အပိုင်း ၈၂
Viewers 16k

Chapter 82

မင်းတွေ့နေရတာကို ကျေနပ်မှုရှိရဲ့လား



ချိုးချွေယွဲ့က နှစ်သိမ့်စကားအချို့ ပြောချင်နေသေးသော်လည်း သူ့ဂျူနီယာညီလေး၏ ကိုယ်ရည်ကိုယ်သွေးကို သိပြီးသားဖြစ်၍ ထပ်မပြောတော့ပေ။


 "ခဏနေ ဟောပြောပွဲတစ်ခု တက်ရဦးမယ်... အခု ဆက်မပြောတော့ဘူး... ဒီကိစ္စကို မင်းဘာသာမင်း ကိုင်တွယ်လိုက်တော့"


“ဟုတ် ကျေးဇူးပါ... ဂရုစိုက်နော်... စီနီယာ"


ဖုန်းချပြီးနောက် မုန့်ယွမ် ယွီနျန်၏ မျက်နှာအမူအယာကို ကြည့်ကာ ဂရုတစိုက် မေးလိုက်သည်။ "နျန်နျန်... ခဏလောက် အနားယူချင်လား"


ယွီနျန်မှာ တစ်ခဏမျှ တိတ်ဆိတ်နေပြီး ခေါင်းယမ်း၍ ပြုံးပြလိုက်သည်။ 


"မလိုပါဘူး.. နည်းနည်းလောက် စိတ်ပျက်သွားရပေမယ့် ကိစ္စကြီးမှ မဟုတ်တာ... ကျွန်တော့်အလုပ်ကို မနှောင့်နှေးစေရပါဘူး"


မုန့်ယွမ် ယွီနျန်၏ ပုခုံးကို ပုတ်လိုက်သည်။ 


"အလုပ်မှာပဲ အာရုံနှစ်ထား... လူထုအမြင်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ငါသိတယ်"


ဘရန်းအခမ်းအနားက ကြိုတင်စီစဥ်ထားပြီးသား လုပ်ငန်းစဥ်အတိုင်း ဓါတ်ပုံရိုက်ကူးရေး၊ လက်မှတ်ထိုးပွဲ၊ အင်တာဗျူးနှင့် ကံစမ်းမဲများ ပါဝင်သည်။ အရာအားလုံးက ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။ စတိတ်စင်ပေါ်မှ ယွီနျန် ဆင်းလာသောအခါ မုန့်ယွမ်က ပူပန်နေသော အမူအယာဖြင့် အပြေးရောက်လာသည်။ အစ်ကိုမုန့်... တစ်ခုခု ဖြစ်နေလို့လား"


မုန့်ယွမ်၏ အမူအရာမှာ အနည်းငယ် ကသိကအောက် ဖြစ်နေပုံ။ 


"အကြီးကြီးတွေ ထလုပ်တတ်တဲ့ မင်းရဲ့ အရူးအမူးဖန်ကြီးက ပြဿနာ ရှာလိုက်ပြန်ပြီ"


ရွှယ်ယုံလား...


ယွီနျန်၏ စိတ်ခံစားချက်မျိုးစုံ ကသောင်းကနင်း ဖြစ်သွားပြီး သိလိုစိတ် အပြည့်ဖြင့် မေးလိုက်သည်။


 "ဘာဖြစ်တာလဲ"


မုန့်ယွမ်က ယွီနျန်ကို ပုံများလာပြသည်။ "ကြည့်... အခုလေးတင် ဘဏ္ဍာရေးအဆောက်အအုံရဲ့ LEDမျက်နှာပြင်မှာ စာလုံးကြီးတွေ ရေးထားပြန်ပြီ"


ယွီနျန် အာရုံစိုက်ပြီး ရေးထားသော စာလုံးများကို ဖတ်လိုက်သည်။ 


"နျန်နျန်... မပျော်မရွှင် မဖြစ်ပါနဲ့" နောက်ခံတွင်မူ အမြဲတစေ ပြောင်းလဲနေသော ရောင်စုံ ဘောလုံးများဖြင့် ပြည့်နေလေသည်။


ထိုအခိုက် မင်ဆေချ့်ရောက်လာသည်။ ယွီနန် ဖွင့်ကြည့်လိုက်ရာ ရွှယ်ယုံထံမှ ဖြစ်နေသည်။ "အခု စိတ်ထဲ နေလို့ကောင်းသွားပြီလား"


သူငါ့ကို စိတ်ပျော်အောင် လုပ်ပေးနေတာလား...


