယွီနျန်မှာ သူမ၏ အလွန်အမင်း ချဲ့ကားပြောဆိုနေသော အသံအနေအထားကြောင့် တဟားဟား ရယ်လိုက်သည်။
"ဟုတ်ပါ့... ဒါ သေချာပေါက် အလုပ်ကြိုးစားမှုကြောင့်ပဲလေ"
“ဟုတ်ပါ့" ရှစ်ရော့က သူမ၏ လက်ချောင်းများကို ရေတွက်လိုက်သည်။
"သူတို့က မင်းရဲ့ အချိန်စာရင်းတွေ၊ လက်မှတ်ထိုးထားတဲ့ တံဆိပ်တွေ၊ ရိုက်ရမဲ့ ကြော်ငြာတွေ လာမေးနေကြတာ... အစ်မလည်း သူတို့ကို ယောင်ဝါးဝါးပဲ ဖြေလိုက်တာပေါ့... သူတို့က အစ်မကို အားလုံး ဖွင့်ချပြလောက်တဲ့အထိ တုံးတယ်များ ထင်နေလား"
ယွီနျန်တစ်ယောက် အလွန်အမင်း ပင်ပန်းနေပုံရသည်ကို မြင်သောအခါ ရှစ်ရော့က စကားမပြောတော့ဘဲ ကားထဲမှ အနွေးစက်ကို ဖွင့်ပေးခဲ့သည်။
"နျန်နျန်... ခဏလောက် အိပ်လိုက်... နာရီဝက်လောက် ပိုအိပ်နိုင်ရင် အိပ်လိုက်လေ... အခုတလော အရမ်းပင်ပန်းနေတာမလား"
ယွီနျန် ခေါင်းငြိမ့်ပြ၍ မျက်လုံးများ မှိတ်ထားလိုက်ပြီး စက္ကန့်ပိုင်းအတွင် အိပ်မောကျသွားလေသည်။
နောက်တစ်နေ့မနက်တွင် ခုနစ်နာရီ နည်းနည်းကျော်သွားသောအခါ ယွီနျန်မှာ အနည်းငယ် ယိုင်တိုင်တိုင် ဖြစ်နေချိန် ရှုရှန့်လန် ဖုန်းခေါ်လာပြီး "ရှေးဟောင်းလမ်းမ"၏ ရွှေထင်းရှူးဆုပေးပွဲ ဆန်ကာတင်ဝင်သည့်အကြောင်း ဆွေးနွေးလာခဲ့သည်။
“မင်းက ရုပ်ရှင်ထဲမှာ ဇာတ်ပို့လည်း ဖြစ်တဲ့အပြင် ပရိုမိုးရှင်းသီချင်းရဲ့ အဆိုတော်လည်း ဖြစ်၊ အဓိကဇာတ်ဝင်တေးရဲ့ ဖန်တီးသူလည်း ဟုတ်သေးတယ်လေ... မင်းလည်း အတူတူ ကော်ဇော်နီ လျှောက်ရမှာပေါ့"
ရှုရှန့်လန်က တီးတိုး ရယ်မောလိုက်လေသည်။
"ငါက အမြင်ကောင်း ရှိတယ်ကွ... မှန်မှန်ကန်ကန် လောင်းကြေးထပ်လိုက်နိုင်တယ်... အရင်က မင်းယိုယိုထက် ပိုပြီး ကျော်ကြားလာလိမ့်မယ်လို့ ပြောခဲ့သေးတယ်... အခုကြည့်စမ်း"
ယွီနျန် အိပ်ရာမှ ထလာပြီး လိုက်ကာများကို ဖွင့်လိုက်ရာ နေရောင်စူးစူးက ထိုးကျလာသဖြင့် မျက်လုံးမှေးထားလိုက်ရသည်။ သူပြုံး၍ ပြန်ဖြေလိုက်သည်။
"ဒီအခွင့်အရေး နှစ်ခုကို ပေးခဲ့လို့ ဒါရိုက်တာရှုကို ကျွန်တော် အမြဲတမ်း ကျေးဇူးတင်နေရတာပါ"
“ဒီလို တလေးတစား စကားလုံးတွေ မပြောစမ်းပါနဲ့ကွာ... မင်းကအခု မင်းကိုယ်ပိုင်အင်အားနဲ့ ခိုင်ခိုင်မာမာ ရပ်နိုင်နေပါပြီ... ပြီးတော့ ငါ့ရဲ့ လာမဲ့ ရုပ်ရှင်အတွက် မင်းသီချင်းကို ထည့်တွက်လိုက်ပြီ"
ယွီနျန် လက်ခံလိုက်သည်။ "ကျွန်တော်က ဂုဏ်ယူရမှာပါ"
