အပိုင်း ၈၃
Viewers 16k

Chapter 83

မင်းတွေ့နေရတာကို ကျေနပ်မှုရှိရဲ့လား



သတင်းထောက်များ ရောက်လာချိန်တွင် ရှစ်ရော့က ယွီနျန်၏ ဆံပင်ကို ပြန်ပြင်ပေးပြီးကာစ ဖြစ်သည်။ အင်တာဗျူးမေးခွန်းများမှာ သိပ်ပြီး ထိလွယ်ရှလွယ် မဖြစ်သဖြင့် ချောချောမွေ့မွေ့ ပြီးစီးသွားခဲ့သည်။ 


“မင်းဒီတစ်ခေါက် ကျင်းမြို့တော်က ပွဲတစ်ခု သွားတက်ရမှာမို့လား"


ဟူဒီအဖြူရောင်နှင့် ဂျင်းဖျော့ဖျော့ ဝတ်ထားသော ယွီနျန်က ဆိုဖာပေါ်တွင် သက်တောင့်သက်သာထိုင်နေရင်း လန်းဆန်းတက်ကြွသော လူငယ်အငွေ့အသက်တို့ ထုတ်လွှင့်နေခဲ့သည်။ သူက ကော်လာမှ မိုက်ကလေးကို ပြန်ပြင်ရင်း ပြန်ဖြေလိုက်သည်။


 "ဟုတ်ပါတယ်... ဖူနာအလင်္ကာသောက်ရေသန့်က ကျင်းမြို့တော်က ရေအရင်းအမြစ်ဌာနချုပ်မှာ အလှူအတန်းတွေ လုပ်ဖို့ ရှိလို့ ကျွန်တော်လည်း လိုက်သွားရမှာလေ... ဒီလိုလူသိရှင်ကြား အလုပ်ကနေပြီး ရေအရင်းအမြစ်တွေကို ထိန်းသိမ်ရေးအတွက် နားလည်သဘောပေါက်ကြဖို့နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပံ့ပိုးပေးမှုတွေကို မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်" 


သတင်းထောက်က ပြုံး၍ ဆိုလေသည်။ 


"ဟုတ်ပါတယ်... သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့က အမြဲတမ်း အရေးကြီးကိစ္စ ဖြစ်နေတာပါပဲ... ကျင်းမြို့အကြောင်း ပြောရရင် ကျင်းမြို့မှာ ရိုးရာသရေစာတွေနဲ့ ဟင်းလျာတွေ အမျိုးမျိုး ရှိတယ်နော်... ရောက်ဖြစ်ရင် ယွီနျန်ရေ မင်းလည်း မြည်းစမ်းကြည့်သင့်တယ်... စားချင်တာ ဒါမှမဟုတ် အကြိုက်ဆုံးအစားအစာတွေများ ရှိလား"


ထိုမေးခွန်းကို ကြားကြားချင်း မုန့်ယွမ်မှာ မကောင်းသည့် ခံစားချက်များ ရလာသည်။ 


သေချာပေါက်ပင် ယွီနျန်၏ နှုတ်ခမ်းများ ကွေးတက်လာပြီး ပြန်ဖြေလာလေသည်။


 "ခုတလော... သကြားချောင်းလေးတွေ စားရတာ ကြိုက်နေတယ်"


မုန့်ယွမ်နှင့် ရှစ်ရော့တို့ အကြည့်ချင်း ဖလှယ်ခဲ့ကြပြီး အလိုအလျောက်ပင် မျက်နှာများ အုပ်ထားလိုက်မိကြသည်။ သွားတောင် နာလာပြီ...


မကြာမီ လေဆိပ်အသံချဲ့စက်မှ ကြေညာချက်တစ်ခု ထွက်လာသည်။ မုန့်ယွမ် အချိန်ကြည့်လိုက်ပြီးနောက် သူတို့အနားသို့ ကပ်လာပြီး ပြောလိုက်သည်။


 "သွားဖို့အချိန်ကျပြီ... လေယာဥ်ပေါ် တက်ရတော့မယ်"


*****


ရှင်းယောင် အဆောက်အဦး၏ 51ထပ်တွင်...