ယွီနျန် ပြုံး၍ ပြန်ဖြေလိုက်သည်။


 "ဟုတ်... ကျွန်တော် တော်တော်လေး စိတ်သက်သာသွားပြီ... ဒါပေမယ့် ဒီလိုမျိုး လုပ်ဖို့က ပိုက်ဆံတော်တော်ကုန်မှာပဲ"


ဤတစ်ကြိမ်၌ ရွှယ်ယုံ မြန်မြန် ပြန်ဖြေလာခဲ့သည်။ "ဘာမှ မကုန်ကျပါဘူး... အဆောက်အဦးက ကိုယ်ပိုင်တာပဲလေ"


နာနီကားထဲသို့ ဝင်ထိုင်ချိန်အထိ ယွီနျန်မှာ အပြုံးများ ဝေဆာနေဆဲ။


မုန့်ယွမ်မှာလည်း သိချင်သွားရသည်။


 "ဘာလို့ ဒီလောက်ထိ သဘောတကျ ပြုံးနေရတာလဲ... ချီကျယ်ဆီကနေ လှည့်စားခံရတာတောင် စိတ်ပျက်လက်ပျက် ဖြစ်မနေဘူး... နျန်နျန်... ဘာကိစ္စကောင်းလေးတွေ ရှိနေလို့လဲ"


ယွီနျန်မှာ လက်သီးကို ကျစ်ကျစ်ဆုပ်ကာ ပြုံးချင်နေသော နှုတ်ခမ်းပါးတို့ကို ကာထားလိုက်ရသည်။ သူမထိန်းထားနိုင်ဘဲ အပြုံးတို့က ပို၍ ကျယ်ပြန့်လာခဲ့လေသည်။ သူပြန်ဖြေလိုက်သည်။


 "ကျွန်တော် သဘောကျနေရတဲ့သူက တစ်ခုခုနဲ့... တူနေတယ်ဆိုတာ သိလိုက်ရလို့" 


သူ စကားပြောရပ်လိုက်ပြီး ခေါင်းလှည့်ကာ အားရပါးရ ရယ်လိုက်ပြန်သည်။


မုန့်ယွမ်မှာ သူ့မျက်လုံးများကို ပိတ်ထားရန် လက်မြှောက်လိုက်ရသည်။ 


"ငါအဲ့ဒီအပြုံးကို ဆက်မကြည့်နိုင်တော့ဘူး... ပြောလိုက်စမ်းပါ... ဘာနဲ့တူတာလဲ"


“သကြားချောင်းလေးတွေလိုလေ... အပြင်ပိုင်းမှာ မာပြီးအေးနေပေမယ့် ပါးစပ်ထဲ ရောက်သွားရင် အရည်ပျော်ပြီး အရမ်းချိုသွားတာ"


နားထောင်ပြီးနောက် မုန့်ယွမ်က ရှစ်ရော့ကို အပြောင်အပျက် မေးလိုက်သည်။


 "ရော့ရော့... ငါတော့ သွားဆရာဝန်နဲ့ ပြဖို့ ချိန်းရတော့မယ်ထင်တယ်... မင်းရော လိုက်ဦးမလား"


ရှစ်ရော့က ထပ်ခါထပ်ခါ ခေါင်းငြိမ့်ပြလိုက်ပြီး ပါးလေးများကို အုပ်ထားလိုက်သည်။


 "ဟုတ်ပါ့... ဟုတ်ပါ့... အူး... ရုတ်တရက်ကြီး ပါးတွေ နာလာသလိုပဲ"


သုံးယောက်သားက ရယ်မောလိုက်ကြလေသည်။ ထို့နောက် ရယ်သံများကို ဘေးဖယ်ထားလိုက်ပြီး မုန့်ယွမ် ယွီနျန်ကို မေးလိုက်သည်။ 


"ချီကျယ်ကို ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ"