အလုပ်ကိစ္စများအကြောင်း ဆွေးနွေးကြပြီးနောက် ရှုရှန့်လန်က မနေနိုင်ဘဲ အတင်းအဖျင်း ပြောချင်ဟန် ဖြစ်သွားသည်။
"နျန်နျန်... မင်းအဖေက ယွီဟယ်လို့ ငါကြားထားတယ်"
ယွီနျန် အတော်လေး အံ့သြထိတ်လန့်သွားသည်။
"ယွီဟယ်က ဘယ်သူလဲ"
ရှုရှန့်လန်က သူနားလည်မှု လွဲသွားကြောင်း သိလိုက်ရသဖြင့် ရယ်မောလိုက်သည်။
"အာ... အဲ့မှာ အသေအချာ ခွဲခြမ်းစိတ်ဖြာပြီး ရေးထားကြတာပဲ... ပြီးတော့ ငါတောင် ယုံမိတော့မလို့... ယွီဟယ်က သူ့ရဲ့အစောပိုင်းနှစ်တွေမှာ နိုင်ငံခြားကို အခြေချနေထိုင်ခဲ့တဲ့ စီးပွားရေးသမားတစ်ယောက်လေ... သူအခု နိုင်ငံရပ်ခြားမှာ နေနေတယ်... ဒါပါပဲ... မင်းအလုပ်များနေမှာပေါ့"
ယွီနျန်က မဲမှောင်သွားသော ဖုန်းမျက်နှာပြင်ကို ကြည့်ကာ တစ်ခဏမျှ တွေးလိုက်ပြီးနောက် အင်တာနက်ပေါ်တွင် ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ ရလဒ်များအားလုံး ကျလာခဲ့လေသည်။
အချို့က သူ့ကို လူချမ်းသာ မိသားစုတစ်စုက တရားမဝင်သားဟု ဆိုကြပြီး တရားမဝင်သားတစ်ယောက် ဖြစ်သည့်အတွက် မျိုးရိုးနာမည်ပြောင်းကာ ဖျော်ဖြေရေးလောကထဲ ဝင်ရောက်ရန် ဖြစ်တည်မှုအမှန်ကို ဖုံးကွယ်ထားခဲ့သည်ဟု ဆိုကြသည်။ အခြားသူများကမူ သူ့ဖခင်က သာမန်လူများ၏ ဘဝကို ကြုံတွေ့စေလိုသည့် ချမ်းသာသော တရုတ်စီးပွားရေးသမား ဖြစ်သဖြင့် တရုတ်တွင် တက္ကသိုလ်တက်ရန် သူတစ်ယောက်တည်း ပြန်လာခဲ့ခြင်း ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသည်။ သူ့ဖခင်က ရာထူးမြင့် အရာရှိကြီးတစ်ယောက်ဖြစ်ပြီး သံသယဖြစ်စရာများကို ရှောင်ရှားရန်အတွက် မိသားစုနောက်ခံကို ဖုံးကွယ်ထားခြင်း ဖြစ်မည်ဟုပင် ဆိုကြသေးသည်။ ခန့်မှန်းချက်တစ်ခုချင်းစီက အသေးစိတ်ကျကျ ခွဲခြမ်းစိတ်ဖြာမှုများ ပါဝင်နေသဖြင့် ၎င်းတို့ကို ဖတ်ပြီးနောက် ယွီနျန် ကိုယ်တိုင်ပင် ယုံမိလုနီးပါး ဖြစ်သွားသည်။
မုန့်ယွမ်ကို မြင်သောအခါ ယွီနျန်က ထိုကိစ္စကို ပြောပြလိုက်သည်။
"အစ်ကိုမုန့်... ဒီဆောင်းပါးတွေကို အစ်ကို့ရဲ့ အဖွဲ့ ပို့လိုက်တာလား"
"ဘယ်ကသာ... ငါတို့ မပို့ထားပါဘူး... မင်းက အခု အရမ်း နာမည်ကြီးနေတော့ အဲ့ဒီမားကတ်တင်းအကောင့်တွေက မင်းနောက်ကနေ လိုက်စီးပြီး မင်းရဲ့ ကျော်ကြားမှုကို လှမ်းချိတ်ချင်နေကြတာ... သူတို့က ထောင့်ပေါင်းစုံကနေ မင်းဆီ ရောက်လာလိမ့်မယ်... ပြီးရင် အရာအားလုံး ခွဲခြမ်း စိတ်ဖြာလိမ့်မယ်...