ချူရှောင်းရန် သမ်းဝေလိုက်ပြီး ခုံပေါ်တွင် ပျင်းတိပျင်းရွဲ လဲကာ ရွှယ်ယုံထံ တစ်ချက်ကြည့်လိုက်သည်။


 "ဘာလို့ ဒီနေ့မနက်အစောကြီးကတည်းက ငါ့ရုံးခန်းထဲ ရောက်လာရတာလဲ"


ရွှယ်ယုံက သူ့လက်ထဲတွင် ကိုင်ထားသော တစ်ခုခုကို ချူရှောင်းရန်ထံ ကမ်းပေးလိုက်ပြီး အလေးပေးပြောလိုက်သေးသည်။


 "ကြည့်... ဒါပေမယ့် ထိတော့မထိနဲ့"


ချူရှောင်းရန်က အဆင့်အတန်းရှိရှိ ပြီးပြည့်စုံသည့် ဟန်ပန်ဖြင့် မျက်လုံးလှိမ့်လိုက်သည်။


 "ဒါကို ဘယ်သူက ဂရုစိုက်လို့လဲ" 


ရွှယ်ယုံ သူ့အား စိုက်ကြည့်နေသည်ကို မြင်သောအခါ ချက်ချင်း အသံအနေအထား ပြောင်းလိုက်ရသည်။


 "ကောင်းပြီကောင်းပြီ... မင်းကတော့ ဂရုစိုက်မှာပေါ့... ဒါပေမယ့် မနေ့ညကတည်းက အဲ့အကြောင်းကို နှစ်ကြိမ်တောင် ကြွားပြီးသွားပြီလေ"


ရွှယ်ယုံမှာ သူ့စကားကို မကြားချင်ယောင်ဆောင်ကာ မိတ်ဆက်ပေးနေသည်။ 


"ယွီနျန်က ငါ့ကို ဒါတွေရဖို့ ကူပေးခဲ့တာလေ... ဒါတွေက စတစ်ကာတွေ၊ ကီးချိန်းတွေ၊ ရေခဲသေတ္တာမှာ ကပ်တဲ့ သံလိုက်လေးတွေ ပြီးတော့..."


ချူရှောင်းရန် နားအုပ်ကာ ဆန္ဒပြလိုက်သည်။ "ညီအစ်ကိုရေ... မင်းရဲ့ မိတ်ဆက်စာကြီးကို ပြောင်းလိုက်လို့ မရဘူးလားကွာ... ငါအခု အသံအဖိအဖော့တွေ ပုဒ်ဖြတ်တွေတောင် အလွတ်ရနေပြီ" 


သူခပ်မြန်မြန်ပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။


 "အိုး ဟုတ်သား... ဒီလိုဖန် supportလုပ်ရတဲ့ နည်းလမ်းတွေကို ဘယ်ကနေ သင်လာတာလဲ... မင်းက ပိုပိုပြီး ကျွမ်းကျင်လာနေတာ မိုးထိတောင် ရောက်တော့မယ်"


ရွှယ်ယုံက မိတ်ဆက်ပေးနေသည်ကို ရပ်လိုက်ပြီး သူ့အပြုအမူများအတွက် မှတ်ချက်ပြုလိုက်သည်။


 "တခြားနာမည်ကြီးတွေလည်း fan supportတွေရနေကြတာ... ယွီနျန်လည်း ရသင့်တယ်"


“အဓိကက ဒါပဲကွ... မင်းရဲ့နည်းလမ်းတွေက မိုက်လွန်းတယ်... ငါ hot searchကို ကြည့်ပြီးသွားပြီ... သူတို့အားလုံး ပြောနေကြတာ... အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူရဲ့ အထောက်အပံ့ပြီးတော့ ယွီနျန်ရဲ့ ဖန်တွေက ယှဥ်နိုင်တာထက်တောင် လွန်သွားပြီ... ဒါက ကပ်ဘေးလို ဖြစ်လာတာပဲ... ဟားဟားဟား" 


ချူရှောင်းရန်က အခြေအနေများကို သဘောခွေ့နေပြီး တီးတိုးပြောလိုက်သည်။ 


"အခုတော့ အဘိုးကြီး တင်းကျောက်ရှန်လည်း သွားပြီဆိုတော့ ယွီနျန်ကို ဘယ်လို ဖွင့်ပြောမယ် စီစဥ်ထားလဲ... မင်းအလျင်မလိုသေးရင်... ငါ..." 