ယွီနျန်က သူ့ကိုယ်သူ အရှိန်ထိန်း၍ ပြောသည်။


 "အစ်ကိုမုန့်ရဲ့ အမြင်ကို နားထောင်ချင်သေးတယ်"


"ငါသေချာ စဥ်းစားလိုက်ပြီးပြီ... တကယ်တော့ ချီကျယ်ဖော်ထုတ်လိုက်တာကလည်း ငါတို့အတွက် အခွင့်အရေးပဲ" 


မုန့်ယွမ်က အလေးအနက် သဘောထားဖြင့် ဆိုလိုက်ပြီး ယွီနျန်၏ အမူအယာကို တွေ့သောအခါ တမင်တကာပင် ခက်ထန်နေသော မျက်နှာဖြင့် ပြောလိုက်သည်။


 "မစ္စတာယွီ... ကျေးဇူးပြုပြီးတော့ မင်းရဲ့ ဖူးငုံစ အချစ်လေးကို ခဏလောက် ဘေးဖယ်ထားပေးပါလား"


ရှစ်ရော့ ရယ်လိုက်ပြီး သူမ၏ ပါးစပ်ကို ရုတ်တရက် အုပ်ကိုင်လိုက်သည်။ 


ယွီနျန် မတ်မတ် ရပ်လိုက်ပြီး လက်များကို သပ်သပ်ရပ်ရပ် နေရာချထားကာ ပြန်ဖြေလိုက်သည်


 "အိုကေလေ"


မုန့်ယွမ် ဆက်ပြောသည်။ " 'သဘာဝရဲ့ သံစဥ်'မှာ ပွဲဦးထွက်တဲ့အချိန်ကနေစပြီး စီနျင်းအဖြစ် မထွက်ပေါ်လာသည်အထိ လူတွေအများကြီးက မင်းရဲ့ ရုပ်ရည် အရှိန်အဝါတွေကြောင့် ဖန်အင်အားများတဲ့ အိုင်ဒေါလ် တစ်ယောက်အဖြစ် စပြီး မြင်လာကြပြီ... မင်း စီနျင်းအဖြစ် ပေါ်လာပြီးတော့ မင်းရဲ့ပါရမီကို စပြီး အသိအမှတ်ပြုလာကြပြီ... 'ကျော့ရှင်းသော' ထွက်လာတော့ လူတွေအများကြီးက မင်းရဲ့ဂီတက အရမ်းပြောင်မြောက်တယ်ဆိုတာကို တွေ့သွားကြပြီ... ဒီအခြေအနေမှာ ဒီအခွင့်အရေးကို ယူပြီး အခြားရှုထောင့်တွေကို အားနည်းသွားအောင် လုပ်ပြီး မင်းရဲ့ ဂီတပါရမီနဲ့ အရည်အချင်းကို ပိုပြီးအားကြီးလာအောင် အခြေခိုင်လာအောင် တည်ဆောက်ရမယ်"


ရှစ်ရော့ ထပ်ပေါင်းပြောလိုက်သည်။ 

"ဒါဆို ရုပ်ရည်က တန်ဖိုးအနည်းဆုံး ဖြစ်သွားမှာပေါ့"


မုန့်ယွမ် ခေါင်းငြိမ့်ပြလိုက်သည်။

 "အင်းပေါ့... ဒီနေရာမှာတော့ ဒီလိုပဲပေါ့... နျန်နျန်ရေ"


ယွီနျန်မှာ မုန့်ယွမ်၏ ဆိုလိုရင်းကို နားလည်နေသဖြင့် စက္ကန့်အတော်ကြာ တွေးနေမိသည်။


 "အဆင်ပြေမယ်လို့ ထင်ပါတယ်"


“ကြော်ငြာတန်ဖိုးအရဖြစ်စေ နေရာအနေအထားပဲ ဖြစ်စေ မင်းက ခိုင်မာတဲ့နေရာကို တဖြည်းဖြည်း တည်ဆောက်ပြီးသွားပြီ... ဒီလိုမျိုး လူထုပုံရိပ်ရှိနေတာက မင်းရဲ့ တိုးတက်မှုကို မီးစာထည့်ပေးလိမ့်မယ်... ဒါကြောင့်မို့ နောက်ဆိုရင် မင်းရဲ့ပုံစံအတိုင်း ပြလို့ရပြီ" 