မင်းက နှစ်ဆယ့်နှစ်နှစ်ပဲ ရှိနေသေးတဲ့ အချက်ကြောင့်သာ မဟုတ်ခဲ့ရင် အခုဆို တရားမဝင်ကလေး လေးငါးယောက်လောက် ရှိနေလောက်ပြီ"
မုန့်ယွမ်မှာ လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြောလိုက်သည်။
"အခု ငါ့လက်ထဲ ဘာရှိနေမလဲ မှန်းကြည့်"
ယွီနျန်မှာ နောက်သို့ ပစ်ထားသော မုန့်ယွမ်၏ လက်များကို ကြည့်လိုက်ရင်း တစ်ခဏမျှ တွေးနေခဲ့သည်။
"နည်းနည်း သေးပြီးတော့ သိပ်ပြီး မလေးတဲ့ တစ်ခုခုပေါ့... စာချုပ်လား"
မုန့်ယွမ်မှု စိတ်လှုပ်ရှားမှုများကို ထိန်းမထားနိုင်တော့ဘဲ လက်ထဲမှ အရာကို ထုတ်ပြလိုက်သည်။
"စာချုပ် မဟုတ်ဘူးကွ... ဟာဆီရဲ့ နွေဦးနဲ့ နွေရာသီရှိုး... ဘရန်းဘက်ကနေ လူသုံးယောက် ဖိတ်ထားတာ... မင်းက သူတို့ထဲမှာ တစ်ဦးတည်းသော ယောကျ်ားလေး အနုပညာရှင်ပဲ"
ရှစ်ရော့လည်း အားတက်သရော ဖြစ်လာပြီး ထိုင်ခုံနောက်ကို မီနေရာမှ ထခုန်လိုက်သည်။
"ဒါက brand ambassador အတွက် အခွင့်အရေး ရှိတယ်ဆိုတဲ့ သဘောမလား"
“မင်း ပြောတာ မှန်တယ်"
မုန့်ယွမ်က ယွီနျန်အား ဖိတ်စာကဒ် လှမ်းပေးလိုက်သည်။
"မင်းက ဖက်ရှင်ရှိုးကို အဖိတ်ခံရတယ်ဆိုမှတော့ ဘရန်းရဲ့ သံတမန် တစ်ယောက်ဖြစ်ဖို့ အလားအလာရှိတဲ့ စာရင်းထဲ ပါသွားပြီ... အခုကစပြီး ပွဲတွေ တက်တိုင်း ဟာဆီတံဆိပ်ကိုပဲ ဝတ်ရမယ်... ဘရန်းဘက်ကနေ သဲလွန်စ ပေးပြီးပြီဆိုတော့ ငါတို့ဘက်ကလည်း အပြန်အလှန် လုပ်ဆောင်ပေးရမှာပေါ့"
ယွီနျန်က ဖိတ်စာလေးကို ကြည့်၍ ပြုံးလိုက်သည်။ "ဟုတ်တာပေါ့... ကျွန်တော် အစ်ကိုမုန့်ရဲ့ စကားကို နားထောင်ပါ့မယ်"
****
နာနီကားက သတင်းထောက်များစွာ စောင့်ဆိုင်းနေကြသည့် အိုးမူနာရီတံဆိပ် ပွဲအခမ်းအနားကျင်းပရာနေရာ၏ အပြင်ဘက်တွင် ရပ်လိုက်သည်။ မုန့်ယွမ်က ကားအပြင်ဘက်ကို အရင်ထွက်လိုက်ပါသော်လည်း ယွီနျန် ခြေချလိုက်သည်နှင့် များစွာသော မိုက်ကရိုဖုန်းများက သူ့မျက်နှာအနီးသို့ ချက်ချင်း ပြေးဝင်လာကြသည်။
“မင်းနဲ့ တက္ကသိုလ်တူတဲ့ စီနီယာအစ်ကိုတစ်ယောက်က ဖော်ထုတ်လိုက်တယ်... မင်း ဘွဲ့ရတဲ့အချိန်တုန်းက မှာစားရတဲ့ အစားအသောက်တွေကိုတောင် မဝယ်စားနိုင်ခဲ့ဘူးဆို... ဟုတ်ပါသလား"