ထို့နောက် ရွှယ်ယုံတစ်ယောက် သူ့ဖုန်းထဲမှ ချစ်ခွင့်ပန်မည့် ပြီးပြည့်စုံသော စီအစဥ်တစ်ခု ထုတ်လာပြီး သူ့ရှေ့တွင် ပြလိုက်သည်။ 


"မီးရှူးမီးပန်းတွေကို ကိုးမိနစ်နဲ့ ကိုးစက္ကန့်ဖောက်မယ်... ရဟတ်ယာဥ်ကိုယ်ထည်မှာ နှင်းဆီပုံတွေ ဆွဲမယ်... လေထဲကို ပူပေါင်း 999လုံး လွှတ်ပြီးရင် မြေပေါ်ကို နှင်းဆီပွင့်ဖတ်တွေ ကျဲချမယ်"


ချူရှောင်းရန် တန့်သွားပြီးနောက် ဆက်ဖတ်လိုက်သည်။ "ဒုတိယရွေးချယ်မှု... နွေဦးရဲ့ မနက်စောစောအချိန်မှာ... မိုအာနာမြစ်ဘေးမှာ သလင်းကျောက်တွေနဲ့ လမ်းဖော်ပြီး လျှောက်လမ်းရဲ့ အဆုံးမှာ နှင်းစက်တွေ စိုနေတဲ့ နှင်းဆီပန်းတွေ ထားထားပြီး မေးလိုက်မယ်... "မင်းမြင်နေရတာတွေကို ကျေနပ်ရဲ့လား"


ဒါဘာစကားတွေတုန်း...


“ကမ်းခြမှာ နှင်းဆီပွင့် 9999ပွင့်နဲ့ ‘LOVE’လို့ ပုံဖော်ပြီးရင် ကိုယ်ပိုင်လေယာဥ်နဲ့ သူ့ကိုခေါ်သွားပြီး အပေါ်ကနေ ကြည့်မယ်" 


ချူရှောင်းရန် ဆက်မဖတ်တော့... "


ကျွန်းလား...လွန်ခဲ့တဲ့ နှစ်နှစ်က မင်းဝယ်ခဲ့တဲ့ ကိုယ်ပိုင်ကျွန်းလား" 


ရွှယ်ယုံ ပြန်ဖြေလိုက်သည်။ "အင်း"


ချူရှောင်းရန်မှာ ဆွဲချနေရင်း ဘာပြောရမှန်း မသိတော့ပေ။ ရွှယ်ယုံက အရန်အစီအစဥ် နှစ်ဆယ်လောက်ထိ တိတ်တိတ်လေး ပြင်ဆင်ထားတာပဲဟ...


ဒါပေမယ့် မင်းမြင်ရတာကို ကျေနပ်ရဲ့လားတဲ့... ဒီစကားက ဘာအဓိပ္ပါယ်ကြီးလဲဟ...


ချူရှောင်းရန် တွန့်ဆုတ်ဆုတ်ဖြင့် မေးလိုက်သည်။ 


"မင်းဒါတွေကို ဘယ်လိုအကြံရလာတာလဲ"


ရွှယ်ယုံ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။


 "ကိုးကားစာအုပ်တွေ ဖတ်ထားတာ"


"မင်း ကိုးကားစာအုပ်တွေလည်း ဖတ်တယ်ပေါ့... အထင်ကြီးသွားပြီ ရွှယ်ရှောင်ယုံရာ..." 