မုန့်ယွမ် သက်ပြင်းချလိုက်သည်။ 


"ရုပ်ရည်နဲ့ လူထုပုံရိပ်ပေါ် မှီခိုပြီး အတွင်းပိုင်းမှာ အမှတ်တကယ် ဖွံ့ဖြိုးမှုမရှိရင် တဖြည်းဖြည်းနဲ့ အဆုံးသတ်မလှတဲ့ဆီကို ဦးတည်သွားမှာပဲ... အလုပ်တွေကသာ အမှန်တကယ် အရေးကြီးတဲ့အရာတွေပါ"


ရှစ်ရော့ကလည်း လက်ခံဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး ဂရုတစိုက်မေးလိုက်သည်။ 


"နျန်နျန်... အခု စိတ်အခြေအနေ ပိုကောင်းသွားပြီလား" 


“ကျွန်တော် အဆင်ပြေပါတယ်" 


ယွီနျန် ခေါင်းလေးကို ဖြည်းဖြည်း ယမ်းပြလိုက်သည်။


 "ချီကျယ်က မကောင်းတဲ့စိတ်နဲ့ လုပ်ခဲ့တယ်ဆိုပေမယ့် အစ်ကိုမုန့်ဆီကို ဓါတ်ပုံယူလာပေးခဲ့ပြီး ဒီအခွင့်အရေးကို ဖန်တီးပေးခဲ့တာတော့ အမှန်ပဲ... သူက ကျွန်တော့်ဆီကို တမင်သက်သက် ချဥ်းကပ်လာပြီး ဆရာ့ရှေ့မှာ မကောင်းပြောခဲ့ပေမယ့် ကျွန်တော့်အပေါ် ဘာမှ သက်ရောက်မှုမရှိခဲ့ဘူးလေ... ဒီတစ်ခေါက် သူဖော်ထုတ်လိုက်တာကလည်း ဘာကောလဟာလတွေမှ မပါပါဘူး... ဒါကြောင့် သူကျွန်တော့်ကို တမင်သက်သက် ပစ်မှတ်ထားနေတာတွေ ရပ်လိုက်တော့မယ်ဆိုရင် သူ့ကို တစ်ခါမှ မသိခဲ့ဖူးသလို ဆက်ဆံလိုက်မယ်"


မုန့်ယွမ် ပြောလိုက်သည်။ 


"ကောင်းပါတယ်... မင်းမှာ လုပ်စရာတွေ အများကြီး ရှိနေတာ... ဒီကိစ္စတွေအပေါ် အားကုန်ခံစရာ မလိုဘူးလေ... မင်းမှာ အားတွေ အပြည့်ရှိနေရင် သီချင်းတွေပိုရေးပြီး ပိုက်ဆံများများရှာ ကြော်ငြာတွေ များများယူ လုပ်လိုက်တာ ပိုမကောင်းဘူးလား"


ရှစ်ရော့က ပါးစပ်လေးကို အုပ်ကာ ရယ်မောလိုက်သည်။


 "ဖြစ်နိုင်တာ ချီကျယ်က သူ ပြဿနာ ရှာနိုင်လိုက်ပြီလို့ ထင်ပြီး ပြဿနာတွေ လိုက်ရှာလိုက်ပေမယ့် ယွီနျန်အပေါ် ဘာမှ မယ်မယ်ရရ သက်ရောက်မသွားဘူးလို့ ခံစားလိုက်ရတဲ့ ခံစားချက်မျိုးပေါ့... ထူးထူးဆန်းဆန်း ကျေနပ်စရာ ကောင်းနေတယ်"


မုန့်ယွမ် လှောင်ရယ်လိုက်သည်။ 


"ဟုတ်ပါ့... သူ့အတွက် ဒေါသထွက်သွားရမှာပဲ"