“အွန်လိုင်းပေါ်မှာ ပြောနေကြတယ်... မင်းရဲ့ စီနီယာကတောင် မင်းရဲ့ ပုံရိပ်ကို စန်းတင်နေတဲ့ ပုံစံကို လက်မခံချင်ဘူး... မင်းရော ဘယ်လို ထင်လဲ"
"မင်းက ဆင်းရဲလွန်းလို့ မှာစားရတဲ့ အစားအသောက်တွေတောင် ဝယ်မစားနိုင်တာ အမှန်ပဲလား... မင်းရဲ့ မေဂျာကို လက်လျော့ပြီး အနုပညာလောကထဲ ဝင်လာတာ ငွေရှာဖို့အတွက်ပဲလား"
“အွန်လိုင်းပေါ်မှာ မင်းက လောင်းကစား လုပ်ရတာ စွဲလမ်းနေလို့ သီချင်းရေးရတဲ့ငွေတွေအကုန် ပြောင်သွားတာလို့ ပြောနေကြတယ်... အမှန်ပဲလား"
တစ်ခုခု မှားနေသည်ကို သဘောပေါက်သွားသည့် မုန့်ယွမ်က ယွီနျန်ကို သူယူလာခဲ့သည့် maskတစ်ခု ကမ်းပေးလိုက်ပြီး ဘော်ဒီဂတ်များနှင့်အတူ ပွဲကျင်းပရာ အခမ်းအနားသို့ ရောက်အောင် သတင်းထောက်များကို တိုးကာဝှေ့ကာဖြင့် ခက်ခက်ခဲခဲ လမ်းရှင်းလိုက်ရသည်။
အဝတ်လဲခန်းတံခါးကို ပိတ်၍ လော့ချပြီးသွားသောအခါ ရှစ်ရော့က အထိတ်တလန့် ပြောလာခဲ့သည်။
"အစ်မတော့ အကြိတ်ခံရလုနီးပါးပဲ... ဒါပေမယ့် ဘာတွေ ဖြစ်နေတာတုန်း... 'အစားအသောက်တွေတောင် မှာမစားနိုင်ဘူး'နဲ့ 'စီနီယာ'ဆိုတာပဲ ဖမ်းမိလိုက်တယ်'"
မုန့်ယွမ်က သတင်းတွေကို မြန်မြန် ရှာကြည့်လိုက်ရာ တွေ့လိုက်ရသည်။
"ဗီဒီယို ခုလေးတင် တက်လာတာ... အချိန်ကြည့်ရရင် ငါတို့ကားထဲမှာ ရှိနေတုန်းကပဲ ဖြစ်ရမယ်"
ရှစ်ရော့ကလည်း သူမ၏ ဖုန်းကို ထုတ်၍ သတင်းများကို ဖတ်ကြည့်လိုက်သည်။
"ပြိုကွဲသွားတဲ့ ပုံရိပ်... တက္ကသိုလ်တူတဲ့ စီနီယာတစ်ယောက်က ယွီနျန် ဘွဲ့ယူတဲ့အချိန်တုန်းက မှာစားရတဲ့ ထုပ်ပိုးအစားအသောက်တွေကိုတောင် ဝယ်မစားနိူင်ခဲ့ဘူးလို့ ဖော်ထုတ်ထားတယ်"
သူမက အံ့အားတသင့် ဆိုလေသည်။
"ဒီလောက်အချိန်တိုလေးအတွင်းမှာတောင် ပြန်မျှဝေကြတဲ့ အရေအတွက်က တစ်သိန်းလောက်ထိ ရောက်သွားပြီ"
မုန့်ယွမ်မှာ ရှစ်ရော့၏ အံ့အားတသင့်ဖြစ်နေမှုကို အမှုမထားဘဲ နျန်နျန်ကို လှည့်ကြည့်လိုက်လေသည်။
"မင်းကို ဖော်ထုတ်လိုက်တဲ့သူကို ငါသိတယ်... သူက ချီကျယ်... မင်းရဲ့ စီနီယာပဲလေ... ရှင်းယောင်မှာ သူအလုပ်သင် လုပ်ခဲ့တုန်းက မင်းဓါတ်ပုံကို ငါ့ဆီလာပြပြီး ထောက်ခံပေးခဲ့တာ"
ယွီနျန်မှာ အဝတ်လဲခန်းထဲသို့ ဝင်လာကတည်းက စကားတစ်ခွန်းမှ မပြောရသေး။ သို့သော်လည်း မုန့်ယွမ် ပြောသည့်စကားကို ကြားသောအခါ ပြန်ဖြေလာခဲ့သည်။