ချူရှောင်းရန်မှာ မည်သို့သော ကိုးကားစာအုပ်များ ဖတ်လေသနည်းဟု မေးမည်အပြု သတင်းအသိပေးချက်တစ်ခု ဖုန်းထက်၌ ပေါ်လာသည်ကို ဖတ်လိုက်ရသည်။


"ကျင်းမြို့မှာ ငလျင်လှုပ်သွားတယ်တဲ့" ချူရှောင်းရန်၏ မျက်နှာ ဖြူဖျော့သွားပြီး စကားပြောရပ်သွားသည်။ 


ချက်ချင်းဆိုသလို ရွှယ်ယုံ၏ လက်ချောင်းများ တင်းကျပ်သွားပြီး ကီးချိန်းလေး၏ အစွန်းပိုင်းမှာ လက်ဖဝါးများကြားထဲသို့ နစ်ဝင်သွားလေသည်။


ချူရှောင်းရန်က အသံကြိုးများကို ထိန်းနေရင်း ခပ်အက်အက် ပြောလိုက်သည်။


 "ယွီနျန်... သူလည်း ကျင်းမြို့မှာပဲမလား"


*****


ငလျင်လှုပ်သည့်အချိန်၌ ယွီနျန်မှာ လမ်းညွှန်တစ်ယောက်၏ လမ်းပြမှုအောက်တွင် ရေအရင်းအမြစ် ဧရိယာ၏ ခပ်နက်နက်နေရာ၌ ရောက်နေခဲ့သည်။ 


ယန်ရှုဟု အမည်ရသော လမ်းပြမှာ တောင်တက်လမ်းများနှင့် ရင်းနှီးကျွမ်းဝင်နေသည့် ဒေသခံတစ်ယောက် ဖြစ်လေသည်။ သူက သွားလာနေရင်း သိပ်မကျွမ်းကျင်သည့် မန်ဒရင်းအသံဖြင့် ရှင်းပြပေးနေခဲ့သည်။ 


"ဒီမှာပါ... ဒီနေရာက တောင်တန်းတွေမှာ အရည်ပျော်ဆင်းလာတဲ့ ရေခဲမြစ်တွေ ရှိတယ်... တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ ဖုံးနေတာ... ဒီဧရိယာကို လူနေထိုင်မှုမရှိတဲ့ နယ်မြေတွေနဲ့ ပတ်ပတ်လည် ဝိုင်းထားတယ်... ဒီနေရာကို သုတေသန လာလုပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေကတော့ ဒီရေတွေက တောင်တန်းမြင့်ကြီးပေါ်က အရည်ပျော်ကျလာတဲ့ နှင်းတွေ၊ မိုးရေစက်တွေနဲ့ ကျောက်ဆောင်ကြားတွေထဲက ထိုးထွက်လာတဲ့ မြေအောက်စမ်းရေတွေက မြေဆွဲအားနဲ့ လေထုဖိအားအောက်မှာ အပင်တွေ၊ မြေဆီလွှာနဲ့ ကျောက်တုံးတွေကို ဖြတ်လာပြီးတော့ သဘာဝကနေ စစ်ထုတ်ပြီး သန့်စင်လာတာလို့ ပြောကြတယ်... ရေထဲမှာ သဘာဝရဲ့ သတ္တုဓါတ်တွေ အများကြီး ပါတယ်... ငါတို့ ငယ်ငယ်တုန်းက ရွာထဲက တစ်ယောက်ယောက် နေမကောင်း ဖြစ်ရင် ရွာလူကြီးက သန်သန်မာမာလူငယ်လေးတွေကို တောထဲလွှတ်ပြီး ဒီနေရာက ရေကို လာခပ်ခိုင်းတယ်... သူတို့ ရေခပ်လာပြီးရင် နေမကောင်းတဲ့လူကို တိုက်လိုက်တဲ့အခါ သောက်ပြီးတာနဲ့ ရောဂါတစ်ဝက်သက်သာသွားတာပဲ" 


ယွီနျန်က သူ့ကို ကမ်းပေးလာသည့် ဝါးဘူးလေးကို ယူကာ ကြည်လင်နေသော ရေကန်ဘေးတွင် ထိုင်ချလိုက်သည်။ သူက ရေတစ်ဝက်လောက် ခပ်ကာ မြည်းကြည့်ပြီးနောက် စိတ်ရွှင်လန်းစွာဖြင့် တအံ့တသြ ပြောလေသည်။