နေ့လည်ပိုင်းတွင် #အသန်မာဆုံးSupport# နှင့် #ဆင်းရဲလွန်းလို့မှာမစားနိုင်ဘူး# ဟူသော hashtagများ ထွက်လာပြီးနောက် ယွီနျန်နှင့် ပတ်သက်သည့် နောက်ထပ် အကြောင်းအရာတစ်ခုက ရေပန်းစားအကြောင်းအရာများဆီ ရောက်ရှိသွားလေသည်။


[#ရုပ်ရည်ကမျက်စိမှောက်တတ်တယ်# ငါလည်းလေ ယွီနျန် "သဘာဝရဲ့သံစဥ်" ရိုက်တုန်းက ရိုက်ကွင်းနောက်ကွယ် ဗီဒီယိုတွေ ရှင်းလင်းတဲ့ ဓါတ်ပုံတွေ ကြည့်ပြီး သူဝတ်တဲ့ အဝတ်အစားတွေရဲ့ တံဆိပ်ကို မပြောနိုင်တာ တူတဲ့ပုံစံတွေ မရှာနိုင် ဖြစ်နေတာ... ငါက ကျွမ်းကျင်သူတွေကိုတောင် အကူအညီတောင်းလိုက်သေးတယ်... ဒါပေမယ့် ဒီနေ့ ငါ့အမေနဲ့ စျေးဝယ်ထွက်တော့ ဒစ်စကောင့်စတိုးဆိုင်ရဲ့ အဝင်ဝမှာ ပုံစံတူတီရှပ်တွေ ချိတ်ထားတာ တွေ့လိုက်ရတယ်... တစ်ထည်ကို ဆယ်ယွမ်နဲ့ ဒါဇင်လိုက်ဆို ယွမ်တစ်ရာပဲ ရှိတာ... ငါပြောနိုင်တာကတော့ ရုပ်ရည်ဆိုတာ လှည့်ဖျားနိုင်ပါတယ်... သူ့မှ ဘယ်လိုမှော်ဆန်တဲ့ ဗီရိုကြီး ရှိနေသေးလဲ]


[#ရုပ်ရည်ကမျက်စိမှောက်တတ်တယ်# ဟားဟားဟား... ဖျော်ဖြေရေးလောကထဲက ဘယ်သူကမှ သူ့စတိုင်ကို လိုက်မတုနိုင်လောက်ဘူး... ဒါပေမယ့် ယွီနျန်ရဲ့ အသွင်အပြင် အရှိန်အဝါတွေကြောင့် သူဝတ်သမျှတိုင်းက ဇိမ်ခံအမှတ်တံဆိပ်တွေရဲ့ အကန့်အသတ်ထုတ်ပစ္စည်းတွေနဲ့ တူသွားတယ်]


[#ရုပ်ရည်ကမျက်စိမှောက်တတ်တယ်# ဖန်တစ်ယောက်အနေနဲ့ ငါ ယွီနျန်ကို အရမ်းချစ်လွန်းလို့ တီရှပ်အစုတ် ဝတ်ပြီး 'တောင်တန်းပေါ်ကနှင်းစက်' ဖျော်ဖြေရင်တောင် အော်ဟစ်ပြီး အားပေးနေမယ်... ဝန်ခံပါတယ်... ဝန်ခံပါတယ်... ငါ 'ကျော့ရှင်းသော' ထောင်ချောက်ဆီ ကျဆင်းသွားပြီး 'တောင်တန်းပေါ်က နှင်းစက်'တွေကနေ တွယ်မတက်နိုင်တော့ဘူး... အယ်လ်ဘမ်အသစ်ထုတ်ပေးဖို့ ငါ့သွေးနဲ့ ရင်းပြီး တောင်းဆိုပါတယ်]