"ဟုတ်"
"အရင်က သူနဲ့မင်းက ဆက်ဆံရေး ကောင်းတယ်မလား"
"ဟုတ်တယ်" ယွီနျန်မှာ နှစ်စက္ကန့်လောက် နောက်ကျပြီးမှ ပြောလာသည်။
"ကျွန်တော်တို့ အရင်က ဆက်ဆံရေး ကောင်းပါတယ်... ကျွန်တော် အရင်က သူ့ကို နှစ်ခါလောက် ကူညီခဲ့ဖူးတော့ ပြန်ပြီး ကျေးဇူးဆပ်ချင်တယ်လို့ ပြောလာတယ်... ဒါကြောင့် သူကျွန်တော့်ကို အစ်ကို့ဆီ ထောက်ခံပေးခဲ့တာ"
သူ တီးတိုး ရယ်မောလိုက်မိသည်။
"ဒါပေမယ့် သူပြောတာ လုံးဝ မှားနေတာလည်း မဟုတ်ပါဘူး... အဲ့အချိန်တုန်းက အစားအသောက်တွေတောင် မှာမစားနိုင်ခဲ့ဘူးလေ... အစ်ကိုမုန့်ကိုတောင် လစာကြိုပေးဖို့ ပြောခဲ့ရသေးတယ်လေ"
ရှစ်ရော့ ပဟေဠိ ဖြစ်သွားလေသည်။
"အဓိပ္ပါယ် မရှိလိုက်တာ... သူက ဒီအကြောင်းကို ဘာလို့ အခုမှ ရုတ်တရက် ဖွင့်ချလိုက်ရတာလဲ... မင်း အခုတလော သူ့ကို ဆန့်ကျင်ထားမိတာလား"
“မဟုတ်ပါဘူး... ကျွန်တော်တို့က အဲ့လောက်ထိ မရင်းနှီးပါဘူး... ဒီလောကထဲ ဝင်ပြီးသွားတော့ အဆက်အသွယ် မရတာတောင် အတော်ကြာပြီ... တရုတ်နှစ်သစ်ကူးနဲ့ မီးပုံးပွဲတော် အတွင်းမှာလည်း သူ့ကို ဆုတောင်းမက်ဆေ့ချ်တွေ ပို့ပေးတော့ သူလည်း ပြန်ဖြေခဲ့တယ်လေ"
“ထူးဆန်းလိုက်တာ... နာမည်ကြီးချင်လို့လား... ဒါမှမဟုတ် ငွေကြောင့်လား"
မုန့်ယွမ် မေးကို ပွတ်၍ ဆက်ပြောလိုက်သည်။
"ဒါပေမယ့် အမှန်အတိုင်းပြောရရင် သူဖော်လိုက်တဲ့အချက်ကလည်း သိပ်အရေးကြီးတယ်ရယ်လို့တော့ မဟုတ်ပါဘူး... မင်း ပွဲဦးထွက်တော့ ငါမင်းကို ချမ်းသာတဲ့ သခင်လေးပုံရိပ် လုပ်ဖို့စီစဥ်ထားခဲ့တာ... တစ်ဖက်မှာ မင်းရဲ့ သဘာဝကျတဲ့ အမူအကျင့်တွေနဲ့ ကိုက်တယ်... အခြားတစ်ဖက်မှာတော့ ဘရန်းကြော်ငြာတွေကို ဆွဲဆောင်နိုင်ဖို့ပေါ့... ဒါပေမယ့် တကယ့်တကယ်ကျ ငါတို့က ဒီပုံရိပ်ကို ပုံဖော်တဲ့နေရာမှာပဲ အာရုံမထားခဲ့ကြဘူးလေ... ငါတို့က သတင်းစာ ဆောင်းပါးတွေတောင် သိပ်မှ မလုပ်ဖြစ်တာ"