 "ချိုတဲ့ အရသာ ဖျော့ဖျော့လေးရတယ်


"ဟုတ်တယ်... ငါ့အကြီးတွေဆီကနေ ကြားဖူးတာတော့ ဒီရေကန်ထဲမှာ တောင်နတ်ဘုရားရဲ့ ကျောက်ပန်းကန်ထဲက ထွက်လာတဲ့ ပန်းဝတ်ရည်တွေ ပါတယ်တဲ့" 


ယန်ရှုက မျက်လုံးများကို မှေးကျဥ်း၍ ပြုံးလိုက်သည်။ "ငါလည်း ဒါကို ယုံတမ်းစကားမှန်း သိပေမယ့် အခုတော့ ငါ့အိမ်က မျောက်နှစ်ကောင်ကိုပါ ပြောပြရတော့မယ်... ငါတို့ရဲ့ ဘိုးဘေးဘီဘင်တွေက ငါတို့က သဘာဝကို ရိုသေရမယ်လို့ အမြဲတမ်း ပြောခဲ့ကြဖူးတယ်" 


“ဟုတ်တယ်.. အမှန်ပါပဲ" 

ယွီနျန်က နောက်တစ်ဘူး ခပ်ကာ အဖုံးပိတ်လိုက်ပြီး ရွှယ်ယုံ မြည်းကြည့်နိုင်ရန်အတွက် ပြန်ယူပေးသွားရန် ပြင်ဆင်လိုက်သည်။ သူအချိန်ကြည့်လိုက်သည်။ 


"ဦးလေးယန်... အခု ပြန်သွားကြတော့မလား... အခုလောက်ဆို နေရာလည်း ပြင်ပြီးသွားလောက်ပြီ... နောက်ကျမှ ရောက်သွားရန် စီစဥ်ထားတာတွေ နှောင့်နှေးကုန်လိုက်မယ်" 


“ဒါပေါ့... ခြေလှမ်းကို ဂရုစိုက်နော်... ဒီနေရာကနေ အပေါ်တက်တဲ့ လမ်းကြောင်းက အခုဆင်းလာတဲ့ လမ်းကျဥ်းလေး တစ်ခုပဲ ရှိတာ... လျှောက်ဖို့ မလွယ်ဘူး... ငါတို့..."


ထိုအခိုက် ဘေးပတ်ဝန်းကျင်မှ ငှက်များက ဆူညံစွာ အော်ဟစ်လာကြပြီး မကောင်းသည့် ပြယုဒ်ကဲ့သို့ပင် သူတို့ဘေးမှ အတောင်ပံခတ်သွားကြလေသည်။ ထို့နောက် သူတို့၏ ခြေထောက်အောက်မှ မြေကလည်း စတင် တုန်ခါလာသည်။ ပထမတွင် ယွီနျန်က သူမတ်မတ် မရပ်ထား၍ သူ့ခြေထောက်အောက်မှ ကျောက်တုံးများ ချော်သွားခြင်း ဖြစ်မည်ဟု တွေးလိုက်သည်။ ၎င်းက ယန်ရှု တစ်ယောက် ကြောက်လန့်တကြားဖြင့် "တောင်နတ်ဘုရား စိတ်ဆိုးနေပြီ"ဟု အော်မလာခင်အထိပင်။


 ထို့နောက် ငလျင်လှုပ်နေခြင်း ဖြစ်ကြောင်း သူနားလည်သွားသည်။ 


များစွာသော ဆူညံသံများ ပေါ်ထွက်လာပြီး အထက်ရှိ တောင်ကြားလေးပေါ်မှ ကျောက်တုံးနှင့် မြေကြီးများ ပြုတ်ကျလာကာ သူတို့ရှေ့မှ ကြည်လင်နေသော ရေကန်လေးထံ ကျဆင်းသွားပြီး လှိုင်းပွက်သံ ခပ်ကြမ်းကြမ်း ထွက်လာသည်ကိုလည်း မြင်နေရသည်။ 