[#ရုပ်ရည်ကမျက်စိမှောက်တတ်တယ်# ငါ့ကလေးလေး ယွီနျန်အတွက် စိတ်မကောင်းဘူး... ဒါပေမယ့် သူ့ကို အဲ့ဒီကိစ္စအတွက် လှောင်ပြောင်နေကြသူတွေ အတွက်တော့... ဘာလို့ ယွီချင်းက သူ့ကို ပိုက်ဆံမပေးလဲဆိုတာ သိချင်တယ်... သူတို့မှာ အချင်းချင်း ငွေနဲ့ နှောင်ဖွဲ့တာမျိုး မရှိကြဘူးလား... ဆင်းရဲတာ ရှက်စရာ မဟုတ်ဘူးနော်... မျှော့တွေလို တိုးတက်အောင် မကြိုးစားတာကမှ ရှက်စရာ... သူက ပွဲဦးထွက်တုန်းကတောင် နာနေတဲ့ ခြေထောက်နဲ့ ကခဲ့တာ... အခုရလာတဲ့ အောင်မြင်မှုတွေကလည်း သူကိုယ်တိုင် ကြိုးစားခဲ့တာတွေပဲ... ရှက်စရာ မကောင်းရုံတင်မကဘူး လုံးဝ အကောင်းဘက်ကချည်းနော်" 


မုန့်ယွမ် လျှာသပ်လိုက်သည်။


 "ငါကတော့ လုံးဝ အသုံးမဝင် ဖြစ်သွားပြီ... ငါ့မယ် ရေတပ် ဝယ်ဖို့တောင် ပိုက်ဆံမသုံးရတော့ဘူး.. အွန်လိုင်းပေါ်က အခြေအနေကတော့ လုံးဝ တစ်ဖက်သတ်ပဲ"


ယွီနျန်ကလည်း ကိုယ်လေးကို ကိုင်း၍ ဖုန်းကို ကြည့်လိုက်သည်။ 


"တကယ်တိုက်ဆိုင်တာပဲ... ပုံထဲက ဒစ်စကောင့် စတိုးဆိုင်က ကျွန်တော် တီရှပ်ဝယ်ခဲ့တဲ့ ဆိုင်ပဲလေ"


“လုပ်စမ်းပါ... နောက်ဆုံး တက်လာတဲ့ သတင်းတွေကို ကြည့်လိုက်... အဲ့ဒီစတိုးဆိုင်က စျေးချထားတဲ့ တီရှပ်နဲ့ ဟူဒီတွေအားလုံး ရောင်းထွက်သွားပြီ... ကုန်ပစ္စည်းတွေရဲ့ မင်းသားလေး နေရာကတော့ သူ့ဆီရောက်လာပြီ"


 မုန့်ယွမ် ပြုံး၍ ပြောလိုက်သည်။ သူဆက်ပြောပြန်လေသည်။


 "ပြီးတော့ နင်းပေါ်အတွက် ကူပြီးရိုက်ကူးပေးခဲ့တဲ့ ပရိုမိုးရှင်းဗီဒီယိုအတိုလေးထဲက လက်ရေးလှစုတ်တံလည်း ရောင်းထွက်သွားပြီတဲ့... ပရိုမိုးရှင်းဗီဒီယိုထဲက မင်းပုံပါတဲ့ ပစ္စည်းတွေအားလုံး နင်းပေါ် ယဥ်ကျေးမှု ထုံးတမ်းဆိုင်ရာ စတိုးဆိုင်က စင်တွေပေါ် တင်ထားခဲ့တာလေ... တစ်မိနစ်အတွင်း ရောင်းထွက်သွားတာပဲ"


ယွီနျန် ဂုဏ်ယူဝံ့ကြွားစွာ ဆိုလေသည်။ 


"ကျွန်တော့်အတွက် တစ်ခုယူနိုင်ခဲ့သေးတယ်"


"မင်းရဲ့ တုံ့ပြန်မှုက ဒီလောက်မြန်တာလား... ပြစမ်းပါ... ဘယ်လိုပုံစံလဲ ကြည့်ရအောင်" 

မုန့်ယွမ် တအံ့တသြ ဆိုလေသည်။ 


"ကျွန်တော် ပေးပစ်..."


မုန့်ယွမ် မြန်မြန် ဖြတ်ပြောလိုက်သည်။


 "အိုကေ အိုကေ... မင်းဘယ်သူ့ကို ပေးလိုက်လဲ ငါသိပြီ... ပြောစရာ မလိုတော့ဘူး"


သူအချိန်ကြည့်၍ ပြောလေသည်။ 


"မကြာခင် အင်တာဗျူးအတိုလေးအတွက် သတင်းထောက်တွေ ရောက်လာတော့မယ်... ပြီးရင် လေယာဥ်ပေါ် တက်လို့ရပြီ"