“အရေးကြီးဆုံးအချက်က မင်းရဲ့ပါရမီက စည်းမျဥ်းတွေကို ချိုးဖျက်ပစ်လိုက်သလိုမျိုးပဲ... မင်းအိမ်က နံရံတွေ လပ်နေပြီး အစားအသောက် ဝယ်မစားနိုင်ခဲ့ဘူး ဆိုရင်တောင် မင်းဖန်နဲ့ ဖော်လိုဝါတွေက မင်းကို ပိုပြီးတော့တောင် တန်ဖိုးထားကြဦးမယ်... ဆင်းရဲပြီး ပါရမီရှိတဲ့ လူငယ်တစ်ယောက်က အလုံးအရင်း အောင်မြင်လာပြီး မျိုးဆက်သစ် အဆိုကျော် တစ်ယောက် ဖြစ်လာတယ်... ကြည့်လိုက်စမ်း... ဒါကမှ ခေါင်းစဥ်ပိုကြီးသေးတယ်"
မုန့်ယွမ်၏ ရှင်းပြချက်ကို ကြားသောအခါ ရှစ်ရော့လည်း စိတ်သက်သာရာရသွားသည်။
"ဟုတ်တယ်... အစ်ကိုပြောတာ မှန်တယ်... ဒါကိစ္စကြီး မဟုတ်သေးဘူး"
ထိုအခိုက် ယွီနျန်၏ ဖုန်းမြည်လာသဖြင့် သူဖြေလိုက်သည်။ "အစ်ကိုချိုးလား"
ချိုးချွေယွဲ့က များများစားစား မပြောဘဲ လိုရင်းကိုသာ တန်းပြောလိုက်သည်။
"ချီကျယ်အကြောင်းပဲ... အကြောင်းပြချက်ကို ငါနည်းနည်း သိတယ်"
ယွီနျန်မှာ ဖုန်းကို ဆုပ်ကိုင်ထားလိုက်ပြီး မေးလိုက်သည်။ "ကျွန်တော် စပီကာ ဖွင့်လို့ရမလား... မန်နေဂျာလည်း အနားမှာ ရှိလို့"
"ရတယ်... ကိစ္စမရှိဘူး"
ချိုးချွေယွဲ့ ဆက်ပြောလေသည်။
"ချီကျယ်က မင်းထက် တစ်နှစ်ကြီးတယ်... သူက ဆင်းရဲတဲ့ နောက်ခံကလာပြီး တက္ကသိုလ် တက်တော့လည်း အရမ်း ကြိုးစားခဲ့တာ... ဒါကြောင့်မို့ ငါသူ့ကို လေးစားခဲ့ရသေးတယ်... ငါသူ့ကို တော်တော်လေး အကောင်းမြင်မိခဲ့တဲ့အကြောင်းက သူက ပရော်ဖက်ဆာနဲ့အတူတူ သုတေသန လုပ်ငန်းတွေကို လုပ်ကိုင်ချင်တော့ ငါ့ကို ခဏခဏ ဆက်သွယ်လာဖူးလို့လေ"
ယွီနျန်၏ မျက်တောင်လေးများ အနည်းငယ် တုန်ယင်သွားလေသည်။
"ဒါပေမယ့် ပရော်ဖက်ဆာက သုတေသန ကျောင်းသား လက်မခံတာ တော်တော်ကြာနေပြီလေ"
“ဟုတ်တယ်... ချီကျယ်က ပရော်ဖက်ဆာရဲ့ တရားဝင် တပည့် ဖြစ်ချင်နေတာ... ဒါပေမယ့် မင်းလည်း သိတာပဲ... ပရော်ဖက်ဆာက နောက်ထပ် ကျောင်းသား လက်မခံချင်တော့ဘူးလေ... လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ မင်းကလွဲပြီး ဘယ်သူ့ကိုမှ လက်မခံခဲ့ဘူး... ပရော်ဖက်ဆာက မင်းက သူ့ရဲ့ နောက်ဆုံး တပည့် ဖြစ်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီးသား... ဒါပေမယ့် ချီကျယ်က မရမက ကြိုးစားနေတာလေ... မင်းတောင် လုပ်နိုင်သေးရင် သူဘာလို့ မလုပ်နိုင်ရမှာလဲ ဆိုပြီး တွေးနေတာ"
ယွီနျန် မျက်တောင်များ စိုက်ချလိုက်ပြီး ပြောလိုက်သည်။
"ဒါကြောင့်..."