တုံ့ပြန်မှု မြန်သော ယွီနျန်က ယန်ရှု၏ လက်မောင်းကို ဆွဲကာ ခြေလှမ်းများများ ဆုတ်လိုက်သည့်တိုင် သူ့အဝတ်များ တစ်ဝက်လောက်က ရေများ ရွှဲစိုသွားသေးသည်။ 


အချိန်အတော်ကြာသွားပြီဟု ထင်လိုက်ရပြီးနောက် တုန်ခါနေခြင်းများ ရပ်သွားပြီး နှစ်ယောက်သားက လက်များကို လွှတ်ကာ ကြောက်ရွံ့မှုများ တွဲလွဲခိုနေကြလေသည်။


ယွီနျန်က ဖုန်းကို အိတ်ကပ်ထဲမှ ထုတ်လိုက်ရာ တောင်တန်းများ၌ ဆွဲအား အလွန်နည်းသော လိုင်းများက အမှန်တကယ်ပင် လုံးလုံး လိုင်းပျောက်နေလေပြီ။ ယန်ရှုက သူတို့ဆင်းလာသည့် နေရာကို ပြေးကြည့်လိုက်ပြီးနောက် တုန်ယင်စွာဖြင့် ဆုတ်လာခဲ့သည်။


 "မကောင်းတော့ဘူး... လမ်းပျက်သွားပြီ... လမ်းကို ကျောက်တုံးတွေနဲ့ ပိတ်ကုန်တာ... ဘယ်လောက်တောင် မြင့်လဲမသိဘူး... ငါတို့နှစ်ယောက်တည်း မရွေ့နိုင်ဘူး... ငါတို့ ပြန်မသွားနိုင်တော့ဘူး"


ယွီနျန်မှာ တက်ကြွလှုပ်ရှားမှု အလုပ်နေရာမှ အခြေအနေများအကြောင်း တွေးပူနေပြီး တစ်ယောက်ယောက် ထိခိုက်သွားမည်ကို စိုးရိမ်နေသည်။ သူ ယန်ရှုကို ပြောလိုက်သည်။ 


"ကံကောင်းလို့ ကျွန်တော်တို့ တစ်ယောက်မှ မထိခိုက်သွားဘူး... ဒီလောက်ပြင်းတဲ့ ငလျင်ကို ကယ်ဆယ်ရေးအဖွဲ့တွေ သေချာပေါက် ရောက်လာမှာပါ... မစိုးရိမ်ပါနဲ့"


“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်... စောစောက ငါကြောက်စိတ်မွှန်သွားတယ်... ဒါပေမယ့် အခု ပိုကောင်းလာပါပြီ" 


ယန်ရှုက သူ့ရင်ဘတ်ကို ပုတ်ကာ ရိုသေကိုင်းရှိုင်းသည့် အမူအယာဖြင့် အရှေ့အရပ်သို့ ဦးညွှတ်လိုက်ပြီးနောက် မျက်လုံးများ ပြန်ဖွင့်ကာ ခပ်ရှက်ရှက်ဖြင့် ပြောလိုက်သည်။ 


"ရွာလူကြီး သင်ပေးထားတဲ့ တောင်နတ်ဘုရားကို အရိုအသေပြုတဲ့ နည်းလမ်းလေ"


ယွီနျန်က ခပ်မတ်မတ် ရပ်ကာ ယန်ရှု၏ လှုပ်ရှားမှုများကို အတုခိုးလိုက်ပြီး အရှေ့ဘက်သို့ ရိုရိုသေသေ ဦးညွှတ်လိုက်သည်။


 "အဲ့ဒီလိုလုပ်ရတာမလား"


"ဟုတ်တယ် ဟုတ်တယ်... အတူတူပဲ"


တောင်နတ်ဘုရားကို အရိုအသေပေးပြီးနောက် နှစ်ယောက်သားက ကျောက်တုံးပေါ်တွင် ထိုင်လိုက်ကြပြီး ထပ်ပြီး လှုပ်ခတ်လာမည် စိုးသောကြောင့် တောင်နံရံများကို ကပ်မထိုင်ရဲကြပေ။ 