သို့သော်လည်း သူဆက်မပြောနိုင်တော့ပေ။
"ဒါကြောင့်မို့... ဘွဲ့မရခင် နှစ်တွေမှာ မင်းသူ့ကို စာကြည့်တိုက်မှာ ခဏခဏတွေ့မိနေတာ... ပြီးတော့ ကန်တင်းမှာရောပဲ... သူက မင်းကို တမင်သက်သက် လာရောပြီး မင်းကို အတုခိုးဖို့ ကြိုးစားနေတာပဲ"
ချိုးချွေယွဲ့ သက်ပြင်းချလိုက်သည်။
"နောက်ပိုင်း မင်းဖျော်ဖြေရေး လောကထဲ အဆိုတော်အနေနဲ့ ဝင်သွားတော့ သူ့ဆရာ့ကို လာတွေ့ပြီးတော့ မင်းက ပိုက်ဆံအတွက်နဲ့ဖျော်ဖြေရေး လောကထဲ ဝင်သွားပြီး ဆရာ့ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်တယ်လို့ ပြောတယ်လေ... ဒါပေမယ့် သူကတော့ မင်းလို ဖြစ်လာမှာ မဟုတ်ဘူးတဲ့"
မုန့်ယွမ် ထိုစကားကို ကြားသောအခါ ယွီနျန်၏ မျက်နှာကိုပင် မကြည့်ရက်တော့။
သူ ထိုချီကျယ်ဆိုသူက ရိုးသားပြီး အေးဆေးပုံ ပေါ်သည်ကို အမှတ်ရမိသည်။ သို့သော်လည်းလည်း အမှန်မှာ ကလိမ်ကျတတ်သူ ဖြစ်နေပြီး လူအများ၏ စိတ်ခံစားချက်များကို ကြိုးကိုင်ခြယ်လှယ်ရုံမက သူ့လမ်းကြောင်းမှ အတားအဆီးကိုပင် ဘေးကိုတွန်းပို့လိုက်ခြင်းသာ။
“ဒါပေမယ့် ငါတို့ဆရာက လူတအားရွေးတယ်လေ... ပြီးတော့ ချီကျယ်ကိုလည်း သဘောမကျဘူး... သူမင်းကို မကောင်းပြောသံ ကြားတော့ သူ့နှုတ်ခမ်းမွှေးကို ချက်ချင်း မှုတ်ပြီး စိုက်ကြည့်ပေးပြီး ကန်ထုတ်ပစ်လိုက်တယ်လေ...သူက ဘာကိစ္စပဲရှိရှိ မင်းက သူ့တပည့်ပဲ လို့တောင် ပြန်ပြောလိုက်သေးတယ်တဲ့"
ချိုးချွေယွဲ့ ခွဲခြမ်းစိတ်ဖြာလိုက်သည်
။
"ဒီတစ်ခေါက် ငါတို့ဆရာက သူ့ရဲ့ အချစ်ဆုံး တပည့်အတွက် ချေပပေးပြီးတော့ ကျိချောင်သယ်ကို ထိပ်တိုက် ရင်ဆိုင်ခဲ့တာလေ... ချီကျယ်တစ်ယောက် အနာဆားဖြူးခံရတာဖြစ်မှာပေါ့"
ယွီနျန် အကြည့်များကို အောက်ပို့လိုက်သည်။
"ဆရာ့ကို ကျေးဇူးတင်ရမှာပဲ"