ယန်ရှု၏ လေသံက ခပ်တုံ့တုံ့ ဖြစ်နေသည်။


 "မင်းငါ့ကို လှောင်ရယ်ပြီး အယူသည်းလိုက်တာလို့ ပြောမယ် ထင်နေတာ"


ယွီနျန်က သူ့လက်ထဲမှ မြက်ပင်လေးကို လှည့်လိုက်ပြီး ပြုံးလိုက်သည်။


 "ကျွန်တော် ဦးလေးနဲ့အတူ တောင်နတ်ဘုရားကို အရိုအသေပေးလိုက်တော့ အခုပိုပြီး စိတ်အေးသွားတယ်... တောင်နတ်ဘုရားက ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးကွယ်မှုကို မြင်ပြီး အမှန်တကယ် ကောင်းချီးပေးနိုင်တာပေါ့"


ယန်ရှုက ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။


 "ငလျင်လှုပ်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး"


ယွီနျန်ကလည်း စိတ်လေးနေသည်။ အစောပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအားအရ ငလျင်၏ ပြင်းအားမှာ အတော်လေး မြင့်လောက်ပေမည်။ သို့သော်လည်း ငလျင်တိုင်းစက်က မည်သည့်နေရာတွင် ရှိနေမှန်း သူတို့ မသိသလို ပြင်ပမှ အခြေအနေများကိုလည်း မသိရ။


သူ့ဖုန်းကို ထပ်ထုတ်ပြီး စမ်းကြည့်လိုက်ရာ လိုင်းမရသေးသဖြင့် လက်လျှော့လိုက်ရသည်။


နှစ်ယောက်သားက အနီးအနားကို လျှောက်မသွားရဲကြဘဲ နေရာမှာပင် ထိုင်ကာ ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် ကြည့်နေကြပြီး စကားပြောရန် လမ်းစရှာနေကြသည်။


"ဦးလေးယန်... ဦးလေးမှာ ကလေးနှစ်ယောက် ရှိတယ်နော်... ဟုတ်လား"


“ဟုတ်ပါ့... ငါ့ကလေးတွေက အသက်ကြီးမှရတာ... အမွှာလေ... နှစ်ယောက်လုံး ယောကျ်ားလေးတွေချည်းပဲ... အခု မူလတန်းတက်နေကြတယ်... အဆင့်တွေလည်း ကောင်းပါတယ်... ဒါပေမယ့် အရမ်းဆိုးလွန်းလို့ ငါ သူတို့ကို ရိုက်မိအောင်ပဲ လုပ်နေရတာ" 


ယန်ရှုက သူ့မိသားစုအကြောင်း ပြောနေချိန် အပြုံးများက နူးညံ့သွားပြီး အရောင်ဖျော့ဖျော့ နှုတ်ခမ်းများက အရောင်ထင်လာသလိုပင်။ ထို့နောက် သူ ယွီနျန်ကို မေးလိုက်သည်။


 "မင်းရော... လက်တွဲဖော် ရှိပြီလား" 


“မရှိသေးပါဘူး... ဒါပေမယ့် ကျွန်တော့်မှာ သဘောကျတဲ့သူ ရှိတယ်" 

ယွီနျန်က လက်ထဲမှ ဝါးဘူးလေးကို ညွှန်ပြလိုက်သည်။ 


"ဒါကိုသူမြည်းစမ်းကြည့်ဖို့ ယူသွားပေးမလို့လေ"


"ကောင်းတယ် ကောင်းတယ်... မင်းက တွေးပေးတတ်တာပဲ... မင်းရဲ့ အနာဂါတ် လက်တွဲဖော်ကတော့ ကံကောင်းမှာပါ" 


ယန်ရှုက စိုးရိမ်စိတ်များ တဖြည်းဖြည်း နည်းလာပြီး တောင်နှင့်ပတ်သက်သည့် ဒဏ္ဍာရီများအကြောင်း ပြောပြပေးနေခဲ့သည်။


သူတို့ပြောပြီးနောက် ယန်ရှု သက်ပြင်းချ၍ စိုးရိမ်စိတ်များ ဖိနှိပ်ထားလိုက်သည်။ 


"ဒီငလျင်ကြောင့် လူတွေ ဘယ်လောက်တောင်များ ထိခိုက်သွားကြမလဲ မသိဘူး"


"ဟုတ်တယ်" 


ယွီနျန်က လက်ထဲမှ မြက်ရွက်လေးကို ထိကာ အတွေးနက်နေသည်။ ရုတ်တရက် သူ့ဘိုးဘိုး သင်ပေးခဲ့ဖူးသည့် တစ်ခုခုကို အမှတ်ရသွားခဲ့သည်။ 


"ပိုးတောင်မာလေးက ကောင်းကင်ဘုံနဲ့ မြေပြင်ထက်မှာ ပျံကာဝဲ... အရံအတားမရှိတဲ့ ပက်လယ်ပြင်ထက်က သဲပွင့်လေးပမာ..." 


ဤကမ္ဘာကြီးတွင် လူသားများမှာ အမှန်ပင် သေးငယ်ကြပြီး ကျိုးပဲ့လွယ်ကြသည်ပင်။ 


ယန်ရှုက သူ့မျက်နှာကို ပုတ်ကာ အရင်ထရပ်လိုက်သည်။ 


"အခု ဒီကိစ္စတွေ မတွေးနဲ့တော့... မင်း ဒီမှာစောင့်နေ... ငါ ငါးနည်းနည်းလောက်သွားဖမ်းပြီးရင် ကင်ပြီးတော့ ဗိုက်ဖြည့်ကြတာပေါ့... ပြန်သွားနိုင်ဖို့ ဘယ်လောက်ကြာမလဲ မသိဘူး... အငတ်တော့ မခံနိုင်ဘူးလေ" 


ယွီနျန်ကလည်း ခပ်မြန်မြန် ထရပ်လိုက်သည်။


 "ကျွန်တော်လည်း လိုက်ခဲ့မယ်... သင်ယူဖို့အတွက် အခွင့်ကောင်းပဲလေ"


သူတို့က ကောင်းကင်ကြီး မှောင်မဲကာ အရာအားလုံး တိတ်ဆိတ်သွားသည်အထိ ထိုနေရာမှာပင် ရှိနေကြသည်။ နောက်ဆက်တွဲ လှုပ်ခတ်မှု သုံးကြိမ် ရှိခဲ့ပြီး ကျောက်တုံးနှင့် မြေကြီးများစွာ ကျဆင်းလာခဲ့သည်။ သူတို့က လေကာသည့် ဘေးကင်းနေရာတစ်ခု ရှာတွေ့ခဲ့ပြီး မီးမွှေး၍ တောင်တန်းပေါ်မှ လေအေးများကို အန်တုနိုင်ရန် ကိုယ့်ကိုယ်ကိုယ် အနွေးဓါတ်ပေးလိုက်ကြသည်။ 


“နေ့လည်က ငါးတွေက သေးလွန်းတယ်... အများကြီး စားရတာတောင် ဗိုက်မပြည့်နိုင်ဘူး" 


ယန်ရှုက ကုတ်အင်္ကျီကို တင်းတင်းပိုက်ကာ ရေရွတ်လိုက်သည်။


 "ငါ့မိန်းမနဲ့ ကလေးတွေ ဘယ်လို

နေကြမလဲ မသိဘူး... ငိုများ နေကြမလား"


ယွီနျန်က လက်ထဲတွင် တုတ်တစ်ချောင်း ကိုင်ထားပြီး မီးပုံလေးကို ဆွနေကာ ယွီချင်းနှင့် ရွှယ်ယုံတို့ မည်ကဲ့သို့ ခံစားနေကြရမည်နှင့် ရှစ်ရော့နှင့် မုန့်ယွမ်တို့ အဆင်ပြေမပြေကိုလည်း သိချင်နေလေသည်။